ရွှေလမ်းငွေလမ်းဝင်းကြည်
ကျွန်တော့် အသက်မွေးဝမ်းကြောင်းအလုပ်က ကားသမားဘ၀ပါ။ (တိတိကျကျ ပြောရရင် ရုံးကဖယ်ရီကားကြီးမောင်းတဲ့ ဒရိုင်ဘာပါ။)စာရေးတာကို ၀ါသနာပါလို့ တစ်ခါတစ်ခါ ခံစားချက်ဖြစ်မိရင်တော့ စာတစ်ပုဒ်တလေကို ထထရေးဖြစ်ခဲ့ပါတယ်။
ယခုလဲ ကျွန်တော့်ဖြစ်ရပ်ခံစားချက်ကလေး အကျဉ်းချုပ်ကိုတင်ပြချင်ပါတယ်။ ကျွန်တော်တို့ မြေလတ်မြို့တော်လေးကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်သာယာပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး၊ ပြည်သူလူထု ဘေးအန္တရာယ် ကင်းကွာစေဖို့ စေတနာထားပြီး တင်ပြလိုက်ပါတယ်။
ဖြစ်ပုံက အဲဒီအချိန်က အောင်ဘာလေ ထီဖွင့်ပွဲမှာ အင်္ဂလိပ်လဆန်း(၃)ရက်မှ (၉)ရက်အတွင်း ဖွင့်ပေးတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီထီဖွင့်ရက်အတွင်းမှာ နှစ်လုံး၊ သုံးလုံး ဂဏန်းများကို နေ့စဉ်ထွက်လာတဲ့ အောင်ဘာလေထီပေါက်စဉ်ကို ကြည့်ပြီး လောင်းကစားခြင်း ပြုခဲ့ကြပါတယ်။ တစ်မြို့လုံး နေရာအနှံ့ လမ်းဆုံ လမ်းခွမှ လက်ဘက်ရည်ဆိုင်များမှာ ပိုမိုစည်ကားလျှက်ရှိပါတယ်။ (အင်ကြင်းမြိုင်)အမည်စာအုပ်အငှားဆိုင်နှင့် မိတ္တူကူးဆိုင်မှာ ဆိုရင် လူ ၀င်/ထွက် ပိုများနေပါတယ်။ စာအုပ်ငှား၊ မိတ္တူလာ ကူးသူများတော့ မဟုတ်ပါ။ အော် ဒီဆိုင်က နှစ်လုံးသုံးလုံး ရောင်းနေကြတာကို။
အဲဒီဆိုင်အကြောင်းပြောနေရတာက အကြောင်းရှိနေလို့ပါ။ မနေ့က အဲဒီအင်ကြင်းမြိုင် ဆိုင်ပိုင်ရှင်ရဲ့ စက်ဘီးကို ကျွန်တော်မောင်းတဲံကားကြီးနဲ့တက်နင်းမိလို့ပါ။နေရာက မြို့မဈေး ကြီးနား သင်္ဘောဆေးဆိုင် ရှေ့မှာပါ။ ဖြစ်ပုံမှာ စက်ရပ်ထားတဲ့ ကျွန်တော့်ကားကြီးရှေ့ ဘန်ဘာ ကိုမီပြီး သူမရဲ့စက်ဘီးကိုရပ်ထားတာ။ ကားကြီးက အီစူးဇူးဂေါင်းရှည်ဆိုတော့ ရပ်ထားတဲ့ စက်ဘီးကို မမြင်လိုက်ပါ။ ကျွန်တော်ကလည်း ရုံးကဆရာခိုင်းလိုက်တဲ့ သင်္ဘော ဆေးအဖြူရောင် ကားသုတ်ဆေးဘူးဆင်းဝယ်ပြီး ကားပေါ်ပြန်တက် မောင်းလိုက်တာ..၊ဘေးကလူတွေက စက်ဘီးကို နင်းပြီ..နင်းပြီဆိုမှ သိလိုက်ရတယ်။ စက်ဘီပိုင်ရှင်ကောင်မကလေးကလည်း ပလက်ဖောင်း ပေါ်တင်ပြီးစက်ဘီကို ရပ်မထားဘူး။ကျွန်တော့ကားကို မီထားပြီ ဈေးဝယ်နေတာ တဲ့ဗျာ…။ဘာပဲပြောပြော ယာဉ်ကြီးနဲ့ ယာဉ်ကလေးဆိုတော့ ကားသမားကပဲ လျော်လိုက်ရပါ တယ်။ ယာဉ်ထိမ်းရဲ မလာခင် ကိစ္စကိုအပြီးဖြတ်လိုက်ရပါတယ်။
နှစ်လုံးထီ ရက်တွေမှာ စက်ဘီးမရှိရင် မဖြစ်ဘူးဆိုလို့ ကျွန်တော်ရုံးသွားတဲ့ စက်ဘီးကလေးကို သူ့ဆီခေတ္တ ပေးထားခဲ့ရသေးတယ်။ ပိုင်ရှင်ကလည်း အင်ကြင်းမြိုင်စာပေကဖြစ်ပြီး ကျွန်တော်ကလဲ စာရေးဆရာဆိုတော့ အိုကေကြမယ် ထင်ခဲ့မိတာပေါ့။အထင်နဲ့ အမြင်ပါ စင်အောာင် လွှဲမှားပြီး စက်ဘီး ပြင်ပေးရတဲ့အပြင် နောက်ထပ် နစ်နာကြေး စက်ဘီး တစ်စီးနီးပါး အလျော်တောင်းခံလာပါတယ်။ နှစ်ဘက်မပြေမလည်ဖြစ်နေကြလို့ ကျွန်တော့်ဘက်က စာနယ်ဇင်းဥက္ကဋ္ဌရယ်၊ ဂျာနယ်သတင်းထောက်တစ်ယောက်ရယ် တောင်းပန်ဖို့ စစ်ကူခေါ်သွားသော်လည်း အချည်းနှီးပါပဲ--။-နောက်တော့် အင်ကြင်းမြိုင်စာပေ ဆိုင်ပိုင်ရှင်ရဲ့ အကြိုက်ကို ဆုံးဖြတ်တာ ကိုသာ ခံခဲရ့တယ်ဆိုပါတော့ဗျာ။ ကျွန်တော့်ဘက်က အားပေးတဲ့ ဂျာနယ် သတင်းထောက်ကလည်း စိတ်မကောင်းဖြစ်ရကြောင်း ပြောရှာပါတယ်။ အဲ့ ဂျာနယ်သတင်းထောက်ရဲ့နောက်ထပ်ပြောတဲ့ စကားလေးကိုတော့ မှတ်မှတ်သားသား ရင်ထဲမှာကျန်ရစ်ခဲ့ပါတယ်။ သူတို့က စက္ကူအဖြူရောင်ပေါ်မှာ မိတ္တူကူးစားတာ၊ မင်းက စက္ကူဖြူပေါ်မှာ စာရေးတာကွ။ အဲဒါဘာဆိုင်လို့တုန်းလို့ ကျွန်တော်မေးတော့- ဟ-ဆိုင်တာပေါ့ကွ မင်းက ဘယ်လောက်ရင်းရလို့လဲ---သူတို့က အများကြီး ရင်းထားရတာတဲ့--ငွေရင်းတာနဲ့ဘာဆိုင်လဲဗျာလို့ ကျွန်တော်ကထပ်ပြောတော့ ဆိုင်တာပေါ့ကွ၊ စာအုပ်ငှားဆိုင်၊မိတ္တူကူးဆိုင်အရောင်ပြပြီး ဒိုင်လုပ်နေတာလေ..။အရင်းများတယ်။ အရင်းများတော့ အပေါင်းအသင်းများတာပေါ့ကွာ နယ်တော်ရှင်၊ပယ်တော်ရှင်တွေကို တင်ရ၊မျှောက်ရတယ်လေ….ဟဲဟဲ တဲ့…။
စိတ်ပျက်လက်ပျက်နဲ့ စက်ဘီး အမှုလဲ ပြီးပြီဆိုတော့ ကျွန်တော့်ရုံးက အထက်အရာရှိထံ သတင်းပို့ရတာပေါ့ ဖြစ်ပုံ ပျက်ပုံ အလုံးစုံ။
ဟေး---မင်းအဲဒီနေ့က “ငါ“ ဆေးအဖြူရောင် ကားသုတ်ဆေး ၀ယ်ခိုင်းလိုက်တာမဟုတ်လား---။ ငါ့တပည့် အဲဒီနေ့က င့ါရဲ့ အကုသိုလ် ကိုင်းဖျားနား ရိုက်ခံရတာကွ---ငါ အဲဒီနေ့က မြို့ထဲကို အသွား ငါက ငါ့လမ်းကြောပေါ်မှာ မှန် ကန်စွာပဲကားမောင်းနေတယ်။ လမ်းဆုံတစ်ခုမှာ လမ်းကြောမှားပြီး ၀င်လာတဲ့ (----------ဌာနက)အရာရှိကတော်ရဲ့ ကားတစ်စီးက ငါ့ကားကို ၀င်တိုက်တယ်။ ငါ့ကားက ဂျစ်ကားဆိုတော့ ဘာမှ မဖြစ်ပါဘူးကွာ---သူ့ကားက ဇိမ်ခံကားလေးဆိုတော့ နာသွားတာပေါ့။ ဒါနဲ့ သက်ဆိုင်ရာ(------ဌာနရုံးခွဲ) ငါလိုက်သွားရတယ်။ သူတို့အရာရှိကတော်ကမှန်ပါတယ်တဲ့။ ဒါပေမဲ့အမှုမဖွင့်ဘူး၊ တရားရုံး ကိုလဲမတင်ပါဘူးတဲ့။ လူမှုရေးအရ ယာဉ်ကြီးနဲ့ ယာဉ်လေးဖြစ်နေတာရယ် အရာရှိကတော်ဖြစ်နေကြတာကြောင့် လျော်ကြေးမဟုတ်၊ နစ်နာကြေး ဆိုပြီး တောင်းလို့ ငွေတစ်သိန်းခွဲကြီးများတောင် ငါပေးခဲ့ရပြီကွာ…။
““ဗျာ…””
ဖြစ်မှ ဖြစ်ရလေဆရာသမားရယ်…။ သြော်….. အဖြူရောင် မှန်သော်လည်း ဆေးဘူးကုတ်နံပတ်ချင်းတူညီမှ သာလျှင် အရောင်တစ်ထပ်တည်း တူညီကြမည် မဟုတ်ပါလား ခင်ဗျာ…။ (မှတ်ချက် အဖြူရောင် အမျိုးမျိုးရှိပါသည်။ ကြက်ဥနှစ်ရောင်။ ထုံးရောင်၊ ဆင်စွယ်ရောင်၊ ငွေဖလားရောင်----စသည်ဖြင့်)……………။
ရွှေလမ်းငွေလမ်းဝင်းကြည်
အမှတ်စဉ်(၁၄၅)၊၂၀၀၂ ခုနှစ်၊မေလ
မြက်ခင်းသစ် မှာ(ဖေါ်ပြပြီး)
0 comments:
Post a Comment