Shade36
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၃၆)
၂၄-၇-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနှင့် ပိတောက်လမ်းကြား FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ်မှာ ပေါင်းဆုံဝိုင်းဖွဲ့ကြပါတယ်။ SHADE စာပေ၀ိုင်း(၃၆) ကြိမ်ပါ။ ဒီတစ်ပတ် ၀ိုင်းတော်သားများကတော့ ဆရာမကွေးဝင်းမြင့်၊ ဆရာမကွေးညိုစိမ့်၊ ပန်းချီဆရာမင်းသူ၊ ဆရာတင်လင်းဇော်၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ) နဲ့စာရေးသူတို့ဖြစ်ကြပါတယ်။ ဒီတစ်ပတ် အညာမကွေးမှာ မိုးက နေ့စဉ်ဆက်တိုက် မိုးရွာနေပါတယ်။
ဆရာမကွေးဝင်းမြင့် က စတင်ပြောပါတယ်။ `လေးစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျား၊ ကျွန်တော်တို့ စာပေ၀ိုင်းမှာ စာပေသက်သက် အကြောင်းအရာများကိုသာ ပြောကြ ဆိုကြ ဆွေးနွေးနေကြတာပါ။ တစ်ယောက်ချင်းက ဖတ်လာကြတာကို ပြန်လည်ပြောဆိုပြီး တစ်ဦးချင်းရဲ့အမြင်အမျိုးမျိုးကို ဆွေးနွေးပေးကြတာ အင်မတန်ကောင်းပါတယ်။ မိုးရာသီရောက်လာရင်တော့ ကျွန်တော်ဘယ်လိုစာအုပ်မျိုးတွေကို အဖတ်များသလဲဆိုရင်ဖြင့် စာရေးဆရာတင်ထွေး ဘာသာပြန်တဲ့၊ (Gone With The Wind ) ဆိုတဲ့ (မိုးနှင့် လေနှင့် မုန်းတိုင်းနှင့်)အမည်နဲ့ စာအုပ်ကို ဖတ်မိပါတယ်။ အထပ်ထပ် ပြန်ဖတ်ပါတယ်။ ဘာလို့ဖတ်ရသလဲဆိုရင်တော့ မူရင်း ရေးသားတဲ့စာရေးဆရာမ (MARGARET MITCHELL) မာဂရက်မစ်ချယ် ကို လေးစားလို့ဖတ်ပါတယ်။ ဘာကြောင့်လေးစားရတာလဲဆိုရင် ပြင်သစ်က စာရေးဆရာကြီး အင်ဒရီမော်ရွိင်း တဲ့။ အဲဒီစာရေးဆရာကြီး အမေရိကန်ကိုသွားလည်ပါတယ်။ အမေရိကန်က စာပေသမားတွေက ၀ိုင်းဝန်းပြီး ၀မ်းမြောက် ၀မ်းသာနဲ့ ကြိုဆိုကြပါတယ်။ ဧည့်ခံစကားပြောတဲ့ ပါတီပွဲကလေး လုပ်ကြပါတယ်။ ကျွန်တော်တို့ မြန်စကားနဲ့ပြောရရင်တော့ ဂုဏ်ပြုဧည့်ခံကြိုဆိုကြတယ်ပေါ့။ စာရေးဆရာ(၂၀) ဦးကျော်လောက် ပွဲတက်ကြတယ်ပေါ့။ ပြင်သစ်စာရေးဆရာကြီးကို ဖက်လှဲတကင်း ရင်းရင်းနှီးနှီး တွေ့ဆုံ ပြုစုကြပါတယ်။ အဲဒီပွဲမှာ ခပ်လှမ်းလှမ်းမှာ အသက်(၃၀) ခန့်ရှိသူ အမျိုးသမီးတစ်ဦးက ပြင်သစ်စာရေးဆရာကြီးကို မကြာခဏ လေးလေးစားစားနဲ့ ကြည့်ကြည့်နေပါတယ်။ ဒါနဲ့ဆရာကြီးမှ သူ့ကိုလှမ်းလှမ်းကြည့်နေတဲ့ ဒီကလေးမလေးကို အကဲမရဖြစ်ပြီး သူ့မဆီကို လျှောက်သွားပါတယ်။ ``ဟဲ့ မင်းက စာပေ၀ါသနာ ပါသလား´´လို့ ဆရာကြီးက သူမကို မေးလိုက်ပါတယ်။ အမျိုးသမီးလေးက စာပေ၀ါသနာပါ ကြောင်းပြန်ပြောပါတယ်။ ``ဒါဆိုရင် မင်းက ဘာတွေကို ရေးဘူးပါသလဲ´´လို့ ဆရာကြီးက ထပ်၍ သူမကို မေးပါတယ်။ သူမက ၀ထ္ထု တစ်အုပ်ရေးခဲ့ဘူးပါကြောင်း ပြန်လည်ပြောပြပါတယ်။ `` ဘာအကြောင်းတွေကို ရေးသားတာလဲကွယ်´´ လို့ ဆရာကြီးက ဆက်၍မေးပါတယ်။ သူမက ကျွန်မ အမေရိကန် ပြည်တွင်းစစ်အကြောင်း ကိုရေးပါတယ် ဟု ဖြေကြားပါတယ်။ `` ဒါဆိုရင် အဲဒီ ၀ထ္ထုစာအုပ်ကို ထုတ်ပြီးပြီလား။ ၀ထ္ထု နာမည်က ဘယ်လို နာမည်ပေးထားပါသလဲကွယ်..´´ ဟု ဆရာကြီးက မေးနေပါတယ်။ သူမက သူ့ရေးသားတဲ့စာအုပ်နာမည်မှာ (Gone With The Wind ) ဖြစ်ကြောင်း ဖြေကြားလိုက်ပါတယ်။ ပြင်သစ်စာရေးဆရာကြီးက ထိုသူမကိုသေခြားစိုက်ကြည့်၍ ထူးခြား အံ့သြစွာဖြင့် `` ဟယ် ဟယ်.. ဒါဆိုရင် မင်းက စာရေးဆရာမ (MARGARET MITCHELL) မာဂရက်မစ်ချယ် ပေါ့ ဟုတ်လား။ ယခုလိုတွေ့ဆုံရတာ ၀မ်းသာလိုက်တာကွယ်။´´ ဟုဆိုကြပြီး ဖက်လှဲတကင်း လေးစားစွာ နှုတ်ဆက်ကြပါတယ်။ အဲဒီအချိန်က သူမရေးသားတဲ့ (Gone With The Wind ) စာအုပ်ကြီးမှာ တကမ္ဘာလုံးက အုံးအုံးကြွက်ကြွက် လူကြိုက်များတဲ့စာအုပ်ပါ။ ဘာသာ အမျိုးမျိုးနဲ့ ပြန်ဆိုပြီးတကမ္ဘာလုံးကို ဖြန့်ချိရောင်းချနေရတဲ့ စာအုပ်ဖြစ်ပါတယ်။ စာအုပ်ထုတ်ဝေတာနဲ့တင် ရပ်မထားကြပဲ ရုပ်ရှင်လည်းရိုက်ခဲ့ကြပါတယ်။ အဲဒီရုပ်ရှင်ကားလည်း ကမ္ဘာကျော် အောင်မြင့်ခဲ့ပါတယ်။ ဒါလောက် နာမည်ကြီးတဲ့ စာအုပ်ကို ဒီသူငယ်မလေးက ရေးသားတာဆိုတော့ ပြင်သစ်စာရေးဆရာကြီးက ထူးထူးခြားခြားကြည့်ပြီး လေးစားနေပါတယ်။ ဒါကြောင့်သူမကို ခဏ ခဏ လက်ဆွဲပြီး ဂါရ၀ပြုနှုတ်ဆက်နေပါတယ်။ ဒီစာအုပ်ကြီုး မြန်မာနိုင်ငံကိုရောက်လာတော့ အဲဒီအချိန်က စာရေးဆရာ နန္ဒ ဆိုသူက သဘောကျလွန်းလို့(လေရူးသုန်သုန်)နာမည်နဲ့ သာယာဝတီနယ်မှာ သူပုန်ထတယ် ဆိုတဲ့ အကြောင်း မြန်မာမှုပြုပြီး ဒီ Gone With The Wind ဇာတ်လမ်းကိုမှီးပြီး မြန်မာ့အလင်းသတင်းစာမှာနေ့စဉ် အခန်းဆက်နဲ့ရေးသားခဲ့ပါတယ်။ စာအုပ်လည်းထုတ်ဝေခဲ့ပါတယ်။ အဲဒါကို ဆရာမြသန်းတင့်တို့က တွေ့ပါတယ်။ ပထမ Gone With The Wind ကိုမှီးတယ် မထင်မိကြဘူး။ မြန်မာဇာတ်လမ်းပဲလို့ ထင်ခဲ့ကြရတာပါ။ နောက်ကျမှ ဆရာမြသန်းတင့်တို့ကသိရပါတယ်တဲ့။ အဲဒီအခါကျတော့ ဆရာမြသန်းတင့်က Gone With The Wind ကိုကြိုက်နှစ်သက်လာပြီး အဲဒီဝထ္ထုကြီးကို (လေရူးသုန်သုန်)အမည်နဲ့ပဲ လုံးစိပတ်စိဘာသာပြန်ခဲ့ပါတယ်။ (လေရူးသုန်သုန်)၀ထ္ထုကြီးကို မူလ ဆရာနန္ဒ ပေးခဲ့တဲ့အမည်အတိုင်းပဲ ဆရာမြသန်းတင့်ကလည်း (လေရူးသုန်သုန်)နာမည်နဲ့ပဲ ပထမပိုင်း ဒုတိယပိုင်း နှစ်အုပ်တွဲကြီးကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကြီး ကမ္ဘာကျော်ခဲ့သလို ဆရာမြသန်းတင့်ထုတ်ဝေခဲ့တဲ့ ဒီဘာသာပြန်ဝထ္ထုကြီး( လေရူးသုန်သုန်) ၀ထ္ထုကလည်း စာအုပ် အဖြစ်နဲ့ရော ရုပ်ရှင်အဖြစ်ရော တော်တော်အောင်မြင်လာခဲ့ပါတယ်။ ဒီဝထ္ထုကြီးနဲ့ ဆရာမြသန်းတင့်လည်း အမျိုးသားစာပေဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီတစ်ပတ်တော့ကျွန်တော့်အနေနဲ့ (ကွယ်လွန်သူ စာရေးဆရာမြသန်းတင့် ၏ လေရူးသုန်သုန်)၀ထ္ထုကြီး ကိုရော၊ စာအုပ်တစ်အုပ်တည်းနဲ့ ကမ္ဘာကျော်အောင် ရေးသွားနိုင်ခဲ့တဲ့ စာရေးဆရာမ MARGARET MITCHELL မာဂရက်မစ်ချယ် ရဲ့ Gone With The Wind ၀ထ္ထုကြီးတို့ကို လက်ဆင့်ကမ်း ဂုဏ်ပြုပြောဆိုလိုက် ပါတယ်ခင်ဗျား..။ ဟု ဆရာမကွေးဝင်းမြင့်က အကျယ်တ၀င့် ပြောကြားသွားပါတယ်။
ဆရာတင်လင်းဇော်ကလည်းဤသိုဆိုပါတယ်။ ယခုခေတ်နဲ့အညီ ရွေးချယ်တင်မြှောက်ပွဲများအတွက် ကျွန်တော်လတ်လတ်ဆပ်ဆပ်ဖတ်လာခဲ့ရတဲ့ ၂၀၁၁၊ သြဂုဏ်လထုတ်၊ အတွေးအမြင် မဂ္ဂဇင်းထဲက စာရေးဆရာ အရာတော်လှမြင့်ရဲ့ဆောင်းပါးကိုတင်ပြလိုပါတယ်။ ဆောင်းပါး ခေါင်းစဉ်က (ပုံပြင် နှင့် ပုံမြင်) လို့ဖော်ပြထားပါတယ်။ စာရေးသူက ပညာရေးလောကထဲမှ ကျောင်းဆရာပဲထင်ပါတယ်။ ဆောင်းပါးမှာ သူအပါအ၀င် ဇာတ်ကောင်သုံးယောက်ပါ ပါတယ်။ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း သူတို့ဆရာသုံးဦး စကားဝိုင်းဖွဲ့ပြောနေကြတာပါ။ ကလေးတွေက များသောအားဖြင့် ပုံပြင်ကို ကြိုက်ကြတယ်။ ပုံပြင်လေးတွေနဲ့ ပြောပြီးဆုံးမရတာက ပိုပြီးထိရောက်တယ် လို့ဆိုပါတယ်။ အလုပ်တစ်ခုကို လုပ်တဲ့အခါတိုင်းမှာ စေ့စေ့စပ်စပ် သေသေချာချာ နောက်လိုက်လွတ်အောင် မလုပ်တတ်တဲ့ ကလေးတစ်ယောက်ကို အကြောင်းပြုပြီး ဒီပုံပြင်လေးတွေကို ပြောဆိုနေကြတာပါ။ ပထမဆုံးဆရာကပြောတဲ့ ပထမ ပုံပြင်ကတော့ လူတိုင်းသိပြီးသား ပုံပြင်ပါ။ ရှင်ဘုရင်ကြီးတစ်ပါးမှာ ပညာရှိအမတ်တစ်ဦးလိုနေပါတယ်။ ရှင်ဘုရင်ကြီးရဲ့မိဖုရားကလည်း သူ၏ မောင်တော်ကို ခန့်ထားပေးစေချင်တာပါ။ ရှင်ဘုရင်ကြီးကလဲ ပညာရှိအမတ်ခန့်ဖို့ ရာထားပြီး ရွေးချယ်ထားသူတစ်ဦးရှိနေပါတယ်။ ဒါနဲ့ အမတ်လောင်းဖြစ်တဲ့ သူတို့ နှစ်ဦးကို ရှင်ဘုရင်ကြီးနဲ့ မိဖုရားကြီးက နန်းတွင်းညီလာခံမှာ ရွေးချယ်ဖို့ အင်တာဗျူးလုပ်ကြပါတယ်။ ပထမ အမေးခံရသူကတော့ မိဖုရားကြီးရဲ့ မောင်တော်ကို စတင်မေးပါတယ်။ ရှင်ဘုရင်ကြီးက နန်းတော်အောက်က ခွေးမတစ်ကောင် ခွေးကလေးတွေ မွေးနေသလားလို့ မေးပြီး သွားကြည့်ခိုင်းလိုက်ပါတယ်။ မွေးပါတယ်။ ခွေးကဘယ်နှစ်ကောင်။ ခွေးမက ဘယ်နှစ်ကောင်၊ ခွေးထီးကဘယ်နှစ်ကောင်။ အဖြူ အနက်ကြားက ဘယ်နှစ်ကောင်။ စတာတွေကို တစ်ခါတည်းနဲ့ ကြည့်မလာလို့ ခဏ ခဏ အခေါက်ခေါက် အခါခါပြန်ပြန်ကြည့်၍ မိဖုရားရဲ့မောင်တော် ပထမလူက ဖြေကြားနေရသူဖြစ်ပါတယ်။ ဒုတိယ အမေးခံရသူကတော့ `အင်း နန်းတော်အောက်က ခွေးမ ခွေကလေးတွေမွေးတာကို အကြည့်ခိုင်းတာ အဓိပ္ပာယ်တစ်ခုတော့ရှိရမယ်။ ပေါ့ပေါ့ဆဆ လုပ်လို့တော့မဖြစ်ဘူး။ သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ရှုမှတ်သားပြီး ဖြေဆိုမှ ဖြစ်မယ်..´လို့စဉ်းစား ဆုံးဖြတ်ပြီးတစ်ကြိမ်တည်းနဲ့ ခစား၍ အတိအကျအမှန်အတိုင်း လျှောက်တင်အဖြေပေးလိုက်ပါတယ်။ နောက်ဆုံး စေ့စပ်သေချာစွာ ဖြေကြားသူကိုသာ အမတ်အဖြစ် ရွေးချယ်လိုက်ပါတော့တယ်။ ဒုတိဆရာ ပြောကြားတဲ့ ပုံပြင်က တော့ အင်္ဂလိပ်ခေတ် မုံရွေး၊ကြေးမုံနယ်မှာ မြို့ပိုင်မင်းက ရွာတစ်ရွာကို သူကြီးရွေးပွဲလုပ်ဖို့သွားပါတယ်။အဲဒီရွာမှာ သူကြီးအရွေးခံလိုသူ နှစ်ယောက်ရှိပါတယ်။ မြို့ပိုင်မင်း ရွာကိုလာတယ်ဆိုတော့ သူကြီးဖြစ်လိုသူတစ်ဦးက ပြာပြာသလဲ ခရီးဦးကြိုပြုပြီး ကျကျနန ဧည့်ခံကျွေးမွေးပါတယ်။မြို့ပိုင်မင်းရဲ့ ဘီးနပ်ကိုတောင် ပြောင်လက်နေအောင် တိုက်ချွတ်ပေးလိုက်ပါသေးတယ်တဲ့။ နောက် သူကြီးအရွေးခံဖို့ ရာထားခံရသူ တစ်ဦးကတော့ ရွာသားတွေနဲ့ သူတို့ရွာဘေးမှာ မူးမြစ်ရေတွေတိုးလာလို့ မြစ်ကမ်းပါးတွေပြိုနေတဲ့နေရာက ယိုင်နဲ့နဲ့ တံတားလေးကို ၀ိုင်းဝန်းပြင်ဆင်နေကြပါ တယ်။ ဒါနဲ့ မြို့ပိုင်ကြီးလည်း မြို့ကိုပြန်သွားတယ်။ (၁၀)ရက်လောက်ကြာတော့ အဲဒီရွာကို မြို့ပိုင်မင်းက သူကြီးခန့်တဲ့စာရေးသားပြီး အမိန့်ထုတ်လိုက်ပါတယ်။ သူတို့ရွာမှာ သူလာစဉ်တုံးက မြစ်ကမ်းနဘေး တံတားပြင်နေသူ သူကြီးလောင်းကိုသာ သူကြီးခန့်ထားလိုက်ပါတော့တယ်။ အဲဒီအခါ တစ်ရွာလုံးက အံ့သြကြပါတယ်။ သူလာတဲ့နေ့က ရွာမှာ ဂရုတစိုက်နဲ့ ကြိုဆိုသူကို သူကြီးမခန့်ဘဲ သူ့အနားကို မကပ်တဲ့ သူကြီးလောင်းကို ရွေးလိုက်တော့ အထင်နဲ့ အမြင်လွဲကုန်ပြီး အံ့သြကြပါတယ်တဲ့..။ အရင်ဆရာနှစ်ယောက်က တစ်ထပ်တည်းကျအောင်ပြောသွားနေတဲ့ ပုံပြင်နှစ်ပုဒ်ကို ငြိမ်ပြီးနားထောင် နေသူ တတိယဆရာပြောတဲ့စကားမှာ.. ကျွန်တော်ကတော့ ဖတ်ဖူးတာကိုပြောပါ့မယ်။ ဘာသာပြန်ဆောင်းပါးပါ။ အရှေ့ဂျာမဏီ၊ အနောက်ဂျာမဏီပြည်ကြီး နှစ်ခြမ်းကွဲသွားပြီး ဘာလင်တံတိုင်းကြီးပြိုလဲစဉ်အခါမှာ ဂျာမဏီပြည်ထောင်စုကြီး နှစ်ပြည်ထောင် ပေါင်းစည်းခဲ့ပါတယ်။ စာရေးသူက အနောက်ဂျာမဏီ ဟော်တယ်တစ်ခုကို ရောက်သွားခဲ့ပါတယ်။ ဟော်တယ်ရဲ့ စားသောက်ခန်းနောက်မှာ ပုဂံဆေးနေသူ တစ်ဦးကို မြင်နေရပါတယ်။ စာရေးသူမှ ဒီပုဂံဆေးနေသူကို ငါ ရင်းရင်းနှီးနှီးနဲ့ ကောင်းကောင်းမြင်ဘူးပါတယ်။ ဘယ်နေရာမှာ တွေ့ဖူးတာလည်းစဉ်းစာကြည့်လိုက်တော့ ဂျာမဏီနိုင်ငံ နှစ်ခြမ်းကွဲစဉ်ကာလတုံးက ပုဂံဆေးနေသူ ဒီလူဟာ အရှေ့ဂျာမဏီနိုင်ငံရဲ့ ဆိုရှယ်လစ်ပါတီမှာ အတွင်းရေးမှူးတစ်ဦး ဖြစ်ခဲ့သူပဲ။ အဲဒီအချိန် အဲဒီနိုင်ငံမှာ ပုဂံဆေးနေသူ(အတွင်းရေးမှူး) ဆိုသူရဲ့ အကိုကြီးကလည်း ပါတီဥက္ကဋ္ဌ လုပ်ခဲ့တာကို ပြန်လည်စဉ်းစာမိပါတယ်။ ဒါကြောင့်သူက အတွင်းရေးမှူးနေရာကို ရတာလို့ စာရေးသူက ပြန်လည်သတိထားလိုက် မိပါတယ်ဟု..၊ တတိယဆရာက အရင်ပုံပြင်ပြောတဲ့ ဆရာနှစ်ဦးကို ပြောဆိုနေပါတယ်။ သူက ဆက်ပြီးပြောပါတယ်။ ဒီအကြောင်းကို ဘာကြောင့် ကျွန်တော်ပြောဆိုရတာလဲဆိုရင် ဆရာတို့နှစ်ယောက်ပြောကြားသွားတဲ့အထဲမှာ ကြိုးစားပမ်းစား လုပ်ရင် မှန်ကန်တဲ့နေရာကိုရောက်တယ်ဆိုတဲ့ သဘောကို ကောက်ချက်ရေးဆွဲထားပါတယ်။ ဒါ မမှန်ပါဘူး။ အဲ တစ်ဝက်တော့မှန်နိုင်ပါတယ်။ အရည်အချင်းရှိသူတိုင်းဟာ သင့်လျှော်တဲ့နေရာကို မရောက်ပါဘူး။ အဲဒီလိုရောက်ဖို့ဆိုရင် တော့ ရွေးချယ်ဖို့ ဆုံးဖြတ်မယ့်သူတွေရဲ့ အဖွဲ့ထဲမှာ တစ်ဝက်တည်ရှိနေပါတယ်။ ရွေးချယ်ဆုံဖြတ်မယ့်သူဟာ ကိုယ်ပိုင်အရည်ချင်းရှိပြီး ဘက်မလိုက်ဘဲ မှန်ကန်စွာနဲ့ သမာသမတ်ကျဖို့လည်းလိုအပ်ပါတယ်။ ကိုယ်ရွေးချယ်မယ့်သူတွေရဲ့ လုပ်ရည်ကိုင်ရည် အရည်အသွေးတို့ကို တန်ဖိုးထားပြီး လေးစားမှုရှိတတ်ဖိုလည်းအရေးကြီးပါတယ်။ နောက်ဆုံးပြောချင်တာ က သမာသမတ် မကျဘဲ အကိုဖြစ်သူ ဥက္ကဋ္ဌကြီး က ညီဖြစ်သူကို အတွင်းရေးမှူးရာထူးပေးလိုက်တယ်။ တကယ်လည်း အရှေ့၊ အနောက်ဂျာမဏီနှစ်နိုင်ငံကို ကိုယ်ပိုင်အရည်အချင်းရှိသူတွေနဲ့ အင်တိုက်အားတိုက်ဝိုင်းဝန်းစုပေါင်းပြီး နိုင်ငံကို ပေါင်းစည်းထူထောင် လိုက်ကြတော့ ဘာမှအရည်အချင်းမရှိသူဟာ ပုဂံဆေး အဆင့်မှာသာ ရောက်သွားပါကြောင်း၊ လူပုံအလယ်မှာ ယခင်က အတွင်းရေးမှူးဆိုသူမှာ မျက်နှာငယ်စွာနဲ့ ငေါငေါကြီးပေါ်လွင်နေပါကြောင်းအဖြစ်တို့ကို ဆရာတင်လင်းဇော်မှ အကျယ်တ၀င့် ခံစားပြောဆိုသွားခဲ့ပါတယ်။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။
ရွှေလမ်းငွေလမ်းဝင်းကြည်
0 comments:
Post a Comment