ရှင်မဟာ ရဋ္ဌသာရ နှင့် မန်းရွှေစက်တော်

မင်းဘူး မတ် ၁၀ မြန်မာနိုင်ငံ၏ မြတ်ဗုဒ္ဓဘုရားရှင်ခြေတော်ရာတည်ရှိရာ မန်းရွှေစက်တော်ကို မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်တွင်တည်ရှိပြီး ရဟန်ရှင်လူ ပြည်သူများသာမက နိုင်ငံခြားခရီးသွားများကပင် လာရောက်လေ့လာ ကြည်ညိုသဒ္ဓါပွား ဖူးမျှော် လျက်ရှိကြသည်။ ရွှေစက်တော် ၊ မန်းရွှေစက်တော် ဟုလူသိများ ကြပြီး ဘုရားပွဲတော်အား နှစ်စဉ် တပိုတွဲလဆန်း(၅)ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့ အထိ ရက်ရှည် ကျင်းပသည့် ထူးခြားသော ပွဲတော်တစ်ခုလည်း ဖြစ်သည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ခင်းကျင်းသည့် ပွဲတော်တွင် သဘာဝအလျောက် စီးဆင်းနေသော ကြည်လင်အေးမြသည့် မန်းချောင်းရေ နှင့် ရွှံ့/နွံ့နှစ်ကင်းမဲ့သည့် ကျောက်စရစ်ခဲကလေးများ၊သဘာဝတော တောင်ရေမြေနှင့် ကျေးငှက်၊မျောက်၊သမင်း၊ဂျီး၊ဆတ် တိရိစ္ဆာန်များဖြင့် မြို့ပြများမှာ မမြင်/မတွေ့/မခံစားရနိုင် သော သဘာဝအလှတရားများက သာယာကြည်နှုး စိတ်ပျော်ရွှင်မြူးစေသည်။ ဘုရားပွဲတော် ဈေးတန်းတစ်လျောက်မှာ ဒေသထွက် သီးနှံမျိုးစုံနှင့် မျှစ်ခြောက်၊မှိုခြောက်၊ချဉ်ပေါင်ဖူး ခြောက်၊စွန်ပလွန်ယို၊မကျီးယိုစသည်ဖြင့် တည်ခင်းရောင်းချကြသလို ဒေသထွက် ချည်စောင်အပါအ၀င် ဖျင်/ပင်နီ အင်္ကျီများက အရောင်အသွေးစုံ နှင့် ၀ါးဖြင့်ပြုလုပ်ထားသော ၀ါးသေနတ်၊၀ါးဓါး၊ အိုးစည်များဖြင့် ဈေး တန်းတစ်လျောက် အရောင်အသွေးစုံ ရှုမျှော်မဆုံနိုင်အောင် လှပ ဆန်းပြားလျက်ရှိသည်။ အောက်စက်တော်ရာမှ အထက်စက်တော်ရာစေတီသို့ လှမ်းမျှော်ကြည့်မိလျင်လည်း စောင်းတန်း အသွယ်သွယ်၊မြူခိုးများကြားဝယ် သပ္ပယ်ကြည်ညိုစရာ မြတ်ဗုဒ္ဓ၏ ခြေတော်ရာ ပါဒစေတီတော်ကိုလည်း ကြည်ညို၍မဆုံးနိုင်အောင် သဒ္ဒါပီတိ ဖြစ်ပွားမိလေသည်။ ငဖဲမြို့နယ်နှင့်နီးစပ်နေ၍ တောင်တန်းဒေသပျော် ချင်းတိုင်ရင်းသားများကလည်း ဘုရားဖူးလာပြည်သူ များကြား တစ်မှုထူးခြား အသွင် ဆန်းပြားလျက်ရှိသည်။ချင်းတိုင်ရင်းသားများက ဒေသထွက် တိုင်းရင်ဆေးမြစ်စုံ နှင့် စပါးကြီးမြွေအသည်းခြေ ၊ကျောက်လိပ်၊ရေလိပ်၊ကျောက်ခက်ပန်းများ၊ သစ်ကွင်း၊ကျောက်ခလောက်၊ သစ်မင်း၊ ၀ါးမင်း တို့ ကိုလည်း လာရောက် ရောင်းချကြသည်။ အင်းဝခေတ် စာဆိုရှင် ရှင်မဟာရဋ္ဌသာရ၏ ရွှေစက်တော်သွားတောလား မှ ကုန်းကျင်းချောက်မြောင် ၊ မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေနှင့် ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်းလည်း၊ ခက်ချင်းခိုက်ထိ ၊ စောင်းကြိုးညှိသို့ ဟု တောတောင် သဘာဝ သစ်ပင်များစုံ သဘာဝ အလှဖန်ပုံကို ရေဖွဲ့ ညွှန်ပြခဲ့သည်။ တောတောင်များကြား သစ်ပင်များထိပ်ဖျားဆီက ကျေးငှက်များဘ၀ ပျော်ပါးနေပုံကိုလည်း လျှံဆူထွေပြား ၊ ငှက်အများလည်း ပျားသို့ချိုအေး၊ ရင့်ရူးကြွေလျက်၊ မောင်ထွေတို့လော၊ မယ်တို့လောဟု ၊ သဘောနှုတ်ဆက်၊ မေးကြလျက်တည့် လင်းဝက်တောလျှိုး၊ ဥချိုငှက်ပျင်း၊ ပြေးဆင်းငှက်ခါး၊ သစ်ပင်ဖျားက၊ သိမ်းကျားစွန်ရဲ ၊လင်းမြီးဆွဲလည်း၊ ကြဲကြဲစစ်စစ်၊ ပြည်ခြစ်ထိုးဆွပ်၊ မြေ၀ပ်ဘီးလုံး ၊ ပြေးတုံးအနီး၊ တောင်သူဘီးလည်း၊ မြေကြီး နှိမ့်မြင့်၊ ပျံအားတင့်ရှင့် ဟူ၍ စပ်ဆိုဖွဲ့နွဲ့ခဲ့သည်။ ညနေဆည်းဆာအလှ နေရောင်အောက်က တွေ့မြင်ရသော တိရစ္ဆာန်များရဲ့အလှကို နေခြည် ၀င်ပြောက် ၊ ဆည်းဆာရောက်သော်၊ မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့် ၊ သံချွေကြွေးကြော်၊ ဖိုမခေါ်လျက်၊ တော်ကျော်တွန်သွား၊ ငှက်ငနွားလည်း၊ တောဖျားမြိုင်ချောက်၊ ပင်ရိပ်အောက်တွင် ဟု ရေးဖွဲ့အမွှန်းတင်ခဲ့သည်။ တောတောင်များကြား လျှိုမြောင်းနားက ပြေးလျှိုပုန်းအောင်း၊ သံကောင်းဟစ်ကြွေး ချစ်သံပေးနေပုံ ကိုလည်း တောတောင်ပျော်မွေ့၊ ဓလေ့ဖိုးခေါင်၊ ခေါ်ယောင်ဖန်များ၊ တောလုံးကြားအောင်၊ ကျားကရုတ်ရုတ်၊ သံကြုတ်ကြုတ်နှင့်၊ သစ်ကျုတ်ပြေးလွှား၊ ကြောင်အားပြေခုန်၊ စွေ့ယုန်ပြေးသန်း၊ နွယ်တန်းကိုလျှောက်၊ သစ်တောက် ငှက်တော်၊သံကြော် ဆက်ရက်၊ မြီးယှက်ဖားဖား၊ ခွေးကျား ခွေးရွှေ၊ ၀ံပုလွေနှင့် ချေကလည်း ဟောက်၊ တောက်သည့်သမင်၊ တောဝန်ကျင်နှိုက်၊ ဆင်ကကြိုးကျည်၊ ပျော်ဖွယ်စည်သည်၊ လေပြည်ပျံ့ပျံ့ ပျူးပျူးတည်း ဟု သဘာဝပတ်ဝန်ကျင်ကို ပွင့်လင်းမြင်သာစွာ ရေးဖွဲ့ စပ်ဆိုခဲ့ပါသည်။ ယခုအခါ ရှင်မဟာရဋ္ဌသာရ ၏ ရွှေစက်တော်သွား တောလား မှ သဘာဝရှုခင်းအလှများက ရှေးယခင် နှင့် မတူ တစ်မှုထူးခြားခဲ့သည်။လူနေမှုပတ်ဝန်ကျင်နှင့် လူဦးရေတိုးပွားမှုများကြောင့် လိုအပ်သော သစ်တော/သစ်ပင် သယံဇာတများစွာ ပျက်စီးဆုံးရှုံးခဲ့ရ၍ ထိန်းသိမ်းရေးနှင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။မန်းရွှေစက်တော၏ သဘာဝအလှတရားတစ်ခု ဖြစ်သည့် မန်းချောင်းရေသည် အမြဲစီးဆင်နေနိုင်ရန် ငဖဲမြို့ အနောက်တောင်ဘက်ရှိ မန်းချောင်း ရေလှောင် တမံဖြင့် ရေကိုထိန်းထားပြီး ပွဲတော်ရာသီကာလ၊နွေးစပါးစိုက်ပျိုးချိန်တွင် ထိန်း၍ရေလွှတ်ပေးခြင်းဖြင့်လည်း ဘုရားဖူးလာပြည်သူအများ နှစ်စဉ် မြင်တွေ့နေရခြင်းဖြစ်သည်။ မိုးတွင်းကာလ မန်းချောင်းရေကြီးမှုသည် အောက်စက်တော်ရာ ခြေတော်ရာမြတ်၏ သံအုပ်သျှောင်ကို ရေမြုပ်သည်အထိ ရေကြီးခဲ့၍လည်း ဖွင့်ပွဲကာလတွင် ခြေတော်ရာမြတ်အတွင် ရေ၀ပ်၍ကျန်ရှိနေသည်ကို ဖွင့်ပွဲလာ ပြည်သူအများမှ အနည်းငယ်မျှသော ခြေတော်ရာရေစင်ကို သဒ္ဓါစိတ်ထက်သန်စွာဖြင့် အမြတ်တနိုး ဝေမျှရယူကြရသည်။ မန်းရွှေစက်တော်ရာ သဘာဝ ဘေးမဲ့တောများတွင်လည်း ရွှေသမင်တို့ ကျက်စား ပျော်မွှေ့ရာ ဖြစ်ပြီး ရွှေသမင်မျိုး ပြုန်းတီးမှုမရှိရအောင် သဘာဝပတ်ဝန်ကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ရွှေစက်တော် ဘေးမဲ့တောနယ်မြေအဖြစ် ဘေးမဲ့တောအဓိကနယ်မြေ (၂၁၃.၄)စတုရန်မိုင်၊ဘေးမဲ့ကာကွယ် တောနယ်မြေအဖြစ် (၁၀၀.၆)စတုရန်မိုင်၊စုစုပေါင်း(၃၁၄.၀)စတုရန်မိုင်ကိုသတ်မှတ်ထားရှိခဲ့သည်။ဘုရားဖူးလာ ပြည်သူများ ရွှေသမင်များကို အလွယ်တကူလေ့လာကြည့်ရှုနိုင်အောင်လည်း ရွှေစက်တော်ဘုရာပွဲတော် အ၀င်လမ်းဘေးတွင် ရွှေသမင်ဥယျာဉ်ငယ်တစ်ခု ခင်ကျင်းပြသထားရှိသည်။ ရွှေစက်တော်ဘေးမဲ့တောတွင် ရှားပါးတိရစ္ဆာန်များဖြစ်တဲ့ မြန်မာ့ရွှေသမင်၊စွေ့ငှက်၊နဖားကြူးငှက်နှင့် ကြယ်လိပ်(ခေါ်) ဆီကျိုလိပ်တို့မှာလည်း ယခုထက်တိုင် ရှိနေသေးသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း သစ်တောဦးစီးဌာန၊ပတ်ဝန်ကျင် နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာနတို့မှလည်း မြန်မာ့ရွှေသမင်နှင့် ဘေးမဲ့တောထိန်သိမ်းရေးဆိုင်ရာ သိကောင်စရာများကို ပြခန်းဖွင့်လှစ် ခင်းကျင်းပြသထားရှိလျက်ရှိသည်။ ဘေးမဲ့တောနှင့် သဘာဝပတ်ဝန်ကျင် များ ဆုံးရှုးံ မှုမရှိရအောင် ကာကွယ်ရန်မှာ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် မလုံလောက်နိုင်ပါ။ အများပြည်သူများပါ သဘာဝပတ်ဝန်ကျင်ကို တန်ဖိုးထား မြတ်နိုးသောစိတ်ဓာတ်များဖြင့် မပျောက်ပျက်၊ မဆုံးရှုံးရအောင် တာဝန်သိတတ်သောစိတ်ဓါတ်ဖြင့် ၀ိုင်းဝန်ကာကွယ်စောင့်ရှောက်မှသာ အဓွန့်ရှည်စွာ တည်မြဲ နိုင်ပေမည်။ ယခင် အင်းဝခေတ် စာဆိုရှင် ရှင်မဟာရဋ္ဌသာရ၏ ရွှေစက်တော် တောလားမှာ ဘာသာရေးအမြင်၊ နှလုံးသားရေးအမြင်၊စာပေအမြင်များထက် သဘာဝတောတောင်ရေမြေ သားငှက်တိရစ္ဆာန်တို့ရဲ့ တည်ရှိနေမှုကို သဘာဝပတ်ဝန်ကျင်အမြင်၊ပတ်ဝန်ကျင်ထိန်းသိမ်းရေးအမြင်တို့ဖြင့် ဖော်ပြရေးစပ်ခဲ့သည်ကို ထောက်ရှု၍ ကမ္ဘာတည်သရွေ့ မြန်မာ ရေမြေတောတောင်များကို ပျက်စီးပြုန်းတီးမှုမရှိရအောင် ၀ိုင်းဝန်ကာကွယ် စောင့်ရှောက်ရင်းဖြင့် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ အလည်တစ်ခေါက် အရောက်လှမ်းကာ လေ့လာနိုင်ကြစေရန် နှိုးဆော် ပန်ကြားလိုက်ရပေသည်။ သိန်းထွန်းအောင်(ပြန်/ဆက်-ငြိမ်း)နှင့် တင်ထွန်းဦး (IPRD) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
READMORE
 

ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

မကွေး မတ် ၉ မကွေးမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း အုပ်ညှပ် တစ်ထပ်ကျောင်းဆောင်သစ် အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မတ်လ(၉)ရက်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်းဆောင် သစ်မုခ်ဦးရှေ့တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီး/ခရိုင် ဌာနဆိုင်ရာအကြီးအကဲများ၊ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ကျောင်းသားမိဘများတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စမ်းမြင့်က ကျောင်းသမိုင်းအားရှင်းလင်းတင်ပြပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား အောင်ပဒေသာဆောက်လုပ်ရေးကုမ္ပဏီဥက္ကဌ ဦးဇော်ကိုမှ တိုင်းဒေသကြီး ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ပါသည်။ အစီအစဉ်အရ ကျောင်းသားမိဘများကိုစားလှယ် ဦးသူရစိုးမှ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ၊ကျောင်းအကျိုးတော် ဆောင်နှင့် ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဌတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်း ကမ္ဗည်းမော်ကွန်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် တက်ရောက်လာသောဧည့်သည်တော်များမှ ကျောင်းသား/ကျောင်းသူလေးများနှင့်အတူ ဖွင့်ပွဲမုခ်ဦးရှေ့တွင် မှတ်တမ်းဓါတ်ပုံရိုက်ယူကြပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ မကွေးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသည် ကျောင်းသားအင်အား (၂၉၀၀)ကျော် ရှိလာပြီးဖြစ်၍ ကျောင်းသားအင်အား များလာသည့်အလျောက် စာသင်ဆောင်များလိုအပ်နေသည်ကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ (၁၂၀×၃၀)ပေ အုပ်ညှပ် တစ်ထပ်ကျောင်းဆောင်သစ် ၊(၃၀×၃၀)ပေ စာသင်ခန်း (၄)ခန်းပါ အဆောက်အဦးအား ဆောက်လုပ်ပံ့ပိုးပေးခဲ့ကြောင်းသိရှိရသည်။ တင်ထွန်းဦး(IPRD) သတင်းပေးပို့သူ ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
READMORE
 

``HIV ဝေဒနာရှင်တစ်ဦးမှ ခုခံအားကျဆင်းမှုရောဂါအကြောင်း စက်ဘီးစီး၍ မြန်မာတစ်ပြည်လုံးသို့ ရင်ဖွင့်ပြောကြားသော ခရီးစဉ်´´

မကွေးမြို့ ဈေးလယ်စိုးရပ်ကွက်၊ ဂရုဏာရှင်များ နာရေးကူညီမှုအသင်း(မကွေး)၌ မတ်(၈)ရက်၊ နေ့(၉း၄၀)မှ (၁၀း၄၀)နာရီအချိန်ခန့်တွင် နာယက ဆရာတော် ဦးသာသန နှင့် အဖွဲ့ဝင်(၃၀)ခန့်တို့သည် HIV ဝေဒနာရှင်တစ်ဦးမှ စက်ဘီးစီး၍ မြန်မာတစ်ပြည်လုံးသို့ ခုခံအားကျဆင်းမှုရောဂါအကြောင်း ရင်ဖွင့်ပြောကြားသော ကိုစရကို Srako(၃၅)နှစ်၏ ဟောပြောဆွေးနွေးပွဲကျင်းပကြောင်း သတင်းရရှိသည်။ ကိုစရကို Srako(၃၅)နှစ်သည် မန္တလေးဇာတိဖြစ်ကြောင်း၊ သူ၏ စက်ဘီးစီး၍ မြန်မာတစ်ပြည်လုံးသို့ ခုခံအားကျဆင်းမှုရောဂါအကြောင်း ရင်ဖွင့်ပြောကြားသော ခရီးစဉ်ကို ၂၀၁၃၊ ဒီဇင်ဘာလ(၁)ရက် ကမ္ဘာ့ခုခံအား ကျဆင်းမှုရောဂါ ကြိုတင်ကာကွယ်ရေးနေ့ မှာစတင်ခဲ့ကြောင်း၊ ၎င်းခရီးစဉ်ကို ဦးကျော်သူ၏ နာရေးကူညီမှု အသင်း(ရန်ကုန်)၌ အခမ်းအနားပြုလုပ်၍ စတင်ထွက်ခွာခဲ့ကြောင်း၊ မကွေးမြို့သို့ရောက်ရှိသောမိုင်ပေါင်း (၂၆၆၅)မိုင်၊ ရပ်နား၍တည်းခိုခဲ့သောနေရာပေါင်း(၇၀)ရှိခဲ့ကြောင်း၊ မကွေးမြို့မှ အထက်မင်းလှမြို့သို့ မတ်(၉)ရက် နေ့တွင် ဆက်လက် သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးသို့ ခရီစဉ်ဆွဲထားကြောင်း၊ ခရီးစဉ် အား ကျန်းမာရေး ကောင်းလျှင် တစ်နှစ်ကျော်ခန့်ကြာမည်ဖြစ်ကြောင်း၊ ရောက်ရှိသောမြို့များတွင် ပရဟိတ လူမှုရေးအကူအညီ အသင်းများသို့ ၀င်ရောက်တည်းခိုကြောင်း ကိုစရကို က ပြောသည်။ ``ကျွန်တော် ဒီခုခံအားကျဆင်းမှုရောဂါ ကူးစက်ခံရတယ်ဆိုတာကို(၂၀-၁-၂၀၀၅) နေ့မှာသိခဲ့ရပါတယ်။ ART ဆေးကို လူနာမှတ်ပုံတင်အမှတ် ၉၉/၃၃၉/၀၆ နဲ့ (၁၆-၁၁-၂၀၀၆) မှာစတင်ရရှိ သုံးစွဲခဲ့ပါတယ်။ ကျွန်တော့်လို ဘ၀တူ ဝေဒနာရှင်တွေရဲ့ရိုးရှင်းတဲ့ဘ၀နဲ့ သက်တမ်းစေ့နေထိုင်နိုင်ရေးအတွက် ထားရှိရမဲ့စိတ်ဓာတ်နဲ့ နေထိုင်ပြုမှု သင့်တာတွေ၊ ART ဆေးသုံးစွဲပုံတွေကို အကြံပြုအားပေးသွားမှာပါ။ နောက် ဝေဒနာရှင်တွေကို မိဘ ဆွေမျိုး သူငယ်ချင်း ပတ်ဝန်းကျင်တွေက ထားရှိစေချင်တဲ့ စိတ်ဓာတ်၊ အပြုအမူများကိုလည်း ဆွေးနွေးအကြံပြုသွား ပါ့မယ်။ ကျွန်တော့်လို ဝေဒနာမျိုးမကူးစက်အောင် ဒီရောဂါအတွက် ကြိုတင်ကာကွယ်တားဆီးနိုင်အောင် ရောက်တဲ့ မြို့/ရွာ နေရာတိုင်းမှာ စကားဝိုင်း(သို့မဟုတ်)ဆွေးနွေးဟောပြောပွဲတွေကိုပြုလုပ်ပြီး ရှယ်ယာအဖြစ် ဖြန့်ဝေပေး သွားဖို့ ရည်ရွယ်ချက်နဲ့ ဒီခရီးစဉ်ကို ဆွဲခဲ့တာပါ ။´´ဟု Sarko ကိုစရကို က ပြောသည်။
READMORE
 

``အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မကွေးမြို့အဆင့်မြင့်မြို့တော်ခန်းမတွင် ကျင်းပ´´

မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ အထက(၁)လမ်း မကွေးမြို့အဆင့်မြင့်မြို့တော်ခန်းမတွင် ၂၀၁၄၊ မတ်(၈)ရက်နေ့မှာ ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို နံနက်(၉)နာရီမှ နေ့(၁၀)နာရီအချိန်ထိ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများ၊ အမျိုးသမီးရေရာအဖွဲ့ဝင်(၁၅၀)ဦး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်(၅၀)ဦး၊ သူနာပြုဆရာမများ(၁၂၀)၊ ပညာရေးကောလိပ်မှ ဆရာ/ဆရာမ များ (၁၅၀)၊ ကျောင်းသူကျောင်းသား ဆရာ ဆရာမများ(၁၅၀)၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်(၂၀) နှင့် ကြက်ခြေနီအဖွဲ့ဝင်(၁၀) ဦး စုစုပေါင်းအင်အား(၆၅၀)ဦးတက်ရောက်ကြောင်း သတင်းရရှိသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ မကွေး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်စမ်းစမ်းမြင့် က အဖွင့်အမှာစကားပြောကြားကြောင်း၊ ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေး မှူးချုပ်ထံမှ ပေးပို့သော သ၀ဏ်လွှာကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မြင့် က ဖတ်ကြားကြောင်း၊ ထို့နောက် မကွေးတိုင်းဒေသကြီးအတွင်း အမျိုးသမီးရေးရာလုပ်ငန်းဆောင်ရွက်နေမှုများကို အမျိုးသမီးရေးရာကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်မင်း က ရှင်းလင်းကြောင်း၊ ထို့နောက် အမျိုးသမီးများအကြမ်းဖက်မှု ကာကွယ်လျှော့ချရေးလုပ်ငန်းစဉ် စာတမ်းကို အက်ရှင်အေ့ဒ် မြန်မာ(Actionaid Myanmar)အဖွဲ့မှ ဒေါ်ဖြူကြည်ခိုင် ကဖတ်ကြားကြောင်း သိရသည်။ ထို့နောက် အစီအစဉ် နောက်ဆုံးကဏ္ဍတွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ အမျိုးသမီး(၁၃)ဦးတို့က အမျိုးသမီးများအကြမ်းဖက်မှု ကာကွယ်တားဆီးရေးဆိုင်ရာ သရုပ်ဖော်ဇာတ်လမ်းဖြင့် တင်ဆက်၍ အစီအစဉ် ပြီးဆုံးကြောင်း သတင်းရရှိသည်။
READMORE
 

``မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ´´

မကွေးမြို့၊ ရန်မျိုးလုံရပ်ကွက်၊ တောင်တွင်းကြီးလမ်း၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ရုံး အစည်းအဝေးခမ်းမတွင် အမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စမ်းစမ်းမြင့် က အမျိုးသမီးရေးရာ ရှေ့လုပ်ငန်းစဉ်များကို အဖွင့်အမှာစကားပြောကြားကြောင်း၊ ဥက္ကဋ္ဌ ဒေါ်သင်းသင်းထွေး၊ အတွင်းရေးမှူး ဒေါ်ခင်ခင်မြင့် နှင့် မကွေးတိုင်းဒေသကြီးအတွင်းမှ ခရိုင်(၅)ခရိုင်နှင့် (၂၅)မြို့နယ်မှ အမျိုးသမီး ရေးရာ အဖွဲ့ဝင်အင်အား(၇၀)ခန့်တက်ရောက်ကြ၍ မြို့နယ်များမှ ဆောင်ရွက်လျှက်ရှိသော မိခင်နှင့် ကလေးစောင့်ရှောက်ခြင်းလုပ်ငန်း၊ သက်ကြီးရွယ်အို ဘိုးဘွားများစောင့်ရှောက်မှုလုပ်ငန်း၊ ကျောင်းသူ ကျောင်းသားများအတွက် ပညာဆိုင်ရာ ပံ့ပိုးကူညီဆောင်ရွက်မှုများ နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြခြင်း၊ လိုအပ်သည်များကို အပြန်အလှန်မေးမြန်း၍ ညှိနှိုင်းဆောင်ရွက်ကြောင်း သတင်းရရှိသည်။
READMORE
 

ကျောက်တန်းရေစက်ရုံ မှ မင်းဘူးမြို့ သောက်သုံးရေဖြန့်ဝေ

မင်းဘူး မတ် ၈ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်သည် မန်းရေနံမြေနှင့် နီးကပ်စွာတည်ရှိပြီး တောင်ကုန်းများ အပေါ် မြို့တည်ထားသည့်အတွက် အချို့ရပ်ကွက်များမှာ မြေအောက်ရေစက်ရေတွင်းတူးဖော်ရန် ခက်ခဲမှု များကြောင့် မြို့ပေါ်နေပြည်သူများ သောက်သုံးရေဖူလုံးစွာ ရရှိနိုင်ရန် မင်းဘူးမြို့နှင့် တစ်မိုင်ခန့် အကွာရှိ ကျောက်တန်းကျေးရွာ ရေစိမ့်တွင်းမှ ရေအား စက်များဖြင့် တင်ယူ ဖြန့်ဝေပေးလျက်ရှိသည်။ မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးမောင်မောင်အောင်မှ ယမန်နေ့က ရေစက်ရုံးသို့ ကွင်းဆင်း စစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥကဌ၊ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ရေစက်ရုံ ကောင်းမွန်မှု၊ရပ်ကွက်များသို့ ရေပေးဝေမှု အခြေအနေအားရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ ကျောက်တန်းရေစက်ရုံကို ၁၈၉၀-ခုနှစ်မှ စတင်တည်ဆောက် ရေပေဝေခဲ့ရာ ရေစိမ့်တွင်း (၂)တွင်းမှ တစ်ရက် ရေဂါလံ(၂၆၀၀၀၀)ကျော် အား မင်းဘူးမြို့ အမှတ်(၁)နှင့်(၂)ရပ်ကွက်တို့အား ယနေ့ အချိန်ထိ ရေပေးဝေနိုင်လျက်ရှိကြောင်းသိရှိရသည်။ သူရထွန်း(မကွေး) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
READMORE
 

မင်းဘူးမြို့အောင်မြေ(၈)လမ်းကျောက်ချောခင်းပြီး

မင်းဘူး မတ် ၈ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အောင်မြေ(၈)လမ်းအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့ ရန်ပုံငွေဖြင့်လမ်းအရှည်(၁၃၃၀)ပေ၊အကျယ်(၁၂)ပေ၊ ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအား ယမန်နေ့က တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမောင်မောင်အောင် မှ ကွင်း ဆင်းစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်း လင်းတင်ပြခဲ့သည်။ အဆိုပါ အောင်မြေရပ်ကွက်(၈)လမ်းသည် မိုးရာသီများတွင် ရေ၀ပ်မှုနှင့် ရွှံ့စေးများကြောင့် သွားလာရ ခက်ခဲ၍ ယခုအခါ ကျောက်ချောလမ်းခင်းပေးသဖြင့် ရပ်ကွက်နေပြည်သူများ စိတ်ချမ်းမြေ့ စွာ သွားလာနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။ တင်ထွန်းဦး(IPRD) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး (တိုင်းဒေသကြီးပြန်/ဆက်)
READMORE
 

ဓမ္မစကူးလ် ဖောင်ဒေးရှင်း အဆင့်မြင့် ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်

ပွင့်ဖြူ မတ် ၈ ဓမ္မစကူးလ်ဖောင်ဒေးရှင်း အဆင့်မြင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို မတ်လ (၇)ရက်နေ့ နံနက်(၈)နာရီက ပွင့်ဖြူမြို့ အောင်သိဒ္ဓိကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ သင်တန်းဆိုင်းဘုတ်အား ကျောင်းသား/ကျောင်းသူလေးများက ရွှေကြိုးဆွဲ၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြ၀ါဒစရိယ ဗဟိုဝန်ဆောင်ဆရာတော် (ရွှေစေတီဆရာတော်)နှင့် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ ဘဒ္ဒန္တ ပါမောက္ခ တို့မှ ဖွင့်ပွဲ အထိမ်းအမှတ်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ဧည့်သည်တော်များမှ ဆရာတော်သံဃာတော်မြတ် များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အောင်သိဒ္ဓိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သုစိတ္တမှ ဓမ္မစကူးလ် ကျောင်းပေါ်ပေါက်လာပုံနှင့် အဆင့်မြင့် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်း မိန့်ကြား ပြီး သင်တန်းတက်ရောက်ခွင့်ရရှိသူကျောင်းသားတစ်ဦး၏ မိဘမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသော ဧည့်သည်တော်များအား စလင်းမြို့ ဓမ္မစကူးလ် ဖောင်ဒေးရှင်းမှ ဆရာမိုးက ယဉ်ကျေးလိမ္မာ သင်ခန်းစာ သင်ကြားမှုအား သရုပ်ပြရှင်းလင်းပေးပြီး စေတနာရှင် အလှူရှင်များမှ အလှူငွေ ကျပ်(၂၀)သိန်းအားပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများမှ လက်ခံရယူ၍ ဂုဏ်ပြု မှတ် တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ အဆင့်မြင့် ယဉ်ကျေးလိမ္မာသင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း ကျောင်းများမှ အထက်တန်းကျောင်းများအထိ ပညာသင်ယူနေသော ကျောင်းသား/ကျောင်းသူ (၃၀၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှ မတ်လ(၇)ရက်နေ့မှစ၍ (၃)လကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ တင်ထွန်းဦး(IPRD) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
READMORE
 

မင်းတုန်းမြို့နယ် မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

မင်းတုန်း မတ် ၈ မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့က မြို့မဈေး အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်၊မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အမှုဆောင်အရာရှိ ဦးစောသိန်းဦးတို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။ သူရထွန်း(မကွေး) သတင်းပေးပို့သူ ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
READMORE
 

``မကွေးမြို့မဈေးကြီး မီးလှန့် ဇာတ်တိုက်လေ့ကျင့်၍ လက်တွေ့မီးငြိမ်းသတ်´´

မကွေးမြို့၊ ဈေးလယ်စိုးရပ်ကွက်၊ မြို့မဈေးကြီးတွင် မတ်(၈)ရက်၊ နံနက်(၉း မှ ၉း၁၅)နာရီအချိန်၌ မီးလှန့် ဇာတ်တိုက်လေ့ကျင့်၍ မီးငြိမ်းသတ်ခြင်းကို သတင်းမှတ်တမ်းဓာတ်ပုံများ ရယူခဲ့သည်။ မကွေးမြို့မဈေးကြီးအတွင်း၌ မတ်(၈)ရက်၊ နံနက်(၉း မှ ၉း၁၅)နာရီအချိန်မှာ အမှိုက်မီးရှို့၍ မီးခိုးများ တက်လာစဉ် မကွေးမြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးကျော်သိန်းနှင့် မီးသတ်ယာဉ် ကား(၃)စီး၊ သန္တေမီးသတ်တပ်ဖွဲ့(၂၀)ဦး၊ အရံမီးသတ်တပ်ဖွဲ့(၃၀)ဦးနှင့် မီးသတ်တပ်ဖွဲ့အင်အားစုစုပေါင်း(၅၀)ဦးတို့ အချိန်မီ ရောက်ရှိလာကြောင်း၊ မီးလောင်စဉ်လုံခြုံရေးအတွက် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းချစ် နှင့် ရဲတပ်ဖွဲ့ဝင်(၁၀)ဦး၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ရှိသူနှင့် ၀န်ထမ်းများ(၂၀)ဦး၊ မြို့မဈေးကော်မတီ(၄)ဦး နှင့် ဈေးလယ်စိုးရပ်ကွက် ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့် နှင့် အဖွဲ့ဝင်(၃)ဦး၊ အရံ မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦးတို့လာပြီး ၀ိုင်းဝန်းမီးငြိမ်းသတ်ကြောင်း သတင်းမှတ်တမ်းဓာတ်ပုံများ ရယူခဲ့သည်။
READMORE
 

``မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားရုံးမထိမဲ့မြင်ပြုလုပ်မှု ရေးသားသည်ဟု သတင်းထောက်နှစ်ဦးအား တရားစွဲဆိုခြင်း (ပထမ)အကြိမ် ရုံးချိန်း´´

လူမှုကွန်ရက် ဟစ်တိုင်ဂျာနယ် အတွဲ(၁)၊အမှတ်(၇)၊ ၂၀၁၄ ဇန်န၀ါရီ(၁)ရက်နေ့ထုတ် ဂျာနယ် စာမျက်နှာ (၂၉)တွင် ဟင်္သာ(တောင်တွင်းကြီး)ရေးသားဖော်ပြထားသော (ငွေရှိရင်လူကို ကားနဲ့တိုက်သတ်လို့ရတယ်ထင် ကုန်ကြပြီ) ခေါင်းစဉ်သတင်းအား၎င်း။ UNITY ဂျာနယ်၊အတွဲ(၃)၊ အမှတ်(၃) ၂၀၁၄ ဇန်န၀ါရီ(၁၈)ရက်နေ့ထုတ် ဂျာနယ် စာမျက်နှာ(၉) ပြည်သူ့အသံကဏ္ဍ မှ (အမေစုရေကယ်ပါဦး တောင်တွင်းကြီးမြို့မှာ သိန်း ၄၀ရှိရင် လူသတ်လို့ရတယ် ပြောကုန်ကြပြီ..) ခေါင်းစဉ်ဖြင့် ပါလာ၍ ရေးသားသူဟု စွပ်စွဲခံရသူ သတင်းထောက် စော်ဘွားကြီး(တောင်တွင်းကြီး) တို့ ရေးသားသူနှစ်ဦးအား ဦးညွန့်ဆွေ(၆၂)နှစ်၊ ဒုရဲအုပ် (စခန်းမှူး အငြိမ်းစား) မကွေးလမ်း၊ ရွှေကြာအင်း(၂)ရပ်ကွက်၊တောင်တွင်းကြီးနေသူ က ၂၀၁၄ ဖေဖော်ဝါရီ(၂၅)ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး တရားလွှတ်တော်တွင် တရားရုံးမထိမဲ့မြင်ပြုလုပ်မှု ပြစ်မှုဆိုင်ရာ အထွေထွေလျှောက်ထားမှုအမှတ် (၄)(၅)ဖြင့် တိုင်ကြားခံထားရကြောင်း မတ်(၇)ရက် နေ့(၁၁)နာရီအချိန် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး တွင် ဦးလှဖုန်းဦး(၃၇)နှစ် (ခ) အကြီးတန်းသတင်းထောက် ဟင်္သာ(တောင်တွင်းကြီး)က ပြောသည်။ `` ဒီနေ့ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားရုံးက ဆင့်ခေါ်လို့ ပထမအကြိမ်ရုံးချိန်းလာခဲ့ပါတယ်။ ကျွန်တော်ကိုယ်စား မကွေးမြို့က အထက်တန်းရှေ့နေ ဦးမြင့်အောင်ကို ပါဝါလွှဲထားပါတယ်။ သူကနေ ဒီနေ့မကွေးတိုင်းဒေသကြီး တရားလွှတ်တော်က လိုအပ်တာကိုဆောင်ရွက်ပါ့မယ်။ နောက်တစ်ပါတ် အင်္ဂါနေ့ မတ်(၁၁)နေ့မှာ ကျွန်တော့်ကို ပြန်လာဖို့ အထက်တန်းရှေ့နေ ဦးမြင့်အောင်က မှာထားပါတယ်´´။ ဟု ဟင်္သာ (တောင်တွင်းကြီး)က ပြောသည်။ အထက်တန်းရှေ့နေ ဦးမြင့်အောင်အား ယခုအမှုနှင့်ပတ်သက်၍ မေးမြန်းရာ ယနေ့မှ ပါဝါလွှဲယူနေစဉ်ဖြစ်၍ ဤအမှုနှင့်ပါတ်သက်ပြီး သဘောထားမှတ်ချက်တွေကို မပြောနိုင်သေးကြောင်း၊ တရားရုံးအား လျှောက်လွှဲချက် (ထုချေလွှာ)တင်ပြီးလျှင် မီဒီယာတွေကိုပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ သတင်းထောက်နှစ်ဦးရေသားသော မှုခင်းသတင်းမှာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ(၆)ရက်နေ့၊ ပြစ်မှုကြီးအမှတ် -၁၈၈၆ ဖြင့် တောင်တွင်းကြီးမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဦးမြင့်တင် မှ စီရင်ချက်ချပြီးဖြစ်ကြောင်း စီရင်ချက် မိတ္တူအရ သိရသည်။ အမှုဖြစ်စဉ်အကျဉ်းမှာ တရားလို ဒုရဲအုပ်ကျော်မင်းမောင် မှ တရားခံ ဦးညွန့်ဆွေ၏ ကား ၃စ/၄၇၃၃ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသော ကိုကိုလတ်အားဝင်ရောက်တိုက်မိ၍ ဒဏ်ရာများဖြင့်သေဆုံးသွား ကြောင်း၊ သေဆုံးသူ၏ဇနီးနှင့်မိသားစုက အမှုကိုရုပ်သိမ်းလွှာတင်ခဲ့ကြောင်း၊ ထို့ကြောင့် မြို့နယ်ဥပဒေအရာရှိမှ အမှုအားဆက်လက်ဆောင်ရွက်ပါက အကျိုးထူးဖွယ်မမြင်ခြင်းတို့ကြောင့် အောက်ပါအမိန့်ကို ချမှတ်လိုက်ကြောင်း သိရသည်။ တရားခံအား ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄-က အရစွဲဆိုမှု၏ ``အမိန့်´´ စီရင်ချက်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်ကွက်နေ ဦးတင်ဦး၏သား တရားခံ ဦးညွန့်ဆွေအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရစွဲဆိုထားမှုအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုပြီး အမှုအားစွဲချက်မတင်မီ လွတ်လိုက်သည်။ သက်သေခံကားနှင့်ဆိုင်ကယ်အား ပိုင်ရှင်သို့ထုတ်ပေးစေ။ ပုံ မြင့်တင် မြို့နယ်တရားသူကြီး ဟု စီရင်ချက်တွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။ တရားခံ ဦးညွန့်ဆွေ၏ ၂၀၁၄ ဖေဖော်ဝါရီ(၂၉)ရက်နေ့ တောင်တွင်းကြီးမြို့နယ်တရားရုံး၌ ကျမ်းသစ္စာကြိမ် ဆိုချက်တွင် တရားရုံးကရုပ်သိမ်းခွင့်ပြု၍ ကျွန်တော့်အားလွှတ်လိုက်ခြင်းဖြစ်သည်ဟု ထင်ယောင်ထင်မှားဖြစ်စေ ပြီး တရားစီရင်ရေးအပေါ် အများပြည်သူများက ယုံကြည်ကိုးစားမှုလျှော့နည်းရန်ပြုလိုက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဟင်္သာ(တောင်တွင်းကြီး) အား တရားရုံးမထိမဲ့ခြင်း ပြုမှုချက်အရ ထိရောက်သော ပြစ်ဒဏ်ချမှတ် သင့်ပါသည် ဟု ၎င်း၏ ကျမ်းသစ္စာကြိမ်ဆိုချက်တွင် အစပြုဖော်ပြထားကြောင်း သတင်းရရှိသည်။ သတင်းထောက် ဟင်္သာ(တောင်တွင်းကြီး)ကလည်း ``၂၀၁၃၊ ဇူလိုင်(၂၉)ရက်နေ့ကထုတ်ပြန်ထားသော တရားရုံးများ မထိမဲ့မြင်ပြုမှုဥပဒေကို (၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၁၇)၊ အခန်း(၃) ကင်းလွတ်ချက်များ ပုဒ်မ(၈)တွင် စစ်ဆေးကြားနာ၍ အပြီးသတ်အမိန့်ချထားပြီးဖြစ်သည့် တရားစီရင်ရေးတစ်ရပ် ၏ အရည်အသွေးအပေါ်မျှတစွာ သုံးသပ်ချက်(သို့မဟုတ်)ဝေဖန်ချက်ကို ပုံနှိပ်ထုတ်ဝေခြင်း (သို့မဟုတ်) ဖြန့်ချိခြင်း သည် တရားရုံးကို မထိမဲ့မြင်ပြုမှု မမြောက်စေရ)၊´´ဟု ပြည်ထောင်စုလွှတ်တော်မှ ရေးသားပြဒါန်းထားသော ဥပဒေပါစာများကို ဟင်္သာတောင်တွင်းက ဖတ်ကြားပြောဆိုသည်။ ၎င်းအမှုကို မတ်(၃)ရက် ပထမအကြိမ် ရုံးချိန်းနေ့တွင် သတင်းမီဒီယာသမားများ (၁၀)ဦးခန့် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး သို့ လာရောက် သတင်းယူကြောင်း သိရသည်။
READMORE
 

မကွေးမြို့တွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မတ်(၆)ရက် နံနက်(၁၁)နာရီအချိန်၌ မြန်မာပြည်အတွင်းရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခန်းအနားသို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း နှင့် ညွန်ကြားရေးမှူးများ၊ မကွေးတိုင်းဒေသသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုဝန်ကြီး ဦးဝင်းမြင့်မောင်၊ မကွေးခရိုင်/မြို့နယ် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဦးစီးမှူးများ၊ ဦးစီးအရာရှိများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း(၆၀)ခန့်တက်ရောက်ကြောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ ရည်ရွယ်ချက်မှာ အလုပ်သမားများအား အလွန်နည်းသောအခကြေးငွေပေးခြင်းမှ ကာကွယ်ရန်၊ လက်ရှိရရှိနေသော လုပ်ခထက် လျှော့နည်းမှုမရှိသော လုပ်ခသတ်မှတ်ပေးရန်၊ လုပ်ငန်းခွင်အေးချမ်းသာယာရေးကို အားပေးအထောက် အကူပြု နိုင်ရေးအတွက် အလုပ်ရှင်များက မမျှတသောလုပ်အားခပေးခြင်းမှ ကာကွယ်ရန်ဖြစ်ကြောင်း၊ ဤသို့ဆောင် ရွက်နိုင်ရန် နိုင်ငံတော်သမ္မတ၏အမိန့်စာဖြင့် ၂၀၁၃၊ ဒီဇင်ဘာ(၂၀)ရက် နေ့က အမျိုးသားကော်မတီဝင်(၂၇)ဦး အားဖွဲ့စည်းပေးကြောင်း၊ အမျိုးသားကော်မတီမှ ပြည်နယ်/တိုင်းဒေသကြီးများ၌ကော်မတီများဖွဲ့စည်းခြင်း၊ သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးကော်မရှင်များ နှင့် အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် မေးမြန်းဖြေရှင်းပြီး အမျိုးသားကော်မတီမှ သတ်မှတ်ပေးထားခဲ့သော ပုံစံမေးခွန်းအဖြေများကို ၂၀၁၄ ဇွန်လနောက်ဆုံး ထား၍ ကော်မတီသို့တင်ပြရန်၊ ၂၀၁၄ ၊ ဒီဇင်ဘာလ နှစ်မကုန်ခင်မှာ အနည်းဆုံးလုပ်အားခကို အတည်ပြုကြေညာပေး မည်ဖြစ်ကြောင်း ၎င်းရှင်းလင်းပွဲတွင် ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း ပြောကြား၍ သိရသည်။ ``ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လုပ်အားခအနည်းဆုံးသတ်မှတ်ပေးဖို့ ထောင့်စုံဘက်စုံက ကြည့်ပြီး ဆွေးနွေးသတ်မှတ်ပေးရပါ့မယ်၊ ဒါကြောင့် အစိုးရအဖွဲ့တာဝန်ရှိသူများကို အစည်းအဝေးတက်စေချင်ပါတယ်၊ ဒီဆွေးနွေးပွဲတွေကို မန္တလေးမှာလည်း ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ မတက်ပါဘူး၊ ထိုအတူဘဲ၊ ယခုဒီ မှာလည်း ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ မတက်ကြပါဘူး၊ကိုယ်စားတက်ပါတယ်။ ကျွန်မစိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်တိုင်း ကိုယ့်ပြည်အတွက် အရေးကြီးတဲ့ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါတယ်..။´´ဟု အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယ ပြည်ထောင်စုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက မကွေးမြို့ ရှင်းလင်းဆွေးနွေးပွဲ ၌ ပြောကြားသည်။
READMORE
 

``၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်း(၅)ရက် မကွေးမြို့တွင်ဖွင့်လှစ်´´

မကွေးမြို့၊ ရန်ကင်းရပ်ကွက်၊ အထက(၁)လမ်း၊ အစိုးရအထက်တန်းကျောင်း အမှတ်(၄)တွင် မတ်(၆)ရက် နံနက်(၈း၃၀)နာရီအချိန်၌ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်း(၅)ရက်ကျင်းပရန် သင်တန်းဖွင့်ပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်း(၅)ရက်ကို မတ်(၆)ရက်မှ(၁၀)ရက်နေ့အထိ နေ့စဉ် နံနက်(၉း၃၀)နာရီမှ ညနေ(၄း၃၀) နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရန် ဆရာ၊ဆရာမ သင်တန်းသား(၄၂)ဦးတို့အား မကွေးခရိုင်သန်းခေါင်စာရင်းကောက်ယူရေး အတွင်းရေးမှူး၊ မကွေးခရိုင်(လ.၀.က)ဦးစီးမှူးရုံး ဒုတိယ လက်ထောက်ညွန်ကြား ရးမှူး ဦးဝင်းမြင့်နှင့် အဖွဲ့မှ သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရသည်။ ယခုတက်ရောက်သော သင်တန်းသား များမှ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ထပ်မံ သင်တန်းပို့ချပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ``ယခုနိုင်ငံတော်အစိုးရအသစ်မှာ ကြုံတောင့်ကြုံခဲ နှစ်(၃၀)ကြာမှ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ယခု သန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်ပါ တယ်။ ပထမပိုင်းအနေနဲ့ကြိုတင်ပြင်ဆင်မှုလုပ်ငန်း၊ ဒုတိယပိုင်းအနေနဲ့ စာရင်းကောက်ယူရေးလုပ်ငန်း၊တတိယပိုင်းအနေနဲ့ စာရင်းဇယားပြုစုခြင်းလုပ်ငန်းနဲ့ စတုတ္ထပိုင်း စာရင်းဇယားများ ချုပ်ကိုင်မှုလုပ်ငန်းဆိုပြီး အပိုင်းလေးပိုင်းရှိပါတယ်။ ဒီအပိုင်းလေးပိုင်းလုံးကို ပြည့်စုံအောင် သင်တန်းသား ဆရာဆရာမ များရဲ့လက်ဝယ်သို့ ရရှိအောင် ဒီနေ့သင်တန်းမှာ ပို့ချပေးသွားမှာပါ..။´´ ဟု မကွေးခရိုင် (လ.၀.က)ဦးစီးမှူးရုံး ဒုတိယ လက်ထောက်ညွန်ကြား ရးမှူး ဦးဝင်းမြင့်က ပြောသည်။ ၎င်း သင်တန်းဖွင့်ပွဲသို့ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် တက်ရောက်အဖွင့်အမှာစကားပြော၍ မကွေးတိုင်းဒေသကြီး(လ.၀.က)တိုင်း/ခရိုင်/မြို့နယ်ရုံးများမှ ညွန်ကြားရေးမှူးများ၊ ဦးစီးမှူးများ၊ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးနှင့် မြို့ပေါ်(၁၄)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် သင်တန်းသားများ စုစုပေါင်း(၁၅၀)ခန့်တက်ရောက်ကြောင်း သတင်းရရှိသည်။
READMORE
 

``ရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်း(၅)ဦးနုတ်ထွက်၍ ပြန်လည်ဖွဲ့စည်း´´

မင်းဘူးခရိုင်၊ မင်းဘူး/စကုမြို့နယ် ရွှေစက်တော်ဘုရားဂေါပကအဖွဲ့အား မတ်(၃)ရက်နေ့ နံနက် (၁၁း၃၀)နာရီအချိန်တွင် ဂေါပကအဖွဲ့ကို ပြန်လည်ဖွဲ့စည်းကြောင်း၊ ယခင်ဂေါပကအဖွဲ့မှ အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာဝန်ထမ်း(၅)ဦး နုတ်ထွက်ကြောင်း၊ ၎င်း တို့နေရာများတွင် အစားထိုးပြင်ဆင်ဖွဲ့စည်းကြောင်း သတင်း ရရှိသည်။ ၂၀၁၄ မတ်လ(၃)ရက်နေ့ နံနက်(၉း၃၀)မှ နေ့(၁၁း၃၀)နာရီအချိန်ခန့်တွင် မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက် ကံကြီးရပ် မဟာဝိသုတာရာမတိုက်သစ်ကျောင်း၌ ရွှေစက်တော်ဂေါပကအဖွဲ့ပြန်လည်ဖွဲ့စည်းရန် မြို့နယ်သံဃာ့ နာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသာသန(ရွှေတွင်းကျောင်း)နှင့် ပင့်သံဃာဆရာတော်များ(၁၄)ပါးထံ သြ၀ါဒခံ ယူ၍ ဖွဲ့စည်းကြောင်း၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်( ဂေါပက ဥက္ကဋ္ဌ) နှင့်ဂေါပက အဖွဲ့ဝင်များ၊ ခရိုင်ဒုတိယရဲမှူးကြီး၊ ခရိုင်လ.၀.က ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သာသနာရေးဦးစီးမှူး၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးဥက္ကဋ္ဌ နှင့် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ စုစုပေါင်း(၃၀)ဦးခန့်တက်ရောက်ကြောင်း သိရသည်။ ရွှေစက်တော်ဘုရားနှင့်ပတ်သက်၍ သတင်းမီဒီယာများမှ ရေးသားမှုအခြေအနေ၊ ဘုရားကြီး၏ ဘဏ္ဍာ ငွေသုံးစွဲမှုနှင့် ထိမ်းသိမ်းထားမှုအခြေနေ၊ လက်ရှိဂေါပကအဖွဲ့(၂၀)ဦးအနက် အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ ဂေါပကအဖွဲ့ဝင်(၅)ဦးအား နုတ်ထွက်ခွင့်ပြုပါရန် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်( ဂေါပက ဥက္ကဋ္ဌ) က မြို့နယ်သံဃာ့နယကဆရာတော်နှင့် ဆရာတော်များထံလျှောက်ထားကြောင်းသတင်းရရှိသည်။ ကျန်အရပ်သား ဂေါပက(၁၅)ဦးမှ ဦးမျိုးမြင့် ဥက္ကဋ္ဌ၊ ဦးဌေးမြင့်သိန်း အတွင်းရေးမှူး၊ ဦးမြင့်သိန်းထွန်း တွဲဘက်အတွင်းရေးမှူး တို့အား အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း ဂေါပက တစ်ဦးက ပြောသည်။ `` ကျွန်တော်တို့ကျန်အရပ်သား ဂေါပက(၁၅)ဦးနဲ့ ပြန်လည်ဖွဲ့စည်းတာပါ။ ကျွန်တော်က ဂေါပကအဖွဲ့ စီမံရေးရာပါ၊ ယခုပြန်လည်ဖွဲ့စည်းတဲ့အဖွဲ့ကနေ ကျွန်တော်ဆန္ဒနဲ့ နုတ်ထွက်လိုက်ပါတယ်။ ဂေါပကအဖွဲ့ (၁၄)ဦးသာကျန်ပါ့မယ်။´´ဟု ဦးစိုးတင့်( ဂေါပကအဖွဲ့၊ စီမံရေးရာ)က ပြောသည်။ ယခုအသစ်ပြန်လည်ဖွဲ့စည်းခြင်းမှာ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်(နယက)ထား၍ ကျန်အရပ် သား(၁၅)ဦးထဲမှ အလုပ်အမှုဆောင်နေရာ ပြန်လည်ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ဦးမျိုးမြင့် ဥက္ကဋ္ဌ(အမှတ်၂ ရပ်ကွက်၊ မင်းဘူး)၊ ဦးဌေးမြင့်သိန်း အတွင်းရေးမှူး(အမှတ်၂ ရပ်ကွက်၊မင်းဘူး) ဦးမြင့်သိန်းထွန်း တွဲဘက်အတွင်းရေးမှူး (စကုမြို့) ၊ဦးညို ဘဏ္ဍာရေးမှူး(၁) (အမှတ်၁ ရပ်ကွက်၊ မင်းဘူး)၊ ဦးစိုးတင့် ဘဏ္ဍာရေးမှူး(၂) (စကုမြို့) နှင့် အဖွဲ့ဝင်(၁၀)ဦး ဖြစ်ကြောင်း သိရသည်။ ယခင်ဂေါပကအဖွဲ့(၂၀)ထဲမှ နုတ်ထွက်သူ ငါးဦးမှာ ဦးခင်မောင်မြင့် ( ဂေါပက ဥက္ကဋ္ဌ) မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး၊ ဦးခင်မောင်သိန်း ဂေါပက အတွင်းရေးမှူး( ခရိုင် လ.၀.က ဦးစီးမှူး)၊ ဦးတင့်လွင် ဂေါပကအဖွဲ့ တွဲဘက်အတွင်းရေးမှူး(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ ဦးမြင့်ဇော်ထွန်း(ခရိုင်စီမံကိန်းဦးစီးမှူး)အဖွဲ့ဝင်၊ ဦးကျော်ဆွေ (မြို့နယ်သာသာနာရေးဦးစီးမှူး)အဖွဲဝင် တို့ဖြစ်ကြောင်း သက်ဆိုင်ရာမှတ်တမ်းအရ သတင်းရရှိသည်။ ဤရွှေစက်တော်ဂေါပကအဖွဲ့ နှင့်ပါတ်သက်၍ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဒေသခံများနှင့် ၁၂ပွဲ နယ်လှည့်ဈေးသည်များ(၇၀)ကျော်မှ လက်မှတ်ထိုးပြီး သာသာနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ဂေါပကအဖွဲ့အား ပြန်လည်ဖွဲ့စည်းပေးရန် တိုင်ကြားခဲ့ကြောင်း ဦးအေးကို(ဆင်ဂေါင်းရွာ) က ကိုပြောသည်။
READMORE
 

`` ရေရှည်ဖွံ့ဖြိုးတိုးတက်သောလူ့အဖွဲ့အစည်းသင်တန်း မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံးတွင် ဖွင့်လှစ်´´

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် မတ် (၃)ရက်၊ နံနက်(၈)နာရီအချိန်၌ ရေရှည်ဖွံ့ဖြိုး တိုးတက် သောလူ့အဖွဲ့အစည်းသင်တန်းစတင်ဖွင့်လှစ်၍ မတ်(၁၄)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ထွန်း၊ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ (မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်)၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယလွှတ်တော် ဥက္ကဋ္ဌ ဦးစောဝင်းမောင်၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကြည်ထွန်း (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) နှင့် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ သင်တန်းဆရာ ဦးသန်းထွန်း ပါ(၁၂)ဦး၊ ပါတီဝင်သင်တန်းသားများ(၁၀၃)ဦးနှင့် ဖိတ်ကြားထားသူများစုစုပေါင်း (၁၃၀)ဦးတက်ရောက်ကြောင်း သိရသည်။ အဆိုပါ ရေရှည်ဖွံ့ဖြိုးတိုးတက်သောလူ့အဖွဲ့အစည်းသင်တန်းကို ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ ယခုသင်တန်း အတွေ့အကြုံများဖြင့် ပြည်သူများ၏ လိုအပ်ချက်ဆန္ဒများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက်နှင့် စည်းလုံညီညွှတ်ရေးအတွက် အဓိကထား၍ရည်ရွယ်ပြီး ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ ယခုသင်တန်းမှာ ပါတီဝင်သင်တန်းသားများအား ပညာဝမ်းစာဖြည့်ပေးနေခြင်းဖြစ်ကြောင်း၊ ပါတီ၊ လွှတ်တော်၊ အစိုးရလက်တွဲလျှက် နိုင်ငံတော်အတွက် အလုပ်အကြွေးပြုနေခြင်းဖြစ်ကြောင်း၊ အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်သည် ပါတီ၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း လူဦးရေ(၈၀) ရာခိုင်နှုန်းမှာ ကျေးလက်ပြည်သူများဖြစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနေကြောင်း မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ က အဖွင့်အမှာစကားပြောကြား၍ သင်တန်းဖွင့်လှစ်သည်။ ၎င်းသင်တန်းကို မတ်လ(၃)ရက်မှ (၁၄)ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ သတင်းရရှိသည်။
READMORE
 

``လမ်းပေါ်မှ လမ်းပျော်ကလေးများကို ကူညီထောက်ပံ့ပေးရန်အလှူငွေလိုအပ်၍ မကွေးမြို့တွင် ယဉ်ကျေးလိမ္မာ လူမှုကွန်ရက်(မကွေး)မှ စွန့်ပစ်ပစ္စည်းများ လိုက်လံကောက်ယူ´´

မတ်(၃)ရက် နံနက်(၁၀)နာရီအချိန်တွင် မကွေးမြို့ အဝေးပြေးကားကွင်းအတွင်း၌ လမ်းပေါ်မှ လမ်းပျော် ကလေးများကို ကူညီထောက်ပံ့ပေးရန်အလှူငွေလိုအပ်၍ စွန့်ပစ်ပစ္စည်းများအား ယဉ်ကျေးလိမ္မာ လူမှုကွန် ရက်(မကွေး)မှ လိုက်လံကောက်ခံ သိမ်းဆည်းနေကြောင်း သတင်းရရှိသည်။ ၎င်း လမ်းပေါ်မှ လမ်းပျော်ကလေးများကို ကူညီထောက်ပံ့ပေးရန်အတွက် ယဉ်ကျေးလိမ္မာ လူမှုကွန်ရက် (မကွေး)ကို ၂၀၁၄၊ ဇန်န၀ါရီ(၁၂)ရက်နေ့က ဖွဲ့စည်းခဲ့သည်။ မကွေးမြို့ ကန်သာရပ်ကွက်၊ အထက(၁)လမ်း၊ အောင်မြေရတနာစာသင်ကျောင်းတိုက်၊ ပိဋကတ်ကျောင်းဆောင်၌ အောင်မြေရတနာကျောင်းထိုင်ဆရာတော် နာယက ပြုလုပ်၍ ယဉ်ကျေးလိမ္မာသင်တန်းဖြစ်မြောက်ရေးအဖွဲ့ဝင်များ နှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူ အင်အား(၁၀၀)ကျော်ဖြင့် ရုံးဖွင့်လှစ်ထားကြောင်း သိရသည်။ မတ်လ(၃)ရက်နေ့တွင် မကွေးမြို့အတွင်း အဝေးပြေး ကားကွင်းနှင့် စားသောက်ဆိုင်များ၊ စတိုးဆိုင်ကြီးများ၊ ဈေးများ၌ ချပေးထားသော အလှူခံပုံးများထဲက စွန့်ပစ်ပစ္စည်းများကို အဖွဲ့ဝင်များမှ (ပထမ အကြိမ်)လိုက်လံကောက်ခံ သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းစွန့်ပစ် ပစ္စည်းများဖြစ်သော ရေသန့်ဗူးခွံများ၊ ဘီယာဗူးခွံများ၊ အချိုရည်ဗူးခွံအမျိုးမျိုးနှင့် ပလက်စတစ်ကော်ဗူး၊ ကော်ခွက်အမျိုးမျိုး တို့ကို စုဆောင်းပြီး ပြန်လည်ရောင်းချ၍ ရရှိသောငွေများဖြင့် မကွေးမြို့တွင်းရှိ လမ်းပေါ်မှ လမ်းပျော်ကလေးများအား ထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကျောင်းပညာများသင်ပေးခြင်း၊ ကျောင်းနေချင် သော ကလေးများအား ကျောင်းထားပေးခြင်းများ ပြုလုပ်ပေးမည်ဟု ဦးလင်း(ယဉ်ကျေးလိမ္မာလူမှုကွန်ရက်) က ပြောသည်။ `` ကျွန်တော်တို့က ယဉ်ကျေးလိမ္မာလူမှုကွန်ရက်(မကွေး)အဖွဲ့ဝင်တွေပါ။ ဒီနေ့လာတဲ့အဖွဲ့က မကွေးတက္ကသိုလ် ကျောင်းသား၊ကျောင်းသူ(၁၀)ဦးပါ၊ ကိုစည်ဖြိုးသူ ကဦးစီးပြီး ကျောင်းပိတ်ရက် စနေ၊တနင်္ဂနွေနေ့တွေဖြစ်တဲ့ တစ်ပတ်ကို တစ်ကြိမ်သိမ်းမှာပါ၊ ဒီနေ့ ပထမအကြိမ် စွန့်ပစ်ပစ္စည်းတွေကိုလာပြီး ကောက်ယူသိမ်းဆည်း ကြပါတယ်။ ဒီပစ္စည်းတွေကို အဖွဲ့ဝင်တစ်ဦးရဲ့အိမ်ဝိုင်းထဲမှာ စုဆောင်းထားပါတယ်။ ဒါတွေကို ရောင်းချပြီးလို့ ရန်ပုံငွေများလာရင် လမ်းပေါ်က လမ်းပျော်ကလေးတွေကို စတင်ဖိတ်ကြားစုဆောင်းပြီး ထောက်ပံ့ကူညီရေး လုပ်ငန်းတွေစတင်ပါ့မယ်ခင်ဗျာ..။´´ဟု ကိုလှိုင်းဝေစိုး (မကွေးတက္ကသိုလ်) ကျောင်းသား က ပြောသည်။ ဤ ယဉ်ကျေးလိမ္မာလူမှုကွန်ရက်(မကွေး)အဖွဲ့သို့ လမ်းပေါ်က လမ်းပျော်ကလေးများအတွက် ထောက်ပံ့ ကူညီနိုင်ရန် အလှူငွေ(သို့မဟုတ်) စွန့်ပစ်ပစ္စည်းများ လှူဒါန်းမည်ဆိုလျှင် ဦးအေးကိုကို (ဖုန်း ၀၉-၅၃၄၀၅၈၈) ထံဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
READMORE
 

အောင်လံနှင့် တောင်တွင်းကြီးမြို့မဈေးများ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်

မကွေး မတ် ၃ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်နှင့် တောင်တွင်းကြီးမြို့များရှိ မြို့မဈေးများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမောင်မောင်အောင် နှင့်အဖွဲ့သည် ယမန်နေ့က သွားရောက်စစ်ဆေးခဲ့ရာ မြို့မဈေးများအတွင် အမြှင့်တင်ရေစင်များကောင်းမွန်မှုနှင့် မြေအောက်ရေကန်များ၊ အရေးပေါ် မီးသတ်ရေငုတ်များ၊မီးသတ်ဒိုင်းရှင်းစက်များ၊မီးသတ်ဆေးဘူးများ ပြည့်စုံ ကောင်းမွန်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ဆောင်ရွက်ရန်လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့သည်။ အောင်လံမြို့နှင့် တောင်တွင်းကြီးမြို့များရှိ စည်ပင်သာယာရေးကောမတီဝင်များ၊ဈေးကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ဈေးအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ မှ လိုက်ပါ စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ တင်ထွန်းဦး( IPRD ) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး (တိုင်းဒေသကြီးပြန်/ဆက်)
READMORE
 

``အောက်စီဂျင် ဓာတ်ငွေ့အိုးကြီး ပြင်းထန်စွာပေါက်ကွဲမှုဖြစ်၊ ဓာတ်အိုးပိန်ချိုင့်သွားပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရ´´

မကွေးမြို့ အောင်မေတ္တာ(က)အုပ်စု၊ ၉ လမ်းနှင့် ၁၀ လမ်းကြားရှိအမှတ်(၁၀၅/၁၀၆) ဧရာဝတီနဂါးကုမ္ပဏီ သိုလှောင် ရုံဆောက်လုပ်နေစဉ် မေ(၁)ရက် နံနက်(၉း၄၅) နာရီအချိန်ခန့်တွင် အောက်စီဂျင်(၅၀)လီတာ ဓာတ်ငွေ့အိုးကြီး အသံကျယ်လောင်ပြီး ပြင်းထန်စွာပေါက်ကွဲမှုဖြစ်၍ ဓာတ်အိုးပိန်ချိုင့်သွားပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ၎င်း ဧရာဝတီနဂါးကုမ္ပဏီ သိုလှောင်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ Acetlene နှင့် Oxygen အသုံးပြု၍ အင်္ဂလန်သံဘောင်ကြီးများကိုဖြတ်ရန် (အောက်စီဂျင် ၅၀လီတာအိုး၊ မီးအိုး အက်စ်တလင်း ဂတ်စ်အိုး ၅ပိဿာဆန့်) တို့ဖြင့် အရှည်ပေ၂၀၊ အနံ ၆လက်မရှိ အင်္ဂလန်သံဘောင်များကို တစ်ပေစီ(အပိုင်း)များ ဖြတ်တောက်နေကြောင်း၊ ဂဟေဆော်ပိုမှ အောက်စီဂျင်ဓာတ်အိုးတွင်သို့ မီးဝင်ရောက်သွားပြီး ကြယ်လောင်သော အသံဖြင့် ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ကြောင်း၊ ၎င်းပေါက်ကွဲမှုကြောင့် အောက်စီဂျင်(၅၀)လီတာ ဓာတ်ငွေ့အိုးကြီး ပြင်းထန်စွာပေါက်ကွဲမှုဖြစ်၍ ဓာတ်အိုးပိန်ချပ်သွား လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အလုပ်သမား ကိုတင်လင်းအောင်(၂၉)နှစ်၊ ချောက်မြို့နေသူ ၏ ယာဘက်ဒူးဆစ်နှင့် ယာဘက်ခြေဖမိုးတို့တွင် ပြဲရှဒဏ်ရာ (၃)ခုရရှိပြီး အကူလုပ်သား ကိုတင်ဝင်းမောင်(၂၇)နှစ်၊ အောင်ပန်းမြို့နေသူတွင် ၀ဲဘက်ခြေသလုံးမှာ လေးလက်မ ခန့်ပေါက်ပြဲဒဏ်ရာနှင့် ၀ဲဘက်ခြေဖမိုး ဖူးရောင် ဒဏ်ရာများ ရရှိ၍ ရဲဆေးစာနှင့်အတူ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသပြီး မစိုးရိမ်ရကြောင်း၊ မီးလောင်မှုကြောင့် အောက်စီဂျင်ဓာတ်ငွေ့အိုးတစ်လုံးဆုံးရှုံးပြီး ဆုံးရှုံးတန်ဘိုးငွေ(၁၃၀၀၀၀ိ)ကျပ်ဖြစ်ကြောင်း၊ ၎င်းပေါက်ကွဲမှုအား ပေါက်ကွဲစေတတ်သော အရာဝထ္ထုများဖြင့် ပေါ့လျှော့စွာဆောင်ရွက်ခဲ့သော ဒဏ်ရာရသူ ကိုတင်လင်းအောင်(၂၉)နှစ်အား မကွေးနယ်မြေရဲစခန်း ရဲစခန်းမှူး ရဲအုပ်ရွှေဌေး က တရားလိုပြုလုပ်၍ (ပ) ၄၇/၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၆/၃၃၇ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း မကွေးနယ်မြေရဲစခန်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့က သတင်းရရှိသည်။ ``ဒီအောက်စီဂျင်အိုးကြီးက သံဘောင်တွေခလယ်မှာ အစကထားတာပါ၊ ဂဟေဆော်ဂေါက်ကိုဖွင့်ပြီး သံဘောင်တွေဖြတ်ပြီးလို့ ဂေါက်ကိုပြန်ပိတ်လိုက်တာ ဘားမလုံဘဲဖြစ်သွားတာပါ၊ ကျွန်တော်ကတော့ လွင့်မသွား ခဲ့ပါဘူး။´´ဟု အလုပ်သမား ကိုတင်လင်းအောင် က ပြောသည်။ ဤအဆောက်အဦးဆောက်လုပ်ရန် မြို့နယ်စည်ပင်သာရေးအဖွဲ့သို့ ဆောက်လုပ်ခွင့်တင်ထားသော်လည်း ဆောက်လုပ်ခွင့်မကျသေးကြောင်း၊ ထို့ကြောင့် စည်ပင်သာယာဌာနမှ စည်ပင်သာယာဥပဒေဖြင့် ဆက်လက်အရေး ယူမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာန မှ သတင်းရရှိသည်။
READMORE