လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား

လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား Browse › Home › မြန်မာ့သတင်း » လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား မင်းမင်းလတ်-မန္တလေး(မြစ်မခ) မေ(၂၁)ရက်၊၂၀၁၂ခုနှစ်။ မန္တလေးမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိလိုမှုကြောင့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သဖြင့် ညတွင်းခြင်း အရေးပေါ်သတင်းစာရှင်းလင်းပွဲအား မန္တလေးတိုင်းလျှပ်စစ်ရုံးဝင်းအတွင်း ချက်ချင်းကျင်းပပေးခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူမှ လျှပ်စစ်မီးများ အဆင်ပြေအောင် မလုပ်ပေးနိုင်လျှင် ရာထူးမှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း မြစ်မခသို့ ပြောကြားသွားသည်။ `` ကျွန်တော့်တာဝန်ကတော့ ရလာတဲ့လျှပ်စစ်မီးကို ညီတူညီမျှရအောင် လုပ်ပေးရမယ့်တာဝန် ရှိပါတယ်။ အဲဒီတာဝန်ကို မကျေရင် ကျွန်တော် ထွက်မှာပါ ´´ ဟု ဒေါက်တာမြင့်ကြူက ပြောကြားသည်။ မုတ်သုန်ရာသီဝင်ရောက်လာပြီဖြစ်၍ ယခုထက်စာလျှင် ပိုမိုပေးနိုင်မည်ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာ မြင့်ကြူ ၊ မန္တလေးတိုင်းလျှပ်စစ်ရုံးမှ တိုင်းအင်ဂျင်နီယာဖြစ်သူ ဒေါ်အေးအေးမင်းနှင့် အခြားတာဝန်ရှိ သူများတက်ရောက်ခဲ့သည်။ ယခုကဲ့သို့ လျှပ်စစ်မီးများမပေးနိုင်ခြင်းသည် ကေအိုင်အေမှ ရွှေလီမှလာသော လျှပ်စစ်မီးတန်းများ သွယ်တန်းရာ တာဝါတိုင်များကို ဖျက်ဆီးခဲ့ခြင်းကြောင့်ဖြစ်သည်ဟုလည်း ၎င်းတို့က ဖြေရှင်းချက် ပေးခဲ့သည်။ မန္တလေးမြို့လျှပ်စစ်မီးများ ယခုထက်ပိုမိုပေးဆောင်နိုင်ရန်အတွက် မီးစက်(၁၀)လုံး ရောက်ရှိလာမည်ဖြစ်ပြီး အရေးကြီး သည့်နေရာများတွင် သာ တပ်ဆင်သွားမည်ဖြစ်ကြောင်းကိုလည်း ဒေါ်အေးအေးမင်းက ပြောကြားခဲ့သည်။ ``ရုံးချုပ်က ကျမတို့ဆီကိုပို့ပေးပါတယ် ၊ ရပ်ကွက်တွေက ထရန်စဖာမာတွေရဲ့ခြေရင်းမှာ ချပေးထား မယ် ၊ ကျမတို့လဲ ပေးချင်ပါတယ် ၊ အခြေအနေရက တစ်နိုင်ငံလုံးမှာဖြစ်နေတာပါ ၊ လုပ်ငန်းပဲ သုံးသုံး ဘာပဲသုံးသုံး အပြည့်ပေးချင်ပါတယ်။ ကြိုးစားပြီးမျှတအောင် ဆောင်ရွက်သွားပါမယ် ´´ဟု ဒေါ်အေးအေးမင်းက ပြောသည်။ ၂၀၁၂ခုနှစ် မေလ(၂၀)ရက်နေ့ ည(၇)နာရီအချိန်တွင် မန္တလေးမြို့၌ လျှပ်စစ်မီး(၂၄)နာရီပြန်လည်ရရှိလိုမှုဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲကို မြို့နေလူထုက စုပေါင်းဆန္ဒထုတ်ဖေါ်ပြသခဲ့ကြသည်။ အဆိုပါဆန္ဒပြပွဲကို (၂၆)လမ်းနှင့် (၇၈)လမ်းထောင့်ရှိ မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့တွင် စတင်ကျင်းခဲ့ပြီး ထိုမှတဆင့် ကျုံးဘေးတစ်လျှောက်လမ်းလျှောက်ကာ ဆန္ဒထုတ်ဖေါ်ပြသခဲ့သည်။ ထိုဆန္ဒပြပွဲတွင် လူဦးရေ(၃၀၀၀)ကျော်ပါဝင်ခဲ့ပြီး အလွှာပေါင်းစုံ အရွယ်ပေါင်းစုံပါဝင်ပူးပေါင်းကာ ဖယောင်း တိုင်များကိုင်ဆောင်ပြီး ကြွေးကြော်သံအချို့ကို ကြွေးကြော်ခဲ့ကြသည်။ `` မန္တလေးမြို့ကြီးကို နှစ်ဆယ့်လေးနာရီမီးရချင်လို့ ခုလိုလာရောက်ပါဝင်တာပါ ´´ ဟု မန္တလေးမြို့ ဒေ၀န်း အရှေ့တွင်နေထိုင်သူ အသက်နှစ်ဆယ်ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။ မန္တလေးမြို့တွင် ပြီးခဲ့သည့်သင်္ကြန်နောက်ပိုင်းမှစတင်ကာ မီးပျက်မှုပိုမိုဆိုးရွားလျှက်ရှိပြီး ထိုကဲ့သို့ မီးပျက်မှု ကြောင့် လူအများ ရာသီဥတုဒဏ်ပိုမိုခံစားရခြင်း ရေလုံလောက်စွာမရရှိခြင်းများကို ကြုံတွေ့နေရခြင်းများ ကြောင့် ယခုကဲ့သို့ ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ `` အမှောင်ထဲမှာ နေနေရတာပါ ၊ မီးမလာလို့ ရေလဲမလာဘူး ၊ ရေမလာတဲ့အတွက် အဲဒီရေကို ညနက်သန်းခေါင်ထိ ထိုင်စောင့်ရတယ် ၊ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ သဘာဝသယံဇာတတွေ အရင်းအမြစ် တွေကို နိုင်ငံခြားရောင်းစားနေပြီး ကျနော်တို့မြန်မာနိုင်ငံ သားတွေကြတော့ ကိုယ့်ရဲ့ လူ့အစွမ်းအား အရင်းအမြစ်တွေက အလကားနေအလကား ဆုံးရှုံးနေရတယ် ´´ ဟု ရွှေလှံရပ်ကွက်တွင် နေထိုင်သော အမျိုးသားတစ်ဦးက ကျုံးဘေးဆန္ဒပြပွဲတွင် ပြောပြသွားသည်။ မန္တလေးမြို့တွင် ခြောက်နာရီလာ ဆယ့်နှစ်နာရီပျက်စံနစ်ဖြင့် မီးများပေးလျှက်ရှိပြီး တောင်ကြီး ၊ နေပြည်တော် တို့တွင် မီးလုံးဝပျက်ခြင်းမရှိကြောင်းသိရသည်။ ဆန္ဒပြသူများသည် မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့ ၊ ကျုံးဒေါင့်ဆီဒိုးနားဟိုတယ်ရှေ့နှင့် တရုတ်ကောင်စစ်ဝန် ရုံးများရှေ့သို့ သွားရောက်ဆန္ဒပြခဲ့ကြပြီး ယခုလိုဆန္ဒပြမှုကို တစ်စုံတရာ အရေးယူခြင်းမရှိကြောင်းကိုလည်း တွေ့ရသည်။ သစ်ထူးလွင် မှ တဆင့်ကူးယူဖော်ပြပါသည်။ မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြမည် Browse › Home › မြန်မာ့သတင်း » မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြမည် အချိန်ကြာမြင့်စွာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေသော မန္တလေးမြို့တွင် လျှပ်စစ်မီး ရရှိရေးအတွက် (၂၀.၅.၂၀၁၂) တွင် မန္တလေး မြို့သူမြို့သားများ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီးနောက် (၂၁.၅.၂၀၁၂) ယနေ့ တနင်္လာ တွင်လည်း ဆန္ဒပြသွားမည် ဖြစ်ကြောင်း The Voice Weekly သတင်းထောက် က ပေးပို့သည်။ ယနေ့ညနေ (၆.၀၀) နာရီ အချိန်မှ စ၍ ဆီဒိုးနား ဟိုတယ်ရှေ့ တွင် ဖယောင်းတိုင် မီးထွန်း၍ ငြိမ်းချမ်းစွာ စီတန်းလမ်းလျောက် ဆန္ဒဖော်ထုတ် ပွဲပြုလုပ်မည် ဖြစ်ကြောင်း ၊ ထိုအဖွဲ့ကို ရှင် ရှင်ဝီရသူ ခေါင်းဆောင်သော သံဃာတော်များလည်း ပါဝင်ကြောင်း ၄င်းက ပြောကြားသည်။ " အမာခံ က ငါးဆယ်၊ ခြောက်ဆယ်လောက်ရှိမယ် ထင်တယ်။ စမယ့် အချိန်ရောက်ရင် အဲဒီလူတွေက ဘယ်က ဘယ်လို ရောက်လာလဲ မသိဘူး။ " ဟု မန္တလေး သတင်းထောက်က ယမန်နေ့အတွေ့အကြုံကို ဖုန်းဆက် ပြော ကြားသည်။ ယမန်နေ့က မန္တလေးမြို့တွင် စီတန်းလှည့်လည် ဆန္ဒ ပြမှု ဖြစ်ပွားပြီးနောက် တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံးတွင် လျှပ်စစ် ဓါတ်အား ဖြန့်ဝေ ပေးမှု အခြေအနေကို ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ လျှပ်စစ်ဓါတ်အား ပြတ်တောက်သော နေရာများတွင် ၅၀၀ ကေဗွီ မီးစက်ကြီး ၁၀ လုံးဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးသွားမည် ဖြစ်ပြီး စီတန်းလှည့်လည် ဆန္ဒပြသူများအား တစ်စုံတစ်ရာ အရေးယူသွားမည် မဟုတ်ကြောင်း တိုင်းဒေသကြီး အစိုးရ လျှပ်စစ်ရေးရာ ၀န်ကြီး ကပြောကြားသည်။ သစ်ထူးလွင် မှ တဆင့်ကူးယူဖော်ပြပါသည်။
 

0 comments: