``မကွေးဆေးတက္ကသိုလ်ကျောင်းသား(၆)ဦးအား အမည်မသိလူငယ်(၃)ဦးမှ ဒုတ်ဖြင့်ရိုက်၊ ဓားဖြင့်ထိုးပြီး မော်တော်ဆိုင်ကယ် နှစ်စီးကိုဖျက်ဆီး၊ ကျောင်းသား သုံးဦးဒဏ်ရာရရှိ၍ မကွေးတိုင်းဆေးရုံ၌ကုသ ´´



မကွေး၊ အောက်တိုဘာ ၁၆ ။
          မကွေးမြို့၊ ပြည်တော်သာ/ရွာလေးရပ်ကွက်၊ ပြည်တော်သာလမ်း၊ ယူရိုထမင်းဆိုင်ရှေ့တွင် ၂၀၁၄၊ အောက်တိုဘာ ၁၅ ရက်၊ ည ၉ နာရီအချိန်ခန့်တွင် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် (အပိုင်း-က) မှ ဆေးကျောင်း သားများဖြစ်ကြသော ပင်းတယမြို့သား ကိုထက်အာကာဦး(၂၁)နှစ်၊ သုခိတာ ၂ အမျိုးသား ဘော်ဒါဆောင်၊ ရွှေညောင်ရပ်ကွက်၊ မကွေးမြို့။ စစ်ကိုင်းမြို့သား ကိုကောင်းဆက်ညီညီ(၂၀)နှစ်နှင့် အိမ်မဲမြို့သား ကိုဘိုဘိုချစ် (၂၀)နှစ်၊ အမှတ် ၁၀၂၊ ၁၇ လမ်း၊ ကန်သာရပ်ကွက်၊ မကွေး။ ကိုစိုးပြည့်ထွန်း(၂၁)နှစ်၊ အမှတ် ၁၁၄၊ ၁၄လမ်း၊ ရန်နိုင်ရပ်ကွက်၊ မကွေးမြို့။ မြိတ်မြို့သား ကိုဘုန်းပြည့်ကျော်(၂၀)နှစ်၊ ချမ်းမြေ့ဘော်ဒါဆောင်၊ ၁၄ လမ်း၊ ရွာသစ် ရပ်ကွက်၊ မကွေး။ ကျိုက်မရောမြို့သား ကိုရဲနိုင်စိုး(၂၂) နှစ်၊ ၁၃လမ်း၊ ကန်သာရပ်ကွက်၊ မကွေးမြို့တွင်နေထိုင်ကြ သော ဆေးကျောင်းသားခြောက်ဦးတို့ကို အမည်မသိလူငယ် သုံးဦးတို့မှ မင်းမဲ့စရိုက်ဆန်ဆန် အသင့်ယူလာ သော ဒုတ်၊ ဓားတို့ဖြင့် ၎င်းဆေးကျောင်းသားများကို ထိုးကြိပ်ရိုက်နှက်ပြီး ကျောင်းသားများ၏ ဆိုင်ကယ် နှစ်စီး အားလည်း ရိုက်နှက်ဖျက်ဆီးသွားကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

          ဖြစ်စဉ်အကျဉ်းမှာ ၂၀၁၄၊ အောက်တိုဘာ ၁၅ ရက်၊ ည ၉နာရီအချိန်ခန့်တွင် အဆိုပါဆေးကျောင်းသား ခြောက်ဦးတို့သည် မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်၊ နတ်မောက်လမ်း၊ RELAX စားသောက်ဆိုင်မှ ဆိုင်ကယ် (၃)စီးဖြင့် ပြန်လာခဲ့ကြောင်း၊ မကွေးမြို့၊ ပြည်တော်သာ/ရွာလေးရပ်ကွက်၊ ပြည်တော်သာလမ်း၊ ယူရိုထမင်းဆိုင်၏ ရှေ့အရောက်တွင် ဒါရမ်း-၁၂၅ ဆိုင်ကယ်ဖြင့် နောက်မှလိုက်လာပြီး အမည်မသိလူငယ်(၃)ဦးတို့က ဆေးကျောင်း သားများဖြစ်ကြသော ကိုဘိုဘိုချစ်၏ ဦးခေါင်းအား အသင့်ယူလာသော ဒုတ်ဖြင့်ဆိုင်ကယ်စီးနေရင်း ရိုက်ကာ ရှေ့သို့ကျော်တက်မောင်းနှင်သွားသဖြင့်  ဆေးကျောင်းသားများ ကိုစိုးပြည့်ထွန်း၊ ကိုကောင်းဆက်ညီညီ၊ ကိုရဲနိုင်စိုး နှင့် ကိုထက်အာကာဦး တို့မှ လိုက်သွားခဲ့ကြောင်း၊ ထိုစဉ် အမည်မသိလူငယ် သုံးတို့မှ အသင့်ယူဆောင် လာသော ဓားဖြင့်ထိုးသဖြင့် ကိုထက်အာကာဦးတွင် ၀မ်းဗိုက် ချက်အပေါ်၌ ထိုးသွင်းရာ(၁)ချက်၊ ၀ဲဘက်ခါး အထက်ထိုး သွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်နံစောင်းပြတ်ရှရာ(၂)ချက်၊ စုစုပေါင်း ဓားဒဏ်ရာ လေးချက်ထိသွားပြီး (စိုးရိမ်ရ) မကွေးဆေးရုံကြီး၌ အတွင်းလူနာအဖြစ်ကုသထားကြောင်း၊ အောက်တိုဘာ ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန်မှာ ကိုထက်အာကာဦး သတိရရှိသော်လည်း စကားမပြောနိုင်သေးကြောင်း မဇ္ဈိမက သိရသည်။

          ၎င်းဖြစ်စဉ်မှ ဆေးကျောင်းသား ကိုကောင်းဆက်ညီညီ တွင် ၀ဲလက်မောင်းရင်းပြတ်ရှဒဏ်ရာ(၁)ချက်၊ ၀ဲပေါင်ရင်းပြတ်ရှဒဏ်ရာ(၁)ချက်၊(မစိုးရိမ်ရ) ဒဏ်ရာများဖြင့် မကွေးဆေးရုံကြီး၌ ဆေးကုသနေစဉ် မဇ္ဈိမက သွားရောက်တွေ့ဆုံရာ

``ကျွန်တော်တို့ကျောင်းသားတွေကို ဒီလို မင်းမဲ့စရိုက်ဆန်ဆန်နဲ့ မကွေးမြို့ပေါ်မှာ အမည်မသိလူငယ်တွေက ရိုက်နှက်ခံရတာ တော်တော်များနေပြီလို့ သူများတွေပြောသံကြားခဲ့ဘူးပါတယ်၊ ယခု ကိုယ်တွေ့ကြုံရတော့ ကြောင် သွားပြီး ခံလိုက်ရတယ်၊ ဘေးကရပ်ကြည့်သူ ဆယ်ယောက်လောက်ရှိမယ်၊ ဘာမှ ၀ိုင်းမကူကြဘူးဗျာ..။´´ ဟု ဆေးကျောင်းသား ကိုကောင်းဆက်ညီညီက မဇ္ဈိမ ကို အောက်တိုဘာ ၁၆ ရက်၊ နေ့ ၁၂ နာရီတွင်ပြောသည်။

          ၎င်းတို့နှင့်အတူ ဆေးကျောင်းသား ကိုဘိုဘိုချစ်တွင် ယာချိုစောင်း၌ ပေါက်ပြဲဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)၊ ၎င်းတို့ ကျောင်းသားသုံးဦးအား အောက်တိုဘာ ၁၅ ရက်ညတွင် မကွေးတိုင်းဆေးရုံကြီး၌ ကုသပေးထားကြောင်း၊ ဖျက်ဆီးခံရသော မော်တော်ဆိုင်ကယ်များမှာ  ကိုကောင်ဆက်ညီညီ စီးနင်းသော FZ အမျိုးအစားဆိုင်ကယ်နှင့် ကိုထက်အာကာဦး စီးနင်းသော ကန်ဘို ၁၂၅ အမျိုးအစား မော်တော်ဆိုင်ကယ် နှစ်စီးအား ရိုက်ခွဲ ဖျက်ဆီးခံရ ကြောင်း၊ ရဲမှတ်တမ်း နှင့် ဆေးကျောင်းသားများထံမှ သတင်းအတည်ပြုချက်ရရှိသည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အောက်တိုဘာ ၁၆ ရက်၊ နံနက် ၄ နာရီအချိန်ခန့်တွင် မကွေးမြို့မရဲစခန်း၌ (ပ)၂၄၄/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၂၆/၃၂၅/၄၂၇ ဖြင့် အမှုဖွင့်အရေးယူထားပြီး အမည်မသိလူငယ်တရားခံ (၃)ဦးတို့ အား ဖမ်းဆီးရမိရေးအတွက် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှ အပူတပြင်းဆောင်ရွက်နေကြောင်း မဇ္ဈိမက သတင်း ရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: