ရွှေလမ်းငွေလမ်းဝင်းကြည်
ကျွန်တော်သည် အတ္တစိတ်ကြီးသူ တစ်ဦးပါ။ မိသားစုအရေးနှင့် ရပ်ရေးရွာရေ:ကိစ္စများတွင် ငါမပါလျှင် ဘယ်အရာမျှ မပြီးဟု စိတ်ဘ၀င်မြင့်သူပါ။ ငါသိ၊ ငါတတ်၊ ငါဆရာမြတ်ဟု ဘယ်နေရာမှာ မဆို တစ်ငါတည်း “ငါ“ ဖြင့် “ငါ“ စွဲ စွဲနေသူတစ်ဦးပါ။စီးပွားရေးကလည်း ကြံတိုင်းအောင် ဆောင်တိုင်းမြောက်၊ ဒီမြို့မှာတော့ မြို့ မျက်နှာဖုံး စာရင်းဝင် တစ်ဦးပါ၊ အလှူအတန်းဆိုလည်း ထိပ်ဆုံးကငါ့ဘုရား၊ ငါ့ကျောင်း၊ ငါ့တန်ဆောင်းတွေ နေရာတိုင်းမှာ လက်ညှိုးထိုး၍မလွဲပါ။
ဒါပေမဲ့ဗျာ ဘ၀မှာအစစအရာရာ ပြည့်စုံနေရာက မမျှော်လင့်ဘဲ ကျွန်တော့်ဇနီး ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ကျွန်တော်နဲ့ သမီးနှစ်ယောက်တည်းသာ ကျန်ခဲ့တာပေါ့။ အတိတ်က ကံကြောင့်ပေလား မပြောတတ်တော့ပါ။ တော်တော်ကြီးကို စိတ်သောကဖြစ်ပြီး ဘ၀မှာယောင်ချာချာနဲ့ အမှောင်ကျခဲ့ပြီ။ ကြောင်တောင်တောင်ဖြစ်နေတဲ့ အရှင်လတ်လတ် မုဆိုးဖိုး ကျွန်တော့ကို “ အဖေ တရားရိပ်သာတွေမှာ တရာစခန်းဝင်ပါ။ အိမ်အတွက် ဘာမှမပူပါနဲ့။ အားလုံးသမီးတာဝန်ယူပါတယ်။ အဖေ တရားတွေရပြီး စိတ်ချမ်းသာမယ်ဆိုရင် သမီး ကျေနပ်ပါပြီ“ သမီးရဲ့ အားပေးမှုကြောင့် တရားရိပ်သာကို ၀င်ဖြစ်ခဲ့ပါ၏။
တရားစခန်းက ဓမ္မကထိက ဆရာကလည်း ဘုန်းကြီး လူထွက် မုဆိုးဖိုတဲ့။ ဆရာနဲ့ တပည့် အပေးအယူကို တည့်နေကြတာပဲ၊ လောကီရော၊ လောကုတ္တရာရော ကျင်လည်ဖြတ်သန်းခဲ့ရလို့လား မသိပါဘူး။ တရားစခန်းဓမ္မကထိက ဆရာရဲ့ တရားတွေက ဟုတ်လိုက်တာ၊ မှန်လိုက်တာ၊ ရှင်းကနဲ ကွင်းကနဲ နားထဲမှာ စွဲပြီး မှတ်မိနေပါတယ်။(ဘယ်နေရာ…ဘာကိစ္စမဆို “ငါ” စွဲပြုတ်ရမယ်။ “ငါ” ဆိုတဲ့ ငါစွဲမပြုတ်သမျှ မဖြုတ်သမျှ၊ ဘာတရားကိုမှ ရမှာ မဟုတ်တာ သေသေချာချာမှတ်သားထားကြပါ ရောဂီအပေါင်းတို့)ကဲ…လိုက်၍ ဆိုပေးကြစမ်းပါ။ (ငါမဟုတ်၊ သူမဟုတ်၊ အဲဒါ နာမ်နဲ့ရုပ်၊ စားချင်တာကနာမ်၊ သွားနေတာက ရုပ်။ အရာရာမှ ငါစွဲတွေ အားလုံးကို အမြစ်ပါမကျန်အောင် ဆွဲ၍ နှုတ် အဲဒါ တရားအလုပ်၊ အစဉ်မကွာ ဆက်လက် အားထုတ်ကြပါစို့။) ကောင်းလိုက်တဲ့ တရားဗျာ။ ဒါနဲ့ပဲ (၇)ရက်တရားစခန်း ပြီးခဲ့ပါသည်။
တရားမှတ်၍ တစ်လှမ်းချင်းဖြင့် အိမ်ကို ပြန်အလာ၊ ကလေးငယ်တစ်သိုက်က လှောင်ပြောင်သံကို ကြားလိုက်ရပါ၏။ “ဟာ ဟိုမှာ ကြည့်စမ်း၊ ငါတို့ဘကြီး နိဗာန်ခရီးက ကိုးခြောက် ကိုးသုံးကားကြီးကို စီးပြီး တစ်လှမ်းချင်း တစ်လှမ်းချင်း မောင်းလာနေပြီ။ ဘာကိုမှ ဂရုမစိုက်ဘူး။ ၀င်တိုက်လိမ့်မယ်။ လမ်းဖယ်ပေးကြစို့“၊ ကလေးများအသံတွေ ကြားလိုက်ရတာနဲ့ “ငါ”၊ “ငါ”၊ တယ်.တယ်..ဟု အသံမထွက်အောင် မနည်းအားတင်းပြီး အောင့်ထားလိုက်ရပါသည်။ ဆရာက သေချာမှာလိုက်တာ။ ငါစွဲပြုတ်ရမယ် ဆိုလို့နော် ဟင်း။ ဒီလိုနဲ့ ကျွန်တော့်အိမ် ကျွန်တော့်သမီး ထမင်းစားနေခိုက် ရောက်လာခဲ့ပါပြီ။ ကျွန်တော် တရားမှတ်၍ ၀င်လာတာကို ကြည့်ပြီး သမီးက ပြာပြာသလဲ မေးနေပါသည်။ တရားပြဆရာ၏ စကားကို မြေ၀ယ်မကျ နားထောင်ပြီး ကျွန်တော် ဖြေလိုက်သော စကားသံကြောင့် သမီး မျက်လုံးပြူး၍ အံ့သြသွားပါသည်။ (ကျွန်တော်…ကျွန်တော် ထမင်းဆာလှပါပြီ..သမီးရယ်….) ။
ရွှေလမ်းငွေလမ်း ၀င်းကြည်
သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း
အမှတ်(၁၆၁) 2009/1
0 comments:
Post a Comment