ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်
လပြည့်ည၏ အလင်းရောင်သည်အေးမြ၏။ နေရာတိုင်းမှ မြင်နေရသူတိုင်း လမင်းရဲ့အေးမြခြင်းကို ခံစားနိုင်ကြမည်။ ခေါင်းဆောင်ကောင်းဟူသည် နေရာ၊ဒေသ၊လူမျိုး၊ပုဂ္ဂိုလ်၊ဘာသာမရွေး၊ မိတ်ဆွေ၊ရန်သူ၊ ဆင်းရဲချမ်းသာ၊ ဆူကြုံ၊နိပ့်မြင့် မခွဲခြားပဲ လမင်း၏အလင်းရောင်ကဲ့သို့အေးမြမူကို တန်းတူရည်တူ ပေးရပေမည်။
ကျွန်တော် လမင်းကြီးကို ငေးကြည့်နေရင်းမှ ဆရာကြီး ဦးရွှေအောင် ရေးသားခဲ့တဲ့ အထက်က စာပုဒ်ကို ပြန်စဉ်းစားမိပါတယ်…။ အင်း.. အနှိုင်းမဲ့ကျေးဇူးရှင်..စာအုပ်မှာထင်ပါရဲ့လေ..။ ဒီနေ့ မြန်မာလို ၀ါခေါင်လပြည့်နေ့ပါ..။(၅-၈-၀၉)နေ့၊ ဥပုဒ်နေ့ပါဗျာ။ မှန်ကန်သော စကားကိုပြောပါရစေ..။ ခေါင်းဆောင်ကောင်းဆိုတာ ကျွန်တော်တို့ရဲ့ အနှိုင်းမဲ့ ဗုဒ္ဓရှင်တော်ဘုရားကို ရည်ရွယ်ထားတာပါနော်..။
ဘုရားရှင်တော် ကြွလေရာနေရာတိုင်းမှာ တပည့်သံဃာတော်တွေအပါး(၅၀၀)စသည်ဖြင့် ပါကြတယ်လို့စာပေတွေမှာ ဖတ်ရပါတယ်။ ဆိုလိုချင်တာက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သာသနာ၏ခေါင်းဆောင်ကောင်း၊ ကိုယ်တော်မြတ်ကြီးပါပေတည်း..။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး အဓိက ဆိုဆုံးမခဲ့တဲ့ (သီလ၊သမာဓိ၊ပညာ) သုံးပါးထဲက ယနေ့ ကျွန်တော် သီလယူခဲ့ပါတယ်..။ (၈)ပါးသောသီလပါခင်ဗျာ..။ ကြွားနေတယ်တော့မထင်လိုက်ပါနဲ့နော်..။ ယခုစာရေးနေချိန်အထိ သီလယူထားလျှက်ပါ…။
အဲ.. မနက်က ကျွန်တော် မင်းဘူးမြို့၊ စက္ကိန်းတဲဘုရားတောင်တော်မှ သစ္စာမေတ္တာဆရာတော်ကျောင်းမှာ သီလယူလာခဲ့ပါတယ်။ မကွေးအိမ်ကို ရောက်တော့ ဆရာမကွေးဝင်းမြင့်က ကျွန်တော့်ကိုစောင့်နေပါတယ်။ ကိစ္စမှာ အများအကျိုးအတွက် မြေလတ်မြို့တော်မဂ္ဂဇင်းဘိုးငွေများ ကြွေးတောင်းသွားရပါတယ်..။ သွားတဲ့နေရာက (၃)ဌါနပါ။ သေချာပေါက် ပေးပါ့မယ်.ဆိုတဲ့နေရာစပြီး မရဘူးပြောပါတော့ဗျာ..။ သုံးနေရာလုံးသွားတာ မရတော့ ကျွန်တော်က စိတ်ဆိုး၊ ဒေါပွတာပေါ့လေ..။ ဥပုဒ်စောင့်ထားတာကိုလည်း မေ့သွားတာပေါ့။
““ဆရာ ဦးဝင်းမြင့်ရေ စာအုပ်ထွက်တာ၊ ရောင်းဖို့ပေးထားတာ..သူတို့ဆီမှာ(၄)လ တောင်ကြာနေပါပြီဆရာရယ်..။ ကျွန်တော်ကတော့ စိတ်လည်းဆိုးတယ်၊ စိတ်လည်းပျက်လှပါပြီ ဗျာ..ရန်ကုန်ပုံနိပ့်တိုက်ကလည်းကြွေးတွေ ပူလှပြီဆရာ…အများအတွက်မို့သာ ဒါလောက်အောက်ကျခံနေတာပါနော်။”””
ဆရာမကွေးဝင်းမြင့်ကတော့ အေးတိအေးစက်နဲ့ (မေတ္တာရှင် ဆေးတိုက်)ပိုင်ရှင် နာမည်နဲ့ လိုက်အောင် ကျွန်တော့ကို ပြန်ပြီး အားပေးစကားဆိုပါတယ်..။
“ အိုဗျာ ကိုဝင်းကြည်ကလည်း..သူတို့ဆီမှာကြာနေတာ(၆)လမှ မပြည့်သေးတာပဲ..သည်းခံပြီး စောင့်ရအုံးမှာပေါ့လေ…”။
ဆရာမကွေးဝင်းမြင့် ပြောလိုက်တဲ့စကားကြောင့် ကျွန်တော် အသိအတွေးတစ်ချက်စဉ်းစားမိလိုက်ပါတယ်..။
ကျွန်တော်တို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး နှင့် တပည့်သံဃာတော်တွေများစွာခြံရံလျှက် ဇေတ၀န်ကျောင်းဝိုင်းကြီးထဲတွင် သီတင်းသုံးနေထိုင်တော်မူစဉ်ကာလ..။ ဘုရားရှင်ထံသို့ တန်ခိုးပြိုင်ဘက် ဒိဌိကြီးတွေဝိုင်းလာကြတယ်..။ ဘုရားရှင်ကို ကြမ်းတမ်းသော စကားတွေနဲ့ ဆဲရေးတိုင်းထွာကြတယ် ။ အုတ်ခဲတွေနဲ့ထုကြပါတယ်..။ အခြားတဘက်က ဒေါသပေါက်ကွဲပြီး ပြုမူဆောင်ရွက်နေကြသော်လည်း ရှင်တော်ဘုရားမှ တိတ်ဆိတ်ငြိမ်သက်စွာ သည်းခံတော်မူနေပါတယ်..။ တဘက်က ဘာမှ မတုံ့ပြန်ကြတော့ ..ဒိဌိဆရာကြီးတွေ..မောပြီးပြန်သွားကြပါသတဲ့..။
သူတို့ပြန်သွားကြတော့မှ သံဃာတော်တွေက.. ဘုရားရှင်ကို မေးမြန်းတော်မူကြပါတယ်…။
“ အို.. အရှင်တို့ သူတို့ယူလာသော..လောဘ၊ဒေါသ၊မောဟ ကာယကံ၊၀ဇီကံလက်ဆောင်တွေကို သည်းခံစိတ်ထားပြီး ငါတို့က လက်ခံ မယူလိုက်ကြဘူးကွယ်..။ ငါ့ တို့ လက်ခံမယူလိုက်တဲ့ အတွက် သူတို့ပစ္စည်းတွေ သူတို့ထံကိုသာ..ပြန်ယူသွားကြပေပြီးမဟုတ်လား…“။
ကျွန်တော့အတွေးတရားတော်ကိုဖတ်ဖူးး၊ ကြားဖူး၊သိဖူးကြမှာပါနော်..။ အဲဒီတရားနဲ့ယှဉ်ပြီး ဆရာမကွေးဝင်းမြင့် စကားကို ပြန်လည်ကြားယောင်မိရင်းမှ ..
နေ့လည်က ကျွန်တော် စိတ်ဆိုးခဲ့မိတဲ့ လောဘ၊ဒေါသ၊မောဟ၊သောက စတဲ့ စိတ်ကို ညစ်နွမ်းစေခဲ့တဲ့ ကိလေသာ(၁၁)မီးမှ စိတ်တစ်ခုဖြစ်ပြီး၊ စိတ်တစ်ခုပျက်သွားတာကို အမှန်မြင်ရအောင် ယခုည နာရီမဆိုင်းတော့ပဲ စောင့်ထိမ်းထားတဲ့သီလကို အခြေခံလို့ သမာဓိ၊ ပညာစခမ်းသို့ အချိန်ရှိခိုက် လုံးလစိုက်လိုက်ရပေအုံးတော့မည်……။
ငါ့ ကိုယ်ထဲတွင်
ဒေါသ ၀င်က
ဝင်လာ ဒေါသ
အနိုင် ရရန်
ဒေါသ ကင်းစင်
ဘုရားရှင်ကို
ငါလျှင် ကြည်ညိုမိပါ၏....။
မင်းကွန်း တိပိဋက ဆရာတော်ကြီး။
အမှားများပါခဲ့ပါလျှင်..ပြင်ဆင် တည့်မတ်ပေးတော်မူကြပါခင်ဗျား…။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၆)ရက်၊ နံနက်(၁း၁၅)နာရီ ရေးပြီးသည်။
0 comments:
Post a Comment