Shade39
မကွေးမြို့က SHADE စာပေ၀ိုင်း(၃၉)
၁၄-၈-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနှင့် ပိတောက်လမ်းကြားက FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ် မှာ ပေါင်းဆုံဝိုင်းဖွဲ့ဖြစ်ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ ဆရာနေခြည်(မကွေး)၊ ပန်းချီဆရာမင်းသူ၊ ကာတွန်းဆရာ မောင်အေး(မင်းဘူး) (ခ) ဖရဲသီး၊ ဆရာတင်လင်းဇော် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဆရာမကွေးဝင်းမြင့်က စတင်ပြောဆိုပါတယ်။ `` လေးစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျာ..၊ ဒီတစ်ပတ်တော့ အလွန်သည်းခံနိုင်စွမ်းရှိတဲ့ ဂျပန်ဘုန်းတော်ကြီးတစ်ပါးအကြောင်းကို ပြောပါရစေ။ ဒီအဖြစ်အပျက်ကလေးက လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်လောက်က အဖြစ်အပျက်ကလေးပါ။ ဂျပန်နိုင်ငံ မြို့ကလေးတစ်မြို့။ တောင်ကုန်းလေး တစ်ကုန်းပေါ်မှာ မျက်ခုံးမွေးဖြူဖြူ အသက်ခုနှစ်ဆယ်ကျော် ဘုန်းတော်ကြီးတစ်ပါး သတင်းသုံးနေထိုင်ပါတယ်။ တပည့် တကာတွေက အလွန်ကြည်ညိုကြပါတယ်။ အဲဒီ ဘုန်းကြီးကျောင်းနဲ့မလှမ်း မကမ်းမှာ ထမင်းဆိုင်လေး တစ်ဆိုင်ရှိပါသတဲ့။ ထမင်းဆိုင်ပိုင်ရှင် လင်မယားမှာ အရွယ်ရောက်ပြီးစ အလွန်ချောမောလှပတဲ့ သမီးကလေးတစ်ယောက်ရှိပါသတဲ့။ တစ်နေ့သော အခါ.. သူတို့ရဲ့သမီးလေးမှာပဋိသန္ဓေ ကိုယ်ဝန်ရှိလာပါသတဲ့။ မိဘများက ဘယ်သူနဲ့ရတဲ့ကိုယ်ဝန်လဲ စိတ်ဆိုး မာန်ဆိုး ဒေါသတကြီးနဲ့ စစ်မေးကြပါတယ်။ ကလေးမလေးက လင်ကောင်မဖော်ဘဲ နုတ်ပိတ် ရေငုံနေလို့ ရိုက်နှက်စစ်မေးကြပါတယ်။ နောက်ဆုံးတော့ ကလေးမလေးက ဟောဟို တောင်ကုန်းပေါ်မှာ သတင်းသုံးနေတဲ့ အသက်ခုနှစ်ဆယ်ကျော်ရှိတဲ့ ဘုန်းကြီးနဲ့ ရတဲ့ကိုယ်ဝန်ပါလို့ ပြောလိုက်ပါသတဲ့။ ဒါနဲ့ ထမင်းဆိုင်ပိုင်ရှင် လင်မယားဟာ တောင်ကုန်းပေါ်က ဘုန်းကြီးဆီသွားပြီး လက်ညိုးငေါက်ငေါက်ထိုး မှိုချိုး မြစ်ချိုး ရိုင်းရိုင်းစိုင်းစိုင်း သွားပြောကြပါတယ်။ ဘုန်းတော်ကြီးက တုန်တုန်လှုပ်လှုပ်မဖြစ်ပါဘူး။ မျက်ခုံးမွေးဖြူကြီးကို ပင့်လျှက် `` သြော်…ဟုတ်လား..။´´ ဒါဘဲ ပြောလိုက်ပါသတဲ့။ ထမင်းဆိုင်က ကလေးမလေး ကိုယ်ဝန် ထုံးစံအတိုင်း လစေ့လာတော့ သားယောက်ျားကလေး မွေးပါတယ်။ မွေးပြီး ပြီးချင်း ထမင်းဆိုင်ပိုင်ရှင် လင်မယားက ကလေးငယ်ကိုယူပြီး ဘုန်းကြီးကျောင်းကို သွားပို့ပါသတဲ့။ ``ရော့ ဟောဒီမှာ.. အရှင်ဘုရားနဲ့ရတဲ့ကလေး..´´ ဆိုပြီး ကလေးကို ပေးထားပစ်ခဲ့ပါတယ်။ ဘုန်းတော်ကြီးကတော့ ထူးထူးထွေထွေဘာမှ မပြော။ ထုံးစံအတိုင်း မျက်ခုံးမွေးဖြူကြီးကိုပင့်လျှက် `` သြော်…ဟုတ်လား´´ ဒါဘဲ ပြောလိုက်ပါသတဲ့။ ဘုန်းကြီးကို ကြည်ညိုတဲ့ ဒကာ ဒကာမတွေက ကလေးငယ် အသက်ရှင်ရေးအတွက် နွားနိုဖျော်တိုက်လို့ ၀ိုင်းဝန်းပြီး စောင့်ရှောက်ကြပါတယ်။ ဒီလိုနဲ့ ကလေးငယ် တစ်နှစ်ခွဲ၊ ၂နှစ်အရွယ်ရောက်လာတော့ ထမင်းဆိုင်က ကလေးမလေးမှာ လင်ကောင်ပေါ်လာပါတယ်။ ထမင်းဆိုင်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဈေးကြီးအတွင်းမှာ လက်တွန်းလှည်းတွန်းတဲ့ ကောင်ကလေးဖြစ်နေတယ်။ ဟိုတုန်းကတော့ အဲဒီကောင်လေးက သူ့ကိုလင်ကောင်ဖော်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခါ တစ်နေရာကို ငွေရှာဖို့ဆိုပြီး ရှောင်ပြေးခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ ကောင်မလေးကလည်းကြောက်လှန့်ပြီး အဖြစ်မှန်ကိုဖုန်းကွယ်ထားခဲ့ပါတယ်။ ယခု လက်တွန်းလှည်းတွန်းတဲ့ ကောင်လေး မှာ ငွေရလို့ပြန်လာခဲ့တာပါတဲ့။ သူနဲ့ရတဲ့ကလေးငယ် ဘယ်မလဲဆိုပြီး ထမင်းဆိုင်ကိုလာမေးပါတယ်။ ထမင်းဆိုင်ပိုင်ရှင် မိဘများဟာ အံ့သြတုန်လှုပ်သွားကြပြီး သူတော်ကောင်းဘုန်းကြီးကို စော်ကားမိခဲ့လို့ ရင်ထုမနာနဲ့ နောင်တရနေကြသတဲ့။ ဒါနဲ့ ရပ်ကွက်လူကြီးတွေကို အကျိုးအကြောင်းပြောပြပြီး ဘုန်းကြီကျောင်းကို သွားကြပါသတဲ့။ `` တပည့်တော်တို့ အရှင်ဘုရားကို ပြစ်မှားမိခဲ့ပါတယ်ဘုရား..ဒါကြောင့် ခွင့်လွှတ်တော်မူပါဘုရား..။ တပည့်တော်တို့ မြေးလေးကိုလည်း ပြန်ခေါ်ခွင့် ပြုတော်မူပါဘုရား..´´ လို့ မျက်ရည်စက်လက်နဲ့ တောင်းပန်ကြပါတယ်။ ဘုန်းတော်ကြီးကတော့ ထွေထွေထူးထူး ဘာမှ မပြောပါ။ ထုံးစံအတိုင်း မျက်ခုံမွေးဖြူကြီးကို ပင့်လျှက် ``သြော်…ဟုတ်လား.´´ ဒါဘဲပြောပါသတဲ့။
ပတ်ဝန်းကျင် လူ့လောက တခွင်မှာ မကျေနပ်စရာတွေ ဒေါသဖြစ်စရာတွေ နဲ့ ကြုံတွေ့ရတဲ့အခါတိုင်းမှာ.. ယခုလို အလွန်သည်းခံနိုင်စွမ်းရှိတဲ့ မျက်ခုံးမွေးဖြူဖြူကြီးကို ပင့်လျှက်..``သြော်..ဟုတ်လား..´´ ဟု အေးဆေးတည်ငြိမ်စွာ သည်းခံခွင့်လွှတ်လေ့ရှိသော ဂျပန်ဘုန်းတော်ကြီးရဲ့ ပုံရိပ်ကို မြင်ယောင် ကြားယောင်လျှက် ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ ခန္တီစ သည်းခံခွင့်လွှတ်ခြင်းတရားကို ဆင်ခြင်အောင်းမေ့ပြီး နေထိုင်၊လုပ်ကိုင်သွားကြပါစို့ခင်ဗျာ..။ ဟု ဆရာ မကွေးဝင်းမြင့်က ပြောဆိုသွားခဲ့ပါတယ်။
ဆရာနေခြည်(မကွေး)ကတော့ Hot News ဂျာနယ်၊ အတွဲ(၁) အမှတ်(၅၂) ထဲမှ စာရေးဆရာ အသိတရားကင်းမဲ့သော မောင်ကြီး ရဲ့ (ဒီအသိတရားလေးတော့ ရှိသင့်တာပေါ့) ဆောင်းပါးကို အကျယ်တ၀င့် ပြောကြားဆွေးနွေးလာပါတယ်။ ယခုခေတ် ပညာရေးလောကနဲ့ အိမ်စောင့်အစိုးရခေတ်တုန်းက ပညာရေးလောက အကြောင်းကို မီးမောင်းထိုးပြသွားပါ တယ်။ ဒီဆောင်းပါးလေးက ၀ထ္ထုတိုလေး တစ်ပုဒ်လို သုတ၊ရသများကိုလည်း ပေးစွမ်းနိုင်တဲ့ ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ နောက်ဆုံးပိတ်ကလေးမှာ ဆရာမကြီး ဒေါ်သိန်းဆိုင်က သူ့တပည့် မောင်ကြီးကို ပြန်ပြောလိုက်တဲ့စကားလေး ဟာ မျက်ရည်ကျလောက်အောင် ခံစားလိုက်ရပါတယ်။ ဂျာနယ်ထဲကဖော်ပြထားတာ ကို အနည်းငယ်ဖတ်ပြပါ့မယ်။ ထိုခေတ် ထိုအခါမှ ဆရာမများသည် ကျောင်းသား ကျောင်သူများဆီမှ မစား။ သူတို့၏ ခံယူချက်သည် အထက်မှ ရေသည် အောက်သို့သာ စီးဆင်းရသည်(စုန်ရေ)။ `တစ်ပြားမရှိ တပည့်မရှား၊ ပီတိစား၏ ဆိုတဲ့( ဆရာတင်မိုး)ရဲ့ကဗျာလေးဟာ ဒို့ဆရာ ဆရာမတွေကို ရည်ရွယ်ခဲ့တယ်လေကွာ..´။ ဆိုသောစကား။ ဆရာမကြီး ဒေါ်သိန်းဆိုင် ဆိုတာ တော်လှန်ရေးကောင်စီခေတ်က ဗိုလ်ချုပ်တင်ဖေ ရဲ့ ဇနီး စာရေးဆရာမကြီးတစ်ဦးလို့ သိရပါတယ်။ စာရေးသူ ဆရာမောင်ကြီးက သူ့ဌါနအတွက် သစ်ခွဲဖို့ သစ်ခွဲစက်ရောက်တဲ့အခါမှာ သူတို့ဆရာမကြီးဒေါ်သိန်းဆိုင် ရဲ့ သစ်ခွဲစက်မှန်းသိရလို့ ဆရာမကြီးထံ ၀င်တွေ့ခဲ့တဲ့ အကြောင်းလေးကို စာဖတ်သူများနဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်း ကျောင်းသားလူဆိုးတစ်စုထံသို့ ကြားသိ၊ မြင်တွေ့နိုင်အောင် ရေးသားတင်ပြထားပါတယ်။ စာရေးသူ မောင်ကြီးတို့ ဆိုးသွမ်းလူငယ် ကျောင်းသားတစ်စုကို ကျောက်မြောင်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျောင်းထုတ်ဖို့အထိ စီစဉ်နေတာကို သူတို့ရဲ့ Teacher ဒေါ်သိန်းတင်မှ တားဆီးကာကွယ်ပေးခဲ့ပြီး ပညာတတ်ကြီးများဖြစ်အောင် စာမေးပွဲအောင်မြင်အောင်၊ အပြင်လောကမှာ အင်ဂျင်နီယာကြီးများဖြစ်အောင် သင်ကြားပေးခဲ့ကြောင်းတွေကိုလည်း ရေးသားဖော်ပြထားပါတယ်။ ဆရာမကြီး ဒေါ်သိန်းတင်ရဲ့ ပြောစကားနဲ့ ဆောင်းပါးရှင်ရဲ့ ရေးသားချက်များကို ဖတ်ပြပါရစေ။ ` ကျောက်မြောင်းကျောင်းက Teacher တပည့်တွေလို့သာ ပြောပြီးဝင်သာဝင်ခဲ့၊ ဘယ်သူမှ မတားဘူးသိလား´။ Teacher အသံတွေတုန်နေတယ်။ စိတ်တွေလှုပ်ရှားနေသလား မပြောတတ်ပါဘူးကွာ..။ ငါ့ကို ကိုင်ထားတဲ့ သူ့လက်တွေဟာလည်း တုန်နေသလိုပဲ။ ဆရာမကြီးက ငါ့ကိုမေးပါတယ်။ ``သြော် ဒါနဲ့ Teacher တပည့် Teacher ဆီကိုလာတာ တွေ့ရုံသက်သက်လား..´´။ `ဟုတ်ကဲ့ တွေ့လည်းတွေ့ချင်တယ်၊ ကန်တော့လည်းကန်တော့ရင်း ကျွန်တော် Teacher သစ်စက်မှာ သစ်တွေလာခွဲတာပါ´ လို့ ပြောလိုက်တော့..။ Teacher က ငါ့လက်နှစ်ဖက်ကို ဆွဲမြှောက် သူ့ရင်ဘတ်ပေါ်ကိုတင်ပြီး သူ့တစ်ကိုယ်လုံးတုန်လာ တယ်။ မျက်နှာ ငိုမလို ရယ်မလို ၀မ်းနည်းသလို ၀မ်းသာသလိုနဲ့ ငါလည်း မပြောတတ်တော့ဘူးကွာ။
`` ဒါ..ဒါဆို.. မင်း..မင်း Teacher ကို ထမင်းလာကျွေးတာပေါ့။ ဟုတ်လား သားတဲ့။ မျက်ရည်တွေစီးကျလာပြီး…။ ဟေ့ကောင်တွေ ငါဘယ်လိုအဖြေပြန်ပေးရမလဲ ပြန်ဖြေရမှာလဲ။ ပြောကြလေကွာ..ငါဘယ်လိုမှ ပြန်မဖြေတတ်တော့ဘူး။ ငါ့မှာ ဒီအဆင့်ထိ အသိတရားမရှိပါဘူး။ ငါ့မှာ ဒီအဆင့်ထိ မရှိခဲ့ပါဘူးကွာ…၊ သန်းအောင်၊ ချစ်ဆွေ၊ စိန်လှဦး၊ မောင်မြင့်၊ မြင့်သိန်းလေး တို့ ပြောကြပါဦး သူငယ်ချင်းတို့ရာ….။ ဟုဆောင်းပါးအဆုံးသတ်ကို.. ဆရာနေခြည်က အသံများတိမ်ဝင် သွားပြီး..မျက်ရည်စက်လက်နဲ့ ခံစားပြောဆိုဖတ်ကြားသွားပါတယ်။ ကျွန်တော်နဲ့အတူ SHADE စာပေ၀ိုင်းတော်သားများ မှာလည်း မျက်ရည်များ ကိုယ်စီ ကျနေကြလျှက်…..။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။
ရွှေလမ်းငွေလမ်းဝင်းကြည်
0 comments:
Post a Comment