ယနေ့အင်တအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဘာသာပေါင်းစုံညီလာခံ

ယနေ့အင်တအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း  ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဘာသာပေါင်းစုံညီလာခံ (Interfaith Diologue for Peace, Harmony and Security) တွင် တက်ရောက်ဆွေးနွေးခြင်း

၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့မှ (၆) ရက်နေ့အထိ ရန်ကုန်မြို့၊ သီတဂူ အပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်၌ ကမ့္ဘာ့နိုင်ငံအသီသီးမှ ဘာသာရေးခေါင်းဆောင်များ နှင့် ပညာရှင်များ ပါဝင်သည့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဘာသာပေါင်းစုံညီလာခံ (Interfaith Dialogue for Peace, Harmony and Security) ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း တက်ရောက်၍ ငြိမ်းချမ်းရေးနှင့် သင့်မြတ်သဟဇာတဖြစ်သည့် ညီညွတ်ရေး အတွက် ကိုးကွယ်ရာဘာသာခြားအချင်းချင်း ဆွေးနွေးမှုထားရှိကြရန် လိုအပ်ကြောင်းကို ပြောကြားသွားပါသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းမှ ပြောကြားရာတွင် ၂၀၀၃ ခုနှစ်၊ ကုလသမဂ္ဂအထွေထွေ ညီလာခံဆုံးဖြတ်ချက်ဖြင့် ကွဲပြားခြားနားသည့် ကိုးကွယ်ရာဘာသာများအကြား အပြန်အလှန် ဆွေးနွေးဖလှယ်မှုများဖြင့် တူညီသည့် အယူအဆ တန်းဖိုးထားမှုများကို ဖော်ထုတ် အားပေးကြရန် ကမ္ဘာ့နိုင်ငံများမှ ဆုံးဖြတ်အတည်ပြုထားကြောင်း၊  သို့ဖြစ်၍ ယနေ့ အေးချမ်းမှု၊ သင့်မြတ်မှု အတွက် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခြင်းသည် သင့်လျော်သည်ဟု ယူဆ ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဒဂုံမြို့ဟု အမည်ပေး တည်ထောင်ခဲ့သည့် မြို့တော်ကို ရန်အပေါင်းချုပ်ငြိမ်းသည်ဟု အဓိပ္ပာယ်ဆောင်သည့် “ရန်ကုန်” ဟု ပြောင်းလဲခေါ်ဝေါ် အမည်ပေးခဲ့သည့် မြို့တော်ဖြစ်ကြောင်း၊ ခိုက်ရန်ဟူသမျှ အပြီးသတ် ချုပ်ငြိမ်းစေပြီး လူသားအားလုံးအတွက် ဒုက္ခကင်းဝေး အောင်ဖော်ဆောင်ရေးသည် မိမိတို့၏ ရည်မှန်းချက်ဖြစ်ကြောင်း ပြောကြား ပါသည်။

ကွဲပြားခြားနားသည့် ဘာသာတရားကိုးကွယ်ယုံကြည်မှုများအကြား တူညီသည့်အချက်များကို အခြေခံ၍ အေးချမ်းသာယာမှု ကို ပူးပေါင်းဖော်ဆောင်နိုင်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဘာသာတရားတိုင်းသည် လောက အေးချမ်းသာယာ တည်ငြိမ်ရေးကို ဦးတည်ချက် ထားရှိကြောင်း၊ တစ်ဦးနှင့်တစ်ဦး သည်းခံတတ် ကြရန် ၊ အကြမ်းဖက်မှုကို ရှောင်ရှားကြရန်  သွန်သင်ပေးကြောင်း၊ မွန်မြတ်သည့် တရားဓမ္မများတွင် လူလူချင်း သင့်မြတ်သဟဇာတဖြစ်သည့် ညီညွတ်မှုရှိရေးကို ဟောပြောဆုံးမထားကြောင်း၊ မိမိတို့အားလုံး သည် ငြိမ်းချမ်းမှု၊ မိတ်ဆွေသင်္ဂဟဖြစ်မှု၊ လေးစားမှုတို့ကို လိုလားကြကြောင်း၊ ဘာသာရေးအကြီးအကဲများအနေဖြင့် တပည့်တပန်းများ အား အထက်ပါ ငြိမ်းချမ်းရေးဆိုင်ရာ “မူ” များကို ဟောပြော သွန်သင် ဆုံးမပေးခြင်းဖြင့် မုန်းတီးသူများ၏ ပျက်စီးရာပျက်စီးကြောင်း ဝါဒဖြန့်မှုများကို ရှောင်ရှားနိုင်မည့် လမ်းကြောင်းအမှန်ကို ပြသပေးရန် လိုအပ်ကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံအနေဖြင့် အစွန်းရောက်အကြမ်းဖက်မှုများကို အစဉ်တွန်းလှန် ဆန့်ကျင် လျက်ရှိကြောင်းနှင့် နိုင်ငံအတွင်း လွတ်လပ်စွာကိုးကွယ်မှုကိုလည်း အလေးထားဖော်ဆောင်လျက်ရှိ ကြောင်း ရှင်းလင်းပြောကြားရာတွင် မိမိတို့၏ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေတွင် “နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သောအခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင် သောအခွင့်အရေးကို အညီအမျှရရှိစေရမည်” ဟု အတိအလင်ပြဌာန်းထားကြောင်း၊ ဒီဘာသာတရား လွတ်လပ်မှုကို ထိန်းသိမ်းဖော်ဆောင်ပေးရန် ဆုံးဖြတ်ချက်ရှိထားသကဲ့သို့ တစ်ဖက်၌လည်း ဆင်းရဲဒုက္ခ ကင်းဝေးစေရေးအတွက် ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ဆုံးဖြတ်ချက် အခိုင်အမာရှိထားပါကြောင်း၊ နေ့စဉ်နှင့်အမျှ အစွန်းရောက်အကြမ်းဖက်မှုများကို တွန်းလှန်တိုက်ခိုက်နေကြောင်း၊ အမုန်းတရားများ ဖြစ်ပေါ်ပွားများစေမည့် မဟုတ်မမှန် လိမ်လည် လုပ်ဇာတ်များကိုလည်း ရင်ဆိုင်‌ဖြေရှင်းနေရကြောင်း၊ ထိုလိမ်လည်ဇာတ်လမ်းများသည် ပြည်တွင်း၊ ပြည်ပ မည်သည့်နေရာက ထွက်ရှိလာသည်ဖြစ်စေ ဆိုးဝါးသည့်ပြဿနာကို ဖြစ်ပေါ်စေကြောင်း၊ သို့ဖြစ်၍ အရောင်စုံ၊ အလွှာစုံသော လူ့ဘောင်အဖွဲ့အစည်း အတွင်း မရှိအပ်သည့်အရာဖြစ်ကြောင်း ပြောကြားပါသည်။

 ထို့နောက် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အနေဖြင့် ကွဲပြားခြားနားသည့် ကိုးကွယ်ရာ ဘာသာများအချင်းချင်း  ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ၎င်း၏ အခန်းကဏ္ဍကို ရှင်းလင်းရာတွင် လုံခြုံရေးဟု ဆိုကြရာတွင် လူအများစုသည် ကာကွယ်ရေးနှင့် ပတ်သက်သည့် ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကိုသာ မြင်လေ့ရှိကြောင်း၊ လူသားလုံခြုံရေးဟူသည် ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးသာမဟုတ်ကြောင်း၊ ယခု မိမိတို့သည် ငြိမ်းချမ်းရေး၊ သင့်မြတ်သဟဇာတ ဖြစ်ရေးနှင့် လုံခြုံရေးကို ဖော်ဆောင်နေကြသည့် အရှေ့မျက်နှာစာတစ်ခုဖြစ်ကြောင်း၊ ယုံကြည် ကိုးကွယ်မှုများကို အခြေခံပြီး ကောင်းမွန်သည့်ဆက်ဆံရေးကို ထူထောင်ကာ ငြိမ်းချမ်းမှုကို မိမိတို့ တည်ဆောက်နေကြောင်း၊ ဤနည်းဖြင့် သင့်မြတ် ညီညွတ်ရေးကို ရှိစေကြောင်းနှင့် ဤနည်း ဖြင့် လုံခြုံမှုကို ထိန်းသိမ်းစောင့်ရှောက်နေကြောင်းပြောကြားပါသည်။
         
       သတင်းမီဒီယာလောကမှ ထွက်ရှိလာသည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ပဋိပက္ခကို ဖြစ်ပေါ်စေ သည့် တွန်းအားစုတွေဟာ ရာစုနှစ်၊ ထောင်စုနှစ်ပေါင်းများစွာကတည်းက ရှိနေကြောင်း၊ သို့သော် ယခု ခေတ်ကာလမှာ မိမိတို့ ပူးပေါင်းဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် သင်ာနက်ကွန်ရက်သည် နယ်စည်းမရှိ အစွန်းရောက်သမား များ၏ အမုန်းစကားများကို ဝေးလံကျယ်ပြန့်သည့် နေရာများအထိ ဖြန့်ထုတ်ပေးနေကြောင်း၊ မဟုတ်မမှန်လိမ်လည်လုပ်ဇာတ် စကားများကို လွယ်လင့်တကူ ဖြန့်ဝေနိုင်အောင် အထောက်အကူများ ဖြစ်စေကြောင်း၊ မဟုတ်မမှန်စကားများကို ဤနည်းဖြင့် ကျယ်ပြန့်စွာ ဖြန့်ဝေပြီး လက်နက်သဖွယ် အသုံးပြုလာသည့်အခါမှာ တည်ငြိမ်အေးချမ်းမှုနှင့် သင့်မြတ်သဟဇာတဖြစ်မှုကို ပျက်စီးစေပြီး ပဋိပက္ခကို ဖြစ်ပေါ်စေကြောင်း၊ အမှန်တရားနှင့် ဖြစ်ရပ်မှန်ဆိုသည့် တန်ဖိုးသည်လည်း ကွယ်ပျောက်ပျက်စီးသွား ကြောင်း စသည်ဖြင့် ပြောကြားသွားပါသည်။
 နေပြည်တော်
၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၅) ရက်

 

0 comments: