၁၉-၂-၂၀၁၂ `ဘ၀စီးပွားရေး အဆင်မပြေပေမယ့် စာပေကိစ္စမရပ်နားနိုင်ပါ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ် (၃၂-၂၀၁၂) ၁၉-၂-၂၀၁၂ `ဘ၀စီးပွားရေး အဆင်မပြေပေမယ့် စာပေကိစ္စမရပ်နားနိုင်ပါ´ စာရေးသူ ယခုတစ်လော ဘ၀ စီးပွားရေးအမော ဖောက်နေပါတယ်။ ဒါပေမယ့် အနုပညာ စာပေသမားဆိုတော့ စာပေဟောပြောပွဲတဲ့ ဆိုရင် ကောက်ခါငင်ခါ ထလိုက်သွားမိပါတယ်။ တစ်နေ့က(၁၇-၂-၂၀၁၂)လည်း တစ်နေကုန် စာပေဟောပြောပွဲအတွက် ပြောစရာ စကား အချက်အလက်တွေကို ရှာဖွှေပြင်ဆင်နေခဲ့ပါတယ်။ ၁၈-၂-၂၀၁၂ နေ့၊ နံနက်(၈)နာရီမှာ စာရေးဆရာတင်လင်းဇော် ရောက်လာပါတယ်။ မင်းဘူး/စကု မြို့နယ်ထဲက ချင်းကုန်းကျေးရွာ မူလွန်ကျောင်း အုပ် ဦးကျော်ဆက်နိုင်မှ ဖိတ်ကြားတာပါ။ ကိစ္စက ကျောင်းစာကြည့်တိုက်ဖြစ်မြောက်ရေးအတွက်၊ စာဖတ်ဖို့အကြောင်း စာပေဟောပြောပွဲလေးပါ။ နံနက်(၉)နာရီမှာ စကုမြို့ သဇင် ဓာတ်ပုံ၊ဗွီဒီယို ဆိုင်ကိုရောက်ပါတယ်။ အဲဒီလုပ်ငန်းက ကိုကျော်ဆက်နိုင်ရဲ့ အိမ်၊ လုပ်ငန်းပါ။ ချင်းကုန်းကျေးရွာ မူလွန်ကျောင်းအုပ် ကိုကျော်ဆက်နိုင်မှာ စာရေးဆရာ တင်လင်းဇော် (ဦးကြည်တင်၊လက်ထောက်ကထိက မကွေး ပညာရေးကောလိပ်)ရဲ့တပည့်အရင်း ဖြစ်ပါတယ်။ သူ့ရွာ သူ့ကျောင်း တိုးတက်ရေးအတွက် စာကြည့်တိုက်ဖြစ်မြောက်ရေးကို အကူအညီတောင်းလို့ ကျွန်တော်လည်း လိုက်ပါလာခဲ့ရတာပါ။ အဲဒီရွာက စကုမြို့နဲ့ (၈)မိုင်ဝေးတယ်လို့ သိရပါတယ်။ စကုမြို့က (၁၁) နာရီထွက်လာခဲ့ပါတယ်။ ချင်းကုန်းရွာကို နေ့(၁၂)နာရီ လောက်မှာ ရောက်လာကြပါတယ်။ ချင်းကုန်း(၁)၊(၂) နှစ်ရွာပေါင်း အိမ်ခြေ(၂၀၀) ကျော်လောက်ရှိကြောင်း ကျေးရွာရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်လွင်က ပြောပါတယ်။ နေ့လည်စာ ထမင်းကို ဦးတင်မောင်လွင် အိမ်က ကျွေးပါတယ်။ ထမင်းစားပြီး ချင်းကုန်းရွာ မူလွန်ကျောင်းကို သွားကြပါတယ်။ ဒီကျောင်းက မူလွန်ဆိုတော့ သူငယ်တန်းကနေ (၇)တန်း အထိ ပညာသင်ပေးကြောင်းသိရပါတယ်။ မကြာခင်မှာ (၈)တန်းအထိ (အလယ်တန်း) ထိ ပညာသင်ကြားပေးနိုင်ဖို့ ကျောင်းခန်းတစ်ခန်း တိုးချဲ့ထားတာကို မြင်တွေ့ရပါတယ်။ ချင်းကုန်းကျေးရွာ က စပါးစိုက်ပျိုးတဲ့ လယ်တောဆိုတော့ စီးပွားရေးအဆင်ပြေကြပါတယ်။ လူချမ်းသာတွေ များပါတယ်။ စာသင်ကျောင်း ကိုလည်း တူတူတန်တန်ဆောက်လုပ်ထားပါတယ်။ဆရာ ဆရာမ(၁၂) ယောက်ရှိပါတယ်။ ကျောင်းသားဦးရေ(၂၀၀)လောက် ရှိပါတယ်။ ဆရာမလေးများ နေရန် ကျောင်းဝိုင်းအတွင်းမှာ အိမ်ကလေးတစ်လုံးဆောက်ပေးထားပါတယ်။ ရွာမှာနေကြတဲ့ ဆရာမတွေကို ကျေးရွာမှ ဆရာတစ်ဦးလျှင် တစ်လကို ဆန်(၁၂)ပြီထောက်ပံ့ပေးတယ်လို့ကြားသိရပါတယ်။ ကျွန်တော့် ယောက်က္ခမရွာ တညောင်က ဆရာမလေး မခင်မျိုးချစ် နဲ့ ဆရာမလေး မမြင့်မြင့်စိန်တို့က စာပေဟောပြောပွဲမှာ အခမ်းအနားမှူးများ လုပ်ပေးကြပါတယ်။ စာကြည့်တိုက်ဖြစ်မြောက်ရေး၊ စာဖတ်ရေးအတွက် ဟောပြောပွဲကို နေ့လည်(၂)နာရီမှာ စတင်ပါတယ်။ ကျောင်းအုပ် ကြီး ဆရာဦးကျော်ဆက်နိုင်က အဖွင့် အမှာစကားပြောပါတယ်။ စာရေးဆရာ တင်လင်းဇော် က `စာဖတ်ခြင်း၏ အကျိုးကျေးဇူး´ ခေါင်းစဉ်နဲ့ ပထမ ဟောပြောပေးပါတယ်။ ကျွန်တော် ရွှေလမ်းငွေလမ်းဝင်းကြည်ကတော့်`ကျွန်တော်ဖတ်ခဲ့ သမျှ မှတ်မိတာကို ပြောဆိုပါမည်´ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။ ညနေ ၄ နာရီလောက် မှာ စာပေဟောပြောပွဲပြီးသွားခဲ့ပါ တယ်။ အပြန်ခရီးကိုတော့ ချင်းကုန်းရွာရဲ့ မြောက်ဘက်လမ်းက ပြန်လာခဲ့ပါတယ်။ မင်းဘူး ဆိပ်ဖြူကားလမ်းမပေါ်မှ ရွှေလီ ထနောင်းကုန်းရွာ တည့်တည့်ကို ပြန်ထွက်လာခဲ့ပါတယ်။ မကွေးသို့ ညနေ၆း၃၀ နာရီမှာ ပြန်ရောက်လာပါတယ်။ အတွေးရိပ် မှာ ဆရာကြီး မကွေးဝင်းမြင့်နဲ့ တွေ့လို့ ၀င်ပြီး နှတ်ဆက်ပါတယ်။ ကျွန်တော်တို့ စာရေးဆရာနှစ်ဦး စာကြည့်တိုက်ဖြစ်မြောက် ရေးအတွက် ဟောပြောခဲ့ရတာ မကြာမှီ အကောင်အထည်ပေါ်လာမည် ထင်ပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: