အမှတ်စဉ်(၁၃) ၂၈-၁၂-၂၀၁၁ `စာပေဟောပြောပွဲ ကျင်းပရတဲ့ ဒုက္ခများနဲ့ ဆုလာဘ်များ´
ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်စဉ်(၁၃) ၂၈-၁၂-၂၀၁၁ `စာပေဟောပြောပွဲ ကျင်းပရတဲ့ ဒုက္ခများနဲ့ ဆုလာဘ်များ´
ညက မိုးလုံးလုံးတိပ်သွားပါတယ်။ ဒါပေမယ့် နံနက်လင်းတော့ မိုက တစ်ဖွဲဖွဲနဲ့ တစ်နေကုန်ရွာနေပြန်ပါတယ်။ နံနက်ပိုင်း မိတ်ဆွေ ပင်စင်စား ဦးကျော်စိန်လေဖြတ်လို့ ကောင်းမွန်ဆေးရုံ သို့ ပြေးမေးပါတယ်။ ဆရာမကွေးဝင်းမြင့် ရဲ့ လေဖြတ်ရင် လိမ်းတဲ့( သက်ကယ်ဆေး ချွဲကြေဆေးကို) သွားယူပေးခဲ့ပါတယ်။ အပြန်မှာ ပခန်းငယ်ရွာက သူငယ်ချင်း ကိုမြင့်မောင်၊ ကိုလှကြီးမောင်တို့ ဖခင်၏ နာရေးကို ၀င်မေးပါတယ်။ ညနေ(၃)နာရီမှာ အသုဘ ပို့မည့်အကြောင်းကိုလည်း ပခန်းငယ်ရွာမှ မကွေးမြို့ပေါ်နေ မိတ်ဆွေများကို လိုက်လံ ဖိတ်ကြားပေးပါတယ်။
အိမ်ပြန်ရောက်တော့ ရန်ကုန်မှ ပညာတန်ဆောင်စာပေဆု ယူပြီး ပြန်လာတဲ့ ဆရာ တင်လင်းဇော် နဲ့ သူ့ဇနီး ရောက်လာပါတယ်။ ကျွန်တော့်အတွက် ရန်ကုန်မှ ထုတ်ယူလာတဲ့ စာမူခများနဲ့ လက်ဆောင်ဂျာနယ်များကို လာပေးတာပါ။ ဆရာ တင်လင်းဇော် တော်တော်သဘောကောင်းပါတယ်။ ရန်ကုန်ကို မှာ စရာရှိတာတွေကိုလည်း လာယူတယ်။ ရလာတဲ့ စာမူခများကိုလည်း အိမ်တိုင်ရာရောက်လာပေးရှာပါတယ်။ သူလို အမျိုးသားစာပေဆုရ စာရေးဆရာတစ်ယောက်၊ ပညာရေးကောလိပ် မှ လက်ထောက်ကထိက ဆရာကြီး ဆိုသူတစ်ဦးက ကျွန်တော်တို့လို အညတြဆရာရေးဆရာအိမ်ထိ လာပို့ပေးသူပါ။ ဒါကြောင့် သူကို အထူးကျေးဇူးတင်မိလို့ မှတ်တမ်းအဖြစ် ရေးသားပြရပါတယ်။
မနက်ဖြန် ၂၉-၁၂-၂၀၁၁ နေ့ည မကွေး စာပေဟောပြောပွဲ ကိစ္စတွေကို ကိုနေခြည်၊ ဆရာမင်းကျော်ဇော်၊ ဆရာ မြင့်ကျော်၊ ဆရာဇော်မြင့်ဇော်၊ ဆရာလွမ်းရ၊ ဆရာ ကောင်းသုတ တို့ မကွေးမြို့တော်ခန်းမ မှာ ကြိုတင်ပြင်ဆင်နေကြ ပါတယ်။ အဲဒီကို ကျွန်တော်လည်း သွားကြည့်ခဲ့ပါတယ်။ ထိုင်ခုံလိုအပ်တာကို ဆရာတင်လင်းဇော်တို့ ပညာရေးကောလိပ်က ငှါးပေးပါတယ်။ ဒါပေမယ့် ကုလားထိုင်(၃)လုံး အနီရောင်ကို လှူရမယ်လို့ ဆိုပါတယ်။ အဲ နေ့လည်မှာ မြို့သစ်မြို့က စာပေဟောပြောပွဲ ကော်မတီ ဦးမောင်မောင်ကြီး မှ ဖုန်းဆက်ပါတယ်။ စာပေဟောပြောပွဲ အတွက် အားလုံးစီစဉ်ပြီးခါမှ အနီးကပ်ပြီး ပွဲမိန့် မရလို့ တော်တော် စိတ်ပျက် ၊ ဒေါသထွက်နေကြရပါတယ်။ ဖိတ်ကြားထားတဲ့ ဆရာနေ၀င်းမြင့် တို့ကိုသာ ကြည့်ပြီး ပြောပေးပါရန် ကျွန်တော့်ကို ဖုန်းဆက်မှာ ကြားနေပါတယ်။ နောက် စာပေဟောပြောပွဲ အတွက် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာမှာ စီစဉ်ထားသူ သတင်းထောက် မကွေးဝင်းမောင် ရောက်လာပြန်ပါတယ်။ သူတို့ဆီမှာ အင်တိုင်းရွာသစ်ဘုန်းကြီးကျောင်း မှာ နေ့ပွဲတစ်ပွဲ။ ည မှာ ကြာကန်ကျေးရွာထဲ တစ်ပွဲ စာပေဟောပြောပွဲ ကို စာရေးဆရာ ဆရာ ဦးဘုန်း(ဓာတု)၊ဆရာ ဇော်ခိုင်ဦး၊ ဆရာ ဦးဆွေ(ဒဿနိက) တို့နဲ့ ဟောပြောကြရန် ပွဲမိန့်တင်ထားကြောင်း၊ ယခုရက်အထိ ပွဲမိန့်မရလို့ လိုအပ်တာကို လာရောက်ဆောင်ရွက်ပေးနေတာ မနက်ဖြန် မကွေးတိုင်းဒေသကြီး အစည်းအဝေးပြီးရင်တော့ ချပေးလိမ့်မယ် ဆိုတာကို လာပြောနေပါတယ်။ ဘာတွေဖြစ်နေတယ်တော့ မသိပါ။ ခေတ်ပြောင်းပြီးဆိုနေသော်လည်း အောက်ချေမှာတော့် လုပ်ရ ကိုင်ရတာကတော့ အရင်လိုပါဘဲဗျာ လို့ ပြောဆို နေကြရပါတယ်။ ဆရာ မကွေးဝင်းမြင့်၊ ဆရာ ခေတ္တရာမန်းသန်းမြင့်၊ သတင်းထောက် မကွေးဝင်းမောင်တို့ ရောက်လာကြလို့ စကားဝိုင်းဖွဲပြီး ညီးညူနေကြတာပါ။
ညနေပိုင်းရောက်လာတော့ စာပေဟောပြောပွဲကို ဦးဆောင်းစီစဉ်နေသူ စာနယ်ဇင်းအတွင်းရေးမှူး နေခြည်(မကွေး) ရောက်လာပါတယ်။ နောက်များဆိုရင် စာပေဟောပြောပွဲလုပ်ရမှာတော့ ကြောက်ပါပြီဗျာ ဆို အော်ဝင်လာပါတယ်။ ဘာကြောင့်လည်းဆိုတော့ ယခင်မူလ အစီအစဉ်ကတော့ ဆရာ ဒေါက်တာထွန်းလွင်(မိုလေ၀သ) က ရန်ကုန်ကနေ လိုင်းကားနဲ့ လာမယ်၊ ပြန်မယ်ဆိုပြီး စီစဉ်ထားပါတယ်။ ယခုတော့ သူက စစ်ကိုင်းတိုင်းဒေသကြီး ထန်းတစ်ပင်/ဇီးကုန်း မှာ ၂၇-၁၂-၂၀၁၁ နေ့ည ဟောပါတယ်။ ယနေ့ မန္တလေးမှာ သူရောက်နေတယ်။ လာခေါ်ပေးပါ။ လိုင်းကားနဲ့ မလာနိုင်ဘူးဆိုလာပါတယ်။ နောက် မူလက အစီအစဉ် က မန္တလေးမှ စာရေးဆရာများဖြစ်ကြတဲ့ ဆရာနေ၀င်းမြင့်၊ ဆရာမ ခင်ခင်ထူး၊ ဆရာညိုထွန်းလူ တို့ သုံးဦးမှာ ဆရာညိုထွန်းလူရဲ့ ကားလေးနဲ့ အသွား/အပြန်လာကြဖို့ စီစဉ်ထားပါတယ်။ဆရာညိုထွန်းလူရဲ့ ကားကို မင်းဘူးစာပေဟောပြောပွဲမှာ လာတုန်းကအတိုင်း လမ်းစရိတ် အသွား/အပြန် ငွေ(၂)သိန်းကျခံပေးပါမည်လို့ စီစဉ်ထားကြပါတယ်။ ယခုတော့ ဆရာနေ၀င်းမြင့် နဲ့ ဆရာမခင်ခင်ထူးတို့ မိသားစုက ၂၉-၁၂-၂၀၁၁ နေ့ နံနက်ပိုင်း နေပြည်တော်မှာ ဆရာနေ၀င်မြင့်ရဲ့ (တတိယ အကြိမ် သုံးထပ်ကွမ်း) အမျိုးသား စာပေဆု ယူပွဲတက်မယ်။ ဆုယူပြီးတာနဲ့ နေပြည်တော်ကနေ မကွေးမြို့ကို မိတ်ဆွေတစ်ဦးကားနဲ့ လာကြပါ့မယ်။ အဲဒီက အဆင်ပြေသွားပါတယ်။ အဆင်မပြေတာက မန္တလေးမှ လာမယ့် ဆရာညိုထွန်းလူကားကိစ္စပါ။ ၂၉-၁၂-၂၀၁၁ နေ့ နံနက်မှ ထွက်လာမယ့် ကားတစ်စင်းတည်းနဲ့ ဆရာညိုထွန်းလူ ထံ စောစောက မန္တလေးကိုရောက်နေလို့ လာခေါ်ပါဆိုသူ ဒေါက်တာထွန်းလွင် အား ၀င်ခေါ်ပေးပါလို့ ကိုနေခြည်က ဖုန်းဆက်မေတ္တာရပ်ခံပါတယ်။ အဲ ဒါကို ဆရာ ညိုထွန်းလူ က သူ့ကားနဲ့ ဒေါက်တာထွန်းလွင် အား ၀င်ပြီး မခေါ်လိုကြောင်း ကိုနေခြည် ပြန်ပြောပြလို့ ကြားသိလိုက်ရပါတယ်။ ဒါနဲ့ စာပေ၀ါသနာရှင် ကိုအောင်လွင် နဲ့ စာရေးဆရာ မင်းကျော်ဇော် တို့ကို ကားတစ်စီးနဲ့ ယခုည မန္တလေးမြို့သို့ စာရေးဆရာများကို သွားပြီးခေါ်ရန် စီစဉ်ပေးလိုက်ရပါတယ်။ ယခုည (၈)နာရီမှာ မကွေးမြို့ကထွက်သွားကြပါပြီ။ မနက်ဖြန် ၂၉-၁၂-၂၀၁၁ နေ့ နံနက် သူတို့ကားနဲ့ ဆရာကြီးဒေါက်တာ ထွန်းလွင်(မိုးလေ၀သ)၊ ဆရာညိုထွန်းလူ တို့ နှစ်ဦးကို ဒီကားနဲ့သာ ခေါ်လာကြပါမည်။ ဆရာညိုထွန်းလူ ရဲ့ ကားကို မယူတော့ရန် မှာကြားလိုက်ရပါတယ်။ ဘာကြောင့် သူ့ကားကို မယူတာလည်းဆိုရင် ယခင်စီစဉ်ထားတဲ့ ငွေကျပ်(၂) သိန်းကို ယခုည သွားခေါ်တဲ့ကားအတွက် လမ်းစရိတ်မှာ အသုံးပြုလိုက်ရလို့ပါ။ အများက စုပေါင်းလှူဒါန်းထားတဲ့ ငွေများကို မကုန်တန်ရာ မကုန်အောင် စီစစ်သုံးစွဲရမည့်တာဝန်က စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီ တာဝန်ပါဗျာ..။
စာပေဟောပြောပွဲ ဖြစ်မြောက်ရေးဆောင်ရွက်ကြရတာ မလွယ်ပါဘူးဗျာ..။ ယခုခေတ် စာရေးဆရာတစ်ယောက် အတွက် ကန်တော့ငွေက (၁) သိန်းဆိုတာ အနည်းဆုံးဖြစ်နေတာပါ။ ဒါနဲ့ မပြီးသေးဘူး လာရောက်ဟောပြောကြမယ့် စာရေးဆရာတွေ ဖြစ်လို၊ တည်းလိုတာတွေကိုလည်း အနိမ့်ဆုံး ဗိုလ်ထိုင်ပါတဲ့ ဟောတယ် ကို စီစဉ်နေရာချထားပေးရတာပါ။ ဒါနဲ့ မပြီးသေးပါဘူ၊ အဝေးပြေး ခရီးသည်တင်မှန်လုံ အမြန်(အိပ်စပက်) လိုင်းကားကို မစီးနိုင်ဘူး ဆိုရင်လည်း မဖြစ် ဖြစ်အောင် ကားတစ်စီး အသွား/ အပြန် စီစဉ်ပေးကြရပါသေးတယ်။ ဒီကြားထဲ စာပေဟောပြောပွဲ ပွဲမိန့်ရဖို့ကိုလည်း တော်တော် စိတ်ရှည် သည်းခံပြီး လိုအပ်တဲ့ အချက်အလက်ပြည့်စုံအောင် တင်ပြတောင်းခံထားရပါတယ်။ စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးကြတဲ့ အလှူရှင် ၊ စပွန်ဆာများကိုလည်း နောက်နှစ်တွေအတွက် မိတ်မပျက်အောင် နေရာချထား ပေါင်းသင်းဆက်ဆံကြရပါတယ်။ ဒါလောက် အစီအစဉ်တစ်ကျ ကြိုးစားဆောင်ရွက်ထားတာကို အလှူရှင်တစ်ချို့နဲ့ ဒေသဌာဆိုင်ရာ လူကြီးမင်းတစ်ချို့ရဲ့ မေးငေါ့ အပြစ်တင်က ခံကြရပါသေးတယ်။ အကြီးမားဆုံး ပြဿနာကတော့ ဖိတ်ကြားလို့ ဟောပြောသွားကြတဲ့ စာရေးဆရာတစ်ချို့က ပရိတ်သတ်ရဲ့ လက်ခုပ်သံကို သာယာလို့ ဇာန်ဝင်ပြီး အစိုးရကို ကလော်တဲ့ ဆော်တဲ့စကားတွေများ ထည့်ပြောသွားလို့ကတော့ ဒေသပိုင် အုပ်ချုပ်ရေးအဖွဲ့တွေက စာပေဟောပြောပွဲ ကော်မတီ ကိုခေါ်ပြီး မုန့်ဟင်းခါးကြွေးကြပြန်ပါတယ်။ ဒါကြောင့် ဟောပြောပွဲပြီးသော်လည်း စာပေဟောပြောပွဲ ကော်မတီကတော့ ဘာကိစ္စ မှ ရှင်းလို့ကို မပြီးနိုင်ကြတော့ပါခင်ဗျာ….။ လုပ်ချင်အုံးဟ စာပေဟောပြောပွဲ။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၁ ၊ ဒီဇင်ဘာလ(၂၈)ရက်။
Artikel အမှတ်စဉ်(၁၃) ၂၈-၁၂-၂၀၁၁ `စာပေဟောပြောပွဲ ကျင်းပရတဲ့ ဒုက္ခများနဲ့ ဆုလာဘ်များ´ ini dipublish oleh shwelannwelanwinkyi pada hari Saturday, May 19, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan အမှတ်စဉ်(၁၃) ၂၈-၁၂-၂၀၁၁ `စာပေဟောပြောပွဲ ကျင်းပရတဲ့ ဒုက္ခများနဲ့ ဆုလာဘ်များ´
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment