မကွေးမြို့က SHADE စာပေ၀ိုင်း(၂၃)





မကွေးမြို့က SHADE စာပေ၀ိုင်း(၂၃)
၂၄-၄-၂၀၁၁၊ တနင်္ဂနွေနေ့ ၊ နေ့လယ်(၁၂)နာရီ မှ ညနေ(၃း၃၀) နာရီအထိ မကွေးမြို့၊ရန်ကင်းရပ်ကွက်၊ သုခိတာလမ်း နဲ့ ပိတောက်လမ်းကြားက (Forever) စားသောက်ဆိုင် မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ (၁၃၇၃) ခုနှစ် နှစ်သစ်မင်္ဂလာမှာ ဒီရှိတ် စာပေ၀ိုင်းက ပထမအကြိမ် စတင်တဲ့ပွဲပါ။ ရှိတ်စာပေ၀ိုင်းကျင်းပလာခဲ့တာ (၂၃) ကြိမ်မြောက်ပါပြီ..။ နှစ်သစ်မင်္ဂလာ ရှိတ်စာပေ၀ိုင်းမှာ တက်ရောက်လာကြတဲ့ စာပေ၀ိုင်းတော်သားများကတော့ မကွေးစာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ မကွေးဝင်းမြင့်၊ နေခြည်(မကွေး)၊ ပန်းချီဆရာသူရိန်မြိုင်၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာမြင့်ဇော်ဦး၊ စာရေးဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ သတင်းတာဝန်ခံ ကောင်းသုတ(မင်းဘူး)၊ ဆရာဘိုမြင့်ရှိန်(အောင်လံ)၊ ဆရာတင်လင်းဇော်၊ နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဆရာမကွေးဝင်းမြင့်က နှစ်သစ်မင်္ဂလာမှာ (၃၈)ဖြာမင်္ဂလာတရားတော် အကြောင်းကို အကျယ်တ၀င့် ပြောကြားသွား ပါတယ်။ ကျွန်တော်တို့တတွေဟာ ဗုဒ္ဓရှင်တော်မြတ် ဟောကြားထားခဲ့တဲ့ ဒီ(၃၈)ဖြာ မင်္ဂလာတရားတော်နဲ့သာ မပျက်မကွက် ထာဝရ ကျင့်သုံးနေထိုင်သွားကြမယ်ဆိုရင် ဘ၀အတွက် လောကီ လောကုတ္တရာနှစ်ဖြာနဲ့ ကောင်းကျိုးမင်္ဂလာတွေကို ပြည့်ဝစွာ ခံစား စံစားသွားနိုင်ကြပါလိမ့်မယ်..လို့ ပြောဆိုပါတယ်။ စကားနဲ့ဆို မေ့လျော့သွားမှာ စိုး၍ (၃၈)ဖြာ မင်္ဂလာတရားတော်အား အနက်ဖွင့်ပေးထားတဲ့ စာဆောင်များကို ဓမ္မဒါန လက်ဆောင်ပေးလိုက်ပါသေးတယ်။
ဆရာနေခြည်(မကွေး) ကတော့ ၂၀၁၁၊ဧပြီလထုတ်တဲ့ သရာပါမဂ္ဂဇင်းမှ အကောင်းဆုံး အကြိုက်ဆုံးဝထ္ထုတိုတစ်ပုဒ်နဲ့ အညံ့ဆုံး ၀ထ္ထုတိုတစ်ပုဒ် ကိုအကျယ်တ၀င့် ပြောဆိုဆွေးနွေးသွားပါတယ်။
ပန်းချီဆရာသူရိန်မြိုင်ကလည်း ဖတ်လို့မကုန် ပြောလို့မဆုံးနိုင်တဲ့ ကျော်စွာ(၁၀၀) ထဲက ၀ီလျရန် ရှိတ်စပီးယား ရဲ့ ပြဇာတ် အကြောင်းတွေကို ပြည့်ပြည့်စုံစုံ ပြောဆိုဆွေးနွေးသွားပါတယ်။
ပန်းချီဆရာမင်းသူကတော့ စာရေးဆရာနဲ့ နိုင်ငံရေးသမားကွာခြားပုံကို စတင်ပြောဆိုပါတယ်။ တချိန်တုံးကကျောင်းသား သပိတ်တွက် အလှူခံပွဲမှာ ဦးကျော်ငြိမ်ရဲ့ ဇနီးဖြစ်လာမယ့် မနွယ်ဆိုတဲ့ ကျောင်းသူလေးနဲ့ စာရေးဆရာဖြစ်လာမယ့် ကျောင်းသားငယ်လေး ကိုလှမြိုင်(ခ) ဒဂုံတာရာတို့ အဖွဲ့ အလှူခံထွက်ကြပါတယ်။ လမ်းမှာ ကိုလှမြိုင်ဆိုသူက ဘိနပ်ပြတ်သွားပါတယ်။ အဲဒါကို မနွယ်က အလှူခံငွေထဲမှ ငွေနဲ့ ဘိနပ်တစ်ရံဝယ်ခိုင်း ပါတယ်။ ဒဂုံတာရာဖြစ်လာမယ့် ကျောင်းသားလေးက ဘာပြောလိုက်သလဲဆိုတော့ ( အဲလို လုပ်လို့သုံးလို့ မရဘူးလေ..။ သူ့စည်း၊ သူ့ကမ်းနဲ့ သွားလေ..။ ) ပြောလိုက်ပါတယ်။ နိုင်ငံရေးသမား ဖြစ်မယ့် မနွယ်ကလည်း ပြန်ပြောပါတယ်။ (ရှင်ကလည်း တော်တော်ကို ဇီဇာကြောင်တယ်..။) လို့ပြန်ပြောလိုက်ပါတယ်။ အဲဒါကို စာရေးဆရာဖြစ်မယ့် ဒဂုံတာရာက ပြန်လည်တွေးတောကြည့် ပါတယ်။ နိုင်ငံရေးသမားက လုပ်စရာရှိရင် တိုးလုပ်မယ်..။ စာရေးဆရာကတော့ အမှားမခံနိုင်ဘူး။ အဖြူပေါ် အမည်းတင်မှာဆိုတော့ ချင့်ချိန်ပြီးမှ လုပ်ရ၊ ရေးရတယ်။ လုပ်စရာရှိရင် စဉ်းစဉ်းစားစားနဲ့လုပ်ရတယ်။ စာရေးဆရာဆိုတာ အမှားကင်းအောင် လုပ်တတ်တယ်။ လို့ ဆရာဒဂုံတာရာက ပြောဘူးပါကြောင်း တို့ကို ပန်းချီဆရာမင်းသူက ပြောကြားသွားပါတယ်။ နောက်ပြီး သူက ကလျာမဂ္ဂဇင်းထဲမှ ကဗျာဆရာညီမင်းညိုရဲ့ (၀ိရောဓိ လမ်းများ ) ဆိုတဲ့ ကဗျာကို ဖတ်ကြားဆွေးနွေးသွားပါတယ်။
ဝိရောဓိ လမ်းများ
စည်းမယ့် ကမ်းမယ့်လည်းနေချင်တယ်
သက်တန်းတိုမှာလည်း ကြောက်တယ်..။
ဖောက်လွဲဖောက်ပြန်လည်း ဖြစ်ချင်တယ်
လူသူ လေးပါးတွေမြင်မှာလည်း ကြောက်တယ်။
ခုတမျိုး တော်ကြာတမျိုးပြောရင်းနဲ့
တည်ကြည်တဲ့သူလည်း ဖြစ်ချင်သေးတယ်..။
နည်းနည်းလောက်ပေးပြီး
များများကြီးလည်း မျှော်လင့်နေပြန်တယ်.။
သူများကို အလင်းရောင်ပေးသလိုနဲ့
ကိုယ်ပိုင်တောက်ပမှုကိုလည်း ခုံမင်နေတယ်..။
ကိုယ့်ရဲ့တောက်ပမှုအတွက်
သူတစ်ပါးကို စိတ်လိုလက်ရ တိုက်ချွတ်နေချင်တယ်..။
သစ္စာတရားကို တဖွဖွရွတ်ဆိုပြီး
မုသာ ၀ါဒကိုလည်း ပညာသားပါပါ အလုံးလိုက်မြိုချနေတယ်..။
သူရဲကောင်းလည်း ဖြစ်ချင်သေးတယ်
စွန့်လွှတ် စွန့်စားရမှာကို ကြောက်တယ်…။
သံသရာ ၀တ်ဆင်းရဲကလည်း လွတ်ချင်တယ်
အနှောင်အဖွဲ့တွေကလည်း များလွန်းတယ်..။
ခန္ဓာကိုယ်တစ်ခုလုံးမှ စိတ်ရဲ့မရိုးသားမှုတွေကို
မျက်လုံးတွေက ဖြောင့်ချက်ပေးနေတယ်..။
နောက်ဆုံးမှာတော့ ဒီလူဟာ လူသားထဲက လူတစ်ယောက်ဖြစ်ပြီး
လူသားရဲ့ ဒုက္ခနဲ့ သုခတွေကို အမှောင်တခြမ်း အမည်းတခြမ်းဖြတ်သန်းရင်းနဲ့
အလင်းကိုရှာဖွှေနေသူဖြစ်နေပြန်တယ်….။ ။
ယခုလို ဘ၀အတွက် ပြတ်သားရှင်းလင်းစွာနဲ့အတုယူစရာ ဆရာညီမင်းညိုရဲ့ ကဗျာလေးကို ပန်းချီဆရာမင်းသူမှ နှစ်သစ်ကူး လက်ဆောင်အဖြစ် ရွတ်ဆိုပေးသွားခဲ့ပါတယ်။
စိတ် အဟာရပြည့်ဝအောင် ရှိတ်ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ ရှိတ်စာပေ၀ိုင်းသို့ သွားကြပါစို့….။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့က SHADE စာပေ၀ိုင်း (၂၂)





SHADE (22)
မကွေးမြို့က SHADE စာပေ၀ိုင်း (၂၂)
၁၀-၄-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့(၁၂) နာရီ မှ ညနေ(၄)နာရီအထိ မကွေးမြို့၊ ရန်ကင်းရပ်ကွက်၊ သုခိတာလမ်း နှင့်ပိတောက်လမ်းကြား¬¬¬ Forever စားသောက်ဆိုင် ဥယျာဉ်မှာ ပေါင်းဆုံဝိုင်းဖွဲ့ဖြစ်ကြပါတယ်။ Shade စာပေ၀ိုင်း(၂၂)ကြိမ်ပါ။ နှစ်သစ်ကူး သင်္ကြန်အကြိုစာပေ၀ိုင်းဆိုရင် မမှားပါဘူး။ လာမယ့်(၁၇-၄-၂၀၁၁) တနင်္ဂနွေနေ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ အခါကြီးရက်မြတ်ဖြစ်လို့ တရားဘာဝနာများ အားထုတ်စေရအောင် ရှိတ်စာပေ၀ိုင်းကို တပတ်နားပေးပါတယ်။ ဒီနေ့လာရောက်ကြတဲ့ ရှိတ်စာပေ၀ိုင်းတော်သားများကတော့ ဘိုမြင့်ရှိန်(အောင်လံ)၊ ရေနံ့သာအောင်ချမ်းဇော်၊ ပန်းချီဆရာ မြင့်ဇော်ဦး၊ နေခြည်(မကွေး)၊ ဇော်မြင့်ဇော်(ဗန္ဓရ) နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဆရာဘိုမြင့်ရှိန်(အောင်လံ) ကတော့ ပါလာတဲ့ရှိတ်ဂျာနယ်မှ ဆရာကြည်လွင်မြင့်(မုဒြရာ)ရဲ့(အရက်တစ်ခါတရံ သောက်ပြီး လေဖြတ်ခြင်း) ဆောင်းပါးကို ဖတ်ပါတယ်။ လစဉ်ထုတ် အင်္ဂလိပ်စာသင်ခန်းစာအုပ်တွေကို စာပေ၀ိုင်းမှာ လာဖတ်ပြနေပြန်ပါတယ်။ တစ်ခါတရံမဟုတ်ပါ စာပေ၀ိုင်းတိုင်းမှာ အင်္ဂလိပ်စာသင်ခန်းစာတွေကို ခဏ ခဏ ဖတ်ပြနေတော့ ၀ိုင်းတော်သားတွေက ခေါင်းရမ်းပြနေကြတာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် လာမယ့် ရှိတ်စာပေ၀ိုင်းကစပြီး ၀ထ္ထုများကိုဖတ်လာ ကြရမယ်။ စာဖတ်သူများရဲ့ ထင်မြင်ချက် သဘောထားကို ဆွေးနွေးပြောကြားကြရပါမည်လို့ အားလုံးက သဘောတူလိုက် ကြပါတယ်။ ရှိတ်စာပေ၀ိုင်းကို မထပ်စေရအောင် တစ်ပတ်ခြား ၀ထ္ထု၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး(ရသစာတမ်း)၊ သတင်းဆောင်းပါး တို့ကို ကြိုတင်ချိန်းဆိုပြီး ပြောဆိုကြမည်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ရေနံ့သာအောင်ချမ်းဇော်ကလည်း ရှိတ်ဂျာနယ်က ဆရာကြည်လွင်မြင့်(မုဒြရာ) ရဲ့ (အရက်တစ်ခါတရံသောက်ပြီး လေဖြတ်ခြင်း) ဆောင်းပါးကိုဆွေးနွေးပါတယ်။ ဆရာက အရင်ဆောင်းပါးတွေလို အရှည်ကြီးမရေးတော့ဘဲ စာအရေးအသား တိုရှင်း လိုရင်းနဲ့ ကျစ်ကျစ်လစ်လစ် ရေးသားထားတာကို အတုယူရေးသားကြဖို့ တိုက်တွန်းပြောကြားသွားပါတယ်။ ဥပမာ အေးရွှေ(ကေတုမတီ) ရေးသားဖော်ပြတဲ့ လိုရင်း၊တိုရှင်း ဆောင်းပါးတွေလောက် ဆိုရင် ဂျာနယ်မှာ အခြားစာရေးသူတွေရဲ့ ဆောင်းပါးများကို များများ ဖော်ပြနိုင်ပါတယ်။
နေခြည်(မကွေး)ကတော့ ၂၀၀၉၊နှစ်ထုတ် ခံစားသူများအကြိုက်ဝထ္ထုတိုများစာအုပ်ထဲက စာရေးဆရာ မင်းခိုက်စိုးစံရဲ့ နဂါးမျက်စောင်းဝထ္ထု တိုတစ်ပုဒ်ကို ပြန်လည်ခံစားပြောကြားပြီး စာရေးသူဖော်ပြရေးသားချက်တွေကို အတုယူရန် ပြောကြားသွားပါတယ်။
ဇော်မြင့်ဇော်(ဗန္ဓရ) ကလည်း စာပေ၀ိုင်းကို မှီအောင် အပြေးတက်လာပါတယ်။ သူကတော့ စာရေးသူကို ပြင်းထန်စွာ နဂါးမာန်တင်းနေပါတယ်။ ပြဿနာကတော့ (မကွေးမြို့လုံးဆိုင်ရာ နွေရာသီမှာ လူငယ်(၁၅၀၀)ကို ယျဉ်ကျေးလိမ္မာ(၅)ရက် သင်တန်း) သတင်းကိစ္စပါ။ အရင်တခါစတင်တဲ့ အစည်းအဝေးပွဲ သတင်းတုံးကလည်း တလကြမှ ပါလာတယ်။ ယခုလည်း အတွဲ(၅)၊အမှတ်(၂၀)မှာ ပါမယ်လို့ကြိုတင်ပြောထားပြီး မပါတော့ သူအရှက်ကွဲရကြောင်း ကိုရင်ဖွင့်ပြီး ရှိတ်ဂျာနယ် မကွေးရုံးခွဲ တာဝန်ခံ စာရေးသူကို ဦးတည်ပြောကြားနေပါတယ်။ နောက်ပြီး ဆရာမောင်ဝံသရဲ့ ဆောင်းပါးနှစ်ပုဒ်ကိုလည်း ဖတ်ကြားပြသွားပါတယ်။
စာရေးသူကတော့ ၂၀၁၀၊ ဒီဇင်ဘာလထုတ်၊ ပေဖူးလွှာမဂ္ဂဇင်းမှ မောင်ရင်းမာ(ကျောင်းကုန်း) ရဲ့ (တိမ်တောက်ချိန်) ဆိုတဲ့ ရသစာတမ်းကို ခံစားပြောဆို ဆွေးနွေးခဲ့ပါတယ်။
ပန်းချီဆရာမြင့်ဇော်ဦးကတော့ ဒီနေ့ပွဲကို စာပေဟောပြောပွဲတစ်ခုက ဆရာအော်ပီကျယ် နဲ့ ဆရာမောင်သာချိုတို့ ပွဲမှာ ဆရာမောင်သာချိုက ဆရာအောင်ဝေးရေးတဲ့ (မြစ်ဆိပ်) ဆိုတဲ့ကဗျာလေးကို ရွတ်ဆိုပြပါတယ်။ အပြည့်အစုံ အတိအကျတော့ ဖြစ်ချင်မှဖြစ်မယ် လို့လည်း စကားခံပါတယ်။အဓိပ္ပာယ်လေးကကောင်းလွန်းလို့ပါ။ ကဗျာလေးကတော့
မြစ်ဆိပ်
အဲဒီနေ့ခင်းက ငါက နွားခြေရာတွေပေါ်ကိုတက်နင်း
နွားတွေက ငါ့ခြေရာကို ပြန်နင်းရင်း ဖုံတထောင်းထောင်းနဲ့
မြစ်ဆိပ်ကို ဆင်းသွားလိုက်ကြတယ်…။
နွားတွေက ဦးဆောင်နေတာလား.. လူတွေက ဦးဆောင်နေတာလား..
နှင်တံကိုထောက်မိလို့ နောက်ရွံ့လို့ကျန်ခဲ့တဲ့ ကမ်းပေါ်က သူ့ရုပ်ပုံ
မှုံရာက လင်းလာတော့ အိုမင်းပုံမြန်ဆန်လိုက်တာ…။
နောက်ဆုံးတော့…သူလည်း နွားတွေလို ရေဆင်းသောက်တာပါ…။
ဆရာအောင်ဝေး။
ဆရာမောင်သာချိုက သူခံစားပြီးပြောသွားတာကတော့ အများကြီးပါ။ ကဲဒါဆိုရင် ကျွန်တော်တို့ နိုင်ငံကို ခေတ်နောက်ကျပြီး ကျန်နေတယ်လို့ ပြောချင်တာလား။ ဒါဆိုရင် ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။အုပ်ချုပ်သူနဲ့ အုပ်ထိမ်းသူ မိဘ၊ဆရာသမားများမှာ တာဝန်ရှိသလား၊ အစိုးရမှာ တာဝန်ရှိပါသလား။ ဘယ်သူ့ကိုမှ ပုံမချစေလိုပါ။ မိမိကိုယ်သာ မိမိကောင်းအောင် တိုးတက်လာအောင်ကြိုးစားရမှာပါ။ အားလုံးမှာတော့ တာဝန်ကိုယ်စီ ရှိကြမည်ထင်ပါတယ်။ လူတိုင်း လူတိုင်းဟာ မိမိကိုယ်ကိုသာ ကောင်းအောင် တစ်ဦးချင်း တစ်ယောက်ချင်းကစပြီး တာဝန်သိတတ်မှု၊ တာဝန်ယူတတ်မှု၊ တာဝန်ထမ်းဆောင်မှု များနဲ့ မှန်ကန်တဲ့ စေတနာကို အရင်းခံထားကြပြီး ကြိုးစား အားထုတ်ကြမယ်ဆိုရင် တစ်ရပ်ကွက်လုံး၊ တစ်မြို့နယ်လုံး၊ ပြည်နယ် တိုင်းဒေသကြီးတစ်ခုလုံး တစ်နိုင်ငံလုံး တိုးတက်လာကြမှာပါ။ ဆရာအောင်ဝေး ကဗျာထဲကလို လူနဲ့ နွား ရေအတူ သောက်ရတဲ့ ဘ၀က လွတ်ကြမှာပါ..လို့ ပြောကြားသွားခဲ့ပါတယ်။

စိတ် အဟာရပြည့်ဝအောင် ရှိတ်ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသနဲ့ ပြည့်စုံတဲ့ ရှိတ်စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၁)




http://winkyi.googlecode.com/files/SANY0026.JPG

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၁)
၂၈-၈-၂၀၁၁ ၊တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃း၃၀)အထိ မကွေးမြို့၊ ဗိုလ်ချုပ်လမ်း က (လက်ရွေးစင် အအေးဆိုင်) မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း(၄၁)ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီတစ်ပတ် တက်ရောက်လာသူ ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ ပန်းချီဆရာမင်းသူ၊ ဆရာဇော်မင်းကြည်၊ ပန်းချီဆရာသူရိန်မြိုင်၊ ကာတွန်းဆရာ မောင်အေး(မင်းဘူး) (ခ) ဖရဲသီး၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ဆရာနေခြည်(မကွေး)၊ ဆရာတင်လင်းဇော် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။ စာပေ၀ိုင်းရဲ့ထုံးစံအတိုင်း လက်ျာရစ် တစ်ဦးချင်းပြောဆိုပါတယ်။ တစ်ဦးပြောဆိုပြီးတိုင်း သိလိုတာ၊ မေးလိုတာများ နဲ့ ကွဲလွဲတဲ့ သဘောထားအမြင်များကို မေးမြန်း ပြောဆိုဆွေးနွေးကြပါတယ်။ ဒီတစ်ပတ်တော့ ပြောဆိုဆွေးနွေး သူတိုင်းရဲ့ ပြောဆို ဝေဖန်မှုများကို နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး တင်ပြပါရစေ..။
ဆရာကြီး မကွေးဝင်းမြင့် က စတင်ပြောဆိုပါတယ်။ ``လေးစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျာ..၊ အရင်တစ်ပတ်က အလွန်သည်းခံနိုင်စွမ်းရှိသော ဂျပန်ဘုန်းတော်ကြီးတစ်ပါး အကြောင်းကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်ကြီးများကို အတုယူပြီး သည်းခံခွင့်လွတ်တတ်တဲ့ အလေ့အကျင့်ပြုစုပျိုးထောင်မယ်ဆိုရင် အောင်မြင်မှုအကျိုးထူးကိုခံစားရမှာ မလွဲပါဘူး။ တစ်နေ့က စာပေမိတ်ဆွေတစ်ဦးနဲ့ သည်းခံခွင့်လွတ်ခြင်း အကြောင်းကို စကားစပ်မိကြတော့.. ထို မိတ်ဆွေက ပြောပါတယ်။ ဆတ်ဆတ်ထိမခံ ဒေါသကြီးသူဟာ ကလျာဏ မိတ်ကောင်း ဆွေကောင်းများဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် လင်္ကာလေးနဲ့ ဆိုပါတယ်။´´
`` ( မဟုတ်မခံ ခွန်းတုံ့ပြန်၊ မှန်သော်လည်းရှုံး၊ လူကြီးမုန်း၏။) လို့ သူကဆိုလာပါတယ်။ ကျွန်တော်ကတော့ ဒီလိုလေးပြောင်းပြီး ဆိုချင်ပါတယ်။ (ဆတ်ဆတ်ထိမခံ ခွန်းတုံ့ပြန်၊ ခင်မင်မှုလည်းဆုံး၊ လူများလည်းမုန်း၏..။) ထိုမိတ်ဆွေထံက ဒီလိုအဖိုးတန်တဲ့စကားလေးကို ကြားလိုက်ရတော့ ၀မ်းသာအားရ သူ့လက်ကိုဆွဲပြီး ကျေးဇူးတင်စကားပြောလိုက်မိပါတယ်။ ယခုကြွရောက်လာကြတဲ့ မိတ်ဆွေများလည်း အရာရာမှာ သည်းခံခွင့်လွတ်နိုင်ကြပါစေ ခင်ဗျား..။´´ လို့ ဆရာမကွေးဝင်းမြင့်က ပြောဆိုသွားပါတယ်..။ (ဆရာမကွေးဝင်းမြင့် ပြောကြားချက်ကို အများလက်ခံပြီး ပြန်လည်မဆွေးနွေးကြပါ။)
ပန်းချီဆရာမင်းသူကတော့ ဈေးကွက်ဂျာနယ်ထဲက စာရေးဆရာ သတင်းထောက် မကွေးဝင်းမောင် ရေးသားတဲ့ (ပဲဇင်းငုံ ပါတီ) ဆိုတဲ့ဈေးကွက် သတင်းဆောင်းပါးကို အကျယ်တ၀င့်ဖတ်ကြား ဆွေးနွေးပါတယ်။ အညာဒေသမှာ ပဲဇင်းငုံ ဈေးတွေ ကျနေကြောင်း၊ ပဲဇင်းငုံ တစ်တင်းကို ပိဿာ(၂၀) သတ်မှတ်ထားကြောင်း၊ ကုန်သည် ပွဲစားတွေက (ကောက်ပင်ရိတ်လှီး သီးနှံဝယ်ယူနည်း) နဲ့ တောင်သူလယ်သမားတွေဆီက ၀ယ်ယူနေကြတာကို အသေးစိတ် ရေးသားချက်များကို တင်ပြပြောဆို ဆွေနွေးသွားပါတယ်။ ပြည်ပပို့ကုန်ဈေးကျနေရင် အရှုံးခံပြီး မရောင်းကြဘဲ ပဲဇင်းငုံ ကိုပြည်တွင်းမှာသာ အရသာရှိရှိစားသောက်နိုင်တဲ့ နည်းပညာများရှာပြီး ၀၀လင်လင်စားသုံးနိုင်အောင် ဆောင်ရွက်လိုပါကြောင်း အသေးစိတ် အကျယ်တ၀င့်ရေးသားထားပါတယ်။ (ပန်းချီဆရာမင်းသူ ပြောကြားချက်များကို ဆရာမကွေးဝင်းမြင့်က ပဲဇင်းငုံစားရင် ဒူးနာပျောက်ကင်းကြောင်း၊ နှလုံးအားနဲ့ ကျောက်ကပ်တွေ အားကောင်းပါကြောင်း ဆွေးနွေးပါတယ်။ Shadeစာပေ ၀ိုင်းတော်သားများမှ သတင်းထောက် မကွေးဝင်းမောင် စာရေးကောင်းပြီး တော်ပါကြောင်း ထောက်ခံ ဂုဏ်ပြုကြပါတယ်။)
ဆရာဇော်မင်းကြည် ကလည်း စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း) ရဲ့ (ရွှေကြိုးနဲ့ ဒုံးမြင်း အပါဝင် ၀ထ္ထုတိုများ) စာအုပ်ကို အားနည်းချက်၊ အားသာချက်များကို အသေးစိတ် ထောက်ပြဆွေးနွေးသွားပါတယ်။ မူလက ရေးသားစဉ်က မဂ္ဂဇင်းတွေမှာ ၀ထ္ထုတစ်ပုဒ်ချင်းပါတော့ စာရေးသူရဲ့ အာဘော်တွေက မထပ်ဘူးထင်ရပါတယ်။ လုံးချင်းစာအုပ်အဖြစ် ၀ထ္ထုများတိုများကို ပေါင်းထုတ်လိုက်တော့ အာဘော်တွေက ထပ်တူတွေ များနေပါကြောင်း ထောက်ပြဆွေးနွေးသွားပါတယ်။ (ဆရာဇော်မင်းကြည် ပြောကြားချက်များကို ၀ိုင်းတော်သားများက ဆရာကိုကိုလတ်(ဆည်မြောင်း)ရဲ့ ရွှေကြိုးနဲ့ ဒုံးမြင်း ၀ထ္ထုတိုများဟာ အကြောင်းအရာများက(တိရိစ္ဆာန် အကောင်အသေးလေးတွေကို) ခံစားရေးသားတော့ သစ်လွင်ဆန်းသစ်ပြီး တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် ၀ထ္ထုထဲမှာ စာရေးသူမှ ၀င်ပြောတာတွေများနေပါကြောင်း ဆွေးနွေးကြပါ တယ်။)
ပန်းချီဆရာ သူရိန်မြိုင်ကတော့ ၂၀၁၁၊စက်တင်ဘာလထုတ်၊ အတွေးအမြင် မဂ္ဂဇင်းထဲမှ မုံရွာနေဇာ ရေးသားတဲ့ (လက်ဖက်ရည်ကြမ်းဝိုင်း ယဉ်ကျေးမှု) ဆောင်းပါးကို ဖတ်ကြားပြပါ တယ်။ စကားဝိုင်းတွေအကြောင်းပါ။ တစ်ချို့ဝိုင်းတွေက ပြောချင်သူတွေများတော့ စကားကိုလုပြောကြရပါတယ်။ တစ်ချို့ကြပြန်တော့ စကားပြောဆိုသူကနည်းပြီး ၀ိုင်းပြီးနားထောင်သူ တွေ က များနေကြပါတယ်။ နားထောင်မှ ပညာရပါ့မယ်။ ဝေဖန်တာကိုခံနိုင်မှ ကိုယ့်အမှားကိုသိနိုင်ပါတယ်။ ဒါမှ တိုးတက်အောင်မြင်ပါ့မယ်..။ စတဲ့ ကောင်းမွန်သော ဆောင်းပါးကို ဆွေးနွေးဖတ်ကြားပြသွားပါတယ်။ ( Shade စာပေ ၀ိုင်းတော်သားများမှ သူတို့က တစ်နေလုံးပင်ပမ်းသမျှကို ညနေပိုင်းရောက်ရင် စကားဝိုင်းဖွဲ့ကြပါတယ်။ ကျွန်တော်တို့ကတော့ တစ်ပတ်လုံးပင်ပမ်းနွမ်းနယ်သမျှကို ယခုလိုတစ်ရက် တနင်္ဂနွေနေ့တိုင်း စာပေ၀ိုင်းဖွဲ့ကြကြောင်း၊ ဒီ လက်ဖက်ရည်ကြမ်းဝိုင်း ယဉ်ကျေးမှု ဆောင်းပါးက Shade စာပေ၀ိုင်းကို အထောက်အကူပြုပါကြောင်း ပြောဆိုလက်ခံသွားကြပါတယ်။)
ကာတွန်းဆရာ ဖရဲသီးကလည်း `ကျွန်တော်က စာပေ၀ိုင်းကို စကားပြောတတ်လို့လာတာမဟုတ်ပါကြောင်း၊ ခေါင်းညိတ်ကောင်းလို့ တက်လာတာပါ..။´ လို့ သူရေးသားတဲ့ ကာတွန်းကွက်အတိုင်း သရုပ်ဆောင်ပြနေပြန်ပါတယ်။ (Shade စာပေ၀ိုင်းတော်သားများကလည်း သူတို့ပြောတာကို ခေါင်းညိတ်ပြီး နားထောင်ပေးတဲ့ ဖရဲသီးကို သူများထက်ပိုပြီး ခေါက်ဆွဲကျွေး လိုက်ပါတယ်။)
ပန်းချီဆရာ မြင့်ဇော်ဦးကတော့ `ခံစားမှုရသ ပန်းချီ´ခေါင်းစဉ်ပေးပြီးပြောသွားပါတယ်။ ကလေးဘ၀ကအတိုင်း ပန်းချီကိုဝါသနာပါခဲ့ကြောင်း ဒါကြောင့်လည်း ယခုပန်းချီဆရာဖြစ်လာရပါကြောင်း၊ အောက်ဒိုးထွက်ခြင်း အတွေ့အကြုံကို အနုစိတ်ပြောကြားပြပါတယ်။ အမြင် အတွေ့ ခံစားမှုများ ပေါင်းစပ်ပြီး ပန်းချီကားတစ်ချပ်ဖြစ်ပေါ်လာကြောင်း ရင်ဖွင့်ပါတယ်။ စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း)ရဲ့ (ရွှေကြိုးနဲ့ ဒုံးမြင်း ) ၀ထ္ထုတိုများစာအုပ် မျက်နှာဖုံးကို တော်တော်သဘောကျကြောင်း၊ အဲဒီအထဲက (ရှဥ့်တစ်ကောင်၏ မှာတမ်း) ၀ထ္ထုလေးကိုဖတ်ရတာဟာ `ခံစားမှုရသ ပန်းချီကားလေး´ တစ်ချပ်ကို ကြည့်နေရသလို မြင်နေရသလို ခံစားနေရတာ ဖြစ်ပါတယ်။ လို့ အသေးစိတ် ပြောဆိုသွားပါတယ်။
ဆရာနေခြည်(မကွေး) ကတော့ ကဗျာတစ်ပုဒ်နဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြပါတယ်။ ဆောင်းပါးကတော့ရှင်ဆန္ဒာတိက ရွှေပါရမီတောရ ရေးသားတဲ့ (ငြိမ်းအေးသော ဘ၀ပိုင်ရှင်)စာအုပ်ထဲက (သူများနဲ့တိုင်းတာတော့ ရိုင်းမှာပေါ့..)ဆောင်းပါးကို ဖတ်ပြ သွားပါတယ်။ အထက်တန်းမာန်၊ အောက်တန်းမာန်၊ တန်းတူမာန်၊ မာန် သုံးမျီုးကို ခွဲချမ်းစိတ်ဖြာပြသွားပါတယ်။ မာန်ထွက်ဖို့မနိုင်းယှဉ်ပါနဲ့ ဥာဏ်တက်ဖို့သာ နိုင်းယှဉ်ကြပါ..လို့ နိဂုံးချုပ်ပါတယ်။ (ဘာကိစ္စ၊ ဘယ်နေရာမှာ ဘာပဲလုပ်လုပ် မာန်ချမှ ဟန်ကျပါမည်ဆိုတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆိုဆုံးမ စကားကို ကိုးကာ၍ Shade စာပေ၀ိုင်းတော်သားများက မှတ်သား မိလိုက်ပါကြောင်း ထောက်ခံကြပါတယ်။)
ဆရာတင်လင်းဇော် ကလည်း ကိုကိုလတ်(ဆည်မြောင်း) ရဲ့ (ရွှေကြိုးနဲ့ ဒုံးမြင်း) ၀ထ္ထုတိုစာအုပ်ထဲက (ရှက်သွေး)၀ထ္ထုတို ကို အသေးစိတ်ဆွေးနွေးပါတယ်။ ရွှေအမြုတေမဂ္ဂဇင်း မှာ ကလောင်သစ်တစ်ဦးအနေနဲ့ နှစ်လဆက်တိုက် ဖော်ပြခံခဲ့ရတဲ့ (ရှက်သွေး)၀ထ္ထုတို ဖြစ်ပါကြောင်း၊ ခွေးအုပ်စုများထဲက ဒုက္ခိတခွေးကျားလေးနေရာမှ ခံစားရေးသားထားပါတယ် လို့လည်း အထူးဖော်ပြထားပါကြောင်း ၊ ဆရာကိုတင်လင်းဇော်က ပြောဆိုသွားပါတယ်။ ( Shade စာပေ၀ိုင်းတော်သားများမှ ကိုကိုလတ်(ဆည်မြောင်း) ရေးသားတဲ့ (ရွှေကြိုးနဲ့ဒုံးမြင်း) အပါအ၀င် ၀ထ္ထုတိုများ စာအုပ်က မကွေးစာနယ်ဇင်းသမိုင်းမှာ မကွေးစာပေသမားများရဲ့ စာပေဂုဏ်ရောင်ကို ပိုမိုတောက်ပြောင် သွားစေပါတယ်လို့ ဂုဏ်ပြုပြောဆိုနေကြပါတယ်။)
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။
ရွှေလမ်းငွေလမ်းဝင်းကြည်




READMORE
 

Shade Journal အတွဲ(၅)၊ အမှတ်(၃၈)


Shade 5 38

READMORE
 

Shade Journal အတွဲ(၅)၊ အမှတ်(၃၇)


Shade 37

READMORE
 

မြန်မာ့ဆက်သွယ်ရေး မှ ပြည်တွင်း Adsl အင်တာနက်လိုင်းများအား လွတ်လပ်ခွင့်ပေး

http://winkyi.googlecode.com/files/ADSL.jpg


မြန်မာနိုင်ငံ အစိုးရသစ်လက်ထက်မှာ စာနယ်ဇင်းများအား ယခင်နဲ့စာလျှင် အထူးလွတ်လပ်ခွင့်ပြုလာပါတယ်။ စာနယ်ဇင်းဆရာများကလည်း လွတ်လပ်ခွင့်အပေါ် အခွင့်ကောင်းယူ၍ တစ်ဘက်သတ် ဘက်လိုက်ဆောင်ရွက်တာမျိုးကို မဆောင်ရွက်အပ်ပါ။ အမိနိုင်ငံတော်အား သစ္စာစောင့်သိဖို့ တာဝန်ရှိလာပါပြီ..။ တိုင်းပြည်နှင့် အများပြည်သူများ၏ အကျိုးကိုသာ ၀ိုင်းဝန်းဆောင်ရွက်ကြရပါမည်။ နိုင်ငံတော် တိုးတက်ရေးအား ထာဝရ အလေးထားသွားကြပါစို့..။
(၂၆-၈-၂၀၁၁)နေ့မှစ၍ မြန်မာပြည်တွင်းမှ မြန်မာ့ဆက်သွယ်ရေးဌါန- Adsl လိုင်းများအား အသုံးပြုသူတစ်ဦးချင်းအတွက် ကိုယ်ပိုင် IP နံပါတ်များ ပေးလာပါသည်။ ယခင်က ပိတ်ထားခဲ့သော ၀က်ဆိုဒ်တစ်ချို့ကိုလည်း ဖွင့်ပေးလာကြောင်း ကြားသိရပါ၏။
လွတ်လပ်စွာ ဖွင့်ပေးခြင်းအား များစွာ ကျေးဇူးတင်ပါသည်။ အသုံးပြုသူများအားလည်း လွတ်လပ်စွာဖွင့်ပေးပြီး မသိနားမလည်၍ မှားယွင်းစွာဖြင့် အသုံးပြုမိခဲ့ပါလျှင် သတိပေးခြင်းများပြုလုပ်ပေးသင့်ပါသည်။ သတိပေးခြင်းအား တာဝန်သိစွာဖြင့် နားမထောင်ကြမှသာလျှင် အရေးယူဆောင်ရွက်နိုင်ကြပါရန် လေးစားစွာဖြင့် ကြိုတင်၍ အထူးမေတ္တာရပ်ခံအပ်ပါသည်။
READMORE
 

Shade Journal အတွဲ(၅)၊ အမှတ်(၃၆)

Shade Journal 36

READMORE
 

Shade Journal အတွဲ(၅)၊ အမှတ်(၃၅)

Shade 5-35
READMORE
 

Shade Journal အတွဲ(၅)၊ အမှတ်(၃၄)


Shade 5-34
READMORE
 

Shade Journal အတွဲ(၅)၊ အမှတ်(၃၃)



Shade 5 33
READMORE
 

`ပြိုင်ဘက်မရှိ အောင်ဘာလေထီနှင့် ပြည်သူတွေချမ်းသာနိုင်ကြပါစေ..

`ပြိုင်ဘက်မရှိ အောင်ဘာလေထီနှင့် ပြည်သူတွေချမ်းသာနိုင်ကြပါစေ..´
သမ္မတကြီး ဦးသိန်းစိန်အစိုးရတက်လာပြီး ဆင်းရဲ၊နွမ်းပါး၊မွဲတေမူလျှော့ချရေးအတွက် အထူးစီမံချက်များနဲ့ ဆောင်ရွက်နေတာကို ၀မ်းမြောက်စွာကြိုဆိုလိုက်ပါတယ်။ စာရေးသူတို့နယ်တွေမှာရော မြန်မာနိုင်ငံ အနှံ့မှာ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး တွေ ကင်းစင်အောင် ဆောင်ရွက်နေကြောင်း သတင်းစာ၊ ဂျာနယ်များမှာ နေ့စဉ်လိုလို ဖတ်နေရပါတယ်။ ၂၀၁၁၊ ဇွန်လ ပိုင်းက စတင်ပြီးဆောင်ရွက်လာတာ အများအသိပါ။ ယခု ဇူလိုင်လမှာလည်း အရှိန်မြှင့်တင်ဆောင်ရွက်နေကြောင်း ကြားသိရပြန်ပါတယ်။ အမှန်တကယ်လည်း အောင်မြင်နေတာကို တွေ့မြင်နေရပါတယ်။
ဘာကြောင့်အောင်မြင်နေပါသလဲဆိုရင်..၊ လူတိုင်း လူတိုင်း ချမ်းသာချင်ကြပါတယ်။ တစ်နေ့မှာ ချမ်းသာနိုးနိုးနဲ့ အိမ်ရှင်မရဲ့ မီးဖိုချောင်ဈေးဖိုပါမကျန် တစ်လုံး၊ နှစ်လုံး၊ သုံးလုံးတွေကိုသာ ၀ိုင်းပြီးထိုးလာခဲ့ကြတာ အများအသိပါ။ ဒါကြောင့် လူဆင်းရဲ၊ လူမွဲတွေ များပြားလာကြောင်း နိုင်ငံတော်က ကြားသိရလို့ အချိန်အခါမှီ ကယ်တင်လိုက်ခြင်း ဖြစ်ပါတယ်။ ယခုလို တစ်လုံး၊ နှစ်လုံး၊ သုံးလုံးထီတွေ ထိုးမရကြတော့ နိုင်ငံတော်က အောင်ဘာလေထီတွေဘက်ကို အများပြည်သူတွေ အားကိုးလာကြပါတယ်။
နိုင်ငံတော်က အောင်ဘာလေထီတစ်ဆောင်ကို (၂၀၀)ကျပ်ဈေး သတ်မှတ်ရောင်းချပါတယ်။ ထီ(၁၁) ရွက်ပါ (၁၁) စောင် ထီတစ်အုပ်ကို (၂၀၀၀ိ) ထုတ်ဈေးနဲ့ ဖြန့်ချိပေးပါတယ်။ ထီလက်မှတ်ဝယ်ယူခွင့်ရှိသူ ကိုယ်စားလှယ်ကြီး တွေအတွက် ငွေနှစ်ထောင်ကျပ်ဖိုးထီ(၁၀)စောင်ရောင်းပြီးတိုင်း ထီစာအုပ်တစ်အုပ်မှာ ထီတစ်စောင်အပိုပေး၍ ငွေ(၂၀၀) ကျပ် အပိုအမြတ်ငွေ ပေးပြီးသားပါ။ အောင်ဘာလေထီရောင်းပေးသူတိုင်းကို ၁%နှုန်းအမြတ်ပေးထားပါတယ်။ ဒါပေမယ့် အောင်ဘာလေထီ အကြိမ်(၂၇၀) ကစပြီး ယခု အကြီမ်(၂၇၁) ကြိမ်မှာ တော့ ထီတစ်စောင် (၃၅၀ိ) (၄၀၀ိ) အထိ ထီဈေးတွေ တစ်ရှိန်ထိုးတက်လာပါတယ်။ ဘယ်လိုဖြစ်တာလည်းဆိုပြီး စာရေးသူမှ လက်ရှိထီရောင်းချနေသူ ကုန်သည်တစ်ဦးအားမေးကြည့်ခဲ့ပါတယ်။ တစ်လုံး၊ နှစ်လုံးတွေ ပပျောက်ကင်းစင်သွားတော့ အများပြည်သူတွေက အောင်ဘာလေထီကို ၀ိုင်းပြီးထိုးလာကြပါတယ်။ အဲဒီတော့ ထီဆိုင်ကြီးတွေက ၀ယ်လိုအား များလာပါတယ်။ အောင်ဘာလေဌါနမှ ရောင်းလိုအားကနည်းနေပါတယ်။ ဥပမာပြရရင်တော့ ထီအက္ခရာ အလုံးရေ တိုးမထုတ်ဘဲ အက္ခရာ(၂၄)စောင်၊ (က)အက္ခရာမှ (ဘ)အက္ခရာ အထိသာ ထုတ်ဝေရောင်းချထားတာပါ။ နောက်တစ်ခုက အမှန်တစ်ကယ် ထီဆိုင်ဖွင့်ပြီးရောင်းချနေသူတွေအတွက် အောင်ဘာလေထီဝယ်ယူခွင့်ကို လိုအပ်သလောက် မရကြတာလည်းပါ ပါတယ်။ အောင်ဘာလေ ထီအုပ်စိမ်း တွေကို တဆင့်၊ တဆင့် အမြတ်ပေးပြီး ၀ယ်ယူရောင်းချနေရတာတွေလည်း မကောင်းပါဘူး။ (မှတ်ချက်။ အုပ်စိမ်းဆိုသည်မှာ အောင်ဘာလေဌါနမှ ထုတ်ပေးသော ထီလက်မှတ်များဖြစ်ပါသည်။ သိန်းတစ်ထောင်ပေါက်ရင် သိန်းတစ်ထောင်သာရ၍ အပိုဆုမပါသောထီလက်မှတ်များကိုခေါ်ဆိုပါ၏။ ယခု(၂၇၁)ကြိမ်၊ အထူးမင်္ဂလာစုံတွဲခေါ် အက္ခရာစုံ(၂၄)စောင် အပိုဆုမပါ-အုပ်စိမ်းတစ်အုပ်(၆၅၀၀ိ)ထိ ဈေးတက်နေပါသည်။ နိုင်ငံတော်မှ ထုတ်လုပ်ဖြန့်ချိသော အောင်ဘာလေထီကို ဈေးနှုန်းမထိမ်းချုပ်နိုင်ခြင်းမှာ စဉ်းစားစရာများ ဖြစ်နေပါ၏။) ဒါကြောင့် ထီဆိုင်ကြီးတွေကလည်း နိုင်ငံတော်သတ်မှတ်ဈေးအတိုင်း(၂၀၀)ကျပ်နဲ့ မရောင်းကြတော့ပါ။ ထီတစ်စောင် (၃၅၀ိ/၄၀၀ိ)ဈေးနှုန်းတွေတင်ပြီး အပြိုင် အဆိုင် ရောင်းအားကောင်းအောင် အပိုဆုအဖြစ် ငွေကျပ်သိန်း(၁၀၀၀) ပေါက်ရင် အပိုဆုငွေသိန်း(၅၀၀)၊ သိန်း(၆၀၀) နဲ့ကားတစ်စီးပေးမယ်၊ စတဲ့မက်လုံးတွေ အမျိုးမျိုးပေးကြပြီး ထီထိုးသူများကို မြူဆွယ်ပါတယ်။ သူတို့ပေးတဲ့ အပိုဆုတွေကလည်း ထီထိုးသူ ပြည်သူတွေဆီမှ ဈေးနှုန်းတင်ယူပြီး နားလှည့် ပါးရိုက်တဲ့သဘောပါပဲ ..ဟု ထီထိုးသူများထံမှ ကြားသိလိုက်ရပါတယ်။ လူတစ်စုကောင်းစားရေးအတွက် ပြည်သူလူထု အများမှ ဈေးကြီးပေးနေရတဲ့သဘောဖြစ်နေပါတယ်။ ဒါကြောင့် အောင်ဘာလေထီ ကို အမှန်အကန်ဈေးနှုန်းချိုသာစွာနဲ့ ထီထိုးနိုင်ကြပြီး နိုင်ငံတော်ဘဏ်ဏ္ဍာငွေများလည်းတိုးတက်ရရှိလာအောင်၊ ပြည်သူတွေလည်း ချမ်းသာလာအောင်..ယခုလို အခြားတစ်လုံး၊နှစ်လုံး၊သုံးလုံးထီများ ပပျောက်ကင်းစင်နေချိန်မှာ အောင်ဘာလေထီ အား ရောင်းအားပိုမိုတိုးတက်လာစေရန် သက်ဆိုင်ရာမှ လိုအပ်သည်များကို ဆောင်ရွက်ပြုပြင် ပေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းဖြင့်…။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

``ငွေစက္ကူများကို ဂရုတစိုက် အလေးထား၍ ကိုင်တွယ်ဖို့လိုပါပြီ…´´


``ငွေစက္ကူများကို ဂရုတစိုက် အလေးထား၍ ကိုင်တွယ်ဖို့လိုပါပြီ…´´

ဂုဏ် ဂုဏ် ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်..။ လူမှာ ငွေမရှိရင် လင်ယူမိရင်တာ နာတယ်ထင်တယ်..။ ယောက်္ခမအိမ်တက် သမက်မျက်နှာငယ်..။ မျက်နှာငယ်..။ ဆိုတဲ့ သီချင်းအစား ငွေစက္ကူအတွက် ပုဂ္ဂလိကဘဏ်တစ်ခု တက်ရတာ ကျွန်တော့်မှာ မျက်နှာငယ်..၊ မျက်နှာငယ်…လို့သာ အော်၍ ဆိုချင်ပါတော့တယ်။
ဖြစ်ပုံက ဒီလိုပါ။ အယ်ဒီတာချုပ်က ငွေလွှဲဖို့မှာပါတယ်။ ဒါနဲ့ (………) ပုဂ္ဂလိကဘဏ်ကြီးတခုကိုသွားပြီ ငွေလွှဲခဲ့ပါတယ်။ ယခုငွေလွှဲတဲ့နေ့ရဲ့ နောက်သုံးရက်ကလည်း ဘဏ်ပိတ်ရက်ဆိုတော့ ဘဏ်ထဲမှာ လူတော်တော်လေးရှင်းနေပါတယ်။ လူရှင်းတော့ မြန်မြန်ပြီးတာပဲ ဆို ကျွန်တော် အရမ်းဝမ်းသာသွားပါတယ်။ ဘဏ်ကောင်တာစာရေးထံ ငွေစက္ကူ တစ်ထောင်တန်များကို စာရင်းအတိုင်း အတိ အကျ ပေးအပ်လိုက်ပါတယ်။ ဘဏ်ကောင်တာစာရေးကလည်း ငွေစက္ကူများကို အပြန်ပြန် အလှန်လှန်စစ်ဆေးနေပါတယ်။ စစ်ဆေးတဲ့ တစ်ထောင်တန်ထဲက ငွေစက္ကူ (၆)ရွက်ကို အောက်သို့သီးခြား ချထားလိုက်တာကို မြင်တွေ့လိုက်ရပါတယ်။ အဲဒီငွေခြောက်ထောင်ကို ဘဏ်ကောင်တာစာရေးက ယူပြီး ဘဏ်မန်နေဂျာထံသို့ သွားပြပါတယ်။ ကျွန်တော်မျက်လုံးပြူးသွားပါတယ်။ ဂျာနယ်ရောင်းလို့ရတဲ့ ငွေထဲမှာ ငွေစက္ကူအတုတွေများ ပါနေသလားပေါ့။ ဘဏ်စာရေးပြန်လာတော့ အဲဒီတစ်ထောင်တန် (၆)ရွက်ကို ကျွန်တော့်ကို ပြန်ပေးပါတယ်။
`` ဒီ တစ်ထောင်တန်ငွေစက္ကူတွေက ဆီတွေပေနေပါတယ်..။ ဒါကြောင့်ပြန်လဲ ပေးရပါမယ်…။´´
ကျွန်တော့်မှာလည်း ဒီငွေတွေကို တိုင်းတိုင်းတိတိယူလာ ခဲ့မိပါတယ်။ စိတ်ထဲကတော့ နည်းနည်းစိတ်တိုသွားပါတယ်။ ဒီလိုငွေစက္ကူများကို ပြန်ပြီးလဲစရာမရှိတဲ့ လက်လုပ်လက်စား၊ ဆင်းရဲသားတွေဆိုရင် မခက်ပေဘူးလားလို့ စဉ်းစားမိပါတယ်။ ဒါနဲ့ အိမ်သို့ တစ်ခေါက်ပြန်ပြီး (နာမည်နှစ်လုံးနဲ့) ဘဏ်က လက်မခံလိုတဲ့ ငွေစက္ကူ(၆)ရွက်ကို ပြန်လဲပေးလိုက်ရပါတယ်။ မီဒီယာသမားဆိုတော့ ကိုယ့်ဒုက္ခကိုအသာထားလို့ သီးခံခွင့်လွတ်ပြီး အများပြည်သူတွေအတွက် ကျွန်တော်လို မဖြစ်အောင် ရှာရှည်လိုက်ရပြန်ပါတယ်။ ``ညီလေးတို့ ဘဏ်တွေက ဘယ်လိုငွေစက္ကူများကို လက်မခံရန် စည်းကမ်းချက်တွေရှိပါလဲ ?´။ မေးပါတယ်။ ဘဏ်ငွေလက်ခံကောင်တာ စာရေးလေးက သူ့နာမည်ကို ပြောပြီး အောက်ပါအတိုင်းပြောပါတယ်။
(၁) ဆီ များစွန်းပေနေသော ငွေစက္ကူများ။
(၂) သုံးပုံ၊ တစ်ပုံခန့် စုတ်ပြတ်နေသော ငွေစက္ကူများ။
(၃) မီးလောင်ထားသော ငွေစက္ကူများ။
(၄) ဆွေးမြေ့၊ ခြစားထားသော ငွေစက္ကူများ။ ကို လုံးဝ လက်မခံပါ။ ဟု ကြားသိရပါတယ်။

အထက်က သူပြောတဲ့အချက်တွေကို သေသေချာချာ နားထောင်နေရင်း အတွေးတစ်ခုအား လေးလေးနက်နက် ဖြင့် စာရေးသူစဉ်းစားမိပါတယ်။ နံပါတ်(၄)မှ ဆွေးမြေ့၊ ခြစားထားသော ငွေစက္ကူများကို ဘယ်လို လူများဆီမှာသာ… ရှိ..ရှိကြပါသနည်း…?။ ဒီလို ငွေစက္ကူများကို မည်သည့်ဘဏ်တွေကမှ လုံးဝလက်မခံဘူးဆိုရင်ဖြင့်….။

ရွှေလမ်းငွေလမ်းဝင်းကြည်
7/14/2011
READMORE
 

Shade Journal အတွဲ(၅)၊ အမှတ်(၃၂)


Shade Vol_5 N0-32
READMORE
 

Shade Journal အတွဲ(၅)၊ အမှတ်(၃၀)


Shade Journal 5 30
READMORE
 

ဘယ်သူ့ကိုမှ အပြစ်မတင်လိုပါ..။

ဘယ်သူ့ကိုမှ အပြစ်မတင်လိုပါ..။

မနေ့က ၂၀၁၁၊ မေလထုတ် (သရာပါ မဂ္ဂဇင်း) အယ်ဒီတာချုပ် ဆရာမင်းအုပ်စိုး ရေးသားတဲ့ အယ်ဒီတာ အာဘော်ကို ဖတ်လိုက်ရပါတယ်။ ဆိုလိုရင်းကတော့ လူတိုင်း လူတိုင်း နိုင်ငံရေး လုပ်ကြရပါမည်လို့ ပြောထားပါတယ်။ နိုင်ငံရေးလုပ်ဖို့ ကျွန်တော်တို့ ငယ်ငယ်တုံးက သူငယ်တန်းမှစပြီး သင်ခဲ့ကြပြီးသားပါ။ (၁) မိမိကိုကိုယ် ကောင်းအောင်ကျိုးစားမည်။ (၂) မိမိအတန်းကို ကောင်းအောင်ကျိုးစားမည်။ (၃) မိမိကျောင်းကို ကောင်းအောင်ကျိုးစားမည်။(၄) မိမိနိုင်ငံတော်ကို ကောင်းအောင် ကျိုးစားမည်။ စတဲ့ သစ္စာအဓိဌာန်လေးချက် ကို အော်ဆိုခဲ့ရပါကြောင်း နဲ့ စတင်ပြီး အကျယ်တ၀န့်ရေးသား တာကိုဖတ်လိုက်မိပြီး အတွေးနယ်ဆက်ချဲ့လိုက်မိပါတယ်..။
ကျွန်တော်ကစပြီး လူတိုင်း လူတိုင်း မိမိကိုကိုယ် တကယ်ကောင်းအောင် လုပ်ကြသလား။ သားသမီးမကောင်း မိဘခေါင်း။ တပြည့်မကောင်း ဆရာ့ခေါင်း။ ပြည်သူ ပြည်သားမကောင်းရင် အုပ်ချုပ်သူတွေခေါင်း၊ လို့ ဘိုးစဉ်ဘောင်ဆက် ဆိုဆုံးမခဲ့ကြပါတယ်။ ဒါပေမယ့် ယနေ့လူငယ်တွေက မိဘမကောင်း သားသမီးများခေါင်း။ ဆရာမကောင်း တပြည့်များခေါင်း။ အုပ်ချုပ်သူမကောင်း ပြည်သူ ပြည်သားတွေခေါင်း လို့ ပြောင်းပြန် ပြောင်းပြစ်လိုက်ကြတယ် ထင်ပါတယ်။ ယနေ့လူငယ် တွေဟာ ရှေးရိုးစွဲ တစ်ဖက်စွန်းဝါဒတွေကို မလိုလားတဲ့ သဘောထင်ပါတယ်။ ယနေ့လူငယ်တွေဟာ လွတ်လပ်မှု ကိုလိုလားကြပါတယ်။
ကျွန်တော်တို့ ငယ်ငယ်က မူလတန်း၊ အလယ်တန်း၊နဲ့ အထက်တန်းကျောင်းအထိ ဘုန်းတော်ကြီးကျောင်းမှတဆင့် တန်းကျောင်းကို တက်ခဲ့ကြရတာပါ။ နွေရာသီကျောင်းပိတ်ရက်တွေမှာလည်း ဘုန်းကြီးကျောင်းမှာ ဗုဒ္ဓဘာသာ အခြေခံသင်ခန်းစာတွေ၊ ပြည်သူ့နီတိတွေကို သင်ကြားပေးခဲ့ပါတယ်။ အတန်းပညာရေးကိုလည်း တန်းကြီးသူက တန်းငယ်သူများကို တဆင့်ပြန်လည်သင်ကြားပေးကြပါတယ်။ ဘာ ကျူရှင်ခမှ မကုန်ခဲ့ပါဘူး။ ဘုန်းတော်ကြီးကျောင်းက အခမဲ့သင်ကြားပေးရုံတင်မကပါ နံနက်စာထမင်းတောင် ကြွေးပါတယ်။ တန်းကျောင်းက ဆရာတွေကလည်း သူ့တို့ဆီကို ညကျောင်းတက်အောင် ညစာထမင်းကြွေးပြီး အခမဲ့ပညာသင်ပေးကြပါတယ်။ မိမိတို့အတန်း၊ မိမိတို့ကျောင်းအောင်ချက် ကောင်းရန် အပြိုင်အဆိုင် တပြည့်ရှာပြီး သင်ပေးကြတာပါ။ ကျွန်တော်တို့တုံးက မိဘ၊ ဆရာသမားတွေကို မော့လို့တောင် မကြည့်ရဲပါဘူး။ လေးစားရိုသေရပါတယ်။ ယခုခေတ်နဲ့ဆိုရင် ဆီနဲ့ရေလို တော်တော်ကွာခြားသွားပါပြီ..။ ကျွန်တော့် ဘ၀လက်တွေ့ အဖြစ်ပျက်ကလေးကို တင်ပြပါရစေ..။
ဒီရသစာတမ်းကို ရေးသင့် မရေးသင့် တစ်လတိတိစဉ်းစားပြီးမှ ယခုချရေးဖြစ်ခဲ့ပါတယ်။ ဆရာကြီးတစ်ဦးက စာရေးမယ်ဆိုရင်ကိုယ်သိတာကိုကိုယ်ရေးပါလို့ ခဏ ခဏဆုံးမပါတယ်။ ကိုယ်သိထားတာဆိုလို့ကလည်းသူများ အကြောင်းထက် ကိုယ့်အကြောင်းကို ကိုယ်သာ အသိဆုံးမဟုတ်လား။
ကိုယ့်အကြောင်းရေးမှာဆိုတော့လည်း ကိုယ့်ပေါင်ကိုကိုယ်ပြန်ထောင်းရမယ့်အဖြစ်ပါ။ ကိုယ့်ပေါင်ကို ပြန်ထောင်းသူတိုင်းက
ခပ်ဖွဖွလေးသာ ထောင်းတတ်ကြတယ်လို့ ကြားသိရ ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ခပ်ကြမ်းကြမ်းလေးနဲ့ အော်ငိုပြီး ထောင်းရပါတော့မည်..။
ကျွန်တော်အလယ်တန်းအောင်တော့ တောရွာကနေ မြို့ကိုတက်လာခဲ့ပါတယ်။ ကျွန်တော့်မိဘနှစ်ပါး ကွယ်လွန် သွားလို့ကျောင်းဆက်မတက်နိုင်ခဲ့ပါ။ မြို့က အဖေရဲ့အမဖြစ်သူ ဒေါ်ကြီးအားကိုးနဲ့အလုပ်လုပ်ရန် မြို့ကိုရောက် လာရတာပါ။ ဒေါ်ကြီးမှာ တစ်ဦးတည်းသောသမီးတစ်ယောက်သာရှိပါတယ်။ အဲဒီသမီးမြို့မှာကောင်းစားရန် အတွက်ဆယ်တန်းအောင်ဖို့နဲ့ မြို့က အစိုးရဌါနတစ်ခုမှာ အလုပ်ရဖို့ ရွာက အိမ်တွေ၊လယ် ယာ ကိုင်းကျွန်းတွေကို ဖြုတ်ပြီး တက်လာကြ ရပါတယ်။ သမီးလည်းအလုပ်ရရုံတင်မကဘဲ ရုံးအုပ်ကြီးတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ဒေါ်ကြီးနဲ့သူ့ယောကျာင်္းလည်း သမီးနဲ့သမက်ဆီကို အတူလိုက်နေကြရပါတယ်။ သမီးနဲ့သမက်မျက်နှာကို တစ်ကမ္ဘာ ထင်ပြီး နေကြရတာပေါ့။ ရွာက ထုခွဲရောင်းချလာတဲ့ငွေလေးတွေ မကုန်ခင်တော့ အဖေနဲ့ အမေကို အိမ်ဦးခန်းကို တင်ထားမတတ်
ရိုသေလေးစားကြပါတယ်။ ဒေါ်ကြီးရဲ့ သမီးက ကလေး(၆)ယောက်မြောက် မွေးပြီးတဲ့အချိန်မှာ ကျွန်တော်က ဒေါ်ကြီးဆီကိုရောက်လာ ခဲ့ပါတယ်။ ကျွန်တော်လည်းဌါနအလုပ်တစ်ခုမှာ အလုပ်ရပါတယ်။ကျွန်တော်ရောက်လာတဲ့ အချိန်မှာ ဒေါ်ကြီးကအဆုပ်ရောဂါ (တီဘီ) စတင်ဖြစ်နေပါပြီ။ ဒေါ်ကြီးယောက်ျား ဦးကြီးဆိုသူကလည်း
ဌါနတစ်ခုမှာ ညစောင့်အလုပ်ကို ၀င်လုပ်နေတာ ဖြစ်ပါတယ်။ တစ်ညနေကျွန်တော်အလုပ်က အပြန်မှာ မီးဖိုးခန်းထဲ သောက်ရေအိုးစဉ်နှစ်ခုထားတာကိုမြင်တွေ့ရပါတယ်။ ဒေါ်ကြီးကိုလည်း သူ့သမီး အထက်တန်းစာရေးမက ခါးထောက်ပြီး
ပြောဆိုနေသံကြားလိုက်ရပါတယ်။ ( အမေ..ဒီရေအိုးစဉ်က ရေကိုသောက်ပါ။ကလေးတွေနဲ့ ကျမတို့ကို အမေ့ တီဘီရောဂါတွေ ကူးစက်လာမှာစိုးလို့ပါ…။ကလေးတွေကိုလည်း မချီပါနဲ့ မထိန်းပါနဲ့တော့။ ဖြစ်နိုင်မယ်ဆိုရင်
ဒီတိုက်ထဲမှာမနေဘဲ အပြင်မှာ တဲထိုးပြီးနေပေးစေချင်ပါတယ်…။) ဒေါ်ကြီးကမျက်ရည်ပေါက်တွေ ကျနေပြီး ငိုနေတာကို မြင်တွေ့ရပါတယ်။ ကျွန်တော်လည်းစိတ်မကောင်းဖြစ်ပြီး သူတို့ဆန္ဒအတိုင်း တိုက်အပြင်မှာတဲထိုးပေးလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ဦးကြီးရယ်၊ ဒေါ်ကြီးရယ်၊ကျွန်တော်ရယ် သုံးဦးက ထမင်းစားအိုးခွဲချက်ပြီးစားကြပါတော့ တယ်။ ဒီလိုနဲ့မပြီးသေးပါ။ ဦးကြီးနဲ့ သမက်ဖြစ်သူတို့ စကားအကြီးအကျယ်များပြီးသူတို့ခြံထဲကနေ သူတို့ရဲ့မိဘနှစ်ပါးကို နှင်ချလိုက်ပါတယ်။တစ်လလောက်အချိန်ထိ ဦးကြီးရဲ့ မိတ်ဆွေအိမ်မှာ ကျွန်တော်တို့ဆင်းပြီးနေခဲ့ကြရပါတယ်။ ပတ်ဝန်းကျင်နဲ့ အမျိုးတွေစကားကြောင့် မတော်ပါဘူးဆိုပြီးအမနဲ့ယောက်ဖက ပြန်ခေါ်ပါတယ်။ ဒေါ်ကြီးလည်း တီဘီရောဂါရောစိတ်ထိခိုက်တဲ့ရောဂါပါ ခံစားရပြီး မကြာခင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ဦးကြီးကလည်း သူ့မြေးတွေကို ရှင်ပြုပြီးတာနဲ့သူ့တူမရှိတဲ့ရွာကိုပြန်သွားပြီးကွယ်လွန်သွားခဲ့ပြန်ပါတယ်။ဒီလိုအဖြစ်မျိုးဒီလိုအဖြစ်ဆိုးတွေနဲ့ဘယ်သောအခါမှ မကြုံပါရစေနဲ့မဆုံခဲ့ပါရစေနဲ့လို့ကျွန်တော်အကြိမ်ကြိမ်အခါခဆုတောင်းခဲ့ပါတယ်။
ကျွန်တော်လုံးဝ ဆုတောင်းမပြည့်ခဲ့ပါ။ ကျွန်တော့်မှာလည်းသားအကြီး နဲ့ သမီးအငယ် သားသမီးနှစ်ယောက်ရှိ ပါတယ်။သူတို့ကိုလူလားမြောက်အောင် ကျွန်တော်တို့လင်မယားမှာ မြေအိုးလေးတွေကို ၀ယ်ပြီးထမင်းဟင်းချက်စားခဲ့ကြ တဲ့ဘ၀နဲ့ စတင်လာခဲ့ရတာပါ။ စီးပွားရှာတဲ့နေရာမှာသက်စွန့် ဆံဖျား နေပူမရှောင် မိုးရွာမရှောင် တောကြို တောင်ကြားချောင်းကြို ချောင်းကြား တောင်ထိပ်၊ တောင်အောက် တွေမှာလူမျိုးတစ်ရာတစ်ပါးကို မြက်လွှာကိုချ၊အောက်ကျခံလို့ ဘ၀အမျိုးမျိုးနဲ့လုပ်ကိုင်ကျွေးမွေးပြီး သားသမီးတွေကို ပညာသင်ပေးလာခဲ့ရတာပါ။ မြို့ပေါ်မှာအသင့်အတင့် လုပ်ငန်းရှင်ဘ၀ကိုရောက်ခဲ့ ပါတယ်။ ဒါပေမယ့် ကျွန်တော်စီးပွားရေးလောကမှာ ထိမ်းသိမ်းမှု ညံ့ဖြင်းခဲ့မိလို့ ဘ၀ကို ငှက်ခါးပျံသလိုနိမ့်လိုက် မြင့်လိုက် နဲ့ သုံးခါလောက် အကျနာခဲ့ပါတယ်…။ ယခုတော့
အရွယ်ကလည်းရလာပြီးစီးပွားရေးကလည်းကျလာနေပါပြီ။ဘ၀နေ၀င်ချိန်နီးနေပါပြီ။ကျွန်တော့်ရဲ့သားအကြီးကောင်ကလည်း စီးပွားရေးလမ်းကြောင်းပေါ်ကနေအရက်သမားလောက၊ချောက်ကြီးထဲကိုထိုးကျသွားပါပြီ..။
စီးပွားရေးလောကမှာ နာမည်မပျက်စေရအောင် ဂတိတည်ကြည်စွာနဲ့ မရှိရှိတာတွေကို ရောင်းချပြီး ထိုးဆပ်၊ပေးအပ်နေရတဲ့အချိန်ကို ရောက်နေပါတယ်။လူသာ အသေခံမည်။ နာမည်ကိုတော့ အသေမခံလိုပါ။ ဒါပေမယ့် ကျွန်တော့်မှာစိတ်သွားတိုင်းကိုယ်ကမပါလာတော့ပါ။ လူကလည်းဇရာအရွယ်ရောက်လာတော့ ခရမ်းသီးပိန် နဲ့ ဓါးတုံးတဲ့ အချိန်ကိုရောက်နေပါပြီ..။
သားသမီး အချစ်၊ မြေး အနှစ် ဆိုတဲ့အတိုင်းမြေးကိုအကြောင်းပြုပြီး သမီးနဲ့ သမက်ကို စီးပွားရေးလုပ်ငန်းတွေကို
ဝကွက်အပ်လိုက်ရတဲ့ဘ၀ ကိုရောက်ခဲ့ရပါပြီ..။ ယခင်က ကျွန်တော့်ဘ၀ နေလိုလလိုနေခဲ့ပြီး ဆပ်ဆပ်ထိမခံလိုတဲ့ ဒေါသတွေလည်း မြေသို့ ကြွေကျသွားခဲ့ရပါပြီ။အစားအသောက် အလွန်ချေးများခဲ့တဲ့ ကျွန်တော် ယခုတော့ ပေးတာယူ ကျွေးတာကိုစားဘာကိုမျှ ပြန်မပြောဝံ့တော့ပါ။ သမက်နဲ့ သမီး ထမင်းစားပြီးလို့ ၀ကြမှကျွန်တော်တို့လင်မယား စားရတဲ့ဘ၀ ကိုရောက်နေပါပြီ။ ကျွန်တော် သေခါနီးမှ စိတ်ညစ်တယ်ဆိုပြီး အရင်တုံးကလိုအရက်ကိုလည်း မသောက်ရဲတော့ပါ။ ဘယ်သူ့ကိုမှလည်း မငေါက်ရဲမဟောက်ရဲတော့ပါ။ကျွန်တော့်မိန်းမကလည်း(လောကမှာငွေဆိုသလို).. သား သမီးတွေဘက်ကိုသာခပ်ပါပါဖြစ်နေကြတာအဆန်းတော့မဟုတ်ပါ။ ဒါပေမယ့် မနေ့ကကျွန်တော့်မိန်းမပြောတဲ့စကားကိုတော့ အသဲထဲကဆပ်ဆပ်ခါအောင်နာသွားမိပါတယ်။
``ရှင်နော် အိမ်မှာ ဘာပွဲလုပ်မယ်.. ညာပွဲလုပ်မယ်ဆိုရင် ကျမကိုအရင်ဖွင့်ပြောပါ။ အိမ်မှာ ရှုတ်ရှုတ်ရှက်ရှက်နဲ့ဆိုရင် ရှင့်သမီးကမကြိုက်ဘူးတဲ့။ ဒါပဲ ။ ရှင့်မှာ တင်နေတဲ့ကြွေးတွေကို သူရှာဆပ်နေရတာလေ…။ရှင်လုပ်ချင်ရာတွေ လုပ်ခဲ့မိလို့ ကုန်ခဲ့တာတွေလည်းများနေပါပြီးတော်…..´´။
ကျွန်တော့်ရင်ထဲက စကားသံတွေကတော့ အပြင်ကိုထွက်မလာရဲပါ။ (သြော်..သမီးရယ် မင်းတို့ငယ်ငယ်က အိမ်မှာ သောက်ဝိုင်းစားဝိုင်း၊လောင်းကစားဝိုင်းတွေနဲ့ နေ့တိုင်းလုပ်နေခဲ့တုံးက သမီးတို့အမေ ဘာမှမပြောဝံ့ခဲ့ပါဘူး။ ယခု ယခု အဖေ ၀ါသနာပါတဲ့ စာဝိုင်းပေ၀ိုင်းကို အိမ်မှာလုပ်တာ ရှုတ်ရှုတ်ရှက်ရှက် ဆိုတော့…………..။)
ကျွန်တော့်နားထဲမှာ ဆရာအောင်သင်းရဲ့ စာပေဟောပြောပွဲတစ်ခုထဲက (ဧည့်ခန်းရော..၊ မီးဖိုခန်းပါ သားသမီးတွေက အာဏာသိမ်းခံလိုက်ရပါပြီ..) ဆိုတာကို ထပ်ခါ ထပ်ခါ ပြန်လည်ကြားယောင်နေမိပါတော့တယ်ခင်ဗျား…။
ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

Shade Journal အတွဲ(၅)၊ အမှတ်(၃၁)

Shade 5 31
READMORE
 

Shade Journal အတွဲ(၅)၊ အမှတ်(၂၈)

Shade Vol5 No 28
READMORE
 

Shade Journal အတွဲ(၅)၊ အမှတ်(၂၆)


Shade Vol5 N0 26
READMORE
 

Shade Journal အတွဲ(၅)၊ အမှတ်(၂၉)


shade Vol_5-29
READMORE
 

Shade Journal အတွဲ(၅)၊ အမှတ်(၂၇)




Shade Vol 5 No-27
READMORE