``ကျေးရွာနှင့်တစ်မိုင်ခန့်သာဝေးသော မြေလွတ်မြေရိုင်းချထားမှုအား ကျေးရွာတောင်သူများမှ ကန့်ကွက်´´



မကွေး၊ အောက်တိုဘာ ၂၂ ။
          မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာ၊ ကွင်းအမှတ် ၁၆၈၈၊ နေပြည်တော်- မြို့သစ်- ကံပြား ကားလမ်း တောင်ဘက်လမ်းဘေး၊ မိုင်တိုင်အမှတ် ၇၀/၂ အနီးရှိ ပလပ်မြေဟုသတ်မှတ်၍ မြေဧက ၇ ဧကခန့်ကို ဖိုလေးလုံးကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ပူးပေါင်းပြီး မကွေးမြို့နယ်မြေစာရင်းဌာနသို့ လုပ်ပိုင်ခွင့်လျှောက်ထားသော ဒေါက်တာသန်းထိုက်ရှိန် နှင့် ကိုကျော်မိုးလွင် တို့အား ဖိုလေးလုံးကျေးရွာသားများမှ ကန့်ကွက်စာတင်ကြောင်း ဒေသခံဖိုလေးလုံးကျေးရွာသား ဦးဝင်းနိုင် က အောက်တိုဘာ ၂၂ ရက်နေ့တွင် မဇ္ဈိမ သို့ပြော၍ သတင်းရရှိသည်။ 

          ဖြစ်စဉ်မှာ အဆိုပါကွင်းအမှတ် ၁၆၈၈ မှ ပလပ်မြေဟု သတ်မှတ်၍ မြေဧကပေါင်း ၄၅ ဧကခန့်ကို ၂၀၁၄၊ မေလတွင် ဖိုလေးလုံးကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ပူးပေါင်းပြီး မကွေးမြို့နယ်မြေစာရင်းဌာနသို့ လုပ်ပိုင်ခွင့် လျှောက်ထားသော ဒေါက်တာသန်းထိုက်ရှိန် နှင့် ကိုကျော်မိုးလွင် တို့က ပထမအကြိမ် လျှောက်ထားခဲ့ကြောင်း၊ ထိုအချိန်ကလည်း  ကျေးရွာသူ၊ ကျေးရွာသား ငါးဆယ်ဦးခန့်စုပေါင်းလက်မှတ်ထိုး၍ သက်ဆိုင်ရာအဆင့်ဆင့်ထံ ကန့်ကွက်စာတင်ခဲ့ကြ၍ ဤကိစ္စအေးသွားပြီး ထင်မှတ်ခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ်တွင်လည်း ၎င်း ၄၅ ဧကထဲမှ နေပြည်တော်- မြို့သစ်- ကံပြား ကားလမ်း တောင်ဘက်လမ်းဘေး၊ မြေကွက်အမှတ် (၃၄/၃၅/ ၄၃/၂၁၄)ရှိ မြေဧက ၇ ဧကခန့်ကို ၂၀၁၄၊ အောက်တိုဘာလတွင် ထပ်မံလျှောက်ထားလာကြောင်း၊ မကွေးမြို့နယ် မြေစာရင်းရုံးမှ ပုံစံ-၆ မြေလွတ်မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့် အသုံးပြုရန်လျှောက်ထားခြင်းကို ကန့်ကွက်လိုသူ တို့က ကန့်ကွက်နိုင်ကြောင်း ကြော်ငြာစာ ထုတ်ကြောင်း၊၂၀၁၄၊ နိုဝင်ဘာ(၃)ရက်မတိုင်မီ မည်သူမဆိုလာရောက် ကန့်ကွက်နိုင်ကြောင်း သိရ၍ ဖိုလေးလုံး ကျေးရွာသားများ ဦးဝင်းနိုင်ပါ ဆယ်ဦးတို့မှ မကွေးမြို့နယ်မြေစာရင်း ဦးစီးမှူး ဦးပိုင်ပေါ်ထွန်း ထံနှင့် အထက်ဆင့်ဆင့်ထံသို့ ကန့်ကွက်စာများတင်လာခဲ့ကြောင်း မဇ္ဈိမကိုပြောသည်။

``ဒီမြေနေရာတွေက မြေလွတ်မြေရိုင်းတွေမဟုတ်ပါဘူး၊ ကျွန်တော်တို့ဖိုးလေးလုံးရွာက ကျွဲ၊နွား၊ဆိတ်များ အ တွက် စားကျက်မြေနေရာပါ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများအခန်း(၂)၊ နည်းဥပဒေ(၁၀)၊ နည်းဥပဒေ-ခွဲ(ခ)မှ နည်းဥပဒေအခန်းခွဲငယ်(၆)မှာ ကျေးရွာနဲ့ နှစ်မိုင်ဝေးကွာမှ သတ်မှတ်နိုင် တယ်လို့ဖော်ပြထားပါတယ်၊ ယခုနေရာက ကျွန်တော်တို့ကျေးရွာနဲ့ တစ်မိုင်ခန့်သာ ဝေးပါတယ်။ ဒါကို အစိုးရက ဇွတ်လုပ်ပြီး လျှောက်ထားသူကိုချထားပေးရင်တော့ ဆရာတော်ဘုရားတွေနဲ့ ရွာသားတွေက ဆန္ဒပြတဲ့အထိ ဖြစ်လာမှာပါ။´´ ဟု ဖိုလေးလုံးရွာသား ဦးကျော်ဆန်း က အောက်တိုဘာ ၂၂ ရက်နေ့တွင် မဇ္ဈိမ ကိုပြောသည်။

          မကွေးမြို့နယ်မြေစာရင်းဦးစီးဌာနတွင် အောက်တိုဘာ ၂၂ ရက်နေ့က သွားရောက်စုံစမ်းရာ ၎င်းမြေကိစ္စမှ ပုံစံ-၆ ကြော်ငြာစာ ကပ်ထားကြောင်း၊ လျှောက်ထားသူ ဒေါက်တာသန်းထိုက်ရှိန် နှင့် ဦးကျော်မိုးလွင်တို့မှ ၎င်းမြေ ၇ ဧကကို  နှစ်ရှည်ပင်(ဇီး၊လျှော်ဖြူပင်၊ သနပ်ခါး၊ သရက်) များစိုက်ပျိုးလုပ်ကိုင်ရန်ဟု ဖော်ပြထားကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: