ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၁၁၈-၅-၂၀၁၂) ၁၈-၅-၂၀၁၂ ` မြေပေါ်မှာအိပ်မိတာ မြေကြီးထဲ ရောက်တော့မလို့ပါ´
မနေ့က နဲ့ အရင်နေ့များမှာ ဈေးဆိုင်ခန်းက သံမံတလင်းပေါ်ကို ဖျာခင်းပြီးအိပ်ခဲ့တယ်။ ရာသီဥတုကလည်း တော်တော်ပူနေတော့ နေစရာမရှိဖြစ်နေတယ်။ လျှပ်စစ်မီးကလည်း နေ့တစ်ဝက်လောက် ပြတ်ပြတ်နေတယ်။ ဒီတော့ ကုတင်ပေါ်မှာ အိပ်လို့မရတော့ လေကြောင်းကျတဲ့ ကုတင်အောက် တောင်ဘက်ပေါက်နဲ့ မြောက်ဘက်ပေါက်တည့်တည့်မှာ လေရတဲ့ မြေပြင် သံမံတလင်းပေါ်ကို ဖျာခင်းပြီးအိပ်ပါတယ်။ မီးမလာလည်း ဂရုမစိုက်ပါဘူး၊ တော်တော်အေးပြီး အိပ်လို့ကောင်းနေပါတယ်။ အဲသလိုမျိုး မအိပ်ဖို့ ဆရာကြီး မကွေးဝင်းမြင့်ကပြောပါတယ်။ အိပ်ချင်ရင် ဖျာကြမ်းခင်းပါ၊ သူ့အပေါ်က သင်ဖြူးခင်ပါ။ သင်ဖြူးပေါ်မှာ ချည်စောင်တစ်ထည်ခင်းပြီး အိပ်ပါလို့ နည်းပေးပါတယ်။ ဆရာပြောတဲ့အတိုင်း ဘယ်လုပ်နိုင်ပါ့မလဲ၊ အလွယ်ခေတ် အလွယ်ကြိုက် ဖျာခင်းတာတောင် ပလပ်စတစ်ကို ရက်ထားတဲ့ ဖျာကိုခင်းအိပ်တယ်။ ထိတော့ပါတယ်။ ညက ကျွန်တော်မှာ တစ်ကိုယ်လုံး အေးစက်ပြီး တောင့်တင်းလာပါတယ်။ မျက်လုံးတွေလဲ လေးလာပါတယ်။ ဘယ်လိုမှ မဟန်နိုင်တော့ အိမ်ဆိုင်က အဲယားကွန်းအခန်းကို ပြေးရတယ်။ သားကြီးကို အနင်း အနှိပ့်ခိုင်းရပါတယ်။ တော်တော်ကြာအောင် နင်း နှိပ့်လိုက်မှ ချွေးတွေထွက်လာပြီး ပေါ့သွားပါတယ်။ အဲဒီနောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားပါတယ်။ ကျွန်တော့်သားကြီး မောင်ထွန်းဝင်းကျော် ကယ်ပေလို့သာပေါ့။ ကျွန်တော့်ဇနီးနဲ့ သမီးကတော့ ဂရုစိုက်ဖို့နေနေသာသာ ဘယ်လိုဖြစ်လဲတောင် မေးဖော်မရပါဘူး။ ညက ကျွန်တော်သေများသွားရင် သူတို့ သိမှာ မဟုတ်ပါဘူး။ အင်း လူဆိုတာ အိုမင်းမစွမ်း ဆိုတဲ့ ရှေးလူကြီးတွေရဲ့စကားများ မှန်ပေတယ်။ လူကလည်း အိုလာပြီ ဘာမှလည်း ရစရာ ပေးစရာ မရှိတော့ သမီးနဲ့ ဇနီးက ဂရုမစိုက်ကြဘူးထင်ပါတယ်။ ဒါကြောင့် မနက်လင်းတော့ ကျွန်တော့်ဇနီးကို ဒီအကြောင်းပြောဖြစ်တယ်။ ငါသေရင်လည်း မငိုနဲ့၊ မင်းသေရင်လည်း ငါမငိုတော့ဘူး လို့သာ စကားနာထိုးလိုက်ရပါတယ်ဗျာ..။ ဒါကြောင့် ဒီနေ့တော့ အောက် သံမံတလင်းပေါ်ကို လုံးဝမအိပ်ရဲပါ။ ကုလားထိုင်ပေါ်မှာ သာ စာရေးမယ်။ အိပ်ချင်ရင်အိပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ရပါတယ်။
0 comments:
Post a Comment