`မြေလတ် မကွေးမြို့တွင် အဆင့်မြင့်အိမ်ယာများ စတင်ဆောက်လုပ်မည်´ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ဧရာဝတီ ရှုခင်းသာ အဆင့်မြင့်အိမ်ယာစီမံကိန်း






`မြေလတ် မကွေးမြို့တွင် အဆင့်မြင့်အိမ်ယာများ စတင်ဆောက်လုပ်မည်´
မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ဧရာဝတီ ရှုခင်းသာ အဆင့်မြင့်အိမ်ယာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။ အမှတ်(၁၀၁၂)၊ ၁၆လမ်း၊ အောင်မေတ္တာရပ်ကွက်၊ မကွေးမြို့မှာ တည်ဆောက် သွားမည်ဟု သိရ၏။ အဆောက်အဦး အမျိုးအစားများမှာ (၂)ခန်းတွဲ (၅)ထပ် RC တိုက် (၆)လုံး၊ စုစုပေါင်း တိုက်ခန်းပေါင်း ၆၀ ခန်း ဆောက်လုပ်မည်။ တိုက်ခန်းအကျယ်မှာ ၃၁ ပေX ၄၀ ပေ (၁၃၆၀) စတုရန်းပေကျယ်ဝန်မည်ဟု သိရ၏။ တိုက်ခန်းတစ်ခန်းတွင် မိသားစုအိပ်ခန်း(၁)ခန်း (ဘိုထိုင်အိမ်သာ ရေချိုးခန်းတွဲလျှက်ပါ)၊ ရိုးရိုးအိပ်ခန်း (၂)ခန်း၊ ဘုရားခန်း(၁)ခန်း၊ ဧည့်ခန်း၊ စတိုခန်း၊ မီးဖိုဆောင်၊ ထမင်းစားခန်း များပါဝင်မည်။ ၀ရံတာရှေ့ နောက်များတွင် အရေးပေါ်လှေခါး၊ သီးသန့်ဘိုထိုင်အိပ်သာ၊ သီးသန့်ရေချိုးခန်းများ ပါဝင်ကြမည်။ တံခါးပေါက်ကြီးများနှင့် တံခါးပေါက်သေး များကို နိုင်ငံခြားဖြစ် တံခါးများ၊ အလျုမီနီယံဘောင်များ မှန်များတပ်ဆင်ပေးထားမည်။ ကိုယ်ပိုင်လျှပ်စစ် ဆပ်မီတာ၊ ကိုယ်ပိုင်ရေမီတာ၊ ကိုယ်ပိုင်ဖုန်းများ၊ အင်တာနက် လိုင်းများ၊ ဂြိုလ်တု စလောင်းများလည်း တပ်ဆင်ပေးထားမည်။ ပန့်ဝန်ကျင် အနေအထားများမှာ သဘာဝရေကန်၊ အုပ်ဝန်ထရံများကာရံ၍ နေ့စောင့် ညစောင့်၊ ကွတ်ကဲရေးရုံး၊ ကားပါကင်များ၊ လျှပ်စစ်ထရန်စဖော်မာများ၊ အရေးပေါ်မီးစက်၊ ရေမြောင်းစနစ်၊ မီနီမတ်ကတ်များ၊ ကလေးကစားကွင်း၊ ကျန်းမာရေး လေ့ကျင့်ခန်းနှင့် အပန်းဖြေရန် ဧရာဝတီ ကမ်းနဖူး ရှုခင်းသာနေရာများ၊ အလှပြင်ဆိုင်၊ စားသောက်ဆိုင်၊အရေးပေါ် သယ်ပို့ယာဉ်၊ ကျောင်းကြို/ပို့ယာဉ်၊ ဆေးဆိုင် ဆေးခန်း၊ ဓမ္မာရုံစသည်တို့ကို ထားရှိပေးမည် ဖြစ်ကြောင်း သိရသည်။
ငွေပေးချေစနစ်မှာ ကြိုပွိုင့်၊ အရစ်ကျစနစ်၊ ဖြင့် ၀ယ်ယူခွင့်ပြုမည်။ တည်ဆောက်မည့်ကာလ ပထအရစ်ငွေပေးသွင်း ပြီး စာချုပ်သည့်နေ့မှ စတင်၍ (၁၄) လ အတွင်း အပြီး တည်ဆောက်သွားမည်။ စာချုပ်ပါစည်းကမ်း ချက်များအတိုင်း ရောင်းသူ ၀ယ်ယူသူများ နှစ်ဦး နှစ်ဘက် လိုက်နာဆောင်ရွက်သွားကြရမည် ဟု သိရ၏။ ဧရာဝတီ ရှုခင်းသာအဆင့်မြင့်အိမ်ယာစီမံကိန်း ၏ ဈေးနှုန်းများမှာ အောက်ပါဇယားအတိုင်းဖြစ်ပါသည်။ တိုက်ခန်းဝယ်ယူလိုသူများ သည် ဧရာဝတီ ရှုခင်းသာ အဆင့်မြင့်အိမ်ယာစီမံကိန်းရုံး၊ အမှတ်(၂၃၄)၊ ၁၆ လမ်း၊ အောင်မေတ္တာ(က)ရပ်ကွက်၊ မကွေးမြို့။ ဖုန်း ၀၆၃-၂၇၆၈၅ ၊ ၂၃၉၆၄ ၊ ၂၆၃၂၄ ။ ၀၉- ၅၃၄၀၉၈၃ ၊ ၀၉- ၅၃၄၀၉၈၄ ၊၀၉-၄၃၀၂၆၄၈၈ ၊ ၀၉-၄၃၀၀၉၅၄၁ တို့ကို ဆက်သွယ်နိုင်ပါကြောင်း သတင်းရရှိခဲ့ပါသည်။
READMORE
 

မကွေးတိုင်းဒေသကြီး မကွေးမြို့တော်ခမ်းမမှာ ပထမအကြိမ် ICT ပြပွဲ





မကွေးတိုင်းဒေသကြီး မကွေးမြို့တော်ခမ်းမမှာ ပထမအကြိမ် ICT ပြပွဲ
၂၀၁၂ ခု၊ မတ်လ(၁၀)ရက်နေ့မှ မတ်လ(၁၂)ရက်နေ့အထိ (၃)ရက်တိတိ နေ့စဉ်နံနက်(၇)နာရီမှ ည(၉)နာရီအထိ မကွေးမြို့ မြို့တော်ခမ်းမတွင် ကျင်းပကြောင်းသိရ၏။ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ကွန်ပျူတာပညာရှင်များအသင်း နှင့် ကွန်ပျူတာလုပ်ငန်းရှင်များအသင်း တို့အား စတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကွန်ပျူတာအသင်းများဖွဲ့စည်းခဲ့ပြီး ယခုကျင်းပသော ICT 2012 EXPO MAGWAY အိုင်တီ ပစ္စည်းများဈေးရောင်းပွဲတော်သည် ပထမဆုံးအကြိမ်အဖြစ် ကျင်းပကြသည်။ ကွန်ပျူတာ လက်တော့ပ်များနှင့် အိုင်တီ ဆက်စပ်ပစ္စည်းများ အရောင်းပြခန်းပေါင်း (၂၀)ခန့်ပါဝင်ကြောင်း မြင်တွေ့ရ၏။ မိန်းစပွန်ဆာများမှာ MYANMAR KAIDO CO., LTD နှင့် အမေထွားပဲဆီသန့်စက်ရုံ တို့ဖြစ်ကြောင်းသိရသည်။ ယင်း ပြပွဲအား မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖုန်းမော်ရွှေနှင့် အစိုးရ၀န်ကြီးများအဖွဲ့မှ တက်ရောက်ဖွင့်လှစ်ပေး ကြောင်း သတင်းရရှိခဲ့ပါသည်။
READMORE
 

အခြေခံအထက်တန်း စာမေးပွဲဖြေဆိုရက်တွင် မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာ အိမ်ခြေ(၂၆) လုံး မီးလောင်




အခြေခံအထက်တန်း စာမေးပွဲဖြေဆိုရက်တွင်
မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာ အိမ်ခြေ(၂၆) လုံး မီးလောင်
မကွေး မတ်လ(၁၃)ရက်။
` မီးစလောင်တာက နံနက်စောစော ငါးနာရီခွဲ လောက်မှာပါ..။ ကိုသန်းထွန်းအိမ်က စတင်လောင်တာပါ။ အိမ်မှာက ကိုသန်းထွန်းနဲ့ သူ့သမီးတစ်ယောက်ပဲရှိတာ၊ ကိုသန်းထွန်းရဲ့ သားက (၁၀)တန်းစာမေးပွဲဖြေဖို့ မကွေးမြို့ကိုသွားနေပါတယ်။ ကိုသန့်ထွန်း မိန်းမကလည်း သူ့သား(၁၀)တန်းကျောင်းသားနဲ့ အတူ မကွေးမှာ ရောက်နေကြတယ်။ အဲဒါ နံနက်စောစော အာလူးထားတဲ့ တဲထဲကို ဖယောင်းတိုင် ထွန်းပြီးဝင်တယ်။ အဲဒီတဲက ထန်းလက်တွေကိုမိုးထားတာလေ ၊ အဲဒီအမိုးထန်းလက် ကို မီးစွဲသွားတယ်လို့ သိရပါတယ်။ သူတို့ သားအဖနှစ်ယောက် က မကွေးကိုသွားမဲ့ နံနက်စောစော ရွာကနေထွက်တဲ့ ကားကိုမှီအောင် အားလူးတွေကို ပီနံအိပ်ထဲ အရေးတကြီးသွပ်လိုက်တယ်ထင်ပါတယ်။ ဒီအာလူးကို ရောင်းပြီးမှ မကွေးက (၁၀)တန်းဖြေနေတဲ့ သားဆီကို ငွေပေးရမှာပါ. ဗျာ။ ယခုတော့ သူ့အိမ်ကစလောင်လိုက်တာ ကျွန်တော့်အိမ်လဲ ပါသွားပါတယ်´´ဟု မီးထဲပါသွားခံရသူ ရွာသားတစ်ဦး အသက်(၆၀)ခန့်ရှိသူက ပြောဆိုပါသည်။ `` အဒေါ်က…..၊ အသက်(၆၀)ကျော်ပါ။ သားရဲ့အိမ်မှာ အတူနေရတာပါ။ သားက အိမ်ဆောက်ပြီးတာ (၂/၃) ရက်ပဲရှိပါသေး တယ်။ ယခုလာမယ့် တပေါင်းလပြည့်ကျော်(၈)ရက်နေ့ မှာ အိမ်တက် ပရိတ်တရားနာဖို့ စီစဉ်ထားပြီးသားပါကွယ်..။ ယခုတော့ အိမ်တစ်ဆောင်လုံး မီးထဲပါသွားတယ်။ ရှိတဲ့ ပစ္စည်းတွေလဲ ဘာတစ်ခုမှ မရလိုက်ပါဘူး..။ ဒေါ်ကြီးတို့ ဘ၀ပျက်ပါပြီကွယ်…၊ ဟီး ဟီး´´ ဟု ငိုကြီးချက်မ၊ ရှိုက်ကြီးတစ်ငင် ပြောဆိုနေ၍ စိတ်ဆင်းရဲစွာဖြင့် သတင်းရယူခဲ့ပါသည်။
၁၃-၃-၂၀၁၂ နေ့ နံနက်(၅း၃၀) မိနစ်ခန့်တွင် မကွေးခရိုင်၊ မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာမှာ ဦးသန်းထွန်း အိမ်မှ စတင် မီးလောင်သည်။ (၆း၂၀) မီးညွှန့်ကိုထိမ်းနိုင်ပြီး (၆း၄၅)နာရီ တွင် မီးငြှိမ်းနိုင်သည်။ မီးသတ် ရေသည်ယာဉ်ကား(၆)စီး၊ အရံမီးသတ်ကား(၃)စီး၊ သံတေမီးသတ်တပ်သား(၁၅)ယောက်၊ အရံမီးသတ်တပ်သားများ(၅၀)ကျော် တို့ဖြင့် မီးငြှိမ်းသတ်ကြ သည်။ အိမ်ခြေ(၂၆)အိမ်၊ အိမ်ထောင်စု(၂၈)စု၊ ဒုက္ခသည် ၁၁၆ ယောက်၊ ဆုံးရှုံးမှုတန်ဘိုး (၃၄သိန်း ငါးသောင်း)ကျပ်ခန့်ဟု မကွေးမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။ (ပ) ၅၈/၂၀၁၂ ပုဒ်မ ၂၈၅ ဖြင့် အမှတ်(၂)ရဲစခမ်းတွင် တရားစွဲဆိုထား ကြောင်း သတင်းရရှိပါသည်။

ဝိုင်းကြည်အောင်
မြန်မာပို့စ် သတင်းဂျာနယ်မှာ ပေးပို့ထားပါသည်။
READMORE
 

`ကြားဖြတ်ရွေးချယ်ပွဲမှာ မဲထည့်နိုင်ရန် နိုင်ငံသားကတ်ပြားများ ပေးနေပြီ´


`ကြားဖြတ်ရွေးချယ်ပွဲမှာ မဲထည့်နိုင်ရန် နိုင်ငံသားကတ်ပြားများ ပေးနေပြီ´
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မိုးပွင့်အဆင့်(၂) စီမံချက်အရ ၆-၃-၂၀၁၂ နေ့တွင် မကွေးခရိုင်၊ ချောက်မြို့နယ် လင်းတစ်ကိုင်းကျေးရွာ မူလတန်းလွန်ကျောင်း မှာ နိုင်ငံသားကတ်များ ပေးအပ်ပွဲ ကျင်းပကြောင်း သတင်း ရရှိသည်။ ယင်း ပွဲတွင် မကွေးတိုင်းဒေသကြီးဦးစီးဌာနမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးလှဒေါင်း အမှာစကားပြောကြားဖွင့်လှစ်သည်။ယခုလာမည့် ၂၀၁၂ ခု၊ ဧပြီလ(၁)ရက်နေ့တွင် ကျင်းပတဲ့ ကြားဖြတ်ရွေးချယ် တင်မြောက်ပွဲအတွက်ကျန်နေသော ပြည်သူများ မဲပေးနိုင်ရန် အထူးစီစဉ်ဖြင့် ဆောင်ရွက်ပေးကြောင်းသိရ၏။ လင်းတကိုင်း ကျေးရွာအုပ်စုအတွက် နိုင်ငံသားကတ် များ ရရှိသူ(၁၇၀)ဦးနှင့် ဆယ်ကန်ကျေးရွာအုပ်စုအတွက် နိုင်ငံသားကတ်များ ရရှိသူ(၅၀)ဦး တို့အတွက် မကွေးခရိုင်ဦးစီဌာနမှူး ဦးသန်းအောင်နှင့် ချောက်မြို့နယ်ထွေ/အုပ်ရုံး ဒု ဦးစီးမှူး ဦးအောင်သူ တို့က ပေးအပ်၍ လင်းတကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဥာဏ်ဝင်းအောင်နှင့် ကျောင်းအုပ် ဆရာမကြီးတို့မှ လက်ခံရယူကြကြောင်း သတင်းရယူ ခဲ့ပါသည်။

ဝိုင်းကြည်အောင်
မြန်မာပို့စ် သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။
READMORE
 

( ဒုတိယအကြိမ်)အိမ်ထောင်စု စားဝတ်နေရေး ဘက်စုံလေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) အလုပ်ရုံဆွေးနွေးပွဲ မကွေးတိုင်းဒေသကြီး




( ဒုတိယအကြိမ်)အိမ်ထောင်စု စားဝတ်နေရေး ဘက်စုံလေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) အလုပ်ရုံဆွေးနွေးပွဲ
မကွေးတိုင်းဒေသကြီး
(၈-၃-၂၀၁၂) နေ့ နံက်(၉)နာရီ မှ ညနေ(၄)နာရီအထိ မကွေးမြို့ မြို့တော်ခမ်းမ တွင် (ဒုတိယအကြိမ်) အိမ်ထောင်စု စားဝတ်နေရေး ဘက်စုံလေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြောင်းသတင်းရရှိသည်။ ယင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်(၆၄)ဦး၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်(၄)ဦး၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ(၄၇)ဦး၊ အထွေထွေ အုပ်ချုပ်ရေးမှူး(၁၈)ဦး၊ ကမ္ဘာ့ကုလသမဂ္ဂကိုယ်စားလှယ် အလှူရှင်နှင့် တာဝန်ရှိသူများ(၁၄)ဦး၊ ဖိတ်ကြားထားသော လုပ်ငန်းရှင်(၂)ဦး။ သတင်းနှင့် စာနယ်ဇင်းမှ(၁)ဦး၊ NGO အဖွဲ့များမှ ကိုယ်စားလှယ်(၁၁)ဦးနှင့် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ(၂၈)ဦး၊ စုစုပေါင်း (၁၈၉) ဦးတက်ရောက်ကြောင်း သိရသည်။
ယင်း အခမ်းအနားအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်း မှ အမှာစကားပြောကြားဖွင့်လှစ်၏။ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ ဌာနေကိုယ်စားလှယ် ဦးမင်းထွဋ်ယဉ် မှ မိတ်ဆက်အမှာစကားပြောကြား၍ မှတ်တမ်း ဓာတ်ပုံများရိုက်ပြီး အစည်းအဝေး ပထမပိုင်းကို (၁၅)မိနစ် ခေတ္တရပ်နားသည်။ ဒုတိယအကြိမ် ပြန်လည်ကျင်းပရာတွင်ကမ္ဘာ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ IHLCA နည်းပညာယူနစ်ကို ဦးဥာဏ်လင်း က ဆင်းရဲနွမ်းပါးမှု အခြေအနေလေ့လာတင်ပြ ချက်များကို တင်ပြဆွေးနွေးသည်။ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ မှ (အလုပ်သမားများလုပ်ခ၊ ၀န်ထမ်းများလခ တိုးပေးရေးကိစ္စများ)မှ သိလိုသည်များကို စတင်မေးမြန်းဆွေးနွေး၍ တက်ရောက်လာသူ (၃) ဦးတို့မှလည်း သိလိုသည်များ အား ဆက်လက်မေးမြန်းဆွေးနွေးကြသည်။ နေ့(၁၂)နာရီ တွင် အစည်းအဝေးကို မိနစ်(၃၀) ခေတ္တရပ်နား၍ နေ့လည်စာထမင်းဖြင့် ဧည့်ခံကျွေးမွေးကြသည်။
ယင်းဆွေးနွေးပွဲအား တတိယအကြိမ်ပြန်လည်ကျင်းပရာတွင် ကမ္ဘာ့ကုလသမဂ္ဂဖွင့်ဖြိုးမှုအစီအစဉ် IHLCA နည်းပညာ ယူနစ်မှ (ထောင်စုနှစ် ဖွံ့ဖြိုးမှု ပန်းတိုင်ဆိုင်ရာ သတင်းအချက်အလက်) အကြောင်းအရာများကို ဒေါ်မျိုးနွယ် နှင့် ဒေါက်တာဒေါ်စန်းကြည်တို့က အသေးစိတ် တင်ပြဆွေးနွေးကြ၏။ တက်လာကြသူများထဲမှ ပါမောက္ခချုပ်(၂) ဦးနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့က သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးကြပါသည်။ ထို့နောက် အစည်းအဝေးကို ခေတ္တ (၁၅)မိနစ် ခေတ္တရပ်နားပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို စတုထ္ထအကြိမ်ပြန်လည် ကျင်းပရာတွင် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် IHLCA နည်းပညာယူနစ်မှ အရည်အသွေးနှင့် နည်းပညာဆိုင် ရာအချက်အလက်များကို ဦးဥာဏ်လင်းက အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးသည်။ ထို့နောက် IHLCA နည်းပညာယူနစ်များအား အသုံးပြုနိုင်မှုကို ဒေါ်မျိုးနွယ် မှ ဆက်လက် ရှင်းလင်းတင်ပြသည်။တက်ရောက်သူများထဲမှ အပြန်အလှန်မေးမြန်းဆွေးနွေးကြပါသည်။ထို့နောက်ကမ္ဘာ့ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ ဌာနေကိုယ်စားလှယ် ဦးမင်းထွဋ်ယဉ် မှ ကျေးဇူးတင်စကားပြောကြား၏။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/စီးပွားဝန်ကြီး ဦးမြင့်နိုင် မှ နိဂုံးချုပ် အမှာစကားပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲအား ညနေ(၄)နာရီတွင် အခမ်းအနားကို ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

ဝိုင်းကြည်အောင်

မြန်မာပို့စ် သတင်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။
READMORE
 

`၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် မကွေးမြို့ မြို့မိ မြို့ဖများ တွေ့ဆုံနှတ်ဆက်စကား´





`၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်
မကွေးမြို့ မြို့မိ မြို့ဖများ တွေ့ဆုံနှတ်ဆက်စကား´
` အားလုံးမင်္ဂလာပါ ယခင်တုံးက မှန်တာပြောရင် အဖမ်းခံရပါတယ်။ ယခု မှန်တာပြောရင် အဖမ်းမခံရတော့ပါဘူး မီးဖြတ်ခံရပါတယ် ခင်ဗျာ..။(ကိုဂျင်မီပြောနေစဉ် မီးပြတ်သွားသည်)။ ဒါပေမယ့် ကျွန်တော်တို့ကကြိုတင်ပြီး ဘက်ထရီအိုးတွေကို ဆောင်ထား ပါတယ်။ ဒါကြောင့် နောက်နောင်မှာ ဘက်ထရီလုပ်ငန်းရှင်တွေ ကြီးပွားချမ်းသာကြပါတော့မယ်နော်။ မကွေးမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကြီးရှိပါတယ်။ မကွေးမြို့ဆိုတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုတွဲပြီး မြင်မိပါတယ်။ အဲဒီ ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ ပန်းခြံကို ကျွှန်တော်တို့အဖွဲ့ ဂါရ၀ပြုဖို့ အလေးပြုဖို့သွားခဲ့ပါတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အနေနဲ့ တံခါးတွေကို လေးဘက်လေးတန်က ပိတ်ထားပါတယ်။ ကျွန်တော်တို့လည်း ကံအားလျှော်စွာ ပန်းခြံတွင်းမှာ စည်ပင်ဝန်ထမ်းတွေ သန့်ရှင်းရေးလုပ်နေတုံး ဖွင့်ထားတဲ့ ခွေးတိုးပေါက်သာသာ တံခါးပေါက်လေးမှ တိုးပြီးဝင်ခဲ့ရပါ တယ်။ ဒါ လက်တွေ့ တစ်ကယ့်အဖြစ်ပါ။ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်လဲနေပါပြီ၊ တိုင်းပြည်ကြီးကိုကောင်းအောင် ပွင့်လင်း မြင်သာတဲ့ ပြုပြင်ပြောင်းလဲမူ တွေကို လုပ်ကိုင်မယ်ဆိုရင် ဒီလို အလေးအမြတ်ပြုရမယ့်နေရာက တံခါးပေါက်တွေကိုပိတ်မထားဘဲ ဖွင့်ပေးထားပါလို့ ပြောချင်ပါတယ်။ နောက်တစ်ခေါက် ဒီ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကိုလာခဲ့ရင် ပန်းခြံတံခါးပေါက် များ အားလုံးကို ဖွင့်ထားတာ မြင်ပါရစေလို့ ဆန္ဒပြုခဲ့ပါတယ်..။ မကွေးမြို့ဟာ မြန်မာ့သမိုင်းမှာ ကြီးမြတ်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ချောက်ရေနံမြေသပိတ်အရေးတော်ပုံကြီးချီတက်လာစဉ်မှာ (အားလုံးသိပြီး သားဖြစ်ပါတယ်။) ရန်ကုန်မြို့ကနေ ဒို့ဗမာအစည်းအရှုံးကလွတ်လိုက်တဲ့ အားဖြည့်အင်ဖြည့် သပိတ်တပ်သားများချီတက်လာ တာ ကျွန်တော်တို့ မျက်စေ့ထဲမှာ ယခု မြင်ယောင်ကြည့်မိပါတယ်။ နေပူထဲမှာ အပင်းပန်းခံပြီး ရပ်ကြည့်နေတဲ့ပရိတ်သပ်များ ခင်ဗျား မေးပါရစေ။ နေပူထဲမှာ စိတ်ထဲမှာ ပင်ပန်းတယ် နေပူတယ်လို့ထင်ပါသလားဗျာ..။ (လူထုထဲက မပူပါဘူး ဟု ပြန်အော်ကြသည်။ ) ဘာကြောင့်မပူတာလဲဆိုရင် မိသားစုချင်းပြန်တွေ့ရတဲ့အခါမှာ နေပူချင်ပူပါစေ မိုးရွာရင်ရွာပါစေ ဘာကြောင့်လည်းဆိုရင် ဒီထက်ပိုပြီးပြင်းထန်တဲ့ နံပတ်တုတ်တွေရဲ့ရှေ့မှာ မျက်ရည်ယိုပုံးတွေ အောက်မှာ လှံစွပ်တွေကြားမှာ သံတိုင်တွေ အုပ်ရိုးတွေရဲ့ကြားထဲမှာ ကျွန်တော်တို့ရဲရဲကြီးနဲ့ ရင်ဆိုင်ခဲ့ပြီးပြီဘဲ ဒီနေပူတာလောက်တော့ အေးအေးချမ်းချမ်းနဲ့ လရောင်အောက်မှာ ချစ်သူနဲ့စကားပြောနေရသလို ခံစားနိုင်ကြတယ်မဟုတ်လား..။ ကျွန်တော်တို့ပြည်သူနဲ့ တိုင်းရင်းသား တွေကြားမှာ ရှိတာနေတာက အကြောက်တရားနဲ့ချင်းကပ်ခြင်းမဟုတ်ဘူး ချစ်ချင်းမေတ္တာတရားနဲ့ ချင်းကပ်ခြင်းဖြစ်တယ်ဆို တာ မှန်ပါသလား…။ ခုနက စကားကိုပြန်ကောက်ပါ့မယ် မြန်မာ့သမိုင်းမှာ မြင့်မြတ်တဲ့အောင်မြေအဖြစ် မကွေးဆိုတာထင်ရှားခဲ့ပါတယ်။ ဘာကြောင့်လဲ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအတွင်းမှာ ရေနံမြေသပိတ်တပ်ကြီးချီတက် လာကြတာ ချောက်ရေနံမြေကနေ ရန်ကုန်ကို လမ်းလျှောက်ပြီးချီတက်ကြရတဲ့ ဒုက္ခဟာ အင်မတန်ကြီးပါတယ်။ အဲဒီ ဒုက္ခတွေကို အားတက်အောင် အားဖြည့်ဖို့အတွက် ရန်ကုန် ကျေင်းသားမဂ္ဂအဖွဲ့မှ ကိုဘဟိန်းနဲ့ ကိုဗဆွေတို့ အဖွဲ့ကိုမကွေးမြို့ကိုစေလွှတ်လိုက်ပါတယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ရောက်လာတဲ့အခါမှာ အားလုံးအင်အားကြီးစွာနဲ့ပေါင်းဆုံ ခဲ့ကြပြီး `မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ ရမယ်´ဆိုတဲ့ စကားဟာ မကွေးမြို့ကစတင်ခဲ့ရတဲ့ အောင်မြေပါ။ ဒါကြောင့် မကွေးမြို့က အောင်မြေပါ..။ ယခုလို အစဉ်လာကောင်းတဲ့ မကွေးမြို့မှာ ကျွန်တော်စကားပြောခွင့်ရတဲ့အတွက် လှိုက်လှိုက်လှဲလှဲကြီး ဂုဏ်ယူပါတယ်..လို့ ပြောပါရစေ…။
အထက်ပါအတိုင်း အစချီပြီး ကိုမင်းကိုနိုင်မှ စတင်ပြောဆိုပါတယ်။ အချိန်(၄၅)မိနစ်ခန့် အကျယ်တ၀င့် မြို့မိ မြိုဖများနှင့်လူငယ်များကို အားပေးနှတ်ဆက် ပြောကြားခဲ့ပါသည်။
READMORE
 

မကွေးတိုင်းဒေသကြီးသို့ ၈၈ မျိုးဆက်ကျောင်းသားများ၏ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်





မကွေးတိုင်းဒေသကြီးသို့ ၈၈ မျိုးဆက်ကျောင်းသားများ၏ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်
၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြသည့် ကိုမင်းကိုနိုင် နှင့်အတူ ကိုဂျင်မီ၊ ကိုအံ့ကျော်ဖွယ်၊ကိုမျိုးအောင်နိုင်၊ ကိုဥာဏ်လင်း၊ ကိုကိုလှိုင်၊ ကိုချစ်ကိုလင်း စုစုပေါင်း(၇)ယောက် လိုက်ပါကြပါသည်။ ``မနေ့က (၅-၃-၂၀၁၂)နေ့မှာ ချောက် မြို့NLD ရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကို အဓိကထားပြီး ကျွန်တော်တို့တက်ရောက် အားပေးခဲ့ပါတယ်။ ချောက်က သိပ်မစည်ကားဘူးဗျ။ ချောက်ကနေ အပြန်မှာ ရေနံချောင်းကဖိတ်ကြားလို့ ရေနံချောင်းကို ၀င်ရောက်ခဲ့ပါတယ်။ ညနေ ဒီ မကွေးကိုရောက်လာခဲ့ပါ တယ်။ မကွေးမြို့မှာ ကျောင်းသားလူငယ်တွေက တော်တော်လေးလှိုက်လှိုက်လှဲလှဲ အင်အားများစွာနဲ့ ကြိုဆိုကြတာကိုတွေ့ရပါတယ်၊ အားရ၀မ်းသာ ဖြစ်ရပါတယ်ဗျာ´´။ လို့ ကိုအံ့ဖွယ်ကျော်မှ ပြောဆိုပါသည်။ မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ (၁၅)လမ်း၊ ရွှေမြန်မာ စတိုးဆိုင်ပိုင်ရှင် ကိုစိုး၏ တိုက်မှာ ညအိပ်တည်းခိုကြကြောင်း သိရပါသည်။
၆-၃-၂၀၁၂ နေ့ နံနက်(၇) နာရီတွင် ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့သည် မကွေးမြသလွန်စေတီ တော်သို့ ဘုရားဖူးသွားကြသည်။ ဘုရားဖူးအပြန်မှာ မကွေးမြို့ရှိ ပါရမီရှင်(ပရဟိတ လူမှုကူညီရေး)အဖွဲ့၊ မဟာသွေး သွေးလှူရှင်အသင်း သို့ ၀င်ရောက် အားပေးကြပါသည်။ ယင်းမှ မကွေးမြို့ ဂရုဏာရှင်များ နာရေးအသင်း သို့ ၀င်ရောက်ကြည့်ရှု အားပေးကြပါသည်။ ယင်းမှ မကွေးမြို့ရှိ လွတ်လပ်ရေးပန်းခြံအတွင်းမှ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် အား သွားရောက် အလေးပြုကြပါသည်။ ယင်းဗိုလ်ချုပ်ကြေးရုပ် ပန်းခြံတွင် လေးဘက်လေးတန်ရှိ တံခါးမကြီးများအား ပိတ်ထားကြောင်း မြင်တွေ့ရပြီး စည်ပင်သာယာမှ ၀န်ထမ်းများ သန့်ရှင်းရေးလုပ်ကိုင်ရန် ရောက်ရှိနေကြ ၏။ ယင်း စည်ပင်သာယာဝန်ထမ်းများ ၀င်ရောက်ရန်ဖွင့်လှစ်ထားသော တံခါးပေါက်ကလေး တစ်ပေါက်မှ ၈၈ မျိုးဆက်ကျောင်းသားများ ၀င်ရောက်ခဲ့ကြရ ပါသည်။ (ယင်းကိစ္စအား ကိုမင်းကိုနိုင် မှ နှတ်ဆက်စကားပြောကြားရာတွင် ထည့်၍ ပြောကြား၏။) `ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်းခေါင်းဆောင်ကြီးများအား အလေးပြု´ ဟု ကျောင်းသားတစ်ဦးမှ အမိန့်ပေး၍ အလေးပြုကြ၏။ ထို့နောက် `၈၈ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းမှ အသက်ပေးလှူသွားကြသော ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူနှင့် ပြည်သူအပေါင်းအား ဂုဏ်ပြုသောအားဖြင့် တစ်မီနစ်ငြိမ်´ ဟု အဆိုပါကျောင်းသားတစ်ဦးမှ ထပ်မံအမိန့်တိုင်ပြီး တစ်မီနစ် ဂါရ၀ပြုကြပါသည်။
ထို့နောက် ၆-၃-၂၀၁၂၊ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့မှလာရောက်အားပေးတွေ့ဆုံကြသော ပရိသပ်ကြီးအား မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ (၁၅) လမ်းရှိ ရွှေမြန်မာစတိုးဆိုင်ပိုင်ရှင် ကိုစိုးတိုက်ပေါ်၊ ၀ရံတာမှထွက်၍ ကိုမင်းကိုနိုင် နှစ်အတူလိုက်ပါလာကြသော ၈၈ မျိုးဆက်ကျောင်းသား (၇)ဦးမှ ထွက်၍ တစ်ဦးချင်းမိတ်ဆက်ကြပါသည်။ ကိုအံ့ဖွယ်ကျော်၊ ကိုဂျင်မီ၊ ကိုမင်းကိုနိုင် တို့ သုံးဦး မှ အကျယ်တစ်ဝင့် မိတ်ဆက်ပြောကြားပြီး နံနက်(၁၁း၃၀) နာရီမှာ တွေ့ဆုံပွဲပြီးဆုံးသွား ပါသည်။ (ဤ မိတ်ဆက်ပွဲအတွင်း ကြားဖြတ် အထူးသတင်းကြေငြာပါသည်။ ၁၃-၃-၂၀၁၂ နေ့တွင် မကွေးမြို့သို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာပါမည်။)ဟု အသံချဲ့စက်ဖြင့် လူထုအား အသိပေးသွားပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီစဉ်မှာ ၆-၃-၂၀၁၂ နေ့ နေ့လည်(၁၂)နာရီ အချိန်ခန့်တွင် မင်းဘူးမြို့သို့ သွားရောက်၍ ရွှေစက်တော်ဘုရားသို့ ဘုရားဖူးရန် ဆက်လက်ထွက်ခွာမည်။ ရွှေစက်တော်မှ ဘုရားဖူးအပြန်တွင် မြိုသစ်မြို့သို့ ယနေ့ည ၆-၃-၂၀၁၂)နေ့ ညအိပ်ရန် ဆက်လက်ထွက်ခွာသွားကြမည်။ မြို့သစ်မြို့မှ တဆင့် နေပြည်တော်သို့ ဆက်၍ သွားကြပါမည်ဟု ၈၈ မျိုးဆက်ကျောင်း သား အဖွဲ့ခေါင်ဆောင် ကိုမင်းကိုနိုင် မှ ပြောကြား၍ သတင်းရယူခဲ့ ပါသည်။

ဝိုင်းကြည်အောင်

မြနိမာပို့စ် သတင်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။
READMORE
 

မန်းရွှေစက်တော်က တည်းခိုခန်း(တည်းကျောင်းခ)တွေ ဈေးကြီးသနော်





မန်းရွှေစက်တော်က တည်းခိုခန်း(တည်းကျောင်းခ)တွေ ဈေးကြီးသနော်
၂-၃-၂၀၁၂၊(သောကြာနေ့) တောင်သူလယ်မားနေ့ မှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်က မန်းစက်တော်ရာ ရွှေစက်တော်ဘုရားပွဲတော်သို့ ဘုရားဖူးရောက်ရှိခဲ့ပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များ ရုံးပိတ်ရက်(၃)ရက်ဆက်တိုက်ဖြစ်နေလို့ အနယ်နယ် အရပ်ရပ်က ဘုရားဖူးများ အလွန်များပြားစည်ကားနေတာကို မြင်တွေ့ရပါတယ်။ ဒီဘုရားပွဲတော်ကြီးက တပို့တွဲလဆန်း(၅)ရက်မှ တပေါင်းလ၊ တန်ခူးလ သင်္ကြန်အပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ရက်ရှည်ကျင်းပတဲ့ မြန်မာပြည်က သမိုင်းဝင်ပွဲတော်ကြီးဖြစ်ပါတယ်။ မန်းစက်တော်ဘုရား ပွဲတော်မှာ ၀ါးခင်း၊ထရံကာ၊သက္ကယ်မိုးများနဲ့ ဆောက်လုပ်ထားတဲ့ သီးသန့်လုံးချင်းတည်းခိုဆောင်များနဲ့ တည်းခိုဆောင်( ဒေသအခေါ် တည်းကျောင်း) များရှိပါတယ်။ အဲဒီတည်းခိုခန်း (၁၁)ခန်းတွဲ တစ်တွဲစီကို တည်းခိုဆောင်တစ်လုံး အဖြစ်သတ်မှတ် နေရာချထားပြီး ဆောက်လုပ်ပေးထားပါတယ်။ တစ်ခန်းလျှင် လူ ခုနှစ်ဦးခန့်သာ အိပ်စက်နိုင်ပါတယ်။ အဲဒီတည်းခိုခန်း(၁)ခန်းကို ငှါးရမ်းခက ပုံမှန်ဈေးမရှိပါ။ တစ်ခန်းငှါးရမ်းခ(တစ်ညအိပ်)တစ်ရက်၊ ဈေးနှုန်းများမှာ ကြိတ်နှုန်း(၁၀၀၀၀ိ) တစ်သောင်းခန့်သာ ရှိကြောင်း ကြားသိရ ပါတယ်။ ဒါပေမယ့် လူမစည်တဲ့ (ကြားရက် ရုံးဖွင့်ရက်)တွေမှာ (၅၀၀၀ိ) ငါးထောင်ခန့်ဖြင့်လည်း ဈေးလျှော့ပြီး ငှါးကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ရောက်ခဲ့တဲ့ ရုံးပိတ်ရက်(၃)ရက်မှာတော့ ` အမတို့က ရန်ကုန်ကလာကြတာပါ။ ဒီတစ်ခန်းကို တစ်ညအိပ် တစ်ရက် (၆၀၀၀၀ိ) ခြောက်သောင်းကျပ်ပေးရပါတယ်၊ ဒါက ရက်ကြိုတင်ငှါးထားလို့ရတာပါ။´လို့ ပြောဆိုပါတယ်။ `အကိုတို့က မြင်းခြံကလာပြီး ဘုရားဖူးကြတာပါ။ လူ(၁၅)ယောက်လာပါတယ်။ တည်းကျောင်း (၂)ခန်းငှါးထားပါတယ်။ တစ်ခန်းကို (၈၀၀၀၀ိ) ရှစ်သောင်းကျပ်ပေးပြီး ယနေ့ ငှါးထားပါတယ်။ မနက်ဖြန် နံနက်ပိုင်း ပြန်ကြမှာပါ´၊ဘုရားဖူးလာကြရတာ လမ်းကြေး၊ တံတားကြေး စရိတ်စကတွေက ဈေးတော်တော်ကြီးနေပါတယ်။ ဆိုင်ကယ်တစ်စီးကို ပွဲတော်အ၀င်ဂိတ်က တစ်ထောင်ကျပ်တောင်းပါတယ်။ ကားလေးတစ်စီး နှစ်ထောင်ကျပ် တောင်းလို့ပေးခဲ့ရပါတယ်။´လို့ ဘုရားဖူးအမျိုးသားတစ်ဦးက ပြောဆိုလို့ ကြားသိခဲ့ရပါတယ်။
`ယခုလို ရုံးပိတ်ရက် ရက်ရှည် ရက်များနဲ့ (၁၀)တန်းစာမေးပွဲ ပြီးတဲ့ရက်တွေမှာ ဘုရားပွဲတော်အ၀င်ဝကနေ စောင့်နေကြတဲ့ (ရွှေကြို) လို့ခေါ်တဲ့ ဧည့်ကြိုအဖွဲ့တွေရှိပါတယ်။ သူတို့ အဖွဲ့တွေက တည်းခိုခန်း တစ်ခန်းကို (ငွေတစ်သောင်းကျော်လောက်) နဲ့ ဈေးနှုန်းဖြတ်ပြီး တည်းကျောင်းတွေကို ကြိုတင်ဝယ်ယူထားကြပါတယ်။ သူတို့က ယခုလို ဘုရားဖူးစည်ကားတဲ့ ရက်တွေမှာ ရိုက်စားလုပ်ကြတာပါ။ အချို့တည်းခိုဆောင်ပိုင်ရှင်တွေကတော့ အဲဒီရွှေကြိုတွေကို အများကြီးမွေးထားပြီး ရာခိုင်နှုန်းစားတွေ နဲ့ ပေးပြီး ဈေးနှုန်းတွေကို ရရင် ရသလို တောင်းဆိုယူကြပါတယ်။ သက်ဆိုင်ရာ ဘုရားဂေါပကတွေကလဲ ဈေးနှုန်းသတ်မှတ်ထားတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ယခုတည်းခိုဆောင် (တည်းကျောင်း) ပိုင်ရှင်အများစုက ဒီမြေနေရာနဲ့ အဆောက်အဦးများကို သူတို့နာမည်နဲ့ ရထားကြသူတွေမဟုတ်ကြပါဘူး။ သက်ဆိုင်ရာဆီကနေ မြေနေရာနဲ့ အဆောက်အဦး လေလံများကို အမည်အမျိုးမျိုးနဲ့စာရင်းပြပြီး ရယူထားကြသူတွေသာ ဖြစ်ပါတယ်။ အဲဒီ လေလံရထားသူတွေဆီကမှ တစ်ဆင့်၊ နှစ်ဆင့်၊ သုံးဆင့် အမြတ်ယူပြီးရောင်းစားလိုက်ကြတာ (၁၁)လုံးခန်းပါတဲ့ တည်းခိုဆောင် တစ်ဆောင်ကို ငွေကျပ်သိန်း(၆၀)ခန့် အထိ ယခုနှစ်ပေါက်ဈေး ဖြစ်သွားပါတယ်။ မူလ အရင်းကျတဲ့ဈေးက (၃၅)သိန်းခန့်သာ ပေးရတာပါ။ ဈေးဆိုင်ခန်းတွေလဲ ဒီလိုပါဘဲ၊ မြေနေရာနဲ့ဆိုင်ခန်း(၆)ပေအကျယ်ရှိ ဆိုင်ခန်းတွေကို ယခုနှစ်ပေါက်ဈေး(၁၀)သိန်းခန့်နဲ့ တဆင့်ဝယ်ပြီး ဈေးလာရောင်းတဲ့ဆိုင် တွေကများကြပါတယ်။မူရင်းဈေး ဆိုင်ခန်း(၆)ပေအကျယ်ရှိ ဆိုင်ခန်း(၁)ခန်းမှာ ငွေကျပ်တစ်သိန်းကျော်သာ ကုန်ကျပါတယ်။ ဒါကြောင့် ဒီပွဲတော်ကို အမြဲတန်းလာပြီး အမှန်တစ်ကယ် လုပ်ကိုင်နေကြသူဈေးသည်တွေကိုသာ ဘုရားကြီးအလှူငွေများလည်းရအောင် သင့်တင့် တဲ့ ကြမ်းခင်းလေလံဈေးနှုန်းများနဲ့ အပြိုင်ဆွဲလို့ ရစေချင်ကြပါတယ်။ ယခုလို တဆင့်ခံ အမြတ်ယူရောင်းစား နေကြတော့ အစစအရာရာမှာ ဈေးတွေကြီးကုန်တာပေါ့။ ဈေးဆိုင်ခန်းများ၊ တည်းကျောင်းမြေနေရာနဲ့ ဆောက်လုပ်ခ လေလံဈေးတွေ ကြီးတော့ ဘုရားဖူးလုပ်သား ပြည်သူတွေရဲ့ ခေါင်းပေါ်ကို ရောက်လာပြီး တည်းကျောင်း တစ်ခန်း(၆၀၀၀၀ိ/၈၀၀၀၀ိ) ဖြစ်ကုန်တာပေါ့ဗျာ..။´ ဒီလိုမျိုးတွေ အများပြည်သူတွေအပေါ်ကို ၀န်ထုပ်ဝန်ပိုးတွေ မဖြစ်ရအောင် ခေတ်စနစ်နဲ့ အညီ လိုအပ်တာများကို ပြုပြင်ပြောင်းလဲ လုပ်ကိုင်ဆောင်ရွက်ပေးသင့်ပါပြီ ..။´ လို့ မန်းရွှေစက်တော်ဘုရားပွဲတော်မှာ နှစ်ပေါင်း(၂၀) သက်တန်းကြာအောင် ဈေးရောင်းချလာတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက မြန်မာပို့စ် သတင်းဂျာနယ်သို့ ပြောဆိုလို့ ကြားသိခဲ့ရပါတယ်။

ဝိုင်းကြည်အောင်

မြန်မာပို့စ် သတင်းဂျာနယ်မှ ဖော်ပြပါသည်။
READMORE
 

`မန်းရွှေစက်တော်ဘုရားပွဲတော်မှာ အခမဲ့ အနုပညာ ဓာတ်ပုံပြပွဲ ပျောက်ကွယ်တော့မည်´







`မန်းရွှေစက်တော်ဘုရားပွဲတော်မှာ အခမဲ့ အနုပညာ ဓာတ်ပုံပြပွဲ ပျောက်ကွယ်တော့မည်´
မန်းရွှေစက်တော်ဘုရားပွဲတော်သို့ ရောက်တိုင်း မန်းချောင်းကိုဖြတ်ပြီး တံတားထိုးထားတဲ့ တံတားမုဒ်ဦးကြီး၏ မြောက်ဘက်ဘေးက (ရွှေစက်တော်ဘုရားပွဲတော် ဓာတ်ပုံပြပွဲခန်းမ) သို့ ကျွန်တော် နှစ်စဉ်ဝင်ရောက်ကြည့်ရှုခဲ့ပါသည်။ ယခု မရောက်သည်မှာ သုံးနှစ်လောက်ကြာခဲ့ပါပြီ။ ၂-၃-၂၀၁၂ နေ့တွင် ရွှေစက်တော်ဘုရားပွဲတော်သို့ ရောက်ခဲ့ပါသည်။ ကျွန်တော် သွားနေကြ ၀င်ကြည့်နေကြ ရွှေစက်တော်ဘုရား ဓာတ်ပုံပြပွဲ ခန်းမကို မူလ နေရာမှာ မမြင် မတွေ့ရတော့ပါ။ စုံစမ်း မေးမြန်းပြီး ရှာကြည့်လိုက်တော့ အောက်စက်တော်ရာ(ခြေတော်ရာ)ဘုရား၏ တောင်ဘက် လမ်းကြားလေးမှာ နေရာပြောင်းရွှေ့ဖွင့်လှစ်ထား ပါသည်။ ယခင်လို ခန်းခန်းနားနားနဲ့ ဆိုင်းဘုတ်တင်ထားခြင်းလည်း မရှိပါ။ (ဓာတ်ပုံပါ အတိုင်း) မိုးမလုံ လေမလုံ မော်တော်ဆိုင်ကယ်တွေ ရပ်နားပိတ်ဆို့ထား တဲ့ ဓာတ်ပုံပြခန်းလေးကိုသာ မြင်တွေ့ခဲ့ရပါ၏။ ဆိုင်းဘုတ်တင်ထားခြင်းမရှိ၍ အခြားဈေးသည်များအား မေးမြန်းခဲ့သော်လည်း မသိပါဟု ဖြေဆိုကြ၍ ဒီနေရာ ဓာတ်ပုံ ပြပွဲကို တော်တော်ရှာခဲ့ရပါသည်။ ယခု အခမဲ့ ဓာတ်ပုံပြပွဲကြီးကို တစ်ကိုယ်တော် ဓာတ်ပုံဆရာ နီတွတ်(နှတ်ခမ်းမွေး) ဆိုသူက (၁၉၉၂)ခုနှစ်မှ စတင်၍ ရေနံချောင်းမြို့ကနေ နှစ်စဉ်လာရောက်ပြီး ပြသခဲ့ပါသည်။ ရွှေစက်တော်ဘုရားဂေါပက အဖွဲ့ကလည်း မြေနေရာနှင့် ဆိုင်ခန်းကို အခမဲ့ ဆောက်လုပ်ပေးထားပါ၏။ မန်းရွှေစက်တော်ဘုရားပွဲတော်၏ သဘာဝအလှ အနုပညာ ဓာတ်ပုံလက်ရာများကို ငေးမောကြည့်ရှုနေရပါသည်။ ထူးခြားဖြစ်စဉ် (၁၉၉၆) ခုနှစ်အတွင်းမှ ရေကြီး ရေလျှံခဲ့သော သဘာဝ ဘေးအန္တရာယ်မှတ်တမ်းတင် ဓာတ်ပုံများမှာလည်း စိတ်ဝင်စားဖွယ် အလွန်ကောင်းလှပါ၏။ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီး၏ ခေတ် အဆက်ဆက်မှ သမိုင်းဝင်ရှားပါး ဓာတ်ပုံများကို မှတ်တမ်း မှတ်ရာများအဖြစ် ပြသပေးထားခြင်းဖြစ်ပါသည်။ တန်ဘိုးမဖြတ်နိုင်သော အနုပညာလက်ရာမြောက် သဘာဝအလှ ဓာတ်ပုံများအား တစ်ဝကြီး ကြည့်ရှုခဲ့ရပါသည်။ ဤ ကဲ့သို့ အခမဲ့ဓာတ်ပုံပြပွဲကြီးအား နှစ်စဉ်မပျက်မကွက်ပြသပေးထားသော ဓာတ်ပုံပြပွဲမျိုးမှာ အခြားဘုရားပွဲတော်များတွင် မရှိပါ။
ယခုအခါ ရွှေစက်တော်ဘုရားပွဲတော်တွင် ဆိုင်ခန်းနဲ့ မြေနေရာများမှာ ဈေးကောင်းရပြီး (သိန်းဆယ်ဂဏန်း) တန်နေ၍ အခမဲ့ဓာတ်ပုံပြခန်းအား မူလနေရာ( မိန်းလမ်းမပေါ်မှ) လမ်းကြားနေရာသို့ ပြောင်းရွှေ့ပေးထားတာ (၃)နှစ်ရှိပါပြီဗျာ..ဟု တစ်ကိုယ်တော် ဓာတ်ပုံဆရာကြီး ဦးနီတွတ်(နှတ်ခမ်းမွှေး) မှ လျှပ်တစ်ပြက် ဂျာနယ်သို့ ပြောဆို၍ သတင်းရယူခဲ့ပါသည်။
READMORE
 

SHADE Journal | အတွဲ( ၆ )၊ အမှတ်( ၁၂ )

READMORE
 

SHADE Journal | အတွဲ(၆)၊ အမှတ်( ၁၁ )

  • အမည် : SHADE Journal | အတွဲ(၆)၊ အမှတ်( ၁၁ )
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၆)| အမှတ်( ၁၁ )
  • ရက်စွဲ : 7.3.2012
READMORE
 

SHADE Journal | အတွဲ( ၆ )၊ အမှတ်( ၁၀ )

  • အမည် : SHADE Journal | အတွဲ( ၆ )၊ အမှတ်( ၁၀ )
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ( ၆ )| အမှတ်( ၁၀ )
  • ရက်စွဲ : 29.2.2012
READMORE
 

SHADE Journal | အတွဲ(၆)၊ အမှတ်(၉)

  • အမည် : SHADE Journal | အတွဲ(၆)၊ အမှတ်(၉)
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၆)၊ အမှတ်(၉)
  • ရက်စွဲ : 22.2.2012
READMORE
 

(၆၄)နှစ်မြောက် ချင်းအမျိုးသားနေ့ `ခေါင်းပေါင်းလုပွဲ´






မကွေးတိုင်းဒေသကြီး မကွေးမြို့မှ (၆၄)နှစ်မြောက် ချင်းအမျိုးသားနေ့ `ခေါင်းပေါင်းလုပွဲ´

၁၈-၂-၂၀၁၂ နေ့၊ ညနေ(၅)နာရီတွင် မကွေးမြို့ကုန်သည်ကြီးများအသင်းခန်းမမှာကျင်းပသည်။ (၆၄)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ မကွေးတက္ကသိုလ်များ (မကွေး) ကျောင်းသား ကျောင်းသူများ မှ ဦးဆောင်ကျင်းပကြောင်းသိရသည်။

ယင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများ၊ မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများ နှင့် မကွေးမြို့ရှိ တက္ကသိုလ် ကောလိပ်ကျောင်းများမှ ချင်းတိုင်းရင်းသား ကျောင်းသူ ကျောင်းသားများ၊ မကွေးမြို့ပေါ်ရှိ ချင်းတိုင်းရင်းသားများ တက်ရောက်ကြပါသည်။ မကွေးတိုင်းဒေသကြီး ချင်းရေးရာဝန်ကြီး ဦးဆလိုင်း လှထွန်း မှ အဖွင့် နှတ်ခွန်းဆက်စကားပြောဆို သည်။ ဆက်လက်၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကျရောက်သည့် (၆၄)နှစ်မြောက် ချင်းအမျိုးသားနေ့( ချင်းပြည်နယ်နေ့) ဖြစ်ပေါ်လာပုံကို ချင်းတိုင်းရင်းသူ သီတာဝုန်ရှင်းစံ(ဆေးသက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း(ခ) ကျောင်းသူမှ ဖတ်ကြားရှင်းလင်းသည်။ ထို့နောက် ချင်းရိုးရာ အဆို အက (၀ါးညှပ်)က များဖြင့်ဖျော်ဖြေတင်ဆက်ကြပြီး အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ချင်းတိုင်းရင်းသားရိုရာ `ခေါင်းပေါင်းလုပွဲ´ အကအား ငဖဲမြို့နယ် ဂုဏ်ကြီးကျေးရွာမှ ချင်းတိုင်းရင်း သားများက သရုပ်ဖော်ကပြကြသည်။ ကြွရောက်လာကြသော ချင်းတိုင်းရင်းသား(၁၅၀)ခန့် မှ ဤ ချင်းရိုးရာ `ခေါင်းပေါင်းလုပွဲ´အက အား အထူးစိတ်ဝင်စားကြပြီး ည(၁၁)နာရီတွင် အခမ်းအနားရုတ်သိမ်းကြောင်း သိရှိပါသည်။

ယခု(၆၄) နှစ်မြောက် ချင်းအမျိုးသားနေ့ အား မကွေးမြို့မှာ အစိုးရအသစ်လက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပခွင့် ပြုပါကြောင်း၊ ကျင်းပခွင့်အား တစ်လခန့်ကြိုတင်လျှောက်ထားခဲ့သော်လည်း ပွဲကျင်းပမည့် နေ့၊ နေ့လည်အချိန်မှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ခွင့်ပြုမိန်ရရှိခဲပါကြောင်း၊ဤ ပွဲကျင်းပရေးအတွက် လျှောက်ထားရသည်မှာ အခက်အခဲ များစွာရှိခဲ့ပါကြောင်း၊ ချင်းအမျိုးသားနေ့ ကျင်းပရေးကော်မတီ တွဲဘက် အတွင်းရေးမှူး ချင်းတိုင်းရင်းသား ကို ၀ါဘီနေမှုံ (မကွေးတက္ကသိုလ်) မှ ပြောကြား၍ သတင်းရယူခဲ့ပါသည်။
READMORE
 

SHADE Journal | အတွဲ(၆)| အမှတ်(၈)

  • အမည် : SHADE Journal | အတွဲ(၆)| အမှတ်(၈)
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၆)| အမှတ်(၈)
  • ရက်စွဲ : 15.2.2012
READMORE
 

`ဆိပ်ဖြူမြို့ မြန်မာဂို(လ်)ဒင်းစတားကုမ္ပဏီ မှ တောင်သူများ၏ မြေယာများကို ပြန်လည်ရလိုမှု ဂယက်´




`ဆိပ်ဖြူမြို့ မြန်မာဂို(လ်)ဒင်းစတားကုမ္ပဏီ မှ တောင်သူများ၏ မြေယာများကို ပြန်လည်ရလိုမှု ဂယက်´

မကွေးတိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး( ဆိပ်ဖြူမြို့နယ်) မှ ဖိတ်ကြားချက်အရ ၄-၂-၂၀၁၂ နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာဓမ္မာရုံသို့ စာရေးသူ သွားရောက်ခဲ့ ပါသည်။ ယင်းဓမ္မာရုံတွင်း၌ မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး နှင့် မြေယာများကို မြန်မာဂို(လ်)ဒင်းစတားကုမ္ပဏီမှ မတရားသဖြင့် အသိမ်းခံထားရ၍ ပြန်လည်ရယူလိုကြသော မူလမြေပိုင်ရှင်များ (၂၃)ဦး တို့ တိုင်ပင်ဆွေးနွေးနေကြသည်ကို သတင်းရယူခဲ့ပါသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မူလမြေယာပိုင်ရှင် များလက်မှတ်ရေးထိုး ၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ အသနားခံလွှာတင်ပြထားသော စာကို ဦးမြင့်စိုး(တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်) မှ ဒုတိယအကြိမ် ပြန်လည်ရှင်းလင်းဖတ်ကြားပွဲဖြစ်ပါသည်။ ဒီကိစ္စကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်မှာလည်း ဆက်လက်တင်ပြသွားမည်ဟု ဦးမြင့်စိုးမှပြောကြားပါသည်။ မြေယာအသိမ်းခံရသော မြေပိုင်ရှင်တချို့အား စာရေးသူမှ အင်တာဗျူးပြုလုပ်၍ မေးမြန်းခဲ့ပါသည်။ မူလမြေပိုင်ရှင်များမှ အသိမ်းခံထားရသော စိုက်ပျိုးမြေယာများကိုလည်း လိုက်လံပြသပေးကြပါသည်။

ဖြစ်စဉ်အကျဉ်းမှာ ချောက်မြို့နှင့် ဆိပ်ဖြူမြို့သို့ ဖြတ်ကူးသော အနော်ရထာ (ဧရာဝတီမြစ်ကူးတံတား) စီမံကိန်းစတင်ချိန်တွင် ၎င်းမြေယာများကို ဆောက်လုပ်ရေးဌာနမှ အသုံးပြုရန် သိမ်းဆည်းခဲ့ပါသည်။ ယင်းမြေယာများမှာ ဆိပ်ဖြူမြို့ဘက်မှ တံတားချဉ်းကပ်လမ်းဘေးတွင်တည်ရှိပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းမှ သံဘောင် နှင့် ပစ္စည်းများကို ချထား၍ ယာယီအသုံးပြုခဲ့သောနေရာဖြစ်ပါသည်။ မြေယာများကိုစတင်သိမ်းဆည်းစဉ်အခါက သက်ဆိုင်ရာဒေသ အာဏာပိုင်တာဝန်ရှိသူများမှ မြေယာပိုင်ရှင်(၅)ဦးစီအား ခွဲ၍ခေါ်ယူပြီး ညနေအချိန်ခန့်တွင် အကြောင်းအရာပါစာများကို ဖတ်ကြားပြသခြင်း မပြုဘဲ လက်မှတ်ထိုးခိုင်းသည်ဟု မြေပိုင်ရှင်များက ပြောကြားကြပါသည်။ တံတားစီမံကိန်းပြီးဆုံးလျှင် တံတားနယ်မြေနှင့် လွတ်ကင်းသော ဤမြေယာနေရာများအား မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးပါမည်ဟု တံတားစီမံကိန်း အင်ဂျင်နီယာမှူးကြီးမှ ဂတိပေးပြောဆိုထားပါကြောင်း မြေပိုင်ရှင်များမှ ပြောဆိုကြပါသည်။ သို့သော် တံတားပြီးသွားသော အခါတွင် မူလမြေပိုင်ရှင်များအား ပြန်လည်ပေးအပ်ခြင်းမပြုဘဲ မြန်မာဂို(လ်)ဒင်းစတားကုမ္ပဏီ သို့ လွှဲပြောင်းပေးအပ်လိုက် ပါသည်။ ယင်းကုမ္ပဏီမှ စိုက်ခင်းအနည်းငယ်သာ စိုက်ပျိုးလုပ်ဆောင်နေပြီး ကျန်သော မြေယာများကို မူလမြေယာပိုင်ရှင် မဟုတ်သော အခြားလူများထဲမှ ငွေကြေးတတ်စွမ်း နိုင်သူ စီးပွားရေးသမားများထံသို့ တစ်နှစ်ချင်း သီးစားချ၍ လုပ်ကိုင်ခွင့်ပြုထားကြောင်းသိရပါသည်။ သို့ပါ၍ မူလမြေပိုင်ရှင်(၂၃)ဦးမှာ ဆင်းရဲနွမ်းပါးပြီး စီးပွားရေးအကြပ်အတည်း အခက်အခဲများဖြင့် ရင်ဆိုင်နေကြရပါသည်။ ယင်းဖြစ်စဉ်အား (၁၈-၅-၂၀၀၁)နေ့စွဲဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွှန့်၊ အတွင်းရေးမှူး(၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ သို့ ပထမအကြိမ် တင်ပြထားခဲ့ပါသည်။ ယနေ့အထိ (၁၁နှစ်)အချိန်ကြာမြင့်သွားသော်လည်း မည်သို့မျှအကြောင်းမပြန်ကြားပါ ဟုသိရပါ၏။ ထို့ကြောင့် ဤကိစ္စအား မြေယာပိုင်ရှင်(၂၃) ဦးမှ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး ထံ အကူအညီတောင်းခံခဲ့ကြပါသည်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးမှ ဦးဆောင်၍ နိုင်ငံတော်အစိုးရအသစ် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံသို့ (၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်) နေ့စွဲဖြင့် ဒုတိယအကြိမ်ထပ်မံ အသနားခံစာ)အား တင်ပြ ထားသောရှင်းလင်းပွဲမှ သတင်းရယူခဲ့ပါသည်။

မေး။ ။ အကို့နာမည်ဘယ်လိုခေါ်ပါသလဲ၊ အကို့မြေယာဘယ်နှစ်ဧက ပါသွားပါသလဲ၊ အသိမ်းခံထားရတာ ဘယ်နှစ်နှစ်ကြာခဲ့ပါပြီလဲ၊ ဒီမြေယာနဲ့ အသိမ်းခံရတုန်းက ဘယ်လိုစသိမ်းတယ်။ ဘယ်သူတွေနဲ့ ဘယ်လို ပြောဆိုလုပ်ကိုင်ခဲ့ကြတာလဲ ၊ နောက် မြေအသိမ်းခံလိုက်ရလို့ ရင်ထဲက ခံစားချက်ကလေးကို ပြန်ပြောပြပေးပါ။

ဖြေ။ ဦးထွန်းရှင် ။ ကျွန်တော့်နာမည် ဦးထွန်းရှင်ပါ။ မြေဧက (၂)ဧကလောက်ပါသွားပါတယ်။ အသိမ်းခံရတဲ့ အချိန်ကတော့ (၁၀)နှစ်ခန့်ကြာသွားပါပြီ။ တံတားတည်ဆောက်စဉ်ကာလက (၅) နှစ်အတွက် နစ်နာကြေးအဖြစ် တစ်ဧက (၃၀၀၀၀ိ) နှုန်းတွက်ပြီး ပေးပါတယ်။ အဲဒီတုန်းက တံတားဆောက်လုပ်ရေး ဒါရိုက်တာကြီးကပြောပါတယ်။ ကျွန်တော်တို့မြေယာတွေကို အပိုင်သိမ်းတာ မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။ မြေယာတွေအသိမ်းခံလိုက်ရလို့ ယခု ကျွန်တော့်မိသားစု ဘ၀ပျက်နေပါ တယ်။ ကျွန်တော့်မှာ မိသားစုမှာ သား သမီးက ငါးယောက်ရှိပါတယ်။ ဒီမြေကြီးကိုသာ လုပ်ကိုင်စားသောက်ပြီး ကျွန်တော့်သား သမီးတွေကို ကျောင်းထားခဲ့ရပါတယ်။ ယခုတော့ လက်လုပ် လက်စား ကူလီလိုက်စားနေရပါတယ်။ စားဝတ်နေရေး တော်တော်ကြပ်တည်းနေရပါတယ်။ ကျွန်တော့်မြေတွေကို လာပြီးသိမ်းစဉ်က အဲဒီအချိန်တုန်းမှ (မ.ယ.က ဥက္ကဋ္ဌ) ရယ်၊ မြေစာရင်းဌာနက မြို့နယ်ဦးစီးမှူး ဆိုသူ နှစ်ယောက်တို့ ညနေ မှောင်ခါစ အချိန်မှာ လာကြပါတယ်။ မြေပိုင်ရှင် (၅) ဦးစီကို ခွဲပြီးခေါ်ပါတယ်။ မှောင်ရီပျိုးစလေးဆိုတော့ ဘာစာမှ ဖတ်မရပါဘူး။ သူတို့ကလည်း ဖတ်မပြပါဘူး။ သူတို့ခိုင်းတဲ့ အတိုင်း ဒီနေရာလေးမှာ လက်မှတ်ထိုးပါဆိုလို့သာ ကျွန်တော်ထိုးခဲ့ရပါတယ်။ အနော်ရထာ တံတားကြီးပြီးသွားတော့လည်း ကျွန်တော်တို့မြေယာတွေကို ပြန်ပေးမယ်ဆိုပြီး မပေးပါဘူး။ ကျွန်တော်တို့ကို ပြန်မပေးဘဲ ယခုလုပ်နေတဲ့ MGS မြန်မာဂို(လ်)ဒင်းစတား ကုမ္ပဏီကို စိုက်ပျိုးခွင့်ချလိုက်ပါတယ်။ ကုမ္ပဏီကလည်း စိုက်ခင်းနည်းနည်းလေး အလုပ်ပြပြီး ကျန်တဲ့ မြေတွေကို ပိုက်ဆံတတ်နိုင်သူ ကုန်သည်ပွဲစားတွေကို တစ်နှစ်တစ်ခါသီးစားချပေးနေပါတယ်။ ဒါကြောင့် ဒီမြေယာများကို ပြန်လည်ရရှိအာင် ကျွန်တော်ကတော့ သေတဲ့ အထိ ပြန်လည်ရရှိအာင်ရင်ဆိုင် တောင်းဆိုသွားမှာပါ။

မေး။ ။ အမကြီးနာမည် ဘယ်လိုခေါ်ပါသလဲ။ အသိမ်းခံရတဲ့ မြေဧက ဘယ်လောက်ပါသွားပါသလဲ။ မြေယာ သိမ်းစဉ်က မြင်ကွင်းလေးနဲ့ ယခု မြေယာတွေကို ဘယ်လိုပြန်လည်ရယူနိုင်အောင် ဆောင်ရွက်မယ်ဆိုတာလေးကို ပြောပြပါ။

ဖြေ။ ဒေါ်တင်စန်း။ ။ကျမနာမည် ဒေါ်တင်စန်းလို့ ခေါ်ပါတယ်။ ဆိပ်ဖြူမှာ တောင်သူလုပ်လာတာ အသက်(၆၅)နှစ်ရှိပါပြီ။ မြေက တစ်ဧကလောက်ပါသွားပါတယ်။ အဲဒီတုန်းက ဧရာဝတီမြစ်ကူးတံတားကြီးဆောက်ဖို့ ကျမတို့မြေယာတွေကို သိမ်းမယ်လို့ ဆိုတော့ ၀မ်းပမ်းသသာနဲ့ သိမ်းပါလို့ ကိုယ့်မြို့ရွာ တိုးတက်ဖို့ဆိုတော့ ကြည်ဖြူစွာနဲ့ ပြောဆိုခဲ့ပါတယ်။ အဲ သိမ်းတဲ့ အချိန်က သူတို့ပြောခဲ့တာကလည်း ဒီတံတားကြီးပြီးသွားရင် လွတ်ကင်းတဲ့ မြေယာတွေကို ပြန်လည်စိုက်ပျိုးဖို့ ပြန်ပေးမယ်လို့လည်း ပြောခဲ့ကြပါတယ်။ တံတားစီမံကိန်းပြီးတဲ့ တစ်ညနေ အချိန် မိုးမိုချုပ်ချုပ်ကြီးမှာ ကျမတို့မြေယာတွေကို ပြန်ပေးမှာ လိုလိုနဲ့ပြောပြီး လက်မှတ်ထိုးပါဆိုလို့ ထိုးခဲ့ရပါတယ်။ ဘာစာမှလည်း ဖတ်မပြကြပါဘူး။ စာဖတ်ဖို့မီးရောင် ကလည်း မပြည့်စုံပါဘူး။ ဒီလို လုပ်သွားခံရတာကို ကျမတို့ ၀မ်းနည်းပက်လက်ဖြစ်သွားကြရပါတယ်။ ကျမတို့မှာ တောင်သူလုပ်ငန်းသာ လုပ်ကိုင်စားတတ်ကြပါတယ်။ အခြားလည်း လုပ်ကိုင်မစားတတ်ပါဘူး။ ယခုတော့ သားတွေ သမီးတွေဆီက ထောက်ပံ့တာလေးတွေကိုသာ ကြပ်ကြပ်တည်းတည်းနဲ့ စားသောက်နေကြရပါတယ်။ ဒါကြောင့် ဒီမြေယာ ပြန်ရရှိရေးကို ကိုမြင့်စိုး တို့နဲ့ အထက်လူကြီးတွေကိုသာ အားကိုးနေရပါတယ်။

မေး။ ။ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး ခင်ဗျာ။ ယခု ဆောင်ရွက်နေတဲ့ မြေယာကိစ္စကို ဒုတိယအကြိမ် လက်မှတ်ရေးထိုးပြီး သမ္မတကြီးထံ တင်ထားတယ်လို့ သိရပါတယ်။ ဒါအပြင် ဒီကိစ္စကို ဘယ်လိုဆက်လက် ဆောင်ရွက်သွားမှာပါလဲ သိပါရစေ။

ဖြေ။ ။ ဦးမြင့်စိုး ။ ဟုတ်ကဲ့ ဒီကိစ္စကို မကွေးတိုင်းဒေသကြီး လွှတ်တော်ခေါ်ယူတဲ့အခါမှာ တင်ပြပါ့မယ်။ နောက် လွှတ်တော် အဆင့်ဆင့်မှာလည်း တင်ပြဆွေးနွေးနိုင်အောင် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့နဲ့ တောင်သူလယ်သမားတွေက စည်းကမ်းနည်းလမ်းကျကျ ဆက်လက်ဆောင်ရွက်နေကြပါတယ်။ ယနေ့ ခေတ်မှာ ကျွန်တော် ကြားသိနေရတဲ့ တောင်သူလယ်သမားတွေဘက်မှ အကျိုးဆောင်ရန် လိုက်လံပြီး ဆောင်ရွက်ပေးနေကြတဲ့ (NGO) အဖွဲ့များကိုလည်း ဒီကိစ္စကို အထူး အကူအညီပေးကြပါရန် မေတ္တာရပ်ခံတောင်းဆိုချင်ပါတယ်။
READMORE
 

`ဆိပ်ဖြူမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာ၊ကိုင်းမြေနုကွန်း ကွင်းအမှတ်(၁၁၁၈) ၏ ပြဿနာ´



`ဆိပ်ဖြူမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာ၊ကိုင်းမြေနုကွန်း ကွင်းအမှတ်(၁၁၁၈) ၏ ပြဿနာ´

၎-၂-၂၀၁၂ နေ့ နံနက်(၁၁)နာရီအချိန်၊ ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာဓမ္မာရုံတွင် ကိုးတောင့်ကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးဝင်း နှင့်တွေ့ဆုံခဲ့ပါသည်။ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး မှ ယခင် ၂၀၀၈ ခုနှစ် ထုတ်ပြန်ထားသော မြန်မာဂို(လ်)ဒင်းစတား (MGS) စိုက်ခင်းတာဝန်ခံ၏ တားမြစ်ထားသောစာ နှင့် ၂၀၁၁၊ ဇွန်လ(၂၇)ရက်နေ့တွင် ဆိပ်ဖြူမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ထံအစီရင်ခံတင်ပြ ထားသော စာ(၂) စောင်ကို တင်ပြလာပါသည်။ ထို့နောက် အောက်ပါအတိုင်း ရင်ဖွင့်ပြောဆိုသွားပါသည်။ ဤကိစ္စအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၏ အကူအညီဖြင့် အစိုးရအသစ် သမ္မတကြီး ဦးသိန်းစိန်ထံသို့ လည်း တင်ပြထားပြီးကြောင်း ပြောကြားပါသည်။

ရေလယ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးဝင်း၏ ပြောကြားချက်။

ကျွန်တော်တို့ရွာက ကိုးတောင့်ကျေးရွာအုပ်စုမှာပါတဲ့ ရေလယ်ကျွန်းကျေးရွာဖြစ်ပါတယ်။ ယခင်က ကျွန်တော်တို့ရွာက ကျွန်းထဲမှာနေကြတာပါ။ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ္ဘားတွေအများကြီးပြိုကျ ပျက်စီးသွားပါတယ်။ စိုက်ပျိုးတဲ့ကိုင်းမြေ တွေလည်းပြိုကျသွားပါတယ်။ တစ်ရွာလုံး(အိမ်ခြေ ၂၀၀)မှာ နေစရာလည်း မရှိ၊ လုပ်ကိုင်စားသောက်စရာ မြေလည်း မရှိဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ၁၉၉၈ ခုနှစ်မှာ ဆိပ်ဖြူ၊ စလင်း၊ မင်းဘူး ကားလမ်းမကြီးရဲ့ လမ်းဘေးကို တစ်ရွာလုံးနေရာ ပြောင်းရွှေ့လာခဲ့ကြရပါတယ်။ အဲဒီအချိန်မှာဘဲ ကံအားလျှော်စွာနဲ့ မြေနုကျွန်းတွေဟာ ဧရာဝတီမြစ်ရေအတက် အကျကိုလိုက်ပြီး သဘာဝအရ တစ်နှစ်တစ်ခါ ကျွန်းမြေအသစ်တွေ ပြန်ပြန်ပေါ်လာပါတယ်။ အဲဒီ မြေနုကျွန်းတွေက ၁၉၉၅ ခုနှစ်လောက်က စတင်ပေါ်လာတာပါ။ ဒါပေမယ့် အဲဒီအချိန်ကထဲက ဒီမြေနုကျွန်းတွေကို MGS မြန်မာဂို(လ်)ဒင်းကုမ္ပဏီ က သိမ်းတယ်ဆိုပြီး အထက်အမိန့်အရ(ပူးတွဲပါစာ) အတိုင်း သိမ်းခဲ့ပါတယ်။ အဲဒီအချိန်ကစပြီ ကျွန်တော်တို့တစ်ရွာလုံး ဘာမှ လုပ်ပိုင်ခွင့်မရရှိခဲ့ပါဘူး။ စုစုပေါင်း ဧက(၃၀၀) ခန့်ရှိပါမယ်။ ဒီကွင်းကြီးကို ကိုးတောင့်ရွာ၊ ရေပေါ်ကျွန်းရွာ၊ သံဇလုံရွာ၊ တောင်ငယ်လုံရွာ (၄)ရွာပိုင်ဆိုင်ပါတယ်။ ဒီမြေနုကျွန်မြေများကို ကွင်းကြားနယ်နိမိတ်တိုင်းတာ ဖို့ သက်ဆိုင်ရာကို ၂၀၀၈ ခုနှစ်က ကျွန်တော်တင်ပြတောင်းခံခဲ့ပါတယ်။ နှစ်အတော်ကြာမှ ၂၀၁၁ ခု မေလ မှာ သက်ဆိုင်ရာက ကွင်းကြားနယ်နိမိတ် တိုင်းတာမှု ပြုလုပ်ပေးပါတယ်။ ရွာလေးရွာ မြေနုကျွန်းစိုက်ပျိုးမြေ နယ်နိမိတ်သတ်မှတ် ထားသော် လည်း သီးခြားချန်ထားတဲ့ မြေနုကျွန်းများကို ခွဲဝေခြင်းမပြူဘဲ MGS ကုမ္ပဏီ က သိမ်းတယ်ဆိုပြီး ပေးထားခဲ့ပါတယ်။ MGS ကုမ္ပဏီက မြေနုကျွန်းများအပြင် ကုန်းပိုင်းယာမြေများကိုလည်း အထက်အမိန့်နဲ့ သိမ်းယူသွားပါတယ်။

MGS မြန်မာဂို(လ်)ဒင်းစတား ကုမ္ပဏီ က ဒီမြေနုကျွန်းတွေကို ကိုယ်တိုင်လုပ်ကိုင်ခြင်းမပြုဘဲ တစ်နှစ်တစ်ခါ သီးစားချပေးနေတာကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ရွာ နယ်နိမိတ်ထဲက စိုက်ပျိုးမြေများကို ကျွန်တော်တို့ရွာမှ တောင်သူများကို သီးစားချမပေးဘဲ အခြားရွာတွေကို ကျော်ပြီး သီးစားချပေးနေပါတယ်။ ဒီကိစ္စ အထက်အဖွဲ့အစည်း အဆင့်ဆင့်ကို ခဏ ခဏ တင်ပြထားသော်လည်း ယနေ့အထိ ဘာမှ ထူးခြားမှု မရှိဖြစ်နေပါတယ်။ဒါကြောင့် ကျွန်တော်တို့ ရေလယ်ကျွန်းကျေးရွာမှာ လုပ်စားစရာ မြေနုကျွန်းအခက်အခဲများကြောင့် စားသောက်ရေးအတွက် ဆင်းရဲဒုက္ခရောက်နေ ကြရပါတယ်။ တချို့တော်တော်များများဆိုရင် ဆိပ်ဖြူမြို့ပေါ်တက်ပြီး ပွဲရုံတွေက အလုပ်သမားတွေအဖြစ် ကူလီထမ်းနေကြ ရပါတယ်။ ဒါကြောင့် ၂၀၁၁ ခုနှစ် ဇွန်လ(၂၇)ရက် နေ့မှာ ဆိပ်ဖြုမြို့နယ်အုပ်ချုပ်ရေးမှူးထံ တရားဝင် စာတင်မေးမြန်းခဲ့ ပါတယ်။ ၇-၇-၂၀၁၁ နေ့မှာဆိပ်ဖြုမြို့နယ်အုပ်ချုပ်ရေးမှူးထံ ကျွန်တော်ကိုယ်တိုင်သွားရောက်ပြီး ထပ်မံမေးမြန်းခဲ့သော် လည်း အထက်သို့ တင်ပြထားဆဲလို့သာ သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နှစ်စဉ်ခွဲခြမ်းလုပ်ကိုင် စားသောက်ခဲ့သော ဘိုးဘွားအဆက်ဆက်က လုပ်ကိုင်စားသောက်ခဲ့ရသော ဒီမြေနုကျွန်းကိစ္စများကို MGS ကုမ္ပဏီမှ ဆင်းရဲဒုက္ခရောက်နေကြတဲ့ တောင်သူ လယ်သမားများထံ ပြန်လည်ပေးကြဖို့ သက်ဆိုင်ရာက အထက်အဖွဲ့အစည်းများထံကို အသိပေးပန်ကြားလိုက် ပါရစေ..။
READMORE
 

SHADE Journal | အတွဲ( ၆ )၊ အမှတ်( ၇ ) အကယ်ဒမီ အထူးထုတ်

  • အမည် : SHADE Journal | အတွဲ( ၆ )၊ အမှတ်( ၇ )
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ( ၆ )| အမှတ်( ၇ )
  • ရက်စွဲ : 8.2.2012 မှ 14.2.2012
READMORE
 

` မြသလွန်စေတီတော်အား ပူဇော်သော မကွေးတိုင်းဒေသကြီး အစိုးရသစ်၏ ပထမအကြိမ် ထမနဲထိုး ပြိုင်ပွဲ´



` မြသလွန်စေတီတော်အား ပူဇော်သော မကွေးတိုင်းဒေသကြီး အစိုးရသစ်၏ ပထမအကြိမ် ထမနဲထိုး ပြိုင်ပွဲ´
မကွေး၊ ဖေဖော်ဝါရီလ(၇)ရက်။

၆-၂-၂၀၁၂ ၊ ၁၃၇၃ ခုနှစ် တပို့တွဲလဆန်း(၁၄)ရက် နေ့ ညနေ(၄)နာရီမှာ မကွေးမြို့ မြသလွန်ဘုရားပွဲတော် ကွင်းပြင်တွင် မကွေးတိုင်းဒေသကြီးအစိုးရသစ် ၏ ပထမအကြိမ် မြန်မာ့ရိုးရာအစားအစာ ထမနဲထိုးပြိုင်ပွဲ ကျင်းပသည်။ မကွေးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ဌာနဆိုင်ရာအသင်းအဖွဲ့ပေါင်း (၄၅)သင်းပြိုင်ပွဲဝင်ကြပါသည်။ ယင်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အံ့ဇော်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ အတွင်းရေးမှူးဦးနေ၀င်း နှင့် မကွေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမင်းအေးလွင် တို့ သုံးဦးမှ ဖဲကြိုးဖြတ်၍ အခန်းအနားကို ဖွင့်လှစ်ပေးကြပါသည်။ ဤပွဲကို ထူးထူးခြားခြား နိုင်ငံခြားသား ဧည့်သည်တော်များ အဖွဲ့လိုက် လာရောက် လေ့လာကြည့်ရှု အားပေးကြပြီး မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ယူသွားကြပါသည်။

နိုင်ငံခြားသား ဧည့်သည်တော်တစ်ဦးမှ `မင်းတို့ ဒီထမနဲ မှုန့်များကို ကောင်း မကောင်း ဘာ..မီတာနဲ့တိုင်းတာ စစ်ဆေးဆုံးဖြတ် ရွေးချယ်ပေးကြပါလဲ..?။ဟု မေးပါတယ်။ `ကျနော်တို့မှာ မျက်လုံး မီတာ၊ နှာခေါင်း မီတာ၊ ပါးစပ် လျှာ မီတာ များနဲ့ ဒိုင်လူကြီးအဖွဲ့က စစ်ဆေး တိုင်းတာပြီး ရွေးချယ်ပေးကြပါတယ်ခင်ဗျာ..´။ လို့ ပြန်လည် ဖြေကြားပြောဆို ခဲ့ရကြောင်း၊ ထမနဲ များကိုလည်း နိုင်ငံခြားသားဧည့်သည်တော်အဖွဲ့အား စားသုံးကြည့်ကြရန် ကျွေးမွေးခဲ့ပါကြောင်း၊ ဒိုင်ချုပ် ဦးစိန်လင်း မှ ပြောကြား၍ သိရှိရပါသည်။

မြန်မာ့ရိုးရာ အစားအစာ ထမနဲထိုးပြိုင်ပွဲဝင် အသင်း တစ်သင်းလျှင် ကောက်ညင်းဆန်(၄) ပြီ၊ ဆီ၊ ဆား၊ အုန်းသီးဆံ နှင့် နှမ်း၊ ဂျင်း စသည့် ပစ္စည်းအစုံ အား အညီအမျှကို ပြိုင်ပွဲ မစခင် (၂)နာရီအချိန်ကြိုတင်၍ ထုတ်ပေးထားကြောင်း မြင်တွေ့ရ ပါသည်။ ယင်းပစ္စည်းအစုံအား တစ်သင်းလျှင် ငွေကျပ်(၂၀၀၀၀ိ) နှစ်သောင်းကျပ်ဘိုး ပြိုင်ပွဲကျင်းပရေးကော်မတီမှ အကုန်ကျခံ၍ ကျင်းပကြောင်း သိရ၏။ ဒယ်အိုး၊ ထင်း နှင့် ထမနဲထိုးယောင်းမကြီးများ စသည့် လိုအပ်သော ပစ္စည်းများကို ယှဉ်ပြိုင်မည့် အသင်းများမှ တပါတည်းယူလာကြရပါသည်။ ပြိုင်ပွဲဝင် တစ်သင်းလျှင် ထမနဲထိုးရန်လူ (၇)ဦးစီဖြင့် ယှဉ်ပြိုင်ကြပါသည်။ ညနေ(၄)နာရီအချိန်တွင် ဒိုင်လူကြီးအဖွဲ့မှ ခရာမှုတ်၍ စတင်ပါသည်။ ဒိုင်ချုပ်ဦးစိန်လင်း (တိုင်းဒေသကြီးမန်နေဂျာ/၀ါချည်ထည်လုပ်ငန်း) နှင့်အတူ ဒိုင်အဖွဲ့ စုစုပေါင်း(၁၅)ဦး၊ ထမနဲထိုးနေကြသော ဒယ်အိုးများတွင်လည်း အနီးကပ်ကြီးကြပ်ဒိုင် အဖွဲ့တစ်ဖွဲ့ချင်းအား တစ်ယောက်နှုန်း ဖြင့် (၄၅)ဦး နေရာချထားကြောင်း မြင်တွေ့ရပါသည်။ ပြိုင်ပွဲအချိန်အား (၄၅) မိနစ်သတ်မှတ်ထားပါသည်။ ထမနဲထိုးသော အချိန်အား စောစောပြီးရန် အမြန်ပြိုင်ပွဲကျင်းပခြင်း၊ မဟုတ်ဟုသိရပါသည်။ သို့သော် နောက်ကျမှပြီးသောအဖွဲ့များကို မိနစ်အလိုက် အမှတ်များကို လျှော့ပေးပါသည်။ ပြိုင်ပွဲအား ဒိုင်အဖွဲ့မှ စတင်ချိန်မှစ၍ မိနစ်(၂၅)၊ မိနစ်(၃၅)၊ မိနစ် (၄၀)၊ မိနစ်(၄၅) အချိန်များအား ကြေငြာပေးကြပါသည်။ ပြိုင်ပွဲ(၄၅)သင်းမှ လာရောက်အပ်နှံကြသော ထမနဲ ပွဲများမှာ တစ်သင်းလျှင် ဘုရားဆွမ်းတော်ကပ်ရန်ပွဲ(၁)ပွဲ၊ ယှဉ်ပြိုင်ပွဲ(၁)ပွဲ၊ ဧည့်သည်များအတွက်(၁)ပွဲ စုစုပေါင်း(၃) ပွဲ အပ်နှံကြရပါ၏။ ပြိုင်ပွဲဝင် ကြွေပုဂံပြားများ၏ အောက်ဘက် ဖင်တွင် ကုတ်နံပါတ်များဖြင့် မှတ်သားထားခြင်းကို မြင်တွေ့ရပါသည်။ ပြိုင်ပွဲဝင်(၄၅) ပုဂံများထဲမှ ဒိုင်(၁၅)ဦးက မြည်းစားပြီး ဒိုင်တစ်ဦးလျှင် စိတ်ကြိတ်(၁)ပွဲစီနှုန်းဖြင့် သတ်မှတ်ပေးထားသော အမှတ်ပေးစည်းမျဉ်း စည်းကမ်းများအတိုင်း ရွေးချယ်ပေးကြသည်ကို မြင်တွေ့ရပါသည်။ ဒိုင်(၁၅) ဦးမှ ရွေးချယ်ထားသော (၁၅)ပွဲကို ဒိုင်များမှ ထပ်မံ၍ ထမနဲ၏အရသာကိုလည်း မြည်းစားပြီး ရရှိထားသော အမှတ်စာရင်းများကို ပြန်လည်စစ်ဆေးကြပါသည်။ သတ်မှတ်ပေးထားသော အမှတ်ပေးစည်းကမ်းချက်များမှ ရမှတ်များ၊ ထမနဲ၏ အရောင်အဆင်း၊ အနံ့ အရသာတို့အား ထပ်မံစစ်ဆေးကြပြီး ဇကာတင်အဖြစ် (၅)ပွဲအား ထပ်မံ၍ စီစစ်ပြီး ရွေးချယ်ကြပါသည်။ ယင်းဇကာတင် ရွေးချယ်ထားသောပြိုင်ပွဲဝင် ထမနဲ (၅)ပွဲမှ ဒိုင်ချုပ် နှင့် ပူးတွဲအကူဒိုင် (၂)ဦးတို့မှ ပ၊ ဒု၊ တ (၃)ပွဲကို ဖိုင်နယ်အဖြစ်ရွေးချယ် ဆုံးဖြတ်ပေးခြင်းအား မြင်တွေ့ရပါသည်။

ပထမဆုအား မကွေးတိုင်းဒေသကြီး မိခင်နှင့် ကလေး အမျိုးသမီးရေးရာအသင်း မှ ဆုငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း ဆွတ်ခူးရရှိပါသည်။ ဒုတိယဆုအား မကွေးတိုင်းဒေသကြီး ပညာရေးဌာနအသင်း မှ ဆုငွေကျပ်(၄၀၀၀၀ိ) လေးသောင်း ရရှိပါသည်။ တတိယဆုအား မကွေးတိုင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အသင်း မှ ဆုငွေကျပ်(၃၀၀၀၀ိ) သုံးသောင်း ဆွတ်ခူးကြပါသည်။ ကျန်သော ပြိုင်ပွဲဝင်အသင်း(၄၂) သင်းအား နှစ်သိမ့်ဆုအဖြစ် တစ်သင်းလျှင်(၁၀၀၀၀ိ) တစ်သောင်းကျပ်နှုန်းဖြင့် ချီမြှင့်ပေးကြောင်းမြင်တွေ့ရပါသည်။ ယင်းပြိုင်ပွဲဝင်အသင်း(၄၅)သင်းတို့မှ ထမနဲဆွမ်းတော်ပွဲများ (၄၅) ပွဲအား (၁၃၇၃ ခု တပို့တွဲလပြည့်နေ့) နံနက်(၅)နာရီအချိန်တွင် အာရုံဆွမ်းတော်ပွဲများအဖြစ် မကွေးမြို့ မြသလွန်စေတီတော် ဘုရားကြီးအား ဆက်ကပ်ပူဇော် လှူဒါန်းကန်တော့ကြကြောင်း သိရှိရပါသည်။
READMORE
 

` တောင်ငူမြို့မှ စာပေဟောပြောပွဲ ဂယက် အင်တာဗျူး´



` တောင်ငူမြို့မှ စာပေဟောပြောပွဲ ဂယက် အင်တာဗျူး´

တောင်ငူ ဇန်န၀ါရီ(၂၇)။

စာရေးသူ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ(၂၆)ရက်နေ့တွင် စာရေးဆရာ အေးရွှေ(ကေတုမတီ) မှ တောင်ငူစာပေဟောပြောပွဲသို့ လာရောက်သတင်းယူရန် ဖိတ်ကြားပါသည်။ ထို့ကြောင့် မကွေးမြို့ သင်ကြားရေးဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာမြသောင်း (ခ) ကဗျာဆရာ သောင်းကေတု ၏ ကားကြုံဖြင့် တောင်ငူမြို့သို့ လိုက်ခဲ့ပါသည်။ (၂၆)ရက်နေ့ ည(၇)နာရီတွင် တောင်ငူမြို့သို့ ရောက်ပါသည်။ တောင်ငူစာပေဟောပြောပွဲမှာ (၂၆-၁-၂၀၁၂) နေ့ ညတွင် စတင်ကျင်းပရန် မူလက စီစဉ်ထားပါသည်။ သို့သော်လည်း ယင်းညမှာ စာပေဟောပြောပွဲကျင်းပရာ မိုင်နာဘောလုံးကွင်းထဲမှာ တရားပွဲ ရှိနေ၍ စာပေဟောပြောပွဲအား တစ်ရက်နောက်သို့ ဆုတ်ပေးလိုက်ရကြောင်း ကြားသိရပါ၏။

စာပေဟောပြောပွဲများကို (၂၇) ရက်နေ့မှ (၃၁-၁-၂၀၁၂) နေ့ အထိ (၅)ရက် ၊ (၅)ည ကျင်းပမှာ သိရပါ၏။ တစ်ညမှာ စာရေးဆရာ နှစ်ဦး ဟောပြောကြဖို့ စီစဉ်ထားပါသည်။

၂၇-၁-၂၀၁၂ နေ့ညမှာ ဆရာမောင်သာချို နှင့် ဆရာဖေမြင့် တို့ နှစ်ဦး စတင်ဟောပြောကြပါသည်။ ၂၈-၁-၂၀၁၂ နေ့ည မှာ စာရေးဆရာ ချစ်စရာ နှင့် ဦးဘုန်း(ဓာတု) တို့ စာရေးဆရာနှစ်ဦးဟောပြောကြပါမည်။ ၂၉-၁-၂၀၁၂ နေ့ညမှာ စာရေးဆရာ ကျော်ရင်မြင့် နှင့် ကာတွန်းဆရာ အော်ပီကျယ် တို့ ဟောမည်။ ၃၀-၁-၂၀၁၂ နေ့ညမှာ အကယ်ဒမီ(ဇာတ်ညွှန်း) ငြိမ်းမင်း နှင့် စာရေးဆရာ ကြည်မင်း(ခ) ကျော်ဇောမင်း တို့ ဟောကြမည်။ ၃၁-၁-၂၀၁၂ နေ့ညမှာ စာရေးဆရာ ဟိန်းလတ် နှင့် စာရေးဆရာမ သန်းမြင့်အောင်တို့ ဟောပြောကြမည် ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။ ယင်းစာပေဟောပြောပွဲတွင် ရန်ကုန်၊ စာပေတိုက်များမှ ဈေးရောင်းပွဲတော်သို့ လာရောက်ကြပါသည်။ တောင်ငူမြို့ ကာတွန်းဆရာများကြီးမှူးကျင်းပ သော ကားတွန်းပြပွဲ ပြိုင်ပွဲများကိုလည်း ခင်းကျင်းပြသထားကြပါသည်။ စာပေဟောပြောပွဲ အား ၀ိုင်းဝန်းကျင်းပ ဆောင်ရွက်နေကြသော ကာတွန်းဆရာများနှင့် သတင်းထောက် မောင်ဆွေ(တောင်ငူ) တို့မှာ
(၂၇-၁-၂၀၁၂) နေ့ နံနက်ပိုင်းတွင် ချွေးတစ်လုံးလုံးဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြ၏။ ထိုနေရာတွင် မောင်ဆွေ(တောင်ငူ) အား မော်နီတာ ဂျာနယ်မှ သွားရောက်တွေ့ဆုံပြီး အင်တာနက်ဝက်ဆိုက်(မန္တလေးဂေဇက်) မှာ ဖော်ပြထားသော တောင်ငူစာပေဟောပြောပွဲ ဂယက်ကို မေးမြန်းခဲ့ပါ၏။

မေး။ ။ သတင်းထောက် မောင်ဆွေ(တောင်ငူ) ခင်ဗျား ယခု တောင်ငူမြို့မှာ (၂၇-၁-၂၀၁၂) နေ့မှ စပြီး (၃၁-၁-၂၀၁၂) နေ့အထိ (၅) ရက် (၅) ည တိတိ ကျင်းပဖြစ်တဲ့ စာပေဟောပြော ဖြစ်ပေါ်လာပုံ နဲ့ မည်သူတွေ မည်သည့် အဖွဲ့အစည်းတွေက ကြီးမှုးကျင်းပကြပါသလဲ ဆိုတာလေးကို သိပါရစေ..။

ဖြေ ။ ။ ဟုတ်ကဲ့ ကျွန်တော်တို့ တောင်ငူမြို့မှာ ယခင်က စာပေဟောပြောပွဲများ ပြတ်သွားခဲ့တာ (၄-၅)နှစ်လောက် ကြာခဲ့ပါပြီ။ မနှစ်က ၂၀၁၀ ခုနှစ် မှ စတင်ကျင်းပဖြစ်ခဲ့ပါတယ်။ မနှစ်က စပြီး စာပေဟောပြောပွဲလုပ်ဖြစ်ပုံက စပြောပါ့မယ်။ ကံ့ကော်ဝတ်ရည်စာပေ က မ၀ိုင်း(၀ိုင်းဝိုင်း) တို့က စာအုပ်ဈေးရောင်းပွဲတော် (၅)ရက်လောက် လုပ်ချင်ကြောင်း အဆက် အသွယ်လုပ်ပါတယ်။ ဒါနဲ့ တောင်ငူမြို့ မြို့ပေါ်မှ လုပ်ငန်းရှင်များနဲ့ဖြစ်ကြတဲ့ ဓါတ်ပုံ ကိုရဲထိုက်၊ ရှမ်းမလေး ရွှေမန်းသူကားဂိတ်လိုင်း၊ တော်ဝင်ထွန်း စတိုးဆိုင်ပိုင်ရှင် ဗိုလ်ကြီးသိန်းထိုက်အေး၊ အမေ့အိမ် ဟိုတယ်ပိုင်ရှင် ဦးမြင့်ညို တို့က မတည်ကူညီကြပါတယ်။ ဒါနဲ့ နာမည်ရ စာရေးဆရာတွေကို ဖိတ်ပြီး ကျွန်တော်တို့ တောင်ငူကာတွန်းဆရာ အဖွဲ့က ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။ အဲ မနှစ်က စာပေဟောပြောပွဲပြီးကထဲက ယခုနှစ်ကြီးမှူး ကျင်းပတဲ့ ထာဝရ ဂရုဏာရှင်များ သွေးလှူအသင်းမှခေါင်းဆောင် ဦးနန္ဒ(ပြည်ခိုင်ဖြိုး အတွင်းရေးမှူး)က လာပြီး ကျွန်တော်တို့အဖွဲ့နဲ့ ကြိုတင်ပြောကြားထားတဲ့ စာပေဟောပြောပွဲပါ။

မေး။ ။ ဒီစာပေဟောပြောပွဲမှာ စာအုပ်ဈေးရောင်းပွဲတော်လည်းပါတယ် ဆိုတော့ လာရောက်ရောင်းချကြတဲ့ စာအုပ်ဆိုင်တွေဆီက အခ ကြေးငွေများကို ဘယ်လိုယူပါသလဲခင်ဗျာ..။

ဖြေ။ ။ ဘယ်သူကမှ မယူကြပါဘူး။ ဈေးရောင်းဖို့နေရာတွေကို အခမဲ့ပေးထားတာပါ။ တစ်ခုတော့ရှိတယ် မနှစ်ကတော့ သတိမထားမိပါဘူး။ ဒါပေမယ့် သူတို့က ပြန်ပြီး အလှူငွေထည့်ကြတာ၊ မထည့်တာကိုတော့ ကျွန်တော် သတိမထားမိပါဘူး။ များသောအားဖြင့်တော့ အလှူငွေထည့်ကြမှာပါ။ အလှူငွေ ထည့်ရမယ်လို့လည်း သတ်မှတ်မထားပါဘူး။ ဒီနှစ်လည်း အခမဲ့နေရာပေးပြီး ရောင်းချခိုင်းပါတယ်။

မေး။ ။ နောက် သိချင်တာတစ်ခုကတော့ လာရောက်ဟောပြောကြတဲ့ စာရေးဆရာတွေကို ရန်ကုန်(သို့မဟုတ်) မန္တလေးကနေပြီး သီးခြား ကားစင်းလုံးနဲ့ ကြိုပို့လုပ်ပေးရတာများ ရှိပါသလား။ စာရေးဆရာ တစ်ဦးကို ဘယ်လိုများ ကန်တော့ကြပါသလဲ သိပါရစေ။

ဖြေ။ ။ စာရေးဆရာတွေကို များသောအားဖြင့်တော့ မီးရထား (သို့မဟုတ်) ခရီးသည် အမြန်ယာဉ်လိုင်းကားတွေ နဲ့သာ အသွား အပြန် ခရီးများကို စီစဉ်ပေးကြရပါတယ်။ စာရေးဆရာ တစ်ဦးကို ငွေသား တစ်သိန်းကျပ်နဲ့ လက်ဆောင်ပစ္စည်းများ ပေးပြီး ကန်တော့ကြပါတယ်။ အသွား အပြန်ခရီးစရိတ် ကုန်ကျငွေများကိုလည်း ကျခံပေးပါတယ်ခင်ဗျား။

မေး။ ။ ယခုပြုလုပ်တဲ့ တောင်ငူစာပေဟောပြောပွဲက ကြံ့ခိုင်ဖွံ့ဖြိုးရေး မှ ထာဝရ ဂရုဏာရှင်များ သွေးလှူရှင်အသင်းက ဦးဆောင်လုပ်တာလို့ သိရပါတယ်။ ဒါကြောင့် အင်တာနက်သတင်း(မန္တလေးဂေဇက် ၀က်ဆိုက်)မှာ မကြေလည်ကြတဲ့ သတင်းအမျိုးမျိုးတွေကို ဖတ်ရပါတယ်။ သတင်း တစ်ခုမှာ ဆိုရင် ဆရာမောင်ဝံသ ဟာ` ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကျင်းပလို့ မလာတော့ပါ´ လို့ ဖတ်ရပါတယ်။ အဲဒီကိစ္စမှာ ဖိတ်ကြားသူ ဆရာ မောင်ဆွေ(တောင်ငူ) အနေနဲ့ သိပါသလား။ ဟုတ်ပါသလားခင်ဗျာ။ အဲဒီလို မကြေလည်ကြတဲ့ အထဲမှာ ဆရာ တို့ ကာတွန်းဆရာတွေလည်း ပါဝင်ကြပါသလား။

ဖြေ။ ။ ဒါကတော့ လူ့သဘာဝအတိုင်းပါဘဲ။ ကြိုက်တဲ့သူက ကြိုက်သလို ပြောကြသလို မကြိုက်တဲ့သူက မကြိုက်သလို ပြောကြတာပေါ့နော်။ ကျွန်တော်တို့သည် ကိုယ့်မြို့ ကိုယ့်ရွာမှာ အမှန်တကယ် အကျိုးရှိမယ်ဆိုရင် ဘယ်သူနဲ့ဘဲ လုပ်ရ လုပ်ရ အကူညီတောင်းလာခဲ့ရင် ယခုလို ၀ိုင်းဝန်းပြီး လုပ်ဆောင်ပေးမှာပါ။ ဒီနေရာမှာ ကျွန်တော်ပြောလိုတာက ကြံ့ခိုင်ရေးပါတီကပဲ လုပ်လုပ် ဘယ်ပါတီကပဲ လုပ်လုပ် စာပေဟောပြောပွဲမှာ ဟောပြောကြမယ့် စာရေးဆရာတွေက အများပြည်သူတွေကိုသာ ဟောပြောကြမှာပါ။ အမှန်တကယ် ရရှိသွားမှာကလည်း ပြည်သူတွေနဲ့ ကျောင်းသူ ကျောင်းသားတွေပါဘဲ။ ယခုစာပေဟောပြောပွဲ ကို ဦးဆောင်ကျင်းပသူတွေကလည်း ကျွန်တော်တို့ကို ပြောထားပါတယ်။ ကျွန်တော်တို့ ဘာအရောင်အသွေးမှ မပါဝင်ပါဘူး။ စာရေးဆရာတွေလည်း(အိုးပင်းတိုက်) ကြိုက်တာကို လွတ်လွတ် လပ်လပ် ပြောဆိုနိုင်ကြပါတယ်။ စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကသာ အဓိကပါ လို့ ကြိုတင်ပြောဆိုထားပါတယ်။ ကျွန်တော်တို့ ကြေကြေနပ်နပ် နဲ့ ၀ိုင်းဝန်းဆောင်ရွက် ကြတာပါ။

နောက် အဲဒီကိစ္စကို ဆရာမောင်ဝံသ နဲ့ ကျနော် ဖုန်းဆက်ရပါတယ်။ `ကိုဆွေ တဲ့ အင်တာနက်မှာ ဖတ်ရလား။ အင်တာနက်ထဲမှာ(……..) ဒီလို ဒီလိုရေးထားပါတယ်။ကျွန်တော် အဲဒီလို သဘောမဟုတ်ပါဘူးတဲ့။ ကျွန်တော် ဟောင်ကောင်ကို (၂၆)ရက်နေ့မှာ အမှန်တကယ်သွားရပါ့မယ်။ ပြီးရင် မူလရည်ရွယ်ချက်က (၃၁)ရက်နေ့မှ ပြန်ရောက်ပါ့မယ်။ ဒါပေမယ့် ယခုတော့ (၃၀)ရက်နေ့ ကျနော်ရန်ကုန်ကို ပြန်ရောက်လာပါ့မယ်။ ရန်ကုန်ကို ပြန်ရောက် ရောက်ချင်း (၃၀)ရက်နေ့မှာ အခြား စပွန်ဆာတွေရှိနေပါတယ်။ အဲဒီတော့ (၃၁)ရက်နေ့မှာ ကျနော့်ကို ဟောပြောစေချင်ရင်တော့ ကျနော် လာဟောပေး ပါ့မယ်တဲ့။´ဆိုတော့ ကျွန်တော်တို့က (၃၁)ရက်နေ့အထိ ရက်ရတာတော့မှန်တယ်။ သို့သော် ဆရာဟိန်းလတ် နဲ့ ဆရာမသန်းမြင့်အောင်က (၂၆-၁-၂၀၁၂)နေ့ညပွဲကနေ (၃၁-၁-၂၀၁၂) နေ့ ညပွဲကို ပြောင်းပေးထားရတာဆိုတော့ သူတို့ကို ထပ်ပြီးပြောင်းဖို့က မဖြစ်သင့်တော့ဘူးလေ..။ အဲဒီအတွက် ဆရာမောင်ဝံသ ကို ဖိတ်ချင်သော်လည်း၊ သုံးယောက်ပွဲကျတော့လဲ မကျင်းပနိုင်ကြပါဘူး။ အဲဒီအတွက် ၀မ်းနည်းစွာနဲ့ အဲဒီကိစ္စကို ပယ်လိုက်ရပါတယ်။ အင်တာနက်ကိစ္စကြောင့် ဆရာမောင်ဝံသ ပျက်တာ ပြောတာမဟုတ်ပါ။ သူကိုယ်တိုင် ဟောင်ကောင်ကို သွားရမှာ ဖြစ်လို့ ဖြစ်ပါကြောင်း ကျနော်နဲ့ ဆရာမောင်ဝံသ တို့ ဖိတ်ကြားပြောဆိုကြရတာပါ..။ဒါကတော့ နိုင်ငံခြားပွဲနဲ့ မြန်မာပြည်ပွဲဆိုတော့လည်း သူ့အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံနိုင်ပါဘူး။ မြန်မာပြည်စာပေဟောပြောပွဲဆို တာက နောက်မှ ဟောလဲရမှာပါဘဲ။ နိုင်ငံခြားပွဲဆိုတာက စီစဉ်သူ ဖိတ်ကြားထားသူရှိနေတုန်းသာ သွားရတာလေ..။ ကျနော်ဆိုရင်လည်း နိုင်ငံခြားပွဲကိုသာ ဦးစားပေးပြီးသွားမှာပါဘဲ။ ဒီကိစ္စမှာ ဒါပါဘဲ ခင်ဗျာ..´ လို့ သတင်းထောက် မောင်ဆွေ(တောင်ငူ) မှ ပြောဆိုသွားပါသည်။
READMORE