မကွေးမြို့ မှ SHADE စာပေ၀ိုင်း
၁၃-၃-၂၀၁၁ ၊ တနင်္ဂနွေနေ့ နေ့(၁၂) နာရီကနေ ညနေ(၃း၃၀)နာရီ ထိ အချစ်ရွာဆိုင်မှာ ၀ိုင်းဖွဲ့ကြပါတယ်။ နွေရာသီ တပေါင်းလ နေအပူရှိန်ကြောင့် စာပေ၀ိုင်းတော်သားများနည်းနေပါတယ်။ မနေ့က တစ်နေကုန်မိုးတွေအုံ့မှိုင်းနေပြီး မိုးဖွဲလေးတွေကျခဲ့ ပါတယ်။ ဒီနေ့တော့ နေပြန်ပူလာပါတယ်။ ဒီအချစ်ရွာမှာ စာပေ၀ိုင်းစတင်ခဲ့တာ အကြိမ်(၁ဂ)ကြိမ် ပြည့်ခဲ့ပါပြီ။ လာမယ့် တနင်္ဂနွေနေ့(၂၀-၃-၂၀၁၁)ရက် ကစပြီး မကွေးမြို့ SHADE ဂျာနယ်ရုံးမှာ ပေါင်းဆုံကြပါမည်။ ရှိတ် စာပေ၀ိုင်းတော်သားများ ကြွရောက်တော်မူကြပါ။ ရှိတ်စာပေ၀ိုင်းကဏ္ဍ ဂျာနယ်မှာဖော်ပြခြင်း အကြောင်းကို စာရေးသူရှင်းပြချင်ပါတယ်။ ယခင်က စာပေ၀ိုင်းတော်သားများရဲ့ ပြောကြားချက်များထဲက အကျဉ်းကို တစ်ဦးချင်းစီကဏ္ဍနဲ့ ဖော်ပြပေးခဲ့ပါတယ်။ စာဖတ်သူများက ရှိတ်စာပေ၀ိုင်း ဆောင်းပါးမှာ ဖတ်ညွှန်းကြီးသာ ဖြစ်နေကြောင်း၊ သတင်းဆန်နေကြောင်း အသံတွေထွက်လာပါတယ်။ဒါကြောင့် စာဖတ်သူများ ရဲ့ဆန္ဒအတိုင်း အယ်ဒီတာချုပ်က စာပေ၀ိုင်းတော်သားများရဲ့ ဆွေးနွေးပြောကြားချက်များထဲမှ (တစ်ပုဒ်ဆို ဆိုသလောက်) အကောင်းဆုံး တစ်ပုဒ်ကိုသာ ပြန်လည်ရွေးချယ်ပြီး ဖော်ပြပေးနေပါတယ်။ စာရေးသူကတော့ အားလုံးရဲ့ပြောကြား ဆွေးနွေးချက်များကို စာနဲ့ အသံဖိုင်ပါ အယ်ဒီတာချုပ်ဆီကို မေးလ်နဲ့အားလုံးပေးပို့ခဲ့ပါတယ်။ ဒီအပေါ်မှာ စာပေ၀ိုင်းတော်သားတစ်ချို့က ငါတို့ပြောတာ ဆွေးနွေးတာတွေ မသုံးဘူး၊ မပါလာတော့ဘူးဆိုပြီး စာရေးသူကို အမြင်စောင်းနေကြပါတယ်။ ဟိုလိုရေးပါ၊ ဒီလိုရေးပါ ဆိုပြီး ဆရာကြီးလာလုပ်နေပြန်ပါတယ်။ ဒါကြောင့် စာပေ၀ိုင်းတော်သားများအနေနဲ့ ကိုယ်ပြောတဲ့စကားများကို စာမျက်နှာမှာ တင်စေချင်ရင် အများအတွက် သုတ၊ရသခံစားချက် နည်းပညာတွေပေးနိုင်မယ့် မှတ်သားစရာ စာများကို များများဖတ်မှတ်လာကြပါလို့ တိုက်တွန်း အကြံပြုလိုက်ပါရစေ..။
ဒီတစ်ပတ် SHADE စာပေ၀ိုင်းတော်သားများကတော့ ပထမအကြိမ် ရောက်လာတဲ့ ကဗျာဆရာ ဇော်မင်းကြည်၊ ဆရာဘိုမြင့်ရှိန်(အောင်လံ)၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာသူရိန်မြိုင်၊ ပန်းချီဆရာမြင့်ဇော်ဦး နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဒီစာပေ၀ိုင်းမှာ နေမင်းရဲ့အပူဒါဏ်ကြောင့် အချစ်ရွာဆိုင်ခမ်းမ အဆောင်ထဲမှာပဲ စတင်ခဲ့ပါတယ်။ ဆရာဘိုမြင့်ရှိန်(အောင်လံ)က ပထမဆုံး စတင်ပြီး အင်္ဂလိပ်စာသင်ခန်းစာများကို ဖတ်ကြားပြီး ရှိတ်ဂျာနယ်ထဲက (၁၅၀၀)အချစ် ဆောင်းပါးကိုဆွေးနွေးပါတယ်။ ပန်းချီဆရာသူရိန်မြိုင်ကလည်း ၁၉၉၉၊ ဒီဇင်ဘာလထုတ် စာရေးဆရာ (ဂျိမ်းကွိုက်(မ်) )ရဲ့ ၀ထ္ထုတိုများ ထဲက ဘယ်လိုဖတ်ဖတ် စာမျက်နှာ(၄)မျက်နှာလေးကို နားမလည်နိုင်တဲ့ ၀ထ္ထုတို တစ်ပုဒ် (အီလည်လည် ဖြစ်နေတဲ့ အက်ပလင်(သို့) ဒက်ပလင်မြို့သူ) ကို နားမလည်စွာနဲ့ပဲ ပြန်လည်ဆွေးနွေးပြောကြားသွားပါတယ်။ ပန်းချီဆရာ မြင့်ဇော်ဦးကတော့ ဆရာချစ်ဦးညို ရေးတဲ့ လင်္ကာဒီပချစ်သူ ထဲက တစ်စိတ်တစ်ပိုင်းများကို လက်တော့ကွန်ပျူတာကို ရှေ့မှာ ဖွင့်ထားလို့ ကြည့်ပြီး စိတ်ဝင်စားစွာနဲ့ အကျယ်တ၀င့်¬¬¬¬ ပြောဆိုခံစားသွားခဲ့ပါတယ်။ စာရေးဆရာ ကဗျာဆရာဇော်မင်းကြည် ကလည်း ၂၀၀၃၊ ဇန္န၀ါရီလထုတ် စာရေးဆရာမဂျူး ရေးတဲ့ (အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ) ကို အကျဉ်းကောက်နုတ် ဆွေးနွေးပြောဆို သွားခဲ့ပါတယ်။ ပန်းချီဆရာမင်းသူကတော့ အချစ်ရွာဆိုင် နှတ်ဆက်ပွဲမှာ မချစ်တတ်၊ မမုန်းတတ်သူ လူပျိုးကြီးပီပီ ပရမတ်သစ္စာ၊ သမုဒိသစ္စာအကြောင်းများကို ပြောဆိုရင်းကနေ ကွယ်လွန်သွားခဲ့တဲ့ ကဗျာဆရာ မောင်အုန်းသောင်း(မကွေး) ရေးသားခဲ့တဲ့ (ရစ်ချည်ကျဲပါး ချုပ်ချည်များတော့ ချွေးစားအင်္ကျီ သစ်လိမ်မည်…။) ကဗျာလေးကို ခံစားပြောဆိုပါတယ်။
ဒီတစ်ပတ်တော့ ရသစာတမ်း တစ်ပုဒ်ကို တင်ပြပေးလိုပါတယ်။ ၂၀၁၀၊ ဒီဇင်ဘာလ ထုတ် ပေဖူးလွှာမဂ္ဂဇင်းထဲက ဦးဆွေ(ဒဿနိက) ရေးတဲ့ (စံနှုန်းတို့၏ တရားမျှတမှု) ရသစာတမ်းလေးကို ထုတ်နုတ်ပြီး တင်ပြပါရစေ..။
ဒီရသစာတမ်း မှာ အခန်း(၄)ခန်းပါ ပါတယ်။ အခန်း(၁) ဖွင့်ပြထားတာကတော့ မြို့ကြီးတစ်မြို့မှာ မြင်းပြိုင်ပွဲ တစ်ခုကိုသူငယ်ချင်းတစ်ယောက်က ခေါ်လို့ သွားကြည့်ခဲ့ပါတယ်။ပထမ မြင်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင်မယ့်သူ လူကမဲမဲပုပု နဲ့ မြင်းကလည်း အသင့်အတင့်အရွယ်အစား လေးသာဖြစ်ပါတယ်။ သူတို့ ကွင်းထဲကို ၀င်လာပါတယ်။ ဒိုင်လူကြီးနဲ့ ပရိတ်သတ်ကြီးကို ဂါရ၀ပြုပြီး မြင်းရေးပြပါတယ်။ မြင်းပေါ်ကို ခုန်တက်ပြီး ကျကျနနထိုင်လိုက်ပါတယ်။ မြင်းပေါ်မှာမတ်တပ်ရပ်စီးပြလိုက်၊မြင်းနံဘေး ကပ်စီးပြလိုက်၊ နောက်ပြန်ထိုင် စီးပြလိုက်နဲ့ အမျိုးမျိုးမြင်းရေးပြနေပါတယ်။ လက်တစ်ဖက်က ဓါးရှည်ကို ကိုင်ထားပါတယ်။ မြင်းပေါ်ကို အမျိုးမျိုးလုပ်ပြီး မြင်းရေးပြပြီးစီးသွားရင်းကနေ ကွင်းဘေးမှာ စီတန်းစိုက်ထားတဲ့ ငှက်ပျောပင်တွေ တစ်ပင်ချင်းကို ပါလာတဲ့ ဓါးရှည်နဲ့ တိကနဲ့နေအောင် ခုတ်ဖြတ်လိုက်ပါတယ်။ ဓါးချက်က လက်ငြိမ်နေတော့ ငှက်ပျောပင်တွေပြတ်လှဲသွားတာ ကိုမမြင်ရပဲ ငှက်ပျောပင်တွေက မတ်မြဲမတ်နေကြပါတယ်။ သူ့ရဲ့ တပည့်တစ်ဦးက မြင်းစီးပြီး နောက်ကလိုက်လို့ အဲဒီငှက်ပျောပင်တွေကို ၀ါးလုံးနဲ့ထိုးမှ အပင်တွေအပိုင်း လိုက်ပြတ်လဲသွားကြောင်း မြင်တွေ့ခဲ့ကြရပါတယ်။ မြင်းစီးအလှ၊ ဓါးခုတ်တဲ့အလှ သပ်သပ်ယပ်ယပ် ရှိပါတယ်။ ပထမမြင်းရေးပြပြိုင်ပွဲဝင်သူနဲ့မြင်း ဒိုင်လူကြီးများရှေ့ကို ပြန်ရောက်လာပါတယ်။ လက်ခုပ်သံ သုံးလေးချက်တီး သံသာကြား လိုက်ရပါတယ်။ ဒုတိယ မြင်းရေးပြပြိုင်မယ့်သူတစ်ဦး လူက ကိုယ်လုံးထွားထွားကြိုင်းကြိုင်း လှလှပပ နှင့် မြင်းကလည်း ထောက်မြင့်မြင့် ခပ်ချောချောနဲ့ ဒိုင်လူကြီးများရှေ့ကို ရောက်လာပါတယ်။ ဒိုင်လူကြီးနဲ့ ပရိတ်သတ်ကို ဂါရ၀ပြုပြီး မြင်းရေးပြနေပါတယ်။ လူကလှပြီး နည်းနည်းဝနေတော့ မြင်းပေါ်မှာ စမတ်ကျအောင် မထိုင်နိုင်ပါဘူး။ ဒါပေမယ့် ပရိတ်သတ်က လက်ခုပ်သံတွေပေးနေပါတယ်။မြင်းရေးပြစီးတော့လည်း ပုံစံကလည်းမကျပါ။ ဓါးရေးပြတဲ့ အခါမှာလည်း ငှက်ပျောပင်တွေကို တိကနဲ မပြတ်ပဲ အခွန်တွေ အမျှင်တွေနဲ့ တန်းလှန်းကျနေကြပါတယ်။ ဒိုင်လူကြီးရှေ့ကို ပြန်ရောက်လာခဲ့ပါတယ်။ လက်ခုပ်သံတွေ လက်ကောက်မှုတ်သံတွေ တကွင်းလုံးမှာ ဆူညံသွားပါတယ်။ ဒိုင်လူကြီးများကလည်း ဒုတိယမြင်းရေးပြိုင်ခဲ့တဲ့ သူနဲ့ မြင်းကိုသာ ပထမ ပေးလိုက်ကြောင်း ကြော်ငြာလိုက်ကြပါတယ်။ ကျွန်တော့်ဘေးက သူငယ်ချင်းကတော့ `ပျက်ကုန်ပါပြီဗျာ´ ဆိုသောစကားကို ဂါထာရွတ်သလို ဆိုနေပါတော့တယ်..။
အခန်း(၂)ကတော့ `ဟေ့လူ ခင်ဗျားစဉ်းစားကြည့်´ ဆိုတဲ့စကားနဲ့စပြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲကို ၀င်ပြီးထိုင်လိုက် ကြပါတယ်။ အခြားတဘက် စားပွဲမှ လူငယ်တစ်စုက သူတို့ညတုံးကကြည့်ခဲ့ရတဲ့ ကျော်သူ၊ မို့မို့မြင့်အောင်၊ စန္ဒယားခင်ခင်နု၊ ဇော်ဦး တို့ သရုပ်ဆောင်ပြီး ဒုတိယအကြိမ်ပြန်ရိုက်ထားတဲ့ (ပန်းပန်လျှက်ပါ) ရုပ်ရှင်ဇာတ်ကားက တော်တော်ကို ကောင်းကြောင်း အားပါးတရ ချီးမွမ်းပြောဆိုနေကြပါတယ်။ ဒီဘက်ဝိုင်းက သူငယ်ချင်းနဲ့ စာရေးသူကလည်း `ခင်ဗျား စဉ်းစားကြည့်လိုက်´ သူတို့တတွေပြောဆိုနေတာလည်း မမှန်ဘူး၊မကောင်းဘူးလို့ ကျွန်တော်မဆိုလိုပါဘူး။ အဲဒီဇာတ်ကားက ကျွန်တော်တို့ကြည့်ပြီးသား ဆရာမခင်နှင်းယု ရဲ့ (ပန်းပန်လျှက်ပါ) ၀ထ္ထုဇာတ်ကားလေ။ ဒါရိုက်တာက ဦးချစ်၊ မင်းသမီးက ကြည်ကြည်ဌေး၊ မင်းသားက ကောလိပ်ဂျင်နေ၀င်း နဲ့ မြတ်လေး၊ ခင်မမနေရာက ဘေဘီနွဲ့ဗျာ။ ခုခေတ် ကလေးတွေ ပထမရိုက်တဲ့ ဇာတ်ကားကို မကြည့်ဘူးသေးလို့ပါ။ ဒါကြောင့် ခုခေတ်ကလေးတွေ ထန်လျက်နဲ့သာ အချိုကုန်နေတယ်ပြောရမလားပဲ။ပထမရိုက်ခဲ့တဲ့ ရုပ်ရှင်ကားအစစ်ကို မကြည့်ဘူးသေးတော့ ဒုတိယရိုက်တဲ့ရုပ်ရှင်ကားကို ကောင်းတယ် ပြောနေကြတယ်နော်..။
အခန်း(၃) မှာ တစ်ခါကဖြစ်ပါသည် ဟုအစချီပြီး သူငယ်ချင်းတစ်ဦးက သူ့ယောက်ဖ တပ်ရင်းမှူးဆီက လက်ဆောင်ပေးလို့ ယူလာတဲ့ အာမီရမ် စစ်စစ် ကို ကျွန်တော်တို့သူငယ်ချင်းတစ်စု သူ့အိမ်မှာ ခေါ်ပြီး ဧည့်ခံပါတယ်။ အရက်ဝိုင်း သုံးပတ်မြောက် သုံးခွက်ရောက်ကြတော့ ` ဘယ်လိုကြီးလည်း မသိဘူးနော်´။ `အေးဟ ပေါ့ရွတ်ရွတ် နေသလိုပဲ´။ `ဒို့ သောက်နေကြနဲ့ ဘာကွာသလဲ မသိဘူး´။ တစ်ယောက် တစ်ပေါက်ပြောနေသံကို အိမ်ရှင်ဒကာ ကြားတော့ ဒေါသူပုန်ထ ပုလင်းကို ဆောင့်ချပြီး ခပ်တင်းတင်း ဒေါသကြီးစွာပြောဆိုပါတယ်။ ` ဒါ ငါကိုယ်တိုင် ငါ့ယောက်ဖ ဆီက သယ်လာတာကွ၊ သည်ထက်စစ်စရာ ဘာမှမရှိဘူး´။ ဟေ့ ကောင်တွေ ငါက အစစ်ကိုတိုက်တာကွ။ စစ်စစ်နဲ့တောင်မည် နေသေး။ မင်းတို့က `အင်´ တွေကိုသောက်ပြီး `အင်´ အရသာကို တန်းတန်းစွဲ ဖြစ်နေတော့ အစစ်ရဲ့အရသာကို ဘယ်ခံစားတတ်တော့မလဲ။ သွားကွာ။ သွားကြ။ မင်းတို့သောက်နေကြဆိုင်ကိုသွားပြီး `အင်´ နဲ့ပဲမူးကြတော့။ အလကား အကောင်တွေပဲ။ အကောင်းနဲ့ မတန်တဲ့ အကောင်တွေ သွားကြ။ လို့ ဇွတ်အတင်း ကျွန်တော်တို့သူငယ်ချင်းတစ်စုကို နှင်ထုတ်ပါတယ်။ ကျွန်တော်တို့လည်း အလျှိုလျှို ထပြီး သောက်နေကြဆိုင်ကို ၀ိုင်းဖွဲ့ပြီး ပြန်သောက်ကြပါတယ်။ ကျွန်တော်တို့ သောက်နေတုံး စောစောက ဒေါသကုမ္မာရဒကာတော် သူငယ်ချင်းက နောက်ကလိုက်လာပါတယ်။သူက ကျွန်တော်တို့ ၀ိုင်းထဲကို ၀င်ထိုင်ပြီး ကျွန်တော်တို့စားပွဲအလယ်မှာ ထောင်ထားတဲ့ အာမီရမ်ပုလင်းထဲမှ အရက်တစ်ခွက်ကို အတင်းငှဲ့ပြီး ယူသောက်ပါတယ်။ အားလုံးကဒီလူ သူတို့ကို ရန်မူတော့မယ်လို့ ထင်ပြီးကြောက်နေကြပါတယ်။ အရက်တစ်ခွက်ကို မော့သောက်ပြီးတော့မှ သူက ဒီလိုဆိုလိုက်ပါတော့တယ်။
` အေး အခုမှ အဆင်ပြေသွားတယ်ကွ´ တဲ့။
အခန်း(၄)။ လောကကြီးမှာ ဆန့်ကျင်ဘက် ဒီဂရီတွေ များစွာရှိကြပါတယ်။ အဆိုးနဲ့ အကောင်း။ အတော်နဲ့ အညံ့။ အမှန် နဲ့ အမှား။ အဖြူ နဲ့ အမည်း။ မိုက်တာ နဲ့ လိမ္မာတာ။ အမြင့် နဲ့ အနိမ့်။ အထက်တန်း နဲ့ အောက်တန်း။ ရေးပြနေရင် ဆုံးနိုင်ဖွယ် မရှိပါ။ ထိုအရာများရဲ့ ဒီဂရီ အနိမ့် အမြင့်ကို ကျွန်တော်တို့ ဘယ်လိုပေတံတွေ နဲ့ တိုင်းနေကြပါသလဲ။ ဘယ်ထောင့်ကရပ်ပြီး ကြည့်နေ အကဲဖြတ်နေကြပါသလဲ။ ကျွန်တော်တို့ ဒီဂရီ တိုင်းသည့် ပေတံတွေကကော ဘယ်လောက် အထိ ခိုင်မာကြပါသလဲ။ ဘယ်ကာလအထိ ဘယ်အတိုင်း အတာအထိ မှန်သည်လို့ အာမခံ နိုင်ပါသလဲ။ ကျွန်တော့်ခေါင်းထဲကို အတွေးပေါင်း များစွာဝင်လာခဲ့ပါတယ်။ စံနှုန်း သတ်မှတ်ချက်အပေါ်မှာ လူတွေရဲ့စိတ် ခံစားမူက လွမ်းမိုးနိုင် သလား။ ကျွန်တော့်မိတ်ဆွေရှေ့နေ ပြောလေ့ရှိတဲ့ ``ဟေ့လူ ခင်ဗျား စဉ်းစားကြည့်´´ ဆိုတဲ့ စကားကိုသာ ကြားယောင်ပြီး ကျွန်တော်ပြုံးနေမိပါတော့တယ် ခင်ဗျား…။
စိတ် အဟာရပြည့်ဝအောင် ရှိတ်ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ ရှိတ်စာပေ၀ိုင်းသို့ သွားကြပါစို့..။
ရွှေလမ်းငွေလမ်းဝင်းကြည်
0 comments:
Post a Comment