``မကွေးမြသလွန်ဘုရားတော်ပွဲအတွင်းရှိ ဈေးဆိုင်များနှင့် ကဇာတ်ရုံကို မကွေးမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် လှည့်လည်စစ်ဆေး´´



မကွေး၊ အောက်တိုဘာ ၁၁ ။
        
  မကွေးမြို့ သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီး ကို ၂၀၁၄၊ အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၂၂ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက် ရှိသည်။ ၎င်းဘုရားပွဲတော်ကြီး၌ မီးဘေးကြိုတင်တားဆီးကာကွယ်ရေး၊ အန္တရာယ်ကင်းရှင်းရန်အတွက်  မကွေး တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်၏ လမ်းညွှန်မှုဖြင့် ဘုရားပွဲတော် အတွင်းရှိ မကွေးမြို့နယ်မီးသတ်စခန်းတွင် တီအီး မီးသတ်ယာဉ် တစ်စီး၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့တွင် GBS မီးသတ်ယာဉ် တစ်စီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်ဖွဲ့ဝင် ခြောက်ဦး၊ အရံမီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးတင်ဦး နှင့် အရံတပ်ဖွဲ့ဝင် လေးဆယ်ဦးတို့ကို နေ့စဉ်တာဝန်ချထားပေးကြောင်း မြေလတ်မီဒီယာ ကသိရှိရသည်။


          အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်များမှ မကွေးမြသလွန်ဘုရား သာသနိကအဆောက်အအုံများ နှင့် ဘုရားပွဲ တော်အတွင်း တည်ခင်းရောင်းချလျှက်ရှိသော ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ ကဇာတ်ရုံများ သို့ နေ့စဉ် စစ်ဆေးမှုများပြုလုပ်ခြင်း၊ ကဇာတ်ရုံ၌ ဇာတ်ပွဲတစ်ပွဲဝင်တိုင်း စစ်ဆေးခြင်း၊ ချက်ပြုတ်စားသောက်ရန် မီးအသုံး ပြုသောနေရာများ နှင့် လျှပ်စစ်မီးအသုံးပြုရာတွင်လည်း မီးဘေးအန္တရာယ်ကင်းရှင်းနိုင်ရေးတို့ကို စနစ်ကျမှုရှိ၊ မရှိစစ်ဆေး၍ လိုအပ်သည်များကို ညွှန်ကြား၍ လိုအပ်သောနေရာများတွင် ချက်ခြင်းပြင်ဆင်အသုံးပြုရန် အနီးကပ် ကြီးကြပ်စောင့်ရှောက်လျှက်ရှိကြောင်း ဘုရားပွဲတော်မီးသတ်စခန်းတာဝန်ခံ တပ်ကြပ်ကြီး ကျော်မြင့် က အောက် တိုဘာ ၁၁ ရက်နေ့တွင် မြေလတ်မီဒီယာကို ပြောသည်။
သတင်းစဉ်
မြေလတ်မီဒီယာ
 

0 comments: