`` ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်သည် အာဏာရပါတီစည်းရုံးရေးအတွက် မဟုတ်ပါ ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ပြောကြား´´

( မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများတွင် သတင်းယူခွင့်ပြုမည် ဟု လွှတ်တော်ဥက္ကဋ္ဌ ကဖြေဆို) ဒီဇင်ဘာ(၇)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် မကွေးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်း အဝေးခန်းမ၌ မကွေးမြို့နယ်အတွက်လွှတ်တော်ကိုယ်စားလှယ်၏ ငွေကျပ်သိန်းတစ်ထောင်အား ဖွံ့ဖြိုးရေး ရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့် (ဥက္ကဋ္ဌ မကွေးမြို့နယ် ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရေးကော်မတီ) မကွေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ထွန်း( အတွင်းရေးမှူး)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း(အဖွဲ့ဝင်) တို့ နှင့် မကွေးမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဥာဏ်မျိုး(မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး)နှင့်ကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးညိုဝင်း မောင် နှင့်ကော်မတီဝင်များ နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး(၇၆)ဦး နှင့် ရပ်ကွက်/ကျေးရွာ ဖွံဖြိုးရေး ကော်မတီ၊ အထောက်အကူပြု ကော်မတီဝင်များ စုစုပေါင်း အင်အား(၂၀၀)ကျော်ခန့် တက်ရောက်ကြောင်း သိရသည်။ အဆိုပါဆွေးနွေးချက်များမှ မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၇၆)ခုမှ အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ များနှင့် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီအဖွဲ့တို့မှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီအဖွဲ့ဝင် ဦးဘုန်းလွင် (ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး)ထံသို့ ဒီဇင်ဘာ(၂၀)ရက်နေ့ မိမိတို့ အသုံးပြုလိုသော စီမံချက်များကို အပြီးရေးဆွဲတင်ပြပေးရန်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုလျှင် အသုံးပြုငွေ သိန်း ငါးဆယ်ထက်မကျော်ရန်၊ အကယ်၍ သိန်းငါးဆယ်ထက်ကျော်သောငွေအား မိမိတို့ရပ်ကွက်၊ ကျေးရွာများမှ စိုက်ထုတ်မည်ဟု မှတ်ချက်ရေးပေးပြီးတင်ပြလျှင်လက်ခံကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကျငွေများ ကို နှစ်ဆယ့်ငါးရာခိုင်နှုန်းစီ လေးကြိမ်ခွဲ၍ ပေးမည်ဖြစ်ကြောင်း၊ ယခုနှစ် ၂၀၁၃/၁၄ ခုနှစ် ဘတ်ဂျက်အမီ (၃)လအတွင်းသုံးစွဲရမည်၊ ၎င်းသတ်မှတ်ကာလအတွင်း မကုန်ရင် ငွေပြန်သွင်းရမည်ဖြစ်ကြောင်း စသည်တို့အား ဆွေးနွေးဆုံးဖြတ်ကြောင်း သတင်းရရှိသည်။ `` ကျွန်တော်တို့ မကွေးမြို့နယ် ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်းဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရေးကော်မတီအနေနဲ့ အာဏာရပါတီတစ်ခုတည်းအတွက် ပါတီစည်းရုံးရေးလုပ်နေတာမဟုတ်ပါဘူး။ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးငွေကိစ္စပေါ်လာတာနဲ့ ဂျာနယ်တွေမှာ အမျိုးမျိုးရေးပြီး ဝေဖန်နေကြပါတယ်။ ဒါလဲ ရေးသင့်ကြပါတယ်။ အမှန်တစ်ကယ်ကြည့်မယ်ဆိုရင်တော့လဲ သူတို့အနေနဲ့စိုးလဲ စိုးရိမ်စရာဖြစ်နေပါတယ်၊ ၂၀၀၈ ခုနှစ်အခြေခံဥပဒေပေါ်လာလို့ ကျွန်တော်တို့လွှတ်တော်အဆင့်ဆင့်ပေါ်လာတာပါ၊ လွှတ်တော်တွေပေါ်လာ လို့ ကျန်းမာရေး၊ ပညာရေးအသုံးပြုဘဏ္ဍာငွေတွေဆိုရင် ယခင်နှစ်တွေထက်(၆)ဆလောက်ပိုတိုးပြီးရလာတာပါ၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက် နေတာပါ၊ ကျွန်တော်တို့ တိုင်းဒေသကြီးလွှတ်တော်အနေအနဲ့ ပြည်သူတွေရဲ့လိုအပ်ချက်ကို တိုက်ရိုက်လုပ်မပေးနိုင်တာတွေရှိရင် ကျွန်တော်တို့ ပါတီဗဟိုဌာနချုပ်ကနေတင့် ပြည်ထောင်စုလွှတ်တော်(အစိုးရ)အဖွဲ့ဆီကို တင်ပေးပြီးဆောင်ရွက်နေ ပါတယ်၊ ဒီလိုလုပ်ပေးနေလို့ ကျွန်တော်တို့ကို ကျေးဇူးတင်စရာမလိုပါဘူး၊ ပြည်သူတွေရဲ့ကျေးဇူးက ကျွန်တော်တို့ ဆီမှာတင်နေလို့ ကျေးဇူးဆပ်ရခြင်းဖြစ်ပါတယ်… ´´ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၏ ပြောကြားရှင်းလင်းချက်များမှ ကောက်နှုတ်ဖော်ပြပါသည်။ အဆိုပါအခမ်းအနားအပြီးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးရဲမြင့်ထံသို့ မကွေးတိုင်း ဒေသကြီးသတင်းစာဆရာအသင်း(MJA) အတွင်းရေးမှူး က သွားရောက်တွေ့ဆုံကြောင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများ၌ သတင်းယူခွင့်တောင်းဆိုကြောင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ မှ သတင်းယူခွင့်ပြုမည်၊ ကြိုတင်ပြီး စာတင်ပါဟုဖြေဆိုကြောင်း မကွေးတိုင်းဒေသကြီး MJA အတွင်းရေးမှူး က ပြောသည်။
 

0 comments: