၁၉-၃-၂၀၁၂ `တစ်လတစ်ခါသာ တင်ဖြစ်တော့မဲ့ ဘလော့ပို့စ်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၅၈-၂၀၁၂) ၁၉-၃-၂၀၁၂ `တစ်လတစ်ခါသာ တင်ဖြစ်တော့မဲ့ ဘလော့ပို့စ်´ ယနေ့ နံနက် ၁း၃၀ လောက်က အတိုင်းအိပ်ယာနိုးနေပါတယ်။ ပြန်အိပ်လို့ မရလိုက် ရလိုက်ဖြစ်နေတယ်။ ဒါကြောင့် ခါတိုင်းထက်စောစော အိပ်ယာမှ ထပါတယ်။ ဈေးဆိုင်ဖွင့်တာကတော့ ခါတိုင်းအချိန်မှာပါဘဲ။ နံနက်ပိုင်း သစ္စာမေတ္တာခိုင်းတဲ့ စရဏပုတီးစိတ်ကျင့်စဉ်များ ပြီးပါတယ်။ သတင်းများကို ရေဒီယိုမှ နားထောင်တယ်။ ယနေ့ တင်္နလာနေ့ဆိုတော့ မကွေးမြို့ကို ၀ိကလီအလဲဗင်းဂျာနယ်၊ မက်ဆင်ဂျာ သတင်းဂျာနယ်၊ အိုးပန်းနယူးဂျာနယ်များထွက်တယ်။ ရှားပင်လှရွာ မီးလောင်တဲ့ သတင်းများ ဂျာနယ်နှစ်ဆောင်မှာပါလာတယ်။ ကိုအောင်သူငြိမ်း၊ သီဟ(မကွေး) တို့နှစ်ဦးရေးကြတာလို့ တွေ့ရတယ်။ သီဟ(မကွေး) ကလောင်ဆိုတာ ပန်းချီဆရာမြင့်ဇော်ဦးလား မသိ။ နံနက်(၁၀)နာရီမှာ ဆည်မြောင်းရုံးသို့ သွားတယ်။ ရုံးမသွားခင် ကာကူး(ခ) စောလှနွယ် လာတယ်။ မိုယံမှလက်ဆောင်အိပ် ပေးလိုက်တယ်။ သူကသတင်းတစ်ပုဒ် ပေးပါတယ်။ ဓာတ်ပုံမရဖြစ်နေတယ်။ နံနက်(၁၁)နာရီမှာ ဆည်မြောင်းရုံးသို့ရောက်တယ်။ လက်မှတ်ထိုးတယ်။ နှစ်သိန်းတန် ဖုန်းအကြောင်း သတင်းများပေး လိုက်ပါတယ်။ လူကြီးမင်း ဟန်းဆက်ဆိုင်ကိုဝင်မေးကြည့်တယ်။ မကွေးမြို့ကို ၂၈-၃-၂-၁၂ နေ့မှ ရောင်းချမယ်လို့သိရတယ်။ ရုံးရောက်တော့ ဦးစီးအရာရှိ ဦးကျော်လွင်က `NLD ဒေါ်အောင်ဆန်းစုကြည်တို့ ကိုမင်းကိုနိုင်တို့လာရင် ၀န်ထမ်းဖြစ်နေတဲ့ အတွက် သူတို့နဲ့ အနီးကပ်ရှေ့ဆုံးမှာ မသွားစေချင်ပါလို့´ ကျွန်တော်ကို တားမြစ်တဲ့ သဘောပြောဆိုနေပါတယ်။ အရင်ခေတ်ဟောင်းအတိုင်း အရာရှိများရဲ့ သဘောထားပါဘဲ။ ဒီမိုကရေစီခေတ်မှာ ဒါကတော့ လုံးဝ သဘာဝမကျတဲ့ စကားပါဘဲ လို့ စိတ်ထဲက ပြောလိုက်ချင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကလည်း ဘာတာဝန်မှ ယူမထားသူဆိုတော့ သီးခံနေလိုက်ပါတယ်။ စီမံဌာန BC ဒေါ်မိုးမိုးအောင်က လယ်ယာစီးပွားဂျာနယ် အမှတ်(၅၇၀) မှစပြီး ဖတ်၍ ကြိုက်နှစ်သက်တဲ့ သတင်း၊ ဆောင်းပါးတစ်ပုဒ်ကို ရွေးချယ်ပေးရမယ်။ ဒီ သတင်း၊ ဆောင်းပါးက လုပ်ငန်းအတွက် ဘယ်လိုများ လက်တွေ့ အသုံးဝင်မလဲကို သုံးသပ်ချက်ရေးသားပေးပို့ပေးရန် အထက်ဆင့်ဆင့်မှ ညွှန်ကြားစာကိုပြပါတယ်။ ကျွန်တော်ကို တိုင်ပင်ပြီး ရေးလိုကြောင်းပြောပါတယ်။ ဒီကိစ္စကလည်း လုံးဝ သဘာဝမကျပါ။ လယ်ယာစီးပွား သတင်းဂျာနယ် က ၀န်ကြီးဌာနကရုံးတွေကို မယူမနေရ အတင်းရောင်းချထားတာပါ။ ဒါကို အားမရဘဲ ဒီဂျာနယ်ကို ဖတ်ဖြစ်အောင် တွန်းအားပေးတဲ့ သဘောပါ။ ဒါလည်း အရင်ခေတ်က အကျင့်ပါနေပါတယ်၊အနိုင်ကျင့်တဲ့သဘော ဖြစ်နေတယ်။ ဒီမိုကရေစီခေတ်မှာ ဒီလိုမလုပ်သင့်ပါဘူး။ ထင်ပေါ်ရင် စင်တော်က ကောက်ကြပါမည်။ ရုံးက အပြန် ဆရာဦးကျော်စိန်အိမ်ကို ၀င်ဖြစ်ပါတယ်။ အင်တာနက်သုံးပါတယ်။ ဒီတစ်လလုံး ကျွန်တော့်ဘလော့မှာ ဘာမှ မတင်ရသေးပါ။ ဒါကြောင့် အချိန်ယူပြီး ရေးပြီးသား သတင်းများ၊ ဂျာနယ်များမှာ ပါပြီးသားနဲ့ ပို့ထားဆဲ သတင်းများကို ဘလော့တင်ဖြစ်လိုက်ပါတယ်။ အိမ်မှာ သုံးနေကြ စကိုင်းနက် နာရီကတ် တွေက ဘလော့တင်မရပါ။ ယခုလို ADSL လိုင်းကနေတင်မှ ဘလော့ကတင်လို့ရပါတယ်။ စကိုင်းနက် အင်တာနက်လိုင်းကလည်း အရင်ခေတ်အတိုင်းဘဲ ရှိနေပါသေးတယ်။ ဒီမိုကရေစီခေတ် မှာ အကျင့်ဆိုး(ပိတ်ဆို့ထားတာတွေ)ကို ဖွင့်ပေးသင့်ပါပြီ..။ ကျွန်တော်တို့တစ်တွေ ပြောတော့ ဒီမိုကရေစိ။ လုပ်နေတာက အာဏာရှင်စနစ်ဖြစ်နေသမျှ ရှေ့ကို ဘယ်လိုဆက်သွားလို့ ရပါ့မလဲဗျာ..။ အထက်ပိုင်းကကောင်းပြီး ပြောင်းပြီး အောက်ပိုင်းကလူတွေက ဘာမှ ထူးထူးခြားခြား မပြောင်းကြသေးပါ။ ရှေးလူကြီးများ ပြောသလိုပြောရရင်တော့ ( အထက်နေပါအုံး၊ အောက်ကို လုံအောင်ဖုံးပါဦး) လို့သာ ဆိုရပါမည်..။ ` (ပျူခေတ်)မှ နဂါးခေါင်းရုပ်ပါ ရှေးဟောင်း ရွှေလက်ကောက်ကြီး(၁)ကွင်း (၁၆ကျပ်သား၊၆ပဲ၊၄ရွေး)အား မြန်မာ-တရုပ်ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းတူးစဉ် တွေ့ရှိ´ မင်းဘူး(စကု) မတ်လ(၂၀)။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်၊ ခနဲကုန်းကျေးရွာ ၊ ဦးဌေးဝင်း၏ကုလားပဲခင်း၊ ကွင်းအမှတ်(၁၁၆၈) တွင် တရုပ်-မြန်မာ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ ပိုက်လိုင်းမြေမြုပ်ရန်အတွက် ဘက်ဖိုး(မြေတူးစက်)ဖြင့်တူးဖော်၍ မြေကြီးခဲများအား ကုလားပဲခင်းအတွင်း၌ စုပုံထားခဲ့သည်။ ထိုစဉ် ကုလားပဲခင်းသို့ ရိတ်သိမ်းရန်လာသော လက်ခုပ်ပင်ရွာသူ အလုပ်သမား မကေသဇင်ကျော်သည် ၂၀၁၂ခု၊မတ်လ(၈)၇က်)နေ့၊ နံနက်(၁၀း၃၀)နာရီတွင် ကုလားပဲရိတ်ရန်တံစဉ်ဖြင့် ယင်း မြေကြီးပုံထဲသို့ ခေါက်၍ ကစားနေသည်။ ထိုအချိန်တွင် တန်စဉ်နှင့်ထိမိပြီး နဂါးခေါင်းရုပ်ပါ ရွှေလက်ကောက်ကြီးတစ်ကွင်း အား စတင်တွေ့ရှိခဲ့ကြောင်းသိရသည်။ ယင်း လက်ကောက်ကြီး၏ ထူးခြားချက်မှာ လက်ရာ ပြောင်မြောက်သော နဂါးခေါင်းရုပ်ကြီးပါ နေ၍ ရှေးဟောင်း ရွှေလက်ကောက်ဟုထင်မြင်ရ၏၊ ရွှေအလေးချိန်မှာလည်း (၁၆ကျပ်သား၊ ၆ပဲ၊ ၄ရွေး)ရှိကြောင်း၊ကာလတန်ဘိုးနှင့်တွက်လျှင် သိန်းတစ်ရာကျော်နေကြာင်း၊ မင်းဘူးမြို့ပေါ်မှ နီးစပ်ရာ ရွှေပန်းထိမ်များသို့ပြသခဲ့၍ သိရသည်။ ထို့ကြောင့် ယင်းရွှေလက်ကောက်ကြီးကို မကေသဇင်ကျော်သည် ဖခင်ဖြစ်သူဦးသိန်းလွင်နှင့် လက်ခုပ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ရီတို့နှင့်အတူ မတ်လ(၁၂)ရက်နေ့ နေ့လည် (၁၂)နာရီအချိန်တွင် မင်းဘူး(စကု)မြို့နယ်အုပ်ချုပ်ရေးမှူးမှ ခေါ်ယူမေးမြန်း၍ သွားရောက်ခဲ့ရပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ထံသို့ အပ်နှံခဲ့ကြရကြောင်းသိရသည်။ အဆိုပါ လက်ကောက်ကြီးအား ရှေးဟောင်းပစ္စည်းဟုတ်၊ မဟုတ်ကို ရှေးဟောင်းသုသေသနဦးစီးဌာနနှင့် ဆက်သွယ်၍ စစ်ဆေး ဆောင်ရွက်ခဲ့ရာ ပျူခေတ်စောစောပိုင်းမှ လက်ယာဖြစ်ပြီး တန်ဘိုးဖြတ်၍ မရသေးသော နဂါးခေါင်းရုပ် ရှေးဟောင်းရွှေလက်ကောက်ကြီး ဖြစ်နေကြောင်း မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုသေသန၊အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးရုံး ဦးစောလွင် (တိုင်းဦးစီးမှူး)ထံမှ အတည်ပြုသော သတင်းရရှိပါသည်။ ယခုအခါ ထိုရွှေလက်ကောက်ကြီးအား မင်းဘူး(စကု)မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ချိတ်ပိတ်ပြီး အပ်နှံသိမ်းဆီးထား ကြောင်း၊ ယင်း ပျူခေတ်မှ ရှေးဟောင်းနဂါးခေါင်းရုပ်ပါ ရွှေလက်ကောက်ကြီးကို လိုအပ်သလို ဆက်လက်စီစဉ် ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်မှ နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စု ယဉ်ကျေးမှု ၀န်ကြီးဌာနများသို့ ဆက်လက်အစီရင်ခံ၍ တင်ပြထားကြောင်း သတင်းရရှိခဲ့ပါသည်။ ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၁၉-၃-၂၀၁၂ `တစ်လတစ်ခါသာ တင်ဖြစ်တော့မဲ့ ဘလော့ပို့စ်´ ini dipublish oleh shwelannwelanwinkyi pada hari Monday, May 21, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၁၉-၃-၂၀၁၂ `တစ်လတစ်ခါသာ တင်ဖြစ်တော့မဲ့ ဘလော့ပို့စ်´
 

0 comments: