ဘာသာရေး ကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်
*ပူတယ်လေ..ဆယ်နေကဲ
ပူသရွေ့ လူတွေ့တောင် မခံနိုင်ဘူး
ဆိုစကားတွေ ကြားဘူးပါသည်..။
*ငယ်စဉ်တုံးက အလှ
အရေပြားလေးက မာမာကြွကြွ
အရွယ်အိုလာတော့ ရွတ်တွတွ
လူအိုနံ့က တစ်ထောင်းထောင်းနံကြသတဲ့
သူတို့က နှာခေါင်းရှုံ့ အနားမကပ်ကြပါ..။
*ငယ်စဉ်တုံးက စိတ်က ခပ်ဆတ်ဆတ်
အိုကြီး အိုမကြတော့ စိတ်သွားတိုင်း ကိုယ်မပါ
ပြောတိုင်း ဆိုတိုင်း လိုရာမပြီးလို့
ညီးငြူမှိုင်ငေး….။
*အရွယ်ကောင်းစဉ်က တရားမရှိ
လောဘ၊ဒေါသ၊မောဟလည်း မသိ
သောကဆိုတာ ဝေလာဝေး
အိုနာ ဘ၀ရောက်လာတော့ ကံမွဲ၊ဥာဏ်မွဲ
အနိစ္စ၊ဒုက္ခ၊အနန္တကို ပါးစပ်ဆို အသိနဲ့တောင်
တစ်ခါ တစ်ခါ မမှတ်မိချင်တော့ပါဘူးလေ….။
*သြော်..ယခုနေ..ငါသေလိုမဖြစ်သေးပါဘူး
သူတို့လေးတွေအတွက် ငါတာဝန် မကျေသေး
လောဘနဲ့သေ ငရဲ ပြည်ဆိုတာ
နောက်ဘ၀ကျမှ ခံရမှာ…။
*ငါ..တရား မသိတာက သေလူပါကွယ်
ရှင်သူတွေ မျက်နှာငယ်နေခဲ့ရရင် အခက်
သူတို့အတွက် ငါချေးငှါးခဲ့တဲ့ လောကအကြွေးတွေ
သောကတွေ ရင်မှာပိုက်လို့ ငါ မပေးဆပ်ရသေး..
အင်း..ငါအတွက်ကတော့ မထူးတော့ပါ
ငါမပူသာ..သူတို့..သူတို့လေးတွေအတွက်
ငါ..ပူနေရပါတယ်ကွယ်……………။ ။
(သားရေး။သမီးရေးအတွက် ဘုံကျွန်ဘ၀က အမြင်မှန်ရနိုင်ကြပါစေ…)
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဇူလိုင်လ(၃၀)ရက်၊ နေ့(၁)နာရီ၊ ရေး၏။
1 comments:
သယ်မှန်၏ဗျာ......
Post a Comment