မကွေးမြို့မှ SHADE စာပေ၀ိုင်း(၃၅)




Shade35
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၃၅)
၁၇-၇-၂၀၁၁ ၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၄)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနဲ့ ပိတောက်လမ်းကြား က FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ်မှာ ပေါင်းဆုံဝိုင်းဖွဲ့ကြပါတယ်။ SHADE စာပေ၀ိုင်း(၃၅)ကြိမ်ပါ။ ဒီတစ်ပတ် အထူးဧည့်သည်တော် တွေကတော့ စာရေးဆရာ ဦးမြတ်(မန္တလေး) နဲ့ ဦးဝင်းထိန်တို့ဖြစ် ပါတယ်။ SHADE စာပေ၀ိုင်းတော်သားတွေကတော့ ဆရာမကွေးဝင်းမြင့်၊ဆရာ ဦးဆွေ(ဒဿနိက)၊ ပန်းချီဆရာမင်းသူ၊ ဆရာ သားဦး၊ ကာတွန်းဆရာ အေကေ၊ ဆရာတင်လင်းဇော်၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ကိုဇော်မင်းကြည်(ခ) ဆရာဇော်မင်း ဇော်မင်း၊ ပန်းချီဆရာသူရိန်မြိုင်၊ ဆရာနေခြည်(မကွေး) တို့နဲ့ စာရေးသူဖြစ်ပါတယ်။ ယနေ့တော့ လူစုံတက်စုံ စာပေ၀ိုင်းက အထူးစည်ကားနေပါတယ်။
ဆရာမကွေးဝင်းမြင့် က စတင်ပြီး အဖွင့်ပြောဆိုပါတယ်။ `` လေစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျား..၊ ခုတစ်ပတ် SHADE စာပေ၀ိုင်းမှာ ၂၀၁၁၊ ဇူလိုင်လထုတ် သူရဇ္ဇ မဂ္ဂဇင်းမှာ ဖတ်လိုက်ရတဲ့ စာရေးဆရာ မောင်ကျောက်တိုင် ရေးသားတဲ့ (စောင့်ဆိုင်းခြင်း အတတ်ပညာ) ကို အတိုချုပ် ကောက်နုတ်တင်ပြချင်ပါတယ်။
လောကတွင် မစောင့်ဆိုင်းသူမရှိ။ ကလေးဘ၀က လမ်းမလျှောက်တတ်ခင်၊ မိဘက လက်တွဲပြီး လမ်းလျှောက်သင် ပေးသည်။ လူကြီးတွေကိုကြည့်ပြီး ကလေးတွေက လူကြီးတွေလို ထလိုက်၊ ထိုင်လိုက်၊ ရပ်လိုက် လုပ်နေကြတာကို အားကျနေ၏။ တစ်နည်းအားဖြင့်ပြောရလျှင် လူကြီးတွေလှုပ်ရှားသလို လှုပ်ရှားသွားလာနိုင်ဖို့ စောင့်ဆိုင်းမှန်းမသိ စောင့်ဆိုင်းနေရ၏။ မြန်မာဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗုဒ္ဓအဆုံးအမကို လိုက်နာမည်ဆိုပါက စောင့်ဆိုင်းမှု ချုပ်တည်းမှု ပညာကို ရှင်းလင်းလွယ်ကူစွာရနိုင်ပါသည်။ `သည်းခံ နိဗ္ဗာန်ရောက်´ ဟူသောစကားကို ငယ်ငယ်ကတည်းကပင် လူကြီးသူမများ ပြောသံကို နေ့စဉ်လိုလို ကြားဖူးသည်။ သို့သော် သည်းခံခြင်းဆိုသည်မှာ ဘာသာရေးကိစ္စဖြစ်သည်၊ ငါတို့နဲ့ မဆိုင်ဟု အထင်ရောက်တတ်ကြ၏။ မြတ်ဗုဒ္ဓက ရဟန္တာ ငါးရာကိုဟောကြားခဲ့သော သြ၀ါဒပါတိမောက် ဓမ္မာစေတီ ကျောက်စာတော်မှာ လွန်စွာချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း ဟု ဟောကြားတော်မူခဲ့၏။ သည်းခံခြင်းသည် အလွန်မြတ်သောတရားဟု လူ့ဦးနှောက်ကသိသော်လည်း နှလုံးသားအတွင်းသို့ မ၀င်နိုင်သောကြောင့် သည်းခံရမည်ဟူသော ဘုရား၏ ဆုံးမစကားသည် ကျမ်းစာအုပ် အတွင်း၌ပုန်းအောင်းနေ၏။
နေရာတကာတွင် အသိဥာဏ်ကိုသာ ဦးစားပေလွန်းသဖြင့် နှလုံးသား အားနည်းလာသည်။ ညံ့ဖျင်းလာသည်။ ထို့ကြောင့် လူတစ်ဦးချင်း ဆက်ဆံရေး မပြေပြစ်မှုများ၊ နိုင်ငံတကာဆက်ဆံရေး မပြေပြစ်မှုများ၊ ဆက်တိုက်ပေါ်ပေါက်လာ သောအခါ ရှေးက (IQ အိုင်ကျူ) တစ်ခုတည်းကိုသာ စံထားရာမှ ယခုအခါ (EQ အီးကျူ) ကိုပါ စံထားလာရပါသည်။ အိုင်ကျူသည် ဥာဏ်ရည် သက်သက်သာဖြစ်သည်။ အီးကျူသည် နှလုံးရည် စိတ်နေစိတ်ထား စွမ်းရည်ဖြစ်သည်။ E သည် Enotion ခေါ် စိတ်လိုက်မာန်ပါ ပြုမူသူကို ရည်ရွယ်ပါသည်။ စိတ်လိုက်မာန်ပါ ပြုမူခြင်းသည် ချုပ်တည်းမှုကင်းမဲ့ခြင်းဖြစ် သည်။ ဥာဏ်ရည်သည် စိတ်၏အရည်အသွေးတစ်ဝက်မျှသာဖြစ်သည်။ ကျန်တစ်ဝက်ကား နှလုံးရည်ခေါ် EQ ဖြစ်သည်။ အိုင်ကျူ ဥာဏ်ရည်နှင့် အီးကျူခေါ် နှလုံးရည်ပါ ပြည့်စုံမှသာလျှင် လူ့စိတ်စွမ်းရည် အပြည့်အ၀ရမည်ဖြစ်သည်။ ဤသို့ စိတ်စွမ်းရည် အပြည့်အ၀ရလာသောအခါ သြ၀ါဒ ပါတိမောက်လာ မြတ်ဗုဒ္ဓ၏ အဆုံးအမသည် လောကုတ္တရာကိစ္စကိုသာ မက လောကီကိစ္စ မိမိရည်မှန်းချက် အောင်မြင်ရန်အတွက် အကျိုးများသည် လက်တွေ့သိမြင်လာမည်ဖြစ်ပါသည်..။ ဟု ဆရာမကွေးဝင်းမြင့် က ဆွေးနွေးဖတ်ကြားပြောဆိုသွားပါတယ်။
စာရေးသူကတော့ ၀ီးကလီးအလဲဗင်း ဂျာနယ်၊ ၂၀၁၁၊ ဇွန်လ၂၅ရက်ထုတ်ထဲက စာရေးဆရာ သန်းထွဋ်အောင် ရေးတဲ့ (လေးစားယုံကြည်မှုဆိုတာ..) ဆောင်းပါးကို ဖတ်ကြားပြပါတယ်။ ဘာကြောင့် ဒီဆောင်းပါးကို ဖတ်ရသလဲဆိုတော့ ဒီနေ့ မီဒီယာလောကသား တွေနဲ့ စီးပွားရေးလောကသားများ အပြန်အလှန် တရားစွဲနေကြတာ အများ အသိပါ။ ဒါကြောင့် ဆေးလောကနဲ့ မီဒီယာကြားမှာ ကြားကျအောင် ဖြန်ဖြေရေးသားထားတဲ့ ဆောင်းပါးဖြစ်လို့ တင်ပြပေးခြင်းဖြစ်ပါတယ်။ ဟုပြောကြားခဲ့ပါတယ်။
ဆရာ ဦးဆွေ(ဒဿနိက)ကတော့ သူက ရသနဲ့ပတ်သက်တဲ့ စာရေးဆရာဖြစ်လို့ ဆရာမင်းသုဝဏ်၏ (နှင်းဆီပွင့်) ဆိုတဲ့ကဗျာ၊(လယ်တောက အပြန် ပန်ချင်တယ် ခရေဖူးကိုမှ မောင်ခူးကာပေး….) စတဲ့ ကဗျာသီချင်း ကို သံနေသံထားဖြင့် လွမ်းစရာကောင်းအောင် သီဆိုပြပါတယ်။ ကဗျာရဲ့ အဓိပ္ပာယ်ကို အကျယ်ချဲ့ပြီး လေးနက်စွာ ပြောဆိုသွားပါတယ်။ စေတနာကောင်းမှ စိတ်ရင်းကောင်းမှ စာကောင်း ပေကောင်းတွေထွက်မှာ ဖြစ်ကြောင်း ဆရာမင်းသုဝဏ် က သတိပေးသွားတာဖြစ်ကြောင်း တင်ပြဆွေးနွေးသွားပါတယ်။ နောက်ပြီး ဆရာမ မနှင်းဖွေးရေးတဲ့ နှဲ မှုတ်တဲ့ (နှဲဆရာကိုစံဗျော) ရဲ့ ဇာတ်လမ်းလေး ကို အသေးစိတ် ချပြပြောဆိုသွားပါတယ်။ နှဲ အသံကြီးနဲ့ ပတ်ဝန်းကျင်အားလုံးကို ဒုက္ခပေးနေတဲ့ နှဲဆရာကိုစံဗျော ကို ညင်ညင်သာသာလေးနဲ့ တဆင့်ခြင်း တဆင့်ခြင်း သိမ်မွှေ့စွာဖြင့် ဆရာမ မနှင်းဖွေးက ဖြေရှင်းပြီး ဇာတ်လမ်းဆင်သွားခြင်း ဖြစ်ပါကြောင်း။ ဒါကြောင့် စေတနာကောင်းလျှင် စာကောင်းတစ်ပုဒ်ထွက်လာနိုင် ခြင်းဖြစ်ကြောင်းတို့ကို အကျယ်တ၀န့် အသေးစိတ်ပြောဆိုသွားပါတယ်။
စာရေးဆရာ သားဦး ကလည်း ရယ်စရာ မောစရာလေးများနဲ့ စတင်ပြောဆိုပါတယ်။ ``မိသားစု သုံးယောက်မှာ အဖေလုပ်တဲ့သူက သားလေးကိုစာသင်နေပါတယ်။ ကျွဲဆိုတဲ့ စာလုံးကို ကလေးက မပေါင်းတတ်ဖြစ်နေပါတယ်။ အဖေလုပ်သူက မပေါင်းတတ်ရကောင်းလားဆိုပြီး သားလေးကို ဆူပူကြိမ်းမောင်းနေပါတယ်။ အဲဒီတော့ မိန်းမလုပ်တဲ့သူက ကလေးက မပေါင်းတတ်တာကို ရှင်ကပဲ ကျွဲကို စာလုံးပေါင်းပြလိုက်စမ်းပါ..ဆိုပါတယ်။ ဒီတော့မှ အဖေလုပ်သူက ကျွဲရေးချ နောက်သို့ပစ် ကျွဲလို့ ပေါင်းချလိုက်ပါတော့တယ်။ အဲဒီတော့ အမေလုပ်သူက အင်း ရှင်က လူကြီးကို ပေါင်းတတ်မှာပေါ့လို့ ဆိုသတဲ့´´။ ဆိုလိုတာကတော့ အများညီရင် ဤ ကို ကျွဲ ဖြစ်တယ်ဆိုတာကို လက်မခံနိုင်ပါဘူး။ ဒီအမှားကြီးကို အများလက်ခံထားလိုက်တာနဲ့ အချိန်ကြာသွားခဲ့ရင် အမှန်ဖြစ်မသွားဖို့ကို ပြောဆိုချင်တာပါ..။ စကားလုံးတိုင်း အကြောင်းအရာတိုင်းမှာ အမှားနဲ့ အမှန် ခွဲခြားပြီးသိနိုင်ကြပါစေ..လို့ ဆရာသားဦးက ပြောဆိုသတိပေးသွားပါတယ်။
ကာတွန်းဆရာ အေကေကလည်း ကာတွန်း များက ရယ်စရာ တွေးစရာ များအကြောင်းကို ဤသို့ဆိုပါတယ်။ ကာတွန်းပုံတွေမှာ တစ်ချို့က ရယ်ရတာရှိသလို တစ်ချို့ကျတော့ မရယ်ရဘဲ တွေးယူရတာတွေရှိပါတယ်။ ပညာပေး ကာတွန်းတွေလည်းရှိပါတယ်။ ကျွန်တော်ဖတ်မိတဲ့ ဆရာဇော်မောင်ရဲ့ ကာတွန်း ကိုပြောချင်ပါတယ်။ မဂ္ဂဇင်းတွေထဲက စုထုတ်ထားတဲ့ (ဇော်မောင်ရဲ့ အမှားများ) စာအုပ်ထဲက ကျွန်တော်မှတ်မိနေတာလေး ပြောပါရစေ…။ လူနှစ်ယောက်ရှိတယ်။ ပထမ တစ်ကွက်မှာ လူတစ်ယောက်က ငုတ်တုတ်ထိုင်နေပါတယ်။ လူတစ်ယောက်က သူ့ဘေးနားမှာ မတ်တပ်ရပ်လို့ပါ။ မတ်တပ်ရပ်နေသူက ထိုင်နေသူကို စကားလှမ်းပြောပါတယ်။ ``ဟေ့ကောင်ထ ငါတို့သွားကြမယ်´´။ ထိုင်နေတဲ့သူက ရောယောင်ထပြီး လိုက်လာပါတယ်။ သူတို့လမ်းမပေါ်မှာ သွားနေကြတာပေါ့။ အဲ ထိုင်နေရင်းက ထပြီးလိုက်လာသူက စကားပြန်မေးပါတယ်။ `ဟေ့ကောင် ငါတို့ဘယ်ကိုသွားမှာလဲ´။ လမ်းလျှောက်သွားနေရင်းက ပထမ စတင်ခေါ်သူက ပြန်ပြောပါတယ်။ `` အေး ငါလဲ မသိဘူးကွ ဒါပေမယ့် ဘယ်ကိုသွားရမယ်ဆိုတာ ငါတို့ သွားနေရင်းစဉ်းစား ကြတာပေါ့ကွာ…´´။ လို့ ဆိုနေကြပါတယ်။ ဒီကာတွန်းက ဘာကိုပြောချင်တာလည်းဆိုတော့ တစ်ချို့လူတွေဟာ လုပ်တော့လုပ်နေကြတာပဲ။ ကိုယ်လုပ်တဲ့အလုပ်က ရည်ရွယ်ချက် ဦးတည်ချက် မရှိဘဲ ဖြစ်နေကြတာကို သရော်ထားတာပါ။ ကျွန်တော်ကိုယ်တိုင် စာပေလောကထဲကို ၀င်လာခါစမှာ ဟိုစပ်စပ် ဒီစပ်စပ် ရေးခဲ့ပါတယ်။စာမျက်နှာပေါ်မှာ ပါချင်နေတာကို။ မြ၀တီ၊ ငွေတာရီမဂ္ဂဇင်းတွေမှာ တစ်မျက်နှာဝထ္ထုတိုလည်းရေးလိုက်တာပဲ။ အင်တာဗျူးဆိုလဲရေးလိုက်တာပဲ။ ကာတွန်းပြိုင်ပွဲဆိုလည်း ၀င်ပြီးပြိုင်လိုက်တာပဲ။ ကိုယ့်နာမည်လေး ပုံနှိပ့်စာလုံးလေးနဲ့ဖော်ပြခံရရင် တော်တော်ပျော်နေခဲ့ပါ တယ်။ တစ်ခါ ကျွန်တော်ရန်ကုန်ရောက်တော့ ဆရာကြီး ဦးဖေသိန်း မဆုံးမှီ ဆရာကြီးဦးဖေသိန်း ကို ကာတွန်းဆရာတွေ ကန်တော့ပွဲကို ရောက်သွားခဲ့ပါတယ်။ ပထမ အဦးဆုံး ကာတွန်းဆရာတွေ အများကြီးတွေ့ရတော့ တော်တော်ဝမ်းသာမိပါတယ်။ အဲဒီပွဲမှာ ကိုယ်လည်း ကာတွန်းဆရာဆိုပြီးတက်လိုက်တာပါ။ ကာတွန်းဆရာတော့ မဖြစ်သေးပါဘူး။ အဲဒီမှာ ကျွန်တော်နဲ့ရွယ်တူ အာကာနဲ့တွေ့ပါတယ်။ သူကတော့ စာမျက်နှာလိုင်းပေါ်ကို ရောက်နေသူပါ။ သူ့ကို ကျွန်တော်က လေးစားစွာ နုတ်ဆက်လိုက်ပါတယ်။ ကိုအာကာ လို့ ..။ သူက နဲနဲမှန်နေပါတယ်။ သူနဲ့ အလာပ သလာပ စကားတွေပြောပြီး ပြန်ခါနီး ဆုံးမစကားဆိုပါတယ်။ ဟေ့ကောင် အေကေ မင်း ချစ်စမ်းမောင်ကို သိလား မေးပါတယ်။ သူက ကိုချစ်စမ်းမောင်ရဲ့ အမူအရာတွေကို လုပ်ပြနေပြန်ပါတယ်။ ချစ်စမ်းမောင် ဆိုတာ ဂီတာတီးတယ်။ ချစ်စမ်းမောင် နှဲ မမှုတ်ဘူးကွ။ ကျွန်တော်က`ဗျာ´ လို့ဆိုမိပါတယ်။ မှတ်ထားကွ ချစ်စမ်းမောင် ဂီတာပဲတီးတယ်။ ဘယ်တော့မှ နှဲမှုတ်မကျင့်ဘူး။ ဂီတာကို အင်မတန်ကျွမ်းကျင်ပြီး နာမည်လည်းကြီးတယ်ကွ..လို့ သူကဆုံးမပါတယ်။ ကျွန်တော်လည်း အဲဒီအချိန်ကစပြီး ကာတွန်းတစ်ခုတည်းကိုသာ ယနေ့အထိရေးဆွဲခဲ့ပါတယ်ခင်ဗျာ..။ဟု ကာတွန်းဆရာ အေကေမှ ခံစားရင်ဖွင့်ပြောဆိုသွားပါတယ်။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့။
မှတ်ချက်။ ။ စာမျက်နှာအခက်အခဲကြောင့် စာပေ၀ိုင်းတော်သားများ၏ ပြောစကားများကို ပြည့်စုံစွာ မဖော်ပြနိုင်၍ နာလည်ပေးပါရန် တောင်းပန်အပ်ပါသည်။ အယ်ဒီတာချုပ် ။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း (၃၄)





Shade34
မကွေးမြို့မှ SHADE စာပေ၀ိုင်း (၃၄)
၁၀-၇-၂၀၁၁၊တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၄)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနှင့် ပိတောက်လမ်းကြားက FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ် မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း(၃၄) ကြိမ်ပါ။ ယခုတစ်ပတ်မှာ ဧည့်သည်တော်တွေကတော့ မန္တလေးမြို့က စာရေးဆရာတက္ကသိုလ်တေဇာလင်း ၊ ကပ်ကျော်ကျောင်း စာရေးဆရာ သာကီနွယ်သွေး(မကွေး)၊ စာနယ်ဇင်းအဖွဲ့ဝင် သက်ကြီးစာရေးဆရာ မကွေးညိုစိမ့်၊ ဦးကျော်ဇေယျ၊ နဲ့ တစ်မျက်နှာဝထ္ထုတို (တတိယ ဆုရသူ) ဆရာ မာန်ဟုန်(မကွေး) တို့ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်းသို့ တက်ရောက်လာသူ ၀ိုင်းတော်သားများကတော့ ဆရာမကွေးဝင်းမြင့်၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ပန်းချီဆရာသူရိန်မြိုင်၊ ဆရာနေခြည်(မကွေး)၊ ဆရာတင်လင်းဇော် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
SHADE စာပေ၀ိုင်းကို ဆရာမကွေးဝင်းမြင့် က စတင်မိတ်ဆက်ပြီး ပြောဆိုလာပါတယ်။ စာပေ၀ိုင်းကို ကြွရောက်လာကြတဲ့ ဧည့်သည်စာရေးဆရာများနဲ့ ၀ိုင်းတော်သားစာရေးဆရာများခင်ဗျာ.. ကျွန်တော်တို့ပန်းချီအနုပညာရှင်နဲ့ စာရေးဆရာတွေဟာ ကဗျာဆရာ၊ ၀ထ္ထုရေးဆရာ၊ ပန်းချီဆရာ စတဲ့အနုပညာစိတ်ဝင်လာကြရင် တစ်နေ့စာ စားဖို့ရှိလာရင် ဘာကိုမှ မပူပင်တတ်ကြသူတွေပါ။ ကိုယ့်အနုပညာလောကထဲမှာဘဲ စိတ်ကိုနှစ်ထားတတ်ကြသူတွေပါ။ ဒီလိုပါဘဲ ကျွန်တော်ဟာ နှစ်ပေါင်းလေးဆယ်ကျော်ကြာ စာပေလောကထဲကို ဖြတ်သန်းလာခဲ့ပါတယ်။ ယခုတော့မှ ကိုယ့်ကိုကိုယ် ကြီးပွားချင်တဲ့စိတ်ကလေး ၀င်လာမိပါတယ်။ ဒါကြောင့် ကျွန်တော်လေးဆယ်ကျော်လောက်က တိုးတက်ကြီးပွားဖို့ နည်းလမ်းကောင်းများစာတွေ ဖတ်မှတ်ထားခဲ့တဲ့ စာအုပ်ကလေးကို ပြန်လည်ရှာဖွှေခဲ့ပါတယ်။ အဲဒါလေးကို ဒီဝိုင်းမှာ ဖောက်သည်ချပါရစေ..။
တတ်ချင်ရင်..သင်
တော်ချင်ရင်..ဖတ်
ထူးချွန်ချင်ရင်…လေ့ကျင့်
မမှားချင်ရင်…ပြန်စစ်။
ဒီစာကြောင်း လေးကြောင်းရဲ့ အဓိပ္ပယ်ကတော့ ဘယ်အတတ်ပညာမဆို စားဝတ်နေရေးအတွက် မိမိစိတ်ဝင်စားတဲ့ ပန်းချီ၊ စာပေ၊ သီချင်း စတဲ့အနုပညာတွေကို သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေဆီက ထာဝရ သင်ကြားနေကြရမှာပါ။ မိမိသင်ကြားထားတဲ့ အတတ်ပညာတွေကို တော်ချင်ရင် သင်ကြားထားတာနဲ့ သက်ဆိုင်တဲ့ နည်းပညာပေး စာအုပ်တွေကိုလည်း ဆက်လက်လေ့လာမှတ်သားနေဖို့လည်းလိုပါတယ်။ တစ်ခါ မိမိတို့တတ်ထားတဲ့ ပညာတွေကို တော်နေပြီး ထူးချွန်လာသူတစ်ဦးဖြစ်အောင်ကတော့ အမြဲလိုလိုလေ့ကျင့် နေဖို့လည်းလို အပ်ပါသေးတယ်။ ယခုလို တစ်ပတ်မှာ တစ်ရက် SHADE စာပေ၀ိုင်းလိုပေါ့ဗျာ.. အနုပညာဝိုင်းလေးတွေလုပ်ပြီး ကဗျာတွေလေ့ကျင့်မယ်၊ ပန်းချီတွေကို လေ့ကျင့်မယ် တစ်ဦးနဲ့ တစ်ဦး ပညာတွေကို တိုင်ပင်ဆွေးနွေးဖလှယ်ကြမယ်။ မိမိတို့ ၀ါသနာပါရာကို လေ့ကျင့်နေကြမယ်ပေါ့။ ကမ္ဘာကျော်စန္ဒယားဆရာကြီးတစ်ယောက်က ဆိုပါတယ်။ ကျွန်တော်ဒီ စန္ဒယားကြီးကို နေ့စဉ်မတီးဘဲ တစ်လ နားလိုက်တာနဲ့ လက်ကွက်တွေပျက်သွားတာကို ကျွန်တော့်ကိုယ်ကျွန်တော်သိနေပါတယ်။ သုံးလလောက်ကြာအောင် မတီးဘဲထားမိရင် ပညာရှင်တွေကရိပ်မိနေပါတယ်။ ခြောက်လလောက်ကြာအောင် မတီးဘဲထားရင် နားထောင်တဲ့ ပရိတ်သတ်တွေကသိနေကြပါတယ်..လို့ဆိုပါတယ်။ ဒါကြောင့် လေ့ကျင့်ဖို့ကလည်း အမြဲလိုအပ်နေပါတယ်။ ဒါမှ ထူးချွန်နေသူတစ်ယောက် ဖြစ်နေမှာပါ။ ဘောလုံးအားကစားသမားတွေလို အမြဲလေ့ကျင့်နေ မှ ထူးချွန်သူများဖြစ်ပါမယ့်။ အဲ မိမိရဲ့ တစ်နေ့တာ ဆောင်ရွက်လုပ်ကိုင်ခဲ့တာတွေကလည်း ပြန်လည်စစ်ဆေးပေးဖို့လိုပါတယ်။ ဒါမှ ဘယ်ဟာလေးက ကောင်းတယ် မှန်တယ်။ ဘယ်ဟာလေးကတော့ မှားနေတယ်ဆိုတာကို သိရပါ့မယ်။ ဒါကြောင့် မိမိဘ၀မှာ ပြန်လည်စစ်ဆေးခြင်းကလည်း အမှားကင်းစင်သူ အောင်မြင်သူတစ်ဦးအဖြစ်ရပ်တည်နေထိုင်လာနိုင်မှာပါ ဆိုတာကို ဒီတစ်ပတ်မှာ ကြီးပွားအောင်မြင်ရေးအတွက် ဖတ်ခဲ့သမျှ လက်ဆင့်ကမ်းလိုက်ပါတယ်ခင်ဗျာ..။
စာရေးဆရာသာကီနွယ်သွေး(မကွေး) ကတော့ ဆရာနေခြည်ပြောသွားတဲ့ ဆရာအောင်သင်းရဲ့စကားကို ထောက်ခံဆွေးနွေးသွားပါတယ်။ ဆရာအောင်သင်းက ဘ၀ဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့ ကြားကာလပါလို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ ဟုတ်ပါတယ် SHADE စာပေ၀ိုင်း ဖြစ်နေတော့ အကြောင်းအရာကို အနှစ်ချုပ်လိုက်ရင် SHADE ဆိုတာ အရိပ်ပါပဲ။ လူသားအားလုံးရဲ့ ဘ၀ အရိပ်တွေဟာလဲ ကိုယ်သွားလေရာ အရိပ်တွေပါနေကြပါတယ်။ မိမိပြောဆို လုပ်ကိုင် ဆောင်ရွက်နေတိုင်း SHADE အရိပ်တွေက ထပ်ချပ်မကွာ ကိုယ်နဲ့အတူလိုက်နေမှာပါ။ ဒါကြောင့် မွေးဖွားခြင်းနဲ့ သေဆုံးခြင်ရဲ့စပ်ကြားထဲမှာ ဒို့တတွေရဲ့နေထိုင်မှုအပေါ်မှာ လောကဓံတရားရဲ့ လှုပ်ခါမှုတွေကို ခံစားကြရမယ်။ အဲဒီအချိန်မှာ ဘ၀ အရိပ် SHADE တွေကလည်းတုန်ခါလာမယ်။ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့လှုပ်မလား။ ဒါမှ မဟုတ်ရင် အလောဘ(ဒါန)၊ အဒေါသ(မေတ္တာ)၊ အမောဟ(ဥာဏ်) တွေနဲ့ လှုပ်မလား ဆိုတာကို စဉ်းစား ဆုံးဖြတ်တတ်ဖို့လိုပါတယ်။ လို့ ဆရာသာကီနွယ်သွေး(မကွေး)က ပြောဆိုမိန့်ကြားသွားပါတယ်။ (မှတ်ချက်။ ။အင်္ဂလိပ်စကားများအား အင်္ဂလိပ်စာလုံးပေါင်း များ မှားမည်စိုး၍ ချန်လပ်ထားခဲ့ပါသည်။)
စာရေးဆရာ တက္ကသိုလ်တေဇာလင်း ကလည်း ဤသို့ ဆိုပါတယ်။ Shade စာပေ၀ိုင်းက ဆရာကြီးတွေ ပြောကြားသွားတာတွေ အားလုံးကောင်းကြပါတယ်လို့ဆိုရပါ့မယ်။ ဆရာသိန်းဖေမြင့် ၀ထ္ထုလိုတော့မဟုတ်ပါဘူး။ အဲဒီဝထ္ထုထဲမှာ ထောင်ထဲက လူတွေက နံနက်မိုးလင်းပြီဆိုတိုင်း ညက ဘာတွေဘယ်လောက်ပဲ ဆိုးခဲ့ ဆိုးခဲ့ နံနက်မိုးလင်းလာတာနဲ့ သူတို့အားလုံးသံပြိုင်အော်ဟစ်ကြရပါတယ်။ (အားလုံးကောင်းကြပါသည် ခင်ဗျား) လို့ အော်ဆိုရပါတယ်။ အဲဒီလို ကောင်းတာလည်း မဟုတ်ပါဘူးနော်။ SHADE စာပေ၀ိုင်းက တကယ်ကိုကောင်းနေလို့ ကောင်းတယ်လို့ပြောရတာပါ။ တကယ်ကို စိတ်ဝင်စားစရာတွေကို ပြောဆိုနေကြလို့ ကောင်းတယ်ပြောမိတာပါ။ ကိုယ့်အမြင်၊ ကိုယ့်အတွေး တွေကို ရှုဒေါင့်မျိုးစုံက ခံစားပြောဆိုသွားကြလို့ ဆရာသာကီနွယ်သွေး(မကွေး) ပြောသွားတဲ့ (Emotion အီမိုးရှင်း) စိတ်ခံစားမှုတွေ အများကြီးရကြပါတယ်။ စိတ်ခံစားမှု အချစ်တွေ၊ ပလေတို အချစ် စတာတွေ အများကြီးပါ။ မပြောတော့ပါဘူး။ ကဗျာလေး တစ်ပုဒ်တော့ ရွတ်ဆိုပါရစေ..။ ဆရာမောင်တည်ငြိမ်ရဲ့ ကဗျာလေးပါ။ ဆရာမောင်တည်ငြိမ်က သီချင်းရေးဆရာလည်းဟုတ်ပါတယ်။ (အရိပ်ပမာ မခွဲခွါ) ဆိုတဲ့ သီချင်းမှာ နေပူထဲလည်း နေရဲပါမှ နေရိပ်ထဲလည်း နေရဲပါမှ ..ခရောင်းလမ်းကိုလည်း လျှောက်ရဲပါမှ..။ စတဲ့ သီချင်းကို ရေးတာ လူတိုင်းသိပါတယ်။ ဆရာမောင်တည်ငြိမ်ရေးတဲ့ ယခုဆိုမယ့် ကဗျာ ခေါင်းစဉ်ကတော့ (ကိုယ့်ကိုယ်ကို မေ့နေခြင်း) ဆိုတဲ့ ကဗျာပါ။
+ သမီးရည်းစားတုံးကလည်း သမီးရည်းစားမို့ ချစ်လိုက်ရတာ..။
+ ဇနီးမယားကျတော့လည်း ဇနီးမယားမို့ ချစ်လိုက်ရတာ..။
+ သမီးသားများကျတော့လည်း သမီးသားမို့ ချစ်လိုက်ရတာ…။
+ ဒီလိုနဲ့ပဲ နေ့တွေကုန်၊ ရက်တွေ လစား၊ နှစ်တွေ အလီလီပြောင်း
ချစ်ရမယ့်သူ နောက်တစ်ယောက်၊ တောက်ကနဲ သတိရ
ချစ်ပြလိုက်မယ်လဲကြံရော…
ဟိုက်!! အချိန်က မကျန်တော့ပါလား…..။ ။
ဆရာတက္ကသိုလ်တေဇာလင်းက စိတ်ပါဝင်စားစွာ သံနေ သံထားနဲ့ ကဗျာကို ခံစား ရွတ်ဆိုသွားခဲ့ပါတယ်။ ( မှတ်ချက်။ ။ အပြည့်အစုံ ဖော်ပြ၍ မပေးနိုင်ခြင်းအား လေးစားစွာ တောင်းပန်အပ်ပါသည်။ )
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

Shade Journal အတွဲ(၅) | အမှတ်( ၄၀ )

  • အမည် : SHADE Journal | အတွဲ(၅)၊ အမှတ်(၄၀)
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၅)| အမှတ်(၄၀ )
  • ရက်စွဲ : 14.9.2011
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း (၃၃)




Shade33
မကွေးမြို့မှ SHADE စာပေ၀ိုင်း (၃၃)
၃-၇-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့(၁၂) နာရီမှ ညနေ(၃း၃၀) နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနှင့် ပိတောက်လမ်းကြား က FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ်အတွင်းမှာ ပေါင်းဆုံဝိုင်းဖွဲ့ ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်း(၃၃)ကြိမ်မြောက်ပါ။ မနေ့က ၂-၇-၂၀၁၁ နေ့မှာ မကွေးမြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့က ကြီးမှူးကျင်းပပေးတဲ့ (တစ်မျက်နှာရသ၀ထ္ထုတိုပြိုင်ပွဲ ဆုပေးပွဲ) ကျင်းပပြီးစီးခဲ့ပါတယ်။ ကောင်းမွန်စူပါမားကတ်၊ ရှမ်းစတား စားတော်ဆက် မှာ ခမ်းနားကြီးကျယ်စွာနဲ့ ကျင်းပခဲ့ကြပါတယ်။ မကွေးစာနယ်ဇင်း သက်တန်းတစ်လျှောက်မှာ ဒီပွဲဟာ ကြီးကျယ်ခမ်းနားကြောင်း SHADE စာပေ၀ိုင်းမှ အထူးမှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။ (အမှားပြင်ဆင်ချက်။ ။Shade-ဂျာနယ်၊ အတွဲ(၅) အမှတ်(၃၁)မှာ (နိုင်ငံကျော်ရုပ်ရှင်မင်းသမီး ယောကျာ်းရဲ့မိန်းမ) ၀ထ္ထုရေးသားသူ စာရေးဆရာလူငယ်လေး၏ အမည်မှန် သားဦး ဖြစ်ပါသည်။ လေးဦး ဟု မှားယွင်း၍ဖော်ပြမိပါကြောင်း။) မနေ့က ပင်ပန်းထားကြသော်လည်း ယနေ့စာပေ၀ိုင်း တော်သားများ မနည်းကြပါ။ ရောက်လာကြတဲ့စာပေ၀ိုင်းတော်သားများကတော့ ပန်းချီဆရာမင်းသူ၊ ဆရာနေခြည်(မကွေး)၊ ပန်းချီဆရာသူရိန်မြိုင်၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ဆရာလွမ်းရ(မကွေး)၊ ဆရာတင်လင်းဇော်၊ ပန်းချီဆရာမြင့်ဇော်ဦး နဲ့ စာရေးသူတို့ ဖြစ်ကြပါတယ်။
ပန်းချီဆရာကိုမင်းသူ မှ စတင်စကားဆိုလာပါတယ်။ ကျွန်တော် SHADE ဂျာနယ်ကို အမြဲဖတ်ပါတယ်။ ကောင်းနီုးရာရာလေးတွေကို တော်တော်ဖတ်ရပါတယ်။ SHADE စာပေ၀ိုင်းတော်သားတစ်ယောက်အနေနဲ့ ဒီဂျာနယ်ထဲမှာ ပါတဲ့အကြောင်းအရာတွေကောင်းကြောင်းကို ပြောချင်သော်လည်း သူများတွေရဲ့လက်ညှီးကိုကြောက်လို့ မပြောဘဲနေခဲ့မိပါ တယ်။ ကိုယ့်Shade ဂျာနယ်ကို အမွန်းတင်တာလုံးဝ မဟုတ်ပါ။ ဒါကြောင့် ဒီနေ့တော့ Shade ဂျာနယ် အတွဲ(၅) အမှတ်(၃၀) ထဲက ဆရာသာဇော် ရေးသားတဲ့ (ဒေါက်တာဂျော်ဒန်ဆီးဂရေ့ဗ် ရဲ့ မွန်မြတ်သောစိတ်) ကို အကျယ်တ၀င့် ဖတ်ကြားဆွေးနွေးလိုပါတယ်။ အဲဒီဆောင်းပါးထဲက ကျွန်တော်အနှစ်သက်ဆုံးစာသားကတော့ (`ငါ့အနေနဲ့ ကိုယ့်ဒေသကို ပြန်ပြီး ငွေကြေးချမ်းသာအောင်လုပ်ဖို့လည်း လွယ်တယ်။ အဲဒီငွေကြေးနဲ့ စည်းစိမ်ခံနေဖို့ကောင်းတာ။ အခုဒီမှာလာပြီး ဝေးလံတဲ့ဒေသတွေမှာ ခွဲစိတ်ကုသရေး လုပ်ငန်းတွေလုပ်မယ့်အစား လူချမ်းသာတစ်ယောက်ဖြစ်အောင် ငါစွမ်းဆောင်နိုင်တာပဲ။ ဒါပေမယ့် ငါလုပ်ခဲ့သမျှဟာ ဘယ်အရာမှ အချည်းအနှီးမဖြစ်ခဲ့ဘူး။ ဘ၀မှာ ရုန်းကန်လှုပ်ရှားရင်းနဲ့ တစ်ခြားသူဖျက်ဆီးခဲ့တဲ့ အရာတွေကို အသစ်ပြန်လည်တည်ဆောက်ရတာဟာ ငါ့ဘ၀ရဲ့စိတ်ချမ်းသာမှု အနှစ်သာရ အစစ်ပဲ´။) ဆိုတဲ့ ဒေါက်တာဂျော်ဒန် ဆီးဂရေ့ဗ်ရဲ့ ခံယူချက်ကို ကျွန်တော်တို့တစ်တွေ စံနမူနာယူသင့်ပါကြောင်း၊ ဒီဟာလေးကို ကျွန်တော့်ရင်ထဲမှာ တော်တော်ကို ညှိနေလို့ ပြောကြားလိုက်ရပါတယ်..။ ဟု ပန်းချီဆရာကိုမင်းသူက ပြောဆိုသွားခဲ့ပါတယ်။
ဆရာနေခြည်(မကွေး)ကတော့ ထုံစံအတိုင်းပါပဲ။ ကိုယ်ထုတ်လုပ်ထားတဲ့ စာလေးတွေကို ခံစားသွားပါတယ်။ မဟေသီ မဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ (ပုတ်သင်ညိုနဲ့ မြွေဇာတ်လမ်း၊` အစာ´ ဆိုတဲ့) တစ်မျက်နှာဝထ္ထုတိုလေး ကိုခံစားပြောဆိုသွား ပါတယ်။
ပန်းချီဆရာသူရိန်မြိုင်ကလည်း ဇနီးမယား ဆေးရုံကို တက်ပြီး ဒုက္ခတွေ ပင်လယ်ဝေနေသော်လည်း SHADE စာပေ၀ိုင်းသို့ အပြေးရောက်လာပြန်ပါတယ်။ သူ့က.. ကျွန်တော်ဦးနှောက်အခန်းပျက်နေသော်လည်း စာပေ၀ိုင်းကို မပျက်အောင် ကြိုးစားလာပါတယ်။ ဒီနေ့ကျွန်တော်ပြောလိုတာကတော့ အာဖရိကတိုက်ထဲမှ ခြေရာခံကောင်းတဲ့ လူတွေလက်က လွတ်အောင် ပြေးနည်းများအကြောင်းများကို အကျယ်တ၀င့်ခံစားပြီး ပန်းချီဆရာသူရိန်မြိုင်မှ ပြောကြားသွားပါတယ်။
ဆရာဇော်မြင့်ဇော်(ဗန္ဓရ)ကတော့ ဆရာဖေမြင့်ရေးသားတဲ့ (တန်ဘိုးထားအပ်သော အရာများ) များကို ကောက်နုတ် ဖတ်ကြား ဆွေးနွေးပါတယ်။ အဓိက မှတ်စရာကတော့ လူတွေမှာ အိနြေ္ဒသိက္ခာရှိစွာ နေထိုင်တတ်ဖို့ ဖြစ်ပါကြောင်း ပြောဆိုသွားပါတယ်။ ဆရာလွမ်းရ(မကွေး) ကလည်း ကဗျာဆရာဆိုတော့ သူငယ်ငယ်ကခံစားမှု ကဗျာများကို သံနေသံထားနဲ့ ဖတ်သွားပါတယ်။
ဆရာတင်လင်းဇော်ကတော့ ဆရာမ ယဉ်ယဉ်နု(မန္တလေး) ရေးသားတဲ့ ၂၀၀၅ ခုနှစ်ထုတ် (အိပ်တန်းပြန် မုဒီတာငှက်များ) ထဲက အကြိုက်ဆုံးဝထ္ထုတိုတစ်ပုဒ် (သိက္ခာ)ကို ခံစားပြောဆိုသွားပါတယ်။ ၀ထ္ထုကြောင်းလေး ကတော့(ရေနီမြောင်းဘေးမှာ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေထိုင်တဲ့ ပစ္စည်းမဲ့ ပညာမဲ့ လင်မယားနှစ်ယောက် ထံ ပတ်ဝန်းကျင်က၀င်လာသော ပြဿနာ လေးများမှ ပြဿနာကြီးများအထိ လူနှစ်ယောက်ရဲ့အသက်ကို ငွေတစ်ရာတန် မီးချစ်ကလေးနဲ့ စတေးခံသွားရတာကို ဇာတ်လမ်းဆင်ထားပါတယ်။) ဆရာတင်လင်းဇော် မှ ဒီဝထ္ထုတိုလေး က ပေးချင်တာလေးများကို ချပြပါတယ်။ ကျွန်တော်တို့ ပုထုဇဉ်တွေဟာ စိတ်ကို မထိမ်းသိမ်းနိုင်သူတွေက များကြပါတယ်။ ထင့်ခနဲဆို စိတ်တိုတတ်ကြပါတယ်။ စိတ်နောက်သို့ ကိုယ်ပါပြီး ဒေါသစိတ်များနဲ့ ပြောဆို လုပ်ကိုင်တတ်ကြတဲ့ အကျင့်ဆိုးတွေကို ပယ်ဖျောက်ပြစ်ကြရပါမယ်။ လူလိမ္မာက ကိုယ့်သိက္ခာကို အခြားသူတစ်ယောက်မှ ထိခိုက် ပုတ်ခတ်လာရင် တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းဆောင်ရွက်နိုင်ကြပါတယ်။ လူမိုက်တွေကတော့ ကိုယ့်သိက္ခာကို ထိခိုက်လာရင် ဆတ်ဆတ်ထိ မခံမရနိုင်ဖြစ်ပြီး ဂဏာမငြိမ်နဲ့ ဒေါသဦးဆောင်ပြီး လုပ်မိ လုပ်ရာ တွေကို ဆက်တိုက်လုပ်လိုက်ကြတတ်ပါတယ်..။ ဆိုတာကို ဆရာမ ယဉ်ယဉ်နု(မန္တလေး) ရဲ့(သိက္ခာ)၀ထ္ထုတိုလေး က မီးမောင်းထိုးပြပေးသွားပါတယ်..ဟု ဆရာတင်လင်းဇော်က ဝေဖန်သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။
ဒီတစ်ပတ် ထူးထူးခြားခြားပွဲဖန်တီးသူကတော့ ပန်းချီဆရာမြင့်ဇော်ဦး ဖြစ်ပါတယ်။ SHADE စာပေ၀ိုင်းကို ပန်းချီကားတစ်ချပ် ကို ထမ်းယူလာပါတယ်။ သူယူလာတဲ့ပန်းချီကား ကို ပိတ်စတစ်ခုနဲ့ ဖုံးထားပါတယ်။ သူ့အလှည့် ကျမှ ပန်းချီကားကို ပြောပြောဆိုဆို ဖွင့်လှစ်လိုက်ပါတယ်။ SHADE ၀ိုင်းတော်သားများကို ဘယ်လိုမြင်လည်း မေးပါတယ်။ ငါးမျက်စေ့တွေလို့ ဆရာတင်လင်းဇော်က ဆိုပါတယ်။ အဲဒီတော့မှ ပန်းချီဆရာမြင့်ဇော်ဦး က ဤသို့ ရှင်းလင်းပါတော့တယ်။
`` ဒီပန်းချီကားကို ကျွန်တော့်သားက ပထမဆုံးစတင်ဝေဖန်ပါတယ်။ ဟာ.. ဒီးပန်းချီကားကြီးက ကြက်ဥ ကြော်ကြီးနဲ့တူတယ်..လို့ ဆိုပါတယ်။ ကျွန်တော်က SHADE စာပေ၀ိုင်းမှာဖျက်မြင်းလိုဖြစ်နေပါတယ်။ သီးချင်းတွေကို အော်ဆိုလိုက်..ယခုလည်း ပန်းချီကားကြီးချပြနေမိပြန်ပါတယ်။ စာပေ၀ိုင်းနဲ့ မဆိုင်တဲ့အကြောင်းအရာများဖြစ်နေရင်တော့ ကျွန်တော့်ကိုခွင့်လွတ်ကြပါ။ ကျွန်တော့်မျက်လုံးတွေကလည်း တော်တော်မှုံလာပါတယ်။ ဒါကြောင့် ဒီနေ့စာပေ၀ိုင်းမှာ မျက်လုံးပန်းချီကားကို ယူလာပြီးပြသချင်စိတ်ပေါက်လာပါတယ်။ မျက်လုံးဆိုတာ လူတစ်ယောက်မှာ အဓိကအကျဆုံး အရာတစ်ခုပါ။ မျက်လုံးကနေ မြင်စိတ်ပေါ်ပါတယ်။ မြင်စိတ်ကို ဦးနှောက်(အသိစိတ်)နဲ့ သုံးသပ် ဆုံးဖြတ်ကြရပါတယ်။ ဒါ မျက်လုံး သုံးလုံးရဲ့ပုံကို ဆွဲထားတာပါ။ ပန်းချီကားအမည် ကတော့ ( စိတ်၏ ထွက်ပေါက်) လို့နာမည်ပေးထား ပါတယ်။လူတစ်ယောက်ကိုကြည့်လိုက်ရင် မျက်လုံးကိုကြည့်လိုက်တာနဲ့ ဒီလူဟာ ဘယ်လိုလူစားပဲလို့ ခွဲခြားသိရှိနိုင်တာကို ဖော်ပြပေးထားပါတယ်။ အောက်ဆုံးမျက်လုံး အရောင်မှေးမှေးလေးက အသိဥာဏ်ပညာနည်းပါးသူ လူပျင်းတစ်ယောက် ရဲ့ မျက်လုံးပါ။ သူ့ အထက်က မျက်လုံးကတော့ နည်းနည်းကြည်လင်နေတဲ့ အသိဥာဏ်ပညာ အလယ်အလတ်ရှိသူပါ။ အဲ အထက်ဆုံးက ကြည်လင်တောက်ပနေတဲ့ မျက်လုံးကြီးကတော့ သိလ၊သမာဓိနဲ့ပြည့်စုံသူ အရိယာ သူတော်စင် ပညာရှိ တို့ရဲ့ မျက်လုံးပါ။ လူသုံးဦး ရဲ့ မျက်လုံးများကို ကိုယ်စားပြုပြီး ပုံဖော်ရေးဆွဲထားပါတယ်။ ဒီပန်းချီကားကို ရေးဆွဲနိုင်ဖို့ အချိန်တွေ၊ အတွေ့အကြုံတွေ တော်တော်ကြာအောင် ပညာကိုဆည်းပူးခဲ့ရပါတယ်။ ဒီပန်းချီကားကို ကျွန်တော့်ဘ၀နဲ့ ရင်နှီးပြီး ရေးသားခဲ့ရပါတယ်။ ယခု ကျွန်တော့် ပန်းချီကားကိုကြည့်ပြီး SHADE စာပေ၀ိုင်းတော်သားများလည်း သူတော်စင် ပညာရှိမျက်လုံးပိုင်ရှင်များ ဖြစ်နိုင်ကြပါစေလို့ ဆဒ္ဒပြုလိုက်ပါတယ်ခင်ဗျား..။´´ လို့ ပန်းချီဆရာမြင့်ဇော်ဦးက ပြောဆိုသွားပါတယ်..။ စာရေးသူ၏ မှတ်ချက်။ ။ (မျက်လုံးသုံးဦးပိုင်ရှင်- စိတ်၏ ထွက်ပေါက်)ပန်းချီကားကြောင့် ကြည့်သောသူများ ပညာမျက်စေ့ဖြင့် မြင်နိုင်ကြပါစေ..။)
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသ ပြည့်စုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့…..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း (၃၂)





Shade32
မကွေးမြို့မှ SHADE စာပေ၀ိုင်း (၃၂)
၂၆-၆-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနှင့် ပိတောက်လမ်းကြား က FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ် မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း (၃၂)ကြိမ်ပါ။ စာပေ၀ိုင်းစတင်လာခဲ့တာ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ တနင်္ဂနွေနေ့ တစ်ပတ်သာ SHADE စာပေ၀ိုင်း တစ်ပတ်နားခဲ့ပါတယ်။ ဒါကြောင့် Shade စာပေ၀ိုင်းသက်တန်း (၈)လနဲ့ တစ်ပတ် ပြည့်ခဲ့ပါပြီ..။ ယခုတက်ရောက် လာကြတဲ့ ၀ိုင်းတော်သားများကတော့ ဆရာတက္ကသိုလ်ရည်ရွယ်၊ ဆရာနေခြည်(မကွေး)၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ဆရာလွမ်းရ(မကွေး)၊ ဆရာတင်လင်းဇော်၊ ဧည့်သည်တော် စာပေ၀ါသနာရှင် ဆရာအောင်ကျော်တိုး (ငွေကြယ်ဖြူစာပေ)၊ ဆရာသိန်းလင်း နှင့် စာရေးသူတို့ဖြစ်ကြပါတယ်။
ဒီတစ်ပတ် ဆရာမကွေးဝင်းမြင့် ခရီးထွက်နေလို့ ပဏာမ ပြောကြားသူကတော့ ဆရာတက္ကသိုလ်ရည်ရွယ် (ခ) ညီဇေယျ ဖြစ်ပါတယ်။ သူဖတ်ကြား ဆွေးနွေးတာကတော့ (၀န်ချတောင်နှင့် ရသစာတမ်းများ) စာအုပ်ထဲက ဆရာမောင်ရင့်မာ(ကျောင်းကုန်း) ရေးသားတဲ့ ( ရေနည်းနည်း အိုးသေးသေး) ရသစာတမ်းကို ခြုံငုံပြီး ပြောကြားသွား ပါတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်လောက်က မြေလတ်မြို့ကလေးမှာ ငွေရတုအထိမ်းအမှတ် မဂ္ဂဇင်းထုတ်ခဲ့စဉ်အခါ သူ့ကို အယ်ဒီတာလုပ်ခိုင်းခဲ့ပါတယ်။ သူအယ်ဒီတာလုပ်ခဲ့စဉ်အခါက အားနာစရာ၊ ရှုက်စရာ ဖြစ်စဉ်လေး တစ်ခုအကြောင်းပါ။ ဆရာမင်းသူ့ဝဏ် ထံ ကဗျာတောင်းခံပုံ၊ ဦးလေးကြီးဦးတင်မောင်ထံ စာမူတောင်းခံပြီး စာမူခ(၅၀၀) ကျပ်စီ ကန်တော့ကြ ပါတယ်။ ဆရာကြီးနှစ်ပါးလုံးက စာမူခများပေးတာ များနေပါကြောင်း ပြောပြီး မဂ္ဂဇင်းထုတ်တဲ့ ဘုန်းကြီးကျောင်းမှ ဆွမ်းကွမ်းအတွက်ဆိုပြီး စာမူခများကိုပြန်လည် လှူဒါန်းလိုက်ကြပါတယ်။ နောက် မိတ်ဆွေတစ်ယောက်က စာမူခပေးပြီး တိတ်ခွေ တစ်ခုယူလာပါတယ်။ အဲဒီတိတ်ခွေက စာမူတိတ်ခွေဟု ပြောပါတယ်။ ဒါပေမယ့် အဲဒီတိတ်ခွေစာမူ ကို မဂ္ဂဇင်းမှာ မသုံးဖြစ်လိုက်ပါ။ မဂ္ဂဇင်းထွက်ပြီး အသက်(၆၅)နှစ်ခန့် အမျိုးသမီးတစ်ဦးနဲ့ စာမူယူလာသော မိတ်ဆွေက ယခင်ကြိုတင်ပေးထားတဲ့ စာမူခ(၅၀၀) ကျပ်ကိုပြန်ပေးပါတယ်။ သူ့စာမူ မဂ္ဂဇင်းမပါလို့ ပြန်ပေးပါကြောင်း။ ယခု အမျိုးသမီးကြီးမှာ တိတ်ခွေနှင့် စာမူပေးတဲ့သူရဲ့ ညီမရင်းဖြစ်ပါကြောင်း။ သူတို့မောင်နှမများမှာ မိဘကို လေးလေးစားစား လုပ်ကြွေးနေကြသူများဖြစ်ပြီး တစ်မြို့လုံးမှာ စီးပွားရေးလည်းအောင်မြင်ထွန်းပေါက်၍ စံပြုထားသူများဖြစ်ကြောင်းသိရ၏၊။ သူ့ညီမပြောစကား ကြောင့် ကျွန်တော် တော်တော်လေး အားနာပြီး ရှုက်စရာဖြစ်သွားခဲ့ပါတယ်။
`` ကိုကိုက သိပ်ပြီး စာရေးဆရာဖြစ်ချင်တာပါ..။ သူစာမရေးနိုင်တာကို တိတ်ခွေနဲ့ စာမူပေးလိုက်တာပါကွယ်…။ ကိုကို ဘာကြောင့် စာမရေးနိုင်လဲဆိုတော့ ဂျပန်ခေတ် တော်လှန်ရေးတုံးက သူ့လက်ကို သေနပ်ထိမှန်ခံလိုက်ရပြီး စာမရေးနိုင်ဘဲဖြစ်သွားတာပါကွယ်..။´´
ထိုအဖြစ် အပျက်ကလေးကိုတွေးမိတိုင်း အခါများစွာ ရှုက်ရွံ့ကြောက်လန့် ကြေကွဲခဲ့ရပါတယ်။ ကျွန်တော်တို့မှာ တင်္ဒဂ မျှ အတ္တဆူးချွန်ချွန်လေးကို ရှေ့တန်းတင်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။ စတဲ့… စတဲ့.. အယ်ဒီတာရဲ့မာနလေးကို မှတ်သားစရာ ရသစာတမ်းအား ဆရာတက္ကသိုလ်ရည်ရွယ်က ခံစားဖတ်သွားပါတယ်။
ဆရာနေခြည်(မကွေး) ကလည်း စာနယ်ဇင်းအဖွဲ့ စာပေပြိုင်ပွဲကိစ္စ၊ မိသားစုကိစ္စ၊ ရပ်ကွက်လူမှုရေးကိစ္စတွေနဲ့ မအားမလပ်တဲ့ကြားမှ Shade စာပေ၀ိုင်းကို အားခဲပြီးလာခဲ့ရပါကြောင်း၊ စာဖတ်ချိန်နည်းနေလို့ စောစောက (၀န်ချတောင်နှင့် ရသစာတမ်းများ) စာအုပ်ထဲက အတိုအစ ကဗျာလေးကို ရွတ်ပြလိုကြောင်းဆိုပြီး ခံစားရွတ်ဆိုသွားပါတယ်။
`သမီးလေးအတွက် ထီးကလေးတစ်လက်´
သားကဓါး သမီးကထီး၊ မိဘတွေအတွက် မျှော်လင့်ချက်၊ သို့ပေမယ့် တစ်ကယ့်တကယ်ဘ၀မှာတော့ ၊ မိဘကပဲ သားအတွက်ဓါးဖြစ်ရ၊ သမီးအတွက် ထီးဖြစ်ရ၊ ကြားဖူးတဲ့စကား မှားများ မှားနေသလား။ (၂၀၀၅၊ မေလ၊ မဟေသီမဂ္ဂဇင်းထဲက ဆရာမောင်တည်ငြိမ် ကဗျာမှ( ဓါးနဲ့ထီး) ကိုအခြေခံကြောင်း ဖော်ပြထားပါသည်။)
နောက်ကဗျာ အတိုအစ တစ်ခုကတော့ ` ပုရွက်ဆိပ်တစ်ကောင်စာ လရောင်´
ဒါနဲ့တောင် ပုရွက်ဆိပ်တစ်ကောင်စာ သူ့ကိုယ်ပေါ်မှာ ဘာကြေင့် လရောင်မသာတာလဲ၊ ဒါပဲစိတ်နာတဲ့ ကျွန်တော်။
ဒီကဗျာအတိုအစလေးက ကျွန်တော့်ရင်ထဲကို တစ်စုံတရာ အတွေးများ ၀င်ရောက်ခံစားလာပါတယ်။ စာရေးသူ ဆရာမောင်တည်ငြိမ် ရဲ့ ဒီရသစာတမ်းစာအုပ်ကတော့ အစ အဆုံး ဖတ်သင့်ပါတယ်လို့ ဖတ်ညွှန်း ပြောဆိုသွားပါတယ်။
ဆရာဇော်မြင့်ဇော်(ဗန္ဓရ)ကလည်း ဆရာနေခြည်ပြောသလိုပါပဲလို့ စတင်ဆိုလာပါတယ်။ မကွေးတက္ကသိုလ် မဂ္ဂဇင်းမှာ သူရေးခဲ့တဲ့(အရွေးမခံရတဲ့) ကဗျာလေးကိုခံစား ရွတ်ဆိုပါတယ်။
ဆရာလွမ်းရ(မကွေး) ကတော့ နီမောင်(အင်းဝ)ရဲ့ (ပန်းနု နှင်းဆီ) ကဗျာစာအုပ်ထဲက (နှင်းဆီ ချစ်သူ) ဆိုတဲ့ ကဗျာကို ရွတ်ဆိုပါတယ်။ မရွတ်ဆိုခင် ရှင်းပြပါတယ်။ သူ့ရဲ့အမျိုးသမီးက ယောက်ကျားကို ယုံကြည်အောင်စိတ်ချအောင် ခံစားပြောဆိုသွားတဲ့ ကဗျာလေးပါ။ အစလေးက
` ချစ်ဇနီးမရီက နှင်းဆီပင်စိုက်ချင်သတဲ့၊ စိုက်ပါ စိုက်ပါ မတားပါဘူး။ အားပေးပါတယ် စံပယ်လို သဇင်လို ဇွန်လို သစ်ခွလို လှလွန်းလို့ မွှေးလွန်းလို့ ဒို့တော့ခူးမယ် ဒို့တော့ဆွတ်မယ် အလွယ်တကူ အချူခံရ၊ အလွယ်တကူ အဆွတ်ခံရ၊ အလွယ်တကူ အခူးခံရ၊ အလွယ်တကူ အချွေခံရ၊ ခံဘက်ကပန်း မနှစ်မြို့ မစိုက်ပျိုး၊ တန်ဘိုးမထား မလေးစား။ လေးစားချစ်ကြည် နှင်းဆီပင်သာ စိုက်ချင်တယ်။ နှင်းဆီ ရနံ့ မွေးပျံ့ပါတယ်၊ နှင်းဆီရဲ့အဆင်း လှပခြင်း နှင့် ပြည့်စုံတယ်။ နောက်ပြီးတော့ကား နှင်းဆီမှာ ခိုင်မာတဲ့လည်တိုင်လည်းရှိတယ်။ သူ့ကိုယ်ထဲမှာ ရဲရင့်တဲ့ဆူး ထူးခြားစွာရှိတယ်။ (ကျွန်တော်အကြိုက်ဆုံးအပိုဒ်ကို ရောက်ပါပြီ)။ နှင်းဆီပန်းဟာ အခြားပန်းလို ခူးလိုကခူး ဆွတ်လိုကဆွတ် ညွှတ်မပေးဘူး၊ ဝေးပါသေးတယ်။ ဆူးနဲ့ကာကွယ်ထားတယ်။ နှင်းဆီပန်းဟာ ဒါတွေကြောင်မို့ ဒို့ကချစ်တယ်။ လေးစားတယ်။ ချစ်ဇနီးရဲ့ချိုမြတဲ့စကား၊ နားထဲစိမ့်ဝင် မင်းဟာ ကဗျာဆရာရဲ့ဇနီးအပီကြီး ပီသပါပေတယ်။´(၁၉၈၅၊ မိုးဝေမဂ္ဂဇင်းမှ ကဗျာဖြစ်ပါတယ်။ စာရေးသူ ကိုနီမောင်ဟာ ၁၉၉၄ ခုနှစ်ကဆုံးပါးကွယ်လွန်သွားခဲ့ပါတယ်။ ကိုနီမောင် (၁၇)နှစ်မြောက် အလွမ်းကဗျာဖြစ်ပါကြောင်း)။ ကဗျာဆရာလွမ်းရ(မကွေး) က ကဗျာဆရာကိုနီမောင်အား တမ်းတမ်းတတနဲ့ မျက်ရည်ကျမတတ် ခံစားသီဆိုသွားခဲ့ပါတယ်။
ဆရာတင်လင်းဇော်ကတော့ SHADE စာပေ၀ိုင်းကို (၃)ပတ်လောက် ပျက်ကွက်ခဲ့လို့ တောင်းပန်လာပါတယ်။ ဆရာဇော်ဂျီ ရဲ့ ကျွန်တော်စီရီးကို ပြောကြားပါတယ်။ အက်ဆေး အကြောင်း ခံစားပြောဆိုသွားပါတယ်။ (ပုဂံမြို့ဟောင်းနှင့် ကျွန်တော်) အက်ဆေးကို အကြိုက်ဆုံးဖြစ်ကြောင်း အကျယ်တ၀န့်ပြောကြားသွားပါတယ်။ နောက်ပြီး တက္ကသိုလ်ဝင်းမော် ရေးတဲ့ (ဆားဒယ်)ဆိုတဲ့ အကြောင်းအရာ ဦးစားပေးတဲ့ အက်ဆေးကို ပြောပါတယ်။လှေလိုမဟုတ်တဲ့ ရေထဲမှာ ဆားဒယ်ဆိုတာ လေးထောင့်စပ်စပ် ပလက်ကြီးနဲ့ ဦးမပါ၊ ပဲ့မပါဘဲ၊ ချာချာလည်လှော်ခပ်နေတာကို ပြထားပါတယ်။ဆားဒယ်ပေါ်ကို တက်ရတာလည်းမလွယ်၊ ဆင်းရတာလည်းမလွယ်ပါဘူး။ တက်မိလိုရှိရင်လည်း တိမ်းစောင်းပြီးမှောက်မသွားအောင် ညိမ်ပြီးအသာလေး ထိုင်နေကြရပါတယ်။ လှေလို ဘောက်တူတွေလို ဦးတည်ရာကို တည့်တည့်မတ်မတ်ခရီးရောက်အောင် ဆားဒယ်က မသွားနိုင်ပါဘူး။ ကျော်တက်သွားနေကြတဲ့ လှေတွေ ဘောက်တူကြီးတွေကိုလည်း ဆားဒယ်ပေါ်က လက်ပြနှုတ်ဆက်ပေးကြပါတယ်။ ဒါကို ကျွန်တော်တို့ငယ်ငယ်တုံးကတော့ မင်းတို့ကဘောက်တူလှေကြီးတွေပဲ သွားနှင့်ကြပါ။ ငါတို့ကတော့ ဆားဒယ်တွေပါကွာလို့ ဖြေသာပြီး ပျော်ရွင်စွာပြောဆိုနိုင်ခဲ့ကြပါတယ်။ ယခု အသက်ကြီးလာတဲ့ ဘ၀ကိုရောက်လာတော့ လူဘ၀ကြီးကိုလည်း ဆားဒယ်စီးရသလိုသဘောမထားနိုင်ကြတော့ပါဘူး။ ဘောက်တူလှေကြီး တွေနဲ့တူတဲ့ မိမိထက် ပညာရေး၊ စီးပွားရေး သာသူတွေက ကျော်တက်သွားသူတွေကို မုဒီတာ မပွားနိုင်ကြတဲ့အကြောင်း တွေကို ဆားဒယ်မှာ ရေးဖွဲ့ထားပါတယ်။ အကြောင်းအရာကို အားကောင်းကောင်းနဲ့ အက်ဆေးတစ်ပုဒ်ဖြစ်ပါကြောင်း ဆရာတင်လင်းဇော်မှ ခံစားပြောဆိုသွားပါတယ်။
ဒီတပတ် SHADE စာပေ၀ိုင်းမှာ နာမကျန်းထောက်ပံ့ငွေ အတွက်အလှူငွေပေးအပ်ပွဲလေး တစ်ခုကျင်းပပေးပါတယ်။ SHADE စာပေ၀ိုင်းတော်သား တစ်ဦး ပန်းချီဆရာသူရိန်မြိုင်ရဲ့ ဇနီးမဖြူ ကျန်းမာရေးမကောင်းလို့ ဆေးရုံးတက်နေရပါတယ်။ မနေ့က ဆရာမကွေးဝင်းမြင့် နဲ့ စာရေးသူကျွန်တော်တို့ မကွေးတိုင်းဒေသကြီးဆေးရုံးကို လူနာမေးသွားခဲ့ကြပါတယ်။ လိုအပ်တာများကို ကူညီပေးရန် အားပေးစကားပြောကြားခဲ့ပါတယ်။ ဒါကြောင့် ယနေ့ SHADE စာပေ၀ိုင်းမှာ ပန်းချီဆရာသူရိန်မြိုင် မလာနိုင်သော်လည်း (သူ့ကိုယ်စား) ပန်းချီဆရာမြင့်ဇော်ဦးထံ မဖြူအတွက် နာမကျန်းထောက်ပံ့ငွေ (၃၀၀၀၀ိ)သုံးသောင်း ကျပ်အား SHADE ဂျာနယ် မကွေးရုံးခွဲ သတင်းတာဝန်ခံ နေခြည်(မကွေး) က အယ်ဒီတာချုပ်ကိုယ်စား လှူဒါန်းချီမြှင့်ပေး လိုက်ပါတယ်။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၃၁)








Shade31
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၃၁)
၁၉-၆-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီ မှ ညနေ(၃း၃၀)အထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခီတာလမ်းနှင့် ပိတောက်လမ်းကြား FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ် မှာ ၀ိုင်းဖွဲ့ ပေါင်းဆုံကြပါတယ်။ SHADE စာပေ၀ိုင်း (၃၁)ကြိမ် ပါ။ ဒီတစ်ပတ် အထူးဧည့်သည်ကတော့ Prefect မဂ္ဂဇင်း နဲ့ အချစ်ဂျာနယ် မန္တလေးတာဝန်ခံ ဆရာဝိုင်း ရောက်လာပါတယ်။ မကွေးမြို့ မြို့ပြ မြင်ကွင်းကျယ် စာမူအတွက် ကုန်ကြမ်းလာယူတာလို့ သိရပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာမကွေးဝင်းမြင့်၊ဆရာလွမ်းထား(မကွေး)၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ဆရာညီဇေယျ (ခ) တက္ကသိုလ်ရည်ရွယ်၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ဆရာနေခြည်(မကွေး) နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
Shade ဂျာနယ်၊ အတွဲ(၅)၊ အမှတ်(၂၈) မှာ ဆရာမင်းချမ်းမွန် က မကွေးမြို့မှ SHADE စာပေ၀ိုင်းကို ဖတ်ပြီး ရွှေအမြုတေစာပေဆုပေးပွဲကြီး ပြီးတဲ့နောက် ရန်ကုန်မြို့မှ ရေးသူ ဖတ်သူ စာပေဆွေးနွေးပွဲ တစ်ခုအကြောင်းကို Shade ဂျာနယ်မှာ ရေးသားဖော်ပြပေးတာ ကျွန်တော်တို့ အထူး လေးစားကျေးဇူးတင်ပါတယ်။ ဆရာမင်းချမ်းမွန် တို့ ဆွေးနွေးပြောကြားသလို ရေးသားတင်ပြနိုင်အောင် ကျွန်တော်တို့ မကွေးမြို့မှ SHADE စာပေ၀ိုင်းတော်သားများ က ကြိုးစားဆောင်ရွက်နေကြပါတယ်ခင်ဗျာ..။
ဒီတစ်ပတ် SHADE စာပေ၀ိုင်းမှာ ပထမ အဖွင့်ပြောကြားပေသူကတော့ ဆရာကြီး မကွေးဝင်းမြင့် ဖြစ်ပါတယ်။ ဆရာမှ `` လေးစားရပါတဲ့ စာပေမိတ်ဆွေများခင်ဗျာ..၊ ဒီနေ့ ရှိတ်စာပေ စကားဝိုင်းမှာ အထူးဧည့်သည်တော် Perfect မဂ္ဂဇင်း နဲ့ အချစ် ဂျာနယ် မန္တလေးတာဝန်ခံ ဆရာဝိုင်း တက်ရောက်အားပေးတဲ့ အတွက် ၀မ်းမြောက် ၀မ်းသာဂုဏ်ယူမိပါတယ်။
ကျွန်တော်က ဆေးဆရာ စာရေးဆရာမို့ ကျန်းမာရေးအကြောင်းကို ကြားညှပ်ပြီး ပြောပါရစေ..။ လူမှာ ခန္တာကိုယ် ကျမ်းမာဖို့ လိုအပ်သလို စိတ်ကျန်းမာဖို့လည်း အထူးလိုအပ်ပါတယ်။ လူကို စိတ်က ဦးဆောင်နေတာပါ။ စိတ်ပျိုလျှင်ကိုယ်နု စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ဆိုးလျှင် အရုပ်ဆိုးသလို စိတ်ကြည်လျှင် အသားအရေ ကြည်လင်ပါတယ်။ နောက်တစ်ခုက စိတ်တိုလျှင် အသက်တို၍ စိတ်ရှည်လျှင် အသက်ရှည်ပါတယ်။ ဒါကြောင့် စိတ်ကလေး ကြည်လင်လန်းဆန်း နေအောင် ပန်းခြံထဲသွားပြီး လေကောင်း လေသန့်ရှုရိုက်ကြတယ်။ အားလပ်တဲ့ ယခုလို တနင်္ဂနွေနေ့မှာ စိတ်တူ ကိုယ်တူ ၀ါသနာတူ စာပေ အနုပညာမိတ်ဆွေများ SHADE စာပေ၀ိုင်းဖွဲ့ပြီး စကားလက်ဆုံပြောကြတယ်။ အများပြည်သူတွေ အတွက် စိတ်ဓာတ်ခွန်အားတွေပေးပြီး ရေးသားနေကြတဲ့ စာပေအနုပညာရှင်များ အချင်းချင်း တွေ့ဆုံ နှီးနှောကြ၊ တိုင်ပင်ကြ၊ မိမိတို့ ဖတ်ဖြစ်ကြတဲ့ စာအုပ်စာပေသတင်းအချက် အလက် လေးတွေကို ကြားသိရတော့ စိတ်ခွန်အား တက်ကြွကြပါတယ်။ စိတ်ကြည်လင် လန်းဆန်းကြပါတယ်။ စိတ်ကြည်လင် လန်းဆန်းနေသူဟာ အဘယ် အရာမဆို ရယူနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ရော စိတ်ပါ ကျန်းမာ၍ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျား..။
ဆရာလွမ်းထား(မကွေး) ကတော့ ဒီတစ်ပတ်မှာ အတွေးသစ်ဂျာနယ်ထဲက ဆရာရဲမြလွင် ရေးသားတဲ့ ဂျပန်နိုင်ငံအကြောင်းကို ကောက်နုတ်ပြော ကြားပါတယ်။ ဂျပန်နိုင်ငံဟာ ယခင်က အနုမြူပြာပုံထဲကနေ ယနေ့ကမ္ဘာမှာ ဒုတိယ ထိပ်တန်းဝင်ဖြစ်လာတယ်။ စက်မှုနိုင်ငံဖြစ်တဲ့အတွက် နည်းပညာတွေတိုးတက်လာကြောင်း၊ သူတို့နိုင်ငံက ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေကို သတ်မှတ်ကာလ၊ သတ်မှတ်တဲ့ စံချိန်စံညွှန်းအမီ အာမခံပြီး တာဝန်ယူ ပေးပို့ရောင်းချ နေကြောင်းတို့ကို ပြောဆိုသွားခဲ့ပါတယ်။
ဆရာဇော်မြင့်ဇော်ကလည်း ဒီနေ့ တနင်္ဂနွေနေ့၊ နံနက်(၇)နာရီ မှာ သူ့ ဆိုင်ကယ်ဓာတ်ဆီထုတ်သွားခဲ့ပါတယ်။မန္တလေး က ဆရာဝိုင်းနဲ့တွေ့ဆုံရပြီး သွားလိုရာကို မကွေးမြို့ မြင်ကွင်းစုံအနှံ လိုက်လံပို့ခဲ့ကြောင်း၊ ယခု အထိ အိမ်ကို မပြန်ရသေး ပါကြောင်း။ ယခုလို ကိုယ့်ဆီလာတဲ့ဧည့်သည်ကို တာဝန်ကျေအောင် စာပေတာဝန်ထမ်းဆောင်ပေးခဲ့ရလို့ အလွန်ဝမ်းသာ မိပါကြောင်း တို့ကို ပြောဆိုသွားပါတယ်။
ဆရာတက္ကသိုလ်ရည်ရွယ် ကတော့ လူသာငယ်တာ စာပေ၀ိုင်းမှာ ပြောတဲ့စာ စကားတွေကတော့ မှတ်သားပြီ တရားရ အောင် ဖတ်ပြနေပါတယ်။၂၀၁၀၊ဇူလိုင်လထုတ် ကလျာမဂ္ဂဇင်းမှ စိတ်ရောဂါအထူးကု ဆရာဝန်ကြီး စာရေးသူ ဒေါက်တာအုန်းမောင်ရဲ့ (ဘ၀ဆိုတာ ဒီလိုလား ) အမှတ်(၃) ဆောင်းပါးကို အကျယ်တ၀န့်ဖတ်ကြားပြသွားပါတယ်။ အဲဒီဆောင်းပါးထဲမှာ ကျွန်တော်ကြိုက်တဲ့ အဓိက မှတ်သားစရာတွေကတော့ (ယခုဘ၀ ကောင်းစားကြောင်း(၄)ချက်၊ နောက်ဘ၀ကောင်းစားရေး(၄)ချက်)ပါ။ ယခုဘ၀ကောင်းစားကြောင်း(၄)ချက်ကတော့ (၁)အလုပ်ကိုကြိုးစားပြီးလုပ်ရမယ်။ မိမိလုပ်တဲ့အလုပ်ကို ကျွမ်းကျင်ရမယ်။ဇွဲနဲ့ လုပ်ကိုင်ရမယ်။ နည်းစနစ်လည်းမှန်ကန်ရမယ်။ (၂) မိမိလုပ်လို့ရရှိတဲ့ငွေကို ကောင်းစွာ ထိမ်းသိမ်းစောင့်ရှောက်တတ်ရမယ်။ အလေ အလွင့်မရှိစေရပါ။ (၃) မိမိကို အကြံကောင်း ဥာဏ်ကောင်း ပေးနိုင်တဲ့ မိတ်ကောင်း ဆွေကောင်းတွေရှိရမယ်။ (၄)၀င်ငွေနဲ့ ထွက်ငွေများမျှတအောင် သုံးစွဲနိုင်ရမယ်။ နောင်ဘ၀ ကောင်းစားရေး(၄)ချက်ကတော့ (၁) သဒ္ဒါ။ သဒ္ဒါတရားနဲ့ပြည့်စုံစွာ ဘုရား၊ တရား၊ သံဃာကို ယုံကြည်ကိုးကွယ်ပြီး ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ် လို့ ယုံကြည်ထားရမယ်။ (၂) သီလ နဲ့ပြည့်စုံအောင် ထိမ်းသိမ်းဆောက်တည်ရမယ်။ (၃) ဇာဂ ။ ဇာဂ ဆိုတာ ပေးကမ်းစွန့်ကျဲလှူဒါန်းခြင်းပါ။ (၄) ပညာ။ ပညာ ဆိုတာ အမှားအမှန် အကောင်းအဆိုးတို့ကို အကြောင်း အကျိုးနဲ့ ခွဲခြားဆုံးဖြတ်တတ်ရပါမည်။ စတဲ့ စတဲ့အကြောင်းများမှာ လူတိုင်း လူတိုင်း ဒီစာကို တတ်သိသလိုလိုနဲ့ လွယ်လွယ်လေးပါလို့ထင်နေကြပြီး မလိုက်နာကြပဲ မေ့လျော့နေတာတွေကို ယခုဖတ်ကြားပြလိုက်တော့ အားလုံးအတွက် အကျိုးများစွာ မှတ်သားလိုက်ရပါတော့တယ်။ နောက်ပြီး ဒီ ကလျာမဂ္ဂဇင်းထဲမှ ကဗျာဆရာ မောင်လှမျိုး(ချင်းချောင်းခြံ) ရဲ့( ငါ..သွားတော့မယ်..။) ဆိုတဲ့ ကဗျာလေးကို သံနေသံထား အပြည့်နဲ့ ခံစားဖတ်ကြားသွားပါတယ်။
ပန်းချီဆရာ မြင့်ဇော်ဦးက တော့ ယခင် Shade စာပေ၀ိုင်း(၂) ၀ိုင်းမှာ ပထမပိုင်း၊ ဒုတိယပိုင်း ပြောခဲ့တဲ့ သူပြောကြားခဲ့တဲ့(ကျွန်တော်နားဆင်ဖြတ်သန်းခဲ့ရသော ဂီတရေစီးချောင်း) ခေါင်းစဉ်ကို ပြန်ပြောင်းပါရစေ။ ယခု တတိယပိုင်း (ဇာတ်သိမ်းပိုင်း) ကစပြီး (ကျွန်တော်နားဆင်ဖြတ်သန်းခဲ့ရသော ဂီတရေစီးချောင်း၏ တစ်စိတ်တပိုင်း) လို့သာ ပြောင်းပါရစေ..။ (မှတ်ချက်။ ။ ပန်းချီဆရာ မြင့်ဇော်ဦး၏ အဆို၊ အဟဲ(ဂီတရေစီးချောင်း)မှ သီးချင်းများကို အခါအခွင့် သင့်ရင်ဖြင့် သီးခြားဆောင်းပါးရေးသားပါမည်။)
ဆရာနေခြည်(မကွေး)ကလည်း မကွေးစာနယ်ဇင်းမှ ကြီးမှူးကျင်းပတဲ့ တစ်မျက်နှာရသ ၀ထ္ထုတိုပြိုင်ပွဲ ကျင်းပမယ့်အကြောင်း ကို ဧည့်သည်တော် ဆရာဝိုင်း ကိုရှင်းလင်းပြောကြားနေပါတယ်။ (၂၅-၆-၂၀၁၁)၊ စနေနေ့၊ နံနက်(၉)နာရီအချိန်၊ မကွေးမြို့ အထက(၁) မှာကျင်းပပြီး၊ (၂-၇-၂၀၁၁) နေ့၊ နံနက်(၈)နာရီအချိန် ကောင်းမွန်စူပါမားကတ် မှ ရှမ်းစတား စားတော်ဆက်မှာ ခန်းနားထည်ဝါစွာနဲ့ ဆုပေးပွဲကြီးကျင်းပဖို့ စီစဉ်ထားကြောင်း ပြောကြားသွားပါတယ်။
ဧည့်သည်တော် ဆရာဝိုင်းကတော့ SHADE စာပေ၀ိုင်းတော်သားများကို Perfect မဂ္ဂဇင်းမှာ သူရေးသားမယ့် (မကွေးမြို့ရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး မြင်ကွင်းကျယ် ) ဆောင်းပါးအတွက် သိလိုတာများကို အင်တာဗျူး နေကြပါတယ်။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။
ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့က SHADE စာပေ၀ိုင်း(၃၀)





Shade30
မကွေးမြို့က SHADE စာပေ၀ိုင်း(၃၀)
၁၂-၆-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃း၃၀)နာရီအထိ မကွေးမြို့၊ ရန်ကင်းရပ်၊ သုခီတာလမ်းနှင့် ပိတောက်လမ်းကြား FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ် အတွင်းမှာ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်း (၃၀)ကြိမ်ပါ။ Forever မှာကတော့(၁၀)ကြိမ်မြောက်ပါ။ ဒီဆိုင်က အစားအသောက်နဲ့(၀န်ဆောင်မှုတွေ)ကောင်းတော့ SHADE စာပေ၀ိုင်းတော်သားတွေက သဘောကျ နှစ်ခြိုက်ကြပါတယ်။ ဒီတစ်ပတ်ကတော့ မိုးကလည်းရွာ၊ မနေ့ကလည်း မကွေးမြို့နယ်စာနယ်ဇင်း မျက်နှာစုံညီပွဲ၊ သက်ကြီးပူဇော်ပွဲ ကျင်းပတာနဲ့ဆက်နေပါတယ်။ ဒါကြောင့် SHADE စာပေ၀ိုင်း မှာ ၀ိုင်းတော်သားတွေ နည်းနေကြပါတယ်။ ပန်းချီဆရာတစ်ဦးကလည်း နာရေးဖြစ်နေတော့ ယနေ့ ညနေ၊ နာရေးပို့ဆောင်ရမှာ ဖြစ်နေလို့ ပန်းချီဆရာတွေလည်း စာပေ၀ိုင်းမှာ လူနည်းနေပါတယ်။ ဆရာမကွေးဝင်မြင့်၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ပန်းချီဆရာသူရှိန်မြိုင်၊ နဲ့ ရွှေလမ်းငွေလမ်းဝင်းကြည် တို့ တက်ရောက်လာကြပါတယ်။
SHADE စာပေ၀ိုင်းရဲ့ နာယက ဆရာမကွေးဝင်းမြင့်မှ စတင် စကားဆိုပါတယ်။
`` ဒီတစ်ပတ် SHADE စာပေ၀ိုင်းအတွက် အကျိုးရှိမယ့် စကားလေးတွေ၊ စာလေးတွေကို စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့အတိုင်း ဟိုအရင်တုံးက ဖတ်မှတ်ထားခဲ့တဲ့ စာအုပ်ထဲမှ မှတ်တမ်း မှတ်ရာလေးတွေကို မနက်ကတော့ လိုက်ပြီး ပြန်ရှာဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း(၃၀)လောက်က မှတ်ထားတာလေးကို ပြန်တွေ့ရပါတယ်။ အဲဒီ တွေ့ရတဲ့အတိုင်း ဖတ်ပြပါရစေ။ မန္တလေး တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဆိုမိန့်ခဲ့တဲ့ ( အောင်မြင်ကြောင်းတရား) ဆိုတဲ့ စာပေလင်္ကာ ကဗျာလေးပါ။ လူတွေဟာ အောင်မြင်ရေးအတွက် စီးပွားရေးတိုးတက်ရေးအတွက် မနက်မိုးလင်းကနေ မိုးချုပ်တဲ့ ညအချိန် အထိ အလုပ်တွေ လုပ်ကြတယ်။ စာပေတွေကိုဖတ်ကြရပါတယ်။ အမျိုးမျိုးသော ကိစ္စ ၀ိစ္စတွေကို ဆင်ခြင်ကြပါတယ်။ ဒါကြောင့် ဆရာတော်ဘုရား၏ အဆိုအမိန့်အတိုင်း လိုက်နာ နိုင်ကြပါစေ..။
`အောင်မြင်ကြောင်းတရား´
*မကောင်းမှုရှောင်
ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား။
*ပြော ပြု တွေးလျှင် သတိယှဉ်
ဆင်ခြင် ဥာဏ်ရှေ့သွား။
*စိတ်ထားဖြောင့်မှန် ခွင့်လွှတ်ရန်
သည်းခံ မေတ္တာထား။
*လုံလ နှင့် ဇွဲ မလျော့ဘဲ အမြဲတင်းတင်းထား။
*အရာရာတွင် အသုံးဝင် အောင်မြင်ကြောင်းတရား…။ ။
ဆရာတော် အရှင်ဇနကာဘိဝံသ
အဲ ဒါလေးကို လွန်ခဲ့တဲ့နှစ်(၃၀)လောက်က ကျွန်တော်သဘောကျပြီး မှတ်သားလိုက်နာခဲ့ပါတယ်။ ဒါကြောင့် SHADE စာပေ၀ိုင်း မှာလည်း( အောင်မြင်ကြောင်းတရား ) ကို ပြန်လည် ဖောက်သည်ချ ပြောကြားပေးရလို့ များစွာဝမ်းသာမိပါတယ်။´
ပန်းချီဆရာ သူရိန်မြိုင်ကတော့ လူနည်းနေသော်လည်း ယခင်အတိုင်း မူမကွဲပါ။ သူ ဖတ် မှတ်လာတာတွေကို ဘ၀ အတွေ့ အကြုံနဲ့ ခံစားပြီး အိတ်သွန် ဖာမှောက် စကားတွေ အများကြီးပြောလာပါတယ်။
`` ဟိုတစ်လောက Shade စာပေ၀ိုင်းမှာ ပန်းချီဆရာ ကိုမင်းသူပြောသွားခဲ့တဲ့ ကဗျာဆရာ၊ စာရေးဆရာတွေ မှာ အနုပညာ ၀ါသနာကြီးကြသော်လည်း အများမှာ ဆင်းရဲကြတဲ့အကြောင်း၊ ပန်းချီဆရာတွေ မှာလည်း အနုပညာအပြင် အခြား ဆေး၊ စာရွက်၊ စုတ်တံ၊ဘောင် စတဲ့ ပစ္စည်းမျိုးစုံတွေက အရင်းအနှီးတွေ များများ အကုန်အကျခံပြီး ရင်းနှီးကြရပါတယ်။ ရေဆေးကားတစ်ချပ် ဆိုရင်ကို အနည်းဆုံးသောင်းဂဏန်းလောက်ကျပါတယ်။ ဒါပေမယ့် ပန်းချီဆရာဆိုတာ ပန်းချီကား တစ်ချပ်ရောင်းလိုက် ရပြီဆိုရင် သုံးသိန်း၊ လေးသိန်းလောက်တော့ ရလိုက်ကြပါတယ်။ ကဗျာဆရာတွေရဲ့ ဘ၀က ယခုခေတ်မှ အနည်းဆုံး တစ်ထောင်ကျပ်၊ နှစ်ထောင်ကျပ် လောက်သာ ရကြပါတယ်။ ဒါကို ကြည့်လိုက်ခြင်းအားဖြင့် ကဗျာဆရာတွေဟာ သူ့တို့ချစ်တဲ့ ကဗျာအနုပညာကို ငွေရလိုမှုကို အဓိကမထားဘဲ အနုပညာ ၀ါသနာကိုသာ ရှေ့တန်းတင်ပြီး၊ ထာဝရဖက်တွယ်ထားကြတာကို ကြည့်ရင် ကဗျာအနုပညာရှင်နဲ့ စာရေးဆရာတွေကို အထူးလေးစား လောက်ပါတယ်။ အဲ ပန်းချီဆရာ၊ ကဗျာဆရာ၊ စာရေးဆရာအနုပညာရှင်တွေမှာ တူညီကြတာ တစ်ခုတော့ရှိပါတယ်။ ဘာလဲ ဆိုတော့ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရတာအခက်ဆုံးပါ။ ပိုပြီး ဆက်ဆံရတာ အခက်အခဲဆုံးထဲမှာကို အနုပညာသည်(၃) မျိုးက တူနေကြပါသေးတယ်။
အဲဒီ သုံးမျိုးကတော့ ပန်းချီဆရာ၊ ကဗျာဆရာ၊ လိခ်ဂီတာဆရာ တို့ဖြစ်ကြပါတယ်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်နဲ့ ကျွန်တော်တို့ အမြင်တူညီပြီး ပြောဆိုမိပါတယ်။ ကဗျာဆရာက တစ်ယောက်တည်းရေးလို့ရတယ်။ ကိုယ့်ကဗျာလေးကို ခံစားပြီးရေးမယ်၊ မျှဝေခံစားဖတ်ပြမယ်။ မဂ္ဂဇင်းကိုပို့မယ်။ ပို့လို့ ထည့်ချင်ထည့် မထည့်ချင်နေ။ ဒီကရတဲ့ ငွေကြေးကိုလည်း ကဗျာဆရာဆိုသူက ဂရုမစိုက်ဘူး။ ဒီနေရာမဂ္ဂဇင်း၊ဂျာနယ်က သူ့ကဗျာကို မထည့်လဲ နောက်တစ်နေရာကို ပြောင်းပို့မယ်။ သူ့တို့ရဲ့ အနုပညာစိတ်ဓာတ်ကိုက ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး ဆိုတဲ့သဘောပါ။ ပန်းချီဆရာဆိုရင်လည်း ဒီလိုပါဘဲ။ ဥပမာ။ ဆိုင်းဆရာဆိုရင် သူ့ချည်းတီးလို့ မရပါဘူး။ စည်းပါရမယ်။ ၀ါးပါရမယ်။ ပတ်မ တစ်ခုတည်းလည်း တီးလို့မရပါဘူး။ ယကွင်းပါရမယ်။ ဆိုင်းအဖွဲ့ဆိုတာ တစ်ခုနဲ့ တစ်ခု ၀ိုင်းဖွဲ့ဆက်နွယ်တီးမှ ရကြပါတယ်။ ကဗျာဆရာကတော့ စာရွက်၊ ဘောပင်ရယ် အတွေးရယ် တစ်ယောက်တည်း ခံစား ရေးသားနေလို့ရပါတယ်။ ပန်းချီဆရာကလည်း တစ်ယောက်တည်းခံစားပြီး ရေးလို့ရတယ်။ အောက်ဒိုးထွက်ခြင် ထွက်ရေးမယ်။ အိမ်မှာပဲ ပန်းချီကားတစ်ချပ်ကို အင်ဒိုးခံစားရေးသားနေမယ်။ နောက် လိခ်ဂီတာသမားကလည်း ကျန်တဲ့အခြား ဂီတာသမားတွေနဲ့ မတူပါဘူး။ ရစ်သ်ဂီတာသမားနဲ့လည်း မတူဘူး။ ဗေ့စ်ဂီတာသမားနဲ့လည်း မတူပြန်ပါဘူး။ လိခ်ဂီတာသမားက တစ်ယေက်တည်း ကိုယ့်ဘာသာ သံစဉ်ရှာပြီး ခံစားရွေးချယ် တီးနေရသူပါ။ တချို့က နားအားကိုးမယ်။ တချို့က မှတ်စုကို အားကိုးမယ်ပေါ့။ သူ့အတွက် ဘေးပတ်ဝန်းကျင် အကူအညီ မလိုပါဘူး။ ကျွန်တော်ပြောခဲ့တဲ့ ကဗျာဆရာ၊ ပန်းချီဆရာ၊ လိခ်ဂီတာဆရာ စတဲ့ အနုပညာရှင် သုံးဦးတို့က သူတို့ဘာသာ ဘေးအကူအညီမလိုဘဲ တစ်ဦး တစ်ယောက်တည်း အနုပညာတွေကို ဖန်တည်းပြီး နေနိုင်ကြသူတွေပါ။ သူတို့လုပ်နေတဲ့ အနုပညာထဲမှာဘဲ အချိန်ပြည့် သူတို့ရဲ့ စိတ်ကိုနှစ်ထားနေတော့ ဘေးပတ်ဝန်းကျင်နဲ့လည်း လုံးဝအဆက်ပြတ်နေကြတော့တယ်။ ဒါကြောင့် သူတို့ အနုပညာရှင်သုံးဦးဟာ ကျွန်တော့်အထင်အမြင်ကို ပြောဆိုရရင်တော့ သူတို့သုံးဦးက ကိုယ်ပိုင် မာန် မာနတွေ၊ အတ္တတွေကြီးထွားနေကြတယ်ထင်ပါတယ်။ ဒါကြောင့်သူတို့သုံးယေက်ကို ဘေးပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရတော့ လူ့တွေနဲ့ ကလန့်ကြီးဖြစ်နေကြတယ် လို့ထင်မိပါတယ်။ အဲ သူတို့အပြင် ပီယာနို နဲ့ ကီးဘုတ်သမားတွေလည်း သူတို့လိုဘဲ ဖြစ်နေကြမယ်ထင်ပါတယ်။ ဒါကတော့ ဆက်ဆံရခက်တဲ့ အနုပညာရှင်တွေ အကြောင်း ကို ကျွန်တော့်အမြင်နဲ့ပြောမိတာပါ။ အားလုံးကိုတော့လည်း မဆိုလိုပါဘူးနော်။ ဒီတစ်ပတ် ဖတ်ခဲ့တဲ့ကဗျာ တစ်ပုဒ်ကို ခံစားပြီးဖတ်ပြပါရစေ.။ မြင်ကွင်းစုံ မှုခင်းစာအုပ်၊အမှတ်(၂၀)၊ ၂၀၁၁ ခု၊ ဇူလိုင်လထုတ်ထဲက (ဂီတာ သံစဉ်ညှိခြင်း) ဆိုတဲ့ ကဗျာလေးပါ။ ကဗျာဆရာကတော့ (စိုးမြင့်ငယ်-ဥပဒေ) ရေးတာပါ။ တော်တော်လေးခံစားရပါတယ်။
(အမေဟာ ဂီတာတစ်လက်ရဲ့ ကွန်ထရိုး။ အသံမကောင်းရင် အသံကောင်းအောင်ညှိတယ်။ အမေညှိခဲ့တဲ့ ဂီတာကြိုးလေးတစ်ချောင်းဟာ လူ့ဘ၀တာဘောင်ဆိုရင် အဲဒီတာဘောင်ထဲက ရေထိမ်း လက်လှည့်တံခါးဟာ အမေဖြစ်တယ်။ ဒီလိုပဲ ဂီတာတစ်ခုရဲ့ အသံအားလုံးကောင်းဖို့အတွက် အမေဟာ ပေးဆပ်ခြင်းတွေနဲ့ အမြဲညှိခဲ့တယ်။ နားဆင်သူများအတွက်တော့ ညင်သာစွာ အမေ့မှာတော့(၅၂၈)မေတ္တာတွေ၊ တစ်ဘ၀လုံးသွန်မှောက်ရ တစ်ဘ၀လုံးဖြည့်တင်းရနဲ့ ဂီတသံစဉ်တွေ ချိုမြမြ….။)
ဒီကဗျာလေးက တိုသလောက် ရစ်သန်းတွေ သံစဉ်တွေ အဓိပ္ပာယ်တွေကလည်း ရှင်းပြီးကောင်းနေပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်းကို တိုတိုတုတ်တုတ် ပန်းချီဆရာ ကိုမင်းသူကြီးကလည်း မလာ။ ရှည်ရှည် မျှောမျှော ဆရာဘိုမြင့်ရှိန် (အောင်လံ) ကလည်း သူ့မြို့ကို ပြောင်းရွေ့သွား။နုတ်တောင်မဆက်လိုက်ကြရလို့ အားလုံးက ၀မ်းနည်းရ။ ပြောင်ပြောင်တင်းတင်း ကလော်တတ်တဲ့ ဇော်မြင့်ဇော်(ဗန္ဓရ)ကလည်း လေးဘက်ထောက်နာ( ဟုတ်ပါဘူး၊ လေးဘက်နာ) ထနေပြန်တယ်။ ငါ့ညီ ပြောင်မူး မောင်သားဦးကလည်း မလာရောက်။ ကာတွန်းဆရာ အေကေ ကလည်း `မီး´မလာမှ ဝေလေလေလုပ်ပြီး သူ့ဇနီး၏ အပြင်ထွက်ခွင့် အမိန့်ရပါသတဲ့။ နေခြည်(မကွေး) ကလည်း စာနယ်ဇင်းအဖွဲ့ နေ့ထူး၊နေ့မြတ် တွေ့ဆုံပွဲများလုပ်ရင်၊ ဖျားချင်သလို၊ နာချင်သလိုဖြစ်ပြီး မထနိုင်ပြန်ဘူးဆိုပဲ။ တက္ကသိုလ်ရည်ရွယ်ကလည်း ဦးဆွေ(ဒဿနိက) ရဲ့ ဆိုဆုံးမမယ့် စကားကို ကြောက်နေလို့ မရောက်ပြန်ဘူး လို့ ကြားသိရပါတယ်။ SHADE စာပေ၀ိုင်းအား ယခုလို မိုးထဲလေထဲမှာ အမျိုးပဲ အဆွေပဲဆိုပြီး မပျက်မကွက် ကျင်းပပေးလို့ အထူးကျေးဇူးတင်မိပါတယ်..။ လို့ …ပန်းချီဆရာ သူရိန်မြိုင်က ပြောသွားခဲ့ပါတယ်။
စာရေးသူကတော့ ဒီပွဲမှာ ထူးခြားတာကိုချပြမိပါတယ်။ ထူးခြားတာတစ်ခုကတော့ စာရေးဆရာတွေအတွက် ဘာမဆို၊ ဘယ်ကိစ္စမဆို အမြဲတန်း သဒ္ဒါတရားထက်သန်နေတဲ့ ဆရာကိုကိုလတ်(ဆည်မြောင်း)မှာ Shade စာပေ၀ိုင်က ပျောက်ချက် သား ကောင်းနေပါတယ်။ အဖြစ်မှန် သတင်းကို စုံစမ်းကြည့်တော့ မကွေးစာရေးဆရာတစ်ချို့ နဲ့ ပြင်ပမှ လူတစ်ချို့က သူ့အိမ်ကို တယ်လီဖုန်းနဲ့တစ်သွယ်၊ ဘိုင်စကယ်နဲ့တစ်ဖုံ၊ မော်တော်ဆိုင်ကယ်နဲ့တစ်မျိုး၊ အကြောင်းအမျိုးမျိုးတွေပြပြီး၊ ကားကူညီပါ။ ငွေကူညီပါလို့ (စပွန်ဆာ)ရှာ အလှူခံလိုသူတွေက လိုက်နေကြလို့ တိမ်းရှောင်နေရပါကြောင်း ကြားသိရပါသတည်း။ (မှတ်ချက်) ။ စွဲမက် လက်ဖက်ရည်ဆိုင် မှာ ဆရာကိုကိုလတ်(ဆည်မြောင်း)မှ ``ဒါလေးတစ်ခုတော့ ခွင့်လွှတ်စေချင်တယ်..၊ မောင်တို့ရယ်..´´။ ဟု သီချင်းဆိုပြသွား ပါသည်။ ဤကိစ္စအား ဆရာကိုကိုလတ်(ဆည်မြောင်း) ၏ ခွင့်ပြုချက်ဖြင့် ရေးသားလိုက်ရပါ၏။)
စိတ် အဟာရပြည့်ဝအောင် ရှိတ် ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ Shade စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း (၂၉)





Shade29
မကွေးမြို့မှ SHADE စာပေ၀ိုင်း (၂၉)
၅-၆-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃း၃၀)နာရီအထိ မကွေးမြို့၊ ရန်ကင်းရပ်၊ သုခီတာလမ်းနှင့် ပိတောက်လမ်းကြား၊ FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ်နန်း မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ Shsde စာပေ၀ိုင်း(၂၉)ကြိမ်ပါ။ ဒီတစ်ပတ်မှာလည်း အထူးဧည့်သည် မကွေးညိုစိမ့် က ရန်ကုန်သို့ မပြန်ဖြစ်သေးလို့ ဒုတိယပတ် ဆက်ပြီးတက်လာပါတယ်။ တက်ရောက်သူ ၀ိုင်းတော်သားများကတော့ ဆရာ မကွေးဝင်းမြင့်၊ ဆရာနေခြည်(မကွေး)၊ ဆရာဘိုမြင့်ရှိန်(အောင်လံ)၊ ဆရာဦးဆွေ(ဒဿနိက)၊ ပန်းချီဆရာ သူရိန်မြိုင်၊ ဆရာလွမ်းထား(မကွေး)၊ ပန်းချီဆရာမြင့်ဇော်ဦး၊ နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဆရာမကွေးဝင်းမြင့်မှ အဖွင့်စတင်ပြောကြားပါတယ်။ ``မြန်မာ့ရိုးရာဓလေ့အရ အသက်ကြီးသူကို ရိုသေ၊ရွယ်တူကိုလေးစား၊ ငယ်သူကို သနားညှာတာ၊ ဆိုတဲ့အတိုင်း ကျွန်တော့်ကို အသက်အရွယ်အရ ပထမဆုံးပြောခွင့်ပေးကြလို့ အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ SHADE စာပေ၀ိုင်းကို ပတ်ဝန်းကျင့်ကမြို့တွေမှ စာပေမိတ်ဆွေများကSHADE ဂျာနယ်ကိုဖတ်ရလို့ တဖြေးဖြေးနဲ့ လူသိများလာခဲ့ပါပြီ။ ကျွန်တော့်ဆီကို စာနဲ့တစ်မျိုး၊ တယ်လီဖုန်းနဲ့တစ်သွယ် ၀မ်းမြောက်ဝမ်းသာ အားပေးစကားများပြောကြား လာကြပါတယ်။ Shade စာပေ၀ိုင်းက ဆရာတို့ရဲ့ အနုပညာ မိုးကောင်းကင်အောက်မှာ ယခုလို စာပေ၀ိုင်းမျိုးကနေပြီး အနုပညာ ညီအကိုများဖြစ်ကြတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊သတင်းမီဒီယာဆရာ၊ ပန်းချီဆရာများ စုစုစည်းစည်းနဲ့ ပြောကြ၊ ဆိုကြတာတွေကို ဖတ်ရ သိရတာ များစွာ စိတ်ခွန်အားပြည့်စေပါတယ်လို့ ကောင်းချီးထောပဏာပြုဆိုလာပါတယ်။ ဟိုတစ်နေ့က သရက်မြို့မှ ဆရာအေးဝေ(သရက်)တို့ လာတုံးကလည်း Shade စာပေ၀ိုင်းကို အားကျမိပါကြောင်း၊ သူတို့ သရက်မြို့မှာလည်း ဒီလိုစာပေ၀ိုင်းမျိုးလေး လုပ်ချင်ပါကြောင်း အားပါးတရပြောဆိုသွားပါတယ်။ ကျွန်တော်လည်း Shade စာပေ၀ိုင်းကို မလာဘဲ မနေနိုင်အောင် ဖြစ်နေပါပြီ။ အားလုံးစာပေ၀ိုင်းတော်သားများကလည်း တစ်ပါတ်ထက် တစ်ပါတ် သုတ၊ရသ စာပေတွေကို ကောင်းအောင်း ကြိုးစားလာတာ တွေ့ရပါတယ်။ ဟိုတစ်ပါတ်က Shadeစာပေ၀ိုင်းမှာ ပန်းချီဆရာမြင့်ဇော်ဦးက ယနေ့နာမည်ရ ဘတ်ဆဲလား စာရေးဆရာနှစ်ဦးရဲ့ စာအုပ်သုံးအုပ်ကို အသေးစိတ်ပြီး ဝေဖန်ထောက်ပြဆွေးနွေးသွားတာ တော်တော်ကောင်းပါတယ်ဗျာ..။ဘာကြောင့် Shsde စာပေ၀ိုင်း ကောင်းတာလည်းဆိုရင် လူတိုင်းဟာ ကောင်းတာကိုသာ မက်မောကြတာကိုး (မိမိသူများ နှစ်ပါးစုံလင်၊ ခုကောင်း နောင်ကောင်း အကောင်းဖြစ်ချင်၊ ကိုယ်ကောင်း၊ နှုပ်ကောင်း၊ စိတ် ကောင်းပါလျှင် ဖြစ်သမျှ အကောင်းကြီးသာပင်။) Shade စာပေ၀ိုင်းမှာ ကိုယ်မဖတ်ရသေးတဲ့ စာလေးတွေကိုတဆင့်ပြန်လည်ဖောက်သည်ချကြလို့၊ ကြားရ သိရတော့ လာရကြိုးနပ်ကြပါတယ်။ ဒါကြောင့် (တစ်ယောက်စကား တစ်ယောက်နားမှာ မခါးစေဖို့၊ပျားသကာသို့ ချိုလှစေ..။) အားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနဲ့ပြည့်ဝကြပါစေ..။´´ လို့ ဆရာမကွေးဝင်းမြင့် က ပြောဆိုသွားပါတယ်။
ဆရာမကွေးညိုစိမ့် ကလည်း ဤသို့ ဆိုပါတယ်။ `` ကျက်သရေ မင်္ဂလာအပေါင်းနဲ့ပြည့်ဝတဲ့ Shade စာပေ၀ိုင်းလေးကို တက်ရောက်ရတဲ့အတွက် ကျွန်တော်ကတော့ အင်မတန် ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ယခုအကြိမ်နဲ့ဆိုရင် Shade စာပေ၀ိုင်းကို တက်ခဲ့တာ သုံးကြိမ်ရှိပါပြီ။ မနက်ဖြန်ဆိုရင် ကျွန်တော်ရန်ကုန်ကို ပြန်ရပါ့မယ်။ ဒါကြောင့် ယခုလိုကြုံကြိုက်တုံးမှာ ကျွန်တော်အနေနဲ့ စကားလက်ဆောင် လေး ပါးချင်ပါတယ်။ ကျွန်တော်လည်း ယခင်တစ်ချိန်က မကွေးစာရေးဆရာအဖွဲ့မှာ ဥက္ကဋ္ဌ အဖြစ်နဲ့ သက်တန်းအကြာကြီး တာဝန်ယူခဲ့သူပါ။ ကျွန်တော်တို့တုံးက စာရေးဆရာ အရေအတွက်က အလွန်နည်းပါတယ်။ ယခုတော့ မကွေးစာနယ်ဇင်းအဖွဲ့က အင်အားများလာတာကို တွေ့ရပါတယ်။ အင်အားများလာတာနဲ့ ပြဿနာလေးတွေကလည်း များလာပါတယ်။ ယနေ့ စာနယ်ဇင်းအမှုဆောင်အဖွဲ့ရဲ့ အများအကျိုးပြုလုပ်ဆောင်ချက်တွေကို ကြားရ၊မြင်ရတာ ကျွန်တော်အားရ လေးစားပြီး သဘောကျ နှစ်သက်ပါတယ်။ ဆရာမကွေးဝင်းမြင့် ဆိုတာကလည်း ကျွန်တော်နဲ့ မူလတန်းကစပြီး အထက်တန်းကျောင်းသားအထိ ကျောင်းအတူနေလာကြတာပါ။ သူငယ်ချင်းစာရေးဆရာ မကွေးဝင်းမြင့်ဆိုတာ နိုင်ငံသိ၊ လူသိရှင်ကြားဖြစ်တဲ့ဆရာပါ။ ဒါကြောင့် မကွေးဝင်းမြင့် ဥက္ကဋ္ဌ အဖြစ်နဲ့ ဦးဆောင် တဲ့ EC တစ်ဖွဲ့လုံးကိုလည်း ချီးကြူးလေးစားပါတယ်။ ဘာကြောင့်လည်းဆိုတော့် သူတို့မှာ အခက်အခဲပေါင်း၊ ပြဿနာပေါင်းများစွာကို ဖြေရှင်းဆောင်ရွက်နေရတာကို တွေ့နေရပါတယ်။ သူတို့(EC)ကိုလည်း မကြိုက်တဲ့၊ မထောက်ခံတဲ့သူတွေ အချို့လည်းရှိနေတာကို တွေ့ရပါတယ်။ အဲဒီလူတွေက ကိုယ်လည်းမလုပ်နိုင်ဘူး၊ သူတစ်ဘက်သား လုပ်နေကြတာကိုလည်း အကောင်းမမြင်ဘဲ ကဖျက် ယဖျက်လုပ်နေကြသူတွေရှိနေတာကို သိရပါတယ်။ ဒါကြောင့် ဂျာနယ်တစ်စောင်က ကလေးတွေ အတွက် ပုံပြင်လေးတစ်ပုဒ် ဖတ်ဘူးတာကို လူကြီးတွေလည်း အတုယူနိုင်အောင် တဆင့်ပြန်ပြောပါရစေ။ (ရွာတစ်ရွာမှာ မြည်းအိုကြီးတစ်ကောင်ရယ် ရေတွင်းပျက်ကြီးတစ်ခုရယ် ရှိပါတယ်။ အိမ်ပိုင်ရှင်က ခြံဝိုင်းအကျယ်ကြီးထဲမှာ ဒီမြည်းအိုးနဲ့ ရေတွင်းပျက်ကြီး ကို ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင်လာခဲ့တာပါ။ မြည်းအိုကြီးက အိုလွန်းတော့ မှတ်ဥာဏ်တွေ အသိတွေကလည်း နည်းပြီး ခြံထဲကို လျှောက်သွားနေပါတယ်။ တစ်နေ့တော့ ဒီမြည်းအိုကြီးဟာ ရေတွင်းပျက်ကြီးထဲကို လိမ့်ကျသွားပါတယ်။ ရေတွင်းကလည်းနက်တော့ မြည်းအိုကြီးကို ပြန်ဆယ်တင်ပေးဖို့ မလွယ်ဘူးဖြစ်နေကြပါတယ်။ ဒါကြောင့် ရွာထဲက လူတွေကို အကူအညီခေါ်ရပါတော့တယ်။ ခြံပိုင်အိမ်ရှင်က ဒီရေတွင်းကလည်း အပျက်ကြီး မြည်းအိုကြီးလည်း အသက်ကြီးနေပါပြီ ။ မြည်းအိုကြီးကလည်း အသုံးမ၀င်တော့ပါ။ ရေတွင်းပျက်ကြီးကလည်းအသုံးမ၀င်တော့လို့ အပိုဖြစ်နေ၍ နှစ်ခုလုံးကို ရှင်းပြစ်ချင်တဲ့စိတ်များ ဖြစ်ပေါ်နေပါတယ်။ ဒီတော့ ရေတွင်းအိုကြီးနဲ့ ပြည့်နေတဲ့ ဒီးရေတွင်းပျက်ဟောင်းကြီးကို ရွာသားတွေနဲ့အတူ မြေတွေ၊ ခဲတွေ၊ အမှိုက်တွေနဲ့ ၀ိုင်းပြီး ဖို့ပေးကြရမယ်လို့ သဘောတူကြပါတယ်။ ဒါနဲ့ လူတွေက၀ိုင်းပြီးရေတွင်းပျက်ကြီးထဲကို ဖို့ပေးကြပါတယ်။ မြည်းအိုကြီးခင်ဗျာ ရေတွင်းပျက်ကြီးထဲကို ကျစဉ်က ငယ်သံပါအောင် အော်ဟစ်နေပါတယ်။ အဲ သူ့ဆီကို မြေတွေ၊ ခဲတွေ၊ အမှိုက်တွေ နဲ့ တွင်းထဲချလာတာကို သိရတော့ မြည်းအိုးကြီးက ဒီလိုစဉ်းစားမိပါတယ်တဲ့။ ``အင်း ငါ့သခင်က ငါ့ကို အသက်ကြီးပြီး အိုသွားတော့ ခိုင်းမရတော့ဘူး၊သုံးလို့မရတော့ဘူးဆိုပြီး၊ ငါ့ကိုသေအောင် ဒီကျင်းထဲမှာ အပြီးမြေဖို့လို့ အဆုံးစီရင်ပြီး သတ်နေပါပေါ့လား..။ မဖြစ်ဘူး ငါအသေခံလို့တော့ မဖြစ်ဘူး၊ လူတွေဝိုင်းချနေတဲ့ မြေတွေ၊ ခဲတွေ၊ အမှိုက်တွေကို ငါ့အောက်မှာ ခုခုပြီးထားမယ်။ ဒါမှ ငါလည်း တစ်ဖြေးဖြေး အပေါ်ကိုပြန်ရောက်မယ်´´။ လို့စဉ်းစားပြီး အဲဒီအတိုင်း လုပ်ပါသတဲ့။ ရွာသားတွေလည်း တွင်းကိုဖို့နေရင်းက မြည်းအိုးကြီးခင်ဗျာ အထက်သို့ တက်တက်လာတာကို မြင်ကြရပါတယ်။ဒီတော့ ကျန်တဲ့ ရွာသားတွေလည်း မြည်းအိုကြီးရဲ့ ဘေးကနေ မြေတွေကို အသာချပေးလိုက်သတဲ့။ ဒီလိုနဲ့ မြည်းအိုကြီးလည်း အပေါ်ကို တက်ရောက်လာပါတော့ သတဲ့ကွယ်..။´´) ပုံပြင်လေးကတော့ဒါပါပဲ။ ကျွန်တော်ဆိုလိုချင်တာက အခက်အခဲ ပြဿနာတွေ များစွာတို့ကို ဆရာတို့အမှုဆောင်ရဲ့ အောက်ချေမှာထားပါ၊ အတိုက်အခံတွေကပေးတဲ့ ပြဿနာတွေကို ခု၍ ခု၍ နင်းချလို့ ခုတက်လာပြီး ဖြတ်ကျော်နိုင်ပါစေ။ ဘယ်သူတွေ ဘာပြောပြော သူငယ်ချင်း မကွေးဝင်းမြင့် ဥက္ကဋ္ဌ နဲ့ စာနယ်ဇင်းအဖွဲ့က အားမလျှော့ဘဲ စာပေအကျိုး၊ အများအကျိုး၊ မြို့နယ်အကျိုး၊ နိုင်ငံအကျိုးတို့ကို သည်ပိုးနိုင်ကြပါစေလို့ စကားလက်ဆောင်ပါးလိုက်ပါရစေ..။ စာပေ၀ိုင်းထဲမှာ အဖွဲ့အစည်းကိစ္စတွေ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေကို မပြောဖို့ တားဆီးထားပေမယ့်။ ယခုလို SHADE စာပေ၀ိုင်းမှာ မကွေးစာနယ်ဇင်းအဖွဲ့ကို စုစုစည်းစည်းတွေ့ရလို့ စာပေဂုဏ်သိက္ခာမြင့်သထက် မြင့်လာအောင် အကြံပြုပြောကြားရခြင်းဖြစ်ပါတယ်..။ လို့ ဆရာမကွေးညိုစိမ့် က အားပေးစကားများကို ပြောဆိုသွားခဲ့ပါတယ်။
(မနာလိုကင်း ၀န်တိုရှင်း လက်ငင်းချမ်းသာကြပါစေ..။)
စိတ် အဟာရပြည့်ဝအောင် SHADEဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသတွေစုံတဲ့ SHADEစာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

Shade Journal အတွဲ(၅) အမှတ်(၃၉)

READMORE
 

`ဂျာနယ် ပူပူ ဆူဆူလေး…´

`ဂျာနယ် ပူပူ ဆူဆူလေး…´
ဂျာနယ်ရုံးခွဲ သတင်းတာဝန်ခံ၊ ဖြန့်ချိရေးတာဝန်ခံဘ၀ရဲ့ အဖြစ်စုံ သနှစ်စုံလေးတွေကို အနည်းငယ်ရင်ဖွင့်လိုပါတယ်။ သူများဂျာနယ်တွေက နယ်တွေကို ၂/၃ ရက်စောပြီးကြိုရောက်ကြပါတယ်။ ကျွန်တော်တို့ဂျာနယ်ကတော့ ဗုဒ္ဓဟူးနေ့ထွက် တာ ကြာသာပတေး / သောကြာနေ့မှ နယ်ကိုရောက်လာပါတယ်။ဂျာနယ်ထွက်ရက်ကနောက်ကျရတဲ့ အထဲမှာ ဂျာနယ်ထုတ်ကို ညထွက်တဲ့ကားကိုတင်ပို့ပေးတာ ဂိတ်မှူးကမေ့နေလို့ နောက်တစ်နေ့ နံနက်ကားနဲ့ပို့တော့ သောကြာနေ့၊ညနေမှရောက်ပါတယ်။ အဲဒီကားဂိတ်က တစ်မိန့်တစ်သံတည်း အဆင့်ဆင့်တာဝန်ပေးထားတဲ့ မန္တလေး၊မကွေးလိုင်း ကားဂိတ်(မကွေး)မှာပါ။ ဆက်ဆံရေးကတော့ ကျွန်တော်တို့အပေါ်မှာ ပြောဆိုတာတွေက အလွန်ညံ့ ပြီး ရိုင်းစိုင်းကြပါတယ်။ တစ်လောက မန္တလေးပြန်တဲ့ စာရေးဆရာ ဆရာတော်တစ်ပါးနဲ့ အယ်ဒီတာချုပ်တစ်ဦးကို ကျွန်တော်တို့အဖွဲ့က လိုက်ပို့ပါတယ်။ ဧည့်သည်များကို ကားဂိတ်ထိ လိုက်ပို့တဲ့အဖွဲ့ထဲမှာ ဆရာတော်တစ်ပါးနဲ့ သက်ကြီးစာနယ်ဇင်းဆရာများ လည်းပါကြပါတယ်။ ဂိတ်မှူးဖြစ်သူ ခရီးသည်စစ်ဆေးတင်နေသူတစ်ဦးက ရိုင်းပြစွာမေးမြန် ပြောဆိုခံလိုက်ရပါတယ်။ ကားဘေးမှာ ရပ်နေတဲ့ ကျွန်တော်တို့အဖွဲ့ကို လက်ညှိးငေါက်ငေါက်ထိုးပြီး..( ဒီဟာ တွေကဘယ်ကိုလိုက်ကြမှာလဲ..?) တဲ့ဗျာ..။(ယခင်ကလည်း ဂျာနယ်မှာ ဖော်ပြထားခဲ့ပြီး။) ဒါပေမယ့် ဒီလောက်ဆိုးတဲ့လင် ကို မကွာနိုင်ဘူး ဆိုတဲ့စကားလိုဖြစ်နေပါပြီ..။ ကျွန်တော်တို့ အယ်ဒီတာချုပ်ကလည်း ဒီကားဂိတ်နဲ့ပဲ အပတ်စဉ်ဂျာနယ် ထုတ်ကို ပို့ပေးနေပါတယ်။ ယခု တစ်နှစ်ပြည့်ပါတော့မယ်။ ကြာသာပတေး/ သောကြာနေ့တိုင်း ကျွန်တော်ကိုယ်တိုင် သွားသွားယူတာပါ။ ဂိတ်ကိုလည်း မကြာမကြာ ဂျာနယ်တစ်စောင် လက်ဆောင်ပေးပါတယ်။ ယူနေကျ ကျွန်တော်မျက်ခွက်ကြီးကို သူတို့သိနေကြပါတယ်။ ဒါကိုဘဲ မှတ်ပုံတင်ပြခိုင်းနေပါတယ်။ မိုးကလည်းရွာ ဂျာနယ်ကလည်း အရောက်နောက်ကြတဲ့တစ်ရက်မှာ ထုံးစံအတိုင်းဂျာနယ်ထုတ်ကို သွားယူပါတယ်။ ဂိတ်မှာ ပစ္စည်းပေးတဲ့ တာဝန်ခံကောင်လေးက တယ်လီဖုန်းပြောပြီး အခြားတစ်ဘက်နဲ့ကြူနေပါတယ်။ အချိန်(၁၀)မိနစ်လောက်ကြာ အောင် စောင့်ခဲ့ရပါတယ်။ အပတ်စဉ် ဂျာနယ်ထုတ်လာယူနေကျ ကျွန်တော်ကို မှတ်ပုံတင်ပြခိုင်းပြီး ပစ္စည်းထုတ်တဲ့ လက်ခံစာအုပ်မှာ ကိုယ်တိုင်နာမည်ရေးပါ၊ မှတ်ပုံတင်နံပါတ် ရေးပါ၊ ပြီးရင် လက်မှတ်ထိုးပါ ဆိုလာပါတယ်။ `ဟာ့ ငါ့တူရ ဦးက အပတ်စဉ်လာယူနေကျပါ။ မင်းတို့ဂိတ်ကိုလည်း ဂျာနယ်ဖတ်ဖို့ ပေးနေသူပါကွာ..။ မင်းမယုံလို့ မှတ်ပုံတင်စစ်တာ ငါပြပြီးပြီ..။ မင်းစာအုပ်ထဲမှာ မင်းဖာသာ ရေးမှတ်လေကွာ..၊ ပြီးရင် ငါ့လက်မှတ်ထိုးပေးမယ်လေ..။ ငါ့ဖာသာရေးတော့ မှတ်ပုံတင်နံပတ် မှားနဲ့ အမည်မှားရေးခဲ့ရင် မင်းဘယ်လိုလုပ်မလဲ..။ ငါ မရေးနိုင်ဘူး။ မင်းမှတ်ချင်မှတ်၊ မမှတ်ချင်နေပါ လို့ ´ ကျွန်တော်ကဆိုလိုက်ပါတယ်။ ဒါပေမယ့်မရပါ။ တစ်ဘက်ခန်းက အသက်ကြီးတဲ့ ဂိတ်မှူးတစ်ဦးဆီ ကောင်လေးက စစ်ကူသွားတောင်းပါတယ်။ အဲဒီဂိတ်မှူးကလည်း အသက်ကြီးသော်လည်း ကြားဖြန်မပေးပါဘူး။ သူကလည်း လေပေါက်ဆိုးဆိုးနဲ့ ` ကျွန်တော်တို့ဂိတ်က အထက်လူကြီးတွေခိုင်းတဲ့ အတိုင်းလုပ်ရတာ၊ ပစ္စည်းလိုချင်ရင် ကျွန်တော်တို့ ပြောတဲ့အတိုင်း စာအုပ်ထဲမှာကိုယ်တိုင်ရေးပါ၊ လက်မှတ်ထိုးပေးပါ၊ ထုံးစံအတိုင်းဘဲ´ လို့ ဘုဆတ်ဆတ်ပြောပါ တယ်။ ကျွန်တော်လည်း စိတ်မဆိုးပါဘူးဆိုပေမယ့် ကျွဲမြည်းတိုပါတယ်။ ဒါပေမယ့် ဂျာနယ်တွေက အချိန်မှီ ဖြန့်ချိရမှာဆိုတော့ အရှုံးပေးပြီး ယူလာခဲ့ရပါတယ်။ (သြော် ငါတို့က မင်းတို့ရဲ့တရားခံတွေမဟုတ်ပါဘူး..၊ မင်းတို့ကားဂိတ်ကို အမြဲထမင်းကျွေး နေတဲ့ ထမင်းရှင်တွေပါကွာ..လို့ ရင်ထဲက စကားပြောနေရပါတယ်..။)
ဂျာနယ်တွေကိုယူပြီး မြို့ပေါ်ကဂျာနယ်ရောင်းတဲ့ဆိုင်တွေကို (မကုန်ရင်ပြန်ပေး) စနစ်နဲ့ တစ်ပတ်တင်ပေးထားပါတယ်။ အသစ်ပေး အဟောင်းရှင်းစနစ်ဖြစ်ပါတယ်။ ဂျာနယ်ဆိုင်များက `ရှင်တို့ဂျာနယ် ကြေညာထားတဲ့ ဗုဒ္ဓဟူးနေ့ မထွက်နိုင်ရင်လဲ သောကြာနေ့သာ ပြောင်းလိုက်ပါရှင်..။ ကျွန်မတို့မှာ ဟိုကလာမေး ဒီကလာမေးနဲ့ ပြန်လွှတ်ရတာ သိပ်ကို အားနာဖို့ကောင်းလှပါပြီ..´။ လို့ ပြောကြပါတယ်။ ကျွန်တော်မှာ ဆိုင်ကယ်တိုက်ထားတဲ့ ညာခြေတစ်ဖက် ထော့နင်း ထော့နင်းနဲ့ အားတင်းပြီး ဂျာနယ်ပို့နေရတာပါ။ ဂျာနယ်ဆိုင်တွေက ကျွန်တော့်ရင်ဝကို စုံကန်သလို အပြောခံလိုက်ရပြန် ပါတယ်။ အင်း သူတို့ပြောတာလဲ ဟုတ်ပေသားပဲလေ..။ ဗုဒ္ဓဟူးနေ့ထွက်ဖြစ်ရင် အခြားဂျာနယ်တွေကနည်းပါတယ်။ ဒါကြောင့် မရောင်းရတဲ့ဂျာနယ်ပြန်ပေးရင် နည်းတာ အမှန်ပါ။ ဂျာနယ်ထွက်ရက်နောက်ကျရင်တော့ ပြန်ပေးခံရတဲ့ ဂျာနယ်တွေ ပုံနေပြီသာမှတ် ပေရော့..။ အင်း.. ကြိုးစားပန်းစားနဲ့ ကိုယ်တိုင်လိုက်ပို့ထားပြီး မရောင်းရလို့ ပြန်ဝင်များတော့လည်း ဂျာနယ်တိုက်အတွက် ရင်မောရပြန်ပါတယ်။ ဂျာနယ်ကို လပေးကြိုယူသူ ဆရာတစ်ဦးဆီရောက် ပြန်ပါတယ်။သူပေးပို့ထားတဲ့ သတင်းအကြောင်း အရာတစ်မျိုး တည်းကို တစ်ပုဒ်ပဲဂျာနယ်မှာ ဖော်ပြပေးလို့ ကျန်တဲ့ သတင်းနှစ်ပုဒ်ကို မပါလာလို့ ရန်လုပ်နေပြန်ပါတယ်။(သူ့ကို တောင်းပန်၍ပြန်ထွက်ခဲ့ပါတယ်။) နောက် ဆရာတစ်ဦးရဲ့ အိမ်သို့ဝင်ခဲ့ပါတယ်။ အဲဒီဆရာကလည်း အယ်ဒီတာချုပ်လာတုံးက ကျွန်တော်ဂျာနယ်စောင်ရေ (၂၅/၃၀) ဖြန့်ပေးပါမယ် ဆိုတဲ့ဆရာပါ။ သူ့အိမ်ကို အပတ်စဉ် ဂျာနယ်သွားပို့ပါတယ်။ သူ့ဆောင်းပါတွေကို ဂျာနယ်မှာသုံးပေးစဉ်ကတော့ ပြောတဲ့အတိုင်း ဂျာနယ်တွေကို ဖြန့်ပေးပါတယ်။ သူ့ဆောင်းပါး တွေလည်း မပါတော့ ဂျာနယ်(၂၅)စောင်က နေ(၂၀)၊(၁၅)၊(၁၀)၊(၅) စောင်အထိ လျှော့လျှော့သွားပါတယ်။ ပိုဆိုးတာက ဂျာနယ်ပို့သူကျွန်တော့်ရဲ့ ရင်ဝကို ဆောင့်ကန်သလို စကားနဲ့ ဆိုလိုက်ပြန်ပါတယ်။ ` ခင်ဗျားတို့ ဂျာနယ်က အလကားပေးတာတောင် ယူမယ့်သူတွေက ရှောင်ဖယ်ဖယ်ဖြစ်နေကြတယ်..´။ တဲ့ဗျာ..။ကောင်းရော..။ ပြီးတော့ ရုံးခွဲ သတင်းတာဝန်ခံ ကျွန်တော်က သူ့ဆောင်းပါးတွေ မသုံးစေချင်လို့ အယ်ဒီတာချုပ်ကို ဂတုံးကတိုက် လုပ်တယ်တဲ့။ စာမူတွေကို အကုန်ပို့မပေးဘူး ထင်တယ် လို့ အခြားမိတ်ဆွေများကို မကောင်းသတင်းပြောဆိုပြန်သတဲ့။ ဖြစ်မှဖြစ်ရပလေ..။(ကိုယ်က အခမဲ့ ၀ါသနာနဲ့ လုပ်နေသူပါဗျာ..။)
ဟော တစ်ပတ်(၁၀) စောင်၊ လက်ဆောင်(၂) စောင်ပို့တဲ့ မြို့က ဆရာတွေကလည်း သူတို့မြို့က သတင်း၊ ဆောင်းပါး စာမူတွေမပါလို့ ဖုန်းနဲ့ တစာစာ ဂျီကျပြောဆိုကြပြန်ပါတယ်။ ဂျာနယ်တွေကိုပို့တာ အမြန်ချောက တစ်ပတ်ကြာလို့ ရောင်းလို့ခက်တဲ့အကြောင်း၊ ငွေလွှဲခ ဈေးများကြောင်း စာ ခဏခဏရေးသားပေးပို့ပြန်ပါတယ်။ (ဆရာတို့ဆီကို အမြန်ချောပို့ ၅၅၀ိ/ နဲ့ လက်စောင်ရောဆိုရင် အရှုံးးခံပြီး ပို့ပေးနေရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဂျာနယ် ပြန့်နှံ့ရေးကိုသာ အဓိကထားရပါ ကြောင်း သူတို့သိအောင် ပြောရပါတယ်။) နောက်အုပ်စုဖြစ်တဲ့ ဂျာနယ်တစ်ဆောင်မှ မ၀ယ်ကြပဲ လက်ဆောင်ရရင်သာ ယူကြတဲ့ ဆရာတွေကလည်း သူတို့ပို့ထားတဲ့ သတင်း၊ ဆောင်းပါများ မပါလာလို့ အခေါက်ခေါက်အခါခါဂျီကျပြီး ပြောဆိုနေကြပြန် တယ်။ ပထမတော့ အားနာလို့ လက်ဖက်ရည်ဆိုင်ကို ခေါ်ပြီး ဧည့်ခံလို့ ချော့ပါသေးတယ်။ နောက်တော့ သူတို့ရဲ့ ဂျီကျတာကိုမခံနိုင်တော့ပါ။လာတဲ့သူတွေကို ဂျာနယ်ရုံးခွဲမှာပဲ ဂျာနယ်တစ်စောင်စီ လက်ဆောင်ပေးပြီး ချော့လိုက်ရပါတယ်။( စာမူရွေးတာ အယ်ဒီတာချုပ်အလုပ်ပါ။ ကျွန်တော်က မေးလ်ပို့ပေးသူပါဗျာ..။)
ဂျာနယ်မှာ ရံဖန် ရံခါ စာရေးတဲ့ ဆရာကြီးတစ်ဦးထံ ဂျာနယ်လက်ဆောင်သွားပေးပါတယ်။ သူ့ဆောင်းပါတွေ အားလုံမပါသေးလို့ ကျွန်တော့်ကိုမေးပါတယ်။ ဆရာ့ဆောင်းပါးတွေက တော်တော်ရှည်နေပါတယ်။ တိုတိုရေးပေးပါလို့ အဖြစ်မှန်ကို ပြောခဲ့မိလို့ သူ့အိမ်သွားတိုင်းကော်ဖီတိုက်နေကြ၊ ယခုတော့ ရေနွေးကြမ်းတောင်မသောက်ရတော့ပါ။ (ရေနွေးမဆူ သေးဘူးတဲ့..။) အဲဒီအိမ်ကအထွက်မှာ မဆလ ခေတ်တုံးက တရားသူကြီးလုပ်ခဲ့သူ ကျွန်တော့်ဦးလေးနဲ့ လမ်းမှာ တွေ့ပါတယ်။ ကျွန်တော့်ကို ဘာလုပ်နေတာလဲ မေးပါတယ်။ ကျွန်တော်ကလည်း ၀ါသနာပါတဲ့ ဂျာနယ်သတင်းတာဝန်ခံ၊ ဂျာနယ်ရုံးခွဲဖွင့်ပြီး ယခု ဂျာနယ်တွေကို လိုက်ပို့နေပါကြောင်း ဖြေပါတယ်။ မင်းသတင်းတာဝန်ခံ လခက ဘယ်လောက်ရလဲ။ ရုံးဖွင့်တာက လခဘယ်လောက်ရလဲ မေးပါတော့တယ်။ ကျွန်တော်က ၀ါသနာပါလို့ စေတနာဝန်ထမ်း အလကားလုပ်နေပါတယ်.. လို့ပြောလိုက်မိပါတယ်။ (မင်းကို ဦးလေးတစ်ယောက်အနေနဲ့ ပြောမယ်.။ မင်းက အရင်စီးပွားရေးလုပ်ငန်းများမှာ အောင်မြင်သူတစ်ဦးဖြစ်ခဲ့တာပါ။ မင်း အရင်လို စီးပွားရေးတွေကို ပြန်လုပ်ပါကွာ..။ ၀ါသနာပါတာကိုဖြုတ်ချလိုက်ပါ။ ဒီခေတ်ကြီးထဲမှာ ငွေမရပဲ လုပ်နေတာ မင်းတစ်ယောက်သာ ငါမြင်ဘူးတယ်.။ မင်း အိမ်ကမင်းကို မပြောရဲလို့၊ ငါ့ကို အပြောခိုင်းနေတာကြာပါပြီ..။ မင်း ကိုကြည့်ပြီး မင်းသားသမီးတွေက မျက်ရည်ကျ နေကြတယ်ငါ့တူရယ်။ စီးပွားရေးတွေကို ဇောက်ချပြီး အရင်ကလို မင်းပြန်လုပ်စမ်းပါ ငါ့တူရာ..၊) တဲ့ ။ လမ်းလယ်ခေါင်းကြီးမှာ ဦးလေးတရားသူကြီးဟောင်းက မိုးရွာရွာမှာ ထီးဆောင်းပြီး တရားချနေပြန်ပါတယ်..။ ကျွန်တော်ကလည်းနေပူပူ၊မိုးရွာရွာထဲမှာ ဂျာနယ်ပို့ဖို့ ပြေးပြေးလွှားလွှား သွားလာနေရတာကို မောရ ပန်းရမှန်းမသိ၊ ထာဝရပျော်ရွင်ကြေနပ်နေသူပါ။ လူအထင်သေးတာ အထင်ကြီးကြတာတွေကို လုံးဝမမှုပါ။ လူဆိုတာ ကိုယ်ယုံကြည်ရာ ၀ါသနာပါတာ တစ်ခုခုကို လုပ်နေရရင် ကျွန်တော်လိုပဲ ဘ၀မှာပျော်နေကြမယ်ထင်ပါတယ်။ ဒါပေမယ့်ဗျာ…ဦးလေးရဲ့ပြော စကားကြောင့် အဆိုတော် ဓနုဖြူစိုးသိန်း သီးချင်းကိုသာ အော်၍ဆိုပြီး ဂျာနယ်ရုံးခွဲသို့ ပြန်လာခဲ့ပါတော့တယ်..။
( ``စာရေးကြီးလို့၊ အဝေး အနီးက အများတကာခေါ် ကလေးအနှီးကိုင်ကာလျှော်..သွေးမကြီးနိုင်ပါသနော်..။ ရုံးမှာနေ..မျက်နှာမရ၊ အိမ်မှာနေ မျက်နှာမလှ၊ ကျုပ်ဘ၀ ဒုက္ခပါပဲနော်…၊ ကျုပ်ဘ၀ ဒုက္ခပါပဲနော်…´´။)

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း (၂၈) (၂၇)







SHADE(28)
မကွေးမြို့မှ SHADE စာပေ၀ိုင်း (၂၈)
ဒီတစ်ပတ် SHADE (28) ကြိမ်နဲ့ SHADE(27)ကြိမ် စာပေ၀ိုင်း နှစ်ခုကို စုပေါင်းဖော်ပြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် SHADE စာပေ၀ိုင်း(၂၇) ကြိမ် (၂၂-၅-၂၀၁၁)နေ့က တက်ရောက်သူများကိုဖော်ပြပါရစေ။ ဆရာမကွေးဝင်းမြင့်၊ ဆရာနေခြည် (မကွေး)၊ ဦးဆွေ(ဒဿနိက)၊ ဆရာသားဦး၊ ကာတွန်းဆရာ အေကေ၊ ပန်းချီဆရာ သူရိန်မြိုင်၊ ဆရာဘိုမြင့်ရှိန်(အောင်လံ)၊ ဆရာတင်လင်းဇော် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။ စာပေ၀ိုင်းအပြီးမှာ ဧည့်သည်တော် ဆရာမြေလတ်မင်းလွင် ရောက်လာပါတယ်။ စာပေ၀ိုင်းပြီးတော့ ဆရာမြေလတ်မင်းလွင် ကို ကျွန်တော့်ဆိုင်ကယ်နဲ့ မင်းဘူးဖက်က စာရေးဆရာ စိုးညာဏ( ငဖဲ) ဆီသို့လိုက်ပို့ပါတယ်။ အသွား၊ အပြန်လမ်းမှာ မိုးမိခဲ့ပါတယ်။ မိုးထဲမှာ စာပေ၀ိုင်းမှာ အသံဖမ်းလာခဲ့တဲ့ (လေးသောင်းတန် MP3 ) စက်ကလေးကို မိုးမိသွားလို့ ပျက်သွားပါတယ်။ ဒါကြောင့် SHADE (27) ကြိမ်က စာပေ၀ိုင်းကို ပြန်လည် မရေးသားနိုင်တာကို နားလည်ခွင့်လွတ်ပေးကြပါ။
(၂၉-၅-၂၀၁၁) ၊ တနင်္ဂနွေနေ့၊ မကွေးမြို့၊ ရန်ကင်းရပ်ကွက်၊ သုခိတာလမ်း နဲ့ ပိတောက်လမ်းကြားက FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ်မှာ ၀ိုင်းဖွဲ့နေကြ နေ့(၁၂) နာရီကနေ ညနေ(၃း၃၀) နာရီအထိ SHADE စာပေ၀ိုင်း(၂၈) ကြိမ် ပေါင်းဆုံခဲ့ကြပါတယ်။ တက်ရောက်သူများကတော့ ရန်ကုန်မှာနေတဲ့ ဆရာမကွေးညိုစိမ့်၊ ဆရာမကွေးဝင်းမြင့်၊ ဆရာနေခြည်(မကွေး)၊ ဆရာနိုင်ယုဝေ၊ ကျမ်းမာရေးတက္ကသိုလ်ကျောင်းသား ကိုအောင်ခိုင်ဝင်းထွန်း၊ ပန်းချီဆရာမင်းသူ၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ဆရာလွမ်းရ(မကွေး)၊ ဆရာဘိုမြင့်ရှိန်(အောင်လံ)၊ ဆရာလွမ်းထား(မကွေး)၊ ဆရာတင်လင်းဇော်၊ ဆရာကောင်းသုတ(မင်းဘူး) နဲ့ စာရေးသူတို့ ဖြစ်ကြပါတယ်။
ဆရာမကွေးညိုစိမ့် ကစတင်ပြီး မုဒီတာစကားဆိုပါတယ်။ ``အားလုံးမင်္ဂလာပါ။ ရန်ကုန်ကနေ မကွေးကိုလာဖို့ဆိုတာ ကျွန်တော့်အနေနဲ့ မလွယ်ပါဘူး။ တစ်နှစ်မှ တစ်ခါဆိုသလို ပင်စင်လစာလေးကို စုထုတ်ရန်လာခဲ့တာပါ။ ပင်စင်လစာကလဲ တစ်နှစ်လုံးစုထုတ်မှ (၉၀၀ိ) လောက်ရပါတယ်။ ကားခက (၂၀၀၀၀ိ)လောက်ကျပါတယ်။ ပင်စင်ကလည်း တစ်နှစ်မှာ တစ်ခါမထုတ်ရင် မဖြစ်လို့လာထုတ်ရပါတယ်။ ယခုလို ပင်စင်လစာလာထုတ်ရင်း SHADE စာပေ၀ိုင်းနဲ့ ကြုံကြိုက်ရတာ များစွာ ၀မ်းသာရပါတယ်။ ဒါဆို SHADE စာပေ၀ိုင်းကို ရောက်ခဲ့ရတာ ဒုတိယအကြိမ်ပါ။ ယခုလို ညီညီညွှတ်ညွှတ်နဲ့ SHADE စာပေ၀ိုင်းကို မပျက်မကွက် ကျင်းပခဲ့တာ (၂၈)ကြိမ် ထိတောင် ရောက်လာပြီဆိုတော့ မကွေးစာပေသမားများအတွက် အလွန်ကို ကျက်သရေ အပေါင်းနဲ့ ပြည့်စုံနေပါတယ်။ ယခုလို စာပေ၀ိုင်းကို လာရတဲ့အတွက် ကိုယ်မဖတ်ရသေးတဲ့ ကဗျာ၊ ၀ထ္ထု၊ ဆောင်းပါး၊ သတင်းလေးတွေကို ကြားခဲ့ရတာ များစွာ အကြိုးများပါတယ်။ ဒါကြောင့် မင်္ဂလာရှိတဲ့ SHADE စာပေ၀ိုင်း ကို အဓွန့်ရှည်ကြာစွာ ဆောင်ရွက်သွားနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါရစေ..။´´
ဆရာမကွေးဝင်းမြင့်ကလည်း ဤသို့ဆိုလာပါတယ်။ `` မင်္ဂလာပါခင်ဗျား။ ကျွန်တော်တို့ ကမ္ဘာမှာ ဦးနှောက် အကောင်းဆုံး၊ မှတ်ဥာဏ်အကောင်းဆုံးဆိုပြီးတော့ ကျွန်တော်တို့ရဲ့ တိပိဋက္ကတ် မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစတ္တ အား ရွေးချယ်သတ်မှတ်ခံခဲ့ရပါတယ်။ အဲဒီဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒ မိန့်မှာချက်တစ်ခုကို လက်ဆင့်ကမ်းပြီး ပြောပါရစေ။ ဆရာတော်ကြီး သက်တော်(၂၀) လောက်တုံးက ရဟန်းဖြစ်ခါစ သူနဲ့သတင်းသုံးဖော် ဦးပဇင်းတစ်ပါးက သူ့ကိုဆုံးမတယ်တဲ့။ ဆရာတော်ဘုရားရဲ့ မယ်တော်ကြီးက ဒေါသကြီးပါတယ်။ ဒါကြောင့် သူ ဘာပဲပြောပြော ပြန်မပြောပါနဲ့နော်။ ပြုံးပြီးသာ သည်းခံတော်မူပါဘုရား။ မယ်တော်ကြီး စိတ်ချမ်းသာအောင် ထားပါဘုရား။ အဲလို သတင်းသုံးဖော်က ပြောတဲ့နေ့ကစပြီး ကျွန်ုပ်လည်း သည်းခံမှုကို ကျင့်သုံးလာခဲ့ပါတယ်။ အဲဒီတော့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ကြည်နှုးမှုကို ဒေါသဖြစ်မှုနဲ့ယှဉ်လာခဲ့ရင် ယခုလိုဆင်ချင်မိလိုက်ပါတယ်။ ဒေါသစိတ်ပြေပျောက်သွားစေတဲ့ စကားလေးကတော့ (ငါ့ကိုယ်ထဲတွင် ဒေါသ၀င်က၊ ၀င်လာဒေါသ အနိုင်ရရန်၊ ဒေါသကင်းစင် ဘုရားရှင်ကို ငါလျှင် ကြည်ညိုမိပါ၏..။) ဒါကြောင့် ဒီလိုလေးသာစိတ်ထဲက ရွတ်ဆိုပြီး ကျင့်သုံးလိုက်စမ်းပါ။ ကိုယ့်မိခင်ကဖြစ်ဖြစ် အခြားသူတွေကဖြစ်ဖြစ် ဒေါသဖြစ်အောင် ပြောဆိုလာခဲ့ရင် ပြုံးပြီးသာ ဆက်ဆံကြပါ။ ဘုရားရှင်ကို ယခုလို စိတ်ထဲကလည်း ဦးချရှစ်ခိုးလိုက်ပါ။ မိတ်ဆွေများ အရာရာမှာ ဒေါသကင်းစင်၍ ကျမ်းမာ ချမ်းသာနိုင်ကြပါစေခင်ဗျား..။
ဆရာနေခြည်(မကွေး)ကတော့ သူရေးသားဖော်ပြထားတဲ့ (၂၀၁၁)ခု၊ အမှတ်(၁၄)၊တောင်သာမြို့နယ်မဂ္ဂဇင်းမှ (အဖြူထည် နှလုံးသားတစ်စုံ၏ ဖြောင့်ချက်) ၀ထ္ထုတိုလေးကို ပြန်လည်ခံစား ဖတ်ကြားပြသွားပါတယ်။ ကဗျာဆရာနိုင်ယုဝေ ကလည်း ၂၀၁၁ခု၊ အထူးထုတ် မော်နီတာဂျာနယ်ထဲက ဆရာကြီးဇော်ဂျီရေးသားတဲ့ (သခင်အောင်ဆန်းတရား) ကဗျာကို သံနေ သံထားနဲ့ စိတ်ပါဝင်စားစွာ ဖတ်ကြားဂုဏ်ပြုသွားပါတယ်။
ပန်းချီဆရာမင်းသူ ကတော့ဒီလိုစတင်ပါတယ်။ ရီစတိုလ်ကပြောတယ်ဗျ၊ လူဆိုတာ နိုင်ငံရေးသတ္တာဝါတဲ့။ ဒီဘက်ခေတ်ရောက်လာပြန်တော့ ဒန်စမစ်က ထပ်ပြီးပြန်ပြောတယ်။ လူဆိုတာ နိုင်ငံရေးသတ္တ၀ါမဟုတ်ပါဘူး စီးပွားရေးသတ္တ၀ါ တစ်ကောင်တဲ့။ ဒီဘက်ကျပြန်တော့ ပညာရှင်တွေ တညီတညွှတ်ထဲဆုံးဖြတ်လိုက်တဲ့ စကားလုံးကတော့ `` လူဆိုတာ ဂုဏ်ရောင်ပြောင်ချင်ကြတာပါတဲ့´´။ တစ်ချို့ကြတော့ ဂုဏ်ရောင်ပြောင်ချင်တော့ အဆန်းတစ်ကြယ် အံ့ဘွယ်စကားတွေကို ပြောကြတယ်။ ပြောပြီးပြန်တော့လည်း ကိုယ့်ဂုဏ်ရောင်ပြောင်ဖို့အတွက် သူများကို တိုက်ချွတ်သလို လုပ်ကြတာတွေလည်းရှိကြပါတယ်။ မာန်တက်တဲ့ သူတွေလည်းရှိတတ်ပါတယ်။ ပညာရှိသူ၊ ဥစ္စာရှိသူ၊ ရာထူးရှိသူ၊ ဆွေမျိုးဂုဏ်ရှိသူတွေ က မာန်အမျိုးမျိုးတက်တတ်ကြပါတယ်။ မာန်တက်တဲ့သူတွေလည်း မာန်အလျှောက်ပြောကြတာ ပြောပါစေဗျာ။ သည်းခံလိုက်ကြပါ။ (မှတ်ချက်။ ။လောကီ၊ လောကုတ္တရာ ဘယ်ကိစ္စ၊ ဘယ်နေရာမဆို မာန်ချမှ ဟန်ကျပါမည် ဟုဆုံးမစာအား မှတ်သားမိပါသည်။စာရေးသူ။) ကျွန်တော်ဒီနေ့ အဓိက တင်ပြချင်တာက ယောဆရာတော်ဘုရားကြီးရဲ့ ဆုံးမစာ ကဗျာလကာင်္ကို ဖတ်ပြပါရစေ။ ( အများတကာ ဆက်ဆံရာမှာ မေတ္တာပါမှ အဆင်ပြေ၊ သတိကိုကိုင် ကိုယ့်ကိုနိုင်၊ ကြံ့ခိုင်စွမ်းအား ပြည့်ဝမည်၊ သတိ မေတ္တာ ဤနှစ်ဖြာ လူ့ရွာ အဆိပ်ဖြေ..။ မြို့ရွာထဲတွင် သူပုန်ဝင်၊ အိမ်ရှင်ကိုလည်း ရိုက်တတ်သည်၊ အဖိုးတန်များ ချန်မထား၊ လူ့ယူသွားတတ်သည်။ စိတ်အစဉ်တွင် ဒေါသ၀င် အိမ်ရှင်ကိုလည်း နှိပ်စက်သည်။ ဒေါသအမျက် လူကိုဖျက်၊ အသက်ကိုပါ ဆုံးတတ်သည်။ ဒေါသဆိုးပုံ အလွှမ်းခြုံ၊ ကုန်အောင်ကြည့်ရမည်။ မေတ္တာကိုကိုင် သူ့ကိုပိုင်၊ ကြံ့ခိုင်အေးမြဖို့..။ ခန္တီခိုင်မှ မေတ္တာရ၊ မုချအေးရမည်၊ လူ၏စွမ်းအား မြတ်တရား၊ စိတ်ထားကောင်းမှ ရနိုင်ကြ။ သစ်တပင်ကောင်း ငှက်တစ်သောင်း၊ နှစ်ပေါင်းများစွာ မီခိုရာသို့၊ သဒ္ဒါကောင်းသူ စိတ်ကြည်ဖြူလျှင် မေတ္တာကောင်းသူ စိတ်ကြည်ဖြူလျှင် ရှင်သူ ရဟန်းစိတ်အေးချမ်း၊ မီငြမ်း ခိုလုံကြ။ )ဟု ပန်းချီဆရာကိုမင်းသူ က အထပ်ထပ်အခါခါ အကျယ်တ၀င့် ဖတ်ကြားရှင်းလင်း ပြောဆိုတင်ပြသွားခဲ့ပါတယ်။
ဆရာဇော်မြင့်ဇော်(ဗန္ဓရ) ကလည်း ကဗျာအနက်အကြောင်းနဲ့စတင်ပြီး ဆရာကြီးဒေါင်းနွယ်ဆွေရေးတဲ့ (ပုလဲနိဒါန်းကဗျာ)ထဲက (ယာမမင်းနှင့် အင်္လာဆရာ) ကဗျာ ကို ရွတ်ဆို ခံစားအနက်ဖွင့်ပြောကြားသွားပါတယ်။ ဆရာလွမ်းရ(မကွေး) ကလည်း ၁၉၈၅၊ အတွဲ(၂)၊အမှတ်(၄၂) ဂီတသတင်းစဉ် ထဲက (ခေတ်ပေါ် အချစ်)ဆိုတဲ့ ကဗျာကို ခံစားဖတ်ကြားသွားပြန်တယ်။ ဆရာဘိုမြင့်ရှိန်(အောင်လံ)ကလည်း အင်္ဂလိပ်စာတွေဖတ်၍ မပြတော့ပါ။ သူဖတ် မှတ်လာခဲ့တဲ့ ၀ထ္ထုများကို ကော်ပီဆွဲလာပြီး(တအဲအဲ တဟင်းဟင်းနဲ့ အရှည်ကြီးကို) စိတ်ဝင်တစား တဆင့်ခံစားပြီး ဖတ်ပြနေပါတယ်။ ဆရာလွမ်းထား(မကွေး)ကလည်း (8 Day)ဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၈)ထဲက နွေဦးအိမ် ရေးတဲ့( အဓိပတိရွေးပွဲ) ဆောင်းပါးကို ဖတ်ကြားပြီး ငြိမ်းချမ်းရေး တရားတွေကို ဟောပြနေပြန်ပါတယ်။ ဆရာတင်လင်းဇော် ကတော့ (၈)တန်းကျောင်းစာအုပ်ထဲက (မဟော်သဓာ ပြဿနာရှင်းလင်းခန်း)များကို သာတက စုံစုံလင်လင်နဲ့ ခရေစေ့ တွင်းကျ ရှင်းပြပြောဆိုသွားခဲ့ပါတယ်။ စာရေးသူကတော့ Shade စာပေ၀ိုင်းတော်သားတစ်ဦးဖြစ်တဲ့၊ ဆရာမကွေးညိုစိမ့်ရဲ့တူအရင်း စာရေးဆရာသားဦး ရေးတဲ့( နိုင်ငံကျော်ရုပ်ရှင်မင်းသမီး၏ ယောကျာင်္းရဲ့ မိန်းမ) ဆိုတဲ့ ရွှေအမြုတေမဂ္ဂဇင်းထဲက (ရွှေအသစ် ၀ထ္ထုတို) အကြောင်းကို ယခု ဒုတိယအကြိမ်ပါဆိုရင် Shade စာပေ၀ိုင်းမှာ (၂)ကြိမ်တိတိ ပြောကြားခဲ့ပါတယ်။ ဒီဝထ္ထုတို ကို ဒါရိုက်တာ မီးပွား မှ ငွေကျပ်သုံးသိန်းပေးပြီး ဇာတ်ကားရိုက်ဖို့ ၀ယ်ထားကြောင်း မကွေးညိုစိမ့်က ပြောကြားပါတယ်။ ဒါကြောင့် ဒီတစ်ပါတ် SHADE စာပေ၀ိုင်းတော်သား အားလုံးက မကွေးမြို့စာရေးဆရာထဲမှာ အသက် အငယ်ဆုံးဖြစ်တဲ့ စာရေးဆရာသားဦး ကို ၀မ်းပန်းတသာ ဂုဏ်ပြုလိုက်ကြပါတယ် ခင်ဗျား..။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသ စုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့…။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၂၆)







မကွေးမြို့မှ SHADE စာပေ၀ိုင်း(၂၆)
၁၅-၅-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃း၃၀)နာရီ အချိန်ထိ မကွေးမြို့၊ ရန်ကင်းရပ်ကွက်၊ သုခိတာလမ်းနှင့် ပိတောက်လမ်းကြား၊ Forever လက်ဖက်ရည်ဆိုင် ဥယျာဉ်မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ ဒီတပတ် Shade စာပေ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ ဆရာနေခြည်(မကွေး)၊ ဆရာတင်လင်းဇော်၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ပန်းချီဆရာသူရိန်မြိုင်၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ကွန်ပျူတာလုပ်ငန်းရှင် ကိုနိုင်ဝင်း၊ ဆရာညီဇေယျ၊ ကာတွန်းဆရာအေကေ၊ ဆရာသားဦး၊ ဆရာဘိုမြင့်ရှိန်(အောင်လံ)၊ ဆရာနှင်းဦး(မင်းဘူး) နဲ့ စာရေးသူတို့ ဖြစ်ကြပါတယ်။ ဒီတပတ် ထူးထူးခြားခြား ပထမအကြိမ်လာရောက်သူက ဆရာနှင်းဦး(မင်းဘူး) ပါ။ ဆရာနှင်းဦး(မင်းဘူး)က မင်းဘူးမြို့အနောက်ဘက် ကံရေရွာမှာနေပါတယ်။ ရွှေစက်တော်ဘုရားသွားတဲ့လမ်းဘေးမှာ မင်းဘူးနဲ့ (၂)မိုင်လောက်ဝေးမယ်ထင်ပါတယ်။ မကွေးနဲ့မင်းဘူးက (၃)မိုင်ခန့်ဝေးပါတယ်။ စုစုပေါင်း(၅) မိုင်ခန့် ဝေးတဲ့နေရာ ကနေ SHADE စာပေ၀ိုင်းကို စက်ဘီးလေးနဲ့ လာသူဖြစ်ပါတယ်။ ယခုလို နေပူနေတဲ့အချိန်ကာလမှာ အသွား၊ အပြန် (၁၀)မိုင်ခန့််ခရီးစဉ်ကို စက်ဘီးလေးနဲ့စီးလာရတာ ဆိုတော့ ရှိတ်ဝိုင်းတော်သားများက ဆရာနှင်းဦး(မင်းဘူး)အား အထူးလေးစား အံ့သြသွားကြရပါတယ်။ ဒါကြောင့် ဆရာနှင်းဦး(မင်းဘူး)ကို Shade စာပေ၀ိုင်းက အထူးမှတ်တမ်းတင် အပ်ပါတယ်။
ဆရာမကွေးဝင်းမြင့်ကတော့ တစ်သက်တာ မှတ်သားလောက်တဲ့ ကဗျာလေးနဲ့ စတင်အဖွင့်ပြောပေးပါတယ်။ ရှိတ်စာပေ၀ိုင်း ကိုအဖွင့်စကား ပြောပေးရရင်တော့ စာအုပ်စာပေ လူ့မိတ်ဆွေ၊ စာပေမြင့်မှ လူမျိုးမြင့်မယ် လို့ နေ့စဉ်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အလွန်ကြီးလေးတဲ့တာဝန်ကို စာနယ်ဇင်းသမားတွေဖြစ်တဲ့ ကျွန်တော် ထမ်းဆောင်နေရတာကို များစွာဝမ်းသာ ပီတိဖြစ်မိပါတယ်။ စိတ် အဟာရဖြစ်အောင် ခုလို Shade စာပေ၀ိုင်းတွေ ကို ပုံမှန်ကျင်းပပေးတာလည်း အလွန်ကောင်းပါတယ်။ စိတ်နဲ့ပတ်သက်လို့ ကျွန်တော့်မိတ်ဆွေ မကွေးတက္ကသိုလ် ရုက္ခဗေဒပါမေက္ခ ဆရာမကြီးတစ်ဦးက ကျွန်တော့်ကို ကဗျာလေးတစ်ပုဒ်လက်ဆောင်ပေးဘူးပါတယ်။ သူ့က တိုင်းရင်းဆေးဖက်ဝင် သစ်ပင်များကို သိလို၍ ကျွန်တော့်ထံ အကူတောင်းပါတယ်။ ကျွန်တော်ကလည်း ကျကျနန စာမျက်နှာ(၁၈၀)ခန့် ရေးသားပြုစုပေးခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော့်ကို ၀တ်စုံတစ်စုံနဲ့ ယခုပြောမယ့် ကဗျာလေးကို လက်ဆောင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီကဗျာလေးကို ဘ၀တစ်သက်တာ စွဲမှတ်နေခဲ့ပါတယ်။ ယခုဒီ Shade စာပေ၀ိုင်းမှာ ပြန်လည် မျှဝေပေးလိုက်ရပါတယ်။ လူ့ဘ၀မှာ စိတ်ဟာ အလွန်အရေးကြီးကြောင်း အဓိက တင်ပြပေးထားပါတယ်။ လူတစ်ယောက်မှာ ရုပ်ပိုင်းဆိုင်ရာပျက်စီးသွားရင် ပြုပြင်လို့ရကြောင်းကို ပထမတင်ပြထားပါတယ်။ မှတ်သားဖို့အတွက် အလွန်လွယ်တဲ့ ကဗျာလေးပါ။
အကျည်းတန်ရင် ဘီးမှန်ကူ၍ရပါ၏
အိုစာမှုအသွင်ကို လိုရာပြုပြင်လို့ရပါ၏။
စိတ်ဓာတ်ယိမ်းယိုင်းသွားရင်ဖြင့်
မိတ်ကပ်ပင် မလိမ်းနိုင်တော့ပါကလား…။
ကျွန်တော်တို့လူတွေဟာ မနက်မိုးလင်းကနေ ညနေ နေ၀င်ချိန်အထိ ဘ၀သရုပ်ဆောင်တွေအဖြစ်နဲ့ ကပြနေကြရတာပါ။ စိတ်ဓာတ်ကျလို့ မိတ်ကပ်ပင် မလိမ်းနိုင်တော့ဘူးဆိုရင်တော့ အိပ်ယာထဲမှာ လဲနေပြီး ဘ၀အတွက် ဆက်လက် ကနိုင်တော့မည် မဟုတ်ပါလားဗျာ..။ အများအတွက် အားဖြစ်နိုင်ကြပါစေ..။ဟု၍ ဆရာမကွေးဝင်းမြင့်မှ မှတ်သားစရာ မိတ်ဆိုပြောကြား သွားပါတယ်။
ဆရာနေခြည်(မကွေး)ကတော့ ၂၀၁၁၊ ဧပြီလထုတ် ဖေ့စက်စ် မဂ္ဂဇင်းမှာပါတဲ့ သူကိုယ်တိုင်ရေးသားထားသော (ထစ်ခြုံးမယ့်မိုး ဆက်ထုံးမဲ့ကြိုး) ၀ထ္ထုကို ခံစားပြောဆိုပါတယ်။(လူတွေရဲ့သံယောဇဉ်က အခြေအနေနဲ့ အချိန်ကာလကို လိုက်ပြီးပြောင်းလဲသွားတတ်ကြောင်း၊ တိရိစ္ဆာန်ဖြစ်တဲ့ ခွေကလေးတစ်ကောင်ဟာ သူ့သခင်အပေါ်မှာ သေတဲ့အထိ မအိပ်နိုင် မစားနိုင်ပဲ အသက်အသေခံပြီး သံယောဇဉ်တွယ်တာတဲ့ ဇာတ်လမ်းလေး ကို ၀မ်းနည်းတသစွာနဲ့ ခံစားရေးသားခဲ့ပါကြောင်း) ပြောဆိုသွားခဲ့ပါတယ်။
ဆရာတင်လင်းဇော်ကလည်း ၂၀၁၁၊ဧပြီလထုတ်၊ နိုင်ငံဂုဏ်ရည်မဂ္ဂဇင်းမှ ကဗျာဆရာ ကလောင်အသစ်ကလေး မောင်ကောင်းခန့်(ပေါက်) ရေးသားတဲ့ (ပိတောက်နဲ့အတူ)ကဗျာလေးကို ခံစားဖတ်ကြားပါတယ်။
ဆရာဇော်မြင့်ဇော်(ဗန္ဓရ) ကတော့ သူကိုယ်တိုင်ရေးသားထားခဲ့တဲ့ ၁၉၈၅၊သဘင်မဂ္ဂဇင်းဖော်ပြခဲ့သော (ပိတောက်အားမာန်) ကဗျာကိုဖတ်ကြားပါတယ်။ ပိတောက် နဲ့ သူ့ရဲ့ခံစားချက် အနက်အဓိပ္ပါယ်များကိုလည်း ဖွင့်ဆိုသွား ပါတယ်။
ပန်းချီဆရာသူရိန်မြိုင် ကလည်း ဆိုမာလီယာပင်လယ်ထဲမှ ပင်လယ်ဓါးပြများအကြောင်းကို ၂၀၁၁၊ မေလထုတ် မှုခင်းစုံမဂ္ဂဇင်းနဲ့ ၂၀၁၀၊ နိုဝင်ဘာလထုတ်တဲ့ နွယ်နီမဂ္ဂဇင်း များက ဆောင်းပါးများကို အခြေခံပြီး အကျယ်တ၀င့် ပြောဆိုသွားခဲ့ပါတယ်။
ပန်းချီဆရာမင်းသူ ကတော့ ယနေ့ပွဲမှာ စာရေးဆရာ တက္ကသိုလ်ရည်ရွယ်ခေါ် ညီဇေယျ ရဲ့ ရှေ့မှ နေရာယူပြီး ထိုင်ရပါကြောင်း နဲ့စတင် ဖွင့်ဆိုပါတယ်။ (အကြောင်းရင်းမှာ Shade စာပေ၀ိုင်းကို တက်ရန်ပျက်ကွက်နေတဲ့ ညီဇေယျကို ကိုမင်းသူက ပြောဆိုပါတယ်။ `` ညီဇေယျကွာ ဒို့ Shade စာပေ၀ိုင်းကို မပျက်မကွက် တက်ပေးပါ။ ဆရာကြီးမကွေးဝင်းမြင့် တောင် ငါ့တို့ Shade စာပေ၀ိုင်းကို အမြဲတန်းတက်နေပါတယ်။ ဆရာကြီးမကွေးဝင်းမြင့်က အပတ်တိုင်း တက်နေပြီကွ..´´။ ဆိုပြီး ကျွန်တော်ကရိုးရိုးသားသားပြောတာပါ။ ဒါကို ညီဇေယျ က စကားအကျကောက်ပြီး (ကိုမင်းသူက ဆရာကြီး မကွေးဝင်းမြင့် ကို နာမည်လိုက်ဖျက်နေပါတယ် ) ဆိုပြီး ဆရာမကွေးဝင်းမြင့်ထံ တိုင်ပြောမယ် တကဲကဲလုပ်နေ ပါကြောင်း။) ဆရာမကွေးဝင်းမြင့်က မကြာချင်ရောင်ဆောင်နေပြီး ပြုံးစိစိနဲ့ကြည့်နေပါတယ်။ Shade စာပေ၀ိုင်းတော်သား များလည်း တည်ရမလို ရယ်ရမလိုဖြစ်နေကြပါတယ်။ ပန်းချီဆရာမင်းသူကဆက်လက်ပြီး ၂၀၁၁၊ ဧပြီလထုတ်၊ ဝေ့ဖ်မဂ္ဂဇင်းမှ ဆရာကျော်ဝင်းရေးသားတဲ့( မြန်မာနိုင်ငံတော်၏ခရီးနှင့် အမေရိကန်အမှားကြော့သံသရာ) ဆောင်းပါးအစ (လူတစ်ယောက် ဖြစ်စေ၊ လူ့အဖွဲ့အစည်းတစ်ခုဖြစ်စေ၊ တိုင်းပြည်တစ်ပြည်ဖြစ်စေ၊ မှားတတ်ကြပါတယ်။အမှားနဲ့မကင်းကြပါဘူး။ဒါပေမယ့် တစ်ခုတည်းသောအမှားကို ထပ်ကြော့ပြီးမှားနေကြမယ်ဆိုရင်တော့ မဖြစ်သင့် မဖြစ်ထိုက်ဘူးလို့ဆိုချင်ပါတယ်။ အထူးသဖြင့် ဒါဏ်ပြင်းတဲ့အမှားတစ်ရပ်ကို အကြိမ်ကြိမ်ကျူးလွန်မှားနေမယ်ဆိုရင် ဒါဟာကြမ္မာဆိုးဘဲ။ ကြိမ်စာမိနေသလို ရတက်မအေးဖြစ်ပြီး နောက်ဆက်တွဲပြဿနာတွေနဲ့ကြုံတွေ့နေရမယ်..။ ဒါတွေကို အလေးထားဆင်ချင်ဖို့ လိုနေပါတယ်။) ဆိုတဲ့နေရာကနေ အဆုံး( ဥပဒါဏ်ကင်းခြင်းဖြင့် အမှားကြော့သံသရာမှ ဖောက်ထွက်နိုင်ကြပါစေ..။) ထိအကျယ်တ၀င့် ဖတ်ကြား ပြသ သွားပါတယ်။
ပန်းချီဆရာမြင့်ဇော်ဦးကတော့ ဒီတစ်ပတ်မှာ ကျမ်းမာရေးဆောင်းပါးတစ်ခုနဲ့ ထိုးထွက်လာပြန်ပါတယ်။ ၂၀၁၁၊ မေလထုတ် (၀မ်နက်ဟီတန်ဗျူးတီး မဂ္ဂဇင်း) မှ ရုပ်ရှင်မင်းသားနေအောင် နှလုံးခွဲစိပ်ကုသတဲ့အကြောင်း ဆောင်းပါးပါ။ စာရေးသူကိုတော့ မမှတ်မိတော့ပါဘူး။ နေအောင် နဲ့ ဆောင်းပါးရေးသူတို့ရဲ့ အင်တာဗျူးလေးပါ။ (အကြောင်းအရာ ဝေဒနာကတော့ နှလုံးသွေးကြောကျင်း ရောဂါပါ။ စင်ကာပူနိုင်ငံကိုသွားပြီး နှလုံးခွဲစိပ်ကုသခဲ့တဲ့ အကြောင်း) ကို အကျယ်တ၀င့် ဖတ်ကြားသွားခဲ့ပါတယ်။
ကဗျာဆရာ နှင်းဦး(မင်းဘူး) ကလည်း ခံစားချက်အပြည့်နဲ့ ပြောဆိုပါတယ်။ သူ ဖတ်မှတ်ခဲ့ဘူးတဲ့ ကွယ်လွန်သွားသော ပန်းချီအောင်စိုးကို အမှတ်တရနဲ့ ကဗျာလေးကိုဖတ်ပြပါရစေ။ ရေးတဲ့စာဆိုက ထင်ရှားခဲ့တဲ့ ဆရာဒေါင်းနွယ်ဆွေပါ။ ဒွေးချိုးလေးပါ။ (ဖန်ခွက်ဝိုင်း ရှည်ဝါ၀ါ၊ ဘီယာမြ ချိုသင်း၊ လမင်းကြယ် ပင်လယ်ပျောက်တယ်၊ လှေမှောက်လေခြင်း…။) တဲ့။ ဒီကဗျာလေးကို ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်ကအတိုင်း စွဲလမ်းလာလို့ အလွတ်ရနေပါတယ်။ ကျွန်တော်ယခု အသက်(၆၀) ရှိပါပြီ။ အဲ နောက် ကဗျာတစ်ပုဒ် ဆိုပါရစေ..။ ဆရာဇေယျ ရေးသားခဲ့တဲ့(စာသဘင်)ကဗျာတိုလေးပါ။ တစ်နေ့မှာ ဆရာဇေယျက ဆရာကြီးဦးရန်အောင်ဆီကိုသွားပြီး (စာသဘင် ဆိုတဲ့စာအုပ်ကလေး) ကိုလက်ဆောင်ပေး ပါတယ်။ အဲဒီစာအုပ်ရဲ့ ရှေ့ဆုံးစာမျက်နှာမှာ အမှတ်တရအနေနဲ့ ဆရာဇေယျက ရေးပေးလိုက်တဲ့ စာသဘင် ခေါင်းစဉ်နဲ့ ကဗျာပါ။ အဲ ယခုမှ ပြန်စဉ်းစားမိတယ်။ ကဗျာဆရာ ဘုတလင်-ချစ်လေးရဲ့(ကဗျာဟူသည်) စာအုပ်ထဲက ဖတ်လိုက်ရတာပါ။ သူတို့ခင်ကြပုံက (ကိုရန်အောင်၊ ပြောင်ပျက်ပျက်၊ စာက၀ိန် စိန်တခက်၊ ဇေယျမောင် လက်ဆောင်သ၊ စာသဘင် ရွင်ပြပြ..တဲ။့) သူလက်ဆောင်ပေးခဲ့တဲ့ ဆရာဦးရန်အောင်လည်း မရှိတော့ပါဘူး၊ လက်ဆောင်ပေးသူ ဆရာဇေယျလည်း ကွယ်လွန်သွားကြပါပြီ..။ ဆရာကြီးနှစ်ပါးကိုလည်း အမှတ်တရဖြစ် နောင်လာ နောက်သား မျိုးဆက်သစ်တွေကိုလည်း ကျွန်တော့်နှလုံးသား၊ ရင်ဘတ်ချင်းအပ်ပြီး Shade စာပေ၀ိုင်းမှာ ယခုလိုမျှဝေလိုက်ရတာ များစွာကျေးဇူးတင်ပါတယ်ခင်ဗျာ..။

စိတ် အဆာပြေအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသတွေစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။
ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့က SHADE စာပေ၀ိုင်း(၂၅)








မကွေးမြို့က SHADE စာပေ၀ိုင်း(၂၅)
၈-၅-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၄)နာရီအထိ၊ မကွေးမြို့၊ ရန်ကင်းရပ်ကွက်၊ သုခိတာလမ်းနှင့် ပိတောက်လမ်းကြားမှ Forever လက်ဖက်ရည်ဆိုင် ဥယျာဉ်မှာ ၀ိုင်းဖွဲ့စကားပြောကြပါတယ်။ Shade စာပေ၀ိုင်း (၂၅)ကြိမ် ငွေရတုမြောက်ခဲ့ပါပြီ..။ စာပေ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ ဆရာနေခြည်(မကွေး)၊ ပန်းချီဆရာမင်းသူ၊ ဆရာတင်လင်းဇော်၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ဆရာသားဦး၊ ဆရာဧဇံ၊ ဆရာဘိုမြင့်ရှိန်(အောင်လံ)၊ ဆရာလွမ်းထား(မကွေး)၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ပန်းချီဆရာသူရိန်မြိုင်၊ ဆရာဦးဆွေ(ဒဿနိက) နဲ့ စာရေးသူတို့ ဖြစ်ကြပါတယ်။
စာပေစကားဝိုင်း အဖွင့်မှာ မကွေးမြို့နယ်စာနယ်ဇင်း ဥက္ကဋ္ဌ မကွေးဝင်းမြင့် က SHADE ဂျာနယ်အယ်ဒီတာချုပ် ဦးသာဇော်ရဲ့ ကိုယ်စား Shade စာပေ၀ိုင်းတော်သား ဆရာဇော်မြင့်ဇော်(ဗန္ဓရ) ကို နာမကျန်းထောက်ပံ့ငွေ (၃၀၀၀၀ိ)ကျပ်သုံးသောင်း ချီးမြှင့် ပေးပါတယ်။ ဆက်လက်ပြီး အများအတွက် သင်ခန်းစာ တရုပ်စကားပုံ( စက္ကန့်နှစ်ဆယ် သည်းမခံလျှင် လပေါင်းနှစ်ဆယ် ဒုက္ခရောက် တတ်သည်) ဆိုတဲ့ အကြောင်းလေးကို ပြောပြပါတယ်။ ဒီစကားပုံရဲ့ ရာဇ၀င်အကြောင်းကို ကျွန်တော်က မကွေးမြို့မဈေးကြီး အနောက်ဘက်က အသက်တစ်ရာထိနေသွားရတဲ့ တရုပ်ကြီးဦးလောရီ ထံသို့ သေသေချာချာ သိရအောင် သွားရောက် မေးမြန်းခဲ့ပါတယ်။ တရုပ်ကျမ်းစာအုပ်ထူထူကြီးကို ဖတ်ပြီး ဘာသာပြန်ပေးခဲ့ပါတယ်။ ဇာတ်လမ်း အကျဉ်းကတော့ တစ်ယောက် နဲ့ တစ်ယောက် မကြေနပ်ချက်တစ်ခုကို စိတ်မရှည်ကြတော့ပဲ တစ်ယောက်သောသူက ဒါးနဲ့ထထိုးလိုက်တယ်။ ဒါးနဲ့ထိုးလိုက်တဲ့ တရားခံမှာ လပေါင်းနှစ်ဆယ် ပြစ်ဒါဏ်ကျသွားရတဲ့ အကြောင်းလေးပါ။ ကျွန်တော်တို့ ဗုဒ္ဓရှင်တော်ဘုရား ကလည်း သည်းခံမှုတရားတွေကို ဟောကြားထားခဲ့ပါတယ်။ ဒါကြောင့် အားလုံးသော ဘယ်အရာ ဘယ်ကိစ္စမဆို စိတ်ဆိုးလာရင် စက္ကန့်နှစ်ဆယ်အတွင်း စိတ်ရှည်သည်းခံပေးကြပါလို့ ဆရာကြီးမကွေးဝင်းမြင့်က ဆုံးမပြောကြားသွားပါတယ်။
ဆရာနေခြည်(မကွေး) ကတော့ သူကိုယ်တိုင်ရေးသားထားတဲ့ ရွက်နုဝေမဂ္ဂဇင်း မှ (သားနားလည်အောင် ဘယ်လိုရှင်းရပါ့) ဆိုတဲ့ တစ်မျက်နှာဝထ္ထုတိုလေးကို ဖတ်ပြပါတယ်။ အဖေနဲ့ ဒုတိယတန်းကျောင်းသားလေး သားအဖနှစ်ယောက်ရဲ့ဇာတ်လမ်းလေးပါ။ သားကို လိမ်ညာမပြောဖို့ ဆိုဆုံးမနေစဉ် အိမ်ရှေ့က အိမ်ပိုင်ရှင်မိန်းမကြီး တစ်ယောက် အိမ်လခလာတောင်းပါတယ်။အိမ်လခ မပေးနိုင်တာကလည်း(၃)လခတောင်ရှိနေပါပြီ။ ဒါကြောင့် အဖေက သားလေးကို ဆုံမတာ ခဏရပ်ပြီး ( သားလေး သားလေး အိမ်ရှင် ဒေါ်ကြီးကို အဖေမရှိဘူး၊ အပြင်သွားတယ်လို့ ထွက်ပြီးပြောလိုက်ကွာ) လို့ ဇွတ်ထိုးလွှတ်လိုက်ရပါတယ်။ အဖေခိုင်းတဲ့အတိုင်း အသက်မပါဘဲ သားလေးက အိမ်ရှင်အဒေါ်ကြီးကို ပြောကြားနေတာကို အိမ်ထဲမှ ကျွှန်တော်ကြည့်နေရင်းဖြင့်..။ လို့ ခံစားပြောဆိုသွားပါတယ်။
ပန်းချီဆရာမင်းသူကလည်း ဒေါက်တာမောင်မောင် ပြောကြားခဲ့တဲ့ စာတစ်ကြောင်းကို ဖောက်သည်ချပါတယ်။ (အမှားတစ်ခုကို နောက်အမှားတစ်ခုနဲ့ ပေါင်းလိုက်ရင်လည်း အမှန်ဖြစ်မလာနိုင်ပါဘူး) တဲ့။ နောက်ဆက်ပြီးဝထ္ထုရေးနည်းများ ကိုပြောပါတယ်။ ဥပမာကို မောင်ပေါက်ကြိုင်းဇာတ်လမ်းနဲ့ ခွဲခြမ်းစိတ်ဖြာလို့ အကျယ်တ၀င့် ပြောဆိုသွားပါတယ်။
ဆရာတင်လင်းဇော်ကတော့ (၂၀၀၄)လောက်မှ ဆရာကြီးနတ်မောက်ဘုန်းကျော် ရဲ့ဆောင်းပါးပေါင်းချုပ်ထဲက အမှာစကား ကိုပြော ပါတယ်။ အမှာစာဆိုတော့ သရက်က ငညှက်ကနေ ဆရာနတ်မောက်ဘုန်းကျော်ထံရေးလိုက်တဲ့စာပါ။ စာပေဟောပြောပွဲ ရာသီကိုရောက်ရင် စာရေးဆရာတွေ အနယ်နယ်အရပ်ရပ်ကို ဟောပြောဖို့သွားကြတယ်တဲ့ ။ စာရေးဆရာတွေကလည်း လာပြီးနားထောင်မယ့် ပရိတ်သတ်ကို ပညာတွေကို မျှဝေပြောကြားလိုက်မယ်ဆိုတဲ့ စိတ်နဲ့ ပြောကြပါတယ်။ အဲဒါမင်းတို့မှားနေကြပါတယ်သူငယ်ချင်း။ မင်းတို့ကပညာတွေပေးပြီး ပြောကြားလိုက်မယ် ဆိုသော်လည်း နားထောင်တဲ့ ပရိတ်သတ်ထဲမှာ မင်းတို့ထက် တတ်တဲ့နားလည်တဲ့ သူတွေလည်းပါနေမှာပါ။ စာဖတ်နာထားတဲ့သူတွေ အများကြီးပါမယ်။ စာမရေးသော်လည်း စာရေးဆရာတွေထက် တတ်တဲ့ တော်တဲ့သူတွေလည်း ရှိနေကြမှာ။ `စာရေးဆရာတွေကို မာန်လျှော့ခိုင်းတာပေါ့။´ ပုံပြင်လေးတစ်ပုဒ်ကို ဆက်ပြီးပြန်ပြောပြပါတယ်။ ပုံပြင်အနှစ်ချုပ်ကတော့ သင်္ဘောကြီးတစ်စင်းက ခရီးသည်တွေတင်ပြီး ပင်လယ်ခရီးထွက်လာပါတယ်။ အဲဒီသင်္ဘောပေါ်မှာ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါး လည်းပါလာတယ်။ ကျွန်းတစ်ကျွန်းရောက်တော့ ခရီးသည်တွေကပြောပါတယ်။ ဒီကျွန်းပေါ်မှာ ထူးဆန်းတဲ့ ဘုန်းကြီးသုံးပါးရှိပါတယ်လို့ တစ်ယောက်စကား တစ်ယောက်ပြောကြပါတယ်။ဒါကြောင့် ခရီးသည် တွေမှာ အဲဒီကျွန်းပေါ်ကိုသင်္ဘောကပ်ခိုင်း၍ တက်လာကြပါတယ်။ ဒီဘုန်းကြီးသုံးပါးက တစ်ယောက်ကို တစ်ယောက် စကားမပြောကြဘူး။ အမူအရာ အရိပ်အကဲနဲ့သာ ဆက်ဆံကြပြီး တရားဘာဝနာ ပွားများအားထုတ်နေကြပါတယ်။ အဲဒါကို သင်္ဘောပေါ်မှာ ပါလာတဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါးကမြင်တော့ သူတို့သုံးယောက် အကျင့်မှားနေပြီ လို့ ဆိုပါတယ်။အင်း ငါ့ကို ဘုရားသခင်က သာသနာပြုခိုင်းလိုက်တာဆိုတော့ ဒီပုဂ္ဂိုလ်သုံးဦးကို ငါပြောမှဖြစ်တော့မယ်ဆိုပြီး ပြောပါတယ်။ မင်းတို့သုံးယောက် အကျင့်မှားနေပြီ။ ဒီလိုမကျင့်ရဘူးကွ။ ငါ အသေအချာ ပြခဲ့ ပြောခဲ့မယ်။ ဒီလိုသာ ပြောင်းကျင့်ကြစမ်းပါ လို့ သင်ကြားပေးခဲ့ပါတယ်။ ကျင့်စင်ပေးပြီး သင်္ဘောက ပြန်ထွက်လာခဲ့ပါတယ်။ ကျွန်းနဲ့တော်တော်ကြီးဝေးတဲ့အခါမှာ အဲဒီကျန်ခဲ့တဲ့ ကျွန်းကိုပြန်ကြည်လိုက်တော့ မီးလုံးကြီးသုံးခုကို ပြန်မြင်နေရပါတယ်။ မကြာမီ အဲဒီမီးလုံး သုံးလုံးက ပင်လယ်ပြင်ပေါ်ကနေပြီး သင်္ဘောနောက်ကို လိုက်လာနေပါတယ်။ တဖြေးဖြေးနဲ့ သင်္ဘောကို မီလာခဲ့ပါတယ်။ ခရီးသည်တွေ နဲ့ စောစောက ခရစ်ယာန်ဘုန်းကြီးက အံ့သြစွာနဲ့မြင်လိုက်တော့ ကျွန်းပေါ်က ကိုယ်တော်ကြီး သုံးပါးဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီ ဘုန်းကြီးသုံးပါးက သူတို့ကို ကျင့်စင်ပညာပေးသွားတဲ့ ဆရာကို တွေ့လိုက်ရပါတယ်။ ပညာကျင့်စင်ပေးသွားတဲ့ ခရစ်ယာန်ဘုန်းကြီးကို မေးမြန်းကြပါတယ်။ ကျွန်တော်တို့ ဆရာပေးထားခဲ့တဲ့ ကျင့်စင်တွေ မေ့သွားလို့ လိုက်လာပြီး မေးရတာပါဘုရား။ ပြန်ပြောပြ ပါအုံးလို့ ဆိုကြပါတယ်။ အဲဒီတော့မှ သင်္ဘောပေါ်က ဆရာဘုန်းကြီးက လက်အုပ်ကလေးချီပြီး (အရှင်ဘုရားတို့ကျင့်စင်အတိုင်းသာ ဆက်လက်ကျင့်တော်မူပါဘုရား..။ အရှင်ဘုရားတို့ ကျင့်စင်က ပင်လယ်ရေပြင်ပေါ်ကိုတောင် လမ်းလျှောက်လာတော်မူနိုင်ပါတယ်။ တပည့်တော်က ယခုထိ သင်္ဘောစီးသွားနေရတုံးပါဘုရား..။) ဟု ပြောဆိုလျှောက်ထားလိုက်ပါသတဲ့။ ပုံပြင်လေးကတော့ မှတ်သားစရာလေးပါဘဲ။ ဆရာနတ်မောက်ဘုန်းကျော်စာအုပ်မှာတော့ ဒီပုံပြင်လေးဟာ ဆိုဗီယက်က စာရေးဆရာကြီးတစ်ဦးရေးတာကို ဘာသာပြန်ထားပါတယ် လို့ ကြားသိရပါကြောင်းကို ဆရာတင်လင်းဇော်က ပြောဆိုသွားပါတယ်။
ဆရာဇော်မြင့်ဇော်(ဗန္ဓရ) ကတော့ ကျွန်တော့်မှာ ဒီ လေးဘက်နာရောဂါစွဲကပ်နေတာ ကြာခဲ့ပါပြီ။ ကျွန်တော့်ရောဂါက မနက်ပိုင်းမှာ ဂျိုင်းထောက်ကြီးနဲ့သွားနေရတော့လည်း ညနေကျ ပြန်ကောင်းချင် ကောင်းနေပြန်ပါတယ်။တခါ တလေ သုံးလေးရက်လောက် လဲနေရပါတယ်။ မိုးရွာရင် မိုးအေးရင် ရောဂါကပိုဆိုးလာပါတယ်။ ဒီရောဂါကို အခမဲ့ ဆေးကုသပေးတဲ့ ဂရုနာရှင်များအသင်း ဆေးခန်းကို မကြာခဏ သွားရောက်ကုသနေရပါတယ်။ ယခုတော့ Shade စာပေ၀ိုင်းတော်သား အဖြစ်သတ်မှတ်ခံရပြီး Shade အယ်ဒီတာချုပ် ဦးသာဇော် မှ ကျန်းမာရေးထောက်ပံ့ငွေ ချီးမြှင့်ပေးလို့ များစွာ ကျေးဇူးတင်ပါတယ်။ ဒီတစ်ပတ်တော့ လယ်တီဆရာတော်ဘုရားကြီးရဲ့ကဗျာ လင်္ကာကို ရွတ်ဆိုပါရစေ..။
ပစ္စည်းရှာလိုနေ နေ့ပုပ်လို့ရက်ကုန် ၊ နစ်မျောလို့ အသက်ကုန်တယ်၊ တွက်ပုံရိပ်မကောင်း၊ ခုလိုဖြင့် သံသရာတွေမှာ ၊ ခန္ဓာတွေများဆုတောင်း၊ သက်မွေးမှု စခန်းပူအောင်၊ ၀မ်းကိုသာနင်ကြောင်း၊ လေးဆယ်ကျော် အရွယ်နှောင်ကာမှ ၊ သူကြွယ်လောင်းလုပ်ချင်၊ မိုးကုန်ပြီး ထွန်မချချင်နဲ့၊ ရွံစရာကောင်းဖို့ဖြစ်အင်၊ နွားအိုကြီးအမော့သင်သလို၊ မလျှော့လျှင် ဘ၀ဆုံးရှာတော့၊ အစတုံးလို့ နင့်အထင် လွဲဖို့သာပြင်၊ တရားကို မသက်ဝင်လျှင်၊ အခက်နင်ကြုံရတော့မလေး..။
စိတ် အဟာရပြည့်ဝအောင် Shade ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ Shade စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE