မကွေးမြို့မှ SHADE စာပေ၀ိုင်း (၈)

မကွေးမြို့မှ SHADE စာပေ၀ိုင်း (၈)

၂-၁-၂၀၁၁၊ တနင်္ဂနွေ နေ့၊ နေ့လည်(၁၂)နာရီမှ ညနေ(၃း၃၀) နာရီအချိန်အထိ အချစ်ရွာဆိုင် မှာ ဆုံနေကြ ၀ိုင်းဖွဲ့ကြပါတယ်။ ယခုတစ်ပါတ် ရှိတ်ဂျာနယ် စာပေ၀ိုင်းက (၈)ကြိမ်မြောက်ပါ။ ရှိတ်စာပေ၀ိုင်း စတင်ခဲ့တာ (၂)လပြည့်ခဲ့ပါပြီ..။ ၂၀၁၁ ခု၊ နှစ်သစ်မင်္ဂလာမှာ စာပေ၀ိုင်းကို ပထမအကြိမ် အဖြစ်တက်ရောက်လာသူများကတော့ စာရေးဆရာ၊ မော်ဒန်ကဗျာဆရာနှစ်ဦးတို့ဖြစ်ကြပါတယ်။ ဆရာမောင်ပင်နီ(ကျေးလက်) နဲ့ ဆရာသားဦး တို့(၂)ဦးက ပူးတွဲပြီး ထူးကဲစွာဖြင့်ရောက်လာတာပါ။ ရှိတ်စာပေ၀ိုင်းကို ပင်တိုင်လာနေကြဆရာများကတော့ ဆရာနေခြည်(မကွေး)၊ ဆရာမကွေးမြင့်သန်း၊ ဆရာ ရေနံ့သာအောင်ချမ်းဇော်၊ ဆရာတင်လင်းဇော်၊ ဆရာမောင်ကြင်(သစ်ရာကောက်)၊ ဆရာလွမ်းထား(မကွေး)၊ ဆရာနိုင်ယုဝေ၊ ဆရာလွမ်းရ( မကွေး)နဲ့ စာရေးသူတို့ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။
နှစ်သစ်မင်္ဂလာအချိန်အခါမှာ ယနေ့ရှိတ်စာပေ၀ိုင်းကို စာရေးဆရာဆရာများ(၁၁)ဦးတိတိ၊ တက်ရောက်ပေါင်းဆုံဖြစ် ကြတဲ့အတွက် ခုနှစ်ရက်သား သမီးအပေါင်း ၂၀၁၁ ခုနှစ်အတွင်း (၁၁)မီးငြိမ်းကြပါစေသော်..ဟု ဆုတောင်းပြီး စာပေ၀ိုင်းကို စတင်လိုက်ပါတယ်။
ကဗျာဆရာ နိုင်ယုဝေ က (စာဝိုင်းပေ၀ိုင်း စကားဝိုင်း) ဆိုတဲ့ ရှိတ်ဂျာနယ်သို့ပို့ရန် ကဗျာလေးကို ခံစား ဖတ်ကြားသွားပါတယ်။ ရှိတ်ဂျာနယ်ကို ရင်ခုန်ခံစားပြီး ဒီစာပေ၀ိုင်းကို ဒုတိယ အခေါက်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း စကားလမ်းခင်းသွားပါတယ်။ ယခင်ပထမ အကြိမ်က သူလာသွားတာကို ဂျာနယ်မှာ မဖော်ပြခဲ့မိလို့ စာရေးသူက တောင်းပန်လိုက်ရပါတယ်..။
ကဗျာဆရာ လွမ်းရ(မကွေး) ကတော့ ၁၉၉၅/၉၆မကွေးတက္ကသိုလ် မဂ္ခဇင်းမှ တက္ကသိုလ်ရည်ရွယ် ရေးခဲ့တဲ့ (ပညာကိုယ်စီ ရှိပါတယ်)ကဗျာနဲ့ သူရေးသားထားတဲ့(၂၀၀၇/စက်တင်ဘာလထုတ် မှုခင်းရောင်စုံ) က (၀ပ်ရှော့) ဆိုတဲ့ကဗျာလေးကို ခံစားဖတ်ကြားပေးပါတယ်။ ဒီကဗျာလေးကို ရေးသားပေးပို့ထားတာ ကြာခဲ့ပြီဖြစ်ကြောင်း၊ မနေ့က နေမကောင်းနေတဲ့ အချိန်မှာ ရေးဖော်သူငယ်ချင်းတစ်ဦးမှ လူမမာ လာမေးရင်းက သူ့ကို လက်ဆောင်ပေးသွား တာဖြစ်ကြောင်း၊ ဒီကဗျာလေးကို လေးနှစ်ကြာ ကွာဝေးနေခဲ့ပြီး ယခုမှ ဖော်ပြပေးတာကို သိရ၊ ဖတ်ရတဲ့အတွက် သူ့အတွက် အားဆေးတစ်ခွက်ဖြစ်ပါကြောင်း၊ အားရ၀မ်းသာ ရင်ခုံစွာနဲ့ အသံများပင် တုန်ရီစွာဖတ်ကြားပြီး လွမ်းပြသွားခဲ့ပါတယ်။
ဆရာတင်လင်းဇော် ကလည်း ဒီတစ်ပါတ်ရှိတ် အတွဲ(၅)၊ အမှတ်(၇) မှာ ဆရာ ကြည်လွင့်မြင့်(မုဒြာ) ရေးတဲ့ (လေမဖြတ်အောင် အစားရှောင်)ဆိုတာကို ကြိုက်ပါတယ် ဆိုပြီး ထုတ်နုတ်ဖတ်ပြသွားပါတယ်။ နောက် မောင်ကောဝိ ရေးတဲ့ (သူကောင်းတာမကောင်းတာ အရေးမကြီးပါ)ကို ကြိုက်ပါကြောင်း၊ ကောင်းတာလေးတွေကို ဖတ်ပြပါတယ်။ ပြင်ပ စာပေကတော့ ၂၀၀၉ ခုနှစ်ထုတ်တဲ့ ဒေါက်တာမောင်မောင်ရေးသားတဲ့ (စိတ်ကောင်းရှိဖို့က ပထမ) ဆိုတဲ့ ဆောင်းပါးကို အစမှ အဆုံးထိဖတ်ပြသွားခဲ့ပြန်ပါတယ်။ (ဒီဆောင်းပါးလေးက ဒီဝိုင်းမှာဖတ်ဖို့မရည်ရွယ်ခဲ့ပါကြောင်း၊ သူ ညနေပိုင်း ကျူရှင်တန်းမှာ ကလေးတွေကိုသာ ဖတ်ပြရန်အတွက်လို့ ပြောခဲ့ပြန်တော့ ကျွန်တော်တို့အားလုံးကိုလည်း သားသားလေး တွေလို့သာ သဘောထားလိုက်ပါတော့ ဆရာရယ်..)။
ဆရာလွမ်းထား(မကွေး) ကလည်း ဆရာကြည်လွင်မြင့်(မုဒြာ) ရဲ့ (လေမဖြတ်အောင် အစားရှောင်)ဆောင်းပါး ကြိုက်လွန်းလို့ မီးဖိုဆောင်မှာကပ်ထားရပါကြောင်း၊ ဆရာအောင်မြင့်မြင့် (စစ်ကိုင်း) ရေးတဲ့ (ကောင်းမူတော်ကြီး လုံးတော်ပါတ်ပြည့် ရွှေသင်္ကကန်းကပ်လှူရန်) သတင်းကြောင့် သဒ္ဒါတရားတွေ ပေါ်ပေါက်လာပါကြောင်း၊ အချစ်ကဗျာ မင်းနဒီခ ရေးတဲ့(ဒီဇင်ဘာ အလွန်နှင်းများ) ကဗျာကို ခံစားဖတ်ပြပါတယ်။ ကိုပေါက်(မန္တလေး) ရေးလိုက်တဲ့ (ရှေးခေတ်က မန္တလေး) ကလည်း တော်တော်ကောင်းတဲ့ အကြောင်း တွေထပ်လောင်း တင်ပြပြောဆိုသွားပါတယ်။
ရေနံ့သာအောင်ချမ်းဇော် ကတော့ ဘိတ်သိပ်ဆရာဆိုဒ်နဲ့ လက်အုပ်ကလေးကိုချီပြီး ပွဲထွက်လာပါတယ်။ စကားဝိုင်းထဲမှ ဆရာတွေကို ကန်တော့တာလား သူကိုးကွယ်ထားတဲ့ နတ်တွေကိုများ ရည်မှန်းပြီး လက်အုပ်ချီ ကန်တော့နေတာလား မပြောတတ်ပါကွယ်..။သူကဒီလို ဆိုလာပါတယ်.။ ကျွန်တော် သားသားလေးက ဆေးရုံ နှစ်ရုံမှ သေရွာပြန်လေးပါတဲ့..။ရှိတ်ဂျာနယ်ရော ဒီစာပေ၀ိုင်းတော်သားများ အားလုံးကိုရော အထူးကျေးဇူးတင် မိပါကြောင်း ၊အားလုံးကိုလည်း အားနာနေမိပါကြောင်း၊ ထပ်ခါ ထပ်ခါနဲ့ ဇာတ်နာအောင် လေပြေထိုးပြီး သာဓု သုံးကြိမ်ခေါ် ဆိုနေပြန်ပါတယ်။ သာဓုခေါ်ဆိုပြီး ကျောက်ပန်းတောင်းမြို့၊ စာပေဟောပြောပွဲက စာ ရေးဆရာ(၆)ဦး ရဲ့ ဟောပြောပွဲ တိတ်ခွေကို ကြော်ငြာပြီး ရောင်းနေပြန်တယ်..။ ( အင်း ရေနံ့သာအောင်ချမ်းဇော် လေးကို ဒီအချစ်ရွာကြီးထဲက တစ်နေရာမှာ အပိုင်စားပေးထားပြီး နတ်ကွန်းတစ်နေရာကို ရွေးထားပေးမှ တော်ပါမည် ခင်ဗျာ)။
သတင်းတာဝန်ခံ ဆရာမကွေးမြင့်သန်းကလည်း ။ မေတ္တာရှင်ဆရာတော် ဦးဇ၀န ရေးထားတဲ့ (အရှုံးမရှိတဲ့ ဒဿန)စာအုပ်၊ ၂၀၀၆ ခုနှစ်ထုတ်စာအုပ်မှ ကောက်နှုတ်ပြောဆိုလာပါတယ်။ မြတ်စွာဘုရားရှင်၏ လက်ထက်တော် ကတောင် သံဃာတော်တွေ (၂)ဂိုဏ်းကွဲခဲ့ကြလို့ မြတ်စွာဘုရားရှင်က ဆိုဆုံးမလို့ မရတော့ တပြည့်သံဃာများကို ထားခဲ့ပြီး ပလက်တောသို့ကြွသွားတဲ့ နိပါတ်တော် တရားကို ပြန်ပြောပါတယ်။ စာအုပ်အဆုံးမှာ ဆရာမြင်းမူ မောင်နိုင်မိုးရေးတဲ့ ကဗျာရှည်ကို သံနေ သံထားနဲ့ ဖတ်ကြားခံစားသွားပါတယ်။ စာရေးဆရာတွေအတွက် ညီညွှတ်ရေး တရားတွေကိုလည်း အကျယ်တ၀င့် ပြောဆိုသွားပြန်ပါတယ်။
ဆရာမောင်ပင်နီ(ကျေးလက်)၊ မော်ဒန်ဆရာကြီးကတော့ သူက တောသားကြီးဖြစ်နေရပြီး တောထဲတောင်ထဲမှာ နေရတာဖြစ်ပါကြောင်း၊ သူမှာ စကားပြောဖော် အငတ်ဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် သူခံစားရေးသားထားပြီး (သရပါ မဂဇင်းသို့ ပို့ထားတဲ့ (တသသဘူတာက ကိုညိမ်း(မန္တလေး) သို့ ) ကဗျာကို ရွတ်ဆိုသွားပါတယ်။ ဒါကြောင့် အငတ်တကါရဲ့ အငတ်ဆုံးမှာ စကားပြောဖော် ငတ်နေရတာ အဆိုးဆုံးပါပဲ.။ ဒါကြောင့် စကားပြောဖော်ငတ်နေချိန်မှာ ရှိတ်စာပေ၀ိုင်း ကို စကားလာပြောလိုက်ရတာ အားရ၀မ်းသာဖြစ်မိပါကြောင်း ပြောဆိုသွားခဲ့ပြန်ပါတယ်။
မော်ဒန်ဆရာ၊ ကဗျာဆရာ သားဦး ကလည်း ရှိတ်စာပေ၀ိုင်းမှာ လူစုံတွေ့ရလို့ အထူးကြည်နူးဝမ်းသာ ပီတိဖြစ်ရပါကြောင်း၊ ဒါကြောင့် ရှိတ်ဂျာနယ်နဲ့ ၀ိုင်းတော်သား အားလုံးကို ကျေးဇူးတင်မိပါကြောင်း၊ စာပေ၀ိုင်းမှာ အချိန်၊နာရီ စည်းကမ်းဘောင်များ နဲ့ ကန့်သတ်ထားတာ မကောင်းပါကြောင်း တို့ကို ပြောဆိုတင်ပြသွားပါတယ်။
ဆရာမောင်ကြင်(သစ်ရာကောက်) ကတော့ ရှိတ်ဂျာနယ်နဲ့ပါတ်သက်ပြီး SHADE စကားလုံးကို အင်္ဂလိပ်လို အကျယ်ချဲ့ရှင်းပြပေးနေပြန်ပါတယ်။ ပညာရေးကောလိပ်က လေ့ကျင့်ရေးဌါနမှူး ဆိုတော့ ရေပက်လို့ မ၀င်နိုင်အောင် စကားတွေကို ဖောင်ဖွဲ့ပြောကြားပေးနေပါတယ်။ နောက်ပြီး စာရေးဆရာ ကပ်ကျော်ဆရာတော် သာကီနွယ်(မကွေး) ရဲ့ (လိုနေတာလေးတွေ ဖြည့်ရအောင်) ဆောင်းပါးကို လက်ဆင့်ကမ်းဖတ်ရန် လက်ဆောင်ပေးပါတယ်။ ယခုလထုတ် ဗျူတီး မဂဇင်း မှာ ဖော်ပြခံရကြောင်း သတင်းကောင်းပါးလို့ ပြောကြားခဲ့ပါတယ်။
ဆရာနေခြည်(မကွေး) ကတော့ စာရေးသူကို စိတ်ဆိုးပြောဆိုလာပါတယ်။ စာပေလောကမှာ တစ်သက်လုံး လူပျို ဆိုပြီး ပြင်ပမှာ ဆက်ဆံလာခဲ့တာ ရှိတ် စာပေ၀ိုင်းက (မိန်းမနဲ့စိတ်ဆိုးလာတယ်)လို့ ဖော်ပြပေးလိုက်တော့ နေခြည် သေပြီဆရာ ပေါ့..တဲ့။ ဟုတ်ပါမည် သူ့ဆီကို ရောက်လာကြတဲ့ မိတ်ဆက်စာတွေကို စာရေးသူ မြင်နေရတာကတော့ ( ဆရာမ နေခြည် လားရှင်..တဲ့။ ဆရာမဆိုရင် နေခြည် နောက်က (မကွေး) ကြီးကို ဖြုတ်ပေးစေလိုပါတယ် ဆရာမ နေခြည် ရှင်တဲ့။ ) အော် သူတို့ပြောသလိုများ (မကွေး) ကိုဖြုတ်လိုက်ရင် ဆန့်ဆန့်ကြီးဖြစ်နေမှာ ပေါ့ကွယ်လို့ ပြန်လည်ဖြေကြား ပေးလိုက် ပါရစေနော်..။ ဆရာနေခြည်(မကွေး) က Hot News ဂျာနယ် အတွဲ(၁)၊ အမှတ်(၂၁) မှ စာရေးသူ ဆရာနောင်တော်လေး ရေးတဲ့ ( မင်းအတွက်… တစ်နေရာ) ဆိုတဲ့ ဆောင်းပါးကောင်းလေးကို ခံစားဖတ်ကြားပေး သွားခဲ့ပါတယ်။( ဒီခေတ်မှာ ဒီလိုဆောင်းပါးကို လူတိုင်း၊ လူတိုင်းဖတ်စေချင်ပါကြောင်း ထပ်လောင်း လက်တို့လိုက်ပါရစေ..။)
စာရေးသူကတော့ ယခုပွဲမှာ ရောက်လာတဲ့ ဆရာသားဦး ရဲ့ ၂၀၁၀/၁၀ ရွှေအမြူတေ မဂဇင်းက (နိုင်ငံကျော်ရုပ်ရှင်မင်းသမီးရဲ့ ယောင်္ကျားက ကျွန်မယောကျာင်္းပါ)ဆိုတဲ့ဝထ္ထု ကိုအကြိုက်ဆုံးဖြစ်ပါကြောင်း။ ဒီတစ်ပါတ် Hot News ဂျာနယ် အတွဲ(၁)၊ အမှတ်(၂၂) မှာ ဖော်ပြထားတဲ့ စာရေးသူ အေးလွင်(ကသာ) ရဲ့ (ဒီပုံအတိုင်းဆိုရင် စာပေဟောပြောပွဲများ ပျောက်ကွယ်သွားမှာစိုးမိပါသည်) ဆောင်းပါးကို ခံစားဖတ်ကြားခဲ့ပါတယ်။ ဘာကြောင့်ဖတ်ရ ပါသလဲဆိုရင် ကျွန်တော်တို့ကျင်းပခဲ့တဲ့ပွဲ (၂၀၀၆)ခုနှစ်၊ မကွေးစာပေဟောပွဲဂယက် ကို လက်ခုပ်တီးပြီး အားပေးထား လို့ ဖတ်မိ၊ မှတ်မိပါတယ်။ အနယ်နယ်အရပ်ရပ်များမှာ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲများ အစဉ်အလာမပျက် ဆက်လက် ကျင်းပနိုင်ကြပါစေလို့ စာပေစောင့် နတ်မင်းကြီးအပေါင်း တို့အား တိုင်တည် ဆုတောင်းရင်း ရှိတ်စာပေ၀ိုင်း ကို သိမ်းခဲ့ပါတယ်ခင်ဗျား…။

စိတ်အဆာ ဖြေဖို့ သုတ၊ ရသတွေစုံတဲ့ အချစ်ရွာက ရှိတ်စာပေ၀ိုင်းသို့ ပေါင်းဆုံကြပါစို့…။

ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့မှ SHADE စာပေ၀ိုင်း (၈) ini dipublish oleh shwelannwelanwinkyi pada hari Wednesday, April 13, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့မှ SHADE စာပေ၀ိုင်း (၈)
 

0 comments: