*မသေချင်ရင် အသက်ရှူပါ*
လောကမှာ သေချင်တဲ့လူရယ်လို့ တစ်ယောက်မှ ရှိကြမှာ မဟုတ်ပါဘူး။ ‘ငါသေသွားရင် ကောင်းမှာပဲ’၊ ‘ငါမြန်မြန် သေသွားရင် အေးမယ်’ စသည်အားဖြင့် ပြောတတ်ကြပေမယ့် ပြောတဲ့သူကိုယ်တိုင် တကယ်တော့ မသေချင်ပါဘူး။ စကားအရသာ ပြောနေတာပါ။ ဘယ်တော့မှ မသေနိုင်တဲ့ အဖြစ်မျိုး ရှိမယ်ဆိုရင် အဲဒီအဖြစ်မျိုးကို လူတိုင်း လိုချင်ကြမှာပါ။
သေမှာကြောက်တဲ့ လူသားများအတွက် ဘယ်တော့မှ မသေနိုင်တဲ့ နည်းလမ်းလေးတစ်ခု ပေးချင်ပါတယ်။ အဲဒါကတော့ ‘မသေချင်ရင် အသက်ရှူပါ’ ဆိုတဲ့ နည်းလမ်းပါပဲ။
‘မသေချင်ရင် အသက်ရှူပါ’ ဆိုတော့…
‘လူတိုင်း အသက်ရှူနေလို့ မသေတာပဲ မဟုတ်လား၊ အသက်ရှူနေမှတော့ သေပါဦးမလား၊ အသက်ရှူရင် မသေဘူးဆိုတာ ဦးဇင်း ပြောမှလား၊ မသေဖို့အတွက် တမင်လုပ်ပြီး အသက်ရှူဖို့ လိုသေးလို့လား၊ သူ့အလိုလို အသက်ရှူနေတာပဲ မဟုတ်လား’ လို့ မေးစရာ ရှိပါတယ်။
ဒီဘ၀၊ ဒီခန္ဓာ မသေဖို့အတွက် အသက်ရှူခိုင်းတာ မဟုတ်ပါဘူး။ ဒီဘ၀၊ ဒီခန္ဓာကတော့ ခန္ဓာရဲ့ သဘာဝအတိုင်း သေရမှာပါပဲ။ နောင် ဘယ်တော့မှ မသေဖို့၊ သေတတ်တဲ့ သဘောတရားတွေ ဘယ်တော့မှ မရဖို့၊ သေခြင်းတရားကနေ အပြီးတိုင် လွတ်မြောက်သွားဖို့ အသက် ရှူခိုင်းတာပါ။
ဘယ်တော့မှ မသေနိုင်တဲ့ နေရာဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန်ကို ခန္ဓာအကြွင်းမဲ့ မျက်မှောက်ပြုနိုင်ပြီ ဆိုရင် ဘယ်တော့မှ မသေတော့ ပါဘူး။ သေတယ်ဆိုတာ ဘ၀ခန္ဓာရှိလို့ သေရတာပါ။ နိဗ္ဗာန်မှာ ဘ၀ခန္ဓာ လုံးဝမရှိ၊ ချုပ်ငြိမ်းနေတဲ့ အတွက် သေစရာအကြောင်း လုံးဝ မရှိတော့ပါဘူး။
သေခြင်းကင်းတဲ့ ချမ်းသာလောက် ချမ်းသာတာ လောကမှာ မရှိတော့ပါဘူး။ ဒါကြောင့် သေခြင်းကင်းတဲ့ နိဗ္ဗာန် ချမ်းသာကို လောကလွန် ချမ်းသာလို့ ခေါ်ရပါတယ်။ ချမ်းသာ အားလုံးတို့ရဲ့ အထွတ်အထိပ် အတုမဲ့ချမ်းသာကြီး ဖြစ်ပါတယ်။
ဘ၀ခန္ဓာမရှိရင် ချမ်းသာသုခလည်း ဘယ်ရှိပါ့မလဲလို့ ဉာဏ်မမှီသူတွေ ထင်မြင်ကြ ပေမယ့် ခန္ဓာရှိ ချမ်းသာထက် ခန္ဓာမဲ့ ချမ်းသာက အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် အဆင့်မြင့်မား လွန်းလှပါတယ်။
ရုပ်နာမ်ခန္ဓာဟာ ဆင်းရဲတုံး၊ ဆင်းရဲ အစုမျှသာ ဖြစ်တယ် ဆိုတာရယ်၊ ရုပ်နာမ်ခန္ဓာ အားလုံးရဲ့ လမ်းဆုံးပန်းတိုင်ဟာ သေခြင်းတရား ဖြစ်တယ် ဆိုတာရယ်ကို အလေးအနက် သဘောပေါက် နားလည်လာရင် နိဗ္ဗာန်ချမ်းသာရဲ့ အသေလွတ် ချမ်းသာကို တန်ဖိုးထားတတ် လာမှာပါ။
နိဗ္ဗာန်ဆိုတဲ့ အသေလွတ် ချမ်းသာကို လိုချင်ရင် အဖြောင့်ပြောတော့… မသေချင်ရင်… အသက် ရှူရပါမယ်။
‘အသက်ရှူရမယ်’ လို့ ဆိုလိုက်တော့ အသက်ရှင်နေတဲ့ လူတိုင်း အသက်ရှူနေတာပဲ မဟုတ်လားလို့ မေးစရာ ရှိပါတယ်။
ပုံမှန်ရှူနေတဲ့ အသက်ရှူခြင်း၊ ကိုယ့်ရဲ့ ကြောင့်ကြအားထုတ်မှု မပါဘဲ သူ့အလိုအလျောက် သဘာဝအတိုင်း ရှူနေတဲ့ အသက်ရှူခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ စိတ်အာရုံ စူးစိုက်ပြီး သတိတရားပါပါ၊ အသိတရား သာသာနဲ့ ရှူတဲ့ အသက်ရှူခြင်း၊ ကိုယ့်ရဲ့ အားထုတ်မှုပါတဲ့ အသက်ရှူခြင်းကို ဆိုလိုတာပါ။
‘အသက်ရှူရမယ်’ ဆိုတာ ‘သတိပညာသွင်းပြီး ရှူရမယ်’ လို့ ဆိုလိုပါတယ်။ တစ်နည်း ပြောရရင်တော့ ‘အမှတ်သတိနဲ့ အသက်ရှူရမယ်’ လို့ ဆိုလိုပါတယ်။ အလွယ်ကူဆုံးနဲ့ အရှင်းဆုံး ပြောရရင်တော့ ‘သတိထားပြီး အသက်ရှူရမယ်’ လို့ ဆိုလိုပါတယ်။
သတိထားပြီး ဘယ်လို အသက်ရှူမလဲ။
အသက်ရှူသွင်း၊ ရှူထုတ် လုပ်လိုက်လို့ နှာသီးဝ သို့မဟုတ် အထက်နှုတ်ခမ်းဖျား လေထိသွားတဲ့ နေရာမှာ စိတ်ကို၊ သတိကို ကပ်ထားပြီး လေ၀င်ရင် ‘၀င်တယ်’၊ လေထွက်ရင် ‘ထွက်တယ်’ လို့ ရှုမှတ်ပြီး အသက်ရှူရပါမယ်။
လေ၀င်သွားတဲ့အခါ နှာသီးဝကို ထိပြီး ၀င်သွားပါတယ်။ ထိတဲ့ နေရာလေးမှာ စိတ်ကို၊ သတိကို ကပ်ထားပြီး ‘၀င်တယ်’ လို့ ရှုမှတ်ရပါမယ်။ အတွင်းဝင်သွားတဲ့ လေကြောင်းနောက် စိတ်မလိုက်ရပါဘူး။ လိုက်ရင် အတွင်းပျံ့လွင့်မှု ဖြစ်ပါတယ်။
လေထွက်သွားတဲ့အခါ နှာသီးဝကို ထိပြီး ထွက်သွားပါတယ်။ ထိတဲ့ နေရာလေးမှာ စိတ်ကို၊ သတိကို ကပ်ထားပြီး ‘ထွက်တယ်’ လို့ ရှုမှတ်ရပါတယ်။ အပြင်ထွက်သွားတဲ့ လေကြောင်းနောက် စိတ်မလိုက်ရပါဘူး။ လိုက်ရင် အပြင်ပျံ့လွင့်မှု ဖြစ်ပါတယ်။
လေ၀င်တဲ့ အခါမှာရော၊ လေထွက်တဲ့ အခါမှာရော နှာသီးဝ လေထိတဲ့နေရာ တစ်နေရာတည်း မှာပဲ စိတ်ကို ကပ်ထားရပါမယ်။ လေသွားရာ လမ်းကြောင်းတစ်လျှောက် စိတ်မလိုက်ရပါဘူး။
အတွင်းဆိုရင် ၀မ်းဗိုက်အထိ၊ အပြင်ဆိုရင် လေဟာနယ်အထိ အဲလို နေရာတွေ လိုက်ရွှေ့ပြီး မရှုမှတ်ရ ပါဘူး။ နှာသီးဝ အပ်ဖျားတစ်ထောက်စာ လေထိတဲ့ နေရာလေး တစ်ခုတည်းမှာပဲ စိတ်ကို ကပ်ထားပြီး ရှုမှတ်ရပါမယ်။ ဒါဟာ နည်းလမ်းမှန်မှန် ရှုမှတ်နည်းပါပဲ။
‘၀င်လေ ၀င်တိုင်းသိ၊ ထိတိုင်းသိ၊ ထွက်လေ ထွက်တိုင်းသိ၊ ထိတိုင်းသိ’ ဒါဟာ ရှုမှတ်နည်း အကျဉ်းချုပ်ပါပဲ။
သတိထားပြီး အသက်ရှူတာကိုပဲ အာနာပါန သတိပဋ္ဌာန်တရား ပွားများတယ်၊ အာနာပါန ကမ္မဋ္ဌာန်း အားထုတ်တယ်လို့ ဆိုပါတယ်။ အာနဆိုတာ ၀င်လေ၊ အပါနဆိုတာ ထွက်လေ၊ ၀င်လေ ထွက်လေကို သတိထားပြီး အသက်ရှူတဲ့ ကမ္မဋ္ဌာန်းကို အာနာပါန ကမ္မဋ္ဌာန်း၊ ဒီလို ခေါ်ပါတယ်။
ဝင်လေထွက်လေဟာ ထိုင်နေတဲ့ အချိန်မှာသာ ရှိတာ မဟုတ်ပါဘူး၊ သွားနေ၊ ရပ်နေ၊ လျောင်းနေတဲ့ အချိန်တွေမှာလည်း ရှိပါတယ်။ ဒါ့ကြောင့် အာနာပါန ကမ္မဋ္ဌာန်းကို ထိုင်ရင်းနဲ့လည်း ရှုမှတ်လို့ ရသလို၊ သွားရင်း၊ ရပ်ရင်း၊ လျောင်းရင်းနဲ့လည်း ရှုမှတ်လို့ ရပါတယ်။
သီးသန့် အချိန်ယူပြီး ထိုင်မှတ်၊ သွားမှတ်၊ လျောင်းမှတ်၊ ရပ်မှတ်ရင်တော့ ၀င်-၀င်တယ်၊ ထွက်-ထွက်တယ်လို့ မှတ်ရပါမယ်။ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်း၊ ပြောရင်းဆိုရင်း၊ စားရင်းသောက်ရင်း ရှုမှတ်ရင်တော့ ၀င်တယ်၊ ထွက်တယ် ဆိုတာတွေ ထည့်မှတ်မနေတော့ဘဲ ၀င်ထိ၊ ထွက်ထိ သဘောလေးကို သိနေရင် လုံလောက်ပါတယ်။
အမြဲရှိနေတဲ့ ၀င်လေ၊ ထွက်လေကို အမြဲသိနေအောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ အလေ့အကျင့်လည်း လုပ်ထားမယ်၊ သတိလည်း ထားမယ်ဆိုရင် နောက်တော့ အခက်အခဲ မရှိပါဘူး၊ အလွယ်တကူနဲ့ ဖြစ်သွားမှာပါ။
အသက်ရှင်နေတဲ့ လူတိုင်း အသက်ရှူနေတာမို့ အသက်ရှူတိုင်း သတိ၊ ပညာသွင်းပြီး ရှုမယ်ဆိုရင် အသက်ရှင်စဉ်မှာလည်း စိတ်ချမ်းသာ၊ ငြိမ်းအေးမှု အထူး အဆင့်မြင့်စွာ ရရှိနိုင်သလို တရားထူး တရားမြတ် ရသွားရင်လည်း သေခြင်းတရားမှ အပြီးတိုင် လွတ်မြောက်သွားနိုင် ပါတယ်။ ဒါ့ကြောင့် တိုက်တွန်းချင်တာက…
မသေချင်ရင် အသက်ရှူပါ။ စိတ်ချမ်းသာချင်ရင် အသက်ရှူပါ။ ကိုယ့်ဘ၀ကိုယ် ကျေနပ်မှု ရချင်ရင် အသက်ရှူပါ။ လောကချမ်းသာကို အပြည့်ဝဆုံး ခံစားချင်ရင် အသက်ရှူပါ။ နိဗ္ဗာန်ဆိုတဲ့ အနှိုင်းမဲ့ ချမ်းသာကို ဒီဘ၀မှာတင် အမြန်ဆုံး မျက်မှောက်ပြုချင်ရင် အသက်ရှူပါ။
အာနာပါန ကမ္မဋ္ဌာန်းကို မသိ နားမလည်သူတွေက သမထ ကမ္မဋ္ဌာန်းလို့ ထင်မှတ် စွပ်စွဲကြပါတယ်။ သူတို့ ထင်မှတ် စွပ်စွဲသလို မဟုတ်ပါဘူး။ အာနာပါန ကမ္မဋ္ဌာန်းဟာ သမထ၊ ၀ိပဿနာ စွယ်စုံရတဲ့ ကမ္မဋ္ဌာန်းကြီးပါ။ သမထလို ရှုရင် သမထဖြစ်ပြီး၊ ၀ိပဿနာလို ရှုရင် ၀ိပဿနာ ဖြစ်ပါတယ်။
ဝင်လေထွက်လေ လေကြောင်းနောက်ကို လိုက်ပြီး ပုံသဏ္ဌာန် နိမိတ်၊ အရိပ်အယောင်တွေကို ရှုနေရင် သမထ ဖြစ်ပါတယ်။ လေနောက်ကို မလိုက်ဘဲ နှာသီးဝ လေထိရာ တစ်နေရာတည်းကနေ ထိမှုသဘော၊ လှုပ်ရှား ရုန်းကန်မှု သဘောကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါး ထင်ရှားလာအောင် ရှုနေရင် ၀ိပဿနာ ဖြစ်ပါတယ်။
အာနာပါနဿတိ သုတ္တန်မှာ မြတ်စွာဘုရားရှင်က ‘အာနာပါနကို ရှုပွားရင် သတိပဋ္ဌာန် လေးပါးလုံး ရှုပွားပြီးသား ဖြစ်တယ်။ သတိပဋ္ဌာန်လေးပါး ရှုပွားရင် ဗောဇ္စ္ဈင် ခုနစ်ပါးကိုလည်း ပွားများပြီးသား ဖြစ်တယ်။ ဗောဇ္စ္ဈင် ခုနစ်ပါးကို ပွားများရင် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ဆိုက်ရောက်နိုင်တယ်’ လို့ မိန့်ကြားတော် မူပါတယ်။ အာနာပါန ကမ္မဋ္ဌာန်းနဲ့ ရဟန္တာအထိ ဖြစ်နိုင်တယ်လို့ ဆိုလိုပါတယ်။
သုတ္တန် တစ်ခုမှာဆိုရင် အာနာပါန ရှုပွားနေတဲ့သူဟာ တစ်ထိုင်တည်းနဲ့တောင် ရဟန္တာ ဖြစ်နိုင်တယ် လို့တောင် မိန့်ကြားတော် မူထားပါတယ်။ ဒါ့ကြောင့် အာနာပါန ကမ္မဋ္ဌာန်းကို နိဗ္ဗာန်သွားတဲ့ ဖြတ်လမ်း၊ နိဗ္ဗာန်သွားတဲ့ လမ်းတိုလို့ ရှေးသူတော်ကောင်းတွေ မိန့်ဆိုတော် မူကြပါတယ်။ ဆရာတော်ကြီး တစ်ပါးကဆို အာနာပါန ကမ္မဋ္ဌာန်းကို ‘သက်ဦးဆံပိုင် ကမ္မဋ္ဌာန်း’ လို့တောင် တခမ်းတနား ချီးမွမ်း ဂုဏ်တင်တော် မူခဲ့ပါတယ်။
အာနာပါန ကမ္မဋ္ဌာန်းဟာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တိုင်းရဲ့ လက်သုံး ကမ္မဋ္ဌာန်းကြီး ဖြစ်ပါတယ်။ ဘုရားရှင်တိုင်း၊ ဘုရားရှင်တိုင်းဟာ အာနာပါန ကမ္မဋ္ဌာန်းကိုပဲ ပင်တိုင် ကမ္မဋ္ဌာန်းအဖြစ် ရှုပွားရင်းနဲ့ ဘုရားဖြစ်တော် မူကြပါတယ်။ တခြား ကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်တဲ့ ဘုရားရယ်လို့ တစ်ဆူမှ မရှိပါဘူး။ ရှေးကလည်း ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အခုလည်း မရှိဘူး၊ နောင်လည်း ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။
ဒီအချက်ကိုက အာနာပါန ကမ္မဋ္ဌာန်းဟာ ဘယ်လောက်ကြီး မြင့်မြတ်တယ်၊ ဘယ်လောက် ထိပ်တန်း အကျဆုံး ဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။
ဝင်လေ ပြန်မထွက်တော့တဲ့ အချိန်၊ ထွက်လေ ပြန်မ၀င်တော့တဲ့ အချိန်ဟာ သေတဲ့ အချိန်ပါပဲ။ ဒါ့ကြောင့် ရုပ်နာမ်ခန္ဓာ အဆက်မပြတ် ရှင်သန်နေမှုမှာ ၀င်လေ ထွက်လေက အဓိက ပဓာန ကျပါတယ်။
ဝင်သက် ထွက်သက် ဆိုတဲ့အတိုင်း ဘ၀တစ်ခုရဲ့ အသက်ဟာ ၀င်လေထွက်လေ ဖြစ်လို့ ၀င်လေထွက်လေကို သတိကပ် ရှုမှတ်ရတဲ့ အာနာပါန ကမ္မဋ္ဌာန်းဟာလည်း ၀ိပဿနာ ယောဂီတိုင်းရဲ့ ‘အသက်သွေးကြော ကမ္မဋ္ဌာန်းကြီး’ ဖြစ်ပါတယ်။
ဝင်လေထွက်လေနဲ့ ပတ်သတ်တဲ့ ရုပ်နာမ်ရဲ့ သဘော သဘာဝတွေကို ပိုင်နိုင်သွားရင် ကျန်တဲ့ ရုပ်နာမ် အားလုံးရဲ့ သဘော သဘာဝတွေကိုပါ ပိုင်နိုင်သွားတာမို့ အာနာပါန ကမ္မဋ္ဌာန်းကို ‘အညှာကိုင် ကမ္မဋ္ဌာန်း’ လို့လည်း ခေါ်နိုင်ပါတယ်။
အိပ်ချိန်၊ နိုးချိန်၊ အချိန်တိုင်းမှာ ထင်ရှားနေတဲ့အတွက် ရှုမှတ်ရတာလည်း လွယ်ကူ၊ မရပ်မနားလည်း အဆက်မပြတ် ရှုမှတ်နိုင်တာကြောင့် အာနာပါန ကမ္မဋ္ဌာန်းကို ပင်တိုင် ကမ္မဋ္ဌာန်းအဖြစ် သတ်မှတ်ပြီး အားထုတ်တာဟာ လူအများစုအတွက် အသင့်တော်ဆုံး ပါပဲ။
အာနာပါန ကမ္မဋ္ဌာန်းကို နှာသီးဝ လေထိရာအရပ် သတိကပ် ရှုမှတ်တဲ့ ၀ိပဿနာ နည်းလမ်းနဲ့ အရဟတ္တဖိုလ်ပေါက် အားထုတ်နိုင်ပြီ ဆိုရင်တော့ သေခြင်းတရားမှ အပြီးတိုင် လွတ်မြောက်ပါပြီ။
အာနာပါန ကမ္မဋ္ဌာန်းဟာ ရဟန္တာအထိ အမြန်ဆုံး ဖြစ်စေနိုင်တဲ့ ၀ိပဿနာ ကမ္မဋ္ဌာန်းစစ်စစ် ဖြစ်တယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည်ပြီး ကြိုးကြိုးစားစား အားထုတ်ကြဖို့ အထူး တိုက်တွန်းလိုက် ပါရစေ။
နေ့စဉ်ဘ၀ရဲ့ လူမှုကိစ္စ၊ အိမ်မှု ကိစ္စတွေကို လုပ်နေရင်းနဲ့လည်း အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်လို့ ရပါတယ်။ အလုပ်လုပ်နေရင်းနဲ့ တစ်စက္ကန့်ရရင် တစ်စက္ကန့်၊ တစ်မိနစ်ရရင် တစ်မိနစ်၊ ငါးမိနစ်ရရင် ငါးမိနစ် ကြိုကြားကြိုကြား အားထုတ်သွားမယ် ဆိုရင် အလုပ်လုပ်ရတာလည်း မပင်ပန်း၊ စိတ်ချမ်းသာ၊ သမာဓိဉာဏ် ရင့်သွားတဲ့ အခါမှာလည်း တရားထူးရနဲ့ အင်မတန် ဟန်ကျလှပါတယ်။
အချိန်လည်းမကုန်၊ လူလည်းမပန်း၊ ငွေလည်းမထွက် အင်မတန် တွက်ခြေကိုက်တဲ့ အာနာပါန ပါပဲ။ တစ်ချိန်တည်း အလုပ်နှစ်ခု ပြီးပါတယ်။ ၀ိပဿနာ ကုသိုလ်ကို အလွယ်တကူ ရယူနိုင်ပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို အလွယ်တကူ ဆိုက်ရောက် စေနိုင်တာဟာ အာနာပါန ကမ္မဋ္ဌာန်းပါပဲ။
ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားတော်မူသော မသေခင် ဘာလုပ်ကြမလဲ စာအုပ်မှ… ကူးယူ ပူဇော်ပါသည်။
~~~~~~~~~~~~~~~~~~~~~~
ဤအာနာပါန ကမ္မဋ္ဌာန်းအား မင်းကွန်းဆရာတော်ဘုရား ဟောကြားတော်မူသော ၀ိပဿနာရှုပွားနည်း တရားတော်အား download ယူ၍ ယှဉ်တွဲနာယူ ကြည်ညိုကြဖို့ တိုက်တွန်းပါရစေ။
ဝိပဿနာ ရှုပွားနည်း
အပေါ်လင့်ခ်တွင် ဒေါင်းမရပါက
http://ifile.it/u0gm3t9/004-MingunSayadaw-Vipassana.MP3
~~~~~~~~~~~~~~~~~~~~~~~~
ဆရာတော် အရှင်ဆန္ဒာဓိက၏ မသေခင် ဘာလုပ်ကြမလဲ စာအုပ်မှ တင်ပြီးသမျှ
၁။ *သင့်ရဲ့သေဆုံးချိန်ကို ကြိုသိစေနိုင်မယ့် နည်းလမ်း*
၂။ *မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ*
၃။ *တကယ်မသေခင် အစမ်းသေကြည့် ကြရအောင်*
ဓမ္မမောင်နှမတို့ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။ ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
ကိုဖိုးသား၏ မေးလ်အား တဆင့်ဖော်ပြထားပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ သြဂုတ်လ(၂၉)ရက်၊နံနက်(၈)နာရီ
0 comments:
Post a Comment