``အမျိုးသား သတင်းစာပညာရေး မြန်မာသတင်းစာပညာကျောင်း ၂၀၁၄ ဇူလိုင်လတွင် စတင်ဖွင့်လှစ်ရန်စီစဉ်´´

မန္တလေးမြို့၊ ၈၃ လမ်း၊ ၃၃လမ်းနှင့်၃၂လမ်းကြားရှိ ငွေငန်းဖြူဟိုတယ်၌ ဖေဖော်ဝါရီ (၂၆)ရက် ညနေ(၅း၃၀)နာရီမှ (၆)နာရီထိအချိန်ခန့်တွင် အမျိုးသားသတင်းစာပညာရေး မြန်မာ သတင်းစာပညာကျောင်း ၂၀၁၄ ဇူလိုင်လတွင် စတင်ဖွင့်လှစ်ရန်စီစဉ်ရန် ကျောင်းဖြစ်မြောက်ရေးအဖွဲ့နှင့် မန္တလေးမြို့ ဒေသခံ သတင်းမီဒီ ယာများနှင့် ဆွေးနွေးပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါဆွေးနွေးပွဲကို မြန်မာသတင်းကွန်ရက် MJN နှင့် မြန်မာသတင်းစာဆရာများအသင်း MJA တို့နှင့်ကူညီပူးပေါင်း၍ Fojo Media Institute /International Media Support (IMS) မှ ဖွင့်လှစ်ပေးသော အခြေခံသတင်းစာပညာ သင်တန်းသားများ(၂၀)ဦး နှင့် မန္တလေးဒေသခံ သတင်းမီဒီယာများ စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ဆွေးနွေးကြောင်း သိရသည်။ အမျိုးသား သတင်းစာပညာရေး မြန်မာ သတင်းစာပညာကျောင်းကိုရန်ကုန်မြို့တွင် ၂၀၁၄၊ ဇူလိုင်လမှာ စတင်ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း၊ သင်တန်းကာလမှာ တစ်နှစ်ပို့ချ၍ နိုင်ငံတကာအသိအမှတ်ပြု ဒီမလိုမာဘွဲ့ ချီးမြှင့်မည်ဖြစ်ကြောင်း၊ ပံ့ပိုးကူးညီမည့် မိတ်ဖက်အဖွဲ့ အစည်းများမှာ Canal France International (CFI) . Deutsche Welle Academy (DWA). Fojo Media Institute /International Media Support (IMS). Forever Group. UNESCO ပြည်ပအဖွဲ့ငါးဖွဲ့က ပံ့ပိုးကူးညီမည်၊ ပြည်တွင်းအဖွဲ့မှလည်း မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ) နှင့် အမျိုးသားစီမံခန့်ခွဲမှု ကောလိပ် National Management (College) ပူးပေါင်းကူညီဖွင့်လှစ် မည်ဖြစ်ကြောင်း၊ ဤကျောင်းဖွင့် လှစ်ခြင်းဖြင့် အသွင်ကူးပြောင်းနေသော လူထုအသိုင်းအ၀ိုင်းတွင် အရည် အချင်းပြည့် ကျွမ်းကျင်သော သတင်းစာ ဆရာများလိုအပ်မှု၊ အခွင့်အရေးတန်းတူရှိသည့် လွတ်လပ်သည့် သတင်းစာပညာ/ကျောင်းလိုအပ်မှု၊ နိုင်ငံတကာ စံနှုန်းညီ သတင်းစာဌာနတစ်ခုဖြစ်လာရန်၊ အစပျိုးနှစ်များတွင် နိုင်ငံတကာပံ့ပိုးမှုများလိုအပ်ခြင်း၊ နိုင်ငံတကာ မီဒီယာ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းမီဒီယာအဖွဲ့ အစည်းများ၏ ပူးပေါင်းမှုအင်အားများလိုအပ်ကြောင်း ဤကျောင်းကို မီဒီယာအဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်များဖြင့် ဘုတ်အဖွဲ့ ဖွဲ့စည်းပြီး ဒါရိုက်တာတစ်ဦးအား ကျောင်းအုပ်ချုပ်သူအဖြစ်ခန့်ထား၍ လွတ်လပ်သော အမျိုးသား သတင်းစာပညာရေး မြန်မာ သတင်းစာပညာကျောင်း ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။ ``ကျွန်တော်တို့ ဒီကျောင်းကို ဘယ်မြို့မှာဖွင့်မယ်၊ သင်တန်းကျေးကိစ္စနဲ့ အခြားကိစ္စများ စည်းမျဉ်း စည်းကမ်း၊ အရည်အချင်းဝင်ခွင့်များကိုတော့ မသတ်မှတ်ရသေးပါဘူး။ ဒီကိစ္စတွေကို ကျောင်းဖြစ်မြောက်ရေး ဘုတ်အဖွဲ့နဲ့ ဆုံးဖြတ်ကြမှာပါ..။ ကျောင်းကိုတော့ ဒီနှစ်ဇူလိုင်လထဲမှာ ဖွင့်ဖြစ်ကြမှာပါ။´´ ဟု ဦးမြင့်ကျော် (အတွင်းရေးမှူး MJN) က ပြောကြားသည်။
 

0 comments: