ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်ပြီး ကျွန်တော်တို့ရဲ့ မြန်မာသတင်းပညာသိပ္ပံ (Myanmar Journalism Institute-MJI) ကို အလည်အပတ်လာရောက်ခဲ့ပါတယ်။

သတင်းကောင်းပါးချင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်ပြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဖာမျိုး၊ လျှပ်စစ်၊ ဆက်သွယ်ရေး နှင့် သယ်ယူပို့ဆောင်ရေး ၀န်ကြီး ဒေါ်နီလာကျော်၊ ဂျာမန်သံအမတ်ကြီး Mr.Christian Ludwig Weber Lortsch နှင့် ပြင်သစ်သံအမတ်ကြီး Mr.Olivier Richard တို့ ဒီကနေ့မနက်က ကျွန်တော်တို့ရဲ့ မြန်မာသတင်းပညာသိပ္ပံ (Myanmar Journalism Institute-MJI) ကို အလည်အပတ်လာရောက်ခဲ့ပါတယ်။ ကျွန်တော်ကတော့ အင်ဒိုနီးရှားခရီးကနေ ပြန်မရောက်နိုင်တဲ့အတွက် မတွေ့ဆုံလိုက်ရပါဘူး။
အရင်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအဆင့်ထိ MJI ကိုလာရောက်ဖူးသလို အခမ်းအနားတွေလည်း တက်ဖူးပါတယ်။ ဒါပေမယ့် အခုလို ဒေသန္တရအစိုးရအကြီးအကဲလာရောက်လည်ပတ်တဲ့အပေါ် MJI ကိုယ်စား ကျေးဇူးတင်ပါတယ်။
လွတ်လပ်တဲ့ သတင်းစာပညာသင်တဲ့ အင်စတီကျူးရှင်းတစ်ခု ရေရှည်တည်တံ့ရေးဟာ တိုင်းပြည်အတွက် လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော့်သဘောကတော့ ဦးဆောင်မှုတွေဟာ ပြောင်းလဲနေရမှာမယ်။ ဒါပေမယ့် အင်စတီကျူက တိုးတက်မှုအမြဲဖြစ်ထွန်းနေရပါမယ်။ ဒီလိုဖြစ်အောင် ကျွန်တော်တို့လုပ်ကြရမှာပါ။ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာသတင်းပညာသိပ္ပံ ဖွံဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် European Union(EU) မှ ကူညီထောက်ပံ့မည့် ကိစ္စရပ်များ ကို ညှိနှိုင်းဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားကို သတင်းအလုပ်နဲ့ပတ်သက်ပြီး သတင်းရယူမှု၊ လေ့လာရေး၊ အစည်းအဝေး၊ ကွန်ဖရင့်တွေအတွက်ရောက်တာ အခုတစ်ခေါက်နဲ့ဆို လေးခေါက်ရှိပါပြီ။ တစ်ခေါက်ထက်တစ်ခေါက်တိုးတက်မှုတွေ သိသိသာသာတွေ့ရတာ ၀မ်းသာမိသလို ကိုယ့်နိုင်ငံလည်း အဲသလိုဖြစ်စေချင်တာကလည်း ပါတာပေါ့။ အထူးသဖြင့် ဂျာနယ်လစ်ဇင်တက္ကသိုလ်တွေ တိုးတက်ဖြစ်ထွန်းမှုပဲ၊ အခုတစ်ခေါက် Global Media Forum က Universitas Multimedia Nusantara လုပ်တော့ သူတို့ပညာရေးရဲ့ အားကောင်းလာတာကို မြင်တွေ့ခဲ့ရတယ်။ ဒီတက္ကသိုလ်ထူထောင်တာ နှစ်အနည်းငယ်ပဲကြာပါသေးတယ်။ ဂျကာတာရဲ့ ဆင်ခြေဖုံးမြို့နယ် BSD မှာရှိတာပါ။ တက္ကသိုလ်စာသင်ခန်းတွေမှာ ပရိုဂျက်တာကအစ၊ အသံပိုင်းစနစ်တွေအပြည့်အစုံနဲ့၊ အင်တာနက်ကလည်း မြန်နှုန်းမြင့်နဲ့ တက္ကသိုလ်ဝင်းထဲလွှတ်ထားပေးတယ်။ တက္ကသိုလ်ဝင်းထဲ ဆေးလိပ်မသောက်ရပြဌာန်းတာကိုလည်း လိုက်နာမှုအားကောင်းတာတွေ့ရတယ်။ ဒီတက္ကသိုလ်မှာ Journalism ကော Public Relations ကိုပါ သင်ယူလို့ရတယ်။
 

0 comments: