မနေ့က ၂၀၁၁၊ မေလထုတ် (သရာပါ မဂ္ဂဇင်း) အယ်ဒီတာချုပ် ဆရာမင်းအုပ်စိုး ရေးသားတဲ့ အယ်ဒီတာ အာဘော်ကို ဖတ်လိုက်ရပါတယ်။ ဆိုလိုရင်းကတော့ လူတိုင်း လူတိုင်း နိုင်ငံရေး လုပ်ကြရပါမည်လို့ ပြောထားပါတယ်။ နိုင်ငံရေးလုပ်ဖို့ ကျွန်တော်တို့ ငယ်ငယ်တုံးက သူငယ်တန်းမှစပြီး သင်ခဲ့ကြပြီးသားပါ။ (၁) မိမိကိုကိုယ် ကောင်းအောင်ကျိုးစားမည်။ (၂) မိမိအတန်းကို ကောင်းအောင်ကျိုးစားမည်။ (၃) မိမိကျောင်းကို ကောင်းအောင်ကျိုးစားမည်။(၄) မိမိနိုင်ငံတော်ကို ကောင်းအောင် ကျိုးစားမည်။ စတဲ့ သစ္စာအဓိဌာန်လေးချက် ကို အော်ဆိုခဲ့ရပါကြောင်း နဲ့ စတင်ပြီး အကျယ်တ၀န့်ရေးသား တာကိုဖတ်လိုက်မိပြီး အတွေးနယ်ဆက်ချဲ့လိုက်မိပါတယ်..။
ကျွန်တော်ကစပြီး လူတိုင်း လူတိုင်း မိမိကိုကိုယ် တကယ်ကောင်းအောင် လုပ်ကြသလား။ သားသမီးမကောင်း မိဘခေါင်း။ တပြည့်မကောင်း ဆရာ့ခေါင်း။ ပြည်သူ ပြည်သားမကောင်းရင် အုပ်ချုပ်သူတွေခေါင်း၊ လို့ ဘိုးစဉ်ဘောင်ဆက် ဆိုဆုံးမခဲ့ကြပါတယ်။ ဒါပေမယ့် ယနေ့လူငယ်တွေက မိဘမကောင်း သားသမီးများခေါင်း။ ဆရာမကောင်း တပြည့်များခေါင်း။ အုပ်ချုပ်သူမကောင်း ပြည်သူ ပြည်သားတွေခေါင်း လို့ ပြောင်းပြန် ပြောင်းပြစ်လိုက်ကြတယ် ထင်ပါတယ်။ ယနေ့လူငယ် တွေဟာ ရှေးရိုးစွဲ တစ်ဖက်စွန်းဝါဒတွေကို မလိုလားတဲ့ သဘောထင်ပါတယ်။ ယနေ့လူငယ်တွေဟာ လွတ်လပ်မှု ကိုလိုလားကြပါတယ်။
ကျွန်တော်တို့ ငယ်ငယ်က မူလတန်း၊ အလယ်တန်း၊နဲ့ အထက်တန်းကျောင်းအထိ ဘုန်းတော်ကြီးကျောင်းမှတဆင့် တန်းကျောင်းကို တက်ခဲ့ကြရတာပါ။ နွေရာသီကျောင်းပိတ်ရက်တွေမှာလည်း ဘုန်းကြီးကျောင်းမှာ ဗုဒ္ဓဘာသာ အခြေခံသင်ခန်းစာတွေ၊ ပြည်သူ့နီတိတွေကို သင်ကြားပေးခဲ့ပါတယ်။ အတန်းပညာရေးကိုလည်း တန်းကြီးသူက တန်းငယ်သူများကို တဆင့်ပြန်လည်သင်ကြားပေးကြပါတယ်။ ဘာ ကျူရှင်ခမှ မကုန်ခဲ့ပါဘူး။ ဘုန်းတော်ကြီးကျောင်းက အခမဲ့သင်ကြားပေးရုံတင်မကပါ နံနက်စာထမင်းတောင် ကြွေးပါတယ်။ တန်းကျောင်းက ဆရာတွေကလည်း သူ့တို့ဆီကို ညကျောင်းတက်အောင် ညစာထမင်းကြွေးပြီး အခမဲ့ပညာသင်ပေးကြပါတယ်။ မိမိတို့အတန်း၊ မိမိတို့ကျောင်းအောင်ချက် ကောင်းရန် အပြိုင်အဆိုင် တပြည့်ရှာပြီး သင်ပေးကြတာပါ။ ကျွန်တော်တို့တုံးက မိဘ၊ ဆရာသမားတွေကို မော့လို့တောင် မကြည့်ရဲပါဘူး။ လေးစားရိုသေရပါတယ်။ ယခုခေတ်နဲ့ဆိုရင် ဆီနဲ့ရေလို တော်တော်ကွာခြားသွားပါပြီ..။ ကျွန်တော့် ဘ၀လက်တွေ့ အဖြစ်ပျက်ကလေးကို တင်ပြပါရစေ..။
ဒီရသစာတမ်းကို ရေးသင့် မရေးသင့် တစ်လတိတိစဉ်းစားပြီးမှ ယခုချရေးဖြစ်ခဲ့ပါတယ်။ ဆရာကြီးတစ်ဦးက စာရေးမယ်ဆိုရင်ကိုယ်သိတာကိုကိုယ်ရေးပါလို့ ခဏ ခဏဆုံးမပါတယ်။ ကိုယ်သိထားတာဆိုလို့ကလည်းသူများ အကြောင်းထက် ကိုယ့်အကြောင်းကို ကိုယ်သာ အသိဆုံးမဟုတ်လား။
ကိုယ့်အကြောင်းရေးမှာဆိုတော့လည်း ကိုယ့်ပေါင်ကိုကိုယ်ပြန်ထောင်းရမယ့်အဖြစ်ပါ။ ကိုယ့်ပေါင်ကို ပြန်ထောင်းသူတိုင်းက
ခပ်ဖွဖွလေးသာ ထောင်းတတ်ကြတယ်လို့ ကြားသိရ ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ခပ်ကြမ်းကြမ်းလေးနဲ့ အော်ငိုပြီး ထောင်းရပါတော့မည်..။
ကျွန်တော်အလယ်တန်းအောင်တော့ တောရွာကနေ မြို့ကိုတက်လာခဲ့ပါတယ်။ ကျွန်တော့်မိဘနှစ်ပါး ကွယ်လွန် သွားလို့ကျောင်းဆက်မတက်နိုင်ခဲ့ပါ။ မြို့က အဖေရဲ့အမဖြစ်သူ ဒေါ်ကြီးအားကိုးနဲ့အလုပ်လုပ်ရန် မြို့ကိုရောက် လာရတာပါ။ ဒေါ်ကြီးမှာ တစ်ဦးတည်းသောသမီးတစ်ယောက်သာရှိပါတယ်။ အဲဒီသမီးမြို့မှာကောင်းစားရန် အတွက်ဆယ်တန်းအောင်ဖို့နဲ့ မြို့က အစိုးရဌါနတစ်ခုမှာ အလုပ်ရဖို့ ရွာက အိမ်တွေ၊လယ် ယာ ကိုင်းကျွန်းတွေကို ဖြုတ်ပြီး တက်လာကြ ရပါတယ်။ သမီးလည်းအလုပ်ရရုံတင်မကဘဲ ရုံးအုပ်ကြီးတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ဒေါ်ကြီးနဲ့သူ့ယောကျာင်္းလည်း သမီးနဲ့သမက်ဆီကို အတူလိုက်နေကြရပါတယ်။ သမီးနဲ့သမက်မျက်နှာကို တစ်ကမ္ဘာ ထင်ပြီး နေကြရတာပေါ့။ ရွာက ထုခွဲရောင်းချလာတဲ့ငွေလေးတွေ မကုန်ခင်တော့ အဖေနဲ့ အမေကို အိမ်ဦးခန်းကို တင်ထားမတတ်
ရိုသေလေးစားကြပါတယ်။ ဒေါ်ကြီးရဲ့ သမီးက ကလေး(၆)ယောက်မြောက် မွေးပြီးတဲ့အချိန်မှာ ကျွန်တော်က ဒေါ်ကြီးဆီကိုရောက်လာ ခဲ့ပါတယ်။ ကျွန်တော်လည်းဌါနအလုပ်တစ်ခုမှာ အလုပ်ရပါတယ်။ကျွန်တော်ရောက်လာတဲ့ အချိန်မှာ ဒေါ်ကြီးကအဆုပ်ရောဂါ (တီဘီ) စတင်ဖြစ်နေပါပြီ။ ဒေါ်ကြီးယောက်ျား ဦးကြီးဆိုသူကလည်း
ဌါနတစ်ခုမှာ ညစောင့်အလုပ်ကို ၀င်လုပ်နေတာ ဖြစ်ပါတယ်။ တစ်ညနေကျွန်တော်အလုပ်က အပြန်မှာ မီးဖိုးခန်းထဲ သောက်ရေအိုးစဉ်နှစ်ခုထားတာကိုမြင်တွေ့ရပါတယ်။ ဒေါ်ကြီးကိုလည်း သူ့သမီး အထက်တန်းစာရေးမက ခါးထောက်ပြီး
ပြောဆိုနေသံကြားလိုက်ရပါတယ်။ ( အမေ..ဒီရေအိုးစဉ်က ရေကိုသောက်ပါ။ကလေးတွေနဲ့ ကျမတို့ကို အမေ့ တီဘီရောဂါတွေ ကူးစက်လာမှာစိုးလို့ပါ…။ကလေးတွေကိုလည်း မချီပါနဲ့ မထိန်းပါနဲ့တော့။ ဖြစ်နိုင်မယ်ဆိုရင်
ဒီတိုက်ထဲမှာမနေဘဲ အပြင်မှာ တဲထိုးပြီးနေပေးစေချင်ပါတယ်…။) ဒေါ်ကြီးကမျက်ရည်ပေါက်တွေ ကျနေပြီး ငိုနေတာကို မြင်တွေ့ရပါတယ်။ ကျွန်တော်လည်းစိတ်မကောင်းဖြစ်ပြီး သူတို့ဆန္ဒအတိုင်း တိုက်အပြင်မှာတဲထိုးပေးလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ဦးကြီးရယ်၊ ဒေါ်ကြီးရယ်၊ကျွန်တော်ရယ် သုံးဦးက ထမင်းစားအိုးခွဲချက်ပြီးစားကြပါတော့ တယ်။ ဒီလိုနဲ့မပြီးသေးပါ။ ဦးကြီးနဲ့ သမက်ဖြစ်သူတို့ စကားအကြီးအကျယ်များပြီးသူတို့ခြံထဲကနေ သူတို့ရဲ့မိဘနှစ်ပါးကို နှင်ချလိုက်ပါတယ်။တစ်လလောက်အချိန်ထိ ဦးကြီးရဲ့ မိတ်ဆွေအိမ်မှာ ကျွန်တော်တို့ဆင်းပြီးနေခဲ့ကြရပါတယ်။ ပတ်ဝန်းကျင်နဲ့ အမျိုးတွေစကားကြောင့် မတော်ပါဘူးဆိုပြီးအမနဲ့ယောက်ဖက ပြန်ခေါ်ပါတယ်။ ဒေါ်ကြီးလည်း တီဘီရောဂါရောစိတ်ထိခိုက်တဲ့ရောဂါပါ ခံစားရပြီး မကြာခင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ဦးကြီးကလည်း သူ့မြေးတွေကို ရှင်ပြုပြီးတာနဲ့သူ့တူမရှိတဲ့ရွာကိုပြန်သွားပြီးကွယ်လွန်သွားခဲ့ပြန်ပါတယ်။ဒီလိုအဖြစ်မျိုးဒီလိုအဖြစ်ဆိုးတွေနဲ့ဘယ်သောအခါမှ မကြုံပါရစေနဲ့မဆုံခဲ့ပါရစေနဲ့လို့ကျွန်တော်အကြိမ်ကြိမ်အခါခဆုတောင်းခဲ့ပါတယ်။
ကျွန်တော်လုံးဝ ဆုတောင်းမပြည့်ခဲ့ပါ။ ကျွန်တော့်မှာလည်းသားအကြီး နဲ့ သမီးအငယ် သားသမီးနှစ်ယောက်ရှိ ပါတယ်။သူတို့ကိုလူလားမြောက်အောင် ကျွန်တော်တို့လင်မယားမှာ မြေအိုးလေးတွေကို ၀ယ်ပြီးထမင်းဟင်းချက်စားခဲ့ကြ တဲ့ဘ၀နဲ့ စတင်လာခဲ့ရတာပါ။ စီးပွားရှာတဲ့နေရာမှာသက်စွန့် ဆံဖျား နေပူမရှောင် မိုးရွာမရှောင် တောကြို တောင်ကြားချောင်းကြို ချောင်းကြား တောင်ထိပ်၊ တောင်အောက် တွေမှာလူမျိုးတစ်ရာတစ်ပါးကို မြက်လွှာကိုချ၊အောက်ကျခံလို့ ဘ၀အမျိုးမျိုးနဲ့လုပ်ကိုင်ကျွေးမွေးပြီး သားသမီးတွေကို ပညာသင်ပေးလာခဲ့ရတာပါ။ မြို့ပေါ်မှာအသင့်အတင့် လုပ်ငန်းရှင်ဘ၀ကိုရောက်ခဲ့ ပါတယ်။ ဒါပေမယ့် ကျွန်တော်စီးပွားရေးလောကမှာ ထိမ်းသိမ်းမှု ညံ့ဖြင်းခဲ့မိလို့ ဘ၀ကို ငှက်ခါးပျံသလိုနိမ့်လိုက် မြင့်လိုက် နဲ့ သုံးခါလောက် အကျနာခဲ့ပါတယ်…။ ယခုတော့
အရွယ်ကလည်းရလာပြီးစီးပွားရေးကလည်းကျလာနေပါပြီ။ဘ၀နေ၀င်ချိန်နီးနေပါပြီ။ကျွန်တော့်ရဲ့သားအကြီးကောင်ကလည်း စီးပွားရေးလမ်းကြောင်းပေါ်ကနေအရက်သမားလောက၊ချောက်ကြီးထဲကိုထိုးကျသွားပါပြီ..။
စီးပွားရေးလောကမှာ နာမည်မပျက်စေရအောင် ဂတိတည်ကြည်စွာနဲ့ မရှိရှိတာတွေကို ရောင်းချပြီး ထိုးဆပ်၊ပေးအပ်နေရတဲ့အချိန်ကို ရောက်နေပါတယ်။လူသာ အသေခံမည်။ နာမည်ကိုတော့ အသေမခံလိုပါ။ ဒါပေမယ့် ကျွန်တော့်မှာစိတ်သွားတိုင်းကိုယ်ကမပါလာတော့ပါ။ လူကလည်းဇရာအရွယ်ရောက်လာတော့ ခရမ်းသီးပိန် နဲ့ ဓါးတုံးတဲ့ အချိန်ကိုရောက်နေပါပြီ..။
သားသမီး အချစ်၊ မြေး အနှစ် ဆိုတဲ့အတိုင်းမြေးကိုအကြောင်းပြုပြီး သမီးနဲ့ သမက်ကို စီးပွားရေးလုပ်ငန်းတွေကို
ဝကွက်အပ်လိုက်ရတဲ့ဘ၀ ကိုရောက်ခဲ့ရပါပြီ..။ ယခင်က ကျွန်တော့်ဘ၀ နေလိုလလိုနေခဲ့ပြီး ဆပ်ဆပ်ထိမခံလိုတဲ့ ဒေါသတွေလည်း မြေသို့ ကြွေကျသွားခဲ့ရပါပြီ။အစားအသောက် အလွန်ချေးများခဲ့တဲ့ ကျွန်တော် ယခုတော့ ပေးတာယူ ကျွေးတာကိုစားဘာကိုမျှ ပြန်မပြောဝံ့တော့ပါ။ သမက်နဲ့ သမီး ထမင်းစားပြီးလို့ ၀ကြမှကျွန်တော်တို့လင်မယား စားရတဲ့ဘ၀ ကိုရောက်နေပါပြီ။ ကျွန်တော် သေခါနီးမှ စိတ်ညစ်တယ်ဆိုပြီး အရင်တုံးကလိုအရက်ကိုလည်း မသောက်ရဲတော့ပါ။ ဘယ်သူ့ကိုမှလည်း မငေါက်ရဲမဟောက်ရဲတော့ပါ။ကျွန်တော့်မိန်းမကလည်း(လောကမှာငွေဆိုသလို).. သား သမီးတွေဘက်ကိုသာခပ်ပါပါဖြစ်နေကြတာအဆန်းတော့မဟုတ်ပါ။ ဒါပေမယ့် မနေ့ကကျွန်တော့်မိန်းမပြောတဲ့စကားကိုတော့ အသဲထဲကဆပ်ဆပ်ခါအောင်နာသွားမိပါတယ်။
``ရှင်နော် အိမ်မှာ ဘာပွဲလုပ်မယ်.. ညာပွဲလုပ်မယ်ဆိုရင် ကျမကိုအရင်ဖွင့်ပြောပါ။ အိမ်မှာ ရှုတ်ရှုတ်ရှက်ရှက်နဲ့ဆိုရင် ရှင့်သမီးကမကြိုက်ဘူးတဲ့။ ဒါပဲ ။ ရှင့်မှာ တင်နေတဲ့ကြွေးတွေကို သူရှာဆပ်နေရတာလေ…။ရှင်လုပ်ချင်ရာတွေ လုပ်ခဲ့မိလို့ ကုန်ခဲ့တာတွေလည်းများနေပါပြီးတော်…..´´။
ကျွန်တော့်ရင်ထဲက စကားသံတွေကတော့ အပြင်ကိုထွက်မလာရဲပါ။ (သြော်..သမီးရယ် မင်းတို့ငယ်ငယ်က အိမ်မှာ သောက်ဝိုင်းစားဝိုင်း၊လောင်းကစားဝိုင်းတွေနဲ့ နေ့တိုင်းလုပ်နေခဲ့တုံးက သမီးတို့အမေ ဘာမှမပြောဝံ့ခဲ့ပါဘူး။ ယခု ယခု အဖေ ၀ါသနာပါတဲ့ စာဝိုင်းပေ၀ိုင်းကို အိမ်မှာလုပ်တာ ရှုတ်ရှုတ်ရှက်ရှက် ဆိုတော့…………..။)
ကျွန်တော့်နားထဲမှာ ဆရာအောင်သင်းရဲ့ စာပေဟောပြောပွဲတစ်ခုထဲက (ဧည့်ခန်းရော..၊ မီးဖိုခန်းပါ သားသမီးတွေက အာဏာသိမ်းခံလိုက်ရပါပြီ..) ဆိုတာကို ထပ်ခါ ထပ်ခါ ပြန်လည်ကြားယောင်နေမိပါတော့တယ်ခင်ဗျား…။
ရွှေလမ်းငွေလမ်းဝင်းကြည်
0 comments:
Post a Comment