မကွေးမြို့မှ SHADE စာပေ၀ိုင်း


မကွေးမြို့မှ SHADE စာပေ၀ိုင်း
၂၀-၂-၂၀၁၁ တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီ မှ ညနေ(၃း၃၀)နာရီ အထိ ဆုံနေကြ အချစ်ရွာဆိုင်မှာ ၀ိုင်းဖွဲ့ကြပါတယ်။ Shade စာပေ၀ိုင်း(၁၅)ကြိမ်မြောက် စာပေ၀ိုင်းပါ။ ဒီတစ်ပတ်ဧည့်သည်တော်များကတော့ ဆရာ ဦးဆွေ(ဒဿနိက)၊ ပန်းချီပညာရှင်ဆရာများဖြစ်ကြတဲ့ ပန်းချီမင်းသူ၊ ပန်းချီသူရိန်မြိုင်၊ ပန်းချီခင်မောင်တင့် နှင့် စာပေ၀ါသနာရှင် ကိုမြင့်ဇော်ဦး တို့ဖြစ်ကြပါတယ်။ ပင်တိုင် Shade စာပေ၀ိုင်းတော်သားများကတော့ ဆရာနေခြည်(မကွေး)၊ ဆရာလွမ်းထား(မကွေး)၊ ဆရာတင်လင်းဇော်၊ ဆရာဘိုမြင့်ရှိန်(အောင်လံ)၊ ဆရာမောင်ပင်နီ(ကျေးလက်)၊ ရေနံ့သာအောင်ချမ်းဇော် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းက လူစုံတက်စုံနဲ့ ပထမအကြိမ်အဖြစ်ရောက်လာသူများက တစ်ဝက်ဆိုတော့ SHADE စာပေစကားဝိုင်းရဲ့ ရည်ရွယ်ချက်၊နဲ့ စာပေစီစစ်ရေးမှ ဖြတ်သန်းထွက်ရှိလာကြတဲ့ ဂျာနယ်၊ မဂ္ဂဇင်း၊ လုံးခြင်းစာအုပ်များကိုသာ ဖတ်ကြားဆွေးနွေးပေးကြဖို့ကို ပြန်လည်ထပ်မံပြောဆိုရပါတယ်။ ယခင်အပတ်က Shade အယ်ဒီတာချုပ် ကိုသာဇော်နဲ့ မန္တလေး မီဒီယာအဖွဲ့ လာတုံးက ရွှေစက်တော်ခရီးစဉ်ကို ဆက်ပြောပါရစေ။
(၁၁-၂-၂၀၁၁)နေ့ နံနက်ပိုင်း(၇)နာရီမှာ ကျွန်တော်တို့အဖွဲ့ စာရေးဆရာ သာကီနွယ်သွေး(မကွေး)ရဲ့ ကပ်ကျော်ကမ္ဘာအေးဝိပဿနာဓမ္မရိပ်သာကျောင်းက ထွက်ခဲ့ကြပါတယ်။ မကွေးမြို့ထဲက တောင်ဇလပ်လဖက်ရည်ဆိုင်(၁) မှာ နံနက်စာ စားကြ သောက်ကြပါတယ်။နံနက်(၈)နာရီမှာ မန်းရွှေစက်တော်ဘုရားသို့ဆက်လက်ထွက်ခဲ့ကြပါတယ်။ ယခင်စီစဉ်ထားတဲ့ ဆရာ ကိုကိုလတ်(ဆည်မြောင်း)ရဲ့ ဟိုက်လပ်ကားနဲ့ဆိုရင် ကျွန်တော်တို့အဖွဲ့လုံးဝမဆန့်နိုင်ပါ။ Shade အယ်ဒီတာချုပ်ကိုသာဇော် နဲ့ မိခင်ကြီးရယ်၊ သူ့ညီမတစ်ယောက်ရယ်၊ ကိုသာဇော်ရဲ့ ချစ်ဇနီး နဲ့ ချစ်သမီးနှစ်ယောက်ရယ်၊ အထက်မြန်မာ သတင်းဂျာနယ်အယ်ဒီတာချုပ် ဆရာ နတ်မောက်ထွန်းရှိန်၊ စာရေးဆရာ တက္ကသိုလ်တေဇာလင်း၊ မောင်ဆူးမင်း(ချပ်သင်း)၊ သန်းဖေသား၊ သတင်းထောက်ချုပ်အောင်မြင့်မြင့်(စစ်ကိုင်း)၊ ဆရာစိုးဘားဒိုင်၊ ကဗျာဆရာမောင်သင်းပန်နဲ့ ကဗျာဆရာကလင့်(မန္တလေး) တို့က မန်းအုပ်စုပါ။ မကွေးအုပ်စုကတော့ ဆရာမောင်နန္ဒ(မြစ်ကြီးနား)၊ ကဗျာဆရာ နှင်းဦး(မင်းဘူး) (မှတ်ချက်-စားဖိုမှူး)၊နဲ့ စာရေးသူတို့ပါလာကြပါတယ်။ ရွှေစက်တော်မှာ ကျွန်တော်တို့ကို ကြိုဆိုသူများကတော့ မန်းရွှေစက်တော်ဂေါပက လူကြီး သတင်းထောက် ဆရာဝင်းဌေး(ဘဏ်)(မှတ်ချက်။ ရွှေစက်တော်မှ ဂေါပကလူကြီး၏မိတ်ဆွေ ကျွန်တော်တို့မှာ ဘာမှ အလကားမရခဲ့ကြပါ။)၊ ကြက်ခြေနီတပ်ခွဲမှူး ကိုလှဝင်း ခေါ် စာရေးဆရာ၊သတင်းထောက် ကောင်းသုတ(မင်းဘူး)၊နဲ့ ကာတွန်းဆရာအောင်ချမ်းမြေ့တို့က ဧည့်ဝတ်ကျေပွန်စွာနဲ့ ကြိုဆိုကြပါတယ်။
မန်းရွှေစက်တော်ဘုရားကို နံက်(၁၀)နာရီခန့်မှာ ရောက်ကြပါတယ်။ ကျွန်တော်တို့ငှါးလာတဲ့ လိုက်ထရပ်ကားက အမိုးအကာမပါတော့ ကားနောက်ပိုင်းက ဆရာစိုးဘားဒိုင်၊ ဆရာမောင်သင်းပန်၊ ဆရာမောင်ဆူးမင်း(ချပ်သင်း)၊ ကဗျာဆရာကလင့်(မန္တလေး) နဲ့ ဆရာနှင်းဦး(မင်းဘူး) တို့အားလုံး လူစင်စစ်ကနေ မျောက်ဖြူကြီးတွေဖြစ်သွားခဲ့ပါတယ်။ မန်းချောင်းရေထဲကို ဒိုင်ပင်ပစ်ပြီး ရေးချိုးလိုက်ပြန်တော့ လူမင်းသားလေးတွေပြန်ဖြစ်သွားပါရော့လား။ ကားပေါ်မှာ လူကြမ်းမင်းသား မောင်ဆူးမင်း(ချပ်သင်း) က ကဗျာဆရာ ကလင့်(မန္တလေး)ကို လည်ပင်းညစ်ပြီး လုပ်ကြံသတ်ဖြတ်နေပါသေးတယ်။ဘာများ အဝေမတည့်ဖြစ်ကြသလဲတော့ မသိပါ။ ရှိတ်ဂျာနယ်ရဲ့ စာမျက်နှာပေါ်ကရန်စလို့ အယ်ဒီတာချုပ်ကပြောပါတယ်။ ဆရာစိုးဘားဒိုင်ကတော့ တစ်လမ်းလုံး မှာ ငြိမ်နေပြီး ရွှေစက်တော် တောလားကို ဆက်ရေးမယ် လို့စိတ်ကူးနေပါတယ်။ ဆရာမောင်သင်းပန်နဲ့ ဆရာနှင်းဦး(မင်းဘူး) တို့နှစ်ဦးကတော့ လုပ်ကြံသတ်ဖြတ်နေတဲ့ မောင်ဆူးမင်း(ချပ်သင်း) တို့ကို ၀ိုင်းပြီးဆွဲနေကြပါတယ်။ ဆားပုလင်း မောင်နန္ဒ(မြစ်ကြီးနား) ကတော့ လမ်းကြေး၊တံတားကြေးကောက်ခံတဲ့ ဂိတ်ဝင်တိုင်းမှာ ဓာတ်ခဲအားကုန်နေတဲ့ သူ့ရဲ့စကားပြောစက်ကြီးကိုမြှောက်ပြလို့ ပါးစပ်မှာတေ့တေ့ပြီး ( ရထား ရထား မိုးပြာရှိလား ငါတို့ ဒီ….မှာရောက်နေပြီ။ ဒီ…နေရာကိုဖြတ်သွားနေပြီ) ဆိုပြီးအော်ပြောနေပါတယ်။ သတင်းထောက် သန်းဖေသားကတော့ အသွား အပြန်လမ်းမှာ ဟန်းဖုန်းတကိုင်ကိုင်နဲ့ မန္တလေးကိုဖုန်းဆက်နေပါတယ်။ဘယ်သူ့ဆီကိုဆက်တယ်ဆိုတာကတော့ သူကလွဲလို့ဘယ်သူမှ မသိရပါ။ တက္ကသိုလ်တေဇာလင်းကတော့လမ်းခရီးမှာ တောတောင်သဘာဝ ရဲ့ အနုအလှ အကြမ်း၊လွမ်းမောဖွယ်ရာများကို စာတစ်အုပ်ဖြစ်အောင် စိတ်ကူးနဲ့ရေးနေပါတယ်။ အယ်ဒီတာချုပ် ကိုသာဇော်ကတော့ သူ့ရဲ့ချစ်ဇနီးနဲ့ ချစ်သမီးနှစ်ဦးတို့ကို စောင်ကြီးနဲ့ဖြန့်ခြုံထားပေးပြီး ဖခင်မေတ္တာကို အပြည့်အ၀ထားပြနေ ဟန်တူပါတယ်။ ဖြစ်ရပ်အမှန်များကို မှတ်တန်းတင် ဓာတ်ပုံရိုက် သတင်းရေးနေသူကတော့ သတင်းထောက်ချုပ် အောင်မြင့်မြင့်(စစ်ကိုင်း) ပါ။ အကာအရံမပါတဲ့ကားပေါ်မှာ ခဏ ခဏထထပြီးဓာတ်ပုံရိုက်နေလို့ ဆရာနတ်မောက်ထွန်းရှိန်က သူ့ရဲ့ခါးကိုဆွဲထားရပါတယ်။ ဒီလိုနဲ့ မန်းရွှေစက်တော်ကို ရောက်ခဲ့ပြီး ဘုရားဖူးလာသူတိုင်းမှာ တွယ်ကပ်ပါလာကြတဲ့ ရန်တွေ အပူတွေ လောဘ ဒေါသ သောကတွေအားလုံးကို မန်းရွှေစက်တော်ဘုရားရဲ့ မန်းချောင်းရေနဲ့ ချိုးပြီး ရှင်းလင်းလိုက်ကြပါတယ်။
မန်းချောင်းရေကို မန်းမီဒီယာအဖွဲ့က၊ တ၀ကြီးချိုးကြပြီး စာရေးသူအိုးသူကြီးမှ နေ့ထမင်းကြီးနဲ့ တည်းခင်း ကျွေးမွေးဧည့်ခံရပါတယ်။ မန်းမီဒီယာအဖွဲ့က အားရပါးရစားကြပါတယ်။ ဆန်တစ်ပြည်ခွဲချက်နဲ့ ကြက်သားတစ်ပိဿာချက်ကို တနပ်တည်းနဲ့ ကုန်ပါတယ်..။ စာရေးသူနဲ့ စားဖိုမှူး နှင်းဦး(မင်းဘူး) တို့ ညနေစာအတွက် ဈေးဝယ်ထွက်ခဲ့ရပြန်ပါတယ်..။ ဈေးဝယ်ရင်း ကြက်ရှာထွက်ရတဲ့ အကြောင်း၊ မန်းရွှေစက်တော်မှာ ဘုရားဖူးတာနဲ့ မန်းချောင်းရေချိုးကြရတာသာ အလကားရကြောင်းတို့ ကို နောက်တစ်ပတ်မှ ဆက်ပြီးပြောပါရစေတော့..။
ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းက မှတ်သားစရာတစ်ခုကိုတင်ပြလိုပါတယ်။ဆရာနေခြည်(မကွေး) ပြောကြားတဲ့ ၂၀၀၂ ခု ခံစားသူများအကြိုက် ဥတ္တရလမင်း စီစဉ်တဲ့ ၀ထ္ထုတိုပေါင်းချုပ် စာအုပ်ထဲက စာရေးဆရာမဂျုးရဲ့( အ၀ါရောင် ရထား) ၀ထ္ထုကို တင်ပြပါ့မယ်။ ဒီနေ့စာပေ၀ိုင်းကို ရောက်လာသူများက စာဖတ်တော်တော်နာသူများလည်းပါနေတာကိုတွေ့ ရပါတယ်။ကျွန်တော်ပြောတာကို ခံစား ဖတ်ကြားပြီးဖြစ်နေရင်တော့ သီးခံ နားထောင်ပေးစေလိုပါတယ်။ဒီဝထ္ထုလေးက ဆရာမဂျူးရဲ့ တသီးပုဂ္ဂလိက ခံစားချက်ကလေးကို တင်ပြတာထင်ပါတယ်။ ဒါပေမယ့် အများနဲ့လည်း အကြုံးဝင်ပြီး တိုက်ဆိုင်နေလို့ တင်ပြပေးလိုက် ရပါတယ်။ ဇာတ်လမ်းလေးက ဇာတ်ကောင်တွေကတော့ ဒေါက်တာနီလာ၊ ကလေးလေးတစ်ယောက်၊ ရထားသံလမ်း၊ သူပိုင်ကားတစ်စင်း၊ အ၀ါရောင်ရထားရယ် သူငယ်ချင်း ဒေါက်တာမူယာ တို့ဖြစ်ပါတယ်။ သူပြောချင်တာက ဒေါက်တာနီလာက မချမ်းသာဘူး။ဒေါက်တာနီလာကဆင်းရဲတယ်။ ရတဲ့ငွေများကို စုဆောင်းပြီး(၅ )သိန်းတန်ကားလေးတစင်းကိုဝယ်ဖြစ်တယ်။ ကံကောင်းထောက်မပြီး ယနေ့သိန်း(၁၀၀)ကျော်တန်နေပါပြီ။ ပြည်သူ့ဆေးရုံးကြီးတခုမှာ အလုပ်လုပ်တယ်၊ ပရဟိတလူမူရေးစိတ်ရှိတယ်။ သူ့သူငယ်ချင်းဖြစ်တဲ့ ဒေါက်တာမူယာက လူချမ်းသာတစ်ဦးနဲ့ညားပြီး သူဌေးတစ်ဦးရဲ့ ဇနီးဖြစ်တယ်။ပရဟိတ လူမှုရေးစိတ်မရှိသူဖြစ်တယ်။ ရွှေတိဂုံဘုရား ထီးတင်ပွဲမှာ သူ့ဝတ်ထားတဲ့ ပတ္တမြားလက်စွပ်ကို ချွတ်ပြီးလှူဒါန်းတဲ့သူဖြစ်တယ်။ ဒေါက်တာမူယာက၊ ဒေါက်တာနီလာရဲ့အိမ်မှာလာစဉ်အခါ ဒေါက်တာနီလာက ငွေသုံးသောင်းကျပ်ကို နှစ်ထုပ်ခွဲနေပါတယ်။ တစ်ထုပ်က မရှိဆင်းရဲသားတွေအတွက် ဆေးကုပေးဖို့၊ တစ်ထုပ်ကတော့လူနာတွေကို ထမင်းကျွေးဖို့ဆိုပြီး တစ်သောင်းခွဲဆီ ထုပ်ထားကြောင်း ပြန်ပြောပြတယ်။ ဒေါက်တာမူယာများ သူလို ပရဟိတစိတ်များ ၀င်မလားလို့ ပြောခြင်းဖြစ်တယ်။ စကားပြောကြရင်း အပြင်မှာ တခုခုစားဖို့ ဒေါက်တာနီလာရဲ့ကားလေးနဲ့ ထွက်ခဲ့တယ်။ရထားလမ်းဘေးက ကော်ဖီဆိုင်တစ်ဆိုင်မှာ ထိုင်ဖြစ်ကြတယ်။ ရထားသံလမ်းဟောင်းထိပ်မှာ ဒေါက်တာနီလာရဲ့ကားလေးကိုရပ်ထားခဲ့ပါတယ်။ ရထားသံလမ်ပေါ်ကို အ၀ါရောင်ရထားတစ်စင်းက အရှိန်ပြင်းစွာနဲ့မောင်းလာတယ်။ ရထား ဦးတည်ရာတည့်တည့်မှာ ကလေးလေးတစ်ယောက်က ထိုင်နေပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာနီလာနဲ့ ဒေါက်တာမူယာတို့နှစ်ဦးက စိုးရိမ်ကြီးစွာနဲ့ ကြည့်နေမိကြတယ်။ ဒေါက်တာနီလာက ကလေးကိုပြေးပြီးရွှေ့ဖို့ အချိန်ကလည်းမမှီနိုင်ပါ။ တစ်ခုတော့ရှိတယ် အဲဒီရထားကြီးကို လမ်းကြောင်းလွှဲပေးတဲ့ သံလမ်းတစ်ခုရှိပါတယ်။ ကလေးဆီကို ရထားမရောက်အောင် အဲဒီသံလမ်းလွှဲ ကို ရှန်တိန်လုပ်ပြီး ပြောင်းပေးလိုက်မယ်လို့ စိတ်ကူးလိုက်တော့ ရထားလမ်းခွဲရဲ့ထိပ်မှာက ဒေါက်တာနီလာပိုင် ကားလေးကိုရပ်ထားပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာနီလာက ရထားကို သံလမ်းလွှဲဖို့ တွန့်ဆုတ်နေမိပါတယ်။ သူပိုင်တဲ့ကားကလေးကို ရထားတိုက်ပစ်မှာ သေချာနေပါတယ်။ ဒေါက်တာနီလာရဲ့တွန့်ဆုတ်နေတဲ့ လုပ်ရပ်ကို ဘေးကပါလာတဲ့ ဒေါက်တာမူယာ က မျက်စောင်းကြီးထိုးပြီး အပစ်တင်နေပါတယ်။ နင်တကယ်တန်း ကလေးကို ကူညီချင်ပါတယ်ဆိုရင် နင်ကားလေးကို ဘာလို့နှမြောနေတာလဲ၊ ငါသာဆိုရင် ငါ့သိန်းသုံးရာကားကိုတောင် အပျက်အစီး အဆုံးရှုံးခံပြီး ဒီကလေးအသက်ကိုကယ်ပါမယ်။ ဆိုပြီး အပစ်တင်နေပါတယ်။ ဒေါက်တာနီလာကပြောပါတယ်၊ ငါကတော့ ဒီကိစ္စမှာ ငါ့ကားကိုအဆုံးရှုံးမခံနိုင်ပါ။ မင်းက ဘာတစ်ခုမှ ပရဟိတစိတ်နဲ့ အများအတွက်ကို လုံးဝမလုပ်ခဲ့၊ မလှူခဲ့တဲ့သူက သိန်းသုံးရာတန်ကားကြီးကို အဆုံးရှုံးခံမယ်ဆိုတာ ငါမယုံပါဘူး..။ စတဲ့ အငြင်းအခုံဖြစ်နေစဉ်မှာ လူတစ်ဦး သူတို့ဆီကို ရောက်လာပါတယ်။ ခင်ဗျားတို့ဘာပြောနေကြတာလည်းလို့ မေးပါတယ်။ ဒီသံလမ်းကြီးက အသုံးမပြုတဲ့ သံလမ်းကြီးပါ။ ခင်ဗျားတို့ ပြောတဲ့ ကလေးကလည်း မရှိပါဘူး လို့ ပြောဆိုရင်း ဒီ(အ၀ါရောင် ရထား)၀ထ္ထုကို အဆုံးသတ်သွားပါတယ်။ စာဖတ်သူများ အမြင် အမျိုးမျိုးနဲ့ ခံစားနားလည်နိုင်ကြပါစေ..။လို့ နေခြည်(မကွေး) က ခံစားပြောဆိုသွားပါတယ်။
နောက် စာပေ၀ါသနာရှင် စာဖတ်နာသူ ကိုမြင့်ဇော်ဦးကတော့ ဒီရှိတ်စာပေ၀ိုင်းရှိနေတာကို ပန်းချီဆရာကိုမင်းသူက ပြောပြပါတယ်။ အဲဒီအချိန်ကထဲက ရှိတ်စာပေ၀ိုင်းကို လာချင်နေတာ ကြာခဲ့ပါပြီ။ ယခုရောက်လာခဲ့ပြီး ဆရာတို့ ရှိတ်စာပေ၀ိုင်းက တော်တော်လေး ကောင်းနေတာတွေ့မြင်ရပါတယ်။ ကျွန်တော် မဖတ်ရသေးတာတွေကို ကြားရတဲ့အတွက် များစွာ အကျိုးရှိပြီး အထူးကျေးဇူးတင်ပါတယ်။ ဒါကြောင့် ကျွန်တော်ဖတ်ခဲ့ရတဲ့ စွဲနေတဲ့ ဆရာနေ၀င်းမြင့် ပြောပြတာလေးတခုကို ပြန်ပြောပါရစေ။ ကြား သိဖူးသားဖြစ်နေရင်လည်း ထပ်မံကြားသိနိုင်ကြပါစေ..။ ဆရာနေ၀င်းမြင့်ရဲ့ ဘကြီးဦးချစ်မောင်က စာမတတ်တဲ့အကြောင်း၊ ဒါပေမယ့် တနေ့မှာ ဆရာနေ၀င်းမြင့်ဆီကို သူ့ရဲ့ဘကြီးဦးချစ်မောင်က သူ့သူငယ်ချင်းကိုသံလုံးဆီကို စာရေးထားတဲ့စာတစ်စောင်ကို ပေးလိုက်ပါတယ်။ ဟာ ငါ့ဘကြီးက စာမတတ်ဘဲ ဘယ်လိုများစာရေးတာလည်းဆိုပြီး သိချင်နေပါတယ်။ လမ်းမှာ ဖောက်ကြည့်ပါတယ်။ ဘကြီးရေးထားတာကတော့ (ပထမ ဒုတ်ချောင်းလေး // နှစ်ချောင်း၊ ဒီဘက်မှာ အစက်ကလေး .. နှစ်စက်၊ နောက်က လခြမ်းလေးက ကွေးကွေးလေး၊အဲ သူနောက်က . . အစက်ကလေးနှစ်စက်၊နောက် နွားရုပ်ကလေးရေးထားပါတယ်၊ သူ့နောက် ထန်းတောလေးရေးထားပါတယ်၊ ထန်းတောလေးနောက်မှာ ထမင်းအိုးလေး အငွေ့ငွေ့တစ်ထောင်းထောင်းနဲ့ရေးထားပြီး ဒီနောက်မှာ လေးတိုင်စင်လေး ရေးထားပါတယ်။ အောက်ဆုံးကျတော့ ၀လုံးလေးထဲကို ခဲတံလေးနဲ့ မဲနေအောင်ချယ်သထားပါတယ်။ ) ဆရာနေ၀င်းမြင့် စာကိုကြည့်ပြီး လုံးဝစဉ်းစားလို့မရဖြစ်နေပါတယ်။ ဘကြီးချစ်မောင်က စာမတတ်သလို ဦးသံလုံးကလည်း စာလုံးဝမတတ်တဲ့သူပါ။ ဒါနဲ့ ဦးသံလုံးထံကို စာပေးပြီး အဓိပ္ပါယ်ကို မေးရပါတယ်။ ဘာသာပြန်ခိုင်းရပါတယ်။ ( ဟာ ငါ့သူငယ်ချင်းက လဆန်း၂ ရက်နေ့လာမယ်တဲ့၊ ငါ့ရွာမှာ ခဏနေမယ်တဲ့၊ နွားချင်းလဲဖို့ကိစ္စတဲ့၊ ထန်းရည်လေး ဘာလေးသောက်ပြီး ငါ့အိမ်မှာ ထမင်းစားအုံးမယ်တဲ့ကွ၊ ရွာဘုရားပွဲမှာ ပွဲရှိနေတော့ ပွဲလည်းကြည့်ပါအုံးမယ်ဆိုဘဲကွ။) လို့ ဦးသံလုံးက ဘာသာပြန်ပါတယ်။ ဒါဆိုရင် အောက်က အ၀ိုင်းလေးကို အမဲလေးချယ်ထားတာကဘာတုံးလို့ ဆရာနေ၀င်းမြင့်က မေးရပါတယ်။ ဟ ကောင်ရ အဲဒါ ငါ့နာမည်က သံလုံးဆိုတော့ သံလုံးရေလို့ ပြောတာကွ လို့ ၀မ်းသာရွှင်လန်းစွာနဲ့ အားရပါးရ ပြောဆိုနေကြပါကြောင်း ဆရာနေ၀င်းမြင့်ကပြောပြပါတယ်။) ဆရာနေ၀င်းမြင့်က ဒီလောက်တင် ဆိုချင်တာမဟုတ်လောက်ပါဘူး။ စာမတတ်ကြသော်လည်း ကျွန်တော်တို့မြန်မာတွေဟာ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးမှု ချစ်ခင်မှု ကူညီရိုင်းပင်းမူတွေက ရှေးပဝေသဏီကအစ ယနေ့အထိရှင်သန်ထက်မြက် သီးခံတရားတွေ ပွားများကြပါကလား လို့ ဆိုချင်တာ ဖြစ်ပါလိမ့်မယ်ခင်ဗျား…။ လို့ စာဖတ်သူ စာပေ၀ါသနာရှင် ကိုမြင့်ဇော်ဦး က ပြန်လည်ဖောက်သည်ချပြီး ပြောဆိုသွားခဲ့ကြပါတယ်။
စိတ် အဟာရပြည့်ဝအောင် ရှိတ်ဂျာနယ်ကိုဆောင်လို့ ဘ၀ရဲ့ သုတ ရသစုံတဲ့ ရှိတ်စာပေ၀ိုင်းကို သွားကြပါစို့….။
ရွှေလမ်းငွေလမ်းဝင်းကြည်

SHADE ဂျာနယ် အတွဲ(၅) အမှတ်(၁၅) မှ တဆင့်ကူးယူဖော်ပြပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့မှ SHADE စာပေ၀ိုင်း ini dipublish oleh shwelannwelanwinkyi pada hari Monday, February 28, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့မှ SHADE စာပေ၀ိုင်း
 

0 comments: