Shade30
မကွေးမြို့က SHADE စာပေ၀ိုင်း(၃၀)
၁၂-၆-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃း၃၀)နာရီအထိ မကွေးမြို့၊ ရန်ကင်းရပ်၊ သုခီတာလမ်းနှင့် ပိတောက်လမ်းကြား FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ် အတွင်းမှာ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်း (၃၀)ကြိမ်ပါ။ Forever မှာကတော့(၁၀)ကြိမ်မြောက်ပါ။ ဒီဆိုင်က အစားအသောက်နဲ့(၀န်ဆောင်မှုတွေ)ကောင်းတော့ SHADE စာပေ၀ိုင်းတော်သားတွေက သဘောကျ နှစ်ခြိုက်ကြပါတယ်။ ဒီတစ်ပတ်ကတော့ မိုးကလည်းရွာ၊ မနေ့ကလည်း မကွေးမြို့နယ်စာနယ်ဇင်း မျက်နှာစုံညီပွဲ၊ သက်ကြီးပူဇော်ပွဲ ကျင်းပတာနဲ့ဆက်နေပါတယ်။ ဒါကြောင့် SHADE စာပေ၀ိုင်း မှာ ၀ိုင်းတော်သားတွေ နည်းနေကြပါတယ်။ ပန်းချီဆရာတစ်ဦးကလည်း နာရေးဖြစ်နေတော့ ယနေ့ ညနေ၊ နာရေးပို့ဆောင်ရမှာ ဖြစ်နေလို့ ပန်းချီဆရာတွေလည်း စာပေ၀ိုင်းမှာ လူနည်းနေပါတယ်။ ဆရာမကွေးဝင်မြင့်၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ပန်းချီဆရာသူရှိန်မြိုင်၊ နဲ့ ရွှေလမ်းငွေလမ်းဝင်းကြည် တို့ တက်ရောက်လာကြပါတယ်။
SHADE စာပေ၀ိုင်းရဲ့ နာယက ဆရာမကွေးဝင်းမြင့်မှ စတင် စကားဆိုပါတယ်။
`` ဒီတစ်ပတ် SHADE စာပေ၀ိုင်းအတွက် အကျိုးရှိမယ့် စကားလေးတွေ၊ စာလေးတွေကို စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့အတိုင်း ဟိုအရင်တုံးက ဖတ်မှတ်ထားခဲ့တဲ့ စာအုပ်ထဲမှ မှတ်တမ်း မှတ်ရာလေးတွေကို မနက်ကတော့ လိုက်ပြီး ပြန်ရှာဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း(၃၀)လောက်က မှတ်ထားတာလေးကို ပြန်တွေ့ရပါတယ်။ အဲဒီ တွေ့ရတဲ့အတိုင်း ဖတ်ပြပါရစေ။ မန္တလေး တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဆိုမိန့်ခဲ့တဲ့ ( အောင်မြင်ကြောင်းတရား) ဆိုတဲ့ စာပေလင်္ကာ ကဗျာလေးပါ။ လူတွေဟာ အောင်မြင်ရေးအတွက် စီးပွားရေးတိုးတက်ရေးအတွက် မနက်မိုးလင်းကနေ မိုးချုပ်တဲ့ ညအချိန် အထိ အလုပ်တွေ လုပ်ကြတယ်။ စာပေတွေကိုဖတ်ကြရပါတယ်။ အမျိုးမျိုးသော ကိစ္စ ၀ိစ္စတွေကို ဆင်ခြင်ကြပါတယ်။ ဒါကြောင့် ဆရာတော်ဘုရား၏ အဆိုအမိန့်အတိုင်း လိုက်နာ နိုင်ကြပါစေ..။
`အောင်မြင်ကြောင်းတရား´
*မကောင်းမှုရှောင်
ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား။
*ပြော ပြု တွေးလျှင် သတိယှဉ်
ဆင်ခြင် ဥာဏ်ရှေ့သွား။
*စိတ်ထားဖြောင့်မှန် ခွင့်လွှတ်ရန်
သည်းခံ မေတ္တာထား။
*လုံလ နှင့် ဇွဲ မလျော့ဘဲ အမြဲတင်းတင်းထား။
*အရာရာတွင် အသုံးဝင် အောင်မြင်ကြောင်းတရား…။ ။
ဆရာတော် အရှင်ဇနကာဘိဝံသ
အဲ ဒါလေးကို လွန်ခဲ့တဲ့နှစ်(၃၀)လောက်က ကျွန်တော်သဘောကျပြီး မှတ်သားလိုက်နာခဲ့ပါတယ်။ ဒါကြောင့် SHADE စာပေ၀ိုင်း မှာလည်း( အောင်မြင်ကြောင်းတရား ) ကို ပြန်လည် ဖောက်သည်ချ ပြောကြားပေးရလို့ များစွာဝမ်းသာမိပါတယ်။´
ပန်းချီဆရာ သူရိန်မြိုင်ကတော့ လူနည်းနေသော်လည်း ယခင်အတိုင်း မူမကွဲပါ။ သူ ဖတ် မှတ်လာတာတွေကို ဘ၀ အတွေ့ အကြုံနဲ့ ခံစားပြီး အိတ်သွန် ဖာမှောက် စကားတွေ အများကြီးပြောလာပါတယ်။
`` ဟိုတစ်လောက Shade စာပေ၀ိုင်းမှာ ပန်းချီဆရာ ကိုမင်းသူပြောသွားခဲ့တဲ့ ကဗျာဆရာ၊ စာရေးဆရာတွေ မှာ အနုပညာ ၀ါသနာကြီးကြသော်လည်း အများမှာ ဆင်းရဲကြတဲ့အကြောင်း၊ ပန်းချီဆရာတွေ မှာလည်း အနုပညာအပြင် အခြား ဆေး၊ စာရွက်၊ စုတ်တံ၊ဘောင် စတဲ့ ပစ္စည်းမျိုးစုံတွေက အရင်းအနှီးတွေ များများ အကုန်အကျခံပြီး ရင်းနှီးကြရပါတယ်။ ရေဆေးကားတစ်ချပ် ဆိုရင်ကို အနည်းဆုံးသောင်းဂဏန်းလောက်ကျပါတယ်။ ဒါပေမယ့် ပန်းချီဆရာဆိုတာ ပန်းချီကား တစ်ချပ်ရောင်းလိုက် ရပြီဆိုရင် သုံးသိန်း၊ လေးသိန်းလောက်တော့ ရလိုက်ကြပါတယ်။ ကဗျာဆရာတွေရဲ့ ဘ၀က ယခုခေတ်မှ အနည်းဆုံး တစ်ထောင်ကျပ်၊ နှစ်ထောင်ကျပ် လောက်သာ ရကြပါတယ်။ ဒါကို ကြည့်လိုက်ခြင်းအားဖြင့် ကဗျာဆရာတွေဟာ သူ့တို့ချစ်တဲ့ ကဗျာအနုပညာကို ငွေရလိုမှုကို အဓိကမထားဘဲ အနုပညာ ၀ါသနာကိုသာ ရှေ့တန်းတင်ပြီး၊ ထာဝရဖက်တွယ်ထားကြတာကို ကြည့်ရင် ကဗျာအနုပညာရှင်နဲ့ စာရေးဆရာတွေကို အထူးလေးစား လောက်ပါတယ်။ အဲ ပန်းချီဆရာ၊ ကဗျာဆရာ၊ စာရေးဆရာအနုပညာရှင်တွေမှာ တူညီကြတာ တစ်ခုတော့ရှိပါတယ်။ ဘာလဲ ဆိုတော့ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရတာအခက်ဆုံးပါ။ ပိုပြီး ဆက်ဆံရတာ အခက်အခဲဆုံးထဲမှာကို အနုပညာသည်(၃) မျိုးက တူနေကြပါသေးတယ်။
အဲဒီ သုံးမျိုးကတော့ ပန်းချီဆရာ၊ ကဗျာဆရာ၊ လိခ်ဂီတာဆရာ တို့ဖြစ်ကြပါတယ်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်နဲ့ ကျွန်တော်တို့ အမြင်တူညီပြီး ပြောဆိုမိပါတယ်။ ကဗျာဆရာက တစ်ယောက်တည်းရေးလို့ရတယ်။ ကိုယ့်ကဗျာလေးကို ခံစားပြီးရေးမယ်၊ မျှဝေခံစားဖတ်ပြမယ်။ မဂ္ဂဇင်းကိုပို့မယ်။ ပို့လို့ ထည့်ချင်ထည့် မထည့်ချင်နေ။ ဒီကရတဲ့ ငွေကြေးကိုလည်း ကဗျာဆရာဆိုသူက ဂရုမစိုက်ဘူး။ ဒီနေရာမဂ္ဂဇင်း၊ဂျာနယ်က သူ့ကဗျာကို မထည့်လဲ နောက်တစ်နေရာကို ပြောင်းပို့မယ်။ သူ့တို့ရဲ့ အနုပညာစိတ်ဓာတ်ကိုက ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး ဆိုတဲ့သဘောပါ။ ပန်းချီဆရာဆိုရင်လည်း ဒီလိုပါဘဲ။ ဥပမာ။ ဆိုင်းဆရာဆိုရင် သူ့ချည်းတီးလို့ မရပါဘူး။ စည်းပါရမယ်။ ၀ါးပါရမယ်။ ပတ်မ တစ်ခုတည်းလည်း တီးလို့မရပါဘူး။ ယကွင်းပါရမယ်။ ဆိုင်းအဖွဲ့ဆိုတာ တစ်ခုနဲ့ တစ်ခု ၀ိုင်းဖွဲ့ဆက်နွယ်တီးမှ ရကြပါတယ်။ ကဗျာဆရာကတော့ စာရွက်၊ ဘောပင်ရယ် အတွေးရယ် တစ်ယောက်တည်း ခံစား ရေးသားနေလို့ရပါတယ်။ ပန်းချီဆရာကလည်း တစ်ယောက်တည်းခံစားပြီး ရေးလို့ရတယ်။ အောက်ဒိုးထွက်ခြင် ထွက်ရေးမယ်။ အိမ်မှာပဲ ပန်းချီကားတစ်ချပ်ကို အင်ဒိုးခံစားရေးသားနေမယ်။ နောက် လိခ်ဂီတာသမားကလည်း ကျန်တဲ့အခြား ဂီတာသမားတွေနဲ့ မတူပါဘူး။ ရစ်သ်ဂီတာသမားနဲ့လည်း မတူဘူး။ ဗေ့စ်ဂီတာသမားနဲ့လည်း မတူပြန်ပါဘူး။ လိခ်ဂီတာသမားက တစ်ယေက်တည်း ကိုယ့်ဘာသာ သံစဉ်ရှာပြီး ခံစားရွေးချယ် တီးနေရသူပါ။ တချို့က နားအားကိုးမယ်။ တချို့က မှတ်စုကို အားကိုးမယ်ပေါ့။ သူ့အတွက် ဘေးပတ်ဝန်းကျင် အကူအညီ မလိုပါဘူး။ ကျွန်တော်ပြောခဲ့တဲ့ ကဗျာဆရာ၊ ပန်းချီဆရာ၊ လိခ်ဂီတာဆရာ စတဲ့ အနုပညာရှင် သုံးဦးတို့က သူတို့ဘာသာ ဘေးအကူအညီမလိုဘဲ တစ်ဦး တစ်ယောက်တည်း အနုပညာတွေကို ဖန်တည်းပြီး နေနိုင်ကြသူတွေပါ။ သူတို့လုပ်နေတဲ့ အနုပညာထဲမှာဘဲ အချိန်ပြည့် သူတို့ရဲ့ စိတ်ကိုနှစ်ထားနေတော့ ဘေးပတ်ဝန်းကျင်နဲ့လည်း လုံးဝအဆက်ပြတ်နေကြတော့တယ်။ ဒါကြောင့် သူတို့ အနုပညာရှင်သုံးဦးဟာ ကျွန်တော့်အထင်အမြင်ကို ပြောဆိုရရင်တော့ သူတို့သုံးဦးက ကိုယ်ပိုင် မာန် မာနတွေ၊ အတ္တတွေကြီးထွားနေကြတယ်ထင်ပါတယ်။ ဒါကြောင့်သူတို့သုံးယေက်ကို ဘေးပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရတော့ လူ့တွေနဲ့ ကလန့်ကြီးဖြစ်နေကြတယ် လို့ထင်မိပါတယ်။ အဲ သူတို့အပြင် ပီယာနို နဲ့ ကီးဘုတ်သမားတွေလည်း သူတို့လိုဘဲ ဖြစ်နေကြမယ်ထင်ပါတယ်။ ဒါကတော့ ဆက်ဆံရခက်တဲ့ အနုပညာရှင်တွေ အကြောင်း ကို ကျွန်တော့်အမြင်နဲ့ပြောမိတာပါ။ အားလုံးကိုတော့လည်း မဆိုလိုပါဘူးနော်။ ဒီတစ်ပတ် ဖတ်ခဲ့တဲ့ကဗျာ တစ်ပုဒ်ကို ခံစားပြီးဖတ်ပြပါရစေ.။ မြင်ကွင်းစုံ မှုခင်းစာအုပ်၊အမှတ်(၂၀)၊ ၂၀၁၁ ခု၊ ဇူလိုင်လထုတ်ထဲက (ဂီတာ သံစဉ်ညှိခြင်း) ဆိုတဲ့ ကဗျာလေးပါ။ ကဗျာဆရာကတော့ (စိုးမြင့်ငယ်-ဥပဒေ) ရေးတာပါ။ တော်တော်လေးခံစားရပါတယ်။
(အမေဟာ ဂီတာတစ်လက်ရဲ့ ကွန်ထရိုး။ အသံမကောင်းရင် အသံကောင်းအောင်ညှိတယ်။ အမေညှိခဲ့တဲ့ ဂီတာကြိုးလေးတစ်ချောင်းဟာ လူ့ဘ၀တာဘောင်ဆိုရင် အဲဒီတာဘောင်ထဲက ရေထိမ်း လက်လှည့်တံခါးဟာ အမေဖြစ်တယ်။ ဒီလိုပဲ ဂီတာတစ်ခုရဲ့ အသံအားလုံးကောင်းဖို့အတွက် အမေဟာ ပေးဆပ်ခြင်းတွေနဲ့ အမြဲညှိခဲ့တယ်။ နားဆင်သူများအတွက်တော့ ညင်သာစွာ အမေ့မှာတော့(၅၂၈)မေတ္တာတွေ၊ တစ်ဘ၀လုံးသွန်မှောက်ရ တစ်ဘ၀လုံးဖြည့်တင်းရနဲ့ ဂီတသံစဉ်တွေ ချိုမြမြ….။)
ဒီကဗျာလေးက တိုသလောက် ရစ်သန်းတွေ သံစဉ်တွေ အဓိပ္ပာယ်တွေကလည်း ရှင်းပြီးကောင်းနေပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်းကို တိုတိုတုတ်တုတ် ပန်းချီဆရာ ကိုမင်းသူကြီးကလည်း မလာ။ ရှည်ရှည် မျှောမျှော ဆရာဘိုမြင့်ရှိန် (အောင်လံ) ကလည်း သူ့မြို့ကို ပြောင်းရွေ့သွား။နုတ်တောင်မဆက်လိုက်ကြရလို့ အားလုံးက ၀မ်းနည်းရ။ ပြောင်ပြောင်တင်းတင်း ကလော်တတ်တဲ့ ဇော်မြင့်ဇော်(ဗန္ဓရ)ကလည်း လေးဘက်ထောက်နာ( ဟုတ်ပါဘူး၊ လေးဘက်နာ) ထနေပြန်တယ်။ ငါ့ညီ ပြောင်မူး မောင်သားဦးကလည်း မလာရောက်။ ကာတွန်းဆရာ အေကေ ကလည်း `မီး´မလာမှ ဝေလေလေလုပ်ပြီး သူ့ဇနီး၏ အပြင်ထွက်ခွင့် အမိန့်ရပါသတဲ့။ နေခြည်(မကွေး) ကလည်း စာနယ်ဇင်းအဖွဲ့ နေ့ထူး၊နေ့မြတ် တွေ့ဆုံပွဲများလုပ်ရင်၊ ဖျားချင်သလို၊ နာချင်သလိုဖြစ်ပြီး မထနိုင်ပြန်ဘူးဆိုပဲ။ တက္ကသိုလ်ရည်ရွယ်ကလည်း ဦးဆွေ(ဒဿနိက) ရဲ့ ဆိုဆုံးမမယ့် စကားကို ကြောက်နေလို့ မရောက်ပြန်ဘူး လို့ ကြားသိရပါတယ်။ SHADE စာပေ၀ိုင်းအား ယခုလို မိုးထဲလေထဲမှာ အမျိုးပဲ အဆွေပဲဆိုပြီး မပျက်မကွက် ကျင်းပပေးလို့ အထူးကျေးဇူးတင်မိပါတယ်..။ လို့ …ပန်းချီဆရာ သူရိန်မြိုင်က ပြောသွားခဲ့ပါတယ်။
စာရေးသူကတော့ ဒီပွဲမှာ ထူးခြားတာကိုချပြမိပါတယ်။ ထူးခြားတာတစ်ခုကတော့ စာရေးဆရာတွေအတွက် ဘာမဆို၊ ဘယ်ကိစ္စမဆို အမြဲတန်း သဒ္ဒါတရားထက်သန်နေတဲ့ ဆရာကိုကိုလတ်(ဆည်မြောင်း)မှာ Shade စာပေ၀ိုင်က ပျောက်ချက် သား ကောင်းနေပါတယ်။ အဖြစ်မှန် သတင်းကို စုံစမ်းကြည့်တော့ မကွေးစာရေးဆရာတစ်ချို့ နဲ့ ပြင်ပမှ လူတစ်ချို့က သူ့အိမ်ကို တယ်လီဖုန်းနဲ့တစ်သွယ်၊ ဘိုင်စကယ်နဲ့တစ်ဖုံ၊ မော်တော်ဆိုင်ကယ်နဲ့တစ်မျိုး၊ အကြောင်းအမျိုးမျိုးတွေပြပြီး၊ ကားကူညီပါ။ ငွေကူညီပါလို့ (စပွန်ဆာ)ရှာ အလှူခံလိုသူတွေက လိုက်နေကြလို့ တိမ်းရှောင်နေရပါကြောင်း ကြားသိရပါသတည်း။ (မှတ်ချက်) ။ စွဲမက် လက်ဖက်ရည်ဆိုင် မှာ ဆရာကိုကိုလတ်(ဆည်မြောင်း)မှ ``ဒါလေးတစ်ခုတော့ ခွင့်လွှတ်စေချင်တယ်..၊ မောင်တို့ရယ်..´´။ ဟု သီချင်းဆိုပြသွား ပါသည်။ ဤကိစ္စအား ဆရာကိုကိုလတ်(ဆည်မြောင်း) ၏ ခွင့်ပြုချက်ဖြင့် ရေးသားလိုက်ရပါ၏။)
စိတ် အဟာရပြည့်ဝအောင် ရှိတ် ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ Shade စာပေ၀ိုင်းသို့ သွားကြပါစို့..။
ရွှေလမ်းငွေလမ်းဝင်းကြည်
0 comments:
Post a Comment