၂၃-၅-၂၀၁၂ `အပူရှိန် ပြန်လည်ပြင်းလာတယ်၊ လျှပ်စစ်မီးကလည်း ပြတ်နေတယ်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၂၃-၅-၂၀၁၂) ၂၃-၅-၂၀၁၂ `အပူရှိန် ပြန်လည်ပြင်းလာတယ်၊ လျှပ်စစ်မီးကလည်း ပြတ်နေတယ်´ နံနက်စောစောအိပ်ယာထတယ်။ ဈေးဆိုင်ဖွင့်တယ်။ မနေ့က မိုးနည်းနည်းရွာသွားတယ်။ ရာသီဥတုက ပူစပ်ပူလောင်ဖြစ် နေပါတယ်။ နေကလည်း တော်တော်ပူလာတယ်။ (၃)ရက်လောက် မိုးအုံ့နေပြီး ယနေ့ နေပြန်ထွက်နေပါတယ်။ တစ်နေကုန် နေသာနေတယ်။ ဒါကြောင့် အပူရှိန်တွေ များနေတယ်ထင်ပါတယ်။ မနေ့က သတင်းယူထားတဲ့ ကိုယ်တွင်းကြည့် ကိရိယာစက်ကြီး သတင်းများကို အသံဖိုင်တွေပြန်လည် နားထောင်ရပါတယ်။ လိုချင်တဲ့ အချက်အလက်များကိုသာ ယူပြီး သတင်းတစ်ပုဒ်ရေးတယ်။ သတင်းဓာတ်ပုံတွေ ရွေးချယ်ရပါတယ်။ အားလုံးကို ဖိုင်ဆိုက်များ ချံ့ပြီး မြန်မာပို့စ်ဂျာနယ်တိုက်သို့ အီးမေးလ်ပို့လိုက်ပါတယ်။ ယနေ့ထွက်တဲ့ ဂျာနယ်တွေကို ဖတ်ပါတယ်။ အီးမေးလ်လည်း ပို့ပြီး နေကပူ လျှပ်စစ်မီး ကပြတ်သွားတယ်။ မကွေးလျှပ်စစ်ရုံးက မြို့နယ်မန်နေဂျာထံ အင်တာဗျူးချင်လာတယ်။ ဒါပေမယ့် မသွားဖြစ်ပါ။ သူတို့လည်း ခေါင်းမီးတောက်နေကြမယ်ထင်မိပါတယ်။ လျှပ်စစ်မီးကလည်း အနယ်နယ်မြို့များမှာ ဆန္ဒပြနေကြတော့ လျှပ်စစ်မီးသတင်း ကို လူထုတွေမှ စိတ်ဝင်စားကြမယ်။ မကွေးမြို့ကိုဘယ်လို မီးအလှည့်ကျ ပေးတယ်ဆိုတာကို သိချင်နေတယ်။ သူတို့ရုံးမှာ ကြော်ငြာစာ ကပ်ထားမယ်တော့ ထင်ပါတယ်။ `ကိုယ်တွင်းကြည့် ကိရိယာစက်ကြီးဖြင့် ( Laparoscopic Surgery Instrument Set) မကွေးတိုင်းဒေသကြီး ဆေးရုံမှာ ခွဲစိတ်ကုသနိုင်ပြီ´ အိုလံပတ်(Olympus) ပစ္စည်းတံဆိပ်၊ ( Laparoscopic Surgery Instrument Set) ကိုယ်တွင်းကြည့် ကိရိယာစက်ကြီး (ဂျပန်၊ ဂျာမဏီနိုင်ငံ ဖက်စပ်)မှ ထုတ်လုပ်ပြီး အမေရိကန်ဒေါ်လာ(၁၁၉၃၈၆) တစ်သိန်းတစ်သောင်းကိုးထောင်သုံးရာ ရှစ်ဆယ့်ခြောက် ဒေါ်လာ၊ မြန်မာငွေကျပ်သိန်းပေါင်း(၁၁၀၀) တစ်ထောင်တစ်ရာကျော်ခန့်တန်ဘိုးဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀ယ်ယူ၍ လှူဒါန်းကြောင်း သိရသည်။ ၂၀၁၂ ခု မေလ(၂၂)ရက်နေ့ နံနက်(၉း၃၀)နာရီတွင် မကွေးတိုင်း ဒေသကြီး မကွေးမြို့ပြည်သူ့ဆေးရုံကြီးမှာ ဖွင့်လှစ်ကြောင်းသိရ၏။ ၎င်း ဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး ဌာနမှ အကြီးအကဲများ၊ မြို့မိ မြိုဖ လုပ်ငန်းရှင်အလှူရှင်များ နှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့ပြည်သူ့ဆေးရုံကြီး မှာ ဤ ကိုယ်တွင်းကြည့် ကိရိယာစက်ကြီး ဖြင့် ပထမဆုံးကုသခံသော လူနာမှာ ကိုရန်နောင်စိုး အသက်(၂၅)နှစ်၊ မင်းဘူး(စကု)မြို့နယ် ပဒါန်းမြို့ နှင့် ဒုတိယကုသခံယူသူ ကိုစောမင်းထွေး အသက်(၂၇) နှစ် တောင်တွင်းကြီးမြို့နယ် ရှမ်းကိုင်းကျေးရွာမှ ဖြစ်ကြောင်းသိရသည်။ သဲခြေအိပ်ထဲမှ ကျောက်တည် နေခြင်းအား ဗိုက်ကို မခွဲဘဲ အပေါက် တစ်ပေါက်တည်းသာ ဖောက်၍ ယခုစက်ဖြင့်ချိတ်ဆက်ပြီး တီဗွီ မှန်ပြင်ကိုသာကြည့်ရှု၍ ထုတ်ယူလာခြင်း ဖြစ်ကြောင်း၊ ဤစက်ကြီးကို အများပြည်သူများအတွက် စရိတ်မျှပေးကျန်းမာရေး အစီအစဉ်အရ အသုံးပြုကောက်ခံသွားမည်၊ အခြား ဆေးရုံကြီးများမှာ ကိုယ်တွင်းကြည့် ကိရိယာစက်ကြီး စက်အသုံးပြုခ (၇၀၀၀၀ိ) ခုနှစ်သောင်းပေးရသော်လည်း မကွေးတိုင်းဒေသကြီးဆေးရုံမှာ (၅၀၀၀၀ိ) ငါသောင်းကျပ်သာ ကောက်ခံယူမှာ ဖြစ်ကြောင်း၊ လုံးဝငွေကြေးမတတ်နိုင်သူ လူနာများအတွက်ကို စရိတ်မျှပေးကျန်းမာရေး အလှူငွေစာရင်းမှ (အခမဲ့) ကျခံကုသ ပေးသွားမည်ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဦးဌေးအောင် မှ ပြောကြား၍ သိရသည်။ ယင်း စက်ကြီးအား ခွဲစိပ်ခမ်းတွင် လက်တွေ့ကိုင်တွယ်အသုံးပြုနေသော ခွဲစိပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဌာနမှူး ဒေါက်တာအေးမွန် အား တွေ့မြင် ခဲ့ရ၍ သတင်းဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင် မေးမြန်းခဲ့ပါသည်။ `` ဗိုက်ကို မခွဲစိတ်ဘဲ အပေါက်တစ်ပေါက်တည်းသာ ဖောက်ပြီး ဒီပိုက်နဲ့ဆက်ပါတယ်။ ဗိုက်ဖောင်းလာတော့မှ ဒီကင်မရာကရိုက်ထားတာကို တီဗွီ စကရင်ဖန်သားပြင်ကို ကြည့်ပြီးသာ အသုံးပြုပါတယ်။ လူနာကိုကြည့်ပြီး ငုံ့ကြည့်လုပ်နေ တာမဟုတ်ပါဘူး။ ဒီစက်နဲ့ တွဲပြီး အသုံးပြုတဲ့ ပစ္စည်းအသုံးအဆောင်လေးတွေကို လိုအပ်တဲ့အတိုင်းယူသုံးရပါတယ်။ အပေါက်တစ်ပေါက်တည်းသာ ဖောက်ရတော့ (၄/၅)ရက်နဲ့ ကုသပြီး အနာလည်း မြန်မြန်ပျောက်ကင်းသွားပါတယ်။ အလုပ်အကိုင်မပျက်တာပေါ့၊ ဒီစက်ကြီးနဲ့ အူအတက်ပေါက်တာ၊ သဲခြေအိပ်ထုတ်တာ၊ အူကျ ဘောကျ ရောဂါတွေနဲ့ အခြား ဒါက ဂျင်နရယ်ဆာဂျီကယ်တွေသုံးတာပါ။ တစ်ခြား အိုဂျီဌာနဘက်ကလည်း သုံးစွဲလို့ရနိုင်ပါတယ်။ ဆီးအကြိပ် တည်တာတွေကိုလည်း သုံးလို့ရနိုင်ပါတယ်။ ဒီလို ကိုယ်တွင်းကြည့် ကိရိယာစက်ကြီးများဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာသာ အရင်က ရှိပါတယ်။ ယခု ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး ဆေးရုံကိုရောက်လာတာ စတုထ္ထမြောက် စက်ကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်ကျောင်း(၄)လုံးမှာ ရှိသွားတော့ ဆေးကျောင်းသား ကျောင်သူများ အတွက် အသုံးပြုသင်ကြားသွားနိုင်တာပေါ့၊ အများပြည်သူလူထု အတွက်လည်း ယခင်လို အခြားမှာ သွားပြီးကုစရာ မလိုတော့ပေါ့။ အများပြည်သူအတွက် အများကြီးအကျိုးပြုပေးနိုင်တော့မှာ ဖြစ်ပါတယ်´´ ဟု မကွေးဆေးတက္ကသိုလ် ၊ ခွဲစိပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဌာနမှူး ဒေါက်တာအေးမွန် မှ မြန်မာပို့စ် ဂျာနယ်ကိုပြောဆိုပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: