(၆၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်ရေတွင်းသစ်ဖွင့်ပွဲကျင်းပ



မင်းဘူး      မတ်      ၂၂
(၆၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်သော မင်းဘူးမြို့နယ်၊ ရွာသာယာကျေးရွာ စက်ရေတွင်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းကကျင်းပရာ အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်သူက စက်ရေတွင်းသစ် တူးဖော်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။
ထို့နောက် စက်ရေတွင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်ဖဲကြိုးကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်တင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့် ရပ်မိရပ်ဖတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြေအောက်ရေတင်နေမှုအခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ရွာသာယာကျေးရွာအား နွေရာသီတွင် သောက်သုံးရေရှားပါးမှုမရှိစေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရန်ပုံငွေမှ ကျပ်(၁၅)သိန်းနှင့်ပြည်သူလူထုထည့်ဝင်ငွေကျပ်(၇)သိန်း၊ စုစုပေါင်းကျပ်(၂၂)သိန်းအကုန်အကျခံ၍၂"øစက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစက်ရုံ၊ အုတ်ရေကန်များ ဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူများ ရာသီမရွေး သန့်ရှင်းသောသောက်သုံးရေရရှိပြီဖြစ်၍ ၀မ်းသာပျော်ရွှင်လျှက်ရှိကြောင်း သိရသည်။
သူရထွန်း(မကွေး)
သတင်းပေးပို့သူ   -   ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
READMORE
 

သတင်းအိုင်တီနှင့် နည်းပညာအခမဲ့သင်တန်း I School Myanmat







READMORE
 

ကုန်သွယ်မှုမြှင်တင်ရေးနှင့် စာသုံးသူအကာကွယ်ပေးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

မကွေး မတ် ၂၁ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာယ အလုပ်ရုံဆွေးနွေးပွဲကို မတ်လ(၂၁)ရက်နေ့ နံနက်(၁၀)နာရီက မကွေးမြို့ အဆင့်မြှင့်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ မှ အဖွင့်အမှာစကား ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်း မှ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးထွန်းဆိုင်မှ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းအတွက် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးတိုးအောင်မြင့်မှ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားပို့ကုန်မဟာဗျူဟာ ခေါင်စဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင် မှ THE ROLE OF TRADE EMERGING MYANMAR ခေါင်စဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြီး အခမ်း အနားကို ခေတ္တ ရပ်နားခဲ့သည်။ ၎င်းနောက် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ကုန်သွယ်မှုအထူး အခွင့် အရေးပေးစနစ် ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါက်တာ စပယ်ကြည်မောင်က စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အခန်းကဏ္ဍ ခေါင်စဉ်ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် လုပ်ငန်းအစုအဖွဲ့အလိုက် စားပွဲဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲ ရလဒ်များကို ဖော်ထုတ်ကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး အတွင်းရှိ ကုန်စည်ဒိုင်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ကျေးလက်စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကိုယ်စားလှယ် များ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။ သူရထွန်း(မကွေး) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
READMORE
 

မကွေးတိုင်းဒေသကြီးအတွင်းရှိ လူမှုအသိုက်အ၀န်းနှင့် လူနေမှုအဆင့်(E)ရှိသည့် အိမ်ထောင်စုများသို့ ပြန်ကြားရေးဝန်ကြီးဌာနက DVB – T2 Set Top Box များ အခမဲ့ပေးအပ်



မကွေး    မတ်      ၂၁
          မကွေးတိုင်းဒေသကြီးအတွင်းရှိ လူမှုအသိုက်အ၀န်းနှင့် လူနေမှုအဆင့်(E)ရှိသည့် အိမ်ထောင်စု များသို့ ပြန်ကြားရေးဝန်ကြီးဌာနက DVB – T2 Set Top Box များ အခမဲ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၈း၀၀)နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည်။
          အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြုကော်မတီဥက္ကဌများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြိုဖများနှင့် ဖိတ်ကြားထားသူများတက် ရောက် ကြသည်။
          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ အဖွင့်အမှာ စကားပြောကြားရာတွင် MRTV မှ အဆင့်မြင့်နည်းပညာဖြစ်သည့် DVB –T2 Set Top Box ဖြင့် ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းတွေကို ပြည်သူများ အရည်အသွေးကောင်းမွန်စွာနှင့် ရုပ်သံလိုင်း(၁)လိုင်း သာမက လိုင်းများစွာ ကြည့်ရှုနိုင်မှာဖြစ်ပြီး ခိုင်မာသည့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ပါကြောင်း  ကောလာဟလ သတင်းများကို ဟန့်တားနိုင်ပြီး မှန်ကန်တဲ့ သတင်းများကို ပြည်သူများသိရှိနိုင်တဲ့အတွက် အကျိုးများစေပါကြောင်း မကွေးတိုင်းဒေသကြီးအတွင်းတွင် မြို့နယ်(၂၆) မြို့နယ်ရှိရာ (၁၆)မြို့နယ်မှာ Digital စနစ်ဖြင့် ထုတ်လွှင့်သည့်  ရုပ်သံလိုင်းများကို DVB-T2 Set Top Box များဖြင့်ပြည်သူများအခမဲ့ ကြည့်ရှုနိုင်မည်ဖြစ်၍  စီစဉ်ဆောင်ရွက်ပေးပါသော နိုင်ငံတော်အစိုးရနှင့် ပြန်ကြားရေးဝန်ကြီးဌာနကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားပါသည်။
 ပြန်ကြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးပိုက်ထွေးကရှင်းလင်းတင်ပြရာတွင် နိုင်ငံတော် သမ္မတကြီးရဲ့ ပြည်သူဗဟိုပြုမူဝါဒနှင့်အညီ ယခုကဲ့သို့ ပြည်သူလူထုအား အခမဲ့ပေးအပ်ခြင်းဖြစ်ပါ ကြောင်း၊ ယခုပေးအပ်လှူဒါန်းမှုသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး လုပ်ငန်းစဉ်ကိုလည်း အထောက်အကူပြုစေမှာဖြစ်ကြောင်း၊  ပြန်ကြားရေးဝန်ကြီးဌာနအနေ ဖြင့် ပြည်သူလူထုကိုဝန်ဆောင်မှုပေးရသောဌာနဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးရဲ့ ပြည်သူဗဟိုပြု မူဝါဒလမ်းစဉ်နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဦးထိပ်ထားဆောင်ရွက်လျက်ရှိပါကြောင်း ၀န်ကြီးဌာနကိုယ်သော်လည်းကောင်း၊ မိမိကိုယ်ကိုသော်လည်း ကောင်းဦးစားမပေးဘဲ ပြည်သူကိုဗဟိုပြု၍ ပြည်သူ့အတွက် ဦးစားပေးအလေးထားဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် ၀န်ကြီးဌာနမှ ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါ သည်။
          ယင်းနောက် ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက DVB-T2 Set Top Box များကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းထံပေးအပ်ပါသည်။ ဆက်လက်၍ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများအတွက် မကွေး ခရိုင်အုပ်ချုပ်ရေးမှူး၊ မင်းဘူးခရိုင်ဒုအုပ်ချုပ်ရေးမှူး၊ သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ၊ ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးစီးအရာရှိတို့ထံသို့ လွှဲပြောင်းပေးအပ်ပါသည်။
          ဆက်လက်၍ ကံမမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးဝင်းမြင့်က  နိုင်ငံတော်အနေဖြင့် ငွေကြေးများစွာ အကုန်အကျခံပြီး အဆင့်မြင့်နည်းပညာဖြင့် ရုပ်သံလွှင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စရိတ်စက မတတ်နိုင်သူများကို ကြည့်ရှုခွင့်မဆုံးရှုံးစေဖို့အတွက် ၀င်ငွေ တစ်သိန်းခွဲအောက်ရှိ သစ်၊ ၀ါး၊ ဓနိ၊ သက်ကယ်မိုးအိမ်နဲ့ နေတဲ့ လူနေမှုအဆင့်(E)ရှိတဲ့ မိသားစုဝင်များနှင့် စီးပွားဖြစ်မဟုတ်တဲ့ လူမှုအသိုက်အ၀န်းတွေကို Set Top Box များအခမဲ့ပေးခြင်းကို ၀မ်းသာကြည်နူးမိ ပါကြောင်း၊ နိုင်ငံတော်အစိုးရက ဒေသဖွံ့ဖြိုးရေးအတွက် ကော်မတီများဖွဲ့စည်းပြီး ဌာနဆိုင်ရာအား၊ ကော်မတီအား၊ ပြည်သူလူထုအား တွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်စေလျက်ရှိ ပါကြောင်း၊ ယခုအခါအဖွဲ့များက ဟန်ချက်ညီညီ လုပ်ကိုင်ဆောင်ရွက်မှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာပြီဖြစ်ပါကြောင်း၊ အဲ့ဒီလို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရာမှာ ပြည်သူများ အသိဥာဏ်ပညာ၊ ဗဟုသုတများ တိုးပွားပြီး ပကတိဖြစ်ပေါ်ပြောင်းလဲမှုများကို သိမြင်ခံစားနိုင်အောင် အခုလို ကြည့်ရှုစရာ လိုင်း(၁၅)လိုင်း(၁၆)လိုင်းရရှိတဲ့ Set Top Box များကို အခမဲ့ဖြန့်ဝေပေးခြင်းဟာ လွန်စွာ အကျိုး ကျေးဇူးကြီးမားလှပါကြောင်း အဲဒီ့အတွက်ပြည်သူဗဟိုပြုစနစ်နဲ့ အခြေခံပြည်သူများအတွက် ဦးစား ပေးစဉ်းစားဆောင်ရွက်ပေးပါသော နိုင်ငံတော်သမ္မတကြီးရဲ့စေတနာနှင့် မူဝါဒကိုဒေသခံပြည်သူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်းနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့် ပြန်ကြားရေးဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ အင်ဂျင်နီယာက Set top box အသုံးပြုပုံနှင့် ဖမ်းယူကြည့်ရှုနိုင်သည့် ရုပ်မြင်သံကြားလိုင်းများ FM ရေဒီယိုလိုင်းများကို သရုပ်ပြရှင်းလင်းခဲ့ပါသည်။
          ယနေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ (၁၆)မြို့နယ်မှ လူမှုအသိုက်အ၀န်းနှင့် လူနေမှုအဆင့် (E) ရှိသော အိမ်ထောင်စုများအတွက် DVB-T2 Set Top Box (၃၄၁၁၁)လုံးအား ပေးအပ်ပါသည်။ ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတွက် DVB-T2 Set Top Box (၃၂၇၈၆၃)လုံး ဖြန့်ဝေပေးမည်ဖြစ်ရာ ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
          ယခု ပြန်ကြားရေးဝန်ကြီးဌာနက အခမဲ့ဖြန့်ဝေပေးသည့် DVB-T2 Set Top Boxသည် နှစ်စဉ်ကြေး၊ လစဉ်ကြေးများ မပေးဆောင်ရခြင်းနှင့် မီးမရရှိသည့်ကျေးရွာများတွင် DC စနစ်(ဘက်ထရီ) ဖြင့်လည်း ကြည့်ရှု၍ ရကြောင်းသိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ    -   ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
READMORE
 

မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ မျက်စိအခမဲ့ခွဲစိတ်ကုသ



မကွေး     မတ်    ၂၁
          မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ မကွေးမြို့နယ်၊မင်းဘူးမြို့နယ်၊စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ မျက်စိဝေဒနာရှင်(၂၂)ဦးအား မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးတွင် မတ်လ(၂၁)ရက်နေ့ ကအခမဲ့ခွဲစိတ်ကုသပေးလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများမှ မျက်စိဝေဒနာရှင်များအား ခွဲစိပ် ကုသပေးနေမှုကို ကြည့်ရှုအားပေးကာ ခွဲစိပ်ပြီးလူနာများအား ထောက်ပံ့ငွေများပေးအပ်ပြီး အားပေးစကားများ ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးတွင် TV ဓါတ်မှန်ရိုက်စက် တပ်ဆင်ထားရှိမှုအား ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဓါတ်မှန်ရိုက်ကူးရန် ရောက်ရှိနေသော ဝေဒနာ ရှင်များအား အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ     ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
READMORE
 

မင်းဘူးမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးအသိပညာပေး လှုံဆော်

မင်းဘူး မတ် ၁၈ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ကာကြီးကွင်း အနီးတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက် ယူရေးလုပ်ငန်း အောင်မြင်နိုင်ရေးအတွက် ဦးဇာဂနာ ခေါင်းဆောင်သည့် အသိပညာပေး လှုံဆော်ရေး ယာဉ်များနှင့် အနုပညာရှင်များသည် မတ်လ(၁၈)ရက်နေ့ ညနေ(၅)နာရီအချိန်က လာရောက် ဖျော်ဖြေ အသိပညာပေး လှုံဆော်ခဲ့သည်။ အဆိုပါ လှုံဆော်ရေးအဖွဲ့တွင် ဦးဇာဂနာနှင့်အတူ လူရွှင်တော်များ၊အဆိုတော်များပါရှိပြီး မတ်လ(၃၀) ရက်နေ့တွင် ဆောင်ရွက်မည် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ပြည်သူအများ စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး လှုံဆော်ခြင်း၊ ကံစမ်းမဲများဖောက်ပေးခြင်းနှင့် Skynet ရုပ်သံ ဖမ်းစက်ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးခဲ့သဖြင့် မင်းဘူးမြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင်ကျေးရွာများ မှ ပြည်သူများ ပျော်ရွှင်စွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။ တင်ထွန်းဦး သတင်းပေးပို့သူ - ဦးတင်ထွန်းဦး
READMORE
 

မန်းရွှေစက်တော်ဘုရားပွဲတော်မှ နမ္မဒါ တည်ခိုဆောင်များ မီးလောင်မှုဖြစ်ပွား

င်းဘူး မတ် ၁၉ မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မန်းရွှေစက်တော် ဘုရားပွဲတော်မှ နမ္မဒါ (VIP)တည်းခိုဆောင် များ မတ်လ(၁၉)ရက်နေ့ နံနက်(၂)နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မတ်လ(၁၉)ရက်ည နမ္မဒါ တည်းခိုဆောင်သို့ တည်ခိုရန်ရောက်ရှိလာသော ပျဉ်းမနားမြို့ ပေါင်းလောင်းအမှတ်(၂)ရပ်ကွက်၊(၁၇)လမ်း၊အမှတ်(၈၈၃)နေသူ ဦးဇော်မင်းသိန်း(အသက်-၄၅)နှစ်၊ (ဘ)ဦးသိန်းဟန် သည် နမ္မဒါတည်းခိုဆောင် အဆောင်အမှတ်(၅)၊အခန်း(၆)တွင် ခြင်ဆေးခွေပေါ့ဆစွာ ထွန်းညှိထားရာမှ အခန်းဝါးကြမ်းခင်းမှတစ်ဆင့် ၀ါးထရံသို့ မီးကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၁)စီး၊မင်းဘူးမှ မီးသတ်ယာဉ်(၂)စီး၊ငဖဲမြို့နယ်မှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ရေသယ်ယာဉ်(၁)စီး၊ရွှေစက်တော်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ GBS ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက်(၃)နာရီတွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် (၁၅×၁၆)ပေ၊သက်ငယ်မိုး၊ထရံကာ ပျဉ်ခင်း၊(VIP)ဆောင်(၃)လုံး၊(၇၂×၂၀)ပေ၊ သက်ငယ်မိုး၊ထရံကာ၊၀ါးကြမ်းခင်းတည်းခိုဆောင်(၅)လုံး၊(၂၀×၃၀)ပေ သက်ငယ်မိုး၊ထရံကာ၊၀ါးကြမ်းခင်း လုံခြုံရေးနှင့် အခြားအဆောင်(၄)လုံး၊(၃၀×၃၀)ပေ၊သက်ငယ်မိုး၊ထရံကာ၊၀ါးကြမ်းခင်း စတိုနှင့်ကြီးကြပ်ဆောင် (၂)လုံး စုစုပေါင်းတန်ဘိုး(၃၀၃၀၀၀၀ိ/-)ကျပ်ခန့် ဆုံးရှုံးခဲ့သည်။လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိသော်လည်း နမ္မဒါ တည်းခိုဆောင်(၁၆)လုံးရှိရာမှ (၁၄)လုံး မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်မှုစတင်ဖြစ်ပွားခဲ့သည့် ဦးဇော်မင်သိန်းအား စကုရဲစခန်းမှ (ပ)၂၅/၁၄၊ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို စည်းကားသိုက်မြိုက်စွာဖြင့် ဘုရားဖူးလာ ပြည်သူများ နှင့် ဆက်လက်ကျင်းပလျက်ရှိကြောင်းသိရှိရသည်။ တင်ထွန်းဦး သတင်းဓာတ်ပုံပေးပို့သူ - ဦးတင်ထွန်းဦ
READMORE
 

``မန်းရွှေစက်တော်ဘုရားပွဲတော်၊ အထက်သောင် VIP နမ္မဒါဧည့်ရိပ်သာမှ စတင်၍ အဆောင်များ မီးလောင်မှုဖြစ်ပွား´´

မင်းဘူးခရိုင်၊ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲတော်၌ မတ်(၁၉)ရက်၊ နံနက်(၂)နာရီ အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်(၁၉)ရက်၊ နံနက်(၂)နာရီ အချိန်ခန့်တွင် မင်းဘူးမြို့၏အနောက်ဘက်(၃၈)မိုင်အကွာ မန်းရွှေစက်တော်ဘုရားပွဲတော် အထက်သောင် ဘုရားဂေါပကပိုင် VIP နမ္မဒါရိပ်သာမှ အလျား ဆယ်ပေ၊ အနံ တစ်ဆယ့်ငါးပေးအကျယ်၊ သက္ကယ်မိုး၊ ပြင်ခင်း အဆောင်အမှတ်(၆)အား ငှါးရမ်းနေထိုင်သူ ဦးဇော်မြင့်သိန်း (၄၅)နှစ် သည် ခြင်ဆေးခွေထွန်း၍အပ်စက်ရာ မှ ကာရံထားသော်ထရံကို စဆင်၍ မီးစွဲလောင်ကြောင်းသိရသည်။ ၎င်း မှတဆင့် အဆောင်အခန်းပေါင်း(၃၀)ခန့်အား မီိးကူးစက်သွားကြောင်း၊ ၎င်းမီးလောင်ရာသို့ မကွေးတိုင်း ဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန် ဦးဆောင်၍ သန္ဓေမီးသတ်(၂၇)ဦး၊ အရံမီးသတ်(၉၆)ဦး၊ မီးသတ်အုပ်ချုပ်ရေးယာဉ်တစ်စီ၊ မကွေးမြို့မီးသတ်ယာဉ်တစ်စီး၊ မင်းဘူမြို့မှ မီးသတ်ယာဉ်နှစ်စီး၊ ငဖဲမြို့မှ မီးသတ်ယာဉ်တစ်စီး၊ ရွှေစက်တော်မီးသတ်ယာဉ်တစ်စီး တို့ဖြင့် ၀ိုင်းဝန်း၍ မီးငြှိမ်းသတ်ရာ နံနက်(၃)နာရီတွင် မီးလုံးဝညိမ်းသွားကြောင်း၊ မီးလောင်သွားသော အကျယ်အ၀န်း အရွယ်စုံအခန်းပေါင်း(၃၀)ခန့်ရှိပြီး၊ ဆုံးရှုံးတန်ဘိုး ငွေကျပ် သိန်း(၃၀)ကျော်ခန့်သတ်မှတ်ကြောင်း၊ လူ အသေ အပျောက်မရှိ၊ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးရုံးမှ ကနဦး သတင်း ရရှိသည်။ `` မတ်(၁၉) နံနက်(၂)နာရီမှာ မီးစတင်လောင်ပါတယ်။ နံနက်(၃)နာရီမှာ မီးလုံးဝညိမ်းသတ်နိုင်ခဲ့ပါတယ်။ အထက်သောင် VIP နမ္မဒါဧည့်ရိပ်သာ အခန်း(၆)နေတဲ့ ဦးဇော်မြင့်သိန်းအခန်း ခြင်ဆေးမီးက စတင်လောင်တာပါ၊ ယခု ဦးဇော်မြင့်သိန်း ကို စကုနယ်မြေရဲစခန်းမှာ (ပ) ၂၅/၂၀၁၄ ပြစ်မှုပုဒ်မ၂၈၅ နဲ့ အမှုဖွင့်အရေးယူ ထားပါ တယ်..။´´ ဟု မီးသတ်တပ်ကြပ်ကြီး ဦးကျော်မြင့် က ပြောသည်။
READMORE
 

မင်းဘူးမြို့တွင် မီးလောင်မှုဖြစ်ပွား

မင်းဘူး မတ် ၁၅ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် မတ်လ(၁၅)ရက်နေ့က သနပ်ခါးတောရပ်တွင်နေထိုင်သူ မောင်အောင်ခိုင်(ခ)ဖိုးနီသည် နေအိမ်တွင် တစ်ဦးတည်းရှိနေရာမှ ထမင်းချက်ပြုတ်စားသောက်ကာ မီးငြိမ်းသတ်ပြီး နေအိမ်အပြင်ဘက်သို့ ထွက်သွားစဉ် မီးကြွင်းမီးကျန်မှတဆင့် နေလယ်(၃)နာရီခန့်တွင် မီးလောင်ကျွမ်းခဲ့ရာ (၁၅၃၀)ချိန်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှတွင် ၃ပင်၂ပင်မြေစိုက်ထရံကာ သွပ်မိုး ၀ါးကြမ်းခင်းတဲအိမ် တလုံး၊၁၂×၁၂ ပေ ပတ်လည် ၀ါးကြမ်းခင်းထရံကာ သက်ကယ်မိုး မြေစိုက်တဲအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ၁၃၀၀၀၀ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးအားပေါ့ဆစွာ သုံးစွဲသူ မောင်အောင်ခိုင်(ခ)ဖိုးနီအား အရေးယူထားကြောင်းသိရှိရသည်။ အဆိုပါမီးလောင်ကျွမ်းရာသို့ တာဝန်ရှိသူများရောက်ရှိကြပြီး မင်းဘူးမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်၃စီး မကွေးမှ မီးသတ်ယာဉ်၁စီး မန်းရေနံမြေမှမီးသတ်ယာဉ်၁စီး မြို့နယ်စည်ပင်မှ မီးသတ်ယာဉ်၁စီးတို့ဖြင့် မီးငြိမ်းသတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ သူရထွန်း(မကွေး) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
READMORE
 

`` အစိုးရအဖွဲ့ကော်မတီမှ အလုပ်သမားရေးရာနှင့် တောာင်သူလယ်သမားရေးရာဆိုင်ရာ (လ.၀.က) ပြည်ထောင်စု ဒုဝန်ကြီးအဖွဲ့ နှင့် မကွေးတွေ့ဆုံပွဲတွင်´´ (ယခင်က သမ၀ါယမအသင်းများသည် ဥက္ကဋ္ဌ နှင့်လူကြီးများ၏ သားဝ မယားဝသာ ဖြစ်ကြောင်း သ/မ ညွန်ချုပ်ဆို)

မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမတွင် မတ်(၁၄)ရက်၊ နံနက်(၉း၃၀)မှ နေ့(၁၁း၃၀)အချိန် ခန့်၌ အစိုးရအဖွဲ့ကော်မတီမှ ပြည်ထောင်စု ဒုဝန်ကြီး ဦးကျော်ကျော်ဦး အဖွဲ့ တို့နှင့် အလုပ်သမားရေးရာနှင့် တောာင်သူလယ်သမားရေးရာဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကော်မတီဝင်များ၊ ပညာရှင်များ၊ အသင်းအဖွဲ့ များမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားပြုလုပ်ကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပေးထားသော အစိုးရကော်မတီ(၂၇)ဖွဲ့ထဲက အလုပ်သမားရေးရာနှင့် တောာင်သူလယ်သမားရေးရာဆိုင်ရာ ကော်မတီ (လ.၀.က) ပြည်ထောင်စု ဒုတိယ ၀န်ကြီး ဦးကျော်ကျော်ဦး နှင့် ပြန်ကြားရေး ဒုတိယ၀န်ကြီး နှစ်ဦးပေါင်း ကော်မရှင်တစ်ခုဖြစ်ကြောင်း သိရသည်။ ပြန်ကြားရေး ဒုတိယ၀န်ကြီး ကိုယ်စား ညွန်/ချုပ် ဦးတင်သန်းဦး၊ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယ ညွန်ချုပ် ဦးစောနိုင်၊ ဒေါက်တာ ဦးအောင်ကြည်၊ သမ၀ါယမအသင်း ညွန်ချုပ် ဦးအောင်ဖြူ တို့လိုက်ပါလာကြောင်း၊ ၎င်းအခမ်းအနားသို့ အင်အား(၂၀၀)ဦးခန့်တက်ရောက်ကြောင်း သိရသည်။ အဖွဲ့ခေါင်းဆောင် (လ.၀.က) ပြည်ထောင်စု ဒုတိယ ၀န်ကြီး ဦးကျော်ကျော်ဦး မှ အစိုးရအဖွဲ့ဆပ်ကော် မတီ Delivery Unit များဖြင့် လပေါင်း(၃၀)အတွင်းလုပ်ဆောင်မည့်အကြောင်းအရာများကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော တောင်သူလယ်သမား၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့စည်း များမှ မေးမြန်းချက်များကို ပြန်လည်ဖြေဆိုကြသည်။ ကန်ပြားကျေးရွာတောင်သူ ဦးကျော်ရင် မှ တောင်သူများ ချေးငွေထုတ်ပေးရာ၌ မြေယာထွန်ယက်ချိန်၊ သီးနှံစိုက်ပျိုးချိန်၊ ပေါင်းနှုတ်ပြီး သွင်းအားစုသွင်း ချိန်များမှာ ငွေချေးပေးရန်၊ ကျေးရွာသမ၀ါယမ များမှာ ၈၈ ခုနောက်ပိုင်း ယခင်သမ၀ါယမများ မှာ ယနေ့အထိ နှစ်ပါတ် လည်တစ်ခါမှ မပြုလုပ်ကြဘူး၊ စာရင်းရှင်းတမ်းလည်း တစ်ကြိမ်မှ မထွက်ကြောင်း၊ ထိုကိစ္စအား မကွေးမြို့နယ် ရုံးသို့ သွားရောက်တင်ပြသောအခါ ရွာသားတွေအားလုံးက လက်မှတ်ရေးတင်မှ လုပ်ဆောင်ပေးနိုင် မည်ဖြစ်ကြောင်း၊ ကျွန်တော်တို့ရွာသားအချင်းချင်းတွေ ရန်တိုက်ပေးနေပါကြောင်း ကန်ပြားရွာ သား ဦးကျော်ရင်က ၎င်းတွေ့ဆုံပွဲတွင် တင်ပြသည်။ ``ခင်ဗျားတို့မိသားစု ကျွန်တော့်မိသားစု ဖွံ့ဖြိုးတိုးတက်ဖို့က ခင်ဗျားတို့ကျွန်တော်တို့ကိုယ်တိုင်လုပ်မှ ရကြမှာပါ။ ကိုယ့်အသင်းတွေအတွက် ကိုယ်တိုင်ကြိုးစားကြရမယ်၊ ယခုတင်ပြတဲ့ ရွာက မကွေးမြို့နယ်ကဆိုတော့ မကွေးမြို့ နယ်သမကို ပြန်စစ်ပါ့မယ်။ တကယ်နှစ်ပတ်လည်မလုပ်ဘဲ လုပ်တယ်ဆိုရင် ဆက်လက်ပြီး အရေးယူ ဆောင်ရွက် သွားပါ့မယ်၊ ခင်ဗျားတို့အတွက် ဥပဒေ၊ နည်းဥပဒေတွေ ပြဌာန်းပေးထားပြီးပြီ၊ အဲဒါတွေ နားလည်အောင် ဖတ်ကြပါ။ အဲဒီအတိုင်း လုပ်ကြပါ။အားလုံးသဘောပေါက်တယ်နော်၊ ခင်ဗျားတို့ဆီမှာ နိုင်ငံတော်သမ္မတကြီးလာ တုန်းက စက်ပစ္စည်း တွေပေးခဲ့တာ ၀မ်းဘီလျှံဘိုးကျော်တယ်၊ ယခုချေးငွေတွေဆိုရင်လည်း နှစ် နှစ်အတွင်းမှာ အတိုးငွေ သာဆပ်ခိုင်းပြီး အဲဒီနောက်ပိုင်းမှ အတိုးအရင်းသွင်းရမယ်။ ကျွန်တော်တို့ဘက်က အားလုံးအတွက် အကောင်း ဆုံးဖြစ်အောင် စီစဉ်ပေးထားပါတယ်၊ ယခင်သမ၀ါယမတုန်းကဆိုရင် ဥက္ကဋ္ဌ လူကြီးတွေ(သားဝ မယားဝ) ဖြစ်အောင်လုပ်နေ ကြတယ်။ အညာသားပြော ပြောရမယ်။ ယခုတော့အဲလို မဟုတ်တော့ဘူး ခင်ဗျားတို့ မိသားစုတွေရဲ့ သားတွေ မယားတွေ တကယ်ဝအောင်လုပ်ပေးနေတာပါ၊ ယခုခင်ဗျားတို့ တင်ပြတာက တစ်ခန်းရပ်ပြဇာတ်လို ဖြစ်နေတော့ နားလည်အောင်ရှင်းပြရတာ အားလုံးကို ကျေးဇူးတင်ပါတယ်။´´ ဟု သမ၀ါယမ၀န်ကြီးဌာန၊ သမ၀ါယမအသင်း ညွန်ချုပ် ဦးအောင်ဖြူ က ၎င်းအခမ်းအနားတွင်ပြောသည်။ ထို့နောက် ၎င်းကိစ္စအား မကွေးတိုင်းဒေသကြီး သမ၀ါယမအသင်းဦးစီးဌာနမှူး ဦးထွန်းဝေ က ဦးကျော်ရင်၏ပြောကြားချက်ကို ထ၍ရှင်းလင်းရာ၊ သမ၀ါယမ အသင်းများအတွက် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ် တဲ့ငွေရရှိရန်နှင့် ဆင်းရဲမှုလျှော့ချရေးအတွက် လိုအပ်သောငွေများကိုရရှိအောင် မကွေးမြို့ သမအသင်းစုပိုင်သော တန်(၃၀)ကျ ဆီစက်ကြီးအား ဘဏ်ကိုပေါင်နှံပြီး (၃)နှစ်ဆောင်ရွက်ခဲ့ရကြောင်းရှင်းလင်းရာ သမ၀ါယမညွန်မှူးက တားဆီး၍ စကားဖြတ်ခိုင်းကြောင်း၊ သို့သော် ဆက်ပြီးရှင်းလင်း ပြောဆိုကြောင်း သတင်းရရှိသည်။ ``ကျွန်တော်က မကွေးတိုင်းသမဦးစီးမှူးပါ ဒါကတော့ ပြည်သူနဲ့ ဌာနဆိုင်ရာလူကြီးတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေတဲ့ ပွဲဖြစ်တော့ ကျွန်တော်တို့ အနေနဲ့ အမှုဆောင်အစည်း အဝေးကိစ္စများမှာ အသင်းသားတွေရော ရွာသူ ရွာသားတွေကလည်းတာဝန် ကျေကြရပါ့မယ်၊ တစ်ဖက် က အစည်းအဝေးတွေကျင်းပပေးပြီး တစ်ဖက် ကလည်းတောင်းဆိုရမယ်၊ အားလုံးက တက်ညီလက်ညီဆောင်ရွက်ပေးမှ အောင်မြင်ကြမှာပါ၊´´ဟု မကွေးတိုင်း ဒေသကြီး သမ၀ါယမအသင်းဦးစီးဌာနမှူး ဦးထွန်းဝေ က ၎င်းအခမ်းအနားတွင် ပြောကြား၍ သတင်းရရှိသည်။
READMORE
 

``မကွေးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေးနှင့် မှုခင်းအန္တရာယ် ကြိုတင်ကာကွယ်စေရန် ဟောပြောဆွေးနွေး´´

(မကွေးမြို့နယ်တွင်း၌ ကျောင်းဝတ်စုံဖြင့် ကလေးငယ်သူခိုးများ ဆေးတက္ကသိုလ်မှာ ကျူးလွန်နေသည်ဆို) မကွေးမြို့နယ်တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ မှ ဒီဇင်ဘာလအတွင်း ယာဉ်တိုက်မှုပေါင်း(၁၀၃)မှု၊ ဒဏ်ရာရရှိသူ ကျား(၇၆)ဦး၊ မ(၁၆)ဦး စုစုပေါင်း(၉၂)ဦး။ သေဆုံးသူ ကျား(၇)ဦး၊ မ(၁)ဦး စုစုပေါင်း(၈)ဦး။ ဆုံးရှုံးမှုတန်ဘိုးငွေကျပ်(၈၇၉၀၀၀ိ) ဖြစ်ကြောင်း၊ ၂၀၁၄ ခု ဇန်န၀ါရီလ မှ ဖေဖော်ဝါရီလကုန်အထိ ယာဉ်တိုက်မှု ပေါင်း(၁၈)မှု၊ ဒဏ်ရာရရှိသူပေါင်း ကျား(၂၇)ဦး ၊ မ(၂)ဦး၊ သေဆုံးသူ မ(၂)ဦး၊ ဆုံးရှုံးတန်ဘိုးငွေကျပ်(၆၂၀၀၀၀ိ) ဖြစ်ကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။ အထက်ပါဖြစ်စဉ်များကြောင့် ၂၀၁၄ နှစ်စပိုင်းမှ စတင်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေးနှင့် မှုခင်းများကျဆင်းရန်လှည့်လည် ဟောပြောဆွေးနွေးပွဲများကို အခါအားလျှော်စွာ ပြုလုပ်ဆောင်ရွက်ပေးကြောင်း၊ မတ်(၁၃)ရက်၊ နံနက်(၁၀း၃၀) မှနေ့လည်(၁)နာရီအချိန်တွင် မကွေးမြို့နယ်၊ ဆည်မြောင်းဦးစီးဌာန၊ စက်မှု တိုင်း(၃)ရုံး ဓမ္မာရုံ၌ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ဒုတပ်ဖွဲ့မှူး ရဲမှူး တင်မျိုးအောင်၊ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဝင်းချစ် နှင့် တပ်ဖွဲ့ဝင်များက ညွန်ကြားရေးမှူး ဦးသိန်းထိုက်၊ လက်ထောက် ညွန်ကြားရေးမှူး ဦးစိန်လင်း နှင့် ၀န်ထမ်းမိသားစုများ(၁၅၀)ဦးခန့်တို့အား ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေးနှင့် မှုခင်းအန္တရာယ်ကြိုတင်ကာကွယ်စေရန် ဟောပြောဆွေးနွေးပွဲ ပြုလုပ်ကြောင်း သတင်းရရှိသည်။ ``မှုခင်းကျဆင်းရေးမှာ ပြည်သူတွေကို ယခုလိုလှည့်လည်ဟောပြောဆွေးနွေးခြင်းဟာလည်း အဓိကတစ်ခု မှာပါပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်သူ နှစ်ထောင်ဦးကို ရဲတစ်ဖွဲ့ဝင် တစ်ယောက်နှုန်းနဲ့သာ ကာကွယ်စောင့်ရှောက်နေရပါတယ်၊ ဒါကြောင့် မှုခင်းကျဆင်းရေးအတွက် ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်များချည်း အားမကိုးဘဲ ပြည်သူ့ဝန်ထမ်းနဲ့ အများပြည်သူများကပါ ၀ိုင်းဝန်းကူညီပေးဖို့လိုအပ်နေပါတယ်၊ မကွေးဆေး တက္ကသိုလ်နယ်မြေမှာ ကျောင်းဝတ်စုံနဲ့ ကလေးသူငယ်လေးတွေ ခိုးယူမှုများဖြစ်နေပါတယ်၊ မှုခင်းကျဆင်းရေး အတွက် ပြည်သူများက ကျွန်တော်တို့ဆီကို အချိန်မရွေး တိုင်ကြားအသိပေးခြင်းဖြင့် ကူညီပေးကြပါ..။´´ဟု မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဝင်းချစ် က ၎င်းဆွေးနွေးပွဲတွင် မှုခင်းနှင့်ပတ်သက်၍ အသေးစိတ် ပြောကြားသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ဒုတပ်ဖွဲ့မှူး ရဲမှူး တင်မျိုးအောင်၊ မကွေးနယ် မြေရဲစခန်းမှူး ရဲအုပ် ရွှေဌေး နှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းခြင်း မှုခင်းဆိုင်ရာ အကြောင်းအရာများ၊ မကွေးမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သောမှုခင်းများ နှင့် ယာဉ်တိုက်မှု ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံများ ကိုပြသ၍ ဆောင်ရန်၊ ရှောင်ရန်များ ကို သရုပ်ပြ ဟောပြောဆွေးနွေးကြကြောင်း သတင်းရရှိသည်။
READMORE
 

``မကွေးတိုင်းဒေသကြီးတွင် မီးငြှိမ်းသတ်ယာဉ်ကား(၂၀)စီး လွှဲပြောင်းပေးအပ် ဆယ်နှစ်တာအတွင်း နှစ်စဉ်မီးလောင်မှုနှုန်း တိုးလာဟု မီးသတ်ညွန်ကြားရေးမှူးဆို´´

မကွေးတိုင်းဒေသကြီးအတွင်း၌ မြိုနယ်(၂၅)မြို့နယ်ရှိရာ မြို့နယ်(၂၀)အား မီးငြှိမ်းသတ်ယာဉ်ကား(၂၀)စီး လွှဲပြောင်းပေးအပ်ပွဲကို မတ်(၁၂)ရက်၊ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ ခရိုင်အားကစားကွင်းမှာ ကျင်းပ ကြောင်း သတင်းရရှိသည်။ ၎င်းမီးငြှိမ်းသတ်ယာဉ်(၂၀)စီးမှာ တရုပ်နိုင်ငံဖြစ်၊ ၂၀၁၃ ခုမော်ဒယ်၊ DFAC တံဆိပ်၊ဒေါင်ပန်းအမျိုးအစား၊ ဒီဇယ်သုံး အင်ဂျင်၊ ပါဝါ(2800CC)၊ ပစ်စတင် လေးလုံးထိုး၊ ရေပါ(၈၀၀)ဂါလံ၊ ရေပန့် လေးလက်မပိုက် (၄)လုံး အသုံးပြု၍ ပေနှစ်ရာ ကျော် အဝေးသို့ မီးငြှိမ်းသတ်နိုင်ကြောင်း၊ မကွေးတိုင်းဒေသကြီးရှိ(၂၅)မြို့နယ်တွင် မကွေးမြို့၊ ချောက်မြို့၊ သရက်မြို့၊ ကံမမြို့ နှင့် ဆောမြို့နယ် ငါးမြို့နယ်မှအပ ကျန်သောမြို့နယ်(၂၀)မြို့များသို့ မီးငြှိမ်း သတ်ယာဉ်(၁)စီး နှုန်း ခွဲတမ်းပေးအပ်ကြောင်း သတင်းရရှိသည်။ မီးငြှိမ်းသတ်ယာဉ်(၂၀)စီးအား ဂန့်ဂေါ၊ ထီးလင်း၊ စေတုတ္တရာ၊ စလင်း၊ ငဖဲ၊ ပွင့်ဖြူ၊ မင်းဘူး၊ အောင်လံ၊ ဆင်ပေါင်ဝဲ၊ မင်းတုနုး၊ မင်းလှ၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ ပေါက်၊ မြိုင်၊ ရေစကြို၊ ရေနံချောင်း၊ နတ်မောက်၊ မြို့သစ်နှင့် တောင်တွင်းကြီးမြို့နယ်များ သို့ပေးအပ်ကြောင်းသိရသည်။ ``မြန်မာနိုင်ငံတ၀ှမ်းလုံး ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ (၁၀)နှစ်တာကာလအတွင်းမှာ မီးလောင်ရေ အကြိမ်ပေါင်း(၉၈၁၆)ကြိမ်၊ ကျပ်သန်းပေါင်း(၅၉၂၆၆.၃၂)သန်းခန့်ဆုံးရှုံးခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်း မှာ ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ (၁၀)နှစ်တာကာလအတွင်း မီးလောင်ကြိမ်ပေါင်း (၆၂၁)ကြိမ်၊ ဆုံးရှုံးမှု တန်ဘိုးကျပ်သန်း(၁၀၀၉.၁၈)သန်းဖြစ်ကြောင်း၊ တစ်နှစ်ပျမ်းမျှအကြိမ်(၆၁)ကြိမ် နှင့် တစ်နှစ်ဆုံးရှုံးငွေ ကျပ်သန်း ပေါင်း(၁၀၀.၉၉)ခန့်ဆုံးရှုံးခဲ့ပါကြောင်း၊ နှစ်စဉ်မီးလောင်မှုကြိမ်ရေများ တိုးတက်လာမှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ကို ယခုလို မီးငြှိမ်းသတ်ယာဉ်များကို ဖြည့်ဆည်းလွှဲပြောင်းပေးအပ်ရခြင်းဖြစ်ပါတယ်၊ မီးသတ် ယာဉ်နဲ့ စက်ကရိယာတွေထက် မီးဘေးကြိုတင်ကာကွယ်ရေးကလည်း အဓိကအရေးကြီးပါတယ်။´´ ဟု ညွန်ကြားရေးမှူး ဦးတင်မိုး က ၎င်းအခမ်းအနားတွင်ပြောကြားသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ညွန်ကြားရေးမှူး ဦးတင်မိုး နှင့်ခရိုင်/မြိုနယ် များမှ မြို့နယ်မီးသတ် ဦးစီးမှူးများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် ၀န်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်၊/ မြိုနယ်/ ရပ်ကွက်၊ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ မြို့ဖ များနှင့် အရံမီးသတ် တပ်ဖွဲ့ဝင်များ အင်အား(၅၀၀)ဦး ခန့်တက် ရောက်ကြောင်း၊ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ က အမှာစကားပြောကြား၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်၊ ညွန်ကြားရေးမှူး ဦးတင်မိုး က မီးငြိမ်းသတ်ယာဉ်များ လွှဲပြောင်းပေးအပ်ခြင်းအကြောင်းရှင်းလင်းသည်။ ထို့နောက် မီးသတ်ယာဉ်ကား(၂၀)စီးနှင့် ပတ်သက်သောစာရွက် စာတမ်းများအား မီးသတ်ညွှန်ကြားရေးမှူး ဦးတင်မိုးက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင် ထံသို့ ပေးအပ်လွှဲပြောင်းကြောင်း၊ ထို့နောက် မြို့မိ မြို့ဖ ဦးထွန်းဆိုင်မှ ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ၎င်း မီးသတ်ကားအစီး(၂၀)ဖြင့် Turret Nozzle ဖြင့် ရေပက်ဖျန်းခြင်း၊ တစ်ပိုက်တစ်တန်းဆက်၍ ရေပက်ဖျန်းပြ သခြင်း နှင့် လက်တွေ့ မီးငြိမ်းသတ်ခြင်းများကို သရုပ်ပြသ၍ နေ့(၁၁)အချိန်တွင် အခမ်းအနားပြီးဆုံးသည်။
READMORE
 

မင်းဘူးမြို့နယ်အတွင်းရှိ ခွန်သာနှင့် မဲချောင်ကျေးရွာများသို့ ဆိုလာမီးအိမ်များ လှူဒါန်း

မင်းဘူး မတ် ၁၁ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် ခွန်သာကျေးရွာအုပ်စုအတွင်းရှိ ခွန်သာ ကျေးရွာနှင့် မဲချောင်ကျေးရွာများသို့ ကျေးလက်ဒေသများမီးလင်းရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆိုလာမီအိမ်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မတ်လ(၁၁)ရက်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ ဆိုလာမီးအိမ်များ လာရောက်လှူဒါန်းပေးရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းအမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူးရေးဝန်ကြီး ဦးအောင်နိုင်မှ စိုက်ပျိုးရေးနှင့် တစ်ပိုင်တစ်နိုင်မွေးမြူးရေးနှင့်ပတ်သက်သည်များကို ရှင်းလင်းဟောပြောပါသည်။ ထို့နောက် ဒေသခံပြည်သူတစ်ဦးမှ ကျေးရွာအရောက် ဆိုလာမီးအိမ်များ လာရောက်လှူဒါန်းပေးခြင်း အတွက် ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ခွန်သာကျေးရွာနှင့် မဲချောင်ကျေးရွာများသို့ ဆိုလာမီးအိမ်များ ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်တာဝန်ရှိသူများမှ ပေးအပ်လှူဒါန်းရာ ကျေးရွာ ရပ်မိ/ရပ်ဖများမှ လက်ခံရယူပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ အဆိုပါ ကျေးရွာများသည် လျှပ်စစ်မီးမရရှိသေးဘဲ နွေရာသီအတွက် ညအခါ မီးလင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရန် လွန်စွာခက်ခဲ နေသည့်ကျေးရွာဖြစ်သည့်အလျောက် နေရောင်ခြည် အပူစွမ်းအင်ဖြင့် အလိုအလျှောက် အားသွင်းနိုင်သော ဆိုလာမီးအိမ်များကို မဲချောင်ကျေးရွာ အတွက်(၁၃၁)စုံနှင့် ခွန်သာကျေးရွာအတွက် (၆၁)စုံပေးအပ်လှူဒါန်းရာ ကျေးရွာနေပြည်သူများ ညအခါ အလင်းရောင်ကောင်စွာရရှိတော့မည်ဖြစ်သည့်တွက် များစွာ ၀မ်းမြောက်ပျော်ရွှင်လျက်ရှိကြောင်းသိရသည်။ တင်ထွန်းဦး(IPRD) သတင်းပေးပို့သူ ဦးတင်ထွန်းဦး (တိုင်းဒေသကြီးပြန်/ဆက်)
READMORE
 

`` ဆဋ္ဌမအကြိမ် တောင်တွင်းကြီးမြို့လယ်မှ အမှတ်(၅၄) နယူးဒေးစက်သုံးဆီဆိုင် မြို့ပြင်သို့ ပြောင်းရွေ့ပေးရန် လူထုဆန္ဒဖော်ထုတ်´´

မတ်(၉)ရက်၊ နံနက်(၉း၂၀ မှ နေ့၁၂)နာရီအချိန်ခန့်အထိ ကိုကျော်ထွန်းဦး(၃၈)နှစ်၊ ကိုပြေမိုး(၄၅)နှစ်၊ ကိုဆယ်မောင်(၅၅)နှစ် တို့ သုံးဦးနှင့် (၈)ဦးပါသော ဆန္ဒထုတ်ဖော်သူများ(၁၁)ဦးသည် တောင်တွင်းကြီးမြို့လယ်မှ အမှတ်(၅၄) နယူးဒေးစက်သုံးဆီဆိုင် မြို့ပြင်သို့ ပြောင်းရွေ့ပေးရန် ဆဋ္ဌမအကြိမ် လူထုဆန္ဒဖော်ထုတ်ကြောင်း သတင်းရရှိသည်။ အဆိုပါဆန္ဒထုတ်ဖော်သူများ(၁၃)ဦးသည် အနီရောင်အောက်ခံ အဖြူရောင်စာလုံးဖြင့် (မကွေးတိုင်းဒေသ ကြီး တောင်တွင်းကြီးမြို့နယ်၊မြို့တွင်းလမ်းဆုံရှိ (၂၄)နာရီရောင်းချလျှက်ရှိသော (ပုဂ္ဂလိကပိုင်) အမှတ်(၅၄)၊ နယူးဒေးစက်သုံးဆီဆိုင် မြို့ပြင်ပြောင်းရွေ့ပေး၊ (၆)ကြိမ်မြောက် လူထုဆန္ဒဖော်ထုတ်ပွဲ) စာသားပါ အလျားငါးပေ၊ အနံသုံးပေရှိ ဗီနိုင်းစဆိုင်းဘုတ် တစ်ခု၊ နယူးဒေးစက်သုံးဆီဆိုင် မြို့ပြင်ရွေ့ရေး ဒို့အရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းရေး ဒို့အရေး စာသားပါအဖြူရောင် ကတ္ထူဆိုင်းဘုတ်ငယ် လေးခုတို့ ကိုင်ဆောင်၍ ရွှေအိုး(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အလက(၂)မိုးထိကျောင်းရှေ့မှ စတင်ထွက်ခွာကြကြောင်း၊ ၎င်းမှ ဗိုလ်ချုပ်လမ်းပန်းခြံအရှေ့ မြို့နယ်လမ်းဆုံ၊ မကွေးလမ်းအတိုင်း ဘူတာလမ်း၊ ပြည်လမ်း၊ မြို့လယ်လမ်းဆုံရှိ နယူးဒေးစက်သုံး ဆီဆိုင်ရှေ့ အထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။ ၎င်းဆန္ဒဖော်ထုတ်သူများအား ရွှေကြာအင်း(၂)ရပ်ကွက်၊ ဗိုလ်ချုပ်ပန်းခြံရှေ့၌ တောင်တွင်းကြီးမြို့မရဲစခန်း မှ ဒုရဲအုပ် ချစ်စိုးမင်းကလည်းကောင်း၊ ဘူတာပတ်လမ်းနှင့် ပြည်လမ်းဆုံအရောက်တွင် ရဲအုပ် စိုးထွန်းကျော်မှ လည်းကောင်း၊ ပြည်လမ်း CB ဘဏ်ရှေ့အရောက်တွင် စခန်းမှူး ဒုရဲမှူးကံမြင့်ကလည်းကောင်း ယခုဆန္ဒ ဖော်ထုတ်ခြင်းသည် ဥပဒေနှင့်အညီ ခွင့်ပြုမိန့်မရသဖြင့် ဆန္ဒဖော်ထုတ်မှုအား ရပ်ဆိုင်းပေးရန် ပြောဆိုတားဆီး ခဲ့ကြောင်း၊ သို့သော်လည်း ဆန္ဒပြသူများသည် တောင်ပြင်(၂)ရပ်ကွက် လမ်းဆုံရှိ နယူးဒေးစက်သုံးဆီဆိုင်ရှေ့သို့ ဆက်လက်လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြကြောင်း၊ နေ့(၁၂)နာရီအချိန်ခန့်တွင် ဆန္ဒပြမှု ပြီးဆုံးခဲ့ကြောင်း သိရသည်။ ``ကျွန်တော်တို့က ယခင်ဆန္ဒပြခဲ့တုန်းကလဲ ပါခဲ့ကြပါတယ်။ တစ်ကိုယ်တော်လည်း ဆန္ဒပြခဲ့ကြသူတွေပါ။ တောင်တွင်းကြီးမြို့ မီးဘေးအန္တရာယ်ကင်းအောင် မြို့လယ်ခေါင်ရှိ နယူးဒေးစက်သုံးဆီဆိုင် မြို့ပြင်ကို ပြောင်းရွေ့ မပေးမချင်း အများလူထုအတွက် မီးဘေးအန္တရာယ်ကင်းဖို့ ထပ်မံဆန္ဒပြသွားကြအုံးမှာပါ..။´´ဟု ကိုပြေမိုး က ပြောသည်။ တောင်တွင်းကြီးမြို့ အမှတ်(၅၄)နယူးဒေးဆီဆိုင် မှာ ယခင်ခေတ်အဆက်ဆက်ကတည်းက ဤ နေရာ၌ ရှိခဲ့ကြောင်း၊ ဒီလောက် ခဏခဏဆန္ဒပြနေသော်လည်း မရွှေ့ပြောင်းခြင်းမှာ စဉ်းစားစရာတွေ များစွာရှိနေကြောင်း ဒေသခံတစ်ဦးက မှတ်ချက်ပေးပြောကြားသည်။ ၎င်းစက်သုံးဆီဆိုင်သို့ သွားရောက်မေးမြန်းခဲ့သော်လည်း တာဝန်ခံဖြေကြားသူမရှိဟု သိရသည်။ ဆန္ဒပြသူများ(၁၃)ဦးသည် တောင်တွင်းကြီးမြို့မရဲစခန်းရှေ့၌ ၎င်းတို့ ကိုင်ဆောင်လာသောဆိုင်ဘုတ်များ ကို ဒုရဲအုပ် ချစ်မိုးမင်းနှင့်အဖွဲ့အား အပ်နှံကြောင်း၊ နေ့(၁၂း၄၅)နာရီအချိန်တွင် ဆန္ဒဖော်ထုတ်သူများထဲက ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြသူ ကိုကျော်ထွန်းဦး၊ ကိုပြေမိုးနှင့် ဦးဆယ်မောင် တို့ သုံးဦးကို (ပ)၅၁/၂၀၁၄၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် တောင်တွင်းကြီးမြို့မရဲစခန်း မှ အရေးယူဆောင်ရွက်ထား ကြောင်း သတင်းရရှိသည်။
READMORE