၂၉-၂-၂၀၁၂ `လကုန်ရက်မှာ ဗျာပါများ

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၄၀-၂၀၁၂) ၂၉-၂-၂၀၁၂ `လကုန်ရက်မှာ ဗျာပါများ´ ဒီနေ့ နံနက်စောစော ဘုရားခန်းကိစ္စအားလုံးပြီးအောင် ကျင့်ဆောင်ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ(၂၉)ရက်။ လကုန်ပြီ။ ၀င်ငွေကမရှိ၊ ရမယ့်လစာကလည်း အတိုးပေးလို့ ကိုယ်သုံးစရာကျန်မည် မဟုတ်ပါ။ အိမ်မှာ ရှိတာလေးရောင်းထားတာကလည်း အကြွေးပါ။ မော်တော်ကားထောင်တုန်းက ဆေးမှုတ်ဆရာက ငွေတစ်သိန်းခွဲလောက် ကြိုယူသွားတယ်။ ကားကို တန်းလန်းထားခဲ့တယ်။ ဒါကြောင့် သူ့ဆေးမှုတ်စက်ကို ယူထားလိုက်ရတာ။ (၅)နှစ်လောက်တောင်ကြာပါပြီ။ ယခုတော့ အဲဒီကားလလည်း မရှိတော့ပါ။ ဒီဆေးမှုတ်စက်ကို ပေးချင်သလာက်ပေးဆို ယနေ့ငွေ(၈၀၀၀၀ိ) ရှစ်သောင်းကျပ်နဲ့ တန်ဘိုးဖြတ်ပြီး ကြွေးရောင်းလိုက်တာလည်း (၃)လလောက်တောင် ကြာသွားပါပြီ။ ငွေက မရသေး၊ နဂိုက အကြွေးသိန်းထားတဲ့ စက်ဆိုတော့် အကြွေးက မီခိုမဆုံး မိုးမဆုံး လိုက်၍ တောင်းရပေအုံးတော့မည်။ ဒါပေမယ့် ဒီလကုန်တော့ မရပါ။ မတ်လဆန်း(၆)ရက်နေ့မှရပါမည်။ ဒါတောင် ပထမအရစ်(၅၀၀၀၀ိ) ငါးသောင်းပေးမည်တဲ့။ ကျန်ငွေ(၃၀၀၀၀ိ) ကို ဘယ်နှစ်ခါများ ခွဲပေးမည်လည်း မသိပါ။ အိမ်ထောင်ခွဲ စားအိုးခွဲချက်စားတုန်းကလည်း သံတိုသံစတွေ ရောင်းလိုက်တာ ငွေ(၆၀၀၀၀ိ) ခြောက်သောင်းလောက်သာ ရတာပါ။ ယခု စားလို့ အဲဒီငွေက ကုန်ပါတော့မည်။ ကျွန်တော် ဗျာများနေမိပါပြီ။ ဒီနေ့ နံနက်ပိုင်းမှာ နိုင်ငံတော်အစိုးရ ဒုတိယ သမ္မတ ဦးစိုင်းမောက်ခမ်း နဲ့အဖွဲ့ မကွေးသို့လာကြပါတယ်။ ချောက်မြို့နယ် ပြန်/ဆက်မြို့နယ်မှူး ဦးသန့်ရှင်းမောင် မကွေးရောက်ကြောင်း ဖုန်းဆက်ပါတယ်။ ကျွန်တော်က ရုံးကိုရောက်နေပါတယ်။ ရုံးကအပြန်မှာ ဟိုက်ကလပ်၂ မှာဝင်ပါတယ်။ အင်တာနက်လိုင်း သုံးနေပါတယ်။ နေ့လည် (၁)နာရီမှာ ပြန်လာပါတယ်။ အိမ်ရောက်တော့ စိတ်ပျက်ပျက်နဲ့ တစ်ရေးတစ်မော အိပ်လိုက်ပါတယ်။ မှေးနေတဲ့ သဘောပါ။ လုံးလုံး နှစ်နှစ်ခြိတ်ခြိတ်ကြီး အိပ်မပျော်ပါဘူး။ ကျွန်တော့်မိတ်ဆွေ အရာရှိတစ်ဦး ဆီလာဝယ်သံကြားလိုက်ပါတယ်။ ဆိုင်မှ ကားကွင်းသို့ ပို့ပေးရပါ့မယ်၊ ဆီပုံးကို ပီနံအိပ်နဲ့လည်း ချုပ်ပေးရပါတယ်။ ဆော့ပင်နဲ့ အမည်တွေလည်းရေးပေးရပါတယ်။ နေပြည်တော်ကို သူ့နဲ့အတူယူသွားမှာပါ။ လက်ဆောင်ပေးရန်အတွက် ဖြစ်ပါတယ်။ ဆီဖိုးကိုလည်း နေပြည်တော်မှ ပြန်ရောက်မှ ပေးမယ်ဆိုပြီး ကြွေးဝယ်သွားတာပါ။ စီးပွားရေးလုပ်တဲ့နေရာမှာ စိတ်ရှည် သီးခံမှ အောင်မြင်မည်လို့ ပညာတစ်ဦးက မိန့်ဆိုသံကြားဘူးပါတယ်။ ဒါလောက် သည်းခံပြီး ဈေးရောင်းပေးတာကို ` ခင်ဗျားတို့ ဆီက (၁၀) ပိဿာ ပြည့်ကော ပြည့်ရဲ့လား´လို့ မေးသွားတာကို ကြားလိုက်ရပါတယ်။ ကျွန်တော်ကတော့ အိပ်ယာမှ မထပါ။ အိပ်ယာက ထဖြစ်ရင် သူ့ကို ကျွန်တော် ဘေးပြောဆိုပစ်မိမယ်ထင်ပါတယ်။ ဒါကြောင့် အိပ်ချင်ယောင်ဆောင်ပြီး စိတ်ထဲမှာတော့ ဒေါပွနေမိပါတယ်ခင်ဗျာ..။ ကျွန်တော် အိပ်ယာမှ နိုးပြန်တော့ ကိုမြင့်ဇော်ဦး နဲ့ ကိုဇော်မင်းကြည်တို့ စွဲမက်လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြပါတယ်။ ကျွန်တော့်ကို လှမ်းခေါ်ကြပါတယ်။ လက်ဖက်ရည်တိုက်ရန် ကိုမြင်ဇော်ဦး ကပြောဆိုပါတယ်။ ကျွန်တော့်မှာ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုတော့ မကြားချင်ယောင်ဆောင်နေမိပါတယ်။ စိတ်ကတော့ မကောင်းဖြစ်ရ ပါတယ်။ ယနေ့ထုတ် မော်နီတာဂျနယ်ထဲက သတင်း(၂)ပုဒ်ရေးသူ `လင်းယုံနက်´ ကလောင်ဆိုတာ ကိုမြင့်ဇော်ဦး လားလို့ မေးလိုက်ပါတယ်။ သူက ထမင်းရေပူ လျှာလွှဲပြောဆိုသွားပါတယ်။ သူ မဟုတ်ဘူး။ လင်းယုံနက် ဆိုတာ ရေနံ့သာအောင်ချမ်းဇော် ဖြစ်တယ်လို့ လှည့်ပြောသွားပြန်တယ်။ ညနေ ဆရာကြီး မကွေးဝင်းမြင့် နဲ့ ခေတ္တရာမန်း သန်းမြင့်တို့မလာကြပါ။ ညပိုင်း ကိုနေခြည် ၊ ကိုမျိုးဇော်တို့ ဇနီးမောင်နှံရောက်လာကြပါတယ်။ တောင်သူလယ်သမားနေ့ မေလ(၂)ရက်နေ့မှာ မကွေးစာနယ်ဇင်းအဖွဲ့ ရွှေစက်တော် ဘုရားဖူးသွားဖို့ ကြိုတင်စီစဉ်တိုင်ပင်ပြောဆိုကြပါတယ်။ (ဂျီပြူး)ကိုလှဝင်းနဲ့ ဆရာမ ဒေါ်ခင်သန်းဦးတို့ ရွှေစက်တော်သို့ လိုက်နိုင်အောင် စီစဉ်ပေးနေကြပါတယ်။ အဲဒီကနေ မနက်ဖြန် နံနက်(၁၀)နာရီအချိန် အမျိုးသားလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုက်ရိုက်မိန့်ခွန်း လာမယ်။ ၀န်ထမ်းတွေ လစာတိုးမဲ့အကြောင်း သေချာသွားတယ်ဆိုတဲ့ အကြောင်း၊ ကိုမျိုးဇော်က ၀န်ထမ်းလခများကို နှစ်ဆတိုးမယ်ထင်ကြောင်း ပြောပါတယ်။ ကျွန်တော်က ၂၀% သို့မဟုတ် ၃၀% သာဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်။ ည ၉း၄၀နာရီမှာ သူတို့ပြန်သွားကြပါတယ်။ သူတို့ ပြန်မှ ဒီစာကို ကျွန်တော် ဆက်ရေးဖြစ်သွားပါတယ်။ အင်း လကုန်ရက် စားစရာအတွက် ဗျာများနေချိန်မှာ လခတွေ တိုးဖို့ သေချာတယ်ဆိုတာ့ ဒီည အိပ်ပျော်အောင် အိပ်ရပါမည်။ ည ၁၀း၃၀ နာရီမှာ ဆိုင်သိမ်းဖြစ်ပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၂၉-၂-၂၀၁၂ `လကုန်ရက်မှာ ဗျာပါများ ini dipublish oleh shwelannwelanwinkyi pada hari Sunday, May 20, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၂၉-၂-၂၀၁၂ `လကုန်ရက်မှာ ဗျာပါများ
 

0 comments: