၃-၄-၂၀၁၂ `သတင်းတစ်ပုဒ်၏ အတည်ပြုချက်နှင့် နောက်ဆက်တွဲသတင်းတာဝန်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၇၃-၄-၂၀၁၂) ၃-၄-၂၀၁၂ `သတင်းတစ်ပုဒ်၏ အတည်ပြုချက်နှင့် နောက်ဆက်တွဲသတင်းတာဝန်´ နံနက်(၇း၃၀)နာရီမှာ မကွေးမြို့မှထွက်ခဲ့တယ်။ ကဗျာဆရာ နှင်းဦး(မင်းဘူး)ရဲ့ရွာ ကန်ရေကို နံနက်(၈း၃၀)နာရီမှာ ရောက်တယ်။ ချိန်းထားလို့ သူကစောင့်နေပါတယ်။ နံပါတ်(၁) မြန်မာ-တရုပ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုပ်အရာရှိအား ဒရိုင်ဘာက ဓားထိုးတဲ့ သတင်း အကြောင်းအရင်း စုံစမ်းလိုပါတယ်။ (၂) ဒီ တရုပ်အရာရှိတွေက မြန်မာရွာတွေမှ အုပ်ချုပ်ရေးမှူးများထံဝင်ပြီး အမျိုးသမီးတစ်ယောက်ရှာပေးရန် တောင်းဆိုတယ်လို့ အင်တာနက် သတင်းတွေအတိုင်း ဟုတ် မဟုတ်စုံးစမ်းလိုတယ်။ (၃) ဒီ ပိုက်လိုင်းကပဲ ခန်ကုန်းရွာနားမှာ ပျူခေတ်က လက်ကောက်ကြီးတွေ့တဲ့ သတင်းရဲ့ နောက်ဆက်တွဲ သတင်းများ နဲ့ စတင်တွေ့ရှိတဲ့ ကာယကံရှင်များရဲ့ဓာတ်ပုံများကို ရလိုတယ်။ ဒီသုံးချက်ကို သတင်းလိုက်ချင်ကြောင်း ကဗျာဆရာ နှင်းဦး(မင်းဘူး)ကို ပြောပါတယ်။ လက်ကောက်တွေ့တဲ့နေရာက စကုမြို့ရဲ့ အနောက်ဘက်မှာ ဆိုတော့၊ တစ်လမ်းဆီဖြစ်နေတယ်၊ ယနေ့သွားလို့ မရဘူးသိရပါတယ်။ ဒါနဲ့ ကျွန်တော်တို့ တရုပ်အရာရှိ ဓားထိုးခံရမှုဖြစ်တဲ့ စခမ်းနဲ့အနီးဆုံး ကုန်းသာရွာကို သွားကြပါတယ်။ ကုန်းသာရွာမှ ဆရာ နှင်းဦး(မင်းဘူး) ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းများ အိမ်ကို ၀င်ရောက်ပြီး သိလိုတာများကို ပွင့်ပွင့်လင်းလင်း မေးမြန်းကြည့်ပါတယ်။ ဒီသတင်း နှစ်ပုဒ်ကို မြန်မာပို့စ် သတင်းဂျာနယ်နဲ့ လျှပ်တစ်ပြက်ဂျာနယ်များမှာ သတင်းရေးထားလို့ နောက်ဆက်တွဲ သတင်းများကို ရလိုကြောင်း အကူအညီတောင်းပါတယ်။ အဲဒီသတင်းများကိုတော့ အရပ်သတင်း၊ ပါးစပ်သတင်းများကိုသာ ကြားရပါတယ်။ ဘယ်သူ က ပြောပါတယ်ဆိုတဲ့ တိတိကျကျ အတည်ပြုချက်ကို အရေးမခံရဲကြပါ။ ဒါနဲ့ ကုန်းသာရွာမှာ ထူးထူးခြားခြား (၇/၈)လအတွင်း လျှပ်စစ်မီးလင်းအောင် ဆောင်ရွက်နိုင်တဲ့ သတင်းထူးကို ကြားရပါတယ်။ ဒါကြောင့် ကုန်းသာရွာ ဘုန်းကြီးကျောင်းကို သွားကြ တယ်။ လျှပ်စစ်မီးလင်းရေးကော်မတီ(၃၅)ဦးထဲမှ တာဝန်ရှိသူ နှစ်ဦးနဲ့ ဆရာတစ်တော်တစ်ပါး ကို တွေ့ဆုံခဲ့ပါတယ်။ မင်းဘူး(စကု) မြို့နယ် လျှပ်စစ်မန်နေဂျာနဲ့လဲ တွေ့ဆုံခဲ့ရပါတယ်။ ပျူခေတ်လက်ရာ နဂါးခေါင်းရုပ်ပါ ရွှေလက်ကောက်ကြီး နေပြည်တော်သို့ရောက်ရှိ ပျူခေတ် နဂါးခေါင်းရုပ်ပါ ရွှေလက်ကောက်ကြီး၏ ပိုင်ရှင်နှင့်အဖွဲ့သည် ၂၉-၃-၂၀၁၂ နေ့တွင် နေပြည်တော်ရှိ ယဉ်ကျေးမှုဝန်ကြီးဌါန၊ ဒုတိယ၀န်ကြီးအား ပြသ၍ ညွှန်ကြားရေးမှူး ဦးမျိုးညွှန့် ထံသို့ အပ်နှံခဲ့ကြောင်း သိရ၏။ ပူးတွဲ ဖော်ပြစာအရ၊ ထုတ်ယူ၍ ယင်းလက်ကောက်ကြီးအား ကောက်ယူတွေ့ရှိသူ မကေသဇင်ကျော်၏ ဖခင် ဦးထွန်းသိန်းလွင်ဦး၊ ဦးထွန်းရီ(လက်ခုပ်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး)၊ ဦးရဲလင်းဦး ဒုတိယဦးစီးမှူး(မင်းဘူး-စကု)မြို့နယ် တို့နှင့် ဦးစောလွင် ဒုတိယညွှန်ကြားရေးမှူး၊ မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုဝန်ကြီးဌာန မှ ဦးဆောင်ပြီး နေပြည်တော်သို့ လာရောက်ကြောင်း သတင်းရရှိပါသည်။ ရှေးဟောင်းပစ္စည်းများကို အများပြည်သူများမှ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အပ်နှံခဲ့လျှင် ကာလပေါက်ဈေး တန်ဘိုးများထက် အဆများစွာဖြင့်ပိုမို၍ ရရှိနိုင်ကြောင်း ဦးစောလွင် ဒုတိယ ညွှန်ကြားရေးမှူး မှ အောက်ပါအတိုင်း ပြောဆိုသည်။ ` ဆရာတို့ဂျာနယ်တွေမှာ ဒီသတင်းကပါလာတော့ ကျွန်တော်တို့ကလည်း အမြန်ဆောင်ရွက်ကြရပါတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုဌာန က စစ်ဆေးအတည်ပြုပြီး သတ္တုတွင်းဝန်ကြီးဌာနမှ တန်ဘိုး အရည်အသွေး စစ်ဆေးရေးဌာနကို တန်းပို့ပေးပြီး စစ်ဆေးခိုင်းရပါတယ်။ ရွှေအရည်အသွေးက အခေါက်တော့ အခေါက်ရွှေပါပဲ။ (၁၆)ပဲရည် အခေါက် အပျော့ရွှေမဟုတ်ဘူး၊ (၁၅)ပဲရည် အခေါက်ရွှေ အမာဖြစ်တယ်လို့သိရပါတယ်။ အလေးချိန်ကတော့ ယခင်စစ်ဆေးပြီး အလေးချိန်ပါဘဲ။ ယခုလက်ရာက ပျူခေတ်က ရိုးရှင်းတဲ့လက်ရာပါ။ ဒီလို ပျူခေတ်က လက်ရာ ရွှေလက်ကောက်ကြီးများကို ဒါကောဆိုရင် (၃)ကွင်းတွေ့ထားပါပြီ။ ပထမစတွေ့တာက မြင်းမူဘက်မှ တစ်ကွင်း၊ မိုင်းမော(ကူမဲမြို့နား)က တစ်ကွင်း၊ ယခု မင်းဘူး(စကု)ဘက်က တစ်ကွင်း ဆိုတော့ သုံးကွင်းတွေ့ရှိထားပါပြီ။ မူမပျက် လက်ရာမပျက်ရတာကတော့ မြင်းမူ ဘက်က လက်ကောက်နဲ့ ယခု လက်ကောက်ကြီး နှစ်ကွင်းပါဘဲ။ အများပြည်သူတွေက ရှေးဟောင်းပစ္စည်းဆိုရင် ဖမ်းမှာဆီးမှာဘဲဆိုပြီး အကြောက်တရားတွေနဲ့ အပြင်ကို ဈေးနည်းနည်းနဲ့ကြိတ်ပြီးရောင်းတတ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ယဉ်ကျေးမူဝန်ကြီးဌာနကို ရှေးဟောင်းပစ္စည်းများ အပ်နှံကြရင် မူလတန်ဘိုးထက် အဆများစွာ ပိုပေးတယ်ဆိုတာကို ဆရာတို့ဂျာနယ်တွေကနေ အများပြည်သူများသိအောင် တင်ပြပေးစေချင်ပါတယ်။ ယခု လက်ကောက်ကြီး ဆိုရင် ယခု လက်ရှိရွှေပေါက်ဈေးနဲ့ တွက်ရင် သိန်းတစ်ရာကျော်လောက်ပဲ ရမှာပါ။ ရှေးဟောင်းပစ္စည်းတန်ဘိုးလက်ရာ နှစ်အရေအတွက်နဲ့ အပိုဆောင်းတွက်ချက်လိုက် ရင် ယခု ဒီလက်ကောက်ကြီးကို သိန်း(၂၇၀) လောက် ချီးမြှင့်ပေးလိမ့်မယ်လို့ ကျွန်တော်အနေနဲ့ ခန့်မှန်းရပါတယ်ခင်ဗျာ..။´ ဟု ဦးစောလွင် ဒုတိယညွှန်ကြားရေးမှူး၊ မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုဝန်ကြီးဌာန မှ ပြောကြားပါသည်။ ဂုဏ်ပြုချီးမြှင့်ပွဲကို ၂၀၁၂ ခု မေလလောက်တွင် မင်းဘူး(စကု) (သို့မဟုတ်) နေပြည်တော် မှာ ကျင်းပပေးမည်ဟု ခန့်မှန်းပြောဆို၍ သတင်းရယူခဲ့ပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: