``မကွေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ရန်ပယ်ဈေး မီးဘေးကြိုတင်ကာကွယ်ရေးပညာပေး စစ်ဆေး´´

ဒီဇင်ဘာ(၅)ရက်နေ့ နံနက်ပိုင်း(၉)နာရီတွင် မကွေးမြို့ ရန်ပယ်ရပ်ကွက်၌ မကွေးမြို့နယ် မီးသတ် ဦးစီးဌာနမှ ရန်ပယ်ဈေးအတွင်း/အပြင်ဆိုင်များကို မီးဘေးကာကွယ်ရေးပညာပေး စစ်ဆေးကြောင်း သတင်း ရရှိသည်။ အဆိုပါအဖွဲ့တွင် မကွေးမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သိန်း၊ တပ်ကြပ်ကြီး ဦးကျော်မြင့် နှင့် တပ်ကြပ်ကြီးဒေါ်ညွန့်ညွန့်စိန် တို့မှ စည်ပင်သာယာရေးဌာနမှ ဒုဦးမှူး ဒေါ်နီနီချို၊ ရန်ပယ်ဈေးတာဝန်ခံ ဦးမျိုးမြင့်အောင်၊ ဈေးအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးသန္တာအောင် နှင့်ကော်မတီဝင်များ၊ဈေးအရံမီးသတ်တပ်ဖွဲ့ဝင် များ နှင့် ဈေးသူဈေးသား အင်အား(၁၀၀)ကျော်ခန့်တက်ရောက်ကြောင်း၊ မကွေးမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သိန်းမှ ``ရန်ပယ်ဈေးအတွင်း အပြင်များမှာ အရေးပေါ်မီးသတ်ကားများ ယခုလိုဝင်ထွက် နိုင်အောင် အမြဲထားရှိရန်လိုအပ်ပါတယ်၊ မီးသတ်ဆေးဘူးများနဲ့ မီးသတ်ရေပန့်စက်များ မီးသတ်ပစ္စည်းများ ကို မီးသတ်ဌာနက ညွှန်ကြားတဲ့အတိုင်း အမြဲတန်းထားရှိဖို့လိုအပ်ပါကြောင်း၊ ဈေးကြီးမီးဘေးတားဆီးရေးစီမံချက်အရ မီးသတ်ရေငုတ်များ ဖွင့်ပိတ်ပစ္စည်များစနစ်တစ်ကျထားပြီး ရေငုတ်များ အမြဲတန်း ကောင်းမွန်နေရန်လိုအပ် ပါတယ်၊ဈေးလုံခြုံရေးများ နှင့် ဈေးအရံမီးသတ်တပ်ဖွဲ့များအနေဖြင့် မိမိတို့ တာဝန်ကျချိန်များမှာ မီးကင်းများ လှည့်လည်စစ်ဆေးပြီး အချိန်မှန် အချက်ပေးသံချောင်းခေါက်ခြင်း၊ နေ့စဉ် အသံချဲ့စက်များဖြင့် မီးဘေးသတိပေး ဆောင်ရွက်ကြပြီး ထာဝရမီးသတိပြုရမှာဖြစ်ပါတယ်၊ မီးလောင်မှုဖြစ်ပေါ်လာရင် အလျှင်အမြန် မီးငြိမ်းသတ်နိုင် အောင် ကြိုတင်ဇာတ်တိုက်ပြီး မီးသတ်နည်းများကို လက်တွေ့လေ့ကျင့်ထားဖို့လိုအပ်ပါတယ်..။ ´´ဟု ဦးစီးအရာရှိ ဦးကျော်သိန်း ကပြောသည်။ ထို့နောက် ဈေးဆိုင်ခန်းများကို မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန် စစ်ဆေးသည်။ စားသုံးဆီပေပါများ ထားရှိရောင်းချသော ဆီဆိုင်များ၌ မီးသတ်ဆေးများထားရှိရန်ညွှန်ကြားရာ မိမိတို့၏ ဆိုင်ခန်းအတွင်းမှာ သိန်းပေါင်းများစွာ တန်ဘိုးရှိဆီပေပါများ ထားသော်လည်း မီးသတ်ဆေးဘူးဘိုးငွေကျပ်တစ်သောင်းခန့်ကို နှမျောနေကြကြောင်း၊ ဆီကိုမီးလောင်လျှင် ဒီမီးသတ်ဆေးဘူးများကသာ မီးငြိမ်းသတ်နိုင်ပါကြောင်း မီးသတ် တပ်ကြပ်ကြီး ဦးကျော်မြင့်က ပြောသည်။ မကွေးမြို့နယ်အတွင်း၌ ပြီးခဲ့သော၂၀၁၂ ခု ဇန်န၀ါရီ(၁)ရက်မှ နိုဝင်ဘာ(၃၀)ရက်အတွင်း မီးလောင် မှုပေါင်း(၁၁)ကြိမ်၊ မီးလောင်ခံရသော အဆောက်အအုံ(၂၇)လုံး၊ မီးဘေးဒုက္ခသည် (၁၁၆)ဦး၊ ဆုံးရှုံးမှုတန်ဘိုး ငွေကျပ် သိန်းငါးဆယ်ကျော်ခန့် ဖြစ်ကြောင်းသိရသည်။ ယခုနှစ် ၂၀၁၃ ခု ဇန်န၀ါရီ(၁)ရက်မှ နိုဝင်ဘာ(၃၀)ရက်နေ့အတွင်း၌ မီးလောင်မှုပေါင်း(၁၆)ကြိမ်၊ မီးလောင်ခံရသော အဆောက်အအုံ(၉)လုံး၊ ဒုက္ခသည်(၂၇)ဦး၊ ဆုံးရှုံးငွေတန်ဘိုးကျပ် သိန်းလေးဆယ်ကျော်ခန့် ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ သတင်းရရှိသည်။
 

0 comments: