၉-၄-၂၀၁၂ `စာပေနှင့်စာနယ်ဇင်းအဖွဲ့ အမှုဆောင်အစည်းအဝေး နောက်ဆုံး´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၇၉-၄-၂၀၁၂) ၉-၄-၂၀၁၂ `စာပေနှင့်စာနယ်ဇင်းအဖွဲ့ အမှုဆောင်အစည်းအဝေး နောက်ဆုံး´ မနေ့က ကျန်းမာရေးသိပ်မကောင်းလို့ အိပ်ယာစောစောမထပါ။ ဈေးဆိုင်ဖွင့်ပြီးမှ ပရိတ်၊ ပဌာန်းရွတ်ဆိုတယ်။ သတင်းဂျာနယ်ဖတ်တယ်။ နံနက်ပိုင်း တိုင်းပြန်/ဆက် ဦးဝင်းခင် ရောက်လာတယ်။ စွဲမက် မှာထိုင်ကြတယ်။ ကိုနေခြည်၊ ကိုရည်ရွယ်နဲ့ ကိုတင်းလင်းဇော်တို့ ဇနီးမောင်နှံလည်း ရောက်လာတယ်။ နံနက်ပိုင်း ဆည်မြောင်းရုံးကို သွားတယ်။ မီးသတ်စွမ်းရည်ပြပွဲနဲ့ တိုးနေတယ်။ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်လင်းက ဒီသတင်းကို သတင်းစာမှာ ထည့်ခိုင်းတယ်။ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်း ထံက ငွေတစ်သောင်းနဲ့ ဓာတ်ပုံများ ယူလာခဲ့တယ်။ တိုင်းပြန်/ဆက် ဦးဝင်းခင်အား သတင်းစာမှာ ပါရန်အတွက် အကူအညီတောင်းရပါတယ်။ နောက် ဦးစီးအရာရှိ ဦးကျော်လွင်ကလည်း ယခင် အိမ်ထောင်စုစားရင်းလုပ်ထားတဲ့ ညွှန်ကြားရေးမှူး (အငြိမ်းစား) တစ်ဦးရဲ့ အိမ်ထောင်စုစားရင်းထဲကို သားသမီးသုံးရောက် တိုးရန်ကိစ္စ လုပ်ခိုင်းပါတယ်။ သက်ဆိုင်ရာ လ.၀.က မှ ပုံစံ(၁၀) ပါမှသာ ထည့်လို့ရမည်ဟု သိရပါတယ်။ ရုံးမှ ခင်နှင်းဝေထံ ဒီကိစ္စကို ဖုန်းဆက်ပြီး အကြောင်းပြန်လိုက်ရပါတယ်။ နေ့လည်(၁)နာရီကျော်မှ အိမ်ပြန်ရောက်ပါတယ်။ ယနေ့ မကွေးမြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့အမှုဆောင် အစည်းအဝေးပွဲ နောက်ဆုံးကျင်းပတယ်။ ဧပြီလ ၂၈/၂၉ရက်မှာ မျက်နှာစုံညီအစည်းအဝေးကျင်းပရန် ဆွေးနွေးကြတယ်။ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကိုဖျက်ပြီး စာရေးဆရာအသင်းဖွဲ့စည်းရန်ဖြစ်ပါတယ်။ အဲဒီရက်မှာ မြန်မာနိုင်ငံစာရေးဆရာများ အသင်း အမှုဆောင်အသစ် ရွေးချယ်ကြပါမည်။ ကျွန်တော်ကတော့ စာရေးဆရာများအသင်းတွင် အမှုဆောင်အဖြစ် အရွေးမခံလိုကြောင်း ဖွင့်ပြောခဲ့ပါတယ်။ သတင်းဆရာများအသင်း (သို့မဟုတ်) သတင်းစာဆရာသမဂ္ဂအသင်း တစ်ခုခုမှာ ၀င်မယ်လို့ ပြောခဲ့ပါတယ်။ ဒီအစည်းအဝေးပြီးလို့ ဧည့်ခံသူများကတော့ ဆရာတင်လင်းဇော်နဲ့ ဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူ တို့ဇနီးမောင်နှံရဲ့ (၂၂) နှစ်ပြည့် မင်္ဂလာပွဲ အထိမ်းအမှတ်အဖြစ် ဧည့်ခံကျွေးမွေးကြပါတယ်။ စွဲမက် လက်ဖက်ရည်ဆိုင်မှာ ဧည့်ခံပါတယ်။ ငွေငါးထောင်လောက်ကုန်ကျကြောင်းသိရပါတယ်။ ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းနိုင်ကြပါစေ။ သားသမီးများကတော့ မရနိုင်ကြလို့ တူ တူမလေးတွေအား စောင့်ရှောက်ကျွေးမွေး နိုင်ကြပါစေလို့သာ ဆုမွန်ကောင်း တောင်းပေးရပါမည်။ ညနေ ဆရာကြီး မကွေးဝင်းမြင့်လာပါတယ်။ စွဲမက်မှာ ထိုင်ကြတယ်။ ကိုနေခြည်တို့ မလာပါ။ စာရေးဆရာအသင်းအတွက် အမှုဆောင်နေရာများ စီစဉ်နေသလား၊ သတင်းစာဆရာများအသင်း အတွက် စဉ်းစားနေကြသလားမသိပါ။ သူတို့အတွင်းစိတ်ကို ကိုယ်ကမသိနိုင်ပါ။ ညနေ ကာကူး(ခ) စောလှနွယ်က လာနေတယ်။ သတင်းစာဆရာအသင်းဝင်ဖို့ အကြောင်းပြောနေပြန်ပါတယ်။ အမှုဆောင်ရွေးချယ်ပွဲတွေ လုပ်ကြရမှာ ဆိုတော့ ဘယ်သူ့ကိုမှ ပြောဖို့ ခန့်မှန်းဖို့က တော်တော်ခက်ပါတယ်။ ရွေးချယ်ပြီးမှသာ အဖြေမှန်ကို တွေ့မြင်ကြရပါမည်။ အမှန်တကယ်တော့ ဘယ်လို အမှုဆောင်အဖွဲ့မဆို လူညီရန်ခက်ကြပါတယ်။ အတိုက်အခံများနဲ့ ရန်သတ်နေကြရတာက များပါတယ်။ ဒါကြောင့် မတူတာလေးတွေ ဘေးဖယ်ပြီး မတည့်လဲ အတူလက်တွဲလို့ ဆောင်ရွက်ကြရပါမည်။ အဓိက သတင်းသမားဆိုတာ အမှန်တရားနဲ့ အများကောင်းစားရေးအတွက်ကိုသာ ရှေးရှုကြရပါမည်။ စကိုင်းနက်အင်တာနက်လိုင်းကြည့်ဖို့ တစ်နာရီ(၃၀၀ိ) နဲ့ ဆယ်နာရီအတွက် ကဒ်လာပို့ရန် မှာထားပါတယ်။ ညနေကရော ယခုညပါ မလာသေးပါ။ တစ်လမှာ တစ်သောင်းခွဲရရင်တော့ လပြတ်ယူချင်ပါတယ်။ ယခုလို နာရီနဲ့ ကြည့်နေရတာလည်း နေ့စဉ်မဖွင့်ရဲပါ။ နာရီမကုန်အောင် ချွေတာနေရတာပေါ့။ သတင်းရေးပြီး သတင်းတင်စရာ ရှိမှသာ အင်တာနက်လိုင်းကို ဖွင့်ပါတယ်။ အင်တာနက် သတင်းတွေကို နေ့စဉ်ကြည့်ရရင်တော့ ကောင်းတာပေါ့။ အင်း ကိုယ့်မှာ ရှိတဲ့ (ADSL) အင်တာနက်လိုင်းကို ငွေမတတ်နိုင်လို့သာ ရောင်းလိုက်ရပါတယ်။ ယခုတော့ သူများထူမှ ထရမယ့် ဘ၀ကိုရောက်နေပါပြီ..။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: