ဘာသာရေး ဆောင်းပါး
ရွှေလမ်းငွေလမ်းဝင်းကြည်
စာရေးသူသည် အလုပ်တစ်ခု အယူဝါဒတစ်ခုကို စွဲစွဲမြဲမြဲ နှစ်ရှည်လများ မဆောင်ရွက်လိုသော အကျင့်ရှိခဲ့ပါသည်။ ငယ်စဉ်ကျောင်းသားဘ၀မှ စ၍ ပဋိစ္စသမုပါဒ်-အကြောင်းကြောင့် အကျိုးဖြစ်၊ ဒိဋ္ဌိပြုတ်တရားများအား မိုးကုတ်ရိပ်သာတွေမှာ နာကြားလေ့လာခဲ့ပါသည်။ အခြေခံမျှသာ သဘောပေါက်ခဲ့၏။ အလုပ်စခန်းဝင်နိုင်လောက် အောင်အဆင့် မရောက်ခဲ့ပါ။
စာရေးသူသည် အယူဝါဒ မစင်ကြယ်ပဲ သိခဲ့သောကြောင့် ငယ်စဉ်မှာ ဒီတရားတွေ လိုက်စားနေလျှင် လောကီစီးပွားရေးတွေ နောက်ကျကုန်မည်ဟု တွေးတောထင်မှားခဲ့ပါသည်။
ဆရာအပေါင်းမှားခဲ့၏။ “ ငါ့မြင်း ငါစိုင်း စစ်ကိုင်း ရောက်ရောက်” ဆိုသော စကားပုံအတိုင်း လောကီစီးပွားရေးမှာ ထင်ရာ ဒုန်းစိုင်း ပြေးခဲ့၏။ တရားမှုရော၊ မတရားမှုရော၊ လမ်းရိုးရော၊ လမ်းသစ်ရော၊ ဖြတ်လမ်းရော၊ ပတ်လမ်းရော စုံအောင် လုပ်ခဲ့ပါသည်။ သို့ပါသော်လည်း ကံ-ကံ၏ အကျိုးနှင့် လောကဓံတရား ရှစ်ပါး လှိုင်းအပုတ်မှာ အလူးအလဲထူးကွဲစွာ အကျနာခဲ့ပါသည်။
မူးမူးမေ့မေ့-ထိုတစ်နေ့မှာ --စာရေးသူ သားအရွယ် ကလေးငယ် စာပေ ဗဟုသုတ ပြည့်ဝသူလေး တစ်ယောက်နဲ့တွေ့ပါသည်။
“ ဦးက အချိန်ရှိတိုင်း မူးနေတာဗျာ-ဒီမှာ ကျွန်တော့်လက်ထဲက စာအုပ်ကလေး ဖတ်ကြည့်စမ်းပါ-ရော့ ရော့ ဖတ်လိုက်စမ်းပါ ဦးရယ်”
စာအုပ်မှာ ဒေါက်တာ မင်းတင်မွန်၏ “ ဘ၀ အောင်မြင်ရေးကို ရှေ့ရှုကြ” စာအုပ်ကျမ်းသေးလေးဖြစ်ပါသည်။ နိဒါန်းပိုင်း ဘ၀ အလင်းရောင်ကို ဖတ်မိ၏။ ကမ်းမမြင်၊ လမ်းမမြင်ပင်လယ် ညအမှောင်ကြီးမှာ ဘာသာတရားပျောက်နေသော ကိုတံငါသည်နဲ့ နာဝါလှေငယ်လေးတစ်စင်းမှာ ဒုက္ခ ပင်လယ်ဝေနေ၏။ နောက်ဆုံးသေတော့မည့် အချိန် သမ္မာဒေ၀နတ်များကို တိုင်တည်ပြီး လက်အုပ်ချီမိုး၍ ဘုရား-တရား-သံဃာ သရဏဂုံသုံးပါး ဆည်းကပ်ပူဇော်လိုက်၏။ ထိုအခါ( “ ဖျတ်ကနဲ” ၀င်းလက်အောင် ဘ၀လျှပ်စီး လင်းလက်သွားပါသည်။) ကိုတံငါလှော်ရမည့်ကမ်း ကမ်းဘက်ကိုမြင်သွား၏။
“ ကိုယ့်ဘ၀ ကိုယ်သာ ပဲ့ကိုင် ”
စာရှုသူ ကျွန်တော် အမူးပြေသွား၏။ မူးမူးမေ့မေ့ ထိုတစ်နေ့ (၁၈-၃-၉၁)ဖြစ်သည်။ ၄င်းညမှာပင် မကောင်းမှု များရှောင်၍ ကောင်းမှုများ ဆောင်ရန် တိခနဲ ဆုံးဖြတ်ချက် ချလိုက်ပါသည်။
မှတ်မှတ်ရရ ၁၉၉၁-ခု သင်္ကြန်အကြိုနေ့ မကွေးမြို့မှ ရွှေပေါ်ကျွန်းသို့ ဘုရားဖူးသွားရန် ထိပ်တန်းကားကြီးတစ်စီးက ဆီးကြိုနေသည်ကို တွေ့ရပါသည်။ ၄င်းကားနှင့် လိုက်လာခဲ့မိသည်။ ရွှေပေါ်ကျွန်းရောက်ရင် သက်သတ်လွတ် စားရမှာပဲ၊ အသားငတ်တော့မှာပဲဆိုသော လောဘစိတ်ဖြစ်ခဲ့မိသည်။ လမ်းမှာ ရောက်လေရာ၊ တွေ့လေရာ အသားတို့ကို အ၀စားခဲ့မိပါသည်။ ကားကြီးမှာ မလှိုင်မြို့သို့ ရောက်၏။ ၄င်းမလှိုင်မှ အထွက် ရွှေပေါ်ကျွန်းသို့ သွားရန် တောလမ်းအစ ဇရပ်မှာ ခေတ္တနားပါသည်။ ၄င်းဇရပ်မှာ ကားမရပ်မီ စာရေးသူ ကားပေါ်မှ အမြန်ခုန်ချရပါသည်။ ဖြစ်ပုံမှာ လောဘစိတ်နှင့် အ၀စားလာသော အသားများက အထက်လှန် အောက်လျှော(၀မ်း)ဒလဟော သွားနေပါသည်။ အိမ်သာကိုတောင် ရောက်အောင် မစောင့်နိုင်ခဲ့ပါ။ ကားမှာ စာရေးသူ တစ်ယောက်တည်းကို အကြာကြီး စောင့်ခေါ်ရပါသည်။ အသားတပ်မက်သော ကျွန်တော့်အား ပါစက၀မ်းမီး ဓါတ်က ဒဏ်ခတ်လိုက်ပြီဟု ထင်မိပါသည်။
ထိုနေ့ည ရွှေပေါ်ကျွန်းသို့ ရောက်ခဲ့ပါသည်။ ည ၁း၀၀ နာရီခန့်မှာ သင်္ကြန်ကျမည်၊ ခေါင်းဆေးမင်္ဂလာ အချိန်အခါကို ပြုရမည်စသည့် နေ့နံသင့် ဘုရားရင်ပြင်တော်မှာ မင်္ဂလာအချိန်အခါကို စောင့်နေကြရ၏။ သင်္ကြန်ကျ၍ မင်္ဂလာအချိန် ကြေငြာလိုက်သောအခါ ခေါင်းဆေးမင်္ဂလာ ပြုကြရ၏။ ၀မ်းမြောက်ဝမ်းသာ ပီတိဖြစ်ကြရပါသည်။ နှစ်သစ်ကို သစ်လွင်သော အ၀တ်အစားများ ၀တ်ဆင်၍ ကြိုဆိုပြီး အိပ်စက်ကြပါသည်။
စာရေးသူသည် တစ်နေ့လုံး ကားစီးလာရခြင်း၊ လမ်းမှာ ၀မ်းပျက် အထက်လှန်အောက်လျှော ရောဂါဝေဒနာတို့ကြောင့် ခေါင်းဆေးမင်္ဂလာပြုပြီး ရရနေရာလွတ်ကလေးမှာ အိပ်ခဲ့မိသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် “ စာရေးသူ၏ ညာဘက်လက် တစ်ဖက်လုံး၊ လုံးဝ လှုပ်ရှား၍ မရတော့ပါ။ လေဖြတ်၍ သေသွားလေမလား၊ လက်ကပ်သွားသလား မဝေခွဲတတ်ပါ၊ များစွာ နာကျင်သော ဝေဒနာတစ်ခုကို တစ်ချက်ခံစားလိုက်ရပါသည်။ ၄င်းသေနေသော ညာဘက်လက် လက်ကောက်ဝတ်ကို တိခနဲ လူတစ်ယောက်က လာဖြတ်ယူသွားပါသည်။ စာရေးသူ များစွာ တုန်လှုပ်ချောက်ချားစွာ ခံစားနေရပါသည်။ ယင်းညာဘက်လက်ပြတ်ကြီးကို စိုက်ကြည့်နေစဉ် ဆရာတော် တစ်ပါးက ကြွလာပြီး ညာဘက်လက် တစ်ဖက် အစားပြန်တပ်ပေးသွားပါသည်။” ထိုအချိန် အိပ်ရာမှ လန့်နိုးပါသည်။ ဘုရား..ဘုရား ကျွန်ုပ်လောဘ အင်မတန်ကြီးသော ညာဘက်လက်ဟောင်းကြီးအား ဖြုတ်၍ လောဘနည်းသော သာသနာပြုရန် ဤယခု ညာဘက်လက်သစ်ကြီးအား ချီးမြှင့်ပေးသွားသည်ဟု ယူဆမိပါသည်။
ယခု စာရေးသူ ရေးသားနေသော ညာဘက်လက်သစ်ကြီးမှာ ဘုရား၊ တရား၊ သံဃာ၊ သရဏဂုံ အမြဲတည်သော ကလောင်လက်ဖြစ်နေပါပြီ။ ဤကလောင်လက်ဖြင့် တတ်အား သမျှ သာသနာ အကျိုး ဆောင်ရွက်ပါရစေ၊ ဤ သဒ္ဒါလက်ဖြင့် ဆက်လက်ရေးသားခွင့်ပေးတော်မူပါ ဆရာတော်ဘုရား…။
ဤဖြစ်ရပ်မှန် ကိုယ်တွေ့ဆောင်းပါး ၀တ္ထုတိုဖြင့် ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ရွှေပေါ်ကျွန်းစေတော်ဝင်ကျောင်းဇေယျသိဒိဓမ္မဥာဏိက ဆရာတော် ဘုရားကြီးအား ရှိခိုးပူဇော်ပါ၏။
ရွှေလမ်းငွေလမ်းဝင်းကြည်
ရွှေပေါ်ကျွန်း ဓမ္မသာလာ မဂ္ဂဇင်း မှ
ပြန်လည်ဖေါ်ပြပါသည်။
0 comments:
Post a Comment