) ၇-၄-၂၀၁၂ `စာပြောဆရာ ကြေးတက်လာခြင်း´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၇၇-၄-၂၀၁၂) ၇-၄-၂၀၁၂ `စာပြောဆရာ ကြေးတက်လာခြင်း´ နံနက်စောစောအိပ်ယာထပါတယ်။ နံနက်(၃)နာရီမှာ အိပ်ယာနိုးနေတယ်။ စောနေလို့ ပြန်အိပ်ပါတယ်။ နံနက်(၄)နာရီ မှ အိပ်ယာထပါတယ်။ ဘုရားဝတ်တက်ကိစ္စများကို နံနက်(၆)နာရီမှာ ပြီးသွားပါတယ်။ ဆိုင်ဖွင့်ပါတယ်။ ညက မီးပျက်လို့ သုံးပြီး ဘက်ထရီ အားကုန်နေတဲ့ လက်တော့ကွန်ပျူတာကို အားပြန်သွင်းထားပါတယ်။ မကွေးမြို့ အထက်တန်းကျောင်း အမှတ်(၁) ခမ်းမ မှာ နံနက်ကျင်းပမယ့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စာအုပ်လှူဒါန်းပွဲ ကို သွားရမှာပါ။ ဆရာတင်လင်းဇော် လာမှ သွားကြပါမည်။ မသွားခင် ယနေ့ထွက်ဂျာနယ်များကို ဖတ်ပါတယ်။ ယနေ့ထွက်တာက The Voice နဲ့ မော်ဒန်ဂျာနယ်ပါ။ ဂျာနယ်ဖတ်ပြီး ဆရာတင်လင်းဇော်တို့ ဇနီးမောင်နှံရောက်လာပါတယ်။ အထက (၁) ကျောင်းသို့သွားကြရပါတယ်။ ဟိုကို ရောက်တော့ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး နဲ့ မျက်နှာချင်းဆိုင်တွေ့ပါတယ်။ ယခင်က ခင်ခင်မင်မင် ရှိခဲ့သော်လည်း ယခု မြို့နယ်အုပ်ချုပ်ရေးမှူးမှာ မျက်နှာလည်းမကောင်းပါ၊ ကျွန်တော့်ကိုယ်လည်း လုံးဝ နှတ်မဆက်ပါ။ ဒါဘာကြောင့်လည်း ဆိုရင် ဧပြီလ(၁)ရက်နေ့ ရွေးကောက်ပွဲ သတင်းများကို NLD ပါတီဘက်က ဘက်လိုက်ပြီး ရေးတယ်လို့ သူထင်ချင် ထင်နေပါ့မယ်။ အဲဒါမတိုင်ခင်ကလည်း မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ပါရမီရှင်(ပရဟိတ) လူငယ်အဖွဲ့ တို့ ရှားပင်လှကျေးရွာ မီးဘေးဒုက္ခကယ်ဆယ်ရေးမှာ ပဋိပက္ခဖြစ်ကြတယ်။ အင်တာနက်အထိ ဒီသတင်းက တက်သွားပါတယ်။ နောက် ဒီ လူငယ်အဖွဲ့အားကိုးနဲ့ ကျွန်တော်တို့ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကလည်း (စာပေဟောပြောပွဲကြီး) ကို ပူးပေါင်း ကျင်းပခဲ့ကြပါတယ်။ ကျွန်တော့်ကို မြို့နယ်အုပ်ချုပ်ရေးမှူး မခေါ်တာ နှတ်မဆက်တာ ဒါတွေကြောင့်လို့ ထင်မိပါတယ်။ သတင်းသမားဆိုတာက ကိုယ့်ထမင်းကိုစားပြီး အများအတွက် အမှန်တရားဘက်ကသာ ရပ်တည်ရပါမည်။ ဘယ်ပါတီ၊ ဘယ်အုပ်ချုပ်သူရဲ့ လက်ကိုင်တုတ် အဖြစ်မခံနိုင်ပါ။ ယနေ့ခေတ်ဟာ အာဏာရှင်စနစ်ကုန်သွားပြီလေ..။ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်လူဒါန်းပွဲ ပထမပိုင်းအပြီးမှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးမင်းလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရှောင် တို့လည်းပြန်သွားကြပါတယ်။ ကျွန်တော်တို့လည်း စာဖတ်ရှိန်မြှင့်တင်ရေး အတွက် စာပေဟောပြောပွဲ စတင်ကြပါတယ်။ ဆရာတင်လင်းဇော်ကို အရင်ဟောမယ်လို့ ထင်ထားတာပါ။ ဒါပေမယ့် အခန်းအနားမှူးက ကျွန်တော့်ကိုစခေါ်ပါတယ်။ ကျွန်တော်ကလည်း ကွန်ပျူတာလက်တော့ပ် အားကိုးနဲ့ ပြောရတာဆိုတော့ ကွန်ပျူတာကို အမြန်ဖွင့်ရပါတယ်။ စင်ပေါ်ကိုရောက်တော့လည်း မျက်မှန်က ခုန်ဘေးမှာ ကျနေခဲ့ပြန်တယ်။ ဆရာတင်လင်းဇော်ကို လက်ပြပြီး ယူခိုင်းလိုက်ရပါတယ်။ နည်းနည်းတော့ အချိန်စောင့်လိုက်ကြရမယ် ထင်ပါတယ်။ အဲဒါကို စင်ပေါ်မှာ ပြောတော့ ထည့်ပြီးတောင်းပန်လိုက်ရပါတယ်။ ကျွန်တော်က ရှေ့ထွက်ဆိုတော့ အကျဉ်းချုံးပြီး ပြောဆိုရပါတယ်။ မိနစ်(၂၅)လောက်သာ ကြာပါတယ်။ နောက်ဆရာတွေကို ဦးစားပေးတဲ့ သဘောပါ။ နေ့လည် (၁၁)နာရီမှာ အခန်းအနားက ပြီးသွားပါတယ်။ ပြန်/ဆက်တိုင်းမှူး ဦးဝင်းခင်က ကျွန်တော်တို့ သုံးဦးကို ထမင်းစားခေါ်ပါတယ်။ ဆရာတင်လင်းဇော်နဲ့ (ဆရာရဲ့ဇနီး)ဆရာမ ရွှေယင်းမြေခင်စံပယ်ဖြူ နဲ့ ကျွန်တော်တို့ သုံးဦးပါ။ ကောင်းမွန် စာတော်ဆက်မှာ ထမင်းကျွေးပါတယ်။ စာပေဟောပြောပွဲအတွက် ပုဆိုးတစ်ကွင်းပဲ လက်ဆောင်ရတယ်လို့ ထင်ထားတာပါ။ ဒါပေမယ့် အိမ်ရောက်တော့ ဖွင့်ကြည့်ပါတယ်။ ပုဆိုးထည့်ထားတဲ့ အိပ်ထဲမှာ ငွေတစ်သောင်းခွဲ လည်း ပါနေတာကို တွေ့မြင်ရပါတယ်။ အံ့သြမိပါတယ်။ ဘာကြောင့်ဆိုတော့ ဆရာတင်လင်းဇော်နဲ့ ကျွန်တော်တို့ဟာ ကိုယ့်ဆိုင်ကယ်၊ ကိုယ့်ဆီကုန်ခံပြီး စာကြည့်တိုက်ဖွင့်ပွဲနဲ့ ပတ်သက်တဲ့ ဟောပြောပွဲများကို လိုက်လံ ဟောနေကြတာပါ။ ပုဆိုးတကွင်း (သို့မဟုတ်) ငွေငါးထောင်ကျပ် လောက်သာ ရဘူးကြပါတယ်။ ဒါတောင် ကျွန်တော်တို့က စာပေဟောပြောပွဲ သွားကြတိုင်း ရောက်တဲ့နေရာတွေမှာ စာအုပ်၊ဂျာနယ်များ လှူဖို့ ယူသွားကြပါသေးတယ်။ တစ်ခေါက်သွားရင် စာအုပ်၊ ဂျာနယ်တန်ဘိုးတွက်ကြည့်ရင် ငွေကျပ် သုံးလေးသောင်းလောက် ပါကြပါတယ်။ နည်းရင် တစ်သောင်းဘိုးလောက်ကတော့ လှူကြပါတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ စာဟောဆရာနှစ်ဦး မျက်လုံးပျူးနေကြရပါတယ်။ မကွေးမြို့နယ်တွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စာအုပ်လှူဒါန်းပွဲ မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းမှ လှူဒါန်းသော စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်လှူဒါန်းပွဲများကို မကွေးတိုင်းဒေသကြီးအတွင်းမှ မြို့နယ်(၄)မြို့နယ်တို့တွင် လှူဒါန်းကြောင်းသိရသည်။ မကွေးမြို့နယ်အတွက် ၂၀၁၂ ခု၊ မတ်လ(၇)ရက်နေ့ နံနက်(၈)နာရီမှ နံနက်(၁၁)နာရီအထိ မကွေးမြို့ အထက်တန်းကျောင်း ခန်းမတွင် (၂)ပိုင်းခွဲ၍ ကျင်းပကြောင်း သိရ၏။ ပထမပိုင်းအခန်းအနားတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စာအုပ်လှူဒါန်းပွဲကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးများတက်ရောက်၍ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း မှ အဖွင့် အမှာစကားပြောကြားသည်။ ကဗျာ၊ စာစီစာကုံး၊ ကျဘမ်းစကားပြောပြိုင်ပွဲများမှ ဆုရကျောင်းသူ၊ ကျောင်းသားများကို သက်ဆိုင်ရာမှ ဆုအသီးသီးချီးမြှင့်ကြသည်။ ထို့နောက် ကဗျာဆုရနှင့်ကျဘမ်းစကားပြော ပထဆုရ ကျောင်းသား၊ ကျောင်သူတို့မှ ကဗျာရွတ်ဆို၍ သရုပ်ပြပြောဆိုကြသည်။ မကွေးမြို့နယ်တွင်းရှိ ကျေးရွာ စာကြည့်တိုက်များအား စာအုပ်စာတမ်းများ၊ ကာလတန်ဘိုးငွေ(၅)သိန်းဖိုးခန့်လှူဒါန်းကြောင်း၊ ယင်းအခန်းအနားတွင် စုစုပေါင်းငွေကျပ်(၁၀)သိန်း ခန့်တန်ဖိုးဖြင့် အကုန်အကျ ခံ၍ မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဦးစီးကျင်းပ လှူဒါန်းကြောင်း သိရ၏။ ဤကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စာအုပ်လှူဒါန်းပွဲများကို ပခုက္ကူမြို့နယ်၊ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်များတွင်လည်း ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယ အခန်းအနားအစီအစဉ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်လှူဒါန်းပွဲအတွက် `စာဖတ်ရှိန်မြှင့်တင် ရေး´ အား ဦးတည်၍ စာရေးဆရာ တင်လင်းဇော်(အမျိုးသားစာပေဆုရှင်) ၊ စာရေးဆရာ သတင်းထောက် ရွှေလမ်ငွေလမ်းဝင်းကြည်(ခ) ၀ိုင်းကြည်အောင် နှင့် ခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးသန်းဌေး တို့မှ ဟောပြောကြကြောင်း သတင်းရယူခဲ့ပါသည်။ `မကွေး- တောင်တွင်းကားလမ်းမပေါ်တွင် မိုးသက် လေပြင်းမုန်တိုင်းများကျ၍ သစ်ပင်(၅၀)ကျော်ခန့်လှဲကျ´ ၂၀၁၂ခု၊ ဧပြီလ(၆)ရက်နေ့ ညနေ(၄း၃၀)ခန့်အချိန်တွင် မကွေး- တောင်တွင်း ကားလမ်မပေါ်မှ မကွေးမြို့နယ် ရှားပင်လှကျေးရွာနှင့် ယင်းတံတားအကြားတွင် မိနစ်(၂၀)ခန့် မိုးသက် လေပြင်းမုန်တိုင်းများကျရောက် ကြောင်းသိရသည်။ `ညနေ ၄း၃၀ အချိန်လောက်ဖြစ်မယ်ထင်ပါတယ်။ မိုးတွေ မဲမှောင်လာပြီး လေတွေလဲ တော်တော်ကိုကျလာပါတယ်။ မိုးရွာတာမှ မိုးသီးတွေလဲကျပါတယ်။ မိုးသီးတစ်လုံးလုံးကို ဇီးသီးလုံးလောက်ကို ကျလာတယ်။ ကားတွေဆိုရင် ဆက်မောင်းလို့မရဘူး။ မှန်တွေကွဲမှာ ကြောက်ရပါတယ်။ သစ်ပင်တွေကလည်း လူတစ်ဖက်စာလောက်ကနေ အသေးလေးအထိ သစ်ပင်ပေါင်း(၅၀) ကျော်လောက် တာလမ်းပေါ်မှာ လဲသွားပါတယ်။ ကားပေါ်ပါလာသူ ခရီးသည်တွေရော၊ ဘုန်းကြီးတွေပါ၊ နဲ့ နီးစပ်ရာ ရဲဝန်းထမ်းတွေ၊ နီးစပ်ရာက ရွာသားတွေ ၀ိုင်းကူညီကြလို့သာ မော်တော်ကားတွေ လမ်းမပိတ်တာပါဗျာ..။ ဒါတောင် တစ်နေရာ တစ်နေရာမှာ သစ်ပင်တွေလဲနေကြလို့ ခုန်ဖြတ် ရှင်းလင်းကြတာကို စောင့်ကြရပါတယ်။ စုစုပေါင်း(၃)နာရီလောက်ကြာအောင်စောင့်ရပါတယ်။´ ဟု မကွေးတိုင်းဒေသကြီး ပြန်/ဆက် တိုင်းမှူးဦးဝင်းခင်မှ ပြောကြား၍ သတင်းရယူခဲ့ပါသည်။ အထက်က သတင်းနှစ်ပုဒ်ကို အမြန်ရေးပြီး မြန်မာပို့စ် သတင်းဂျာနယ်ကို ဒီနေ့ အီးမေးလ်တင်လိုက်ပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ) ၇-၄-၂၀၁၂ `စာပြောဆရာ ကြေးတက်လာခြင်း´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 22, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ) ၇-၄-၂၀၁၂ `စာပြောဆရာ ကြေးတက်လာခြင်း´
 

0 comments: