အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်
လေးဘက်သွားခါစ ကလေးငယ်များဟာ မစင်ကို မစင်လို့ မမြင်ဘဲ၊ မသိဘဲ လက်များနှင့် ပယ်ပယ်နယ်နယ် ရယ်ရွှင်ပြီး ကိုင်လူး ပျော်မြူးနေတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီကလေးငယ်များရဲ့ လက်ကို မိခင်က ရေနဲ့ ဆေးကြောပေးလိုက်ရင် လွယ်လွယ်လေးနဲ့ပဲ ပြောင်လက်သန့်စင်သွားတတ်ကြပါတယ်။
ယခု ကျွန်တော်ရေးသားဖော်ပြမဲ့ အဆိပ်လူးသော လက်များကတော့-လွယ်လွယ်ကလေးနဲ့ ဆေးကြောလို့ မရနိုင်ပါ။ ကျွန်တော့်ရဲ့ ဒီဆောင်းပါးဟာ ပင်လယ် သမုဒ္ဒယာထဲတွင် ပျားရည်တစ်စက်ကျသွားသလောက်သာ ဖြစ်နေပါမည်။
ပင်လယ်သမုဒ္ဒယာ ရေပြင်ကြီးသည် ကမ္ဘာကြီး၏ သုံးပုံနှစ်ပုံကျယ်ဝန်းသည်ဟု ငယ်ငယ်က စာသင်ကြားခဲ့ရပါတယ်။ ဤမျှလောက်ကျယ်ဝန်းပေါများနေသော်လည်း ပင်လယ်ရေကို ကျွန်တော်တို့ လူသားတွေ သောက်လို့ မရနိုင်ပါ။ ပျားရည် တစ်စက်ကိုတော့ လူတိုင်းနှစ်သက်ကြပါမည်…….။ သို့သော် ပျားရည်သည် အ၀စား သုံးစရာ မဟုတ်ပါ။ ရံဖန်ရံခါ လိုအပ်ပါမှ ဆေးဖြစ်ဝါးဖြစ် နှစ်သက်ရာ တစ်ခုခုနှင့်သာ ပူးတွဲဖေါ်စပ် စားသုံးကြတာ မဟုတ်ပါလား။
“ မိဘ-ဆရာပူးပေါင်း-ကလေးပညာကောင်း ” ဟု စာသင်ကျောင်းများမှာ ကြွေးကြော်ထားကြပါတယ်။ ကျောင်းထားကာစ အရွယ် အင်မတန်နုနယ် ဖြူစင်နေတဲ့ မူလတန်းကလေးများကို စတင်ကိုင်တွယ် ကြရမယ့် မိဘများနဲ့ ဆရာသမားများရဲ့ လက်ဟာ သိပ်ပြီး အကိုင်အတွယ်တတ်ဖို့ အရေးကြီးကြပါတယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလိုပေါ့-။ ကျောင်းကို စတင်လှမ်းခဲ့တဲ့ ကလေးငယ်ရဲ့ ခြေတလှမ်းဟာ နောင်အနာဂတ်တွင် တိုင်းပြည်အတွက် ကုဋေတသန်းမကတန်စေချင်ပါတယ်ခင်ဗျာ။ ဒါပေမယ့် ယနေ့အခါ မူလတန်း၊ အလယ်တန်းကျောင်းသူ ကျောင်းသားတချို့ရဲ့ စာမေးပွဲတွင်းမှာ ပြောသံ ဆိုသံ များကြားခဲ့ရပါတယ်။ များစွာမှ စိတ်မကောင်ပါ။ စာရေးသူကိုယ်တိုင် ကြက်သီးမွေးညင်းများထသွားမတတ် ခံစားလိုက်ရပါတယ်။ သူတို့ သူငယ်ချစ် တစ်သိုက်ပြောသံများမှာ
“ သူငယ်ချင်းရာ ငါတို့ အတန်းပိုင်ဆရာမက အလကားပါကွာ-စာမေးပွဲ မဖြေခင်တုန်းကတော့ ည စာကြည့်ခေါ်ပြီး စာမေးပွဲနားလဲနီးရော- နင်တို့ ပြန်ကြတော့တဲ့--အဲဒီနေ့ကပဲ လူကြီးသမီး အက်စ်စီးကားကြီးစီးပြီး မုန့်ပုံးတစ်ပုံးနဲ့ ငွေသားတစ်ထောင်ပေးသွားတာ ငါမြင်လိုက်ရတယ်။ အဲဒီ မြင်ကွင်းကို ငါမျက်စေ့ထဲက သေတောင် မမေ့တော့ပါဘူးကွာ” တဲ့။
နောက်ကျောင်းသားလေးတစ်ဦးက ထပ်ပြောပါတယ်။
“ ငါတို့ မိဘတွေကလည်း မစွန်ပါဘူးကွာ၊ သူများမိဘတွေနဲ့ သိပ်ကိုကွာခြားပါတယ်။ သူများတွေရဲ့ မိဘဆိုရင် သမီးအတွက် ဆိုကတိမပျက်ကြဘူးတဲ့-။ သမီးအာမခံလာသမျှ ဆရာ ဆရာမတွေတောင်းသမျှ လက်ဆောင်ကို စာမေးပွဲအောင်ရင် ပြီးရောဆို မိဘတွေ ကိုယ်တိုင်ပေးကြသတဲ့” လို့ သူတို့ ကလေးတွေ ပြောသံဆိုသံကြားခဲ့ရပါတယ်။
ဒီလို အကြောင်းမျိုးပဲ စာရေးသူရဲ့ မိတ်တွေ လက်သမား တစ်ယောက်အိမ်ကို ရောက်တုံးကလဲ ရင်နာစရာ အဖြစ်ကလေး တစ်ခု ပြောကြားခဲ့ရသေးတယ်။ အမွှာညီ အစ်ကို နှစ်ဦး ကျောင်းအတူတူ ထားတယ်၊ အတန်းအတူတူတက်တယ်၊ အခန်းတော့ ကွဲတယ်ပေါ့။ အေနဲ့ဘီခန်းဆိုပါစို့၊ အစ်ကိုက စာညံ့တယ်။ ညီက စာတော်တယ်။ အစမ်းစာမေးပွဲတွေမှာ ပထမ၊-ဒုတိယအဆင့်နဲ့ ညီက အမြဲရတယ်။ အစ်ကို ဘာသာစုံကျခဲ့တယ်။ စာမေးပွဲကြီးဖြေတော့ ညီက ဘယ်မှ မသွားဘဲ -မလိုက်ဘဲ မီးကုန် ရမ်းကုန် စာကို ကြိုးစားတယ်။ အစ်ကိုက စာမကြည့်ဘဲ ဆရာမအိမ်သွားပြီး ညစာကြည့်တယ်၊ အဲဒီစာမေးပွဲရက်မှာပဲ အစ်ကိုလုပ်သူက တစ်နှစ်လုံးစုထားတဲ့ မုန့်ဘိုး စုဘူးခွဲတယ်။ သူ့ဆရာမကို ကတိအတိုင်း ပေးတယ်လို့ သိခဲ့ရတယ်။
စာမေးပွဲ အောင်စာရင်းထွက်တော့ စာသိပ်ညံ့တဲ့ အစ်ကိုက စာမေးပွဲအောင်တယ်။ စာသိပ်တော်ပြီး မီးကုန်၊ ရမ်းကုန် ကြိုးစားခဲ့တဲ့ ညီက စာမေးပွဲကြီးမှာ ကျတယ်။ ..ဘယ်လိုဖြစ်တာလဲ…နာမည်ကလည်း မှားရအောင် မောင်ကြီးနဲ့ မောင်ငယ်..၊ အတန်းကလည်း အေ၊ဘီ ခွဲထားတာ၊ ခုံနံပါတ်ကလည်း တခြားစီ၊ စာရေးသူ ကျွန်တော်ကတော့ စိစိတွေးတော့ ရေးရေးပေါ်ခဲ့မိတယ်။
ရိုးသားပြီး ကြိုးစားတဲ့ မောင်ငယ်ကလေးခင်ဗျာ-ရှက်လှချေရဲ့ဆိုပြီး မြစ်ဆိပ်က ရေနက်ထဲ ခုန်ချမယ်တကဲကဲ လုပ်နေလို့ ဆွဲထားခဲ့ရကြောင်း၊ ယခု မောင်ငယ်ကလေးရဲ့ အနားမှာ အမေက အမြဲစောင့်နေရကြောင်း၊ စိတ်မကောင်းစွာနဲ့ပဲ လက်သမားမိတ်ဆွေ တစ်ဦးရဲ့ အဖြစ်ထူး အမွှာ ညီအစ်ကို နှစ်ဦးအကြောင်း စကားဖောက်သည်ချလို့ သိခဲ့ရပါတယ်။
ဒီကိစ္စများကို စာရေးသူဟာ အားရပါးရ ပြစ်တင်ရှုံ့ချနေတယ်လို့ တစ်ဘက်သက် မဆိုလိုပါ။ အပြစ်ကို အပြစ်လို့ မြင်ပါမှ ဆရာမိဘများ ၀ိုင်းဝန်းပြီး ဆင်ခြင်ကြနိုင်အောင် စေတနာနဲ့ ဖော်ပြရေးသားမိပါတယ်။ တိုက်ဆိုင်မှုများ ဖြစ်နေရင် ခွင့်လွှတ်ကြပါ။
ယနေ့ ကျောင်းသားလူငယ်ကလေးများသည် မကြာမီကာလမှာ အနာဂါတ်၏တိုင်း ပြည်ကို တာဝန်ယူ ထမ်းဆောင်ကြရမယ့် ၀န်ထမ်းများ ဖြစ်ကြမှာ မလွဲမသွေပါ-။ ၀န်ထမ်းလောကတွေမှာလည်း ကြားခဲ့ရတဲ့ အသံ တချို့ တင်ပြပါရစေ။
“ ဒီအလုပ် ဒီဌာနရအောင် ဆက်သွယ်ပေးခဲ့တဲ့ ပွဲစားပေးရတာက ငွေဘယ်လောက်--ဆိုင်ရာ ဆိုင်ရာတွေးလိုင်းဝင်ပြီး ကန်တော့ရတဲ့ ငွေက ဘယ်လောက်…” ဆိုတဲ့ အသံများ..၊
“ ကျွန်တော့် လစာက…..ကျပ်ရပါတယ်ခင်ဗျာ..လခက မပြောပလောက်ပေမယ့် တစ်လတစ်လ ဘေးပေါက်ဝင်ငွေက …….တစ်လမှာ………..သောင်းချီရတယ်--လစဉ်ထုတ် ခွဲတမ်းတွေကလည်း --အမျိုးပေါင်း တစ်ဒါဇင်ရတယ်- မကြာခင်တောင်- မကြာခင်တောင် ကျုပ်က နိုင်ငံခြား သွားရတော့မှာ………..။
အထက်က ကြားခဲ့ရတဲ့ စကားတွေဟာလည်း တိုင်းပြည်နဲ့ လူမျိုးအကျိုးမပါဘဲ ကိုယ့်ဖို့သာ ဆိုသော အကျင့်ပျက်ဝန်ထမ်းတွေရဲ့ အသံများဖြစ်ပါတယ်ခင်ဗျား။ တဆက်တည်းမှာပဲ ပုဂ္ဂလိက စီးပွားရေးနဲ့ ဖက်စက်ကုမ္မဏီကြီးများ သတင်း တချို့ကို နားထောင်ကြပါစို့။
ကျွန်တော်တို့ မြန်မာပြည်မှာ ဈေးကွက်စီးပွားရေး ဖွင့်ပေးနေပါပြီ။ ကုမ္မဏီကြီးတွေ အသီးသီး ပေါ်ထွက်လာပါပြီ ။ ၀မ်းသာစရာပါဘဲ ဘာမဆို လိုတာရကြပါပြီ။ လူရိုးမှ လွဲ၍ ကျန်တာ အကုန်ရပါပြီ။ “ လူရိုးဆိုတာ ” သင်္ဂြိုင်းကုန်းမှာ ရှိတယ်ဟု မြန်မာ စကားပုံ တစ်ခု ထားရှိခဲ့ပါတယ်။ ဒါကြောင့် ကုမ္မဏီကြီးတွေတော်တော်များများက ရိုးသားသိက္ခာရှိကြလောက် တစ်ချို့ကုမ္မဏီကြီးတွေမှာ ရိုးသားမှုများ မတွေ့ရတာ သတင်းကြားနေရပါတယ်။ စီးပွားရေးလောကထဲမှာ တစ်ဦးကို တစ်ဦး မယုံကြည်ရမှုများ လစ်ရင်လစ်သလို--ပြတုံးကတော့ ပစ္စည်းအကောင်း-တကယ်ရောင်းတော့ ပစ္စည်းက မကောင်း----၊ ဒီကြားထဲမှာပဲ လုပ်ပိုင်ခွင့်တွေကို ရတဲ့နေရာတွေက နည်းအမျိုးမျိုးနဲ့ ရယူဘို့ မသမာတဲ့ ၀န်ထမ်း တစ်ချို့နဲ့ပေါင်းပြီး လာဘ်ထိုးကြပါတယ်။ လာဘ်ဘေးလာတ်ယူ မည်၍ မည်မျှ ပင်အော်အော် ယနေ့အထိ နေရာတိုင်းမှာ ဆော်နေကြတဲ့ အတ္တ၀ိသမ လောဘစီးပွားရေးသများများလည်း ရှိနေကြပါသေးတယ်ခင်ဗျား။
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးဘက်မှာ ထိထိမိမိ သိရှိကြအောင် အဓိက စည်းရုံးဆောင်ရွက်ကြတဲ့ နိုင်ငံရဲ့ မျက်စေ့၊ နား၊ ပါးစပ်များဟာ စာပေ၊ ဂီတ၊ ရုပ်ရှင် သဘင်နဲ့ -အနုပညာပန်းဆယ်မျိုးကိုလည်း တတတ်တအား ပါဝင်ကြပါတယ်။( အနုပညာတိုင်းဟာ ရသကတဆင့် ဘ၀ အသိ တစ်ခုခု ရစေမယ်)လို့ ဆရာဇော်ဂျီမှ ရေးသားခဲပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျင့်စာရိတ္တ၊ အတွေးအခေါ်လွဲမှား ဘေးချော်ထွက်သွားစေမယ့် အဆိပ်အတောက်များကို အနုပညာရှင်တို့ရဲ့ လက်တွေမှာ မပေမကြံစေချင်ပါခင်ဗျား။။ ဒါပေမယ့် အနုပညာရှင် တချို့ဟာလည်း မြန်မာမှု အနုပညာတွေကို “ ခြေရာလည်းပျောက်-ရေလည်းနောက်” ဆိုတဲ့ စကားကို ---တွေးချင်သလို တွေး---ရေးချင်သလို ရေး---- ဆိုချင်သလိုဆို-----ကချင်သလို က------ဆင်ချင်သလို ဆင်--တီးချင်သလိုတီး နေကြပြီး နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ကို မျက်ကွယ်ပြုနေကြပါပြီ---။ ဒါကြောင့်လည်း ဆိုင်ရာက ရပ်တန်းက ရပ်ကြဖို့ နှိုးဆော်ထားတာ အားလုံး သိကြမှာပါ။ ရပ်တန်းက ရပ်ပေးကြပါခင်ဗျား။
မြန်မာမှု ယဉ်ကျေးမှု အနုပညာတပ်ရိုး---စည်းရုံး မကျိုးမပျက်စေဘို့ အနုပညာရှင်များ ၀ိုင်းဝန်းထိမ်းသိမ်းကြပါစို့။
ယနေ့ဖွင့်လှစ်ပေးသော ဈေးကွက် စီးပွားရေးနဲ့ အတူ ကျွန်တော်တို့ မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် စုပေါင်း ၀ိုင်းဝန်းကိုင်ဆောင်ဖြေရှင်းကြပါစို့။ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ အကျိုးအတွက် ကိုင်ဆောင်ကြရမယ့် လက်များဟာ အထက်က ရေးသားခဲ့တဲ့ ကိစ္စများနည်းတူ အဆိပ် မလူးကြဖို့ လိုအပ်နေပါပြီ။ ဒီလက်များကို ဘယ်လို သဘောကြောင့် အဆိပ်များ လာရောက် လူးနေကြပါသနည်း။ ကျွန်တော့်ရဲ့ စာပေ စေတနာနဲ့ တစေ့တစောင်း တင်ပြပါရစေ။ တိုင်းပြည်အတွက် ကိုင်ဆောင်ကြရမယ့် လူငယ်လူကြီးတို့အတွက် အဆိပ်လူးသော လက်များ မဖြစ်ကြရအောင် ဗုဒ္မလက်ဆောင် အနည်းငယ် ပါးလိုက်ချင်ပါတယ်။ လိုအပ်သူတွေအတွက် ဆေးဖြစ်ပေမယ့် မလိုချင်သော အတ္တလွန်ကဲနေတဲ့ စီးပွားရေးသမားများအတွက်မှာ အန္တရာယ်ဖြစ်စေရင်လည်းသီး ခံကြပါ။
လောကကြီးထဲမှာ ပုထုစဉ် လူသားတွေဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ မိစ္ဆိယ၊ စိတ်များအားကြီးကြပါတယ်။ သာမန်ရှိသင့်တာထက် လွန်ကဲတတ်ကြပါတယ်။ မရ-မက နည်းတွေနဲ့ ငါကိုယ်တိုင် ရအောင် ယူမယ်။ ငါ့ကိုဘာကောင်မှတ်နေကြပါသလဲ။ သူအဆင်ပြေနေရင် ငါ မကြေနပ်ဘူး--ငါရတဲ့ အခွင့်အရေး တွေကိုလည်း င့ါကို မုန်းတဲ့သူတွေကို မပေးဘူး--လောကကြီးထဲမှာ ငါတစ်ဦးတည်းသာ အားရပါးရ လိုချင်တာ ရအောင် ယူမယ်။- ငါနဲ့ ငါ့ကို ချစ်တဲ့သူတွေ သာ..ချမ်းသာစေရမယ်။-စတဲ့ တစ်ဖက်သတ်လွန်ကျူးတဲ့ စိတ်တွေ ပေါ်ထွက်လာတတ်ကြပါတယ်။ ဒီလို လွန်ကဲတဲ့ ကိလေသာ စေတသိက်တွေကြောင့် လောကကို ပျက်စီးစေမယ့် မိစ္ဆာဒိဌိ မကောင်းတဲ့ အယူမှားတဲ့ အဆိပ်တွေဟာ နှလုံးသားမှတဆင့် လက်သွင်းသို့ တဖွားဖွာ ဆင်းသက်လာတတ်ကြပါတယ်။ ကာယကံ၊ ၀စီကံ၊ မနောကံ တွေ အဆင့်ဆင့်နဲ့ ဆိုင်ရာ ဆိုင်ရာ အဆိပ်လူးသော လက်များဟာ သာယာလှပတဲ့ လောကကို ဖျက်ဆီး ပြစ်နိုင်ပါတယ်။
အနာသိလျှင် ဆေးရှိရပါမည်။ သမားတော် ဆရာ တဦးဟာ လူနာ တစ်ဦးကို ဆေးကုသရာမှာ ဆေးပေးမှားရင် တစ်သက် တစ်ယောက်သာ သေဆုံးနိုင်ပါမည်။ အဆိပ်လူးသော လက်များနဲ့ ကိုင်တွယ်မိကြလျှင် အသက်ပေါင်းများစွာ ဆုံးရှုံးနိုင်ပါသည်။ မိစ္ဆာဒိဌိ မကောင်းတဲ့ အယူအမှား၊ အမှတ်မှား၊ အသိမှားနေကြသော တစ်ဖက်စွန်းရောက် အဆိပ်လူးသော လက်များဟာ သံသရာမှာ အ၀ိုင်းပြေး ပြေးရင်း မရပ်မနား လောကကြီးကို ပျက်စီးစေပါမည်။ လောကပါလ တရားကို မျက်ကွယ်ပြုပြီး အဆိပ်လူးသော လက်များနဲ့ မပြုသင့်၊ မလုပ်သင့်၊ ကိစ္စဆိုတာ ဒီကမ္ဘာမှာ မရှိဘူး ဆိုပြီး နတ်လူ သတ္တ၀ါတွေကို ပျက်စီးသွားစေပါမည်။ ဒါကြောင့် သိလျှင် သိခြင်း၊ ယခု ခဏ ချက်ချင်း ရပ်ပါ၊ အဆိပ်လူးသော လက်နှင့် ဒလစပ် ပြေးနေခြင်းကို ရပ်လိုက်ပါ။ ဗုဒ္ဒ၏ တရားဓမ္မ မဂ်ရေအေးနဲ့ ခဏလေးသာ အချိန်ပေးပြီး ဆေးကြောလိုက်စမ်းပါ။ ဆေးကြောနေခိုက် ဓမ္မမဂ်ရေအေးနဲ့ပဲ ခဏကလေးသာ အချိန်ပေးပြီး ဆေးကြောလိုက်စမ်းပါ။ ဆေးကြောနေခိုက် ပစ္စခ အချိန်ကလေးမှာဘဲ လက်တွေ့ ဖြူစင်အေးချမ်းမှု ပေးပြီး ဖြူစင်သွားမှာ ဧကန်ပါ။
လေးဘက်သွားကာစ ကလေးငယ်များဟာ မစင်ကို မစင်လို့ မမြင် မသိဘဲ လက်များနဲ့ ပယ်ပယ်နယ်နယ် ရယ်ရွှင်ပြီး ကိုင်လူး ပျော်မြူးနေတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီ ကလေးများရဲ့ လက်ကို မိခင်က ရေနဲ့ ဆေးကြောပေးလိုက်ရင် လွယ်လွယ်ကလေးနဲ့ပဲ ပြောင်လက် သန့်စင်သွားတတ်ကြပါတယ်။
သို့သော် ကလေးငယ်များဟာ ကိုယ်တိုင်ကိုယ်ကျ မစင်ဆိုတာ ရွံစရာကြီး၊ မုန်းစရာကြီးလို့ အသိဥာဏ် မ၀င်မချင်း အကြိမ်ကြိမ်အခါခါ ကိုင်လူး ပျော်မြူးနေကြအုံးမှာပါ။ ဒီလိုသာပဲ-ယခု အဆိပ်လူးသော လက်များဟာလည်း လောကီ တရား ဥပဒေတွေနဲ့ ဘယ်လိုပင် တားဆီးပြီး ဆေးဆေး----ဗုဒ္မဘုရားရှင် ဟောကြားထားသော မဂ္ဂဆေးတော်ကို ကိုယ်တိုင် အသိ၊ သတိဝိရိယ၊ ပညာဥာဏ် မ၀င်စားကြသေးဘဲ ဘ၀ သံသရာထဲမှာ မျောနေကြအုံးမယ်ဆိုရင် မိုးမဆုံးနိုင်အောင် ဆက်လက်ဖြစ်နေကြပေဦးမည်…။လောကဘ၀ဇာတ်ခုံထဲက ဘ၀အစုံ၊ ဌါနအစုံ ၊ဒေသ၊နေရာအနှံ့မှာ အဆိပ်လူးနေကြသော လက်များ ကင်းစင်ပပျောက်ကြပါစေ……။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ ဇွန်လ (၁၁)ရက်နေ့ နံနက်(၃း၃၀)နာရီရေးပါသည်။
0 comments:
Post a Comment