ဂျပန်တွင် အားပြင်းငလျင်နှင့် ဆူနာမီကျရောက်



ဂျပန်တွင် အားပြင်းငလျင်နှင့် ဆူနာမီကျရောက်
ဧရာဝတီ Friday, 11 March 2011 19:28
E-mail Print
ယနေ့ ဆူနာမီဒဏ် ခံခဲ့ရသော ဂျပန် အရှေ့မြောက်ပိုင်းရှိ လယ်ယာ လုပ်ငန်းများတွင် မြန်မာလုပ်သားများ အလုပ် လုပ်ကိုင်လျှက် ရှိနေပြီး တိုကျိုမြို့တွင် မြန်မာ ၂ သောင်းကျော် ရှိကြောင်း ဂျပန်ရောက် မြန်မာတဦးက ပြောသည်။

NHK

ဆူနာမီ ၀င်ရောက်အပြီး ဟာချီနိုဟီ ကမ်းခြေမြင်ကွင်း (Photo-NHK)
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ယနေ့မွန်းလွဲပိုင်းက အင်အား ၈. ၉ မဂ္ဂနီကျု အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီ ရေလှိုင်းကြီး ကျရောက်ခဲ့သည်။

ဆက်သွယ်ရေးလိုင်းများ ပြတ်တောက် သွားသည့်အတွက် ဂျပန်တွင် ရောက်ရှိနေသော မြန်မာများ၏ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ရန်ကုန်မြို့ခံတဦးက “အင်တာနက်ဆိုင်လာရင်း ဆူနာမီဖြစ်နေပြီဆိုလို့ ကျနော့်ညီကို ဆက်သွယ်နေတာ မရသေးဘူး။ သူက ဂျပန်မှာ လယ်ယာလုပ်ငန်း လုပ်ဖို့ မနှစ်ကတည်းက ရောက်နေတာပါ။ သူ့အတွက် စိုးရိမ်တယ်” ဟု ပြောသည်။

မြန်မာ သရုပ်ဆောင်နှင့် အဆိုတော်များဖြစ်သော နေတိုး၊ ဟန်ထွန်း၊ ၀င်းကိုခိုင်၊ ရတနာမိုင်နှင့် ချောစုခင်တို့သည်လည်း ဂီတဖျော်ဖြေပွဲ အတွက် ဂျပန်နိုင်ငံ တိုကျိုသို့ ရောက်ရှိနေရာ ၎င်းတို့နှင့် အဆက်အသွယ် မရသေးသည့်အတွက် မိသားစုဝင်များ စိတ်ပူနေကြသည်။

ဂျပန်နိုင်ငံတွင် ရာစုနှစ် တခုအတွင်း အကြီးမားဆုံးသော သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းဖြစ်ရာ ငလျင်လှုပ်ပြီးနောက် အမြင့် ၃၂ ပေခန့်ရှိ လှိုင်းလုံးကြီးများ ဂျပန် အရှေ့မြောက်ပိုင်း ကမ်းခြေကို ၀င်ရောက်ခဲ့သည်။

တိုကျိုမြို့နေ ဦးမြတ်သိန်းက “ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်ကုန်ပြီ။ ရထားတွေ မပြေးတော့ဘူး။ ဘတ်စ်ကား တွေလည်း မထွက်တော့ဘူး။ တက္ကစီတချို့တော့ ပြေးနေသေးတယ်။ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်နေတယ်။ မိတ်ဆွေတချို့ကို ဖုန်းခေါ်နေတာ မရသေးဘူး။ နိုင်ငံခြားက ဖုန်းတချို့ကိုတော့ လက်ခံလို့ ရနေပါသေးတယ်။ ကျနော့်အခန်းမှာတော့ ပစ္စည်းတွေ ဖရိုဖရဲဖြစ်နေပြီ။ ဂျပန်မှာနေလာတဲ့ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး အခြေအနေ ကြုံနေရပါတယ်” ဟု ဆိုသည်။

ဂျပန်နိုင်ငံတွင် ထုတ်ဝေနေသည့် ရွှေမော်ကွန်းဂျာနယ်၏ facebook စာမျက်နှာတွင် “အင်အားပြင်းထန်တဲ့ ငလျင်ကြောင့် အခန်း တခုလုံးပြိုပျက်၊ အလုပ်အတွက် သုံးနေတဲ့ ကွန်ပျူတာလည်း ပျက်စီးသွား၊ ဒီစာကို ဖုန်းနဲ့ ရိုက်တင်ပါတယ်၊ စိတ်ပူပေးတဲ့ မိတ်ဆွေ တွေကို ကျေးဇူးတင်၊ အသေးစားငလျင် အကြိမ်များစွာ လှုပ်နေသေးပြီး စိတ်ချရမှု မရှိသေး” ဟု ရေးသားထားသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ဦးကျော်ညွှန့်က ၎င်းနေထိုင်ရာတိုကျိုတွင် အဆောက်အအုံများ လှုပ်ခတ်၍ ပျက်စီးမှုတချို့ ရှိသော်လည်း ငလျင်ဒဏ်ကို မြောက်ပိုင်း ဒေသလောက် မခံရကြောင်း ပြောသည်။

“ဒီက အဆောက်အအုံတွေက ငလျင်ဒဏ် ခံနိုင်အောင် ဆောက်ထားတာ ဆိုတော့ တိုက်ပြိုတဲ့ အဆင့်အထိတော့ မရောက် လောက်ဘူးလို့ ယူဆရပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

ဆူနာမီလှိုင်းလုံးများသည် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှ Sendai မြို့သို့ အင်အားပြင်းစွာ ၀င်ရောက်ခဲ့ရာ Sendai လေယာဉ် ကွင်းလည်း ပျက်စီးသွားကြောင်း ဂျပန် NHK သတင်းဌာနက ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံအတွင်း နေရာ အတော်များများတွင် မီးလောင်မှုများလည်း ဖြစ်ပေါ်နေပြီး လယ်ကွင်းများ၊ အဝေးပြေး လမ်းမကြီး များလည်း ရေလွှမ်းမိုးမှု ခံနေရသည်။

နောက်ဆုံးရရှိသော သတင်းများအရ အနည်းဆုံး လူ ၄၄ ဦး သေဆုံးသည်ဟု သိရသည်။

ဂျပန်ဝန်ကြီးချုပ်က ဂျပန်နိုင်ငံအတွက် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ဘေးအန္တရာယ် ကျရောက် နေသူများကို အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြောဆိုကာ အရေးပေါ်အခြေအနေ ကြေညာထားသည်။

ပစိဖိတ်သုမုဒ္ဒရာကမ်းခြေတလျှောက်ရှိ ချီလီ၊ ပီရူး၊ ရုရှ၊ ဂူအန် ၊ ထိုင်ဝမ် ၊ ကနေဒါနှင့် အမေရိကန်နိုင်ငံတို့တွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားသည်။
ဧရာဝတီ သတင်း မှ ကူးယူဖော်ပြပါသည်။
READMORE
 

ဆယ်လွန်းတင်ကြိုး(၃)

http://newmawkun.blogspot.com

မှတဆင့် ကူးယူဖော်ပြပေးပါသည်။

ဆယ်လွန်းတင် ကြိုး (၃)
(၅) သံယောဇဉ် နောက်တစ်ကြိုးကိုလည်း ထပ်မှတ်ပါအုံး။ ကိုယ်ဆီမှာရှိတဲ့ အသိကို ကိုယ်သိသလို၊ ကိုယ်တတ်သလို သူများကို မျှဝေ မပေးချင်တာ၊ ကိုယ့် ပစ္စည်းကို ၀န်တိုတတ်တဲ့ စိတ်ဟာလည်း သံယောဇဉ်ကြိုး နောက်တစ်ချောင်းနဲ့  ထပ်အချည်ခံနေရတာပါပဲ။ ကိုယ့်ပစ္စည်းနဲ့ ကို အကုသိုလ်ရစေတဲ့ သံယောဇဉ် အမျိုးစားပါ။ (မစ္ဆရိယ)

(၆) ချောတာ၊ လှတာ၊ နှစ်သက်စရာကောင်းတဲ့ အရာတွေကို လိုချင်တောင့်တတတ်တဲ့ စိတ်ဟာလည်း သံယောဇဉ် ဖြစ်နေလို့ ပါပဲ။ လိုချင်တာ၊ ချစ်ခင်တာ၊ သတိရတာတွေဟာ တကယ်တမ်းကြတော့ ဆင်းရဲမှုတွေပေးတဲ့ သံယောဇဉ် အမျိုးအစား တစ်ခုပါ။ ချမ်းသာမှုကို မပေးပါဘူး။ ကြုံတွေ့ လာတဲ့ ကာမဂုဏ် အာရုံတွေကို မကပ်ငြိ၊ မတွယ်တာဘဲနဲ့  မျှမျှတတ နေတတ်ဖို့ ပါပဲ။ (ကာမရာဂ)

(၇) နောက်တစ်ခုက အပေါ်က သံယောဇဉ်နဲ့  ပြောင်းပြန်သဘောလေးပါ။ စိတ်တိုင်းမကျတာ၊ စိတ်ဆိုးတာတွေ ရင်ထဲမှာ ဖြစ်နေရင်လည်း သံယောဇဉ်ကြိုးတစ်ကြိုး အချည်ခံရေပြီလို့  မှတ်လိုက်ပါ။ လိုချင်တာ၊ ၊ နှစ်သက်တာတွေကို မရလို့ ၊ ရလာရင်လည်း စိတ်တိုင်းမကျဘူး ဖြစ်နေတာဟာ သံယောဇဉ်ပါပဲ။ လိုရင်းကတော့ ကိုယ့်ဒေါသနဲ့  ချည်နှောင်ခံရတဲ့ သံယောဇဉ် အမျိုးအစားပါ။ (ပဋိဃ)

(၈) ကိုယ့်ဘ၀လေးကို ကိုယ်နှစ်သက်နေတာဟာလည်း သံယောဇဉ်ပါပဲ။ ချမ်းသာတဲ့ သူကလည်း ချမ်းသာတဲ့ အလျောက်၊ ဆင်းရဲတဲ့သူကလည်း ဆင်းရဲတဲ့ အလျောက် ကိုယ့် ဘ၀လေးကို ကိုယ်နှစ်သက် ကျေနပ်နေကြတာပါ။ ဘ၀ဆိုတာ တကယ်တော့ ဘာမှ နှစ်သက်စရာ မရှိပါဘူး။ အိုရတာ၊ နာရတာ၊ သေရတာတွေဟာ ဒုက္ခကြီးပါပဲလေ။ မတွယ်တာ၊ မကပ်ငြိပဲနဲ့  သံယောဇဉ်ကြိုးတစ်ကြိုး တတ်နိုင်သလောက် ဖြေလျော့ပေးဖို့ ပဲ ကြိုးစားရမှာပါ။ (ဘ၀)

(၉) ဘယ်နေရာမဆို၊ ငါပါမှ ပြီးမယ်၊ ငါရှိမှ ဖြစ်မယ်ဆိုတဲ့ ထောင်လွှားတတ်တဲ့ စိတ်ဟာလည်း မာန သံယောဇဉ်ကြိုးနဲ့  အချည်ခံနေရတာပါ။ ပစ္စည်း ဥစ္စာ ရာထူး ဂုဏ် ပညာတွေနဲ့  အရာအရာမှာ မာန်တတ်နေသူဟာ သံယောဇဉ်တစ်ပါး ဖြစ်နေတာပါပဲ။ လူတိုင်း အချည်ခံထားနေရပါတယ်။ (မာန)

(၁၀) မောဟ သံယောဇဉ်ကြိုးကလည်း မိမိတို့ အချည်ခံနေရတဲ့ ကြိုးတစ်ချောင်းပါပဲ။ သစ္စာလေးပါးတရားကို မသိ၊ မမြင်အောင် ဖုံးလွှမ်းကာကွယ်တတ်တဲ့ သဘောပါ။ အမှန်တရားကို ကာကွယ်ထားတာမို့  ဖြတ်နိုင်အောင် ကြိုးစားရမှာပါ။ (အ၀ိဇ္ဇာ)

သံယောဇဉ်ကြိုးကြီး ကျစ်လာတာ တော်တော် ထူသွားပါပြီ။ တော်တော် ခိုင်မာတဲ့ ကြိုးကြီးလည်း ဖြစ်သွားပါပြီ။ အချည်ခံရတဲ့ သူတွေလည်း မပြတ်နိုင်တဲ့ သံယောဇဉ်ကြိုးတန်းလန်းနဲ့ သံသရာမှာ အမျောကြီးသာ၊ မျောကြပေရော။

တကယ်တော့ သံယောဇဉ် ရှိတယ်ဆိုတာ ချစ်တဲ့သူ၊ ခင်တဲ့သူလောက်ပဲ ဖြစ်တဲ့ သဘောလို့  ထင်ထားကြတာ များပါတယ်။ ကပ်ငြိတွယ်တာတတ်တဲ့ သံယောဇဉ်ကြိုးတွေကို ကြည့်လိုက်ရင် ချစ်တဲ့ သူရော၊ မုန်းတဲ့ သူရော အားလုံပေါ်မှာ ဖြစ်နိုင်တာကို တွေ့ ရမှာပါ။ အာရုံတစ်ခုခုကို သံယောဇဉ်ဖြစ်လာပြီ၊ ဆိုရင် ဖြစ်တဲ့ စိတ်အပေါ်မှာ ပဲ သံယောဇဉ်ကြိုးကို ဖြေလျော့ဖို့ ၊ ဖြတ်တောက်ဖို့  ကြိုးစားရမှာပါ။

သား၊ သမီး၊ မိဘ၊ ကိုယ်ချစ်နေတဲ့သူ၊ ကိုယ်မုန်းနေတဲ့သူ၊ အပေါ်မှာ ဖြစ်တဲ့ ကိုယ့်သံယောဇဉ်စိတ်ကိုသာ ဖြတ်ဖို့ ၊ လျော့ဖို့ ၊ လိုရင်းပါပဲ။ သံယောဇဉ်ဖြစ်နေတဲ့ အဲဒီသူတွေကို ဖြတ်စရာမလိုပါဘူး။ သံယောဇဉ် ဖြစ်စရာ အာရုံတစ်ခုခု ကြုံတွေ့ လာပြီဆိုရင် အဲဒီအာရုံပေါ်မှာ သာယာတဲ့စိတ်၊ ကျေနပ်တဲ့စိတ် မဖြစ်အောင် ထိန်းဖို့ လို့ သလို၊ မကျေနပ်တဲ့စိတ်၊ ဒေါသမဖြစ်မိအောင်လည်း မိမိရဲ့ စိတ်ကို ထိန်းလိုက်ရင်း သံယောဇဉ် ကြိုးလေးတွေကို လုံးလုံး အပြတ်မဖြတ်နိုင်တောင် တတ်နိုင်သလောက် ဖြေလျော့ပေးဖို့ ပါပဲလေ။




Posted by မော်ကွန်းသစ် at 4:38 AM
Labels: သံယောဇဉ်ဆိုတာ
READMORE
 

ဆယ်လွန်းတင် ကြိုး (၂)

ဆယ်လွန်းတင် ကြိုး (၂)
Italic


ကဲ.....ကိုယ့်ဟာကိုယ် ပြန်ချည်ကြမယ့် ကြိုးလေးတွေ ထပ်ကျစ်လိုက်ကြဦးစို့ ။

(၃) ကိုယ့်အတွက် ဘာမှ အကျိုးမရှိဘဲ အချိန်ကုန်ခြင်းသာ အဖတ်တင်တဲ့ အကျင့်ကို ကျင့်နေတယ်ဆိုရင်လည်း တတိယမြောက် သံယောဇဉ်ကြိုးလေး ရစ်ပတ်ချည်နှောင်ခံနေရတာပါ။ ဘုရားရှင် လက်ထက်ကလည်း ဒီလို မကောင်းတဲ့ အကျင့်တွေကို ကောင်းတဲ့ အကျင့်မှတ်ပြီးတော့ တတိယမြောက် သံယောဇဉ်ကြိုးလေး အချည်အနှောင်ခံထားရတဲ့သူတွေလည်း မနည်းပါဘူး။ အခုလည်း အိန္ဒိယမှာ အများကြီး ကျန်နေပါသေးတယ်။ နွားလိုကျင့်နေတဲ့ သူတွေ ရှိသလို၊ ခွေးလို ကျင့်နေတဲ့ လူတွေကလည်း ရှိနေသေးတာပါပဲ။ တချို့ ဆိုရင် ဂင်္ဂါ မြစ်ရေနဲ့  ရေချိုးရင် အကုသိုလ်တွေ ပျောက်တယ်ဆိုပြီးတော့ ဂင်္ဂါ ရေချိုးဆိပ်မှာ ချိုးနေတဲ့ သူတွေလည်း မနဲပါဘူး။

တကယ်တမ်းတော့ အကုသိုလ်ဆိုတာ စိတ်မှာဖြစ်တဲ့ သဘောတရားတွေပါ။ ကိုယ်ပေါ်မှာ ရှိတဲ့ အရာမဟုတ်လို့  သာမန်ရေချိုးရုံနဲ့ တော့ မပျောက်ပါဘူး။ ဂင်္ဂါမြစ်ရေ ချိုးလိုက်လို့  ကြေး(ဂျီး)တော့ ပြောင်ချင် ပြောင်သွားမှာပေါ့လေ။ ဒါပေမယ့် စိတ် အညစ်ကြေးတော့ ပြောင်မှာမဟုတ်ပါဘူး။ ဒီလိုကျင့်ကြံနေတဲ့ သူတွေဟာ ကိုယ်ကျင့်နေတဲ့ အကျင့်ကို သီလ၊ သမာဓိ၊ ပညာ သုံးပါးနဲ့  မဆင်ခြင်၊ မသုံးသပ်ကြလို့ ပါပဲ။

အကျင့်တစ်ခုကို ကျင့်တော့မယ်ဆိုရင် ဒီအကျင့်ဟာ သီလဘက်မှာ တိုးတက်မှုရှိသလား၊ စိတ်အေးချမ်းမှု၊ သမာဓိရောရရဲ့လား၊ ရုပ်၊ နာမ် တရားတွေကို ခွဲခြားသိတတ်တဲ့ ပညာတွေရော တိုးပွား လာသလားဆိုတာ သုံးသပ်ရမှာပါ။ အကယ်၍ အဲဒီ သုံးချက်မှ ဖြစ်မလာဘူးဆိုရင် အဲဒီအကျင့်ကို စွန့် ခွါပစ်ရင်း သံယောဇဉ်ကြိုးလေး တစ်ကြိုး ထပ်ဖြတ်လိုက်ရုံပါပဲ။ (သီလဗ္ဗတ ပရာမာသ)

(၄) နောက်တစ်ခုက ကိုယ့်ထက်သာ မနာလိုတာကလည်း သံယောဇဉ်ပါပဲတဲ့။ လူတွေဟာ ကိုယ့်ဖြည့်ဆည်းခဲ့တဲ့ ကံ၊ ဥာဏ်၊ ၀ီရိယသုံးပါး မတူကြတာကြောင့် လက်ရှိ အခြေအနေရ တစ်ယောက်နဲ့  တစ်ယောက် ဖြစ်ပုံခြင်းလည်း တူညီကြမှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ ကိုယ့်ထက်ဆင်းရဲတဲ့ သူ၊ ချို့ တဲ့သူတွေကို မြင်ရ၊ တွေ့ ရ နိုင်သလို၊ ကိုယ့်ထက်ချမ်းသာတဲ့သူ၊ ရာထူးကြီးတဲ့ သူတွေကိုလည်း တွေ့ နိုင်တာပါပဲ။ အဲဒီအပေါ်မှာ ကိုယ်က မနာလိုတဲ့ စိတ်နဲ့ သွားပြိုင်နေမယ်ဆိုရင်တော့ နောက်သံယောဇဉ် တစ်ချောင်းနဲ့ ထပ် အချည်ခံနေရတာ သေချာသွားပါပြီ။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဖို့ သာ ပြင်ထားကြပေတော့။

ဒီသံယောဇဉ်ကြိုးသာ အချည်ခံနေရင်တော့ အဲဒီသူဟာ သူများကို ဒုက္ခပေးဖို့  အချိန်တိုင်းလိုလို စဉ်းစားနေတော့မှာပါ။ ကိုယ်မနာလို့ တဲ့ သူကို ကိုယ်ကိုတိုင်လည်း ဖျက်ဆီးဖို့  ကြံစည်နေသလို သူများ ဒုက္ခပေးနေတာ တွေ့ ရရင်လည်း သူ့ စိတ်ထဲမှာ ကွယ်ရာကနေ ပြုံးပြုံးကြီးပဲ ကျေနပ်နေမှာ သေချာပါတယ်။ လူတိုင်းဟာ ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင်ပဲ လှပအောင် ထုဆစ်ကြရမှာပါ။ ညှိလို့ မရတဲ့ ကံတရားကို တူညီအောင် လုပ်ဖို့  ကြိုးစားနေမယ်ဆိုရင်တော့ စိတ်မော၊ ကိုယ်မောရုံသာ အဖတ်တင်ပါလိုက်မယ်။ ကောင်းကျိုးဆိုတာကိုလည်း ဘာမှ မျှော်လင့်မနေပါနဲ့ တော့။

မိမိရဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ထက်သာနေတဲ့ သူတစ်ယောက်ကို မနာလို စိတ်နဲ့ မြင်မိနေတယ် ဆိုရင် အရင်ဆုံး ကိုယ်လုပ်ရမှာက ကိုယ်မနာလိုဖြစ်နေတဲ့သူဟာ လောကကောင်းကျိုးအတွက် ဘာတွေ ထုဆစ်နေသလဲ၊ ဘာတွေကြိုးစား ဖန်တီးပေးနေသလဲ ဆိုတာကို မြင်အောင်ကြည့်ဖို့  ကြိုးစားရမှာပါ။ အဲဒီလိုမှ မြင်အောင် မကြည့်နိုင်ဘူးဆိုရင်တော့ သူ ဘာလုပ်လုပ် မိမိရဲ့ စိတ်ထဲမှာ မကောင်းတာဘဲ မြင်နေပါလိမ့်မယ်။ သူ့ အပေါ်ထားတဲ့ ကိုယ့်မနာလိုတဲ့ စိတ်ကလည်း ရပ်တန့် သွားမှာ မဟုတ်ပါဘူး။

တကယ်တမ်း ပြိုင်ချင်တယ်ဆိုရင်တော့ မိမိကိုယ်ကိုယ် မိမိသာ ပြိုင်ရမှာပါ။ မနေ့ က “ငါ” နဲ့ ၊ ဒီကနေ့  “ငါ” ဘာတွေတိုးတတ်လာသလဲ၊ အများကောင်းကျိုး ဘာတွေပို လုပ်ဖြစ်နေသလဲ၊ ဆိုတာကို သုံးသပ်ပြီး မိမိရဲ့ ကြိုးစားမှုကို ပိုမိုအားထုပ်ဖြစ်အောင် လုပ်လိုက်ဖို့ ပါပဲ။

ခေတ်သစ် အဘိဓာန် ပညာရှင်တွေလို့ ပဲ နာမည်ပေးရမလားတော့ မသိဘူး၊ သူတို့ အဆိုကတော့ ဣဿာ ကို အိတ်သာလို့  မြန်မာမှုပြုပြီးတော့ အဓိပ္ပါယ်ကို ဒီလို ဖွင့်ဆိုထားတာပါ။ မှတ်လိုက်ဦး။ ကိုယ့်အိတ်ထက် သူများအိတ်က သာလို့  မနာလို ဖြစ်ခဲ့ရင် အဲဒါ အိတ်သာဖြစ်နေတာပဲတဲ့။ မှတ်မှတ် အကုန်မှတ်၊ မသေမချင်းမှတ်၊ သေရင်လည်း နောက်ဘ၀မှာ ဆက်မှတ်။ ဖြစ်တတ်ကြလွန်းလို့ ။ (ဣဿာ)


Posted by မော်ကွန်းသစ် at 7:13 AM
Labels: သံယောဇဉ်ဆိုတာ မှကူးယူဖော်ပြပေးပါသည်။

ဆက်လက်ဖော်ပြပေးပါမည်။
READMORE
 

ဆယ်လွန်းတင် ကြိုး (၁)

ဆယ်လွန်းတင် ကြိုး (၁)


“၀ဋ်ဆင်းရဲမှ၊ မလွတ်ရ၊ ချည်ကသံယောဇဉ်”


မနက်စောစော ဒေါင်းလုပ် လုပ်ပြီးသား တရားတွေထဲက တစ်ပုဒ်ကို ဖွင့်လိုက်တော့ တရားဟောဆရာရဲ့ သံယောဇဉ်ဆိုတဲ့ စကားလုံးလေးကို ရှင်းတမ်းလုပ်နေတာ ကြားရပါတယ်။ ဒီသံယောဇဉ်ဆိုတဲ့ စကားဟာ ငယ်ငယ်ကတည်းက ကြားဖူးနေခဲ့တာပါ။ လောကုတ္တရာ စာပေထဲ ခြေချတော့လည်း ဒီသံယောဇဉ်နဲ့  အပီအပြင်ကို တိုးပြန်ပါသေးတယ်။ စာပေအသိလေး နဲနဲသိလိုက်တော့လည်း ကိုယ့်မှာ ဒါကြီးက ချည်ခံနေရတာပါလားလို့  ထပ်ဆင့် ထပ်ဆင့် သိရပြန်ပါပြီ။

ငယ်ငယ်က အိမ်မှာ သာမန်နွားတွေထက်စာရင် နဲနဲရိုင်းတဲ့ နွားကြီးတစ်ကောင်ရှိပါတယ်။ တစ်နေ့ မှာ အဲဒီနွားကြီးကို ချည်ဖို့ ဆိုပြီး အဘိုးက သာမန်နွားချည်ကြိုးနဲ့ မတူတဲ့ နွားချည် ကြိုးကို အပီအပြင် ကျစ်နေတော့တာပါ။ မိမိလည်း အဘိုးကို စပ်စုလိုက်ပြန်ပါတယ်။ အဲဒီကြိုးက ဘာလုပ်ဖို့  လဲ အဘိုးကို မေးတော့ သူက “နွားကြီးက နဲနဲ ရိုင်းနေလို့  လွတ်ထွက်မသွားအောင် အသေချာ ချည်ဖို့  ဂရုတစိုက် ကျစ်နေတာကွ” တဲ့။ အော် နွားကြီး လွတ်ထွက်မသွားအောင်ဆိုပါလား။ အဘိုးရဲ့ စကားကိုလည်း ပြန်ကြားယောင်မိပြန်ပြီ။

လောကမှာ လူသားနဲ့  သံယောဇဉ်၊ သံယောဇဉ်နဲ့  လူသား မကင်းကြပါဘူး။ သတ္တ၀ါတွေကို ဆင်းရဲခြင်းတွေမှ လွတ်ထွက်မသွားအောင် ချည်ထားတာက သံယောဇဉ်ကြိုးလေးပါ။ သွပ်ကြိုး၊ နိုင်လွန်ကြိုး၊ သံမဏိကြိုးစတဲ့ သာမန်ကြိုးလေးတွေ မြင်နေရပေမယ့် အဲဒီ သံယောဇဉ်ကြိုးလေးကတော့ မြင်လို့  ရနိုင်တဲ့ အရာမဟုတ်ပါဘူး။ သာမန်ကြိုးတွေကို တစ်ခုခုနဲ့ ဖြတ်ဖို့  လွယ်ပေမယ့် သံယောဇဉ် ကြိုးလေးကတော့ ပြတ်အောင် ဖြတ်ဖို့  လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါ။ သတိမထားမိရင် ချည်ထားလို့  ချည်ထားမှန်းတောင် မသိတဲ့ အဖြစ်သနစ်ရယ်ပါ။

မိမိတို့ မှာ ဖြစ်နေကြတဲ့ ပူလောင်မှု၊ စိုးရိမ်မှု၊ ငိုကြွေးမှုတွေနဲ့  တသီးတခြားဆီ ဖြစ်မသွားရအောင် ချည်ထားပေးတာက သံယောဇဉ်ကြိုးတွေပါပဲ။ လူတွေဟာ ဒီသံယောဇဉ်ကြိုးတွေ အချည်အနှောင်ခံထားရတော့ ဘာလုပ်လုပ် မလွတ်လပ်ကြတော့ပါဘူး။ မှားနေပါလျက်နဲ့  ဒီသံယောဇဉ်ကြောင့် အမှားကိုလည်း အမှန်လုပ်ပြီး ဖုံးကာပစ်တတ်ကြပါတယ်။ သံယောဇဉ်ကြိုး များများ အချည်ခံရလေ အမှန်တရားဆိုတာ ကွယ်ပျောက်လေပါပဲ။

လောကမှာ သွပ်ကြိုး၊ နိုင်လွန်ကြိုး၊ သံကြိုးစတဲ့ သာမန်ကြိုးတွေဆိုတာ ပေါမှပေါ။ အဲဒီကြိုးတွေ ဘာလုပ်ဖို့ လဲ ဆိုတာ မေးစရာတောင် လိုမယ်မထင်ပါဘူး။ သူ့ နေရာနဲ့ သူ အသုံးချ ချည်နှောင်ဖို့ ပဲ မဟုတ်လား။ ချည်နှောင်ခံရမယ့် အရာဝတ္ထု အရွယ်အစား အလိုက် အဲဒီကြိုးတွေကို အသုံးချဖို့ ပါ။ ဥပမာ နွားဆိုရင်ပဲကြည့်။ ရိုးရိုး နွားဆိုရင် သာမန် နွာချည်းကြိုးနဲ့  ချည်နှောင်ရုံပါပဲ။ နဲနဲ ရိုင်းတဲ့ နွားဆိုရင် သူနဲ့ တန်တဲ့ ကြိုးတော့ ဖြစ်အောင် ဖန်တီးပြီး ချည်လိုက်ရတာပေါ့။ အဲဒါကြောင့် ကြိုးတွေလည်း နှစ်လွန်းတင်ကြိုး၊ သုံးလွန်းတင်ကြိုး စသဖြင့် ရှိကြရတော့တာပါ။

သံယောဇဉ်ဆိုတာလည်း သတ္တ၀ါတွေကို ဆင်းရဲခြင်းကနေ လွတ်မြောက်မသွားအောင် ချည်ထားတက်တဲ့ သဘောရှိတာမို့  ကြိုးနဲ့  တူပါတယ်။ သူ့ မှာ သာမန်ကြိုးတွေထက် ချည်နှောင်နိုင်တဲ့ သတ္တိစွမ်းအားကလည်း မနဲပါဘူး။ ကိုယ့်ကို အချည်အနှောင်ခံထားရတဲ့ ကြိုးဟာ ဘယ်နှစ်ချောင်းနဲ့  ယက်ထားသလဲ၊ နှစ်လွန်းတင်ကြိုးလား၊ သုံးလွန်းတင်ကြိုးလားဆိုတာ သိရအောင် ဘုရားရှင်က ဒီလို ခွဲခြားပြခဲ့ပါတယ်။

(၁) လောကမှာ ငါ့အိမ်၊ ငါ့နေရာ၊ ငါ့သား၊ ငါ့သမီး၊ ယောက်ျား၊ မိန်းမစသဖြင့် အခေါ်အဝေါ် အားဖြင့်သာ ရှိတဲ့ အရာတွေကို တကယ် ရှိတာလို့  မြင်နေမယ်၊ ထင်နေမယ်ဆိုရင် အဲဒါဟာ ပထမဆုံးဖြစ်တဲ့ သံယောဇဉ်ကြိုးတစ်ချောင်း အချည်အနှောင်ခံထားရတာပါပဲ။ နဲနဲမြင့်မြင့် ပြောရရင်တော့ ပညတ်နဲ့ ၊ ပရမတ်ကို ခွဲခြားပြီး မမြင်တက်တာပါပဲ။ တကယ်တော့ ငါ့သား၊ ငါ့သမီး၊ ငါအိမ်၊ ငါ့နေရာ စတဲ့ အရာတွေဟာ အပေါ်ယံပဲ ကြည့်ပြီးခေါ်တဲ့ဟာတွေပါ။ တကယ့်အနှစ်အားဖြင့်တော့ ရုပ်နဲ့ နာမ် နှစ်ခုထဲပါပဲ။ ဒီသံယောဇဉ်ကြိုးကို ပြတ်ချင်တယ်၊ ဖြတ်ချင်တယ်ဆိုရင်တော့ တကယ့် အနှစ် ဖြစ်တဲ့ ရုပ်နဲ့  နာမ်ကို ပဲ တရားနယ်ပယ်ထဲကနေပြီးတော့ ရှု့လိုက်ဖို့ ပါပဲ။ (ဒိဋ္ဌိ)

(၂) ရတနာသုံးပါး အပေါ်မှာ ယုံမှားသံသယ ၀င်နေမယ်ဆိုရင်လည်း ဒုတိယသံယောဇဉ် ကြိုးလေးတစ်ချောင်း ထပ်ချည်ခံထားရတာပါပဲ။ ဘုရားရှိတာ တကယ်မှ ဟုတ်ရဲ့လား၊ တရားကျင့်ရင်ရော အဟုတ်တကယ် ဆင်းရဲခြင်းမှ လွတ်မြောက်နိုင်ပမလား ဆိုတဲ့ အတွေးမှား၊ သံသယ မှားတွေနဲ့  ရတနာသုံးပါးရဲ့ အပေါ်မှာ သုံးသပ်နေတာလည်း ဒုတိယသံယောဇဉ်ကြိုးလေး မပြတ်နိုင်သေးလို့ ပါ။ (၀ိစိကိစ္ဆာ)
Posted by မော်ကွန်းသစ် at 5:17 AM
Labels: သံယောဇဉ်ဆိုတာ မှ ကူးယူဖော်ပြပါသည်။

ဆက်လက်ဖော်ပြပေးပါမည်။
READMORE
 

ထက်ထက်မိုးဦးအမှု တရားမစွဲနိုင်သေး



ထက်ထက်မိုးဦးအမှု တရားမစွဲနိုင်သေး

ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Day News ဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုအတွက် ရန်ကင်းတရားရုံးတွင် တရားစွဲတင်ထားရာ အမှုစွဲတင်ချိန် တနှစ်ပြည့်လုသည်အထိ တရားလိုတင်ပြသော ပုဒ်မများဖြင့် တရားစွဲရန် သင့်မသင့်ကို တရားရုံးက ဆုံးဖြတ်ချက် မချမှတ်သေးကြောင်း သိရသည်။
ထိုအမှုကို စောင့်ကြည့်နေသည့် ပြည်တွင်းသတင်းထောက်တဦးက “ပြီးခဲ့တဲ့ ၇ ရက်နေ့က တရားသူကြီးက စွဲချက်၊ လျှောက်လဲချက်တွေကို ကြည့်ရှုပြီး စွဲချက်ပါ ပုဒ်မတွေနဲ့ တရားစွဲတင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချဖို့ တရားလိုရော တရားခံရော နှစ်ဖက်စလုံးကို ခေါ်ထားတာပါ။ ဒါပေမယ့် ထက်ထက်မိုးဦးက တရားရုံးကို မလာဘူး၊ သူ့ရှေ့နေပဲ လာရောက်ပြီး နောက်ရုံးချိန်း ပြန်ခေါ်ပေးဖို့ လျှောက်လဲသွားတယ်” ဟု ပြောသည်။

ဆီဒိုးနားဟိုတယ်တွင် ၂၀၁၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့က ပြုလုပ်သော ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးနှင့် သတင်းထောက် မအေးသူစံတို့ အင်တာဗျူးတခု ပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ရှေ့နေဦးမျိုးက “တရားရုံးက ဆင့်ခေါ်တာကို သုံးကြိမ်အထိ တရားရုံးကို မလာဘဲ နေနိုင်ပါတယ်။ သုံးကြိမ်နောက်ပိုင်းမှာတော့ မျက်ကွယ်မှာ တရားသူကြီးက ဆုံးဖြတ်ချက်ချနိုင်သလို၊ ၀ရမ်းလည်း ထုတ်နိုင်ပါတယ်။ တရားသူကြီး ဆုံးဖြတ်ချက်အတိုင်းပါပဲ။ ဒီအမှု ဒီလောက်ကြီး ကြာနေတာကိုက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ပျက်ယွင်းနေတာကို ပြတာပဲ။ မင်းသမီးအမှုမို့ ကြာနေတာလည်း ဖြစ်နိုင်တယ်။ သာမန်နာကျင်စေမှုတွေမှာ ဒီလောက် ကြာလေ့မရှိပါဘူး” ဟု ပြောသည်။

အဆိုပါ နာကျင်စေမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန်လ ၃ ရက်နေ့တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် ထက်ထက်မိုးဦးကို တရားစွဲခဲ့သည်။

“လာမယ့် ၂၄ ရက်နေ့ဆို အမှုတင်ထားတာ တနှစ်ပြည့်ပြီ။ ရုံးချိန်းကလည်း အခါ ၂၀ လောက်ချိန်းပြီးပါပြီ။ အခုထိ တရားစွဲတင်သင့်မသင့် မဆုံးဖြတ်နိုင်သေးဘူး” ဟု ရန်ကုန်ရှိ သတင်းထောက်တဦးက ပြောသည်။

ထက်ထက်မိုးဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆေးရုံတခု၌ ယခုနှစ် ဇန်နဝါရီလထဲတွင် သမီးတဦး မွေးဖွားခဲ့ပြီး လာမည့် ၁၅ ရက်နောက်ပိုင်းတွင် ရန်ကုန်သို့ ပြန်မည်ဖြစ်ကြောင်း ထက်ထက်မိုးဦးနှင့် နီးစပ်သူတဦးက ပြောသည်။

ထက်ထက်မိုးဦးအပေါ် စွဲဆိုထားသည့် ပုဒ်မ ၃၂၃ မှာ နာကျင်စေမှုဖြစ်ပြီး အများဆုံးထောင်ဒဏ် ၁ နှစ် သို့မဟုတ် အများဆုံး ငွေဒဏ် ၁၀၀၀ ကျပ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံးကို ကျခံစေနိုင်ကြောင်း၊ ပုဒ်မ ၅၀၆ မှာ ခြိမ်းခြောက်မှုဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ကန့်သတ် မထားသောငွေဒဏ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားသည်ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက ဆိုသည်။

ထက်ထက်မိုးဦးဘက်မှ ရှေ့နေဦးစိန်မြင့်က လိုက်ပါဆောင်ရွက်ပေးနေပြီး သတင်းထောက်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ ဦးသန်းထွန်းအောင်မှာ ကွယ်လွန်သွားသဖြင့် အမျိုးသမီးရှေ့နေတဦးက ဆက်လက် ဆောင်ရွက်ပေးနေကြကြောင်း သိရသည်။

ရန်ကင်းမြို့နယ် တရားသူကြီးက ယမန်နှစ် ဇူလိုင် ၁၃ ရက် တရားခွင်တွင် ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦးဘက်မှ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရယူထားသည်။

မတ်လ ၇ ရက်နေ့က တရားရုံးသို့ ထက်ထက်မိုးဦး မလာရောက်ခဲ့သဖြင့် မတ်လ ၂၁ ရက်နေ့သို့ ပြောင်းလဲချိန်းဆိုလိုက်ကြောင်း သိရသည်။

အဆိုပါအမှုကို တရားရုံးက အများပြည်သူ ကြားနာခွင့်မပြုဘဲ အမှုဖြစ်ပွားပုံကို ဖော်ပြခဲ့သော ဂျာနယ်တချို့ကိုလည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့သည်။

ဧရာဝတီ သတင်းမှ တဆင့်ကူးယူတင်ပြပေးပါသည်။
၂၀၁၁၊ မတ်လ(၁၀)ရက်။
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း



မကွေးမြို့မှ SHADE စာပေ၀ိုင်း
၂၇-၂-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီမှ ညနေ(၃း၃၀)နာရီအထိ မကွေးမြို့၊ အချစ်ရွာဆိုင်မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ SHADE စာပေ၀ိုင်း (၁၆)ကြိမ်မြောက်ပါ။ ဒီတစ်ပတ် စာပေ၀ိုင်းကို ရောက်လာသူများကတော့ ပန်းချီဆရာများဖြစ်ကြတဲ့ ပန်းချီမင်းသူ၊ ပန်းချီသူရိန်မြိုင်၊ ပန်းချီ မြင့်ဇော်ဦး တို့နဲ့အတူ ဆရာနေခြည်(မကွေး)၊ ဆရာညီဇေယျ၊ ဆရာလွမ်းရ(မကွေး)၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ဘိုမြင့်ရှိန်(မကွေး)၊ စာရေးသူတို့ဖြစ်ကြပါတယ်။
ပဏာမ အနေနဲ့ ပြီးခဲ့တဲ့အပတ်က စာရေးသူပြောကြားခဲ့တဲ့ မန္တလေးမီဒီယာ အုပ်စုနဲ့ ရွှေစက်တော် ခရီးစဉ် ဇာတ်သိမ်းပိုင်းကို ဆက်ပြောပါရစေ…။ မန်းအုပ်စုက လက်မညိမ်သူကတော့ အောင်မြင့်မြင့်(စစ်ကိုင်း)ဖြစ်ပါတယ်။ (၁)မိနစ်တခါလောက် သတင်းမှတ်တမ်း ဓာတ်ပုံရိုက်နေတာကိုပြောတာပါ။ မန်းရွှေစက်တော်ဘုရားကို ဘုရားဖူးလာသူတိုင်း အထူးစိတ်ရှည် တတ်ရပါမည်။ သည်းခံစိတ်ကို လက်ကိုင်ထားကြရပါမည်..။ စက္ကန့်(၃၀)မှာ တစ်ကြိမ် မနားတမ်း အဖြေပေးရပါမည်။ ရေနွေးသည်၊ ထမင်းသည်၊ ဟင်းသည်၊ အကြော်စုံသည်၊ ဆေးလိပ်သည်၊ ကွမ်းယာသည်၊အချဉ်ပေါင်းသည်၊ မှုန့်လက်ဆောင့်သည်၊ရေခဲချောင်းသည်၊ ဆတ်သားကင်သည်၊ ငှက်ကြော်သည်၊ ကြက်ကျော်သည် မှအစ အနိပ်သည်များ (မာဆပ်မဟုတ်ပါ) အဆုံး။ လူမျိုးတစ်ရာတစ်ပါး(မရေမတွက်နိုင်)၊ အမျိုးသမီး၊ အမျိုးသား၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုများ က စက္ကန့်(၃၀) မပြည့်မှီ တစ်ယောက်နှုန်းနဲ့ သူထက်ငါဦးအောင် ဘုရားဖူးများကို ဈေးရောင်းနေကြတာကို နယ်ခံများက ကြိုတင်ပြောထားပြီး သိထားရကြပါမည်။ ဘုရားဖူးများ တည်းကျောင်းပေါ်မှာ ၀ိုင်းဖွဲ့စကားပြောနေကြတာကို ပွဲပျက်သွားအောင် ဈေးသည်များက သောင်းကျန်းနေကြပါတယ်။ ဒီကိစ္စကို မန်းမီဒီယာအဖွဲ့ကို ကြိုတင်ပြောထားတော့ အဆင်ပြေပါတယ်။ အဆင်ပြေတဲ့အပြင် မန်းမီဒီယာအဖွဲ့က လာမျှဈေးသည်နဲ့ အနိပ်သည်တွေကို တစ်ယောက်ချင်းစီ အင်တာဗျူးလုပ်ကြ။ ဓာတ်ပုံရိုက်ကြ။ ကြံကြံဖန်ဖန် အနိပ်သည်တစ်ဦးချင်းကို ခေါ်ယူပြီး လက်ပေါက်၊ မပေါက် အစမ်းခိုင်းကြတယ်ဗျာ..။ ဘာကို အစမ်းခိုင်းတယ်ဆိုတာကိုတော့ မသိပါ။ အနိပ်သည် တစ်ယောက်ပြီးတစ်ယောက် (၅)မိနစ်တခါစမ်းပြီး မကြိုက်လို့ ပြန်ပြန်လွတ်နေတာ မြင်နေရပါတယ်။ ဒါလောက်ရှိကြတာ ဆရာအောင် ဆိုတဲ့ အနိပ်သည်နဲ့ကြမှ တက်တက်ကိုပြောင်သွားကြပါတယ်(ခေါင်းကဆံပင်တွေပါဗျာ) ။ အဲ အထူးအဆန်းတစ်ခုကတော့ ရေနွေးသည်ကလေးတွေဆီက ရေနွေးတွေကိုလည်း ဆူ မဆူ မြည်းကြည့်ပြီး သုသေသနလုပ်နေကြပါသေးတယ်။ မန်းမီဒီယာအဖွဲ့၏ သုတေသန စာတမ်းအရ (ရွှေစက်တော်ဘုရားပွဲတော်ကြီးမှာ အ၀င်(၁၀၀)ကျပ်ဖိုးရေနွေးကြမ်းသောက်ရင် အထွက်(၅၀၀)ကျပ်ဖိုးကုန် ပါကြောင်း)။ ရေနွေးတစ်ဘူးဝယ်သောက်၍ အိမ်သာတစ်ခါတက်(၁၀၀)ကျပ်နဲ့ အိမ်သာကိုငါးခါတက်ရလို့ ငွေ(၅၀၀)ကျပ်ကုန်ကျခြင်းကို ဆိုလိုကြပါတယ်။
စာရေးသူနဲ့ စာဖိုမှူး နှင်းဦး(မင်းဘူး) တို့ ညနေစာအတွက် ကြက်ရှာထွက်လာခဲ့ပါတယ်။ ရွှေစက်တော်ဘုရားပွဲတော်၊ သားစိမ်း၊ငါးစိမ်းဈေးက အောက်ဘက်သောင် မှာပါ။ ငါးခြောက် ငါးခြမ်းနဲ့ ဟင်းချက်စရာအစုံ ဟင်းသီးဟင်းရွက်သည်၊ များကိုတွေ့ရတယ်။ ထမင်း၊ဟင်းချက်စရာအစုံ ၀ယ်လို့ရပါတယ်။ ကျွန်တော်တို့အဖွဲ့အတွက် ညနေစာ ကြက်တစ်ကောင်နဲ့ အားလူးရောချက်ဖို့ဝယ်ပါတယ်။ မနက်ဖြန်အတွက်က ကြက်နှစ်ကောင် ၀ယ်ခဲ့ပါတယ်။ မီဒီယာအဖွဲ့က တစ်နေကုန် အထက်စက်တော်ရာ၊အောက်စက်တော်ရာ နေရာအနှံ့သို့သွားပြီး ဘုရားဖူးရင်း လိပ်ဥတူး( အဲ သတင်းထူးတွေ)ကိုယူနေကြ ပါတယ်။ ရွှေစက်တော်က စာရေးဆရာကောင်းသုတ(မင်းဘူး) ခေါ် ကြက်ခြေနီ တပ်ခွဲမှူး ဦးလှဝင်း ရဲ့ တပည့်အဖွဲ့ကလည်း စာဖိုမှူး နှင်းဦး(မင်းဘူး)နဲ့အတူ ကူညီကာ ၀ိုင်းလို့ ကျွန်တော်တို့ကို ထမင်း၊ ဟင်းများချက်ကျွေးကြပါတယ်။ ညရောက်တော့ ကျွန်တော်တို့ တည်းကျောင်းရှေ့က ကွတ်ပစ်ပေါ်မှာ မန်းမီဒီယာအဖွဲ့ကို ကဗျာဆရာ နှင်းဦး(မင်းဘူး) က ဖူးဖူးမှုတ်ပြီး ဧည့်ခံနေပြန်ပါတယ်။ (ဘာဂျာတစ်လက်နဲ့ သီးချင်းစုံကို မှုတ်ပေးတာကို ပြောတာပါနော်..။) ရှိတ်ဂျာနယ် အယ်ဒီတာချုပ် ကိုသာဇော်ကလည်း ဘာဂျာသံစဉ်နဲ့အကိုက် သီချင်းတွေကို စိတ်ပါဝင်စားစွာနဲ့ လိုက်ဆိုပေးနေပါတယ်။ ( သြော် အခုမှ အဆိုကောင်း၊ အမှုတ်ကောင်းသူ နှစ်ဦးကို ထူးကဲစွာ ကြားရ၊ မြင်ရပါတော့တယ်..။) ဘာဂျာအမှုတ်ကောင်းတဲ့ကဗျာဆရာ နှင်းဦး(မင်းဘူး) ကို ကဗျာဆရာ ကလင့်(မန္တလေး)က သူဝတ်ထားတဲ့အကောင်းစား ဂျာကင်အင်္ကျီကြီးကို သူကိုယ်တိုင် ၀တ်ပေးလို့ ဆုတော်ချပါတယ်။ ကြည့်နေသူအားလုံက သတင်းဓာတ်ပုံနဲ့ မှတ်တမ်းတင်ကြပါတယ်။ အားလုံးပရိတ်သတ်က လွမ်းစရာ ညများ ကုန်ဆုံးသွားမှာကို ကြောက်ပြီး ဆက်လက်အားပေးနားထောင်နေကြပါတယ်။
နံနက်စောစော သံဃာတော်အရှင်မြတ်များ ဆွမ်းခံကြွလာပါပြီ ခင်ဗျား လို့ ဓာတ်စက်ကလေးနဲ့ အော်ထွက်လာပါတယ်။ အိပ်ယာက အတင်းပြေးထပြီး သတင်းဓာတ်ပုံရိုက်၊ သတင်းယူနေသူကတော့ အောင်မြင့်မြင့်(စစ်ကိုင်း) ကိုယ်တော်ကြီးနဲ့ သန်းဖေသားပါ။ သံဃာတော်များနောက်က အညိုရောင် ၀မ်းဆက်နဲ့ဆိုတော့ အောင်မြင့်မြင့်(စစ်ကိုင်း)ပါ လှူဖွယ်ဆွမ်းတွေကို ရနေပါတယ်။ အကြော်သည်တွေကလည်း သံဃာတော်များကို အကြော်သက်စေ့နဲ့ ၀ယ်ယူဆွမ်းလောင်းဖို့ အော်ပြီးဈေးရောင်းကြတယ်။ အော်ပြီးဈေးရောင်းနေတဲ့ အကြော်သည်ကို သတင်းထောက် သန်းဖေသားက သွားပြီး အင်တာဗျူးနေတော့ ကိုယ်တော်ကြောင့် ဈေးဦးတောင်မပေါက်တော့ပါဘူးဆိုပြီး အကြော်သည်မလေးခမျာ…ငိုနေပါတယ်။ ဒါနဲ့ နှင်းဦး(မင်းဘူး)က အကြော်တွေကိုဝယ်ထား လိုက်ရပြီး အဖွဲ့ကို ထမင်းကြော်နဲ့ ပူးတွဲပြီး ကျွေးပါတော့တယ်..။ နံနက်ပိုင်း တစ်ချိန်လုံး အောက်စက်တော်ရာမှာ ဘုရားဖူးကြ၊ မန်းချောင်းရေ ကို အားပါးတရ ရေစိမ်ပြီး ချိုးနေကြပါတယ်။ လူကြီးတွေက ရေချိုးနေကြပြီး ကလေးတွေမချိုးရလို့ ကိုသာဇော်ရဲ့ ချစ်သမီးနှစ်ယောက်က ပြစ်တောက်ပြစ်တောက်နဲ့ စိတ်ကောက်နေကြပြန်တယ်။ ကဗျာဆရာ ကလင့်(မန္တလေး) က သမီးနှစ်ယောက်လုံးကို မန်းချောင်းထဲဆွဲခေါ်လိုက်မှ အားလုံးပျော်သွားကြပါတယ်။ (သြော် မန်းစက်တော်ဘုရား မန်းချောင်းရေဆိုတာ လူ့ဘ၀အတွက် ဘေးကင်းရန်ကါပြီးသား။ ဒါကြောင့် အသက်ကလေးရယ်ရှည်စေလို မန်းတောင်ရိပ်ခို လို့ စာဆိုကြတာ မဟုတ်ပါလားကွယ်။) ရေမိုးချိုးပြီး နေ့ထမင်းစားလို့ နေ့လယ် (၁၂း၃၀)နာရီမှာ မန်းရွှေစက်တော်ဘုရားက ပြန်ခဲ့ကြပါတယ်။ အပြန်ခရီးမှာတော့ အတွေးကိုစီနဲ့ပါ။ မောင်ဆူးမင်း(ချပ်သင်း)က သီချင်းတအေးအေးနဲ့ အဝေးတောတန်း၊ တောင်တန်းတွေကိုကြည့်ပြီးအပြန်ခရီးမှာ လွမ်းနေပါတယ်။ ဆရာကြီး နတ်မောက်ထွန်းရှိန်ကလည်း မန်းစက်တော်ရာအပြန် လမ်းမှာ သူ့ရဲ့မဟေသီကို တမ်းတ၊မှန်းဆပြီးလွမ်းနေပုံပေါ်ပါတယ်။ ဒီလိုနဲ့ အပြန်ခရီးမှာ ကျောင်းတော်ဘုရားကိုဝင်ပြီး ဖူးကြတယ်။ မင်းဘူးက နဂါးပွက်တောင်ကြီးကို ၀င်ကြည့်ကြပါတယ်။ မင်းဘူးစက္ကိန်းတဲဘုရားကိုလည်း ၀င်ဖူးကြပါတယ်။ စက္ကိန်းတဲတောင်တော်ပေါ်မှာ သတင်းသုံးနေထိုင်တဲ့ စာရေးဆရာ သစ္စာမေတ္တာဆရာတော်ဘုရားကြီးကို ၀င်ရောက်ဖူးမျှော် ပူဇော်ကန်တော့ခဲ့ကြပါတယ်။ မကွေးမြို့ကို ည(၆း၃၀)မှာ ပြန်ရောက်ပါတယ်။ စာရေးဆရာ သာကီနွယ်သွေး(မကွေး)ရဲ့ ကပ်ကျော်ကျောင်း မှာ ရေမိုးချိုးပြီး၊ခေတ္တနား၊ ညစာစားကြပါတယ်။ ည(၈)နာရီမှာ ရွှေမန်းသူမှန်လုံကားနဲ့မန်းမီဒီယာအဖွဲ့ မန္တလေးသို့ ပြန်သွားကြပါတယ်..။
(မှတ်ချက်။ မန်းမီဒီယာအဖွဲ့အား မကွေးမှ ရွှေစက်တော်ဘုရားသို့ အသွား၊အပြန်ခရီးစဉ်ကို ကုသိုလ်ဒါနပြု ဧည့်ခံသူမှာ စာရေးဆရာ ကိုကိုလတ်(ဆည်းမြောင်း) ဖြစ်ပြီး စုစုပေါင်းကုန်ကျစားရိတ်ငွေ (နှစ်သိန်းနှစ်သောင်း)ကျပ် ကုန်ကျသုံးစွဲခဲ့ပါကြောင်း SHADE စာပေ၀ိုင်းမှ အထူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။)
ဒီတစ်ပတ် SHADE စာပေ၀ိုင်းက မှတ်သားစရာ စာပေစကား တစ်ခုကတော့ ပန်းချီဆရာ ကိုမင်းသူ ပြောပြတာကို တင်ပြပါရစေ..။ လူတွေဟာ ဒေါသ၊ မောဟ၊ သောက၊ လောဘတွေနဲ့ ပုထုဇဉ်လူသားတွေသာများပါတယ်။ ဒေါသကင်းအောင် လုပ်မယ်ဆိုရင် အားလုံးကို သက်မဲ့တွေလိုသာ သဘောထားကျင့်သုံးရမည် ထင် ပါကြောင်း အစချီပြီး သူငယ်ငယ်က ဖတ်ပြီး စွဲနေခဲ့ရတဲ့ စာရေးဆရာ သာဓု ရဲ့ (အမီနာ) ၀ထ္ထုတိုလေးပါ။ အကိုကြီး နာမည်နဲ့ ဇာတ်လိုက်ရယ်၊ ကားဒရိုင်ဘာ ကုလားတစ်ဦးရယ်၊ အမီနာ ဆိုတဲ့ကုလားမလေးရယ်၊ သူ့ယောင်္ကျား ရေထမ်းသမား ကုလားတစ်ဦးရယ် စုစုပေါင်း ဇာတ်ဆောင်(၄)ဦးပါ။ ရန်ကုန်မြို့၊ ခြံဝိုင်းကျယ်ထဲမှာ အကိုကြီး နဲ့ ကုလားကားဒရိုင်ဘာတစ်ဦးတို့ အတူနေကြပါတယ်။ အကိုကြီးက လူပျိုးကြီးတစ်ယောက်ပါ။ စကားနည်းသူ၊ သည်းခံတတ်သူ ဖြစ်ပါတယ်။ အကိုကြီးရဲ့ခြံဝိုင်းရှေ့ လမ်းမပေါ်မှာ အမီနာ ဆိုတဲ့ ကုလားမလေးနဲ့ ရေထမ်းရောင်းနေတဲ့ကုလား လင်မယား နှစ်ယောက်က ကွမ်းယာဆိုင်ကလေး တစ်ဆိုင်လာဖွင့်ပါတယ်။အဲဒီ အကိုကြီးက သူတို့လင်မယားကို ကြည့်ပြီးသနားပုံပေါ်နေပါတယ်။ ဒါနဲ့ ``ဟဲ့ အမီနာ နင်တို့ကွမ်းယာဆိုကို လမ်းပေါ်မှာဖွင့်မနေနဲ့ ငါ့ ခြံဝိုင်းအတွင်းဝင်ပြီး နေရာယူပြီးဖွင့်ပါ။ နင်တို့ကွမ်းယာဆိုင်ကလဲ မဖြစ်စလောက်လေးပါလား..။ ဆိုပြီး အကိုကြီးက ကွမ်းယာဆိုင်အတွက် ငွေငါးကျပ်ကို ထုတ်ပေးပါတယ်။ အဲဒီတုံးက ငွေငါးကျပ်ဆိုတာ နည်းတာ မဟုတ်ပါဘူး။ ကွမ်းယာဆိုင်လေး အတွက် တော်တော်ပြည့်စုံသွားပါတယ်။ ဒီလိုနဲ့ အမီနာတို့လင်မယား အကိုကြီးခြံဝိုင်းကို ကန့်ပြီး ကွမ်းယာရောင်း နေပါတယ်။ တစ်နေ့မှာ အကိုကြီးက၊ ဆိတ်သားစားချင်လို့ သူ့ကားဒရိုင်ဘာကုလားကို ဆိတ်သားဟင်း( တစ်မတ်ဘိုး)ကို ချိုင့်ကြီးနဲ့ အမြဲလိုလို အ၀ယ်ခိုင်းပါတယ်။ ဒရိုင်ဘာကုလား နဲ့ အမီနာတို့ ကုလားလင်မယားက အမျိုးအနွယ်တူ ကုလားလူမျိုးတွေပါ။ တစ်နေ့မှာ ဒရိုင်ဘာကုလား၊ အပြင်က၀ယ်လာတဲ့ဆိတ်သားဟင်းချိုင့်ကို အမီနာ ကွမ်းယာသည် ကုလားမလေးက ယူကြည့်ပါတယ်။ သူတို့ ကုလားလို့ မေးကြ၊ပြောကြပါတယ်။ အမီနာက ``ဟယ် နင်တို့ဆိတ်သားဟင်းကလည်း တော်တော်ညံ့လိုက်တာ´´တဲ့ အပေါစား မဆလာတွေနဲ့ချက်တာဘဲ..။ ငါက လတ်လတ်ဆတ်ဆတ် မဆလာကို ကိုယ်တိုင်ကြိတ်ပြီး ဆိတ်သားဟင်းကို ကောင်းကောင်းချက်တတ်ပါတယ်ကွယ်…။ ဒါပေမယ့် အကိုကြီးက ငါတို့ချက်တဲ့ ဆိတ်သားဟင်းကို စားမှာ မဟုတ်ပါဘူးနော်..။ လို့ အမီနာ က ဒရိုင်ဘာကုလားကို ပြောပါတယ်။ ဒီစကားကို ဒရိုင်ဘာကုလားက သူ့ဆရာ အကိုကြီးဆီ မြန်မာလိုပြန်ပြောပြပါတယ်။(အကိုကြီးကတော့ သြော် အေးအေး၊ ပဲလို့ စကားတစ်ခွန်းသာပြန်ပြောပါတယ်)။ သူ့တပည့် ကုလားကပြောလို့ နောက်တစ်နေ့ နံနက် မျက်နှာသစ်ပြီးချိန်မှာ အကိုကြီးဆိုသူက `ဟဲ့ အမီနာ နင်တို့ဆိတ်သားဟင်းချက်ရင် ငါ့ကို တစ်ခွက်ပေးစမ်းပါ..´။ ဆိုတော့ အမီနာ ကုလားမလေးက သိပ်ကိုဝမ်းသာသွားပါတယ်..။ ဒါနဲ့ အမီနာ က ဆိတ်သားဟင်းကို ကောင်းကောင်းမွန်မွန်ချက်ပြုပ် ထားပါတယ်။ သူ့ယောင်္ကျား ရေထမ်းတဲ့ကုလားကိုလည်း ခွင့်တောင်းပြီး အကိုကြီးကို ဆိတ်သားဟင်းတစ်ခွက်ပေးပါ တယ်။ သူကိုယ်တိုင်သွားပြီး အမီနာက ကျွေးပါတယ်။အကိုကြီကလည်း အမီနာရဲ့ဆိတ်သားဟင်းကို သိပ်ကြိုက်ပါတယ်။ဒါပေမယ့် အကိုကြီးကတော့ ဘာစကားမှ ဖွင့်လို့မပြောပါ။ အဲလိုနဲ့ တစ်ရက်ချန် နှစ်ရက်ချန်လောက်ကို အကိုကြီးဆိုသူက `ဟဲ့ အမီနာဆိတ်သားဟင်းချက်ရင် ငါ့ကိုတစ်ခွက်ပေးစမ်း´ ဆိုပြီး ခဏ ခဏတောင်းနေပါတယ်။ ကြာလာတော့ အမီနာကုလားမက သူ့ယောကျာင်္းကို ပြောပါတယ်။ အကိုကြီးကလည်း ဆိတ်သားဟင်းကို ခဏ ခဏ တောင်းနေတာဘဲ။ ဒီမှာ အလုပ်တွေတစ်ဖက်နဲ့ လွယ်တာမှ မဟုတ်တာကို လို့ပြောတော့ ရေထမ်းသမားကုလားယောင်္ကျားက `နင်ပဲ အစကတော့ အကိုကြီးကို ဆိတ်သားဟင်းချက်ကျွေးချင်ပါတယ် ပြောတာမဟုတ်လား..´။ လို့ သူတို့ကုလားလင်မယားရဲ့ ပြောကြားတဲ့စကားကို ဒရိုင်ဘာကုလားကကြားသွား ခဲ့ပါတယ်။ ဒါနဲ့ ဒရိုင်ဘာကုလားက အမီနာရဲ့ ပြောစကားကို သူ့ဆရာဆီ ဘာသာပြန်ပြီး ပြောကြားပြန်ပါတယ်။(အကိုကြီးကတော့ သြော် အေးအေး။ ပဲလို့ စကားတစ်ခွန်းသာပြန်ပြောပါတယ်)။ နောက်တစ်နေ့ `ဟဲ့အမီနာ ဆိတ်သားဟင်းတစ်ခွက်ပေးစမ်းလို့ မပြောတော့ပါ။´ အကိုကြီးတို့ ဆရာတပြည့်နှစ်ယောက် ခြံထဲကနေ သူတို့အလုပ်သို့ ကားနဲ့ ၀င်ထွက်သွားလာနေကြပါတယ်။ ယခင်လိုပဲ ဆိတ်သားဟင်းကို တစ်မတ်ဘိုး ချိုင့်နဲ့ဆွဲပြီး အပြင်က၀ယ်စားနေကြပါတယ်။ ရက်တွေ အတော်ကြာလာပြန်တာ့ အမီနာ က သူ့ယောင်္ကျားကုလားကို ပြောပြန်ရော့..၊ ``အကိုကြီးကလည်း တစ်လလောက်ရှိသွားပြီ ဆိတ်သားဟင်းကို မတောင်းပြန်တော့ဘူးနော်…။ဘာပြုလို့လဲ မသိဘူးနော်..။ ယခုလိုသာ အပြင်ကဆိတ်သားဟင်း တွေကိုသာ ၀ယ်စားနေရတာ ဘယ်ကောင်းလိမ် မလဲနော်…´´။လို့ ပြောနေကြပါတယ်။ သူတို့ လင်မယားစကားကို ဒရိုင်ဘာကုလားက ကြားပြန်ပါတယ်။ ဒါနဲ့ သူ့ဆရာ အကိုကြီးကို ဒရိုင်ဘာကုလားက အမီနာလင်မယားရဲ့ ပြောစကားတွေကို ပြန်ပြောပါတယ်။ (အကိုကြီးကတော့ သြော် အေးအေး။ ပဲလို့ စကားတစ်ခွန်းသာပြန်ပြောပါတယ်)။ ဒါပေမယ့် နောက်တစ်နေ့ မျက်နှာသစ်ပြီးတော့ `ဟဲ့ အမီနာ နင်တို့ဆိတ်သားဟင်းချက်ရင် ငါ့ကို တစ်ခွက်ပေးစမ်းပါ..´။ အကိုကြီးဆိုသူက အမီနာကကျွေးမယ်ဆိုရင်လည်းစားမယ်။ မကျွေးချင်ပြန်ဘူးဆိုရင်လည်း မစားဘူးဆိုပြီး (သြော်..အေးအေး။ ပဲလို့) သာပြောပြီး အမီနာပြောစကားများကို လောဘ၊ဒေါသ မဖြစ်ဘဲ မခံစားဘဲ အမီနာကို အသက်မယ့်သူလို သဘောထားတယ် ကျွန်တော်ထင်ပါတယ်။ စာရေးဆရာ သာဓုကတော့ လူသားအားလုံး၊ လောဘ၊ဒေါသတွေ ကင်းရှင်းစေအောင် အကိုကြီးဆိုသူ ဇာတ်ကောင် ကိုတင်ပြီး၊ အမီနာ ၀ထ္ထုတိုကလေးကို ရေးတားလားဆိုတာကတော့ စာဖတ်သူများ ကိုယ်တိုင်က တွေးခေါ်ကြည့်နိုင်အောင် ကျွန်တော်ပြန်လည်တင်ပြပြောဆို ပေးခြင်းဖြစ်ပါတယ်ခင်ဗျား..။ စာရေးဆရာ သာဓု ရေးတဲ့ ဒီ အမီနာ ၀ထ္ထုတိုကလေးကို လွပ်လပ်စွာ နားလည်ခံစားနိုင်ကြပါစေ..။ လောကကြီးကို စိတ်ရှည်၊သည်းခံမှု တရားတွေနဲ့ အလှဆင်နိုင်ကြပါစေ..ဟု ပန်းချီဆရာကိုမင်းသူက ခံစားမျှဝေသွားခဲ့ပါတယ်…။
စိတ် အဟာရ ပြည့်ဝအောင် ရှိတ်ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်

SHADE ဂျာနယ်၊ အတွဲ(၅)၊အမှတ်(၁၆)မှ ကူးယူဖော်ပြပါသည်။
READMORE
 

``သတင်းထောက်အောင်သူငြိမ်း(ခ) ကဗျာဆရာ ဧဇံ နှင့် မစုယဉ်နှင်း တို့၏ မင်္ဂလာဧည့်ခံပွဲ´´



``သတင်းထောက်အောင်သူငြိမ်း(ခ) ကဗျာဆရာ ဧဇံ နှင့် မစုယဉ်နှင်း တို့၏ မင်္ဂလာဧည့်ခံပွဲ´´

၂-၃-၂၀၁၁၊ ဗုဒ္ဓဟူးနေ့ မင်္ဂလာအချိန်၊နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့၊ ကပ်ကျော်ကမ္ဘာအေး ၀ိပဿနာဓမ္မရိပ်သာကျောင်းမှာကျင်းပသော မောင်အောင်သူငြိမ်း+မစုယဉ်နှင်း တို့၏ မင်္ဂလာဆွမ်းကျွေးပွဲ သို့ အမှတ်တရ သွားရောက်သတင်းရယူခဲ့ပါသည်။ SHADE ဂျာနယ်၊ မကွေးရုံးခွဲ၏ ပထမဆုံးအကြိမ် တက်ရောက်ချီးမြှင့်ပေးသော မင်္ဂလာပွဲဖြစ်၏။ ယင်းမင်္ဂလာပွဲသို့ မကွေးမြို့နယ်စာနယ်ဇင်း ဥက္ကဋ္ဌ မကွေးဝင်းမြင့်နှင့်အမှုဆောင်အဖွဲ့၊ ပန်းချီဆရာများ၊ ဂျာနယ်ပေါင်းစုံမှ တာဝန်ခံသတင်းထောက်များ၊ စာရေးဆရာ၊ကဗျာဆရာများ၊ ပညာရေးကောလိပ်နှင့် ကျောင်းပေါင်းစုံမှ ဆရာ၊ဆရာမများ၊ ဖိတ်ကြားထားသော နှစ်ဘက်မိဘများ၏ ဆွေမျိုးမိတ်သင်္ဂဟများဖြင့် စီကားသိုက်မြိုက်စွာ တက်ရောက်ကြပါသည်။
သတိုးသား မောင်အောင်သူငြိမ်းသည် (ELEVEN MEDIA GROUP) (Weekly Eleven News ဂျာနယ်မှ မကွေးသတင်းတာဝန်ခံ သတင်းထောက်) တစ်ဦးဖြစ်ကြောင်းသိရ၏။ မောင်အောင်သူငြိမ်း+မစုယဉ်နှင်း တို့၏ မင်္ဂလာဆွမ်းကျွေးဧည့်ခံပွဲမှာ ကျောင်းထိုင်ဆရာတော် စာရေးဆရာ သာကီနွယ်သွေး (မကွေး)၏ ကပ်ကျော်ကမ္ဘာအေးကျောင်း တွင် ကြွလာသမျှ ပရိတ်သတ်အား အလှူကြီးပေးနေသလို ကြက်သားဒန်ပေါက်များဖြင့် (အလှစားမဟုတ်၊အ၀စား) ဧည့်ခံကျွေးမွေး နေကြောင်း ထူးခြားစွာ မြင်တွေ့ခဲ့ပါသည်။(များသောအားဖြင့် မင်္ဂလာဆောင်ပွဲများသည် လက်ဘက်ရည်နှင့်ကိတ်မှုန့်ဖြင့်သာဧည့်ခံကျွေးမွေးလေ့ရှိကြ၏။)
သတိုးသားမောင်အောင်သူငြိမ်း နှင့် သတိုးသမီးမစုယဉ်နှင်းတို့သည် အသက်ရာကျော်ရှည်ကြပြီး အိုအောင်၊မင်းအောင် ရာသက်ပန်ပေါင်းသင်းနိုင်ကြပါစေကြောင်း၊ SHADE ဂျာနယ်မှ ဆုမွန်ကောင်းတောင်း၍ ဂုဏ်ပြုမှတ်တမ်းတင် သတင်းရယူခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

ကျွံကျနေသည့်လှည်းဘီးကို ၀ိုင်းကူ၍ တွန်းပေးကြပြီ


စာရေးဆရာ ရေနံ့သာအောင်ချမ်းဇော် အား
နှလုံးခွဲစိပ်ကုသနိုင်ရန် ကျွံကျနေသည့်လှည်းဘီးကို ၀ိုင်းကူ၍ တွန်းပေးကြပြီ

SHADE သတင်းဂျာနယ် အတွဲ(၅) အမှတ်(၁၂)၊မှ နေခြည်(မကွေး)ရေးသားသော (လှည်းဘီးကျွံနေသည် ကူ၍တွန်းပေးကြပါ) သတင်းကို ဖတ်ကြားပြီး အလှူရှင်များ ပေါ်ထွက်လာပါသည်။ ရန်ကုန်မြို့တွင် နှလုံးခွဲစိပ်ကုသရန်အတွက် ငွေကျပ်(၃၀)သိန်းခန့် ကုန်ကျမည်ဟု သိရ၍ ဆေးအလှူရှင်များအား ထပ်မံလိုအပ်လျှက်ရှိနေပါသည်။ သို့ပါ၍ စာရေးဆရာ အေးရွှေ(ကေတုမတီ) ဖုန်း (၀၉-၄၉၂၃၉၄၅၂ ) သို့ဆက်သွယ်လှူဒါန်းပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
ဆေးကုသိုလ် အလှူရှင်များမှာ (၁) စာရေးဆရာ အေးရွှေ(ကေတုမတီ) မိသားစုမှ ငွေကျပ်(၃၀၀၀၀၀ိ)သုံးသိန်း။(၂) ဦးဌေးလွင်ဦး+ဒေါ်အေးအေးမော် ဒု ညွှန်မှူး၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌါန၊ မြိုတ်မြို့မှ ငွေကျပ်(၂၀၀၀၀၀ိ)နှစ်သိန်း။ (၃) ဦးစံထွေး+ဒေါ်ခင်သန်းနု မိသားစု၊ ၂/၄ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့မှ ငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။ (၄) ဦးမြစိန် မိသားစု၊ မြန်မာအိုင်ကီကိုင်း၊ ၀ါးခယ်မလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့မှ ငွေကျပ်(၇၀၀၀၀ိ)ခုနှစ်သောင်း။ (၅)အရာခံ ဗိုလ်ကျော်စိုး+ဒေါ်နန်းကြမ်ဖောင် (ဆ.အ.တ- ၂)၊ တောင်ငူမြို့မှ ငွေကျပ်(၁၀၀၀၀၀ိ)တစ်သိန်း။ (၆) ဗိုလ်ကြီးအေးကို၊ ဧလာစီမံကိန်းလုပ်ငန်းခွင်၊မှ ငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။ (၇) ဒေါ်ဖြူဖြူစိုး၊ မူလတန်းပြဆရာမ၊မိထ္ထီလာမြို့မှ ငွေကျပ်(၃၀၀၀၀ိ)သုံးသောင်း။ (၈) ဒုအရာခံဗိုလ်လှမိုး (ဆ.အ.တ-၂) ငွေကျပ်(၁၅၀၀၀ိ)တစ်သောင်းငါးထောင်။ (၉) ဗိုလ်မှူးမျိုးဝင်း(ငြိမ်း)+ဒေါ်မဉ္ဇူ မိသားစု၊ နေပြည်တော် မှ ငွေကျပ်(၁၀၀၀၀၀ိ)တစ်သိန်း။ (၁၀) အရာခံဗိုလ်မြင့်လွင်+ဒေါ်ခင်စန်းဌေး မှ ငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။ (၁၁)ဗိုလ်ကြီးဝင်းမြင့် မိသားစု (ဆ.အ.တ-၂) မှငွေကျပ်(၁၅၀၀၀ိ)တစ်သောင်းငါးထောင်။ (၁၂)ဗိုလ်ကြီးမင်းသူအောင် (ဆ.အ.တ-၂) မှ ငွေကျပ်(၁၀၀၀၀၀ိ)တစ်သိန်း။ (၁၃) ဒုအရာခံဗိုလ် ၀င်းလှိုင် (ဆ.အ.တ-၂) မှ ငွေကျပ်(၂၀၀၀၀၀ိ)နှစ်သိန်း။(၁၄) ဒုအရာခံဗိုလ် စိုးဦး မိသားစု (ဆ.အ.တ-၂) မှ ငွေကျပ်(၅၀၀၀၀၀ိ) ငါးသိန်း။(၁၅) တောင်ငူမြို့ စာရေးဆရာများ သက်ကြီးပူဇော်ပွဲ ဖြစ်မြောက်ရေးအဖွဲ့ မှ ငွေကျပ်(၅၀၀၀ိ) ငါးထောင်ကျပ်။ (၁၆) မန္တလေးမြို့၊ တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ ကြည်လွင်မြင့်(မုဒြာ) မှ ငွေကျပ်(၁၀၀၀၀၀ိ) တစ်သိန်း။ (၁၇)စာရေးဆရာ တက္ကသိုလ်တေဇာလင်း မှငွေကျပ်(၁၀၀၀၀ိ)တစ်သောင်း။ (၁၈)စာရေးဆရာမောင်ဆူးမင်း (ချပ်သင်း) မှ ငွေကျပ်(၁၀၀၀၀ိ) တစ်သောင်း။ (၁၉)သတင်းထောက် သန်းဖေသား မှ ငွေကျပ်(၁၀၀၀၀ိ)တစ်သောင်း။ (၂၀)မကွေးမြို့ စာရေးဆရာ မောင်မောင်ကြည်သန့်(ရတနာမြေ) မှငွေကျပ်(၁၀၀၀၀၀ိ) တစ်သိန်း။ (၂၁) ဗိုလ်ကြီးမျိုးမောင်သိန်း (ဆ.အ.တ-၂) မှငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။ (၂၂) ဗိုလ်ကြီးသိန်းဇော် (ဆ.အ.တ-၂)မှ ငွေကျပ်(၃၀၀၀၀ိ)သုံးသောင်း။ (၂၄) ဗိုလ်ကြီးအောင်အောင်မျိုး (ဆ.အ.တ-၂)မှ ငွေကျပ်(၃၀၀၀၀ိ)သုံးသောင်း။ (၂၅) ဗိုလ်ကြီးဟိန်းဇော်ဖြိုး (ဆ.အ.တ-၂)မှ ငွေကျပ်(၂၀၀၀၀ိ)နှစ်သောင်း။ (၂၆) ဒုအရာခံဗိုလ် လှအောင်နှင့် ငွေစာရင်းဌါန မှ ငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။
စုစုပေါင်း ငွေကျပ်(၂၁၉၅၀၀၀ိ) နှစ်ဆယ်တစ်သိန်းကိုးသောင်းငါးထောင်ကျပ် တိတိလက်ခံရရှိထားကြောင်း သတင်းရရှိပါသည်။
နှလုံးရောဂါ ဝေဒနာရှင် စာရေးဆရာ ရေနံ့သာအောင်ချမ်းဇော် အား ဆေးကုသပေးနိုင်ရန်ကော်မတီအဖွဲ့မှာ ဥက္ကဋ္ဌ မကွေးဝင်းမြင့် မကွေးမြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့အလုပ်အမှုဆောင်များ၊ ဘဏ္ဍာရေးမှူးများ အေးရွှေ(ကေတုမတီ) နှင့် စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း) တို့ဖြစ်ကြောင်းသိရ၏။ ဆရာရေနံ့သာအောင်ချမ်းဇော်အား နှလုံးခွဲစိပ်ဆေးကုသရန် အတွက် ၂၀၁၁ ခု၊ မတ်လ(၂)ရက်နေ့တွင် မကွေးမြို့မှ ရန်ကုန်မြို့သို့သွားရောက်၍၊ ဆေးကုသခံယူမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မှတ်ချက်။ ။ (၂၅-၂-၂၀၁၁) နေ့အထိ ဆေးအလှူရှင်စာရင်းဖြစ်ပါသည်။ နောက်ထပ် ဆေးအလှူရှင်များစာရင်းအား ထပ်မံ၍ ဖော်ပြပေးသွားပါမည်။

ဝိုင်းကြည်အောင်

SHADE ဂျာနယ် အတွဲ(၅)၊ အမှတ်(၁၅) မှ တဆင့်ကူးယူဖော်ပြပါသည်။
READMORE
 

လူငယ့်အလင်းရောင် စာကြည့်တိုက် တစ်နှစ်ပြည့် စာအုပ်ပြပွဲ




လူငယ့်အလင်းရောင် စာကြည့်တိုက် တစ်နှစ်ပြည့် စာအုပ်ပြပွဲ
၂၆-၂-၂၀၁၁ နေ့ နံက်(၉)နာရီတွင် မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ (၁၆)လမ်း၊ အမှတ်(၁၅၃) မှာ လူငယ့်အလင်းရောင်စာကြည်တိုက် တစ်နှစ်ပြည့် စာအုပ်ပြပွဲ ကျင်းပကြောင်းသိရသည်။ ယင်းစာကြည့်တိုက်မှာ မကွေးဆေးတက္ကသိုလ်ကျောင်းသားများနှင့် အခြားတက္ကသိုလ်ကျောင်းသားများ စုပေါင်းဖွင့်လှစ်ထားကြောင်းသိရသည်။
စာကြည့်တိုက် အသင်းဝင်ကြေးတစ်နှစ်လျှင်(၅၀၀)ကျပ် နှင့် စာအုပ်အငှါးကဒ်တစ်စောင်လျှင်(၅၀၀)ကျပ် နှုန်းဖြင့် စာအုပ်ငှါးကဒ် တစ်စောင်မှာ စာအုပ်(၁၂)အုပ်ငှါးနိုင်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုစည်သူအောင် မှပြောကြားပါသည်။ စာအုပ်ငှါးရန်ကဒ်နှင့် အသင်းဝင်ကဒ် ပြုလုပ်လိုသူများမှာ ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံ၊ မှတ်ပုံတင်မိတ္တူ၊ မိဘ၊ ကျောင်းအုပ်ကြီး (သို့မဟုတ်) ရပ်ကွက် ဥက္ကဋ္ဌ ၏ ထောက်ခံစာဖြင့် ပြုလုပ်ငှါးရမ်းနိုင်ကြောင်း၊ ဤစာကြည့်တိုက်ကို (၂၆-၂-၂၀၁၀) နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီအား လူငယ်ကျောင်းသားများ ဖြင့် အခမဲ့ ဆောင်ရွက်လုပ်ကိုင်ကြောင်း၊ အသင်းဝင် (၁၀၀)ကျော် ခန့်လက်ခံထားကြောင်း၊ ကဗျာ၊၀ထ္ထု၊မဂ္ဂဇင်း၊ဂျာနယ်များ၊ မြန်မာ၊အင်္ဂလိပ်နှစ်ဘာသာဖြင့် သုတ၊ရသ၊ဘာသာရးနှင့် နည်းပညာစာအုပ်များ အစုံအလင်ထားရှိပါကြောင်း၊ တို့ကို စာကြည့်တိုက် ဥက္ကဋ္ဌ ကိုကျော်စွာအောင်၊ ဘဏ္ဍာရေးမှူး မခင်ဆုပိုင်ငြိမ်း နှင့် အတွင်းရေးမှူး မအေးမြတ်ဆုကျော် တို့မှ မကွေးစာနယ်ဇင်းအဖွဲအား ရှင်းလင်းပြောကြားသည်။
လူငယ့်အလင်းရောင်စာကြည့်တိုက် တစ်နှစ်ပြည့် စာအုပ်ပြပွဲအခမ်းအနားကို မကွေးမြို့နယ်စာပေနှင့်စာနယ်ဇင်း ဥက္ကဋ္ဌမကွေးဝင်းမြင့် မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြောင်း သတင်းရရှိခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း


မကွေးမြို့မှ SHADE စာပေ၀ိုင်း
၂၀-၂-၂၀၁၁ တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီ မှ ညနေ(၃း၃၀)နာရီ အထိ ဆုံနေကြ အချစ်ရွာဆိုင်မှာ ၀ိုင်းဖွဲ့ကြပါတယ်။ Shade စာပေ၀ိုင်း(၁၅)ကြိမ်မြောက် စာပေ၀ိုင်းပါ။ ဒီတစ်ပတ်ဧည့်သည်တော်များကတော့ ဆရာ ဦးဆွေ(ဒဿနိက)၊ ပန်းချီပညာရှင်ဆရာများဖြစ်ကြတဲ့ ပန်းချီမင်းသူ၊ ပန်းချီသူရိန်မြိုင်၊ ပန်းချီခင်မောင်တင့် နှင့် စာပေ၀ါသနာရှင် ကိုမြင့်ဇော်ဦး တို့ဖြစ်ကြပါတယ်။ ပင်တိုင် Shade စာပေ၀ိုင်းတော်သားများကတော့ ဆရာနေခြည်(မကွေး)၊ ဆရာလွမ်းထား(မကွေး)၊ ဆရာတင်လင်းဇော်၊ ဆရာဘိုမြင့်ရှိန်(အောင်လံ)၊ ဆရာမောင်ပင်နီ(ကျေးလက်)၊ ရေနံ့သာအောင်ချမ်းဇော် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းက လူစုံတက်စုံနဲ့ ပထမအကြိမ်အဖြစ်ရောက်လာသူများက တစ်ဝက်ဆိုတော့ SHADE စာပေစကားဝိုင်းရဲ့ ရည်ရွယ်ချက်၊နဲ့ စာပေစီစစ်ရေးမှ ဖြတ်သန်းထွက်ရှိလာကြတဲ့ ဂျာနယ်၊ မဂ္ဂဇင်း၊ လုံးခြင်းစာအုပ်များကိုသာ ဖတ်ကြားဆွေးနွေးပေးကြဖို့ကို ပြန်လည်ထပ်မံပြောဆိုရပါတယ်။ ယခင်အပတ်က Shade အယ်ဒီတာချုပ် ကိုသာဇော်နဲ့ မန္တလေး မီဒီယာအဖွဲ့ လာတုံးက ရွှေစက်တော်ခရီးစဉ်ကို ဆက်ပြောပါရစေ။
(၁၁-၂-၂၀၁၁)နေ့ နံနက်ပိုင်း(၇)နာရီမှာ ကျွန်တော်တို့အဖွဲ့ စာရေးဆရာ သာကီနွယ်သွေး(မကွေး)ရဲ့ ကပ်ကျော်ကမ္ဘာအေးဝိပဿနာဓမ္မရိပ်သာကျောင်းက ထွက်ခဲ့ကြပါတယ်။ မကွေးမြို့ထဲက တောင်ဇလပ်လဖက်ရည်ဆိုင်(၁) မှာ နံနက်စာ စားကြ သောက်ကြပါတယ်။နံနက်(၈)နာရီမှာ မန်းရွှေစက်တော်ဘုရားသို့ဆက်လက်ထွက်ခဲ့ကြပါတယ်။ ယခင်စီစဉ်ထားတဲ့ ဆရာ ကိုကိုလတ်(ဆည်မြောင်း)ရဲ့ ဟိုက်လပ်ကားနဲ့ဆိုရင် ကျွန်တော်တို့အဖွဲ့လုံးဝမဆန့်နိုင်ပါ။ Shade အယ်ဒီတာချုပ်ကိုသာဇော် နဲ့ မိခင်ကြီးရယ်၊ သူ့ညီမတစ်ယောက်ရယ်၊ ကိုသာဇော်ရဲ့ ချစ်ဇနီး နဲ့ ချစ်သမီးနှစ်ယောက်ရယ်၊ အထက်မြန်မာ သတင်းဂျာနယ်အယ်ဒီတာချုပ် ဆရာ နတ်မောက်ထွန်းရှိန်၊ စာရေးဆရာ တက္ကသိုလ်တေဇာလင်း၊ မောင်ဆူးမင်း(ချပ်သင်း)၊ သန်းဖေသား၊ သတင်းထောက်ချုပ်အောင်မြင့်မြင့်(စစ်ကိုင်း)၊ ဆရာစိုးဘားဒိုင်၊ ကဗျာဆရာမောင်သင်းပန်နဲ့ ကဗျာဆရာကလင့်(မန္တလေး) တို့က မန်းအုပ်စုပါ။ မကွေးအုပ်စုကတော့ ဆရာမောင်နန္ဒ(မြစ်ကြီးနား)၊ ကဗျာဆရာ နှင်းဦး(မင်းဘူး) (မှတ်ချက်-စားဖိုမှူး)၊နဲ့ စာရေးသူတို့ပါလာကြပါတယ်။ ရွှေစက်တော်မှာ ကျွန်တော်တို့ကို ကြိုဆိုသူများကတော့ မန်းရွှေစက်တော်ဂေါပက လူကြီး သတင်းထောက် ဆရာဝင်းဌေး(ဘဏ်)(မှတ်ချက်။ ရွှေစက်တော်မှ ဂေါပကလူကြီး၏မိတ်ဆွေ ကျွန်တော်တို့မှာ ဘာမှ အလကားမရခဲ့ကြပါ။)၊ ကြက်ခြေနီတပ်ခွဲမှူး ကိုလှဝင်း ခေါ် စာရေးဆရာ၊သတင်းထောက် ကောင်းသုတ(မင်းဘူး)၊နဲ့ ကာတွန်းဆရာအောင်ချမ်းမြေ့တို့က ဧည့်ဝတ်ကျေပွန်စွာနဲ့ ကြိုဆိုကြပါတယ်။
မန်းရွှေစက်တော်ဘုရားကို နံက်(၁၀)နာရီခန့်မှာ ရောက်ကြပါတယ်။ ကျွန်တော်တို့ငှါးလာတဲ့ လိုက်ထရပ်ကားက အမိုးအကာမပါတော့ ကားနောက်ပိုင်းက ဆရာစိုးဘားဒိုင်၊ ဆရာမောင်သင်းပန်၊ ဆရာမောင်ဆူးမင်း(ချပ်သင်း)၊ ကဗျာဆရာကလင့်(မန္တလေး) နဲ့ ဆရာနှင်းဦး(မင်းဘူး) တို့အားလုံး လူစင်စစ်ကနေ မျောက်ဖြူကြီးတွေဖြစ်သွားခဲ့ပါတယ်။ မန်းချောင်းရေထဲကို ဒိုင်ပင်ပစ်ပြီး ရေးချိုးလိုက်ပြန်တော့ လူမင်းသားလေးတွေပြန်ဖြစ်သွားပါရော့လား။ ကားပေါ်မှာ လူကြမ်းမင်းသား မောင်ဆူးမင်း(ချပ်သင်း) က ကဗျာဆရာ ကလင့်(မန္တလေး)ကို လည်ပင်းညစ်ပြီး လုပ်ကြံသတ်ဖြတ်နေပါသေးတယ်။ဘာများ အဝေမတည့်ဖြစ်ကြသလဲတော့ မသိပါ။ ရှိတ်ဂျာနယ်ရဲ့ စာမျက်နှာပေါ်ကရန်စလို့ အယ်ဒီတာချုပ်ကပြောပါတယ်။ ဆရာစိုးဘားဒိုင်ကတော့ တစ်လမ်းလုံး မှာ ငြိမ်နေပြီး ရွှေစက်တော် တောလားကို ဆက်ရေးမယ် လို့စိတ်ကူးနေပါတယ်။ ဆရာမောင်သင်းပန်နဲ့ ဆရာနှင်းဦး(မင်းဘူး) တို့နှစ်ဦးကတော့ လုပ်ကြံသတ်ဖြတ်နေတဲ့ မောင်ဆူးမင်း(ချပ်သင်း) တို့ကို ၀ိုင်းပြီးဆွဲနေကြပါတယ်။ ဆားပုလင်း မောင်နန္ဒ(မြစ်ကြီးနား) ကတော့ လမ်းကြေး၊တံတားကြေးကောက်ခံတဲ့ ဂိတ်ဝင်တိုင်းမှာ ဓာတ်ခဲအားကုန်နေတဲ့ သူ့ရဲ့စကားပြောစက်ကြီးကိုမြှောက်ပြလို့ ပါးစပ်မှာတေ့တေ့ပြီး ( ရထား ရထား မိုးပြာရှိလား ငါတို့ ဒီ….မှာရောက်နေပြီ။ ဒီ…နေရာကိုဖြတ်သွားနေပြီ) ဆိုပြီးအော်ပြောနေပါတယ်။ သတင်းထောက် သန်းဖေသားကတော့ အသွား အပြန်လမ်းမှာ ဟန်းဖုန်းတကိုင်ကိုင်နဲ့ မန္တလေးကိုဖုန်းဆက်နေပါတယ်။ဘယ်သူ့ဆီကိုဆက်တယ်ဆိုတာကတော့ သူကလွဲလို့ဘယ်သူမှ မသိရပါ။ တက္ကသိုလ်တေဇာလင်းကတော့လမ်းခရီးမှာ တောတောင်သဘာဝ ရဲ့ အနုအလှ အကြမ်း၊လွမ်းမောဖွယ်ရာများကို စာတစ်အုပ်ဖြစ်အောင် စိတ်ကူးနဲ့ရေးနေပါတယ်။ အယ်ဒီတာချုပ် ကိုသာဇော်ကတော့ သူ့ရဲ့ချစ်ဇနီးနဲ့ ချစ်သမီးနှစ်ဦးတို့ကို စောင်ကြီးနဲ့ဖြန့်ခြုံထားပေးပြီး ဖခင်မေတ္တာကို အပြည့်အ၀ထားပြနေ ဟန်တူပါတယ်။ ဖြစ်ရပ်အမှန်များကို မှတ်တန်းတင် ဓာတ်ပုံရိုက် သတင်းရေးနေသူကတော့ သတင်းထောက်ချုပ် အောင်မြင့်မြင့်(စစ်ကိုင်း) ပါ။ အကာအရံမပါတဲ့ကားပေါ်မှာ ခဏ ခဏထထပြီးဓာတ်ပုံရိုက်နေလို့ ဆရာနတ်မောက်ထွန်းရှိန်က သူ့ရဲ့ခါးကိုဆွဲထားရပါတယ်။ ဒီလိုနဲ့ မန်းရွှေစက်တော်ကို ရောက်ခဲ့ပြီး ဘုရားဖူးလာသူတိုင်းမှာ တွယ်ကပ်ပါလာကြတဲ့ ရန်တွေ အပူတွေ လောဘ ဒေါသ သောကတွေအားလုံးကို မန်းရွှေစက်တော်ဘုရားရဲ့ မန်းချောင်းရေနဲ့ ချိုးပြီး ရှင်းလင်းလိုက်ကြပါတယ်။
မန်းချောင်းရေကို မန်းမီဒီယာအဖွဲ့က၊ တ၀ကြီးချိုးကြပြီး စာရေးသူအိုးသူကြီးမှ နေ့ထမင်းကြီးနဲ့ တည်းခင်း ကျွေးမွေးဧည့်ခံရပါတယ်။ မန်းမီဒီယာအဖွဲ့က အားရပါးရစားကြပါတယ်။ ဆန်တစ်ပြည်ခွဲချက်နဲ့ ကြက်သားတစ်ပိဿာချက်ကို တနပ်တည်းနဲ့ ကုန်ပါတယ်..။ စာရေးသူနဲ့ စားဖိုမှူး နှင်းဦး(မင်းဘူး) တို့ ညနေစာအတွက် ဈေးဝယ်ထွက်ခဲ့ရပြန်ပါတယ်..။ ဈေးဝယ်ရင်း ကြက်ရှာထွက်ရတဲ့ အကြောင်း၊ မန်းရွှေစက်တော်မှာ ဘုရားဖူးတာနဲ့ မန်းချောင်းရေချိုးကြရတာသာ အလကားရကြောင်းတို့ ကို နောက်တစ်ပတ်မှ ဆက်ပြီးပြောပါရစေတော့..။
ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းက မှတ်သားစရာတစ်ခုကိုတင်ပြလိုပါတယ်။ဆရာနေခြည်(မကွေး) ပြောကြားတဲ့ ၂၀၀၂ ခု ခံစားသူများအကြိုက် ဥတ္တရလမင်း စီစဉ်တဲ့ ၀ထ္ထုတိုပေါင်းချုပ် စာအုပ်ထဲက စာရေးဆရာမဂျုးရဲ့( အ၀ါရောင် ရထား) ၀ထ္ထုကို တင်ပြပါ့မယ်။ ဒီနေ့စာပေ၀ိုင်းကို ရောက်လာသူများက စာဖတ်တော်တော်နာသူများလည်းပါနေတာကိုတွေ့ ရပါတယ်။ကျွန်တော်ပြောတာကို ခံစား ဖတ်ကြားပြီးဖြစ်နေရင်တော့ သီးခံ နားထောင်ပေးစေလိုပါတယ်။ဒီဝထ္ထုလေးက ဆရာမဂျူးရဲ့ တသီးပုဂ္ဂလိက ခံစားချက်ကလေးကို တင်ပြတာထင်ပါတယ်။ ဒါပေမယ့် အများနဲ့လည်း အကြုံးဝင်ပြီး တိုက်ဆိုင်နေလို့ တင်ပြပေးလိုက် ရပါတယ်။ ဇာတ်လမ်းလေးက ဇာတ်ကောင်တွေကတော့ ဒေါက်တာနီလာ၊ ကလေးလေးတစ်ယောက်၊ ရထားသံလမ်း၊ သူပိုင်ကားတစ်စင်း၊ အ၀ါရောင်ရထားရယ် သူငယ်ချင်း ဒေါက်တာမူယာ တို့ဖြစ်ပါတယ်။ သူပြောချင်တာက ဒေါက်တာနီလာက မချမ်းသာဘူး။ဒေါက်တာနီလာကဆင်းရဲတယ်။ ရတဲ့ငွေများကို စုဆောင်းပြီး(၅ )သိန်းတန်ကားလေးတစင်းကိုဝယ်ဖြစ်တယ်။ ကံကောင်းထောက်မပြီး ယနေ့သိန်း(၁၀၀)ကျော်တန်နေပါပြီ။ ပြည်သူ့ဆေးရုံးကြီးတခုမှာ အလုပ်လုပ်တယ်၊ ပရဟိတလူမူရေးစိတ်ရှိတယ်။ သူ့သူငယ်ချင်းဖြစ်တဲ့ ဒေါက်တာမူယာက လူချမ်းသာတစ်ဦးနဲ့ညားပြီး သူဌေးတစ်ဦးရဲ့ ဇနီးဖြစ်တယ်။ပရဟိတ လူမှုရေးစိတ်မရှိသူဖြစ်တယ်။ ရွှေတိဂုံဘုရား ထီးတင်ပွဲမှာ သူ့ဝတ်ထားတဲ့ ပတ္တမြားလက်စွပ်ကို ချွတ်ပြီးလှူဒါန်းတဲ့သူဖြစ်တယ်။ ဒေါက်တာမူယာက၊ ဒေါက်တာနီလာရဲ့အိမ်မှာလာစဉ်အခါ ဒေါက်တာနီလာက ငွေသုံးသောင်းကျပ်ကို နှစ်ထုပ်ခွဲနေပါတယ်။ တစ်ထုပ်က မရှိဆင်းရဲသားတွေအတွက် ဆေးကုပေးဖို့၊ တစ်ထုပ်ကတော့လူနာတွေကို ထမင်းကျွေးဖို့ဆိုပြီး တစ်သောင်းခွဲဆီ ထုပ်ထားကြောင်း ပြန်ပြောပြတယ်။ ဒေါက်တာမူယာများ သူလို ပရဟိတစိတ်များ ၀င်မလားလို့ ပြောခြင်းဖြစ်တယ်။ စကားပြောကြရင်း အပြင်မှာ တခုခုစားဖို့ ဒေါက်တာနီလာရဲ့ကားလေးနဲ့ ထွက်ခဲ့တယ်။ရထားလမ်းဘေးက ကော်ဖီဆိုင်တစ်ဆိုင်မှာ ထိုင်ဖြစ်ကြတယ်။ ရထားသံလမ်းဟောင်းထိပ်မှာ ဒေါက်တာနီလာရဲ့ကားလေးကိုရပ်ထားခဲ့ပါတယ်။ ရထားသံလမ်ပေါ်ကို အ၀ါရောင်ရထားတစ်စင်းက အရှိန်ပြင်းစွာနဲ့မောင်းလာတယ်။ ရထား ဦးတည်ရာတည့်တည့်မှာ ကလေးလေးတစ်ယောက်က ထိုင်နေပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာနီလာနဲ့ ဒေါက်တာမူယာတို့နှစ်ဦးက စိုးရိမ်ကြီးစွာနဲ့ ကြည့်နေမိကြတယ်။ ဒေါက်တာနီလာက ကလေးကိုပြေးပြီးရွှေ့ဖို့ အချိန်ကလည်းမမှီနိုင်ပါ။ တစ်ခုတော့ရှိတယ် အဲဒီရထားကြီးကို လမ်းကြောင်းလွှဲပေးတဲ့ သံလမ်းတစ်ခုရှိပါတယ်။ ကလေးဆီကို ရထားမရောက်အောင် အဲဒီသံလမ်းလွှဲ ကို ရှန်တိန်လုပ်ပြီး ပြောင်းပေးလိုက်မယ်လို့ စိတ်ကူးလိုက်တော့ ရထားလမ်းခွဲရဲ့ထိပ်မှာက ဒေါက်တာနီလာပိုင် ကားလေးကိုရပ်ထားပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာနီလာက ရထားကို သံလမ်းလွှဲဖို့ တွန့်ဆုတ်နေမိပါတယ်။ သူပိုင်တဲ့ကားကလေးကို ရထားတိုက်ပစ်မှာ သေချာနေပါတယ်။ ဒေါက်တာနီလာရဲ့တွန့်ဆုတ်နေတဲ့ လုပ်ရပ်ကို ဘေးကပါလာတဲ့ ဒေါက်တာမူယာ က မျက်စောင်းကြီးထိုးပြီး အပစ်တင်နေပါတယ်။ နင်တကယ်တန်း ကလေးကို ကူညီချင်ပါတယ်ဆိုရင် နင်ကားလေးကို ဘာလို့နှမြောနေတာလဲ၊ ငါသာဆိုရင် ငါ့သိန်းသုံးရာကားကိုတောင် အပျက်အစီး အဆုံးရှုံးခံပြီး ဒီကလေးအသက်ကိုကယ်ပါမယ်။ ဆိုပြီး အပစ်တင်နေပါတယ်။ ဒေါက်တာနီလာကပြောပါတယ်၊ ငါကတော့ ဒီကိစ္စမှာ ငါ့ကားကိုအဆုံးရှုံးမခံနိုင်ပါ။ မင်းက ဘာတစ်ခုမှ ပရဟိတစိတ်နဲ့ အများအတွက်ကို လုံးဝမလုပ်ခဲ့၊ မလှူခဲ့တဲ့သူက သိန်းသုံးရာတန်ကားကြီးကို အဆုံးရှုံးခံမယ်ဆိုတာ ငါမယုံပါဘူး..။ စတဲ့ အငြင်းအခုံဖြစ်နေစဉ်မှာ လူတစ်ဦး သူတို့ဆီကို ရောက်လာပါတယ်။ ခင်ဗျားတို့ဘာပြောနေကြတာလည်းလို့ မေးပါတယ်။ ဒီသံလမ်းကြီးက အသုံးမပြုတဲ့ သံလမ်းကြီးပါ။ ခင်ဗျားတို့ ပြောတဲ့ ကလေးကလည်း မရှိပါဘူး လို့ ပြောဆိုရင်း ဒီ(အ၀ါရောင် ရထား)၀ထ္ထုကို အဆုံးသတ်သွားပါတယ်။ စာဖတ်သူများ အမြင် အမျိုးမျိုးနဲ့ ခံစားနားလည်နိုင်ကြပါစေ..။လို့ နေခြည်(မကွေး) က ခံစားပြောဆိုသွားပါတယ်။
နောက် စာပေ၀ါသနာရှင် စာဖတ်နာသူ ကိုမြင့်ဇော်ဦးကတော့ ဒီရှိတ်စာပေ၀ိုင်းရှိနေတာကို ပန်းချီဆရာကိုမင်းသူက ပြောပြပါတယ်။ အဲဒီအချိန်ကထဲက ရှိတ်စာပေ၀ိုင်းကို လာချင်နေတာ ကြာခဲ့ပါပြီ။ ယခုရောက်လာခဲ့ပြီး ဆရာတို့ ရှိတ်စာပေ၀ိုင်းက တော်တော်လေး ကောင်းနေတာတွေ့မြင်ရပါတယ်။ ကျွန်တော် မဖတ်ရသေးတာတွေကို ကြားရတဲ့အတွက် များစွာ အကျိုးရှိပြီး အထူးကျေးဇူးတင်ပါတယ်။ ဒါကြောင့် ကျွန်တော်ဖတ်ခဲ့ရတဲ့ စွဲနေတဲ့ ဆရာနေ၀င်းမြင့် ပြောပြတာလေးတခုကို ပြန်ပြောပါရစေ။ ကြား သိဖူးသားဖြစ်နေရင်လည်း ထပ်မံကြားသိနိုင်ကြပါစေ..။ ဆရာနေ၀င်းမြင့်ရဲ့ ဘကြီးဦးချစ်မောင်က စာမတတ်တဲ့အကြောင်း၊ ဒါပေမယ့် တနေ့မှာ ဆရာနေ၀င်းမြင့်ဆီကို သူ့ရဲ့ဘကြီးဦးချစ်မောင်က သူ့သူငယ်ချင်းကိုသံလုံးဆီကို စာရေးထားတဲ့စာတစ်စောင်ကို ပေးလိုက်ပါတယ်။ ဟာ ငါ့ဘကြီးက စာမတတ်ဘဲ ဘယ်လိုများစာရေးတာလည်းဆိုပြီး သိချင်နေပါတယ်။ လမ်းမှာ ဖောက်ကြည့်ပါတယ်။ ဘကြီးရေးထားတာကတော့ (ပထမ ဒုတ်ချောင်းလေး // နှစ်ချောင်း၊ ဒီဘက်မှာ အစက်ကလေး .. နှစ်စက်၊ နောက်က လခြမ်းလေးက ကွေးကွေးလေး၊အဲ သူနောက်က . . အစက်ကလေးနှစ်စက်၊နောက် နွားရုပ်ကလေးရေးထားပါတယ်၊ သူ့နောက် ထန်းတောလေးရေးထားပါတယ်၊ ထန်းတောလေးနောက်မှာ ထမင်းအိုးလေး အငွေ့ငွေ့တစ်ထောင်းထောင်းနဲ့ရေးထားပြီး ဒီနောက်မှာ လေးတိုင်စင်လေး ရေးထားပါတယ်။ အောက်ဆုံးကျတော့ ၀လုံးလေးထဲကို ခဲတံလေးနဲ့ မဲနေအောင်ချယ်သထားပါတယ်။ ) ဆရာနေ၀င်းမြင့် စာကိုကြည့်ပြီး လုံးဝစဉ်းစားလို့မရဖြစ်နေပါတယ်။ ဘကြီးချစ်မောင်က စာမတတ်သလို ဦးသံလုံးကလည်း စာလုံးဝမတတ်တဲ့သူပါ။ ဒါနဲ့ ဦးသံလုံးထံကို စာပေးပြီး အဓိပ္ပါယ်ကို မေးရပါတယ်။ ဘာသာပြန်ခိုင်းရပါတယ်။ ( ဟာ ငါ့သူငယ်ချင်းက လဆန်း၂ ရက်နေ့လာမယ်တဲ့၊ ငါ့ရွာမှာ ခဏနေမယ်တဲ့၊ နွားချင်းလဲဖို့ကိစ္စတဲ့၊ ထန်းရည်လေး ဘာလေးသောက်ပြီး ငါ့အိမ်မှာ ထမင်းစားအုံးမယ်တဲ့ကွ၊ ရွာဘုရားပွဲမှာ ပွဲရှိနေတော့ ပွဲလည်းကြည့်ပါအုံးမယ်ဆိုဘဲကွ။) လို့ ဦးသံလုံးက ဘာသာပြန်ပါတယ်။ ဒါဆိုရင် အောက်က အ၀ိုင်းလေးကို အမဲလေးချယ်ထားတာကဘာတုံးလို့ ဆရာနေ၀င်းမြင့်က မေးရပါတယ်။ ဟ ကောင်ရ အဲဒါ ငါ့နာမည်က သံလုံးဆိုတော့ သံလုံးရေလို့ ပြောတာကွ လို့ ၀မ်းသာရွှင်လန်းစွာနဲ့ အားရပါးရ ပြောဆိုနေကြပါကြောင်း ဆရာနေ၀င်းမြင့်ကပြောပြပါတယ်။) ဆရာနေ၀င်းမြင့်က ဒီလောက်တင် ဆိုချင်တာမဟုတ်လောက်ပါဘူး။ စာမတတ်ကြသော်လည်း ကျွန်တော်တို့မြန်မာတွေဟာ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးမှု ချစ်ခင်မှု ကူညီရိုင်းပင်းမူတွေက ရှေးပဝေသဏီကအစ ယနေ့အထိရှင်သန်ထက်မြက် သီးခံတရားတွေ ပွားများကြပါကလား လို့ ဆိုချင်တာ ဖြစ်ပါလိမ့်မယ်ခင်ဗျား…။ လို့ စာဖတ်သူ စာပေ၀ါသနာရှင် ကိုမြင့်ဇော်ဦး က ပြန်လည်ဖောက်သည်ချပြီး ပြောဆိုသွားခဲ့ကြပါတယ်။
စိတ် အဟာရပြည့်ဝအောင် ရှိတ်ဂျာနယ်ကိုဆောင်လို့ ဘ၀ရဲ့ သုတ ရသစုံတဲ့ ရှိတ်စာပေ၀ိုင်းကို သွားကြပါစို့….။
ရွှေလမ်းငွေလမ်းဝင်းကြည်

SHADE ဂျာနယ် အတွဲ(၅) အမှတ်(၁၅) မှ တဆင့်ကူးယူဖော်ပြပါသည်။
READMORE
 

DHAMMA DIGEST ဓမ္မဒိုင်ဂျက် အမှတ်(၂)ထွက်ပြီ








DHAMMA DIGEST ဓမ္မဒိုင်ဂျက် အမှတ်(၂)ထွက်ပြီ

မန္တလေးမြို့၊ စာပေလောကမှ စာတည်းချုပ် တက္ကသိုလ်တေဇာလင်း ၏ DHAMMA DIGEST ဓမ္မဒိုင်ဂျက် မဂ္ဂဇင်း အတွဲ(၁) အမှတ်(၂) ကို ၁၃၇၂ ခု၊ သီတင်းကျွတ်လ၊ ၂၀၁၀ ခု၊ အောက်တိုဘာလ မှာ ထွက်လာကြောင်း သတင်းရရှိခဲ့ပါတယ်။ မဂ္ဂဇင်းနှင့် ပါတ်သက်သော ကဏ္ဍများကို စာဖတ်သူများ၊ စာရေးသူများမှ ဝေဖန်အကြံဥာဏ်ပြုပေးစေလိုကြောင်း ဖိတ်ခေါ်ထားပါတယ်..။

လစဉ်လတိုင်း ဆက်လက်ထုတ်ဝေ ဖြန့်ချိသွားမှာဖြစ်၍ ကြိုတင်အမှာစာများနှင့် စာမူများကိုလည်း အောက်ပါလိပ်စာသို့ ပေးပို့နိုင်ပါကြောင်း သတင်းရရှိပါသည်။

အယ်ဒီတာချုပ် တက္ကသိုလ်တေဇာလင်း
စီမံအုပ်ချုပ်ရေးမှူး ဦးစိန်မြင့် (ရွက်လှ)

ဓမ္မဒိုင်ဂျက် မဂ္ဂဇင်း
အမှတ်(၁၀၁)၊ ၂၇လမ်း နှင့် ၇၇ လမ်းထောင့်
ဟေမာဇလရပ်၊ ချမ်းအေးသာဇံမြို့နယ်
မန္တလေးမြို့ ။ ဖုန်း ၀၂-၇၄၁၄၅

E-mail : dhammadigest.mdy@gmail.com
Dhammadigest@gmail.com
ဖြန့်ချိရေး

(ရန်ကုန်) မျိုးဆက်သစ်စာပေ ဖြန့်ချိရေး
အမှတ်(၂၄၂)၊ (၃ လွှာ) မဟာဗန္ဒုလပန်းခြံလမ်း(အထက်ဘလောက်)
ရန်ကုန်မြို့ ။ဖုန်း ၀၁-၂၄၅၁၇၄

(မန္တလေး) ရာပြည့်စာအုပ်ဆိုင်
(1-D) ၃၅ လမ်း၊ ၇၂x၇၃ လမ်းကြား
မန္တလေးမြို့ ။ ဖုန်း ၀၂-၇၄၁၄၅


www.mandalaygazette.com မှ တဆင့်ကူးယူပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ အောက်တိုဘာလ(၁၄)ရက်။
READMORE
 

အေးရွှေ (ကေတုမတီ)၏ စာအုပ်မိတ်ဆက်ပွဲ








အေးရွှေ (ကေတုမတီ)၏ စာအုပ်မိတ်ဆက်ပွဲ

http://shwelanngwelan.blogspot.com/2009/11/blog-post.html (အဖေအားမကိုးပေမယ့် သားဆိုးတော့မဟုတ်ပါ )ကို ဤလင့်မှာ ပြန်ဖတ်နိုင်ပါသည်။


ဒီစာရေးဆရာ အေးရွှေ(ကေတုမတီ) ကို စာပေလောကမှာ သားကောင်းတစ်ယောက် ကျောက်ကောင်းရတနာ လို့ဆိုရပါမည်..။ စာပေလောကအတွင်းက ရေမဆေးကျောက် တစ်လုံးကို မကွေးစာနယ်ဇင်းအဖွဲ့ နှင့် တောင်ငူစာနယ်ဇင်းအဖွဲ့တို့က ရေဆေးပြီး ကျောက်ကောင်းဖြစ် မဖြစ်သိရအောင် ကျောက်ဖြတ်စက် တင်၍ ခွဲပြလိုက်ပါပြီ….။

ဟော…

အဖေအားမကိုးပေမယ့် သားဆိုတော့မဟုတ်ပါ

ဆိုတဲ့အေးရွှေ(ကေတုမတီ)ရဲ့ ဤစာအုပ်ကို (ပထမအကြိမ်) ထုတ်ဝေ ဖြန့်ချိလိုက်ပါတယ်..။ ရေမဆေးကျောက် ကို ရေဆေးပြီး အရဲစွန့် ဖြတ်ခွဲလိုက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်စိမ်းရတနာကြီးအဖြစ် အောင်သွားသလို ဤစာအုပ်သည်လည်း…တန်ဖိုးမဖြတ်နိုင်ကြောင်း စာဖတ်သူများအား သတင်းပေးလိုက်ပါရစေခင်ဗျား..။

၂၀၁၀ ခု၊ စက်တင်ဘာလ (ပထမ အကြိမ်) ထွက်ပါပြီ ။

(ကြိုတင်အမှာစာများ ပေးပို့နိုင်ပါသည်။)

ဖြန့်ချိရေး

( ရန်ကုန်) မျိုးဆက်သစ်စာပေ
မဟာဗန္ဒုလပန်းခြံလမ်း(အထက်ဘလောက်)
ရန်ကုန်မြို့ ။ ဖုန်း ၀၁-၂၄၅၁၇၄


www.mandalaygazette.com မှ တဆင့်ကူးယူပါသည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ အောက်တိုဘာလ(၁၄)ရက်
READMORE
 

မြွေထက် အဆိပ်ပြင်းသူ တိတ်တဆိတ် လူသတ်ကောင်များ၏ (ကွင်းဆက်ဝထ္ထုလေး)


မြွေထက် အဆိပ်ပြင်းသူ တိတ်တဆိတ် လူသတ်ကောင်များ၏ (ကွင်းဆက်ဝထ္ထုလေး)


ဇနပဒရောဂါ

စာရေးဆရာ သာလွန်ကျော်



“ဆရာ ဆန်းထွန်း ပိုးထိလို့”

“ဟေ အခု ဘယ်မှာလဲ” နံနက်စောစော ကျွန်တော် မျက်နှာ သစ်နေစဉ် သတင်းဆိုးကို သယ်ဆောင်လာ သူမှာ ဆန်းထွန်း၏ ဦးရီးတော်သူ ကိုသောင်းအေး။
“အခြေအနေ ဘယ်လို နေသလဲ။ တော်နေကြာ ကျွန်တော် ရွာထဲ ဆင်းခဲ့မယ်”

“အခုဆေးသမား သန်းမြင့်နဲ့ တွင်ခုတ်တာ သုံးလေးတွင်တော့ ရပြီ။ ကောင်းသွားမှာပါ”

သူက ခပ်ပေါ့ပေါ့ဖြေပြီး ကျောင်းပေါ်မှ ဆင်းကာ ရွာအတွင်း ပြန်သွားလေသည်။ ဆန်းထွန်းသည် ကျောင်းဆက်နေ ဖြစ်ခဲ့လျှင် ယခုအခါဆို ခုနှစ်တန်း ရောက်နေမည်။ သို့သော် ရွာကလေးထုံးစံ အရ ဤကျောင်းမှ လေးတန်း အောင်ပြီးလျှင် တစ်ယောက်မှ ကျောင်းဆက်မတက်နိုင်ကြ။ လေးတန်းအောင်လျှင် ဘွဲ့ရပြီ။

မိဘလက် ငုတ်လုပ်ငန်းခွင် ၀င်ကူရပြီ။ ထန်းသမား သားသမီးသည် မြူအိုးကောက်၊ ထန်းလှီး။ယာသမား သားသမီးသည် ပြောင်းရိတ်၊ပဲနှုတ်၊ ယာထွန်၊ အလုပ်မရှိသူ လယ်ကူလီ၊ ကျဘန်းတို့၏ သားသမီးတို့ကား ထင်းခွေ၊ မျစ်ရှာ၊ မှိုနှုတ်၊ဟင်းရွက်ခူးကြ၍ ၀မ်းစာ ရှာကြရ၏။ အမှန်တော့ ရွာကလေးသည် မြို့နှင့် မိုင်သုံးဆယ်ကျော်သာ ဝေးသော်လည်း ကားလမ်းနှင့် အလှမ်းဝေးခြင်း၊ လမ်းခရီး မသာယာခြင်း၊ ချောင်ကျခြင်းတို့ကြောင့် သီးခြား ဖြစ်နေရလေ၏။ ဆန်း ထွန်းသည် လေးတန်းအောင်လျှင် ကျောင်းဆက်မတက်။ မိဘများ၏ ယာခင်းမှ ထွက်သော ခရမ်းချဉ်သီး၊ ငရုတ်သီး စသည်တို့ကို စက်ဘီး ပေါ်တင်ကာ ၇ မိုင်ကျော်ဝေးသော ကမ္မရွာ ဈေးသို့ ဝေလီ ဝေလင်းကပင် သွားရောင်း ရလေ့ရှိသည်။ ယခု ပိုးထိသည် ဆိုတော့ တပည့်ဟောင်း သံယောဇဉ်ဖြင့် အခြေ အနေ မေးသွားရမည်။ မျက်နှာကို ကပျာကရာသစ်သည်။ ထမင်းကျန်ကို ရေနွေး ဖြင့်သောက်ကာ နံနက်ကျောင်း မတက်မီ ကျောင်းရှိရာ တောင် ကုန်းလေးပေါ်မှ ဆင်း၍ ရွာဆီသို့ ဆင်းခဲ့လေသည်။

သူတို့အိမ်ရောက်လျှင် လူမမာ မေးသူများလည်း ရောက် နေကြ၏။ ရောက်မဆိုက်ပင် ဆန်းထွန်း၏ ဖခင်ကိုသောင်းဘိုက ဖြစ်စဉ်ကို ပြောပြ၏။“ဗျာ ဆရာတပည့်ကလည်း ကံဆိုးပါတယ်။ သဲချောင်းအဆင်းမှာ သူ့စက်ဘီးပေါ်က ဆင်းတွန်းတုန်း မြွေပွေး တက်နင်းမိသာပဲ”

“မစိုးရိမ်ရပါဘူး ဆရာရဲ့အခုတွင် သုံးတွင် ရပြီးပြီ” အပ်ပုန်း ကိုင်သော တွင်းမ ရွာသား သန်းမြင့်က ပြောသည်။ကျွန်တော် ခေါင်းရမ်းမိသည်။ လူမမာက စကားမပြော။ မှေးနေသည်။ မြွေဆိပ် မွှန်နေဟန် ရှိသည်။ အသားများပြာနှမ်း နေသည့်ဘက် လုနေ၏။အမှန်တော့ တွင်ခုတ်သည် ဆိုသည်မှာ ထိရောက်သော ကုသနည်း မဟုတ်။ သမင်ချို၊ သို့မဟုတ် ဆိတ်ချိုဖျားကို အပေါက် ဖောက်ကာ ဒဏ်ရာ အပေါ် လုံအောင်အုပ်၍ ပါးစပ်ဖြင့် သွေးများကို စုပ်ယူခြင်းဖြစ်သည်။အုန်းမှုတ်ခွက်ထဲတွင် ခံထားသော သွေးပုပ် သွေးညစ်များကို ပြသည်။ သုံးတွင်ရသည် ဆိုသည်မှာ မြွေဆိပ်ပါ သော သွေးညစ်သွေးပုပ်များကို သုံးကြိမ်တိုင်တိုင် စုပ်ယူ ထားပြီးပြီ ဟု ဆိုလိုခြင်းပင်။

“ဒီမှာကိုသောင်းဘို ခင်ဗျားသားကို ကိုက်တာ မြွေပွေး သေ ချာသလား”

“သေချာပါတယ် ဆရာရဲ့ သူ့အဖော် ငထွန်း ရိုက်ယူလာသာ။ ဟိုတလင်းမှာ မြွေအိုး မှောက်ထားတယ်”

ငထွန်းက အိုးကို လှန်ပြသည်။ လှည်းတံပိုးကျစ်ခန့် တုတ်သော မြွေပွေး အသေကောင်က အခွေလိုက်ရှိနေသည်။
“ဒါနဲ့များဗျာ။ မြွေပွေးကိုက်မှန်း သိနေပြီပဲ။ လက်စနဲ့ ကမ္မ တိုက်နယ်ဆေးခန်း သွားလိုက်ပါလား။ မြွေဆိပ်ဖြေဆေး ထိုးလိုက်ရင် ခင်ဗျားသား အသက် စိတ်ချရတာပေါ့”

“ဟင်း ဒါပေမယ့် ဆရာရယ်”

သူ သက်ပြင်းရှိုက်ရင်း စကားကို အဆုံးသတ်လိုက်သည်။ သူ့စကား အသွားအလာ၊ ဟန်ပန် အမူအရာကို ကျွန်တော် ခန့်မှန်း မိပါသည်။ သူတို့တွင် ဆေးရုံတက် ကုသရန် ငွေမတတ်နိုင်ဟူသော သဘောပါနေသည်။ ဟုတ်လည်း ဟုတ်ပါသည်။ မြွေဆိပ် ဖြေဆေးသည်တစ်လုံး ငါးသောင်းခန့် ရှိသည်။ အနည်းဆုံး ခြောက် လုံး၊ ရှစ်လုံးခန့် ထိုးမှ စိတ်ချရသည်။ ကဲ ဘယ်မလဲ အဲဒီ မြွေဆိပ် ဖြေဆေးဖိုး လေးငါးသိန်း။

သူတို့မှာ နွားပိန်လေး တစ်ရှဉ်းနှင့် ခရမ်းချဉ်လေး၊ ငရုတ် လေး၊ နှမ်းလေးစိုက်ကာ ၀မ်းကြောင်းနေရတဲ့ တောင်သူ ပိန်လေ။ ကျွန်တော် အပြေးအလွှားစဉ်းစားမိသည်။ ဆန်းထွန်းအတွက် အချိန်သည် အသက် မဟုတ်လား။ ယခုဆိုလျှင်ပင် အချိန် သုံးနာရီခန့် ဆုံးရှုံးခဲ့ရပေပြီ။ “ဒီလို လုပ်ပါလား ခင်ဗျားနှမ မမယ်ခွေးတို့က သောင်သာ သားပဲ။ နည်းနည်းပါးပါး ဆွဲလို့ မရဘူးလား”

“ခက်သားလား ဆရာရယ်။ ဆရာ ပြောသလို မြွေဆိပ် ဖြေဆေးဖိုး လေးငါးသိန်း၊ သူတို့ ဘယ်စိုက်ချင်မလဲ။ စိုက်ရင်ရော ကျုပ်တို့ ဘယ်လိုပြန် ဆပ်မလဲ”
ထုံးစံအတိုင်း သက်ပြင်း ရှိုက်သော လေသံဖြင့် သူပြောသည်။ ကျွန်တော်ပင် စကား မဆက်နိုင်။ သူတို့ ဒုက္ခက မျက်မြင်။ အနာသိပါလျက် ဆေးမရှိ။ အဲဆေးဖိုးမရှိသော အခြေအနေ။ ကိုယ်ချင်းလည်း စာမိပါသည်။ ဆန်းထွန်းသည် ကျောင်းသားဘ၀က စာတော် သည်။အလွန်သွက်လက် ချက် ချာသည်။ ကျွန်တော်၏ ချစ်ခင် ခြင်း၊ တောက်တိုမယ်ရ ခိုင်းခြင်းကို ခံရသော ကျောင်းသားမို့ လက်လွတ်စပယ်ဖြစ် မသွားစေချင်။ အမျိုးမျိုး စဉ်းစား မိသည်။ အနီးအပါးက ဆွေမျိုး တွေထဲမှ ၀ိုင်းစုလျှင်ကော။ ဒါကလည်း တောင်မင်း မြောက်မင်း မကယ်နိုင်သော အခြေ။ ရွာကလေးမှာ လက်လုပ်လက်စားပဲ များသည်။ တစ်ရွာလုံး ပြေးကြည့်မှ လူချမ်းသာ သုံးဦးမပြည့်။ တဘက်က တွေးပြန်တော့လည်း လူ့ အသက်လောက် ဘယ်ဟာမှ အရေးမကြီး။

“ဒီလို လုပ်ပါလား ခင်ဗျားမွေးချင်း တစ်သိုက် ဆီက တစ်ဦးလေးငါးသောင်း ဆီလောက် ဆေးဖိုးစရိတ်စု ကြည့်ပါလား” ကျွန်တော့် အပြောကို ညီဝမ်းကွဲ ကိုသောင်း အေးက သဘောမတူဟန် လေသံဖြင့် ပြောသည်။
“ခက်ပါသယ် ဆရာရယ်။ ဆရာ့ဆေးရုံက စိတ်ချရသာ မဟုတ်ပါဘူး။ အခု ဆေးဆရာ သန်းမြင့် တွင်ခုတ်ထားသာ။ အတော်အတန်တော့ စိတ်ချ ရပြီထင်သာပဲ”
သူ၏ ထမင်းရည်ပူ လျာလွဲ စကားကို ကျွန်တော် အားမရပါ။

“ဒီလိုလုပ်ပါလား။ ခင်ဗျားတို့ နွားမလေး ရှိရဲ့ မဟုတ်လား။ အဲဒါလေး ရောင်းဗျာ။ အခု ဆေးရုံသွားမှ ဖြစ်မယ်။ အချိန် မလွန်ခင် ရောက်မှ ဖြစ်မယ် နော်။ သူ ဝေဒနာခံစားနေရ တာပဲကြည့်”

“ဆရာရယ် သတ္တ၀ါ တစ်ခု၊ ကံတစ်ခုလို့ပဲ သဘော ထားပါဗျာ။ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့။ အရင်တစ်ခါ သန်းပိုင် သမီးမိငယ် ပိုးထိသာ ဆေးရုံမှာ ဆရာပြောသဲ့ မြွေဆိပ် ဖြေဆေးထိုးသာပဲ။ သုံးသိန်းလောက် ကုန်တယ်။ မိငယ် အဖတ် မတင်ဘူးလေ”

“ဒါကတော့ နောက်ကျ တာကိုးဗျ။ ပြီးတော့ မြွေက လက်ကိုပတ်ပြီး ကိုက်ထားတာ ဒဏ်ရာတွေကိုက မြင်ရ မကောင်းဘူး”

မိငယ်သည် မျှစ်ချိုးရင်း မျှစ်နှင့်အတူ မြွေဟောက်ကိုပါ ရော၍ ဆုပ်ကိုင်မိရာ မြွေက လက်မောင်းတစ်လျှောက် သူ့ လက်မလွှတ်မချင်း ကိုက်ထားလေသည်။ ဆေးရုံရောက် လျှင်ပင် အခြေအနေ မကောင်းတော့။
“ပြီးတော့ အနောက်ပိုင်းက အောင်ကြီး ပိုးထိတုန်း က ခုလိုပဲ ဆေးဆရာ သန်းမြင့်ပင့်ပြီးတွင်ခုတ်တာ ကောင်း သွားတာပဲ မဟုတ်လား”
“ဟာ ဒါကတော့ အဲဒီ တုန်းက မြွေက အဆိပ်မရှိတဲ့ မြွေမို့ပါဗျာ”

ဆင်ခြေကန်နေရသော် လည်း ကျွန်တော့်ဘက်က တပ်ကူမပါ။ ကျွန်တော် ဒေါသ ထွက်လာသည်။ လေသံမာ လာသည်။
“ကဲ ကျွန်တော်လဲ အကြံကုန်ပြီ။ ခင်ဗျားတို့ ဒီလို ရမ်းပြီး မဟုတ်ကဟုတ်က ဆေးတွေ လျှောက်ထိုးနေလို့ကတော့ ခင်ဗျားသား အသက် ပစ်ရမှာပဲ။ အမှန်က ဆီးဆေး ထိုးရမှာ လာစစ်ဆိုတဲ့ ဆီးဆေး။ ဒီလို ဘီတွဲတွေ အရောင်ဆိုး ထားတဲ့ ဆေးတွေ လျှောက်ထိုးလည်း ခင်ဗျားသား အသက် စိတ်မချရဘူး။ ခုလို တွင်ခုတ် ရုံနဲ့လည်း မြွေဆိပ်က ကုန် မသွားဘူး။ ကျောက်ကပ်ထဲ အထိ ပျံ့နှံ့နေမှာပဲ။ ခင်ဗျားတို့ ဘာမှ ကျန်းမာရေး အသိမရှိ ကြဘူး”

သူတို့ မျက်နှာငယ်လေး တွေဖြင့် ခေါင်းငုံ့ နားထောင်နေ ကြသည်။ ပြောမယ့်သာ ပြောနေရသည်။ အဲဒီလိုနေတဲ့ ဆေးဖိုးငွေ ကျွန်တော်ကပဲ ဦးဆောင်စုပြီး ခုချက်ချင်း ဆေးရုံ ပို့ပေးရမလား။ကျွန်တော် ၏ ကျောင်းဆရာတစ်လစာ သည်ပင် သူ၏ မြွေဆိပ်ဖြေ ဆေးတစ်လုံးဖိုး မရှိ။ အကြံသာ ပေးနိုင်သည်။ လက်တွေ့က မပါ။

တညည်းညည်း၊ တညူညူ အော်နေသော ဆန်းထွန်းကို ငေးကြည့်နေမိသည်။ “ရေ ရေပေးစမ်းပါ။ ရင်ထဲက ပူလိုက်တာ။ မလေးရယ် အစ်ကို့ကို ရေတစ်ခွက် လောက်တိုက်စမ်းပါ”

အနီးရှိ သူ့နှမငယ်ကို အသနားခံသည်။ မလေးမွှား သည်သူ့အစ်ကိုကို ရေခပ်တိုက် ရနိုးနိုး၊ လူကြီးတွေ မျက်နှာ အကဲကို ခတ်နေလေ၏။
“အေးဗျာ အခု ဆန်း ထွန်းရေတောင်း နေတယ်နော်။ ယောင်လို့များ သွားမတိုက် လေနဲ့။ မြွေဆိပ်ပျံ့နှံ့မှုက မြန်သွားလိမ့်မယ်။ ဒါပဲ ကျုပ် ပြောခဲ့မယ်”
ကျွန်တော့်တပည့်ကို နောက်ဆုံးကြည့်ခြင်းဖြင့် ကြည့်လိုက်သည်။ လူနာကို လက်လျော့လိုက်သော ဆရာဝန်တစ်ဦးနှင့် တူကောင်းတူနေမည် ထင်သည်။
“ဆန်းထွန်း မင်းနေသာ ရဲ့လား”

“ရင်ထဲက ပူတယ်ဆရာ။ရေသောက်ချင်တယ်”

အားလုံးက ကျွန်တော့် မျက်နှာကို ကြည့်နေကြသည်။ ရေပေးရမလား။ မတိုက်ရ ဘူးလားဆိုသည့်သဘော။
ကျွန်တော် ဆရာဝန်တစ်ဦး မဟုတ်ပါ။ ကျန်းမာရေး အသိ မရှိသော ကျေးလက်နေ တောသူတောင်သားများကို အောင်မြင်အောင် နားမျက် စေ့ဖွင့်မပေးနိုင်ခဲ့ပါ။ရေသောက် လျှင်တော့ အဆိပ်က ပို၍ပျံ့နှံ့ လွယ်မည်ထင်သည်။ မတိုက်ပါနဲ့ဟု ပြောလျှင်လည်း ရေငတ်နေသူကို မညှာတာရာ ရောက်ပေမည်။

“မလေးမွှားရယ်၊ အစ်ကို့ကို သနားရင် ရေတစ်ခွက် လောက် ခပ်ပေးစမ်း ပါ”အနား တွင်ရှိသော နှမငယ်လည်း ဟိုကြည့် ဒီကြည့်။ ထိုင်ရာမှ မထရဲ။ကျွန်တော် ဤမြင်ကွင်း ကိုဆက်၍ မမြင်လို၊ မကြည့် လိုတော့ပါ။ ဖြစ်လိုရာ ဖြစ်စေ တော့။ ပေယျာလကံ ပြုရပေ တော့မည်။နှုတ်ဆက်၍ကျောင်း ပေါ်ပြန်တက်ခဲ့သည်။ ကျောင်း ပေါ်မရောက်မီ သဲချောင်း အတွင်း ယက်ကန်ယက်ကန် ဖြတ်ကျော်ရင်း အတွေးများ လည်း နောက်ကိုသာ တစ်ရစ် ၀ဲဝဲနှင့်။

ကျောင်းပေါ် ရောက်လျှင် လက်ထောက်ဆရာ၊ ဆရာမ များသည်ပင် ကျောင်းတက်၍ စာသင်ခန်း အသီးသီး ၀င်နေကြလေပြီ။ ကျွန်တော်လည်း စာသင်ခန်းထဲဝင် စာသင်နေ သော်လည်း စိတ်ထဲ ဆန်းထွန်း ထံ၌သာ ရောက်နေသည်။ ရင် ထဲမှာလည်း အခံရခက်နေ၏။ စိတ်ထဲ၌ မကျေမနပ်ဖြစ်နေ လေသည်။ မည်သူ့ကိုလည်း အမည်ဖော် မရ။ ဆန်းထွန်းမိဘ ကိုသောင်းဘိုကိုလား။ သူ၏ ဆွေမျိုးသားချင်း တစ်သိုက်ကိုလာ။ ကျန်းမာရေးအသိ မရှိ သော တစ်ရွာလုံးကိုလား။ ဆေးရုံ ဆေးခန်းနှင့် အလှမ်းဝေး သော ဇနပုဒ်၌ လူလာဖြစ် နေကြရခြင်းကိုလား။ မဝေခွဲ တတ်။ကျွန်တော့်စကား မအောင်မြင်၍ဆေးကုသစရာ ငွေရှာမရသောကြောင့် လူ့ အသက်တစ်ချောင်း မျက်စေ့ အောက်မှာပင် ပစ်လိုက်ရ မည့်အရေး သိမြင်နေပါသည်။ဆန်းထွန်း အလွန်ခံလျှင် နောက်ထပ် သုံးလေးနာရီထက် မပို။ အသားတွေ မဲပြာ လာပြီ။ မြွေဆိပ်မွှန်နေပြီ။ သူ၏ ရေတောင်းသံ တစာစာသည် နားထဲဝင်လာသည်။ ဆူညံစွာ စာအံနေသော ကျောင်းသားထု၏ အသံကို ဖောက်ထွင်း၍ နား ထဲတွင် ကြားယောင်လာသည်။

“ညီမလေးရယ်၊ မလေးမွှားရယ် အစ်ကို့ကို ရေခပ်ပေး စမ်းပါ”ဟူသောအသံ။ အစ်ကို၏ ဆန္ဒကို လိုက်လျော လိုသော်လည်း လူကြီးများ၏ မျက်နှာ ရိပ်၊ မျက်နှာကဲကို ကြည့်နေ သော မလေးမွှား။ အသက် ထွက်မည်ကို သိသော်လည်း လက်ပိုက်ကြည့်နေကြသော မိဘဆွေမျိုးများ။ လူ့ဘ၀သည် ရခဲလှ၏ ဆိုသော်လည်း ဤလို ဇနပုဒ်ကလေး၌ ဘာမှ မဟုတ်သော ဘေးတို့ဖြင့် လူ့လောကမှ စွန့်ခွာခဲ့ရသူတွေ မနည်းတော့ပြီ။

ထမင်းစားကျောင်း မဆင်းမီအချိန်အတွင်းမှာပင် ကျောင်းပေါ်သို့ ကိုသောင်း အေးတက်လာသည်ကို တွေ့မြင်လိုက်ရသည်။ ကျွန်တော် သိလိုက်ပါပြီ။ အကြောင်းကြား လာသည်ပဲ ဖြစ်ရမည်ဟု။ “ဆရာဆန်းထွန်း စောစောကပဲ ဆုံးရှာပြီ” ကျွန်တော်က မထူး ဆန်းသလိုဟန်ဖြင့် ခပ်အေး အေးပင် ခေါင်းညိတ်ပြသည်။ စိတ်အချဉ် ပေါက်ပေါက်နှင့် အငေါ်တူးတူး စကားလုံး ထွက်သွား၏။

“ဟုတ်လား အင်း သေတော့ အေးတာပေါ့ဗျာ”

“ဗျာ”

သူ ကျွန်တော့်စကားသံ ကြောင့် အာမေဋိတ်သံ ပြုသည်။ ကျွန်တော် မှားသွားသည်။ လေသံမာသွားသည်။ စကားလုံး လေသံ၏ အနက်ကို အဖြေရှာဖို့ အပြေး အလွှားစဉ်းစား၍
“အော် ဒီလိုပါ။ ဝေဒနာ ခံစားနေရ တာထက် စာရင် ခုလို အသက်ထွက်သွား တာကမှ သူ့အတွက် ဒုက္ခငြိမ်း သွားတာပေါ့။ မဟုတ်ဘူးလား”

ဟု စကားလေသံပြောင်း လိုက်သည်။ သူကလည်း လက်ခံလိုက်ပုံရသည်။
“အဲ အဲ ဟုတ်တယ်။ သေတာ သူ့အတွက် ခပ် ကောင်းကောင်းပဲ” ဟု ဆို ကာ နှုတ်ဆက်ပြန်သွားသည်။
သူ့ကျောပြင်ကို ငေးရင်း ကျွန်တော့် အတွေးလက်စ မသတ်။ဆီးဘန်နီဆရာတော်၏ လေအတိုင်းပြောရလျှင် “ဤလို ဇနပုဒ်၌ လူဖြစ်လာရ သော သူတို့တစ်တွေသည် . . . . . . . . . ။

မဟုတ်ဘူးလား။ ရောဂါလည်း သိတယ်။ ရောဂါ ပျောက်မယ့်ဆေးလည်း သိနေတယ်။ ဒါပေမယ့် ဆေးဝယ် ကုသဖို့ စရိတ်မရှိဘူး ဆိုမှတော့ . . . . . . . . . ။
ပရိတ်ကြီး ၁၁ သုတ်မှာ ပါသော ဘေးဥပါဒ်တွေထဲ မှာ“ဇနပဒရောဂတောဝါ” ကို ဇနပုဒ်၌ တွေ့ရသော၊ ဖြစ်ရသော ရောဂါဟု အနက်ဖွင့် သည်။ ကျွန်တော်ကတော့ ဇနပုဒ်၌ လူလာဖြစ်ရသဖြင့် ဆက်သွယ်ရေး ခက်ခဲခြင်း၊ ကျန်းမာရေး ဗဟုသုတ ခေါင်းပါးခြင်း၊ ခေတ်မီဆေးရုံ ဆေးခန်းနှင့် လက်လှမ်း မမီခြင်း၊ အနာသိသော်လည်း ကုသစရာ ငွေမရှိခြင်း စသည် တို့မှာ “ဇနပဒရောဂါ” ပင် လောဟု အတွေးနယ်ကျယ်နေ မိလေတော့၏။


သာလွန်ကျော်

ဝန်ခံချက်။ ။ ၂၀၁၀ ခု၊ ဇူလိုင်လထုတ် ပေဖူးလွှာမဂ္ဂဇင်းမှ ကူးယူဖော်ပြပေးပါသည်။ (ကူးခွင့်ပြုပေးပါရန်လည်း စာရေးသူနှင့် အယ်ဒီတာအား လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။)

မှတ်ချက်။ ။မြွေထက်အဆိပ်ပြင်းသူ တိတ်တဆိတ် လူသတ်ကောင်းများ သည် မြန်မာတစ်ပြည်လုံးသို့ မြွေဆိပ်ဖြေဆေး အတုများကို ရောင်းချထားပါသည်။ တစ်နှစ်ခွဲအတွင်း သိန်းတစ်ထောင်ကျော်တန် တိုက်ကြီးဆောက်နိုင်လာပြီး ချမ်းသာခဲ့ကြောင်း သိရပါ၏။ ယခုအခါ ယင်းတိုက်ကြီးအား သိန်း(၇၀၀)ဖြင့် ရောင်း၍ အမူကို ဖြေရှင်းလိုက်ရကြောင်း ကြားသိရပါသည်။ မြွေဆိပ်ဖြေဆေး အတုကြောင့် သေဆုံးခဲ့ရသော အသက်များနှင့်တရာခံများ၏ ပြစ်ဒါဏ်အား နှိုင်းစာ၍သာ ကြည့်တော်မူကြပါကုန်လော့………….။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ အောက်တိုဘာလ(၉)ရက်။
READMORE
 

မြွေထက် အဆိပ်ပြင်းသူ တိတ်တဆိတ်လူသတ်ကောင်များ

၃၀/၁၀/၂၀၀၉ မြွေထက်အဆိပ်ပြင်းသော တိတ်တဆိတ် လူသတ်ဂိုဏ်း သတင်း ဤလင့်မှာတင်ထားပြီး(ပထမ သတင်းပါ)

http://shwelanngwelan.blogspot.com/2009/12/blog-post_19.html







၂၀၀၉ ခ၊ု စက်တင်ဘာလမှာ ဖမိးဆီးခဲ့သော မကွေးမြို့က မြွေဆိပ်ဖြေဆေး အတု တရားခံများအား ၏ သတင်းအဆက်ဖြစ်ပါသည်။(ပထမ သတင်းဖတ်ရန်)
http://shwelanngwelan.blogspot.com/2009/12/blog-post_19.html


ယခုသတင်းမှာ (ဒုတိယ သတင်းဖြစ်ပါသည်။)

အင်း ကျွန်တော် ရေးလိုက်တဲ့ ဒီမြွေဆေးတု သတင်းကို လူတွေကတော့ တော်တော်ကို စိတ်ဝင်စားနေကြပါတယ်။ ဒါပေမဲ့ သတင်းရေးပြီးပြစ်ထားလို့ မဖြစ်ပြန်ပါဘူး။ ဒီအမှုစစ်ဆေးတိုင်း တရားရုံးကိုသွား သွားနေရတာ.. အင်း တရားရုံးမှာစစ်ဆေးနေတာ တစ်နှစ်ပြည့်တော့မယ်..။ ဂျာနယ်၊ မဂ္ဂဇင်းသတင်းထောက်ဆိုတာ ကိုယ့်စားရိတ်ကိုယ်စားပြီး သတင်းလိုက်နေရတာပါ။ စာမူခ နဲ့သာ တွက်ကြည့်ရင် ရှုံးပါသေးတယ်။ ကိုယ့်စာမူလေး ပါလာတော့ ၀မ်းသာ အားရနဲ့ ဟိုလူကိုပြ၊ ဒီလူကိုပြနဲ့ မှုခင်းသတင်းထောက်ဆိုတဲ့ ဂုဏ်ကိုယူပြီး ပီတိကိုသာ စားနေကြရတာပါ..။ ဒီအမှုက တရားခံတွေကို စီရင်ချက်ချပြီးသွားပြီဆိုတော့ စိတ်ဝင်စားကြတဲ့ အများပြည်သူတွေသိရအောင် ဆက်ပြီးရေးလိုက်ရပါအုံးမည်…။

မကွေးမြို့နယ် တရားရုံး ပြစ်မှုကြီးအမှတ် ၄၄၀၄/ ၂၀၀၉ နံပါတ်နဲ့စီရင်ချက်များကို အသီးသီးချ မှတ်ပြီးကြောင်း သတင်းရရှိခဲ့ပါတယ်။
(၂၉/၃/၂၀၁၀) နေ့က တရားခံ စိုင်းလေး(ခ)တင်ဝင်း အသက်(၄၅)နှစ် အား ပြစ်မှုပုဒ်မ၊ ပပက ၆ (၁)အရ အလုပ်နှင့် ထောင်ဒါဏ်(၅) နှစ်ကျခံစေကြောင်းသတင်းရရှိခဲ့ပါတယ်။ တရားစွဲဆိုခံထားရသော မနီနီသန်း(ခ)ချိုတီမာ နှင့် မလဲ့ယဉ်ဝင်း တို့အား ပြစ်မှုပုဒ်မ၂၅၃(၁) အရ တရားသေလွတ်စေကြောင်း သတင်းရရှိခဲ့ပါတယ်။
(၁၀/၈/၂၀၁၀) နေ့က တရားခံ စိုင်းလေး(ခ)တင်ဝင်းအသက်(၄၅)နှစ် ၊ တရားခံ ချစ်ဦး အသက်(၃၁)နှစ်၊ တရားခံ အူစမန် အသက်(၃၂)နှစ် တို့ သုံးဦးကို အမျိုးသားစီးပွားပုဒ်မ ၁၈ အရ အလုပ်နှင့်ထောင်ဒါဏ် (၇)နှစ် စီကျခံစေရန် ချမှတ် ကြောင်း သတင်းရရှိခဲ့ပါတယ်။
(၂၃/၉/၂၀၁၀) နေ့က တရားခံ စိုင်လေး (ခ)တင်ဝင်းအသက်(၄၅)နှစ် နှင့် တရားခံ ချစ်ဦး အသက်(၃၁)နှစ် တို့နှစ်ဦးအား ပြစ်မှုပုဒ်မ ၄၆၈ အရ အလုပ်နှင့်ထောင်ဒါဏ် (၃)နှစ် စီ အသီးသီးချမှတ်သွားကြောင်း မကွေးမြို့နယ်တရားရုံးမှ သတင်း ရရှိခဲ့ပါတယ်။
(၁)တရားခံ စိုင်လေး (ခ) တင်ဝင်း အသက်(၄၅)နှစ်က စုစုပေါင်း(၃)မှုနဲ့ ပြစ်ဒါဏ်ကတော့ အလုပ်နှင့် ထောင်ဒါဏ်(၁၅)နှစ်စီရင်ချက်ချမှတ်လိုက်ပါတယ်။
(၂) တရားခံ ချစ်ဦး အသက်(၃၁)နှစ်က စုစုပေါင်း(၂)မှုနဲ့ ပြစ်ဒါဏ်ကတော့ အလုပ်နှင့်ထောင်ဒါဏ် (၁၀)နှစ်စီရင်ချက်ချမှတ်လိုက်ပါတယ်။
(၃) တရားခံ အူစမန် အသက်(၃၂)နှစ်က (၁)မှုနဲ့ ပြစ်ဒါဏ်ကတော့ အလုပ်နှင့်ထောင်ဒါဏ်(၇)နှစ် စီရင်ချက်ချမှတ်လိုက်ကြောင်းတို့ကို သတင်းရရှိခဲ့ပါတယ်။



ဒီတရားခံများကြောင့် မြွေကိုက်ခံခဲ့ကြရတဲ့ မသိနာမလည်ကြသောအပြစ်မဲ့ တောင်သူလယ်သမား အချို့မှာ
အသက်များစွာဆုံးရှုံးခဲ့ရကြောင်းတို့အား တောရွာမှ ကျန်ရစ်သူမိသားစုများက ယနေ့အထိ တသသဖြင့် ပြောကြားနေကြကြောင်းကိုလည်း သတင်းရခဲ့ပါတယ်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ အောက်တိုဘာလ(၉)ရက်။
READMORE
 

နှီးဘုရားကြီးများ ပူဇော်နိုင်ရန် ပညာဒါနပြု၍ လက်ခံနေပြီ

Free Image Hosting by FreeImageHosting.net
နှီးဘုရားကြီးများ ပူဇော်နိုင်ရန် ပညာဒါနပြု၍ လက်ခံနေပြီ

(၂၂-၆-၂၀၁၀)နေ့နံနက်ပိုင်း(၉)နာရီတွင် အမှတ်(စီ-၄၂၀)၊ ၁၆လမ်း၊
ကံသာရပ်ကွက်၊ မကွေးမြို့၊ ပန်းချီဆရာ မကွေးကံညွန့်ရဲ့
သမီးမွေးနေ့ပွဲဖိတ်လို့သွားခဲ့ပါတယ်။ ပန်းချီဆရာ မကွေးကံညွန့်ဆိုတာ
ယခင်တစ်ခေတ်တခါက ဇာတ်သဘင်လောကမှာ ဂိတ်ရှိုးကြီးတွေကို ရေးဆွဲပြီး
နာမည်ကြီးခဲ့သူတစ်ဦပါ။အဲဒီအခါက အထက်မြန်မာပြည် မန္တလေးမြို့ ဇာတ်ရာသီမှာ
တရုပ်တန်းဇာတ်ရုံမှာ ပန်းချီခန်းဖွင့်ထားပါခဲ့ပါတယ်။ အောက်မြန်မာပြည်
ရန်ကုန်ဇာတ်ရာသီချိန်မှာ မြေးနီကုန်း ပဒုမ္မာဇာတ်ရုံမှာ
ပန်ချီခန်းဖွင့်ပြီးလုပ်ကိုင်နာမည်ကြီးခဲ့သူတစ်ဦဖြစ်ကြောင်း
သတင်းရရှိခဲ့ရပါတယ်။
ယနေ့တော့ သူရဲ့ အလုပ်ခန်းမှာ ထူးထူးခြားခြား အမြင့်(၄)ပေ၊
အနံ(၃)ပေ ရှိတဲ့ ရွှေရောင်တစ်ဝင်းဝင်းနဲ့ ကြာပန်း ပလ္လင်ပေါ်က
နှီးဖြင့်ပြုလုပ်ထားသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို
ဖူးမျှော်ခဲ့ရပါတယ်။ သတင်းသမား ပီပီ စပ်စုမေးမြန်းခဲ့ရပါ တော့တယ်..။
ပန်းချီဆရာ မကွေးကံညွန့်ရဲ့ ပြောကြားချက်များကတော့….

မြန်မာပြည်မှာ နှီးဘုရားများကို စတင်ပြုလုပ်သူမှာ
ရှမ်းဆရာကြီးတစ်ဦးလို့သိခဲ့ရပါတယ်။ ရှမ်းဆရာကြီးကို တစ်ခါမှ
မမြင်၊မတွေ့မိပါ။ စစ်ကိုင်းတောင်မှာ ရှိတဲ့ သူပြုလုပ်တည်ထားတဲ့
နှီးဘုရားကြီးကစလို့ ကျွန်တော်အလွန်သဘောကျပြီး စတင်စိတ်ဝင်းစားခဲ့ရပါတယ်။
ရှမ်းဆရာကြီးဟာ ကျွန်တော့ရဲ့ ပထမ မြင်ဆရာကြီးပါ။ အခြားမြို့တွေမှာ
ပူဇော်ထားတဲ့ နှီးဘုရားတွေကိုလဲ သွားရောက်ကြည့်ရှု လေ့လာခဲ့ပါတယ်။
အများအားဖြင့် ကိုယ်လုံးတော် များက အချိုးအစားမကျတာတွေကိုသာ
တွေ့မြင်ရပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ သာမန်လူများရဲ့
ကိုယ်ခန္ဓာအချိုးအစားအတိုင်းကျစေအောင် ဆောင်ရွက်ခဲ့ပါတယ်။ များသောအားဖြင့်
ပန်းပုဆရာများထက် ကျွန်တော်တို့ ပန်းချီဆရာများက ပုံဖော်ရာမှာ
သာမန်သဘာဝအတိုင်းမြင်တတ်ကြပါတယ်။(ဥပမာ။ ။ လူရဲ့ခေါင်းအရွယ်အစားဟာ
ဘယ်ပခုံးမှ ညာပခုံးအတွင်း ခေါင်းသုံးလုံးစာသာရှိနေရပါ့မယ်။)
ဒီနှီးတွေကတော့ စလင်းမြို့ကထွက်တဲ့ ကြသောင်းဝါး ဆယ်လုံးကိုသာ
သုံးခဲ့ရပါတယ်။ အဲ တွဲဖက်သုံးရတာက လွှစာမှုန့်များများရယ်..၊ ATM
ကော်ရယ်..၊ ရွှေမင်ရောင်ဆေးဗူးတွေရယ်၊ ဘုန်းကြီးကျောင်းမှ
သက္ကန်းစုတ်တွေရယ်ကို စနစ်တကျ အသေးစိတ်အချိန်ယူပြီး လုပ်ခဲ့ပါတယ်။
စတင်လုပ်တဲ့ရက်ကစပြီး ယနေ့အထိဆိုရင်(၂)လခွဲကြာပါပြီ..။ နောက်(၃)ရက်
ဆိုရင်တော့ အချောသတ်လို့ အားလုံးပြီးပါတယ်။ အရွယ်အစားကတော့ ကြိုက်သလို
အကြီးကြီးတွေရော အသေးတွေပါ အမျိုးမျိုးပြုလုပ်ပူဇော်နိုင်ပါတယ်။
ပိုးလုံးဝမစားအောင် ကတော့ အသုံးပြုမဲ့ နှီးတွေကို
ဆေးရွက်ကြီးရေစိမ်ပေးထားပါတယ်။ အတွင်းက ဘောက်ခလောင်းကြီထဲမှာလဲ
ဆေးရွက်ကြီးအရည်တွေရော၊ တခြားပိုးမကိုက်စေတဲ့ ပိုးသတ်ဆေးတွေကိုပန်းပြီး
အောက် ခြေမှာ ထပ်သားနဲ့အလုံပိတ်ထားပေးပါတယ်။ အချိုးအစားပုံစံကျအောင်ကတော့
အောက်က နှီးဘုရားအသေးလေးကို ပဏာမ အစမ်းပုံစံပြုလုပ်ပါတယ်။ အဲဒီ ဆင်တု
အသေးလေးရဲ့ အချိုးအစားအတိုင်း ဆင်တုတော် အကြီးကြီးကို ထပ်တူ
ပြုလုပ်ခဲ့တာပါ။ ဈေးနှုန်းတန်ဘိုးကိုတော့ ကျွန်တော် မသတ်မှတ်ရသေးပါဘူး။
အလှူအတန်းကိစ္စဆိုတော့ အတတ်နိုင်ဆုံးအဆင် ပြေအောင် လက်ခံဆောင်ရွက်
ပေးသွားမှာပါ။ ကျွန်တော်ယခင်က ပန်းချီပညာနဲ့ စီးပွားရှာခဲ့စဉ်ကလဲ ငွေရေး
ကြေးရေကိုအဓိကမထားခဲ့ပါဘူးဗျာ။ ယခုလည်း ဘုရားအလုပ်နဲ့ ကျွန်တော့်ပညာကို
ကုသိုလ်ယူချင်တဲ့ သဘောပါ။

ယခုပြုလုပ်ပြီးတဲ့ ဘုရားဆင်းတုကိုယ်တော်ကြီးကိုလဲ မကွေးမြို့၊
မဲထီးလမ်း၊ ဈေးရပ်မှာရှိတဲ့ ပုည၀တီကျောင်း၊ မိုးကုတ်ဓမ္မရိပ်သာ
ဘုရားခန်းမှာ လှူဒါန်းပူဇော်ထားမှာပါ။ ပန်းချီ မကွေးကံညွန့်+ဒေါ်လှလေး
နှင့် သား၊သမီး၊ မြေး၊မိသားတစ်စုကောင်းမူ လို့ကဗ္ဗည်းထိုးလှူဒါန်း ထားပါတယ်။

မန္တလေးမြို့ကိုနှီးဘုရားအတွက် ကျွန်တော့်ကို ဆက်သွယ်မယ်ဆိုရင်

ပန်းချီ မင်းဟန် နှင့် အောင်အောင်
၂၆ ဘီလမ်း၊ ရွှေလောင်းညွှန့်ရပ်၊
မန္တလေးမြို့ ကိုဆက်သွယ်နိုင်ကြောင်း ပန်ချီဆရာ မကွေး ကန်ညွှန်ထံက သတင်းရရှိခဲ့ပါတယ်။

မန်းတောင်ရိပ် ဂျာနယ်မှ တဆင့်ပြန်လည်တင်ပေးပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ စက်တင်ဘာလ(၅)ရက်။
READMORE
 

မြန်မာပြည်မှာ အဖိုးတန်တဲ့ မိုးယံရွှေလမင်းထီဆိုင်ရဲ့ စေတနာ….


မြန်မာပြည်မှာ အဖိုးတန်တဲ့ မိုးယံရွှေလမင်းထီဆိုင်ရဲ့ စေတနာ….

နေရာတိုင်းမှာ ဗလာမပါကံစမ်းမဲများပေး၍ ထီများနှင့် အခြားကုန်ပစ္စည်းများကို ပူးတွဲ မက်လုံးပေးပြီးရောင်းချနေကြောင်း အများမြင်တွေ့နေရပါသည်။ ယနေ့အခါ ကံစမ်းမဲကို အမှန်တစ်ကယ်ထိုက်ထိုက်တန်တန် တစ်ဘ၀အတွက်သာမက ရှေးဘ၀အတွက်ထိ ကုသိုလ်ပြုပေးသူများပေါ်ပေါက်လာကြောင်းသတင်းရရှိခဲ့ပါသည်။ ယင်းလုပ်ငန်းရှင်မှာ ထီလောကတွင် နောက်မှ ပေါ်လာပြီး ယနေ့ သိန်းတစ်ထောင်ထီဆုကြီးများ ပေါက်အား(၉)ကြိမ်မြောက်၊ဆွတ်ခူးခဲ့ပြီး ထီလောက၏ အကောင်းဆုံး ထိပ်သို့ တက်နေသော အဖိုးတန်တဲ့ မိုးယံရွှေလမင်း နှင့် မြတ်ဆုကုဋေထီဆိုင် ပိုင်ရှင် သူဌေးစုံတွဲ ဦးမျိုးညွှန့်+ ဒေါ်တင်တင်မြင့် တို့ဖြစ်ကြောင်း သတင်းရခဲ့၏။

၂၀၀၉/၂၀၁၀ ခုနှစ်အတွင်း မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်မှ ထီထိုးသူများ နှင့် တဆင့်ဝယ်ယူ ရောင်းချပေးကြသော ထီကိုယ်စားလှယ်များအား ဗုဒ္ဓဂယာ ဘူရားဖူးကံစမ်းမဲလက်မှတ်များဖြင့် ထီလက်မှတ်များကို ပူးတွဲ၍ ရောင်းချပေးခဲ့ကြောင်းသိရ၏။ ၎င်းကံစမ်းမဲ လက်မှတ်များထဲမှ ကံထူးရှင်များအား ၂၀၁၀ ခုနှစ်အတွင်း (၃)သုတ်ခွဲပြီး ဘုရားဖူး(၁၂)ရက်ခရီးစဉ်များကို ပို့ပေးခဲ့ကြောင်း မိုးယံထီဆိုင်တောင်ကြီးပင်ရင်းမှ ဦးအောင်ခိုင်ဝင်း နှင့် မိုးယံထီဆိုင် မုံရွာပင်ရင်းမှ ဦးကျော်ဌေးတို့ထံမှ သတင်းရရှိခဲ့ပါသည်။

၂၀၁၀ ခု၊ဇန္န၀ါရီလ(၁) ရက်နေ့တွင် ပထမအသုတ်အဖြစ်(၅)ဦးကို ဗုဒ္ဓဂယာဘုရားဖူးရန်(၁၂)ရက် ခရီးစဉ်ပို့နိုင်ခဲ့သည်။ မိုးယံရွှေလမင်း ထီဆိုင်၏ ကံထူးရှင်များမှာ (၁) မမိုးသီတာ (၈/စလန(နိုင်) ၁၃၅၁၅၁) စလင်းမြို့၊ မင်းဘူးခရိုင်။ (၂) ဦးခင်မောင်ဇင် (၅/မကန(နိုင်) ၀၀၈၄၇၁)၊ ပြည်လမ်း၊ ထောက်ကြံ့မြို့နယ်၊ ရန်ကုန်။ (၃) ဦးတင်မြင့် (၇/မလန(နိုင်) ၀၄၂၆၃၉) အောက်မင်းလှမြို့။ (၄) ဒေါ်ချိုတီ (KTA 058909) ၊ (၆)ရပ်ကွက်၊ ကသာမြို့။ (၅) ဦးကျော်ကျော် (၁၂/ဥကမ(နိုင်) ၀၂၈၉၇၄ )၊ မြရတနာ(၅)လမ်း၊(ခ)ရပ်ကွက်၊ မြောက်ဥက္ကလာမြို့။တို့ဖြစ်ကြောင်းသိရသည်။

၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါလ(၅)ရက်နေ့တွင် ဒုတိယအသုတ်အဖြစ်(၅)ဦးကို ဗုဒ္ဓဂယာဘုရားဖူးရန်(၁၂)ရက် ခရီးစဉ်ပို့နိုင်ခဲ့သည်။ ကံထူးရှင်များမှာ(၁) ဦးစံထွန်းဖြူ (၁၁/မတန(နိုင်) ၀၀၆၆၅၀)၊ ကျောက်တော်မြို့၊ရခိုင်ပြည်နယ်။ (၂) ဦးသန်းစိန် (၇/ဇကန(နိုင်)၀၀၂၇၂၉) ဇီးကုန်းမြို့။ (၃) ဦးဝင်းသက် ((၁၄/၀ခမ(နိုင်) ၁၀၇၁၃၉)၊ ကြုံမငေးမြို့။ (၄) မခိုင်ခိုင် (၉/ပမန(နိုင်)၁၂၅၈၀၀)၊ ပျဉ်းမနား၊ နေပြည်တော်။ (၅) မသီတာဝင်း (၇/ပခန(နိုင်) ၀၀၂၅၆၅)၊ မြောက်ဒဂုံ၊ ရန်ကုန်မြို့။ ဖြစ်ကြောင်းသိရပါသည်။

၂၀၁၀ ခု၊ဧပြီလ(၁၀)ရက်နေ့တွင် တတိယအသုတ်အဖြစ်(၆)ဦးကို ဗုဒ္ဓဂယာဘုရားဖူးရန်(၁၅)ရက် ခရီးစဉ်ပို့နိုင်ခဲ့သည်။ ကံထူးရှင်များမှာ(၁) ဦးဝင်းကြည် (၈/ခမန(နိုင်)၀၆၀၁၉၇)၊ ရွာသစ်ရပ်၊ မကွေးမြို့။ (၂) ဦးသန်းဝင်း (၁၂/ဗတထ(နိုင်)၀၃၁၇၃၃)၊ မိုးယံပင်ရင်း(၅)၊ မန္တလေးမြို့။ (၃) ဦးဝင်းမင်း (၈/တတက(နိုင်)၀၉၃၂၆၃)၊ ပျဉ်းမနားမြို့။ (၄) ဦးကျော်ဌေး (၅/မရန(နိုင်)၀၈၃၅၆၅)၊ မုံရွာမြို့။ (၅) ဦးအောင်ခိုင်ဝင်း (၉/နထက(နိုင်)၀၀၁၀၆၁)၊ တောင်ကြီးမြို့။ (၆)မသန်းဌေးနွဲ့(၁၂/ဥကတ(နိုင်)၁၂၃၉၉၆)၊ တောင်ဥက္ကလာ၊ ရန်ကုန်မြို့ဖြစ်ကြောင်းနှင့် စုစုပေါင်း(၁၆)ယောက်အား ဗုဒ္ဓမြတ်စွာ ဘုရားရှင်ပွင့်တော်မူခဲ့သော နီပေါနိုင်ငံ၊ အန္ဒိယနိုင်ငံများသို့ ဘုရားဖူးပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခုနှစ်၊သြဂုတ်လ(၃၀)ရက်နေ့၊ ည(၁၀)နာရီ။
READMORE
 

မြရတနာရွာအား အလင်းရောင်ပေးလှူကြသူ ကုသိုလ်ရှင်များနှင့် စာရင်းရှင်းတမ်း





ဟိုနေ့က “ သာသနာ အလှူ ၊ အလင်းအလှူ ” ရဲ့ စာရင်းလေးကို တင်ပေးလိုက်ပါတယ်။ စာရင်းတွေကိုတော့ ကျွန်တော့်ဆီကို ဆရာတော် ဦးကောဝိဒ ပို့ပေးပါတယ်။ 





သာသနာအလှူ ၊ အလင်းအလှူ ပို့စ်မှာ တင်ထားတဲ့ လက်ခံ ရရှိစာရင်းမှာ တစ်ခုတော့ ပြောစရာ ရှိနေပါသည်။ ဘဏ်ကို ငွေမလွှဲဖူးတဲ့ ကျွန်တော်က လွှဲသလောက် ရောက်သွားမယ်ပဲ ထင်နေခဲ့တာပါ။ ဒါကြောင့် ကိုယ်လွှဲချင်တဲ့ ငွေအချိုးမှာ ငွေလွှဲတဲ့ဆီက ပြောသလောက်ကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် လွှဲလိုက်တဲ့ဆီက ဘဏ်ငွေလွှဲခ မကောက်လိုက်တာကို မသိလိုက်ပါဘူး။ ဒါကြောင့် ၇၀,၀၀၀ ကျပ် လွှဲလိုက်တာမှာ ၅၅၀ ကျပ် လျော့ပြီး ၆၉,၄၅၀ ကျပ် ပဲ ရောက်သွားပါတယ်။ ( တချို့ဆိုင်တွေက ကောက်တယ် ဆိုပဲ။ )





ဒါကို ကျွန်တော် နောက်ထပ် အလှူရှင် “ မိုးယံ ” ဆီက အလှူငွေ သွားရောက်လက်ခံယူပြီး ၊ လွှဲပြီးမှ သိရပါတယ်။ မိုးယံ ( လူသားအားလုံးအတွက် ) ဆီမှ အလှူငွေ ၆၃,၀၀၀ ကျပ် လက်ခံရရှိပြီး တစ်ခါတည်း ဦးကောဝိဒ ဆီကို လွှဲလိုက်ပါတယ်။ ဒီမှာလည်း ဘဏ်လွှဲခ ဆိုတာ ကျွန်တော် မသိသေးတဲ့ အတွက် ဒီအတိုင်းပဲ လွှဲလိုက်တာပါ။ အခန်းပြန်ရောက်မှ ဦးကောဝိဒနဲ့ တွေ့ပြီး ဘဏ်လွှဲခ ၅၅၀ ကျပ် လျော့တယ် ဆိုတာ သိရတာပါ။





အခု အကြိမ်တွေမှာ ဘာမှ မလုပ်နိုင်တော့ပေမဲ့ နောင်အကြိမ်တွေမှာ ပြင်ဆင်လို့ ရအောင် အားလုံးကိုလည်း သတိပေးရင်း “ သာသနာအလှူ ၊ အလင်းအလှူ ” မှ စာရင်းများကို ဆရာတော် ဦးကောဝိဒ ပေးပို့သည့် အတိုင်း အောက်မှာ ဖော်ပြလိုက်ပါသည်။





































A B C D E F
1 စဉ် ပစ္စည်းအမျိုးအမည် အရေအတွက် နှုန်း ကုန်ကျငွေ တစ်ပါးလျှင်ကုန်ကျမှု
2 ပရိက္ခရာအစုံ ၅စုံ 2500 12500 2500
3 သင်္ကန်း ၁ ပါးလျှင် (၃) စုံနှုန်း ၁၅စုံ 5500 82500 16500
4 သပိတ်(တန့်ကြည်တောင်သံသပိတ်) ၅ လုံး 4500 22500 4500
5 နိုင်လွန်ခါးပန်းကြိုး ၅ စုံ 500 2500 500
6 ခေါင်းအုံး+ခေါင်းအုန်းစွပ် ၅ လုံး 2500 12500 2500
7 စောင် ၅ထည် 4000 20000 4000
8 မျက်နှာသစ်ရေခွက် ၅ခွက် 500 2500 500
9 ပန်းကန်ပြား 500 2500 500
10 ဇွန်း ၅ ချောင်း 200 1000 200
11 ၁၀ ဆပ်ပြာခွက် ၅ခွက် 300 1500 300
12 ၁၁ ဆပ်ပြာခဲ ၅ခဲ 220 1100 220
13 ၁၂ သွားတိုက်ဆေး ၅ ဗူး 600 3000 600
14 ၁၃ သွားတိုက်တံ ၅ချောင်း 250 1250 250
15 ၁၄ ဖိနပ် ၅ရံ 1500 7500 1500
16 ၁၅ မျက်နှာသုတ်ပါဝါ ၅ထည် 1500 7500 1500
17 ၁၆ လွယ်အိတ် ၅လုံး 2500 12500 2500
18 ၁၇ လက်သည်းညှပ် ၅ခု 900 4500 900
19 ၁၈ လက်သုတ်ပ၀ါ ၅ထည် 500 2500 500
20 ၁၇ သပိတ်လွယ် ၅စုံ 2000 10000 2000
21 ၁၈ အိပ်ယာခင်း ၅ထည် 3000 15000 3000
22 ၁၉ ဖျာ အကြီးတစ်ခု 12000 12000 44970
23 ၂၀ ခြင်ထောင် အကြီးတစ်ထည် 1800 18000
24  ၂၁ သင်္ကန်းတင်ရန်၊သပိတ်တင်ရန် စင် 20000 20000
25  ၂၁ မုန့်ဟင်းခါးကျွေးကုန်ကျမှု 8500 85000
26  ၂၂ ကိုရင်များနေ့ဆွမ်းကပ် 23-8-2010 10000 10000
27  ၂၃ သီလရှင် တစ်ပါးအတွက် ကုန်ကျမှု 50000
28  စုစုပေါင်းကုန်ကျမှု 419850
29








ဆရာတော် ဦးကောဝိဒ ပေးပို့သည့် အတိုင်း ကူးယူဖော်ပြပါသည်။




လေးစားစွာဖြင့်


ကိုဇော်


.



--
လေးစားစွာဖြင့်
ကိုဇော်
http://www.zaw357.net/

ကိုဖော် ပေးပို့ထားသော မေးလ်အား တဆင့်ကူးယူဖော်ပြအပ်ပါသည်။ ကိုဇော်အား အထူးကျေးဇူးတင်ပါ၏။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ သြဂုတ်လ(၂၉)ရက်၊ နေ့လည်(၁၁နာရီခွဲ)
READMORE