``မကွေးမြို့ပေါ်ရှိ ဆင်းရဲချို့တဲ့သော လမ်းပျော်ကလေးငယ်များအား ယဉ်ကျေးလိမ္မာကွန်ရက်(မကွေး) မှ စောင့်ရှောက်ကူညီရန်ရုံးဖွင့် ဆောင်ရွက်နေပြီ´´

ဇန်န၀ါရီ(၁၂)ရက်၊ နံနက်(၉)နာရီအချိန်ခန့်တွင် မကွေးမြို့ ကန်သာရပ်ကွက်၊ အထက(၁)လမ်း၊ အောင်မြေရတနာစာသင်ကျောင်းတိုက်၊ ရွှေရတုဓမ္မံရံသီဗိမ္မာန် ဒုတိယထပ်၌ မကွေးမြို့ပေါ်ရှိ ဆင်းရဲချို့တဲ့သော လမ်းပျော်ကလေးငယ်များအား ယဉ်ကျေးလိမ္မာကွန်ရက်(မကွေး) မှ စောင့်ရှောက်ကူညီရန် အစည်းအဝေးကျင်းပ ပြီး ၎င်းကျောင်းတိုက်တွင် ရုံးဖွင့်ခွင့်ပြုကြောင်း သတင်းရရှိသည်။ အဆိုပါအစည်းအဝေးပွဲသို့ မကွေးမြို့မှ မြို့မိမြိုဖ ဦးထွန်းဆိုင်နှင့်အဖွဲ့၊ မကွေးတိုင်းဒေသကြီး ကုန်သည်ကြီး များအသင်းအဖွဲ့ဝင်များ၊ မကွေးမြို့နယ်အထောက်အကူပြုအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ ဖိတ်ကြား ထားသူများ၊ မကွေးတက္ကသိုလ်လူငယ်အဖွဲ့နှင့် ယဉ်ကျေးလိမ္မာကွန်ရက်(မကွေး)အဖွဲ့ များ အင်အား(၁၀၀)ဦး ခန့်တက်ရောက်ကြောင်းသိရသည်။ မကွေးမြို့ပေါ်ရှိ ဆင်းရဲချို့တဲ့သော လမ်းပျော်ကလေးငယ်များအား ယဉ်ကျေးလိမ္မာကွန်ရက်(မကွေး) မှ စောင့်ရှောက်ကူညီရန် ညှိနှိုင်းတိုင်ပင်ရာတွင် ဓာတ်ပုံတွင်ဖော်ပြထားသော အလှူခံပုံးများကို မကွေးမြို့အဝေးပြေး ကားကွင်းအတွင်းမှ ကားဂိတ်များ နှင့် မြို့တွင်းစားသောက်ဆိုင် နှင့် စတိုးဆိုင်ကြီးများတွင် ချထား၍ အလှူခံ မည်ဖြစ်ကြောင်း၊ စွန့်ပစ် ပစ္စည်းများဖြစ်သော ရေသန့်ဗူးခွံများ၊ ဘီယာဗူးခွံများ၊ အချိုရည်ဗူးခွံအမျိုးမျိုးနှင့် ပလက်စတစ်ကော်ဗူး၊ ကော်ခွက်အမျိုးမျိုး တို့ကို ၎င်း အလှူခံပုံးများထဲသို့ လှူဒါန်းနိုင်ကြောင်း သိရှိသည်။ ၎င်းပုံးတွင်းမှ အလှူခံရရှိသော ပစ္စည်းများအား ရောင်းချ၍ လမ်းပျော်လူငယ်လေးများကို ပိုက်ဆံပေး ထောက်ပံ့ခြင်း၊ အချိန်ပိုင်းပညာသင်ပေးခြင်းများ ပြုလုပ်ပေးမည်ဆို၏။ ကလေးများအတွက် အဆောင်မဆောက် လုပ်နိုင်ခင်မှာ အောင်မြေရတနာစာသင်ကျောင်းတိုက်တွင် သီးခြားရုံးနေရာ နှင့် ကလေးများ ကူညီထောက်ပံ့ရန် ပညာသင်ကြားပေးရန်နေရာတစ်ခု စီစဉ်ပေးထားကြောင်း သတင်းရရှိသည်။ `` ကျွန်တော်တို့ ယဉ်ကျေးလိမ္မာလူငယ်ပရဟိတ အဖွဲ့က မည်သည့်အရောင်အသွေးမှ မပါဘဲ၊ ဖြူစင်သော စေတနာသန့်သန့်နဲ့ ကျောင်းသားလူငယ်များအတွက် (ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လာခဲ့တာ သုံးနှစ်ရှိခဲ့ပါပြီ..။) ယခု ဆင်းရဲချို့တဲ့သော လမ်းပျော်ကလေးများအတွက် ယဉ်ကျေးလိမ္မာလူငယ်ပရဟိတကွန်ရက် အဖြစ် အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်လို့ အဖွဲ့အစည်းအသီးသီးမှ လိုအပ်တဲ့အကြံဥာဏ်များ နဲ့ ၀ိုင်းဝန်းပံ့ပိုးကူညီပေးကြပါခင်ဗျာ…။´´ ဟု ကိုအေးကိုကို (ယဉ်ကျေးလိမ္မာလူငယ်ပရဟိတကွန်ရက်အဖွဲ့ဝင်) ကပြောသည်။
READMORE
 

မင်းတုန်းမြို့နယ် ကျောက်ချောလမ်းသစ်ဖွင့်ပွဲကျင်းပ

မင်းတုန်း ဇန်န၀ါရီ ၁၃ မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် လေသာလမ်း ကျောက်ချောလမ်း သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါလမ်းသစ်မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစောသိန်းဦးမှ ကျောက်ချော လမ်းသစ်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး၊မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးစောသိန်းဦး တို့က ကျောက်ချောလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါလမ်းသစ်ဖွင့်လှစ်ပေးခြင်းအားဖြင့် မြို့ပေါ်ရပ်ကွက်များသို့ ဆက်သွယ်သွားလာနေကြ သည့် ကျေးရွာများမှ ပြည်သူတို့၏ ကျန်းမာရေး၊ပညာရေး၊စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ မြန်ဆန်လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ ၀မ်းသာပျော်ရွှင်လျှက်ရှိကြောင်း သိရှိရသည်။ တင်ထွန်းဦး သတင်းပေးပို့သူ ဦးတင်ထွန်းဦး(ဓါတ်ပုံ-၂)
READMORE
 

``မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော် လက်ယက်တွင်းမှ ဓာတ်ငွေ့များပန်းထွက်နေ´´

သရက်ခရိုင်၊ မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်၌ ယာခင်းရှင် ဦးသိန်းဝင်း(၄၇)နှစ် တောင်သူ၊ ထန်းကိုင်းကျေးရွာ၏ယာမြေ၌ ကိုမိုးကျော်ပါ နှစ်ဦးတို့ ကလပ်ခုံနှင့် ရေနံလက်ယက်တွင်းတူးနေစဉ် ၎င်းလက်ယက် တွင်းမှ ဓာတ်ငွေ့များ ဇန်န၀ါရီ(၉)ရက်၊ နေ့လည်(၂)နာရီအချိန်ခန့်တွင် စထွက်လာပြီး ဆယ်ပေခန့်မြင့်တက်လာ ကြောင်း သတင်းရရှိသည်။ ဇန်န၀ါရီ(၁၀)ရက်၊ နံနက်(၉)နာရီအချိန်ခန့်တွင် ၎င်းလက်ယက်တွင်းမှ ဓာတ်ငွေ့များ(၃)ပေကျော်အထိ အရှိန်လျော့၍ ဆက်လက်ပန်းထွက်နေကြောင်း ဒေသသခံ တစ်ဦးမှ ပြောသည်။ `` ထန်းကိုင်းရေနံမြေ MOGE ပစ္စည်းသိုလှောင်ရုံနဲ့ ကိုက်(၄၀၀)အကွာမှာဖြစ်တာပါ၊ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ MOGE ရေနံမြေမန်နေဂျာ၊MOGEရေနံမြေလုံခြုံရေးတာဝန်ခံ နဲ့ ရေနံမြေရဲကင်းတပ်ဖွဲ့ စတဲ့အဖွဲ့ပေါင်းစုံက အချိန်မှီရောက်လာကြပါတယ်။ ဓာတ်ငွေ့ထွက်နေတဲ့ တွင်းဘေး ပေတစ်ရာပတ်လည်မှာ လူ တိရိစ္ဆာန်များမ၀င်ရောက်ရန်တားဆီးပြီး လုံခြုံရေးဆောင်ရွက်ကြပါတယ်၊ ဇန်န၀ါရီ(၁၀) ရက် ညနေ(၄)နာရီအချိန်ခန့်မှာ ဓာတ်ငွေအရှိန်လျော့ပြီး နှစ်ပေခန့်သာထွက်နေတော့ အထက်ကောင်းကင် သို့ထွက်ဖို့ ပိုက်တပ်ဆင်နိုင်ကြပါတယ်၊ မီးမလောင်လို့တော်သေးတာပေါ့ဗျာ..။´´ဟု ဒေသခံလူငယ်တစ်ဦးက မဇ္ဈိမ ကိုပြောသည်။ ၎င်းထန်းကိုင်းရေနံမြေတွင် ၂၀၁၃ ခုနှစ်က ရဲလုံခြုံရေးများချထားခဲ့ကြောင်း၊ အနယ်နယ် အရပ်ရပ်မှ လာရောက်ရေနံတွင်းတူးသူများ နှင့် ဈေးသည်များနှင့် ဘုရားပွဲတော်ဈေးကဲ့သို့ စည်းကားခဲ့ကြောင်း ၎င်းဒေသခံလူငယ်တစ်ဦးက ပြောသည်။
READMORE
 

`မကွေးမြို့သို့ရောက်ရှိလာသော သံဃာ(၂)ပါးအား ဘာသာသာသနာညှိုးနွမ်းမှုဖြင့် လူဝတ်လဲ၍ အမှုဖွင့်အရေးယူ´

ဇန်န၀ါရီ(၁၁)ရက်၊ နံနက်(၂)နာရီအချိန်ခန့်တွင် မကွေးနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ရွှေဌေးမှ တရားလိုပြုလုပ်၍ မကွေးမြို့သို့ရောက်ရှိလာသော သံဃာ(၂)ပါးအား ဘာသာသာသနာညှိုးနွမ်းမှုဖြင့် တိုင်တန်း ခဲ့ပြီး ရဲအရေးမပိုင်(ပ)၁/၂၀၁၄ ပြစ်မှုပုဒ်မ-၂၉၅(က)ဖြင့်ဖမ်းဆီး၍ တရားခံ(၂)ဦးအား ဇန်န၀ါရီ(၁၃)ရက်နေ့တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်န၀ါရီ(၁၀)ရက် ည(၁၀)အချိန်ခန့်တွင် မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာအနီး လယ်ပြင်ဘုန်းကြီးကျောင်းရှိ အခန်းတစ်ခန်းထဲတွင် သင်္ကန်းဝတ်ဘုန်းကြီးတစ်ပါးနှင့် အမျိုးသမီးတစ်ဦးတို့ ရောက်ရှိ၍ အတူအိပ်နေကြောင်းသတင်းရရှိသည်။ သတင်းအရ မကွေးတိုင်းဒေသကြီးသာသနာရေးမှူး ဦးသောင်း ရွှေ၊ မကွေးမြို့နယ်လက်ထောက်သာသနာရေးမှူး ဦးခင်မောင်လွင် နှင့်အဖွဲ့၊ မကွေးနယ်မြေစခန်းမှူး ရဲအုပ်ရွှေဌေး နှင့်အဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဌာန စာရေးကြီး ဦးခင်မောင်ဝင်း နှင့် ဆားတိုင်ကန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သိုင်းဝင်းတို့ပါဝင်သော အဖွဲ့မှ သွားရောက်ရှာဖွှေခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းဝိုင်း အတွင်းမှ လူမနေသော ကျောင်းဆောင်အတွင်းရှိ ကုတင်ပေါ်တွင် သံဃာတစ်ပါးနှင့်အမျိုးသမီးတစ်ဦးတို့ အတူတူလဲလျောင်းအိပ်နေသည် ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးအား စစ်မေးရာ သံဃာမှာ ဦးဝိမလ(ခ)ဇော်လင်း (၃၈)နှစ်၊(၇)၀ါ၊(ဘ) ဦးမောင်မောင်၊ မှတ်ပုံတင်မရှိ၊သာသနာဝင်အမှတ်မရှိ၊ မန္တလေးမြို့ မြကန်သာပရိယတ္တိစာသင်တိုက်၊ ဇာတိမှာ ကျွဲပွဲရွာ၊ တောင်ငူမြိုနယ် နှင့် အမျိုးသမီးမှာ ဒေါ်နီနီဝင်း(၃၇)နှစ်၊(ဘ)ဦးဝင်းမောင်၊ အရောင်းအ၀ယ်၊ အမှတ်(၉၈)၊ (၁၉)လမ်း၊ မင်းတဲအီကင်းရပ်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့ဟု သိရသည်။ ၎င်းတို့မှာ ဇန်န၀ါရီ(၈)ရက်နေ့တွင် 7F/8716 လိုက်ထရပ်အဖြူရောင်ကား၊ ယာဉ်မောင်း ဇော်ဝင်း(၃၄)နှစ်၊ (ဘ)ဦးသောင်းရွှေ၊ (၁၉)လမ်း၊ ကုန်းတန်းရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့ မှ ကားဖြင့် မန္တလေးမြို့မှ စတင်ထွက်လာကြောင်း၊ ဦးဝိမလ(ခ)ဇော်လင်း၏ ဇာတိဖြစ်သည့် ကျွဲပွဲရွာ၌ (၂)ညအိပ်ခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူ သံဃာဦးကုမာရ(ခ)ကျော်မင်း(၄၅)နှစ်၊(၁၂)၀ါ၊(ဘ)ဦးလှတင်၊ သာသနာဝင် အမှတ်-၉/ပကခ(သ)၀၀၀၁၀၆၊ မှတ်ပုံတင်မရှိ၊ မန္တလေးမြို့ မြကန်သာပရိယတ္တိစာသင်တိုက်၊ ဇာတိမှာ ချောင်းကမ်းရွာ၊ ထန်းတပင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး နှင့် ကိုရင်(၃)လခန့်ဝတ်လာသော ရှင်သုဇာတ(ခ) လွမ်းသူအောင်(၁၅)နှစ်၊(ဘ)ဦးကျော် ထွန်းဦး၊ မန္တလေးမြို့ မြကန်သာပရိယတ္တိစာသင်တိုက် တို့လည်း ပါဝင် ကြောင်းသိရသည်။ ၎င်းတို့သည် တောင်ငူမြို့အနီးပတ်ဝန်းကျင်တွင် ၀ိနည်းနှင့်မလျော်ညီသော အလှူခံငွေများ အလှူခံခဲ့ကြောင်း၊ ဇန်န၀ါရီ (၁၀)ရက်နေ့တွင် ကျွဲပွဲရွာမှ မကွေးမြို့သို့ထွက်ခွါလာရာ လမ်းကြောင်းတစ်လျှောက်၌ ၀ိနည်းနှင့်မလျော်ညီသော အလှူခံငွေများ အလှူခံခဲ့ကြောင်း သိရသည်။ ဇန်န၀ါရီ(၁၀)ရက်နေ့၊ ည(၇)နာရီအချိန်ခန့်တွင် မကွေးမြို့နယ် ဆားတိုင်ကန်ကျေးရွာအနီးရှိ လယ်ပြင် ကျောင်းတိုက်သို့ရောက်ရှိခဲ့ကြောင်း၊ အထက်ပါဖြစ်စဉ်အရ ၎င်းည(၁၁)နာရီအချိန်ခန့်တွင် သံဃာ(၂)ပါးနှင့် ကိုရင် (၁)ပါး တို့အား မကွေးမြို့ ပြည်တော်သာလမ်း၊ မဟာဝိသုတာရာမစာသင်တိုက်ရှိ မကွေးမြို့နယ်သံဃာ နာယက အကျိုးတော်ဆောင် ဆရာတော်ဦးသာသနထံသို့ပို့ဆောင်ခဲ့ကြောင်း၊ ဆရာတော်မှ သံဃာ(၂)ပါးအား လူဝတ်လဲ စေပြီး ဥပဒေနှင့်အညီဆောင်ရွက်ရန် မိန့်ကြားခဲ့ကြောင်း၊ ကိုရင် လွမ်းသူအောင်မှာ အရွယ်မရောက်သေးသဖြင့် ဆရာတော်ဦးသာသနမှ ဆုံးမသြ၀ါဒပေး၍ပြန်လွှတ်ကြောင်း၊ အဆိုပါသံဃာနှစ်ပါးသည် ကိုးကွယ်သည့် ဘာသာသာသနာ ကို ညှိုးနွမ်းစေသည့်လုပ်ရပ်အား လုပ်ဆောင်ခဲ့သဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
READMORE
 

``သောက်သုံးရေဖူလုံစွာရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင်ကျင်းပ´´

ဇန်န၀ါရီ(၁၀)ရက်၊ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ မကွေးမြို့ မြို့တော်ခန်းမ၌ သောက်သုံးရေ ဖူလုံစွာရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ (Workshap on Regional WASH Plainning ) ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေ သကြီးကျန်းမာရေးဦးစီးဌာန နှင့် သောက်သုံးရေဖူလုံစွာရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာန (ယူနီဆက်) တို့ ပူးပေါင်းကျင်းပကြောင်း၊ တက်ရောက်လာသူများမှာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အဖွဲ့ဝင်တစ်ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မှ တစ်ဦး၊မြို့နယ်ဖွံရေးအထောက်အကူပြုအဖွဲ့မှ တစ်ဦး တစ်မြို့နယ် လျှင် စုစုပေါင်း(၃)ဦးနှုန်းဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်မှ စုစုပေါင်း(၇၅)ဦးခန့် တက်ရောက်ကြောင်း၊ နံနက်ပိုင်း အလုပ်ရုံဆွေးနွေးပွဲကို သောက်သုံးရေဖူလုံစွာရရှိရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး(ယူနီဆက်)အဖွဲ့မှ ဦးစီးအရာရှိ ဦးခင်အောင်သိန်း က ဦးဆောင်ဆွေးနွေးပြီး အုပ်စု(၅)ဖွဲ့ခွဲ၍ အသေးစိတ်ပြန်လှန်ဆွေးနွေးတင်ပြကြောင်း သိရသည်။ ဒုတိယပိုင်း(နေ့လည်)အချိန်အလုပ်ရုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင် နှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးအောင်နိုင် တို့ မှ လာရောက်လေ့လာ နှုတ်ဆက်အားပေးကြောင်း သိရသည်။ ဒုတိယပိုင်းအလုပ်ရုံဆွေးနွေးပွဲ တွင် မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဌေး နှင့် မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးမှူး ဦးနေထက်ရှိန် တို့တက်ရောက်၍ ဆွေးနွေးမေးမြန်းချက်များအား ပြန်လည်ရှင်းလင်း ဖြေကြားကြောင်း သတင်းရရှိသည်။
READMORE
 

လက်ကျန်နိုင်ကျဉ်းများ လွှတ်ပေးရေး ချောက်မှ စစ်တွေ ဦးဥတ္တမပန်းခြံအထိ အစာငတ်ခံ လမ်းလျှောက်နေသည့် ဆရာတော် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရ

Written by ဝိုင်းအောင် • Print • Email မကွေး၊ မဇ္ဈိမ ။ ။ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၃၄ ယောက် လွတ်မြောက်ရေးအတွက် မကွေးတိုင်း၊ ချောက်မြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံအထိ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြနေသော ဆရာတော် ဦးရက္ခဝံသည် မကွေးမြို့ရောက်စဉ် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံလိုက်ရသည်ဟု ဒေသခံများက ဇန်နဝါရီ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။ ဇန်နဝါရီ ၇ ရက် ည ၉ နာရီတွင် မကွေးမြို့သို့ ရောက်ရှိရာ မကွေးမြို့မရဲစခန်း စခန်းမှူး ဒု-ရဲမှူးထွေးကိုက တရားလိုပြုလုပ်ကာ (ပ) ၂/၂ဝ၁၄ ငြိမ်းချမ်း စွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ၊ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုလိုက်သည်ဟုလည်း မကွေးရဲစခန်းက အတည်ပြုသည်။ ဆရာတော် ဦးရက္ခဝံသက "ဦးဇင်းအနေနဲ့ ဆန္ဒပြတာမဟုတ်ပါ။ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် လွှတ်ပေးရန် မေတ္တာပို့ဆုတောင်းခြင်း ဖြစ်ပါတယ်။ အစာငတ်ခံတယ်ဆိုတာ ဟုတ်ပါတယ်၊ ဆွမ်းမစားပါဘူး၊ အရည်နဲ့ ဆေးဝါးများကိုသာ ဘုန်းပေးပါတယ်။ သူတို့တရားစွဲတယ်ဆိုတာ ဦးဇင်းဆီကို ယခုထိ ဘာမှအကြောင်း မကြားသေးပါဘူး။ ဦးဇင်းအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်အောင် မေတ္တာပို့ဆုတောင်း လမ်းလျှောက်ခြင်းဖြစ်တဲ့အတွက် ဦးဇင်းကို တရားစွဲလို့ မရဘူးလို့ထင်ပါတယ် ဒကာတော်"ဟု မဇ္ဈိမကို ဇန်နဝါရီ ၈ ရက် ညပိုင်းက တယ်လီဖုန်းမှတစ်ဆင့် မိန့်ကြားသည်။ သက်တော် ၅၃ နှစ် ဝါတော် ၁၆ ဝါရှိ ဆရာတော် ဦးရက္ခဝံသ သည် ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ မကွေးကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ကြောင်း အမှုတွဲ၌ ဖော်ပြထားသည်။ ဆရာတော်သည် ချောက်မြို့နယ် ဂွေးပင်ကျေးရွာမှ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံသို့ တစ်ကိုယ်တော်ခြေလျှင်လျှောက်ပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသား ၃၄ ယောက်ကို မလွှတ်မချင်း ချီတက်ဆန္ဒပြနေရာ ဇန်နဝါရီ(၈) ရက် နံနက် (၆) နာရီတွင် မကွေးမြို့မှ ဆက်လက် ထွက်ခွာသွားသည်။ ထိုနေ့ည၌ မကွေးမြို့နယ် စိုင်ကျကျေးရွာတွင် ညအိပ်ကြိမ်းစက်ပြီး ဆရာတော်၏ နောက်ပါးမှ မကွေးတိုင်း NLD ဥက္ကဋ္ဌ ဦးသိန်းဇော်အဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသား (မကွေး) အဖွဲ့တို့မှ ဝိုင်းရံလှူဒါန်းကူညီကြကြောင်း ဒေသခံများက ပြောသည်။
READMORE
 

``ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား(၃၄)ယောက်အား လွတ်ပေးရန် ဆရာတော် ဦးရက္ခ၀ံသ တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒပြ၍ မကွေးမြို့သို့ ကြွရောက် ´´

ဇန်န၀ါရီ(၇)ရက်၊ ရေနံချောင်းမြို့မှ နံနက်(၅)နာရီစတင်လမ်းလျှောက်၍ ညနေ(၆း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့သို့ ဆရာတော် ဦးရက္ခ၀ံသကြွချီလာ၍ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား(၃၄)ယောက် လွတ်ပေးရန် ဆုတောင်း မေတ္တာပို့ပြီး တစ်ကိုယ်တော်ဆန္ဒပြ၍ ကြွရောက်လာကြောင်း၊ ည(၆း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့ နတ်မောက်လမ်းအနောက်တည့်တည့်သို့ဝင်လာပြီး ဗိုလ်ချုပ်လမ်းမြောက်မှ တောင်သို့ကြွချီကြောင်း၊ ဗိုလ်ချုပ်လမ်း မှ လမ်းငါးသွယ်အရောက် တောင်တွင်းကြီးလမ်းအတိုင်းကြွ၍ သံဃာရာမကျောင်းတိုက်သို့ ည(၇)နာရီအချိန်ခန့် တွင် ၀င်ရောက်ခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။ ဆရာတော်၏ လမ်းလျှောက်ခရီးစဉ်တွင် မကွေးမြို့နယ်မှ NLD ပါတီဝင်အချို့ ဒါယကာ ဒယိကာမများ၊ (၈၈)မျိုးဆက်ကျောင်းသား(မကွေး)အဖွဲ့ဝင်များ နှင့် ကျောင်းသား များသမ္မဂ(မြေလတ်ဒေသ)ကျောင်းသားအချို့ စုစုပေါင်းအင်အား(၃၀)ခန့်၊ မော်တော်ယာဉ်(၃)စီး၊ မော်တော် ဆိုင်ကယ်များဖြင့် လိုက်ပါလျှက် ရေပုလင်း၊ အချိုရည်၊ ဆေးဝါးများကို ဆရာတော်၏နောက်မှ ၀ိုင်းရံ ကပ်လှူကြကြောင်း၊ ဒေသခံ အာဏာပိုင်များမှ တားဆီးပိတ်ပင်ခြင်းမရှိကြောင်း သိရသည်။ ဆရာတော် ဦးရက္ခ၀ံသ သက်တော်(၅၁)၊ ၀ါတော်(၁၆)၀ါ၊ ရန်ကုန်မြို့ မြောက်ဒဂုံ၊ မကွေးကျောင်းတိုက် တွင် သတင်းသုံးကြောင်း၊ ယခု ဆရာတော်၏ တစ်ကိုယ်တော်လမ်းလျှောက် ခရီးစဉ်အစမှာ ဇန်န၀ါရီ(၆) ရက်နေ့နံနက်ပိုင်းမှာ ဂွေးပင်ရွာမှ စတင်ပြီး ရေနံချောင်းမြို့တွင် ညအိပ်ရပ်နားကြိမ်းစက်ခဲ့ကြောင်း၊ ယနေ့ည မကွေးမြို့ မင်းကန်ကြီးရပ်ကွက် တောင်တွင်းကြီးလမ်း သံဃာရာမ စာသင်တိုက်ကျောင်း၌ ညအိပ်ရပ် နားကြိမ်းစက်ကြောင်း၊ ဇန်န၀ါရီ(၈)ရက်နေ့ နံနက်(၆)နာရီအချိန်တွင် မကွေးမြို့မှ ပြန်လည်ထွက်ခွါ၍ မကွေးမြို့နယ် စိုင်ကျကျေးရွာတွင် ညအိပ်ကြိမ်းစက်မည်၊ ဇန်န၀ါရီ(၉)ရက်နေ့တွင် ကိုးပင်ကျေးရွာ၌ ညအိပ်ကြိမ်းစက်မည်ဖြစ်ကြောင်း၊ ထိုမှ အောင်လံ၊ ပြည်၊ ပြည်န၀ဒေး ဧရာဝတီဖြစ်ကူးတံတားကိုဖြတ်၍ ရခိုင်ပြည်နယ်ရှိ ဆရာတော်ဦးဥတ္တမ ပန်းခြံသို့ ခြေလျှင်ကြွရောက်ပြီး ခရီးစဉ်လမ်းဆုံးမည်ဖြစ်ကြောင်းသိရသည်။ ``အဓိက ကတော့နိုင်ငံတော်သမ္မတကြီးကို ဘုန်းဘုန်းမေတ္တာရပ်ခံချင်ပါတယ်။ မင်းကျင့်တရားဆယ်ပါးနဲ့လဲ အုပ်ချုပ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုလဲ လွှတ်ပေးသင့်သလောက် လွှတ်ပေးနေပါပြီ၊ ဒါပေမယ့် လက်ရှိ နိုင်ငံရေးအကျဉ်းသား(၃၄)ယောက်ကျန်နေသေးပါတယ်၊ အဲဒါတွေဘာကြောင့် ကျန်နေတာလဲ မေးတာ ဘာအဖြေမှ မရပါဘူး၊ လွှတ်လဲမပေးသေးပါဘူး၊ (၃၄)ယောက်တင်မဟုတ်ဘူး၊ နိုင်ငံရေးအကျဉ်းသား တစ်ယောက်တည်းးကျန်နေရင်လဲ ယခုလိုဆက်လက် ဆုတောင်း မေတ္တာပို့ပြီး တစ်ကိုယ်တော်ဆန္ဒပြ၍ ကြွနေအုံးမှာပါ။ ပထမ ရန်ကုန်-လိုင်ဇာ လမ်းလျှောက်တဲ့အဖွဲ့ခရီးစဉ် ဦးဇင်းလဲပါတယ်၊ မန္တလေး- ရခိုင်ခရီးစဉ်မှာ ခြေလျှင်ကြွနေတုန်းက နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို သမ္မတကြီးက လွှတ်ပေးလိုက်လို့ ဂွေးပင်ရွာ အရောက်ကနေ ဦးဇင်းပြန်ကြွခဲ့ပါတယ်။ ယခု လွှတ်ပေးပြီ ကျန်နေသေးတဲ့ (၃၄)ယောက်စာရင်းကို AAPP က စာရင်းပေးပါတယ်၊ ဒါကြောင့် ချောက်မြို့နယ် ဂွေးပင်ရွာကနေ- ရခိုင်ပြည်ရှိ ဆရာတော်ဦးဥတ္တမ ပန်းခြံထိ ဆက်ပြီးကြွအုံးမှာပါ..။´´ဟု ဆရာတော် ဦးရက္ခ၀ံသ က ပြောသည်။
READMORE
 

``မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ မကွေးတိုင်းဒေသကြီးသို့ ကွင်းဆင်းဆောင်ရွက်´´

ဇန်န၀ါရီ(၇)ရက်၊ နေ့လည်(၂ နာရီမှ ညနေ ၄ နာရီ)အချိန့်ခန့်တွင် မကွေးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် နှင့် ဆပ်ကော်မတီအဖွဲ့ဝင်များသည် မကွေးတိုင် ဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မြေအသုံးချမှုစီမံခန့်ခွဲမှုဆပ်ကော်မတီဝင်များ၊ စီမံကိန်းရေး ဆွဲရေးဦးစီးမှူး များနှင့် ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မရှင်မှ ပေးပို့သည့်အစီရင်ခံစာ အပိုင်း(၁)(၂)(၃)နှင့် အပိုင်း(၃)နောက်ဆက်တွဲပါ မြေသိမ်းဆည်းမှုနှင့်သက်ဆိုင်သော ဌာန၊စက်ရုံ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၁၂၀)ဦးခန့် တက်ရောက်၍ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။ မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုဆပ်ကော်မတီသို့ မြန်မာပြည်တစ်လုံးမှ ရောက်ရှိနေသော တိုင်ကြား စာပေါင်း(၃၃၇၈)စောင်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းမှ တိုင်ကြားစာ(၂၇၅)ဦးရှိကြောင်း သိရသည်။ မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုဆပ်ကော်မတီ ဥက္ကဋ္ဌ မှ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုဆပ်ကော်မတီရုံးများကို သီးခြားရုံးဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ တစ်ပတ်လျှင် တစ်ကြိမ်အစည်းအဝေးထိုင်ပြီး ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မရှင်မှ ပေးပို့သည့်အစီရင်ခံစာ အပိုင်း(၁)(၂)(၃)နှင့် အပိုင်း(၃)နောက်ဆက်တွဲပါ မြေသိမ်းဆည်းမှုနှင့်သက်ဆိုင်သော ဌာန၊စက်ရုံ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တိုင်ကြားသော တောင်သူများကို ခေါ်ယူရှင်းလင်းရမည်ဖြစ်ကြောင်း၊ တောင်သူများ ဘက်မှ လိုအပ်တဲ့ ဖြည့်စွက်ရန်ပုံစံများကို ရုံးမှာတစ်ထိုင်တည်းဖြည့်စွက် လက်မှတ်ထိုးခိုင်းရန်လိုအပ်ကြောင်း၊ ရုံးဆန်ဆန် တောင်သူများထံ ပုံစံစာရွက်တွေပေးထားပြီး ပြန်မရောက်သေးလို့ဆိုတာ မဖြစ်စေလိုကြောင်း၊မလာရောက်သေး သော တောင်သူများထံ ရုံးအဖွဲ့မှသွားရောက်ပြီး ခေါ်ဆောင်ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က ပြောကြားသည်။ ``ကျွန်တော်တို့ ဒီအစိုးရလက်ထက်မှာ မြေယာနဲ့ပတ်သက်တဲ့မှုခင်းကိစ္စများကို ပြီးပြတ်အောင် လက်ရှိမြေ အသုံးချထားတဲ့သူတွေကလဲ တရားဝင် မြေလွှဲမိတ္တူတွေနဲ့ပြည့်စုံအောင်လုပ်ထားရမယ်၊ ပြန်ပေးမယ် ဆိုတဲ့မြေများ ကိုလဲ မူလပိုင်ရှင်များထံ အမည်ပေါက်အောင်လုပ်ပေးရမယ်၊ အဲလိုမှ ပြတ်အောင်မလုပ်ခဲ့ရင် နောက်တစ်ခါ ဒီကိစ္စတွေကို ပြန်လည်ဖြေရှင်းနေရအုံးမယ်၊ ဒါကြောင့်လုပ်ငန်းတွေကို ပြီးပြတ်အောင် ဆောင်ရွက်ဖို့လိုပါတယ်´´။ ဟု ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က ပြောကြားသည်။
READMORE
 

`တောင်သူလယ်သမားများ အတွက် သဘာဝမြေသြဇာဖော်ဆောင်သောနည်းစနစ်အခမဲ့ (၁၀)ရက်သင်တန်း´

ဇန်န၀ါရီ(၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ(၁၀)ရက်၊ နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၅)နာရီအချိန်ထိ မကွေးမြို့နယ် ယင်းချောင်းတံတားအနီး သြဇာကုန်းကျေးရွာ၌ တောင်သူလယ်သမားများ အတွက် သဘာဝ မြေသြဇာဖော်ဆောင်သောနည်းစနစ်(၁၀)ရက်အခမဲ့သင်တန်းဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်းကို မကွေးမြို့ ဆားစေ့ရပ်ကွက်၊ ဈေးလမ်း၊ အမှတ်(၁၆၁) ရတနာမေတ္တာ(NGO)အဖွဲ့မှ ပံ့ပိုးကူညီ၍ (Way of The Organic Farning) အော်ဂဲလ်နစ်စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝကျကျဖော်ဆောင်သော နည်းစနစ်အခမဲ့ပို့ချရေးအဖွဲ့ က (၁၀)ရက်သင်တန်းပေးပို့ကြောင်း၊ အခမဲ့ပို့ချ ပေးသော သင်တန်းဆရာများမှာ ဦးစိုးသွင်ဦးမောင်(စိုက်ပျိုးရေး-ကျွမ်းကျင်ပညာရှင်)၊ ဦးလှဆန်း(ဧကမ္ဘာ မကွေး) နှင့် ဦးထွန်းခင်(တိုင်းမိုးဝေ စိုက်ပျိုးရေး မကွေး) တို့သုံးဦးက ပို့ချပြီး သင်တန်းတက်ရောက်သူ တောင်သူများ (၃၅)ဦးရှိကြောင်းသိရသည်။ ``ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝကျကျဖော်ဆောင်သော နည်းစနစ်ကတော့ (ဓာတု)မြေသြဇာတွေအစား အသုံးပြုတဲ့ သဘာဝမြေသြဇာပြုလုပ်သုံးစွဲခြင်းဖြစ်ပါတယ်။ မိမိတို့ရဲ့အိမ်နောက်ဖေး မှာ အလျား(၁၂)ပေ၊ အနံ(၃)ပေ၊ အမြင့်(၃)ပေ ကန်ပြုလုပ်ပါ။ အောက်ခြေက ပလပ်စတစ်ခင်းထားပါ။ အောက်ခြေ မှာ မြေဆွေး(သို့မဟုတ်) နှမ်းရိုးစုတ်၊ ကောက်ရိုး တစ်လက်မတစ်ထပ်ခင်းပါ။ နောက် နွားချေး၊ ကျွဲချေး(၁) လက်မတစ်ထပ်ခင်းပါ။ အဲဒီအပေါ်ကနေ ခင်ဗျားတို့ဆီပေးထားတဲ့စာရွက်မှာပါတဲ့ စွန့်ပြစ်ပစ္စည်းတွေ ကိုထည့်ပါ၊ လယ်ယာလုပ်ငန်းမှစွန့်ပြစ်ပစ္စည်း၊ သစ်တောထွက်စွန့်ပြစ်ပစ္စည်း၊ ရေလုပ်ငန်းမှစွန့်ပြစ်ပစ္စည်း၊ မီးဖိုးချောင်သုံး စွန့်ပစ္စည်း နဲ့ တိရိစ္ဆာန်များမှ စွန့်ပြစ်ပစ္စည်းဆိုတဲ့ ဒီ(၅)မျိးကို သဘာဝမြေသြဇာပြုလုပ်နိုင်ပါတယ်။ အဲဒီမြေသြ ဇာကန်တစ်ခု ပြုလုပ်လို့ရတဲ့ သဘာဝမြေသြဇာတွေက တစ်တင်းခွဲအိပ်(၅၀)အိပ်ရမယ်၊ လယ်ယာ(၅)ဧက အတွက် အသုံးပြုလို့ရမယ်၊ သဘာဝမြေသြဇာကန်တစ်ကန်ရဲ့ ကုန်ကျစရိတ်ကငါသောင်းကျပ်ခန့်သာ ကုန်ကျပါ့ မယ်။ လုပ်ပုံလုပ်နည်းစနစ် ကိုတော့ အခြေခံသင်တန်း(၅)ရက်၊ ပုံမှန်သင်တန်း(၇)ရက် ယနေ့ကျင်းပတဲ့ အဆင့်မြင့်သင်တန်း (၁၀)ရက်ပြီးသွားရင် အားလုံးသဘောပေါက်နားလည်ပြီး အသုံးပြုလုပ်တတ်သွားကြပါ့ မယ်။´´ဟု သင်တန်းဆရာ ဦးလှဆန်း က ပြောသည်။ ၎င်းတို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝကျကျဖော်ဆောင်သော နည်းစနစ်အခမဲ့ပို့ချရေး အဖွဲ့ က ဆရာများကိုယ်တိုင် မိမိတို့သဘာဝမြေသြဇာထုတ်လုပ်ပြီး လက်တွေ့စိုက်ပျိုးထားသော စိုက်ခင်းများကို ပြသသည်။ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၌ သင်တန်းပေါင်း(၅၂)ပွဲ ပို့ချဖွင့်လှစ်ပြီးခဲ့ကြောင်း သင်တန်းဆရာများမှာ ဦးစိုးသွင်ဦးမောင်(စိုက်ပျိုးရေး-ကျွမ်းကျင်ပညာရှင်)က ပြောသည်။
READMORE
 

``မကွေးတိုင်းဒေသကြီး မကွေးမြို့ (၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား´´

၂၀၁၄၊ ဇန်န၀ါရီ(၄)ရက်၊ နံနက်(၄)နာရီမှ (၄း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့ အောင်ချမ်းသာရပ်ကွက် ပြည်တော်သာလမ်း၊ မကွေးတိုင်းအားကစားကွင်း၌ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပကြောင်းသတင်းရရှိသည်။ အဆိုပါအလံတင်အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်နှင့် ၀န်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲ များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သူနာပြု သင်တန်းကျောင်း၊ ပညာရေးကောလိပ်မှ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့် တက်ရောက်၍ အလံတင် အခမ်းအနားကျင်းပကြောင်း သိရသည်။ ၎င်းနောက် ဒုတိယအခမ်းအနား နံနက်ပိုင်(၇)နာရီမှ(၇း၃၀)အချိန်ခန့်တွင် (၆၆)နှစ်မြောက်လွတ်လပ်ရေး နေ့ သ၀ဏ်လွှာဖတ်ကြားပွဲ အခမ်းအနား ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်ဇနီး၊ ၀န်ကြီးများ၊ တပ်မတော်စစ်ရေးပြဂုဏ်ပြုတပ်ဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုပ်သားပြည်သူများ စုစုပေါင်းအင်အား(၁၅၀၀)ဦး ခန့်တက်ရောက်ကြောင်းသိရသည်။ နိုင်ငံတော်သမ္မတပေးပို့သည့်(၆၆)နှစ်မြောက်လွတ်လပ်ရေး နေ့ သ၀ဏ်လွှာအား မကွေးတိုင်းဒေသကြီး ၀န်ကြီးဦးဘုန်းမော်ရွှေက ဖတ်ကြားခြင်း၊ သစ္စာအဓိဌာန်(၄)ရွတ်ဆိုခြင်း၊ တပ်မတော်စစ်ရေးပြဂုဏ်ပြုတပ်ဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့မှ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်အား သေနပ်မြှောက် အလေးပြုခြင်း၊ နိုင်ငံတော်အလံ အားအလေးပြုခြင်း၊ ကျဆုံးလေပြီး သော တပ်မတော်သားများအား အလေးပြုခြင်းများ ပြုလုပ်ကျင်းပကြောင်း သတင်းရရှိသည်။
READMORE
 

``(၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မကွေးမြို့နယ် NLDပါတီမှ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ´´

ဇန်န၀ါရီ(၄)ရက်၊ နေ့လည်(၂ နာရီမှ ညနေ ၄း၃၀)နာရီအချိန်ထိ မကွေးမြို့ မြင်သာရပ်ကွက်၊ မဲထီးလမ်းရှိ မကွေးမြို့နယ် NLDပါတီရုံးတွင် NLD လူငယ်ညီလာခံကျင်းပရေးကော်မရှင်မှ ကြီးမှူးကျင်းပ၍ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းNLD ဗဟိုကော်တီဝင်များ၊ ခရိုင်လူငယ်ညီလာခံကော်မရှင်ကျင်းပရေး ဥက္ကဋ္ဌ ဦးရဲတင့်၊ မကွေးမြို့နယ် NLDပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်စန္ဒာဝင်း နှင့် အလုပ်အမှုဆောင်များ၊ လူငယ်ပါတီဝင်များ နှင့် ပါတီဝင်မဟုတ်သော တက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူလူငယ်များ စုစုပေါင်းအင်အား(၆၀)ကျော်ခန့်တက်ရောက်ကြသည်။ (၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲသို့ စာရေးဆရာ ကဗျာဆရာ မောင်ပင်နီ(ကျေးလက်) က` အမေ´ ကဗျာဖြင့် စတင်ဖွင့်လှစ်သည်၊ မကွေးမြို့နယ် NLDပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး မှ နိုင်ငံသားနှင့် နိုင်ငံရေးအကြောင်းပြောဆို၍ ကဗျာဆရာ ဖျာပုံ-နီလုံဦး ၏ ကမ္ဘာ့နေရာ ကဗျာကို ရွတ်ဆိုကြောင်း၊ ဒု ဥက္ကဋ္ဌ ဒေါ်စန္ဒာဝင်းမှ လွတ်လပ်ရေးနေ့ အကျဉ်းပြောသည်။ မကွေးမြို့နယ်NLDပါတီ လူငယ်ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဌေး က `လူငယ်နှင့်အနာဂတ်အကြောင်းပြောသည်။ လူငယ်ညီလာခံကျင်းပရေး ကော်မရှင် အတွင်းရေးမှူး ဒေါ်ခင်ချိုလတ် က ကျပန်းစကားပြောပြိုင်ပွဲ၏ ခေါင်းစဉ်များနှင့် အမှတ်ပေး စည်းမျဉ်း စည်းကမ်းများကိုပြောကြားသည်။ ကျပန်းစကားပြောပြိုင်ပွဲသို့ ပြိုင်ပွဲဝင်လူငယ်(၁၂)ဦးစာရင်းပေး၍ အုပ်စုတစ်စုလျှင်(၄)ဦးစီဖြင့် A,B,C သုံးအုပ်စုခွဲပြီး တစ်ဦးလျှင်(၅)မိနစ်ပြောခွင့်ပြုကြောင်း၊ ပေးထားသော ခေါင်းစဉ်(၅)ခုထဲမှ မဲနှိုက်၍ မဲကျသော ခေါင်းစဉ်အား အုပ်စုလိုက်ပြောခွင့်ပြုကြောင်းသိရသည်။ A အုပ်စုတွင် မောင်ချမ်းမြေ့မိုး(ဘူမိဗေဒဂုဏ်ထူးတန်း)၊ မောင်နွေဦးကိုကို(NLDလူငယ်)၊ မမြသန္တာ(ဒုတိယနှစ်ပထ၀ီ)၊ မောင်ထိုက်အောင်(ဒုတိယနှစ် GTU)(၄)ဦးတို့မှ `ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အချင်းများ´ ခေါင်းစဉ်ဖြင့် ပထမဆုရရှိကြောင်း၊B အုပ်စုတွင် မောင်မောင်စိုးလွင်(မကွေး GTU)၊ မောင်ကျော်(မကွေး GTU)၊ မောင်ပြည့်ဖြိုးကျော်(NLDလူငယ်)၊ မဥမ္မာ (NLD လူငယ်) (၄)ဦးတို့မှ `လူငယ်နှင့်နိုင်ငံရေး´ခေါင်စဉ်ဖြင့် ဒုတိယဆု ရရှိကြောင်း၊ C အုပ်စုတွင် မသန္တာအောင် (ပထမနှစ် ပထ၀ီ)၊မောင်မျိုးမင်းထိုက်(မြို့ပြ)၊ မောင်ချစ်ဝင်းမောင်(မကွေး GTU)၊ မောင်မုန်းအားမာန်(အင်္ဂလိပ် စာဘွဲ့) (၄)ဦးတို့ မှ `နိုင်ငံရေးအမြင်´ခေါင်းစဉ်ဖြင့် တတိယဆု ရရှိကြောင်း သတင်းရရှိသည်။
READMORE
 

``မကွေးမြို့ စိုးကောမင်းရပ်ကွက် လမ်းငါးသွယ် အဆင့်မြင့် သုံးထပ်ဈေးသစ်ဖွင့်လှစ်´´

ဇန်န၀ါရီ(၄)ရက်၊ နံနက်(၈း၃၀)နာရီအချိန်တွင် (၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအား ဖြင့် မကွေးမြို့ စိုးကောမင်းရပ်ကွက် လမ်းငါးသွယ် အဆင့်မြင့် သုံးထပ်ဈေးဖွင့်လှစ်ကြောင်း သတင်း ရရှိသည်။ အဆိုပါအဆင့်မြင့်သုံးထပ်ဈေးသစ်ဖွင့်လှစ်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော် ရွှေ နှင့် အစိုးရ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီး အကဲများ၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန ဆရာ ဆရာမများ၊ ဘင်ခရာတပ်ဖွဲ့ကျောင်းသား ကျောင်းသူများ နှင့် မြို့မိမြို့ဖများ စုစုပေါင်းအင်အား (၂၀၀)ကျော်ခန့်တက်ရောက်ကြောင်း၊ အဆိုပါသုံးထပ်ဈေးသစ်ကြီးမှာ အလျား (၇၀)ပေ၊ အနံ(၃၆)ပေ၊ RCသုံးထပ် ဆောက်လုပ်ထားကြောင်း၊ ဆိုင်ခန်းပေါင်း(၁၄)ခန့်ရှိပြီး ကုန်ကျငွေမှာ ငွေကျပ်(၂၄၂၀)သိန်းကုန်ကျ ခံ၍(၄-၉-၂၀၁၃)နေ့က စတင်ဆောက်လုပ်ခဲ့ကြောင်း၊ မြေညီထပ်ဆိုင်ခန်းပေါင်း (၆)ခန်းအား ဆိုင်ခန်းတစ်ခန်း တန်ဘိုးငွေကျပ်သိန်း(၃၀၀)၊ ဒုတိယထပ်ဆိုင်ခန်း(၆)ခန်းအား တစ်ခန်းလျှင် ငွေကျပ်သိန်း(၂၀၀) နှင့် တတိယထပ် တွင် ဆိုင်ခန်း(၂)ခန်းရှိပြီး တစ်ခန်းတန်းဘိုးငွေကျပ်သိန်း(၄၀၀) ဖြင့် ဆိုင်ခန်းအားလုံးကို ရောင်းချပေးပြီးဖြစ် ကြောင်း၊ ဤဈေးသစ်ကြီးသည် မကွေးမြို့လယ်အချက်အခြာကျပြီး တစ်နေရာတည်းမှာ ဘဏ်၊ အင်တာနက် ကွန်ပျူတာဆိုင်များ၊ ပလက်တီနန်ရွှေဆိုင်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များနှင့် အပေါ်သုံးထပ်တွင် သီးခြားဘားခန်းဆိုင်၊ စားသောက်ဆိုင် များရှိကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ ကပြောသည်။
READMORE
 

`` အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က မကွေးတိုင်းတွင်းရှိမြေယာသိမ်းဆည်းမူ (၂၀၀)ကျော်မှ (၁)မှုသာ နိုင်ငံတော်အစိုးရ က ပြန်ပေး ဟု (၈၈)မျိုးဆက်(မကွေး)ရုံးမှ လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြော´´

ဇန်န၀ါရီ(၄)ရက်၊ နံနက်(၈ မှ၉း၁၅)နာရီအချိန်ထိ၊ မကွေးမြို့ ရွာသစ်ရပ်ကွက်၊ ၁၅လမ်းရှိ (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) ရုံးတွင် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပကြောင်းသတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ( ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်း စစ်ဆေးရေးကော်မတီ)နှင့် မကွေးမြို့နယ် NLDပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် မကွေးမြို့တွင်းရှိ လူမှုကွန်ရက်အဖွဲ့များ၊ မကွေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်များ နှင့် (၈၈)မျိုးဆက်(မကွေး)အဖွဲ့ဝင်များ စုစုပေါင်း(၁၀၀)ခန့် တက်ရောက်ကြသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က လွတ်လပ်ရေးနေ့ အကြောင်းနှင့် မကွေးတိုင်းအတွင်းရှိ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်း စစ်ဆေးရေးကော်မတီ၏ လုပ်ဆောင် ချက်များကို ပြောကြားသည်။ ၎င်းပြောကြားချက်များမှ လယ်မြေယာသိမ်းဆည်းခြင်း ကိစ္စများမှ သိလိုသည်များကို မကွေးမြစ်ကွေ့ ဧရာလူမှုကွန်ရက် မှ ဥက္ကဋ္ဌ ဦးခင်မောင်ကြည်၊ အတွင်းရေးမှူး ဦးအောင်ကျော်ကျော် နှင့် မကွေးDVD သတင်းထောက် ဇော်ဖေ တို့သုံးဦးက မေးမြန်းကြသည်။ ဦးလှဆွေ၏ ဖြေဆိုချက်မှ ကောက်နှုတ် ဖော်ပြပါသည်။ `` ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအတွင်းမှာ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းအမှုပေါင်း (၂၀၀)ကျော်ကို စစ်ဆေးဆောင်ရွက်ပြီး လွှတ်တော်သို့ တင်ပြပေးပြီးဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်အစိုး ရအဖွဲ့က လယ်ယာမြေသိမ်းဆည်းခြင်းအမှု (၁)မှုသာ ပြန်ပေးနိုင်ပါသေးတယ်။ စစ်တပ်ကသိမ်းဆည်းထားတဲ့ ပိုတဲ့ လယ်ယာမြေတွေကိုတော့ ပြန်ပေးပါ့မယ်လို့ စစ်တပ်က ဂတိပေးထားပါတယ်။ စစ်တပ်ကိုတော့ ယုံကြည် ပါတယ်။ အသိမ်းဆည်းခံရတဲ့ လယ်ယာမြေပိုင်ရှင်များအနေနဲ့ မိမိတို့ပိုင်ဆိုင်ကြောင်း အထောက်အထားကို တိတိကျကျ ကိုင်ထားပြီး ပြသဖို့လိုပါတယ်။ စစ်တပ်ကတော့ တိုက်ရိုက်ပြန်ပေးမှာမဟုတ်ပါဘူး၊ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများကနေ တဆင့်ပြန်ပေးမှာပါ။ လယ်ယာမြေပိုင်ရှင်များအနေနဲ့ မိမိတို့ပိုင်ဆိုင်ခဲ့တဲ့မြေများကို မှန်မှန်ကန်ကန်ပြသခွဲဝေပြီးယူကြဖို့လိုပါတယ်။ သက်ဆိုင်ရာဒေသတာဝန်ရှိတဲ့ဌာနများကလဲ မှန်မှန်ကန်ကန်နဲ့ တရားမျှတစွာ ဆောင်ရွက်ပေးဖို့လိုပါတယ်။ ခက်နေတာက ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဆင့်ပိုင်းအုပ်ချုပ်သူတွေ ဟာ ပြည်သူကရွေးကောက်တင်မြှောက်ထားသူတွေမဟုတ်ကြဘဲ အစိုးရ၀န်းထမ်းတွေ ဖြစ်နေပါတယ်။ ဒီကိစ္စကို ယခုလာမယ့်လွှတ်တော်မှာဆွေးနွေးတင်ပြပါ့မယ်။ ၂၀၀၈ ခု၊ အခြေခံဥပဒေပြင်မဲ့အထဲမှာလဲ ဒီကိစ္စပါနေပါတယ်။ ကျန်တဲ့လယ်ယာမြေသိမ်းဆည်းမှု တွေကို ဘယ်တော့ဖြေရှင်း မှာလဲ ဆိုတာကတော့ ယခု ဇန်န၀ါရီလထဲပြန်ပြီး ကျင်းပမဲ့ လွှတ်တော်မှာတင်ပြဖို့ ကျွန်တော့်ဘက်က စနစ်တစ်ကျနဲ့ ဆောင်ရွက်ထားရှိပြီးပါပြီ..။ ကျွန်တော်တို့ကော်မတီက တင်ပြပေးရုံသာဖြစ်ပါတယ်။ ဆောင်ရွက် ပေးရမှာက နိုင်ငံတော်အစိုးရဖြစ်ပါတယ်။ အုပ်ချုပ်ရေးအဏာကို ကျွန်တော်တို့က ၀င်ရောက်စွက်ဖက်လို့မရပါဘူး။ ယခုလို ဘာကြောင့်အချိန်ကြာ နေရတာလဲဆိုရင်တော့ ကျွန်တော်တို့ကစစ်ဆေးတင်ပြထားတယ်၊ သူတို့က ပြန်လည် စစ်ဆေးအုံးမယ်ဆိုတော့ အချိန်က မကြာသင့်ဘဲကြာနေရပါတယ်။ ကျွန်တော်ဆိုရင် တော်တော်ကို မျက်နှာပူနေရပါတယ်။ ကျွန်တော်က ပြန်ရပါလိမ့်မယ်ပြောထားပြီး ပြန်မရတာတွေ အများကြီးပါ။ ပုဂ္ဂလိက မြေယာမှုခင်းတွေကို ကျွန်တော်တို့က မကိုင်ပါဘူး၊ မြေယာသိမ်းဆည်းမှုများကိုသာ စစ်ဆေးတင်ပြပေးပါတယ်။ ဥပမာ တစ်ခု တင်ပြရရင် စစ်ဗျူဟာမှူးကြီးက စစ်ဆေးပြီးတာကို ဒုဗိုလ်လေးတစ်ယောက်က အဆင့်ဆင့်ပြန်လည်စစ်ဆေး တင်ပြနေသလို ဖြစ်နေပါတယ်။ ပိုက်လိုင်းကိစ္စအတွက် လယ်ယာမြေတွေကို သိမ်းဆည်းရင် သိမ်းဆည်းပါစေ၊ သိမ်းဆည်း တဲ့လယ်ယာမြေတန်ဖိုးတွေကို လယ်ယာမြေပိုင်ရှင်များအတွက် အင်မတန်ကြေးကြီးပေးရတဲ့ မြန်မာပြည် ကျောက်စိမ်းဆိုင်းဝိုင်းနဲ့ အလှူပွဲလုပ်နိုင်အောင် လျှော်ကြေးတွေပေးပါလိမ့်မယ်ခင်ဗျာ….။´´ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ( ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်း ခြင်း စစ်ဆေးရေးကော်မတီ) က ၎င်းအခမ်းအနားတွင်ပြောကြားသည်။
READMORE
 

``မကွေးမြို့လွတ်လပ်ရေးပန်းခြံ လွတ်လပ်ရေးကျောက်တိုင်သို့ ကျောင်းသားများသမဂ္ဂအဖွဲ့၊ မြစ်ကွေ့ဧရာလူမှုကွန်ရက် နှင့် (၈၈)မျိုးဆက်အဖွဲ့(မကွေး)တို့ ချီတက်အလေးပြု´´

ဇန်န၀ါရီ(၄)ရက် လွတ်လပ်ရေးနေ့ နံနက်(၉း၃၅)နာရီအချိန်ခန့်တွင် မကွေးမြို့ စိုးကောမင်းရပ်ကွက် ဗိုလ်ချုပ်လမ်း၊ လွတ်လတ်ရေးပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်သို့ မကွေးမြို့တက္ကသိုလ်ပေါင်းစုံ ကျောင်းသား များသမဂ္ဂအဖွဲ့၊ မြစ်ကွေ့ဧရာလူမှုကွန်ရက် နှင့် (၈၈)မျိုးဆက်အဖွဲ့(မကွေး)တို့ ချီတက်အလေးပြုကြောင်း သတင်းရရှိသည်။ အဆိုပါချီတက်အလေးပြုပွဲသို့ မကွေးမြို့ ရွာသစ်ရပ်ကွက် ၁၅လမ်း (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး)ရုံး မှ လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပပြီး စုရပ်ပြုလုပ်၍ လွတ်လပ်ရေး ကျောက်တိုင်သို့ ချီတက်အလေးပြုကြောင်းသိရသည်။ မကွေးဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ဦးဆောင် ၍ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ မကွေးမြစ်ကွေ့ဧရာလူမှုကွန်ရက်အဖွဲ့နှင့် (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး)အဖွဲ့ စုစုပေါင်းအင်အား(၃၀)ခန့် ချီတက်အလေးပြုကြောင်း သိရသည်။ ``ကျွန်တော်တို့အဖွဲ့က မနှစ်ကစပြီး လွတ်လပ်ရေးကျောက်တိုင်ကိုချီတက်အလေးပြုပါတယ်။ ယနေ့ကောဆိုရင် နှစ်ကြိမ်ရှိပါပြီ၊ ဒီလိုမျိုးလွတ်လပ်ရေးနေ့ကြီးမှာ ကျွန်တော်တို့လိုဘဲ တစ်မြို့လုံးရှိ ပြည်သူလူထုတွေက အုန်းအုန်း ကျွက်ကျွက်စည်စည်ကားကား ချီတက်အလေးပြုစေချင်ပါတယ်၊ ဒီလိုအစဉ်အလာကောင်းတွေ ကွယ်ပျောက်နေ တာကြာခဲ့ပါပြီ..´´ ဟု ဆေးတက္ကသိုလ်ကျောင်း သားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုထက်ထက်ဇော် ကပြောသည်။
READMORE
 

``မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ကြောင်း သိရ´´

၂၀၁၄၊ ဇန်န၀ါရီ(၂)ရက်နေ့မှစတင်၍ မကွေးမြို့သတင်းတပ်ဖွဲ့မှူးရုံးတွင် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ကြောင်း၊ အလားတူအခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ မကွေးမြို့ ရွာသစ်ရပ်ကွက်၊ တိုင်းဆေးရုံလမ်း၊ သတင်းတပ်ဖွဲ့မှူးရုံးတွင် ၂၀၁၄၊ ဇန်န၀ါရီ(၂)ရက် နေ့မှစတင်၍ မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ကြောင်း၊ ယခင်က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ရန်ကုန်နှင့် မန္တလေးရုံးခွဲမှထုတ်ပေးရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသခံပြည်သူများ စရိတ်အကုန်အကျ သက်သာ၍ လွယ်ကူချောမွေ့စွာ လျှောက်ထားထုတ်ယူနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ လျှောက်ထားနိုင်သည့် နိုင်ငံကူးလက်မှတ်များ(၇)မျိုးရှိကြောင်း၊ အလည်ခရီးသွားရောက်လိုသူများ(PV)၊ အလုပ်အကိုင်ဖြင့်သွားရောက်လို သူများ(PJ)၊ ပညာသင်သွား ရောက်မည့်သူများ(PE)၊ စီးပွားရေးလုပ်ငန်းရှင်များ(PB)၊ ဘာသာရေးကိစ္စ(PR)၊ မှီခိုလိုက်ပါမည့်သူများ(PD) နှင့် သင်္ဘောသားများ(PS) စသည်တို့ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး သတင်း တပ်ဖွဲ့မှူးရုံး မှ ဒု ရဲမှူး ခင်မောင်ဝင်း က ပြောသည်။ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများသည် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း(မူရင်း) များကို ယူဆောင်လာရမည်။ သက်တမ်းတိုးမည့်သူများသည် နိုင်ငံကူးလက်မှတ်(အဟောင်း) ယူဆောင်လာ ရမည်။ ပုံမှန်လျှောက်ထားသူများသည် လျှောက်ထားသည့်နေ့မှစ၍(၁၀)ရက်ပြည့်လျှင် ထုတ်ယူနိုင်ကြောင်း၊ နိုင်ငံခြားသို့ ဆေးကုသသွားမည့်သူများနှင့် နိုင်ငံဝန်ထမ်းများအား(၅)ရက်ခန့်ဖြင့်ထုတ်ယူနိုင်ကြောင်း၊ လျှောက် ထားသူများကုန်ကျမည့်ငွေစုစုပေါင်း နှစ်သောင်းငါးထောင်ကျပ်ဖြစ်ကြောင်း၊ မနလစာအုပ်ဖိုး(မြန်မာ့စီးပွားရေး ဘဏ်သွင်း)၁၉၀၀၀ ကျပ်၊ Online ၀န်ဆောင်ခ ၁၀၀၀ ကျပ်၊ ဓာတ်ပုံဖိုး ၂၀၀၀ ကျပ်၊ ဆေးမင်ဖိုး နှင့်ပြုပြင်ထိမ်းသိမ်းခ ၁၀၀၀ ကျပ်၊ လျှောက်လွှာပုံစံဖိုး ၂၀၀ ကျပ်၊ စက်ပစ္စည်းနှင့်ဝန်ဆောင်ခ ၁၈၀၀ ကျပ် တို့ဖြစ်ကြောင်း သတင်းရရှိသည်။
READMORE
 

လွတ်လပ်ရေးနေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ပွင့်ဖြူ ဇန်န၀ါရီ ၃ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၄)အထည်စက်ရုံ (ပွင့်ဖြူ) ၀န်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ဇန်န၀ါရီလ(၃)ရက်နေ့ နံနက်(၁၀)နာရီ က မကွေးမြို့ တိုင်းဒေသကြီးပြည်သူ့ဆေးရုံ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ကျင်းပရာ ဦးသန့်ဇင်အောင်၊ဒု-အထွေထွေမန်နေဂျာ(စီမံခန့်ခွဲရေး) အမှတ်(၄) အထည်စက်ရုံ(ပွင့်ဖြူ) ဦးဆောင်သော သွေးလှူရှင် စေတနာရှင်(၅၀)ဦး မှ ပထမအကြိမ် စုပေါင်း သွေးလှူဒါန်းခဲ့သည်။(ပုံ) အဆိုပါသွေးလှူရှင်များအဖွဲ့သည် စေတနာရှင်ဝန်ထမ်း(၂၀၀)ဦးစုဖွဲ့၍ တစ်လလျှင်(၅၀)ဦး နှုန်းဖြင့် (၄)လတစ်ကြိမ်စီ လစဉ်ပုံမှန် သွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ တင်ထွန်းဦး သတင်းရိုက်ကူးပေးပို့သူ - ဦးတင်ထွန်းဦး(မင်းဘူးခရိုင်ပြန်/ဆက်)
READMORE
 

`` လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး ဆွေးနွေးပွဲသို့ မူကြိုကျောင်းများကို ပညာရေးဌာနက မသိမ်းသင့်ကြောင်း မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းတိုင်းဦးစီးမှူး တင်ပြ ´´

ပြီးခဲ့သော ဒီဇင်ဘာ(၃၁)ရက်နေ့ နံနက်(၉)နာရီမှ ည(၇)နာရီအချိန်ထိ မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမ၌ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး ဆွေးနွေးပွဲနှင့် ဘက်စုံလွှမ်းခြုံ နိုင်သော ပညာရေးဏ္ဍ လေ့လာသုံးသပ်မှု ရှင်းလင်းဆွေနွေးပွဲ အခမ်းအနားပြုလုပ်ကြောင်းသတင်း ရရှိသည်။ အဆိုပါဆွေးနွေးပွဲသို့ အဖွဲ့(၁၁)ဦးပါဝင်သော အုပ်စု(၈)ဖွဲ့ခွဲ၍ ဆွေးနွေးကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ကထိကများ၊ ကျောင်းအုပ်ကြီး များ၊ ပါတီများမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုန်သည်/စက်မှုလုပ်ငန်းရှင်အသင်း ကိုယ်စားလှယ်များ နှင့် တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများ စုစုပေါင်း(၁၂၀)ခန့်တက်ရောက်ဆွေး နွေးကြကြောင်းသိရသည်။ လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေးတွင် မူကြိုပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ မူဝါဒအကျဉ်း၌ ရှေ့ဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပညာရေးဝန်ဆောင်မှု များကို စနစ်တကျစီမံခန့်ခွဲခြင်း၊ တာဝန်ခံခြင်း၊ ကြီးကြပ်ခြင်းနှင့် သုံးသပ်အကဲခပ်ဖြတ်ခြင်းများ ဆောင်ရွက်ရန် အတွက် ပညာရေးဌာနခွဲများကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးများတွင် ဖွင့်လှစ်မည် ဟု စီမံချက်က တင်သွင်းထားသည်။ ``ကျွန်တော်တို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဟာ လုပ်ငန်းကြီး(၈)ရပ်ထဲက လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အရေးအကြီးဖြစ်တဲ့ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးလုပ်ငန်းကို အဓိကဦးစားပေးပြီးဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်က တာဝန်အပ်နှင်းထားတဲ့ ကလေးသူငယ်ဆိုင်ရာဗဟိုချက်ဌာနအဖြစ် တာဝန်နဲ့အညီ ရှေးဦးကလေးသူငယ်ပြုစုရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း (မူကြိုကျောင်းများ)ကို ၁၉၅၃ ခုနှစ်မှ စတင်ဆောင်ရွက်လာခဲ့ပါတယ်။ ယခုဆိုရင် ကျွန်တော်တို့ဝန်ကြီးဌာနနဲ့ ပြည်တွင်း ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ခဲ့လို့ ယူနီဆက်၏ ပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်းရေးမူဝါဒဆိုင်ရာရေးဆွဲခဲ့တာ မူကြမ်းထွက်ရှိနေပြီးဖြစ်လို့ မဟာဗျူဟာလုပ်ငန်းအစီအစဉ်ကိုလည်း ဆက်လက်ဆောင်ရွက်နေပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ ဆောင်ရွက်လျှက်ရှိတဲ့လုပ်ငန်းတွေ ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်တဲ့ အဓိက၀န်ကြီးဌာနများဖြစ်သော ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နဲ့ပူးပေါင်း ဆောင်ရွက်တဲ့အပြင် ကုလသမ္မဂအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနဲ့လည်း ပူးပေါင်းဆောင်ရွက် နေလို့ လုပ်ငန်းများအောင်မြင်လို့ အရှိန်တော်တော်ရနေပါပြီ၊ ဒီလိုဆောင်ရွက်နေချိန်မှာ (မူကြိုကျောင်းများ)ကို ပညာရေးဌာနက လွှဲပြောင်းဆောင်ရွက်မယ်ဆိုတော့ ကျွန်တော်တို့များစွာ စိတ်မကောင်းဖြစ်နေကြရပါတယ် ခင်ဗျာ..။ အထူးမေတ္တာရပ်ခံတင်ပြချင်တာကတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံအဆင့်၊ အထက်တန်း အဆင့်နဲ့ အဆင့်မြင့်ပညာရေးဆိုတဲ့ ကြီးမားသောတာဝန်များကို ထမ်းဆောင်နေရတာပါ၊ လက်ရှိ တာဝန်များဟာ အလွန်ကြီးမားလှတာကြောင့် လူမှုဝမ်းထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင် ရွက်ဆဲဖြစ်တဲ့ မူလတန်းကြိုပညာရေးကိုပါ ဆက်လက်ဆောင်ရွက်မည်ဆိုလျှင် လက်ရှိ အရေးကြီးပညာရေးတာဝန် များ လစ်ဟာချို့ယွင်းမှုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူမှုဝန်ထမ်းဦးစီးဌာန မှ ဆောင်ရွက်ဆဲ မူလတန်းကြိုပညာရေးအား မသိမ်းဆည်းဘဲ၊ မူလတန်းကြိုကျောင်းမျာအတွက် လူ့စွမ်းအားအရင်းအမြစ်များနှင့် ငွေကြေးများ ပိုမိုခွဲဝေပံ့ပိုးပေးမည်ဆိုပါက ပိုမိုသင့်တော်မည်ဖြစ်ပါတယ်ခင်ဗျာ…။´´ ဟု မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းတိုင်းဦးစီးမှူး ဦဇော်မင်း က မြန်မာပို့စ် ကိုပြောသည်။ လက်ရှိ မကွေးတိုင်းဒေသကြီးအတွင်း၌ မူကြိုကျောင်းပေါင်း(၁၃၀)၊ မူကြိုကလေးငယ်ကျောင်းသားပေါင်း (၆၀၅၅) နှင့် ဆရာမ(၇၈၇)ဦးရှိကြောင်း၊ ၎င်းစာရင်းထဲမှ ဌာနပိုင်မူကြို(၄)ကျောင်းသာရှိကြောင်း၊ အခြားမူကြို ကျောင်းများမှာ ပြည်တွင်း ပြည်ပမှ ကူညီပံ့ပိုးပေးသောကျောင်းများနှင့် ပုဂ္ဂလိကမူကြို(၅)ကျောင်းဖွင့်လှစ်ထား ကြောင်း သတင်းရရှိသည်။
READMORE
 

``(၈၈) မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) ၏ ပုဒ်မ(၁၈)ဖျက်သိမ်းရေး အယူခံအား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပယ်ချ၊ ထပ်မံလျှောက်ထားမည်၊ လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပမည် ´´

၀၁၄ ဇန်န၀ါရီ(၁)ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ (၈၈) မျိုးဆက် ငြိမ်းချမ်း ရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) ၏ ပုဒ်မ(၁၈)ဖျက်သိမ်းရေး ဆန္ဒပြခွင့် အယူခံအားပယ်ချကြောင်း၊ ဒီဇင်ဘာ(၂၇)ရက်နေ့က ဒီကိစ္စကို မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးထံလျှောက်ထားခဲ့ကြောင်း၊ ဒီဇင်ဘာ(၂၈)ရက်နေ့မှာ ငြင်းပယ်ကြောင်း၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးထံသို့ အယူခံသဘော ထပ်မံတင်ပြတောင်းခံကြောင်း၊ ဆန္ဒပြခွင့် အယူခံအားပယ်ချကြောင်း၊ (၈၈)မျိုးဆက်ရုံးချုပ်(ရန်ကုန်)၏ ညွှန်ကြားချက်ဖြင့် ဇန်န၀ါရီ(၃)ရက်နေ့တွင် ထပ်မံလျှောက်ထားကြောင်း၊ လျှောက်ထားသောနေ့ ဇန်န၀ါရီ(၁၂)ရက်နေ့သည် လုံခြုံရေးအရကန့်ကွက် ရမည်ဖြစ်ကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးကပြောသည်။ (၁၃/၁၄)ရက်နေ့သည် နိုင်ငံတော်သမ္မတနှင့် သမ၀ါယမ ၀န်ကြီးတို့၏ လူထုတွေ့ဆုံပွဲရှိကြောင်းသိရှိရသည်။ ထို့ကြောင့် ဇန်န၀ါရီ(၁၅)ရက်နောက်ပိုင်းမှာ စုဝေးဆန္ဒဖော် ထုတ်ခွင့် ပြုလုပ်ရန်ထပ်မံ တင်မည်ဟုလျှောက်ထားသူ ဦးဌေးဝင်း က ပြောကြားသည်။ ``ဇန်န၀ါရီ(၁)ရက်နေ့က ကျွန်တော်တို့အဖွဲ့နဲ့ အခြားလူမှုရေး ကွန်ရက်တွေ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဇန်န၀ါရီလ(၄)ရက်၊ လွတ်လပ်ရေးနံနက်ပိုင်းက ကျွန်တော်တို့ရုံးမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်(၅)ပါးကို အာရုံဆွမ်းကပ်လှူမယ်၊ နံနက်(၉)နာရီအချိန်မှာ ဒီရုံမှာကနေ တစ်ဦးချင်း မိမိတို့အစီအစဉ်နဲ့ ဆိုင်ကယ်တွေစီးပြီး လွတ်လပ်ရေးပန်းခြံထဲရှိ လွတ်လပ်ရေးကျောက်တိုင် ကိုအလေးပြုသွားကြမယ်၊ အဲဒီအလေး ပြုအစီအစဉ်ပြီးရင် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး တို့က ဆန္ဒပြခွင့်မပေးတဲ့အကြောင်း ငြင်းပယ်တဲ့အမိန့်စာ၊ အယူခံ အားပလပ်တဲ့ အမိန့်စာတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ထံသို့ ထပ်မံလျှောက်ထားတဲ့စာကို ရှင်းလင်း ပြောပြပေးမှာပါခင်ဗျာ..။´´ ဟု လျှောက်ထား သူ ဦးဌေးဝင်းနှင့် ရုံးအဖွဲ့မှူး ဦးထွန်းဦးခိုင်တို့က ဇန်န၀ါရီ(၃)ရက်နေ့တွင်ပြောသည်။
READMORE