`အညာဒေသမှာ နွားတွေကို အရုပ်ရေး၍ ကြည့်ရတော့မည် သားသတ်ရုံများတွင် တစ်ရက် နွား(၁၀/၂၀)ကောင်အထိ စည်းကမ်းမဲ့စွာ သတ်ဖြတ် ဟု ကြားသိနေရ´

အညာဒေသဖြစ်သော ဆိပ်ဖြူမြို့သို့ စက်တင်ဘာလထဲတွင် ရောက်ရှိခဲ့သည်။ ဤသို့ရောက်ရှိစဉ် ဆိပ်ဖြူမြို့နယ်တွင်းမှ လုပ်သားပြည်သူများ၏ ရင်တွင်းခံစားချက်များအား မြန်မာပို့စ် သို့ လာရောက်ပြောကြား၍ သတင်းပေးကြပါသည်။ ``ကျွန်တော်တို့ ဆိပ်ဖြူမြို့နယ်မှာ ခိုင်းကျွဲ(၁၂၅၅)ကောင်၊ ခိုင်းနွား(၈၀၄၄၀)ကောင်ရှိလို့ တိ-ကု-မွေးမှာဖော်ပြထားပါတယ်။ စက်မှုလယ်ယာခေတ်ကို ကူးပြောင်းနေပေမယ့် လက်မှုလယ်ယာလုပ်ငန်းကတော့ သားစဉ်မြေးဆက်တည်ရှိနေအုံးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဆိပ်ဖြူမြို့နယ်တွင်းမှာ ခိုင်းနွား ခိုင်းကျွဲတွေ မျိုးပြုတ်တော့မယ်ဗျာ..။ ၂၀၁၂ ခု ဧပြီ၊ မေ၊ ဇွန်လတွေထဲတုန်းက အောက်ပြေအောက်ရွာကို တင်ပို့ဖို့ဆိုပြီး ခိုင်းနွားတစ်ကောင်းကို ကာလပေါက်ဈေး(၄/၅)သိန်းတန် နွားတွေကို (၇/၈/၉)သိန်းနဲ့ ဈေးပြိုင်ပေးပြီး လာဝယ်ကြတယ်။ အဲဒီနွားတွေကို ဧရာဝတီမြစ်ကြောင်းကနေ ဘိလပ်မြေများသယ်ဆောင်ပြီး ပြန်ဆင်းတဲ့ သင်္ဘော စီဘီတွဲတွေနဲ့ တင်ဆောင်သွားတာကို မြင်တွေ့ရပါတယ်။ နောက်ပြီး ဆိပ်ဖြူမြို့ကနေ ချောက်မြို့ဘက်ကိုကူးတဲ့ အနော်ရထာတံတား ပေါ်ကလည်း ညနေခင်းနဲ့ ညပိုင်းတွေမှာနေ့စဉ် ခိုင်းနွား ခိုင်းကျွဲတွေ (၅)ကောင်မှ (၁၀)ကောင်အထိ (တရားမ၀င်) သက်ဆိုင်ရာကို ဆက်ကြေးပေးပြီး ဖြတ်သန်းနေကြပါတယ်။ တစ်ကောင်းကို ငွေတစ်ထောင်ငါးရာပေးကြရပါတယ်။ နောက်ပိုပြီးဆိုးတာက ဆိပ်ဖြူမြို့က သားသတ်လိုင်စင် သားသတ်တဲ့နေရာကို မြို့နဲ့ အလွန်နီးကပ်တဲ့နေရာမှာချပေးထားပါတယ်။ သားသတ်ရုံက စီးဆင်းလာတဲ့ရေများမှာ ရေဆိုးကန်ကြီးတွင် စုပေါင်းထားသလိုဖြစ်ပြီး ပုတ်စော် အနံ့အသက်များထွက်နေပါတယ်။ အများပြည်သူများရဲ့ လူမြင်ကွင်းဖြစ်တဲ့ ကုန်းစောင်းပေါ်မှာ သားသတ်နေကြပါတယ်။ သတ်မှတ်ထားတဲ့ နွားကောင်ရေထက်ကျော်လွန်ပြီး တစ်နေ့မှာ(၁၀)ကောင်မှ အကောင်(၂၀)အထိသတ်ဖြတ်ပြီး မိထ္ထီလာစည်သွပ်စက်ရုံသို့ ပို့နေကြပါတယ်။ အဲဒီကနေ တရုပ်ပြည်ကိုချိတ်ဆက် တင်ပို့တယ်လို့လည်း ကြားသိရပါတယ်။ သားသတ်လေလံဈေးနှုန်း တွေက အလွန်များပြားနေတော့ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ အညီမဆောင်ရွက်တော့ဘူး။ အရွယ်ကောင်းနွားများ၊ နို့စားနွားများ၊ လုပ်ငန်းခွင်အသုံးပြုနိုင်ဖို့ နွားသိုးပေါက်များ နဲ့ ခိုင်းနွား၊ ခိုင်းကျွဲများကို မသတ်ရဘူး ဆိုပေးမယ့် အဲဒီနွားတွေ ကျွဲတွေပါ မကျန်အောင် နေ့စဉ်သတ်ဖြတ် နေကြတာမြင်တွေ့နေ့ရပါတယ်ဗျာ..။ ကျေးလက်နေပြည်သူများမှာ ဘိုးစဉ် ဘောင်ဆက်ကတည်းက ခိုင်းလာခဲ့တဲ့ အိုသေခိုင်းနွားများကို အချို့တတ်နိုင်သူများက မြေမြုပ်သင်္ဂြိုလ်ကြတယ်။ ဆင်းရဲနွမ်းပါးသူးများကတော့ အိုသေ ခိုင်းနွားများကို အသားဖျက်ပြီး နီစပ်ရာ ဆွေမျိုးအပေါင်းအသင်းများဆီကို တောင်းတောင်းပန်ပန်နဲ့ အလှူခံတဲ့ သဘောနဲ့ ရောင်းချကြပါတယ်။ အဲဒီက ရတဲ့ငွေလေးများကိုစုဆောင်းပြီး နောက်နွားပေါက်လေးတစ်ကောင်ကို ပြန်ဝယ်ကြရပါတယ်။ သေသွားတဲ့ နွားအိုကြီးရဲ့သားရေကိုလည်း လယ်ယာသုံးပစ္စည်း အဖြစ်နဲ့ လှည်းတွင်အခင်းပြုလုပ်ခြင်း၊ လှည်းစည်းကုန်း၊ ထွန်ညွှတ်ကွင်းပြုလုပ်ကြပြီး အမြတ်တနိုးအသုံးပြုကြရပါတယ်။ ဒါပေမယ့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန က ၁၉၉၂ ခုနှစ်မှာ အမဲလိုင်စင်(သားသတ်)ပေါ်လာတော့ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းမှာ နွားအိုသေကြောင်း သိလိုက်တာနဲ့ နွားတစ်ကောင်လျှင် ငွေကျပ်တစ်သောင်းနဲ့ နွားသားရေ တစ်ချပ်ကို အမဲလိုင်စင်စီထံ မဖြစ်မနေပေးကြရပါတယ်။ ယခုကဲ့သို့ သားသတ်လိုင်စင်စီများက မတရားသဖြင့် ကျေးလက်နေအများပြည်သူများကို အနိုင်ကျင့်နေခြင်းနဲ့ သားသတ်လိုင်စီများမှ သတ်မှတ်စည်းကမ်းများနဲ့အညီ မဆောင်ရွက်ကြဘဲ ပြည်တွင်း ပြည်ပဈေးကွက်ရှိရင် ရှိသလို နွားများ ကျွဲများကိုသာ အတိုင်းမရှိ အတားအဆီမရှိ သက်ဆိုင်ရာများနဲ့ နားလည်မှုယူပြီး ယခုလို လုပ်ဆောင်နေကြမယ်ဆိုရင် ကျွန်တ်ာတို့ အညာဒေသမှာ ရှေးလူကြီးတွေပြောကြားခဲ့တဲ့ နွားနဲ့ ကုလားအရုပ်ရေးယူရမယ့်ကိန်းကို ဆိုက်ကြရပါတော့မယ်ဗျာ..။´´ဟု တောင်သူကြီး ဦးဘိုးမောင်ဆိုသူက ဆိပ်ဖြူမြို့၊ ဦးမြင့်စိုး(မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)၏အိမ်တွင် မြန်မာပို့စ်ကို လာရောက် ပြောသည်။ ၀ိုင်းကြည်အောင်
 

0 comments: