`` ဘဏ်မှ ငွေထုတ်ယူလာသူ အမျိုးသမီးတစ်ဦးအား ဆိုင်ကယ်စီးလင်မယားက လုယက်မှုဖြစ်ပွား´´

ဖေဖော်ဝါရီ(၂၁)ရက်၊ နေ့(၁)နာရီအချိန်ခန့်တွင် မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ မြို့ပါတ်လမ်းနှင့် ပြည်တော်သာလမ်းထောင့် တွင် ဆိုင်ကယ်စီးလာသော အမျိုးသမီးတစ်ယောက်ထံမှငွေထုပ်ကို အမျိုးသားတစ်ဦးလင်မယားနှစ်ယောက် က လုယက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၁)ရက်၊ နေ့(၁)နာရီအချိန်ခန့်တွင် မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ ရန်နိုင်ရပ်၊ လမ်း(၂၀)နေသူ မနွယ်နွယ်သန်း(၄၀)နှစ်သည် ဆိုင်ကယ်ဖြင့် မကွေးမြို့၊ ပြည်တော်သာလမ်းရှိ ရိုးမဘဏ်မှ ငွေကျပ် ခုနှစ်သိန်းကျော်ကို ထုတ်ယူလာသည်။ ငွေထုပ်ကို လက်တစ်ဖက်ဖြင့်ကိုင်၍ မြို့ပါတ်လမ်းနှင့် ပြည်တော် သာလမ်း ထောင့်ရှိ ကောင်းမြိန်ကွမ်းယာဆိုင်အနီး အရောက်တွင် အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ် နောက်တင်မှ၍ ငွေထုပ်ကိုင်သူဆိုင်ကယ်၏နောက်ကို လိုက်ပါလာကြောင်း၊ ၎င်းအမျိုးအစား (နံပါတ်မသိ) ဆိုင်ကယ်သည် မနွယ်နွယ်သန်း၏ ဆိုင်ကယ်အား လက်ဝဲဘက်မှ ကျော်တက်ပြီး ၎င်းဆိုင် ကယ်နောက်မှ ပါလာသူ အမျိုးသမီးတစ်ဦးက မနွယ်နွယ်သန်းလက်ထဲက ငွေအိပ်ကို လုယူ၍ မြို့ပတ်လမ်းအတိုင်း တောင်ဘက် ပညာရေးတက္ကသိုလ်ရှေ့ ကြာပန်းအ၀ိုင်းသို့ ထွက်ပြေးသွားကြောင်း၊ မနွယ်နွယ်သန်းက အော်ဟစ် အကူအညီတောင်း၍ ၀ိုင်းဝန်းလိုက်သွားကြကြောင်း၊ ငွေလုယူသွားသော ဆိုင်ကယ်သည် ၎င်း ကြာပန်းအ၀ိုင်းမှ အထက(၁)လမ်းအတိုင်း မောင်းပြေးကြောင်း၊ ၎င်းအထက(၁)လမ်းမှ အဝေရာလမ်းဘက်ချိုးကွေ့ဝင်ပြီး ကားကြီးကွင်းတောင်ဘက်လမ်း၊ ပြည်တော်သာလမ်းနှင့် အဝေရာလမ်း ထောင့်ရှိ BLESSING လက်ဖက်ရည်ဆိုင် အနီးတွင် မျက်ခြေပြတ်သွားခဲ့ကြောင်း ငွေထုပ်အားလုယူသွားသူများကို ၀ိုင်းဝန်းဖမ်းဆီးသူ ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါအမှုကို ဖေဖော်ဝါရီ(၂၁)ရက် ညနေ(၆)နာရီအချိန်ခန့်တွင် ငွေထုပ်ပိုင်ရှင် မနွယ်နွယ်သန်း က တရားလိုပြုလုပ်၍ အမည်မသိအမျိုးသားနှင့် အမျိုးသမီးတို့အား ဖမ်းဆီးဖော်ထုတ်ပေးပါရန် မကွေးနယ်မြေရဲစခန်း ၌ (ပ)၄၂/၂၀၁၄ ပြစ်မှုပုဒ်မ၃၇၉(နှိုက်)ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။ ၂၀၁၃ ခုနှစ်အတွင်းကလည်း အမျိုးသမီးနှစ်ဦး ကမ္ဘောဇဘဏ်မှ ငွေထုတ်ယူ၍ ဆိုင်ကယ်ဖြင့်အပြန်တွင် မကွေးမြို့၊ ကန်သာရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် သစ္စာလမ်းထောင့်အရောက်၌ ဆိုင်ကယ်စီးအမျိုးသား တစ်ဦးက ဆိုင်ကယ်ချင်းကပ်ပြီး ငွေထုတ်အားလုယူသွားခဲ့ကြောင်း၊ ၎င်း ငွေထုတ်လုယူထွက်ပြေးသွားသော မော်တော်ဆိုင်ကယ်စီး တရားခံအား (၂၄)နာရီအတွင်း ဖမ်းဆီးရမိကြောင်း၊ ပထမ အကြိမ်အဖြစ် သတင်းဖြစ် ပေါ်ခဲ့သည်။
 

0 comments: