“၀ဋ်ဆင်းရဲမှ၊ မလွတ်ရ၊ ချည်ကသံယောဇဉ်”
မနက်စောစော ဒေါင်းလုပ် လုပ်ပြီးသား တရားတွေထဲက တစ်ပုဒ်ကို ဖွင့်လိုက်တော့ တရားဟောဆရာရဲ့ သံယောဇဉ်ဆိုတဲ့ စကားလုံးလေးကို ရှင်းတမ်းလုပ်နေတာ ကြားရပါတယ်။ ဒီသံယောဇဉ်ဆိုတဲ့ စကားဟာ ငယ်ငယ်ကတည်းက ကြားဖူးနေခဲ့တာပါ။ လောကုတ္တရာ စာပေထဲ ခြေချတော့လည်း ဒီသံယောဇဉ်နဲ့  အပီအပြင်ကို တိုးပြန်ပါသေးတယ်။ စာပေအသိလေး နဲနဲသိလိုက်တော့လည်း ကိုယ့်မှာ ဒါကြီးက ချည်ခံနေရတာပါလားလို့  ထပ်ဆင့် ထပ်ဆင့် သိရပြန်ပါပြီ။
ငယ်ငယ်က အိမ်မှာ သာမန်နွားတွေထက်စာရင် နဲနဲရိုင်းတဲ့ နွားကြီးတစ်ကောင်ရှိပါတယ်။ တစ်နေ့ မှာ အဲဒီနွားကြီးကို ချည်ဖို့ ဆိုပြီး အဘိုးက သာမန်နွားချည်ကြိုးနဲ့ မတူတဲ့ နွားချည် ကြိုးကို အပီအပြင် ကျစ်နေတော့တာပါ။ မိမိလည်း အဘိုးကို စပ်စုလိုက်ပြန်ပါတယ်။ အဲဒီကြိုးက ဘာလုပ်ဖို့  လဲ အဘိုးကို မေးတော့ သူက “နွားကြီးက နဲနဲ ရိုင်းနေလို့  လွတ်ထွက်မသွားအောင် အသေချာ ချည်ဖို့  ဂရုတစိုက် ကျစ်နေတာကွ” တဲ့။ အော် နွားကြီး လွတ်ထွက်မသွားအောင်ဆိုပါလား။ အဘိုးရဲ့ စကားကိုလည်း ပြန်ကြားယောင်မိပြန်ပြီ။
လောကမှာ လူသားနဲ့  သံယောဇဉ်၊ သံယောဇဉ်နဲ့  လူသား မကင်းကြပါဘူး။ သတ္တ၀ါတွေကို ဆင်းရဲခြင်းတွေမှ လွတ်ထွက်မသွားအောင် ချည်ထားတာက သံယောဇဉ်ကြိုးလေးပါ။ သွပ်ကြိုး၊ နိုင်လွန်ကြိုး၊ သံမဏိကြိုးစတဲ့ သာမန်ကြိုးလေးတွေ မြင်နေရပေမယ့် အဲဒီ သံယောဇဉ်ကြိုးလေးကတော့ မြင်လို့  ရနိုင်တဲ့ အရာမဟုတ်ပါဘူး။ သာမန်ကြိုးတွေကို တစ်ခုခုနဲ့ ဖြတ်ဖို့  လွယ်ပေမယ့် သံယောဇဉ် ကြိုးလေးကတော့ ပြတ်အောင် ဖြတ်ဖို့  လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါ။ သတိမထားမိရင် ချည်ထားလို့  ချည်ထားမှန်းတောင် မသိတဲ့ အဖြစ်သနစ်ရယ်ပါ။
မိမိတို့ မှာ ဖြစ်နေကြတဲ့ ပူလောင်မှု၊ စိုးရိမ်မှု၊ ငိုကြွေးမှုတွေနဲ့  တသီးတခြားဆီ ဖြစ်မသွားရအောင် ချည်ထားပေးတာက သံယောဇဉ်ကြိုးတွေပါပဲ။ လူတွေဟာ ဒီသံယောဇဉ်ကြိုးတွေ အချည်အနှောင်ခံထားရတော့ ဘာလုပ်လုပ် မလွတ်လပ်ကြတော့ပါဘူး။ မှားနေပါလျက်နဲ့  ဒီသံယောဇဉ်ကြောင့် အမှားကိုလည်း အမှန်လုပ်ပြီး ဖုံးကာပစ်တတ်ကြပါတယ်။ သံယောဇဉ်ကြိုး များများ အချည်ခံရလေ အမှန်တရားဆိုတာ ကွယ်ပျောက်လေပါပဲ။
လောကမှာ သွပ်ကြိုး၊ နိုင်လွန်ကြိုး၊ သံကြိုးစတဲ့ သာမန်ကြိုးတွေဆိုတာ ပေါမှပေါ။ အဲဒီကြိုးတွေ ဘာလုပ်ဖို့ လဲ ဆိုတာ မေးစရာတောင် လိုမယ်မထင်ပါဘူး။ သူ့ နေရာနဲ့ သူ အသုံးချ ချည်နှောင်ဖို့ ပဲ မဟုတ်လား။ ချည်နှောင်ခံရမယ့် အရာဝတ္ထု အရွယ်အစား အလိုက် အဲဒီကြိုးတွေကို အသုံးချဖို့ ပါ။ ဥပမာ နွားဆိုရင်ပဲကြည့်။ ရိုးရိုး နွားဆိုရင် သာမန် နွာချည်းကြိုးနဲ့  ချည်နှောင်ရုံပါပဲ။ နဲနဲ ရိုင်းတဲ့ နွားဆိုရင် သူနဲ့ တန်တဲ့ ကြိုးတော့ ဖြစ်အောင် ဖန်တီးပြီး ချည်လိုက်ရတာပေါ့။ အဲဒါကြောင့် ကြိုးတွေလည်း နှစ်လွန်းတင်ကြိုး၊ သုံးလွန်းတင်ကြိုး စသဖြင့် ရှိကြရတော့တာပါ။
သံယောဇဉ်ဆိုတာလည်း သတ္တ၀ါတွေကို ဆင်းရဲခြင်းကနေ လွတ်မြောက်မသွားအောင် ချည်ထားတက်တဲ့ သဘောရှိတာမို့  ကြိုးနဲ့  တူပါတယ်။ သူ့ မှာ သာမန်ကြိုးတွေထက် ချည်နှောင်နိုင်တဲ့ သတ္တိစွမ်းအားကလည်း မနဲပါဘူး။ ကိုယ့်ကို အချည်အနှောင်ခံထားရတဲ့ ကြိုးဟာ ဘယ်နှစ်ချောင်းနဲ့  ယက်ထားသလဲ၊ နှစ်လွန်းတင်ကြိုးလား၊ သုံးလွန်းတင်ကြိုးလားဆိုတာ သိရအောင် ဘုရားရှင်က ဒီလို ခွဲခြားပြခဲ့ပါတယ်။
(၁) လောကမှာ ငါ့အိမ်၊ ငါ့နေရာ၊ ငါ့သား၊ ငါ့သမီး၊ ယောက်ျား၊ မိန်းမစသဖြင့် အခေါ်အဝေါ် အားဖြင့်သာ ရှိတဲ့ အရာတွေကို တကယ် ရှိတာလို့  မြင်နေမယ်၊ ထင်နေမယ်ဆိုရင် အဲဒါဟာ ပထမဆုံးဖြစ်တဲ့ သံယောဇဉ်ကြိုးတစ်ချောင်း အချည်အနှောင်ခံထားရတာပါပဲ။ နဲနဲမြင့်မြင့် ပြောရရင်တော့ ပညတ်နဲ့ ၊ ပရမတ်ကို ခွဲခြားပြီး မမြင်တက်တာပါပဲ။ တကယ်တော့ ငါ့သား၊ ငါ့သမီး၊ ငါအိမ်၊ ငါ့နေရာ စတဲ့ အရာတွေဟာ အပေါ်ယံပဲ ကြည့်ပြီးခေါ်တဲ့ဟာတွေပါ။ တကယ့်အနှစ်အားဖြင့်တော့ ရုပ်နဲ့ နာမ် နှစ်ခုထဲပါပဲ။ ဒီသံယောဇဉ်ကြိုးကို ပြတ်ချင်တယ်၊ ဖြတ်ချင်တယ်ဆိုရင်တော့ တကယ့် အနှစ် ဖြစ်တဲ့ ရုပ်နဲ့  နာမ်ကို ပဲ တရားနယ်ပယ်ထဲကနေပြီးတော့ ရှု့လိုက်ဖို့ ပါပဲ။ (ဒိဋ္ဌိ)
(၂) ရတနာသုံးပါး အပေါ်မှာ ယုံမှားသံသယ ၀င်နေမယ်ဆိုရင်လည်း ဒုတိယသံယောဇဉ် ကြိုးလေးတစ်ချောင်း ထပ်ချည်ခံထားရတာပါပဲ။ ဘုရားရှိတာ တကယ်မှ ဟုတ်ရဲ့လား၊ တရားကျင့်ရင်ရော အဟုတ်တကယ် ဆင်းရဲခြင်းမှ လွတ်မြောက်နိုင်ပမလား ဆိုတဲ့ အတွေးမှား၊ သံသယ မှားတွေနဲ့  ရတနာသုံးပါးရဲ့ အပေါ်မှာ သုံးသပ်နေတာလည်း ဒုတိယသံယောဇဉ်ကြိုးလေး မပြတ်နိုင်သေးလို့ ပါ။ (၀ိစိကိစ္ဆာ)
Posted by မော်ကွန်းသစ် at 5:17 AM
Labels: သံယောဇဉ်ဆိုတာ မှ ကူးယူဖော်ပြပါသည်။
ဆက်လက်ဖော်ပြပေးပါမည်။
0 comments:
Post a Comment