၁၅-၃-၂၀၁၂ ` အာလူးစိုက်သူတောင်သူများအကြောင်းနဲ့ မြေလတ်မင်းလွင်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၅၄-၂၀၁၂) ၁၅-၃-၂၀၁၂ ` အာလူးစိုက်သူတောင်သူများအကြောင်းနဲ့ မြေလတ်မင်းလွင်´ မနေ့က ရန်ကုန်မှ ကျွန်တော့်ယောက်ဖ ကိုတင်ထွဋ် တို့မိသားစု မကွေးကိုရောက်လာကြတယ်။ မကွေးဟော်တယ် မှာတည်းကြတယ်။ ညနေမှာ ကျွန်တော့်ဇနီးနဲ့ သမီး၊ မြေးတို့က သွားတွေ့ကြပါတယ်။ ညနေထမင်းကို ကောင်းမွန် စူပါမားကတ် မှာ ကိုချိုထွန်းတို့ မိသားစုက ဧည့်ခံတယ်လို့သိရပါတယ်။ ယနေ့ နံနက်စောစော ကိုတင်ထွဋ် တို့ မိသားစု ရွှေစက်တော်ဘုရားသို့ တက်သွားကြပါတယ်။ မနက်ဖြန်မှ သူတို့ပြန်လာကြမည်။ ကိုတင်ထွဋ် ရဲ့ သမက် ကိုဖိုးချောကို စီးပွားရေးလုပ်ရန်အတွက် ငွေချေးပေးဖို့ အကူအညီတောင်းထားပါတယ်။ အဲဒီကိစ္စ သားကြီးမောင်ထွန်းဝင်းကျော် ကို လွှတ်ပါတယ်။ သူကလည်း မသွားချင်ပါ။ မနက်ဖြန် သူတို့ဘုရားက အပြန်မှ သွားပြီးတွေ့မယ် ပြောပါတယ်။ နံနက်(၁၀)နာရီမှာ ဆရာမြေလတ်မင်းလွင်က ဖုန်းဆက်ခေါ်ပါတယ်။ သူရှိတဲ့ ရတနာစိုးပွဲရုံ သို့ ဆိုင်ကယ်နဲ့ လိုက်သွား ပါတယ်။ ကြိုတင်ဖြတ်ထားတဲ့ ကားလက်မှတ်ကိုပေးပါတယ်။ မြေလတ်မင်းလွင် ထံမှ ချေးငှါးထားလို့ ကျန်တဲ့ ငွေသုံးသိန်းကို လာမယ့် ဧပြီးလကုန်ကစပြီး တစ်လ(၃၀၀၀၀ိ) နဲ့ အတိုးငွေ ပေးသွင်းသွားမယ် လို့ ကျွန်တော်က ပြောပါတယ်။ ဒါပေမယ့် ဆရာမြေလတ်မင်းလွင်မှ ငွေအတိုးလုံးဝ မယူတော့ကြောင်း ပြောပါတယ်။ ယခုလို စီးပွားရေး အကြပ်အတည်းဖြစ်ချိန်မှာ ကူညီပေးတဲ့ ဆရာမြေလတ်မင်းလွင် ကို ဘယ်လိုကျေးဇူးဆပ်ရမှန်းမသိ ၀မ်းသာမိပါတယ်။ သူ ယနေ့ညနေပိုင်း (၅)နာရီမှာ နိုင်းဆဲဗင်းအမြန်ယဉ်ကားနဲ့ ရန်ကုန်သို့ ပြန်မှာပါ။ ညနေပိုင်း ဆရာကို သွားရောက်နုတ်ဆက်ရပါမည်။ ကျွန်တော့်ဆိုင်မှ (၂၉)စောင်ပါ အထူးမင်္ဂလာစုံတွဲတစ်အုပ် (၇၅၀၀ိ) ကို ဆရာမြေလတ်မင်းလွင်က အားပေး ကံစမ်းသွားပါတယ်။ သူ့မိတ်ဆွေ ရတနာစိုးပွဲရုံပိုင်ရှင် ကိုမိုးကျော်+ မဆွေဆွေဟန် တို့နဲ့လည်း မြေလတ်နဲ့ ပတ်သက်ပြီး မိတ်ဆွေများလို ခင်မင်ရင်းနှီး နေပါတယ်။ ဒါကြောင့် မဆွေဆွေဟန်ထံက ကျွန်တော်အိမ်ဆိုင်ဖွင့်ရင် ရောင်းကုန်များကို အကြွေးစနစ်ယူဖို့ မိတ်ဆက်ထား ခဲ့ပါတယ်။ ဧပြီလမှာ စားသောက်ကုန်စုံဆိုင် ဖွင့်မည်။ စာရေးရန် အကြွေးတင်နေတဲ့ အာလူး သတင်းဆောင်းပါးကို ရေးဖြစ်ပါတယ်။ `ယင်းချောင်းတစ်လျှောက် အာလူးစိုက် တောင်သူများ´ မကွေးမြို့နယ် ယင်းချောင်းတစ်လျှောက် အာလူးစိုက်သော ကျေးရွာများမှာ ဖုတ်ကုန်းကျေးရွာအုပ်စုမှ လျှောင်တော်ဦးရွာ၊ စည်ပင်သာရွာ၊ ညောင်ပင်သာရွာ၊ ရွာသစ်ရွာ၊ သံမံတလင်းရွာ၊ ရှားပင်လှရွာ၊ တမို့ရွာ၊ သြဇာကုန်းရွာ၊ အုန်းတွဲရွာ၊ ယင်းဆိပ်ရွာ၊ သရက်လေးပင်ရွာ၊ ကျားပစ်အင်းရွာ၊ တပ်ကုန်းရွာ၊ အင်းနက်ရွာ၊ စသည့် တို့ဖြစ်သည်။ ယင်းချောင်းဘေးရွာများ တစ်လျှောက်တွင် အားလူးစိုက်ပျိုးကြကြောင်းသိရသည်။ အာလူးမျိုးများကို ရှမ်းပြည်အောင်ပန်း မြို့များမှ အာလူးတစ်ပိသာ(၅၀၀ိမှ ၇၀၀ိ ဈေးထိ) ၀ယ်ယူစိုက်ပျိုးကြ၏။ စိုက်ပျိုးချိန်မှာ ဒီဇင်ဘာလထဲတွင် စတင်စိုက်ပျိုးပြီး မတ်လထဲမှာ အားလူးများဖော်ယူကြသည်။ စိုက်ပျိုးချိန်ရက်ပေါင်း (၇၅)ရက်ခန့်ကြာအောင် စိုက်ပျိုးကြရ၏။ တစ်ဧကလျှင် အာလူးပိဿာ (၃၅၀)လောက် မျိုးချစိုက်ပျိုးရ၏။ ပိဿာ(၁၀၀) ကျစိုက်ပျိုးရင် မျိုးဘိုး၊ မြေသြဇာဘိုး၊ လုပ်သားခများ စုစုပေါင်း (၂သိန်းခွဲ) လောက်ကုန်ကျပါသည်။ ယင်းချောင်းဘေးမှ အာလူးများကို ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံသို့ ကားဖြင့် သွားရောက်ရောင်းချကြသည်။ ၁၀ ဘီးကားတစ်စင်းလျှင် ပိဿာချိန်(၆၀၀၀) ခန့်တင်၏။ အာလူးစိုက်ပျိုးသူများ တစ်ဦးတည်း မတတ်နိုင်ကြလျှင် နှစ်ဦး မှ သုံးဦးအထိ စုပေါင်း၍ ကားငှါးပြီး တင်ပို့ကြ၏။ ကားခမှာ မကွေးမြို့နယ်၊ ယင်းချောင်း တစ်လျှောက်ရွာများမှ ရန်ကုန်ပွဲရုံအထိ အာလူးတစ်ပိဿာ(၅၅)ကျပ်နှုန်းပေးရသည်။အာလူးရောင်းဈေးကတော့ ဘုရင့်နောင် ပွဲရုံမှာ ယနေ့ဈေး တစ်ပိဿာ(၅၀၀) ကျပ်ခန့်ရှိမည်ဟု ခန့်မှန်းပြောကြားသည်။ အာလူးထွက်နှုန်းမှာ မနှစ်ကနှင့် ယှဉ်ရင် ဒီနှစ်မှာ အထွက်နှုန်းကောင်းကြောင်း သိရသည်။(ထွက်သောနှုန်းအား မပြောပါ။) ယခင်နှစ်က မိုးဖျက်၍ ယင်းချောင်း တစ်လျှောက်မှ အာလူး၊ စိုက်ခင်းများပျက်စီးခဲ့ရကြောင်း သိရ၏။ `ဒီနှစ်ကတော့ ရာသီဥတုကလည်းကောင်းပါတယ်။ ဒါကြောင့် အာလူးများလည်း အထွက်နှုန်းကောင်းကြပါတယ်။ ယခုအာလူးဖော်ပြီးတာနဲ့ ကြက်သွန်ထွက်ပါ့မယ်။ ကြက်သွန်ခင်းတွေလည်း ကောင်းကြပါတယ်ဗျာ..။´ ဟု အာလူး၊ ကြက်သွန်စိုက်ပျိုးသူ ဦးရွှေညို (ခ) စာရေးဆရာ ဗန်မော်ရွှေညို (တပ်ကြပ်ကြီး- စစ်မှုထမ်းဟောင်းအဖွဲ့ဝင်) ဖြစ်သူ လျှောင်တော်ဦးရွာသားမှ အထက်ပါအတိုင်းပြောကြား၍ သတင်းရယူခဲ့ပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: