ပွင့်ဖြူမြို့နယ်၌ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် မုန်းချောင်းဘေး ကျေးရွာအချို့ရှိ လူနေအိမ်များနှင့် မြို့ပေါ်ရပ်ကွက်များရှိ မြေနိမ့်ပိုင်းနေရာများမှ လူနေအိမ်များ ရေဝင်ရောက်လျက်ရှိပြီး တာဝန်ရှိသူများမှ ရေဘေးရှောင်စခန်းများ ယာယီဖွင့်လှစ်ထားရှိကာ ကူညီပြောင်းရွှေ့မှုများ ဆောင်ရွက်ပေးလျက်ရှိ




ပွင့်ဖြူ       ဇွန်      ၁၄
          မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဇွန် ၉ ရက်နေ့မှ ယနေ့အထိ မိုးများအဆက်မပြတ် ရွာသွန်းနေမှုကြောင့် မြို့နယ်အတွင်း ချောင်းငယ်၊ မြောင်းငယ်များနှင့် အတူ မုန်းချောင်းရေများ တစ်ဖြည်းဖြည်းမြင့်တက်လာမှုကြောင့် မြို့ပေါ်ရှိ သက်တော်ရှည်ရပ်ကွက်၊ အရှေ့ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် လူနေအိမ်များနှင့် မြို့နယ်အတွင်း မုန်းချောင်းဘေးတစ်လျှောက် ကျေးရွာများရှိ လူနေအိမ်များ၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ဇွန် ၁၄ ရက်၊ ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ရေဝင်ရောက်သည့် ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတလူငယ်များအဖွဲ့နှင့် ပူးပေါင်း၍ ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိပြီး ကူညီရွှေ့ပြောင်းမှုများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
          ပွင့်ဖြူမြို့နယ်အတွင်း ယနေ့နံနက်ပိုင်း မုန်းချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ရောက်လျက်ရှိသည့်ကျေးရွာများနှင့် မြို့ပေါ်ရှိ သက်တော်ရှည်ရပ်ကွက်၊ အရှေ့ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်များရှိ မြေနိမ့်ပိုင်းနေရာများတွင် နေထိုင်ကြသည့် ရေဝင်ရောက်လျက်ရှိသော လူနေအိမ်များမှ ရေဘေးသင့်ပြည်သူများနှင့် ကျွဲ၊နွား တိရစ္ဆာန်များကို ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ရေဘေးကယ်ဆယ်ရေးစခန်း(စုရပ်) နေရာများ ဖွင့်လှစ်ထားရှိပြီး ရွှေ့ပြောင်းမှုများ စီစဉ်ဆောင်ရွက်ထားရှိရာ ဘုရားကြီးကုန်းစုရပ် ကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်အိမ်ထောင်စု(၂၃၈)စုမှ ကျား(၄၅၉)ဦး၊ မ(၄၈၅)ဦး၊ စုစုပေါင်း(၉၄၄)ဦးနှင့် ကျွဲ၊ နွား(၇၀)ကောင်၊ သိုး/ဆိတ် (၃၂)ကောင်နှင့် ဝက်(၄၀)ကောင် တည်းခိုနေထိုင်လျက်ရှိကြောင်း၊ ကျောင်းတော်ရာစုရပ် ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု(၃၂)စုမှ ကျား(၇၃)ဦး၊ မ(၈၄)ဦး၊ စုစုပေါင်း(၁၅၇)ဦးနှင့် ကျွဲ၊နွား(၂၉)ကောင်၊ ဝက်(၈)ကောင် တည်းခိုနေထိုင် လျက်ရှိကြောင်း သိရသည်။  ထို့အပြင် ရွှေဘိုရွာသစ်ဘုန်းတော်ကြီးကျောင်း၊ ရွာခိုင်ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် မြောက်မုန်းလက်တံ(၅)မြောင်း တာဘောင်တို့တွင် စုစုပေါင်းအိမ်ထောင်(၁၁၂)စုမှ ကျား(၃၀၃)ဦး၊ မ(၂၄၃)ဦး၊ စုစုပေါင်း(၅၄၆)ဦးနှင့် ကျွဲ၊နွား(၂၅၁)ကောင်၊ သိုး/ဆိတ်(၂၅)ကောင်နှင့် ဝက်(၅၀)ကောင်တို့ ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပြီး တည်းခိုနေထိုင်လျက်ရှိကြောင်း သိရပြီး၊ အဆိုပါ ရေဘေးရှောင်ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
          ထို့အပြင် ပွင့်ဖြူမြို့နယ်၌ ယနေ့ မွန်းလွဲ ၁ နာရီက မိုးများရွာသွန်းပြီး မုန်းချောင်းရေတိုးမြင့်လာမှုကြောင့် ရွှေလှေကျေးရွာအုပ်စု - မှရိုးကုန်းကျေးရွာတွင် မုန်းချောင်းကမ်းပါးပြိုကျမှုများဖြစ်ပွား၍  လူနေအိမ်(၂၁)လုံးနှင့် ညောင်ပင် ကျေးရွာတွင် လူနေအိမ်(၂)လုံး၊ စုစုပေါင်း လူနေအိမ်(၂၃)လုံးတို့ကိုလည်း ကမ်းပါးပြိုကျမှု ကြိုတင်ကာကွယ် နိုင်ရေး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျောင်းသားကျောင်းသူများ သဘာဝ ဘေးအန္တရာယ် ထိခိုက်မှုမရှိစေရေး ဇွန် ၁၁ ရက်နေ့ နံနက်ပိုင်းကစတင်ပြီး စာသင်ကျောင်းများ ယာယီပိတ်ထားလျက်ရှိကြောင်း သိရပြီး၊ ယာယီပိတ်ထားသည့်အကျောင်းများအနေဖြင့် အ.ထ.က ကျောင်း(၄) ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၂)ကျောင်း ၊ အ.လ.က ကျောင်း(၆)ကျောင်း၊ အ.လ.က (ခွဲ) (၂)ကျောင်း၊ မူလွန်ကျောင်း(၂)ကျောင်း၊ အ.မ.က ကျောင်း (၆) ကျောင်း၊ အ.မ.က (ခွဲ) (၁)ကျောင်း၊ စုစုပေါင်း အခြေခံပညာစာသင်ကျောင်းပေါင်း(၂၃)ကျောင်း ယာယီပိတ်ထားလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 
 ရဲဝင်းနိုင် (ညောင်ဦး)



         
         

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ပွင့်ဖြူမြို့နယ်၌ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် မုန်းချောင်းဘေး ကျေးရွာအချို့ရှိ လူနေအိမ်များနှင့် မြို့ပေါ်ရပ်ကွက်များရှိ မြေနိမ့်ပိုင်းနေရာများမှ လူနေအိမ်များ ရေဝင်ရောက်လျက်ရှိပြီး တာဝန်ရှိသူများမှ ရေဘေးရှောင်စခန်းများ ယာယီဖွင့်လှစ်ထားရှိကာ ကူညီပြောင်းရွှေ့မှုများ ဆောင်ရွက်ပေးလျက်ရှိ ini dipublish oleh shwelannwelanwinkyi pada hari Thursday, June 14, 2018. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ပွင့်ဖြူမြို့နယ်၌ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် မုန်းချောင်းဘေး ကျေးရွာအချို့ရှိ လူနေအိမ်များနှင့် မြို့ပေါ်ရပ်ကွက်များရှိ မြေနိမ့်ပိုင်းနေရာများမှ လူနေအိမ်များ ရေဝင်ရောက်လျက်ရှိပြီး တာဝန်ရှိသူများမှ ရေဘေးရှောင်စခန်းများ ယာယီဖွင့်လှစ်ထားရှိကာ ကူညီပြောင်းရွှေ့မှုများ ဆောင်ရွက်ပေးလျက်ရှိ
 

0 comments: