``မကွေးတိုင်းအတွင်း အကြီးဆုံးဟိုတယ် ဆိုရမည့် မကွေးမြို့မှ နန်းထိုက်သူ အဆင့်မြင့်ဟိုတယ် ဖွင့်ပြီ´´

ဇူလိုင်(၂၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ အောင်မေတ္တာ(A)ရပ်ကွက် ကမ်းနားလမ်းရှိ နန်းထိုက်သူ အဆင့်မြင့်ဟိုတယ် ဖွင့်ပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါဟိုတယ်မှာ မကွေးတိုင်းအတွင်း အကြီးဆုံးဟိုတယ် ဆိုရမည်ဖြစ်ကြောင်း၊ ဟိုတယ်အဆင့်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးလျှင် ကြယ်သုံးပွင့် အဆင့်ရနိုင်မည်ဟု မီဒီယာသမားများမှ ခန့်မှန်းသည်။ နန်းထိုက်သူ အဆင့်မြင့်ဟိုတယ် ပိုင်ရှင် ဦးစံထွေး နှင့် မကွေးမီဒီယာများနှင့် ဇူလိုင်(၂၀)ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံပွဲကျင်းပ၍ ဟိုတယ် နှင့်ပါတ်သက်သော အချက်အလက်များကို ရှင်းလင်းသည်။ ဟိုတယ် တည်ဆောက်ထားသော မြေဧရိယာမှာ(၆.၃၃)ဧက ကျယ်ဝန်းကြောင်း၊ ဟိုတယ်တွင် အခန်းပေါင်း (၆၈)ခန်းထားရှိ၍ အထပ်ပေါင်းလေးထပ်တည်ဆောက်ထားကြောင်း၊ အခန်းအဆင့်များကို ငါးမျိုးခွဲခြားထားကြောင်း၊ ဧရာဝတီမြစ်ဘက်သို့ တစ်ဖက်မြင်ရှုခင်း၊ နှစ်ဘက်မြင့်ရှုခင်း၊ သုံးဘက်မြင်ရှုခင်း စသည့်အလိုက်ခွဲခြားထားတာဖြစ်ကြောင်း၊ တည်းခိုသော ဧည်သည်များကို နံနက်စာအဖြစ် နေ့စဉ် ဘူးဖေးဖြင့် ဟိုတယ်မှ ဧည့်ခံကျွေး၍ နေ့လည်စာ နှင့် ညနေစာများကို သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ကြိုက်နှစ်သက်ရာ အစား အသောက်များကို ၎င်းဟိုတည်တွင် မှာယူ စားသုံးနိုင်ပါကြောင်း၊ အပေါ်ဆုံးအထပ်တွင် အကန့် နှစ်ခုခွဲပြီး အခြားပြင်ပမှ လာသောဧည်သည်များအတွက် ကြိုတင်အော်ဒါမှာယူပြီး စားသောက်နိုင်အောင် စီစဉ်ထားပါကြောင်း၊ ပါတီပွဲ နှင့် မွေးနေ့ပွဲများအတွက် သီးသန့် စီစဉ်ပေးထားပါကြောင်း၊ ဟိုတယ်တွင် ဓါတ်လှေကား(၂)ခု တပ်ဆင်ထား၍ ပြင်ပမှ လာရောက်စားသုံးကြသော ဧည့်သည်များနှင့် မိတ်ဆွေအပေါင်းအသင်းများ အသုံးပြုရန် အများသုံးဓါတ်လှေကားနှင့် ဟိုတယ်တွင်းရှိ ဧည့်သည်များ အသုံးပြုရန်အတွက် ဓါတ်လှေကားဆိုပြီး သီးခြားစီ တပ်ဆင်ထားပါကြောင်း၊ ဟိုတယ်တွင် ဧည့်သည်များအတွက် မာဆပ်ခန်း၊ အညာဒေသထွက်ကုန်ပစ္စည်းအရောင်းခန်း၊ အစည်းအဝေးခန်းမ၊ မင်္ဂလာခန်းမ နှင့် အလှပြင်ခန်းများပါစီစဉ် ဆောင်ရွက် ပေးထားကြောင်း၊ တည်းခိုခများကို အနည်းဆုံး(၃၂၀၀၀ိ) အများဆုံး (၁၀၀၀၀၀ိ)ထိ အဆင့်ငါးမျိုးခွဲခြားထား ကြောင်း၊ နိုင်ငံခြားသားများအတွက် ဒေါ်လာ(၅၀ မှ ၇၀)အထိ သတ်မှတ်ထားပါကြောင်း၊ အဆိုပါ ဟိုတယ်ဖွင့်လှစ်ရသော ရည်ရွယ်ချက်မှာ မကွေးတိုင်းဒေသကြီး မကွေးမြို့အတွက် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် အဆင့်မြင့် ဟိုတယ်အဖြစ် တည်ဆောက်ရပါကြောင်း၊ လက်ရှိ မကွေးမြို့မှာ ဟိုတယ်အခန်းများကို ကြိုတင် ဘုတ်ကင်လုပ်လျှင် အခက်အခဲများဖြစ်နေ၍ ဟိုတယ်များတွင်တည်းခိုလိုသော မကွေးတိုင်းဒေသကြီးသို့လာရောက်ကြသော ၀န်ကြီးဌာနဆိုင်ရာ လူကြီးများ၊ နိုင်ငံခြားသားများ လေ့လာရေးခရီးနှင့် ပညာသင်ကြားရေးအတွက် တည်းခိုနိုင်ရန်၊ တက္ကသိုလ်ကျောင်းအသီးသီး မှ မိဘဆွေမျိုး သားချင်းများ၏ လိုအပ်ချက်အရ တောင်းဆိုမှုအရ နန်းထိုက်သူ အဆင့်မြင့်ဟိုတယ်အဖြစ် တည်ဆောက်ပါကြောင်း၊ မနက်ဖြန် ဇူလိုင်(၂၁)ရက် နေ့ကစတင်ပြီး ဧည်သည်များ ကြွရောက်တည်းခိုနိုင်ပြီဖြစ်ကြောင်း ဟိုတယ်ပိုင်ရှင် ဦးစံထွေး မှ မီဒီယာများကို ရှင်းပြသည်။ ဇူလိုင်(၂၁)ရက်နေ့တွင် အဆိုပါ ဟိုတယ်ဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် အစိုးရ၀န်ကြီးများ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသော ဧည့်သည်တော်(၁၀၀)ကျော်ခန့် တက်ရောက်ကြောင်း၊ ကြွရောက် လာကြသော ဧည်သည်တော်များကို နန်းထိုက်သူ ဟိုတယ် ဖွင့်ပွဲ အမှတ်တရလက်ဆောင်ပစ္စည်းများချီးမြှင့်၍ နံနက်စာ ဘူဖေးဖြင့် ဧည့်ခံကျွေးမွေးပြီး နံနက်(၁၀)နာရီတွင် ဟိုတယ်ဖွင့်ပွဲအခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိသည်။
 

0 comments: