`ဆိပ်ဖြူမြို့နယ် အနောက်ကမ်းဖြူကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်းဖွင့်ပွဲ´

အနောက်ကမ်းဖြူကျေးရွာသည် ဆိပ်ဖြူမြို့နှင့်(၂၇)မိုင်ဝေးကွာ၍ ယောချောင်းဘေးတွင်တည်ရှိကြောင်းသိရသည်။ ယောချောင်းရေကြီး ရေလျှံသောဒုက္ခခံရသော ကျေးရွာများဖြစ်၍ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသဖြင့် အလယ်တန်းအောင်ကျောင်းသား/သူများမှာ ဆိပ်ဖြူမြို့နှင့် ချောက်မြို့များသို့ သွားရောက်၍ ပညာသင်ကြားရသည်ဆို၏။ ဆင်းရဲသော လက်လုပ်လက်စားမိဘများ၏ ကျောင်းသူ/သား သားသမီးများမှာ အလယ်တန်း အောင်လျှင် ကျောင်းမနေနိုင်၍ ကျောင်းထွက်ရသူများ ရှိသည်ဟု ကြားသိရသည်။ ယခုအစိုးရအသစ်လက်ထက် နိုဝင်ဘာ(၁)ရက်နေ့၊ နံနက်(၉)နာရီမှာ ဆိပ်ဖြူမြို့နယ် အနောက်ကမ်းဖြူကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း ဖွင့်ပွဲ ကျင်းပနိုင်ကြောင်း မြန်မာပို့စ် က သတင်းရရှိသည်။ ၎င်းကျေးရွာတွင် အိမ်ခြေပေါင်း(၃၂၀)ရှိ၏။ လူဦးရေ(၁၅၆၈)ဦးရှိသည်။ ထိုကျောင်းသို့ ပတ်ဝန်းကျင်မှကျေးရွာပေါင်း(၂၆)ရွာမှ ကျောင်းသား/သူများ ပညာသင်ယူနိုင်ကြတော့မည်ဟုသိရသည်။ အနောက်ကမ်းဖြူကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား (၆-၆-၂၀၁၂)စတင်ဖွင့်လှစ်ထားခဲ့သည် ဆို၏။ ကျောင်းဆောင်ပေါင်း(၄)ဆောင်ရှိသည်။ နိုဝင်ဘာ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် အနောက်ကမ်းဖြူကျေးရွာ တွင် အခြေခံပညာ အထက်တန်းကျောင်းဖွင့်ပွဲအား မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး နှင့် ဦးဝင်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးစိန်လှိုင် နှင့် အနောက်ကမ်းဖြူ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးတို့ မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြောင်း၊ ၎င်း အထက်တန်း ကျောင်းဖွင့်လှစ်နိုင်သောကြောင့် ပခုက္ကူမြို့နယ်တွင်းရှိကျေးရွာ(၄)ရွာနှင့် ဆိပ်ဖြူမြို့နယ်တွင်းမှ ကျေးရွာပေါင်း(၂၂)ရွာတို့ရှိ ကျောင်းသားမိဘများနှင့် ကျောင်းသူ/သားများ အားကိုး အားထားရမည့် အခြေခံပညာအထက်တန်းကျောင်းကြီးဟု ၀မ်းသာအားရ ပြောဆိုနေကြောင်း မြန်မာပို့စ် က သတင်းရရှိသည်။ ၀ိုင်းကြည်အောင်
 

0 comments: