မကွေးမြို့မှ SHADE စာပေ၀ိုင်း(၁၄)




မကွေးမြို့မှ SHADE စာပေ၀ိုင်း
၁၃-၂-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့လယ်(၁၂) နာရီမှ ညနေ(၃း၃၀)နာရီ အချိန်အထိ ဆုံနေကြ အချစ်ရွာဆိုင်မှာ ၀ိုင်းဖွဲ့ကြပါတယ်။ SHADE စာပေ၀ိုင်း (၁၄) ကြိမ်မြောက်ပါ။ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ ချစ်သူများနေ့ အကြို အချစ်ရွာက Shade စာပေ၀ိုင်း(၁၄)ပတ်မြောက် နဲ့တိုက်ဆိုင်နေပါတယ်။ ပိုပြီး မှတ်မှတ်ရရ ထူးထူးခြားခြား ဖြစ်နေရတာကတော့ SHADE ဂျာနယ်၊ မကွေးရုံးခွဲကို (၁၀-၂-၂၀၁၁) နေ့က မန္တလေးမီဒီယာအုပ်စု နာယက ဆရာကြီး နတ်မောက်ထွန်းရှိန် နဲ့အယ်ဒီတာချုပ်များ၊ စာရေးဆရာများ၊ကဗျာဆရာများ၊ သတင်းထောက်များ၊ Shade ဂျာနယ် အယ်ဒီတာချုပ်ဦးသာဇော် ရဲ့ မိသားစုများကိုယ်တိုင် ကြွရောက်ဖွင့်လှစ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး မကွေးမြို့မှာ ပထမဆုံး ဦးဦးဖျားဖျား ဂျာနယ်ရုံးခွဲ စတင်ဖွင့်လှစ်နိုင်တာ Shade ဂျာနယ်သာဖြစ်ပါကြောင်း ဒီစာပေ၀ိုင်းက မင်္ဂလာမောင်းခတ်လိုက် ပါရစေ..။
မကွေးမြို့မှာ ရှိတ်ဂျာနယ်ဖွင့်လှစ်ရခြင်းအကြောင်းကို အယ်ဒီတာချုပ် ဦးသာဇော်က ရိုးသားစွာနဲ့ အကျယ်တ၀င့် ဖွင့်ချ ပြောကြားသွားပါတယ်။ မကွေးတိုင်းဒေသကြီး မကွေးမြို့မှာ လိုအပ်မယ်ထင်ပါ၍ ဂျာနယ်သတင်းမီဒီယာကဏ္ဍကို SHADE ဂျာနယ်ရုံးခွဲလေးအဖြစ် လာရောက်ဖွင့်လှစ်ပေးခြင်းသာဖြစ်ပါကြောင်း။ မကွေးမြို့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကိုသာ ရှေ့ရှုပြီးဖွင့်လှစ်ရပါကြောင်း။ ဒါကြောင့်လည်း မကွေးစာနယ်ဇင်းအဖွဲ့နဲ့အတူ မကွေးသတင်းများကို ဦးစားပေးဆောင်ရွက် ဖော်ပြပေးနေကြပါတယ်။ကျွန်တော်တို့ ရှိတ်ဂျာနယ်က အခြားဂျာနယ်ကြီးများလို အလွန်အောင်မြင်နေလို့ မကွေးမှာလာပြီး ရုံးခွဲဖွင့်ရခြင်း မဟုတ်ပါကြောင်း။ မကွေးမြို့ကို လာရောက်ပြီး ရုံးခွဲဖွင့်လို့ စီးပွားရေးကြော်ငြာများရရှိဖို့လည်း မကြိုးစားပါ ကြောင်း။ မကွေးရုံးခွဲမှာ ကြော်ငြာများ လုံးဝလက်ခံမည် မဟုတ်ပါကြောင်း အသိပေးမေတ္တာရပ်ခံနေပါတယ်။
(၁၀-၂-၂၀၁၁) နေ့လယ်(၂)နာရီမှာ Shade ဂျာနယ် မကွေးရုံးခွဲကို ခမ်းခမ်းနားနား၊ စည်ကားသိုက်မြိုက်စွာ နဲ့ ရုံးဖွင့်လှစ်ပွဲအောင်မြင်ခဲ့ပါတယ်။ မကွေးစာနယ်ဇင်းက ကြီးမှူးကျင်းပမယ့် မန္တလေးစာနယ်ဇင်း စာရေးဆရာအဖွဲ့နဲ့ မကွေးစာနယ်ဇင်း စာရေးဆရာအဖွဲ့၊ စာပေချစ်သူများ ရဲ့ (ရေးသူဖတ်သူ စာပေဆွေးနွေးပွဲကို) တော့ အကြောင်း ကြောင်းတွေကြောင့် မကျင်းပနိုင်ခဲ့ကြပါ။ အဲဒီနေ့က မန္တလေးစာရေးဆရာအဖွဲ့ကို အထူးဧည့်ခံ နေရာချထား ကျွေးမွေးစောင့် ရှောက် တာဝန်ကျေပွန်သူကတော့ စာရေးဆရာ သာကီနွယ်သွေး(မကွေး) ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှိတ်စာပေ၀ိုင်းတော်သားများ မျက်နှာရအောင် အထူးအားပေးကူညီဆောင်ရွက်တဲ့ စာရေးဆရာ သာကီနွယ်သွေး(မကွေး) ကို အထူးကျေးဇူးတင် ပါကြောင်း Shade စာပေ၀ိုင်းက မှတ်တမ်းတင်အပ်ပါတယ်..။
နောက်နေ့(၁၁-၂-၂၀၁၁) မှာ မန္တလေးမီဒီယာအုပ်စု အဖွဲ့ကို မန်းရွှေစက်တော်သို့ဘုရားဖူးသွားရန် လိုက်ပို့ဖြစ်ပါတယ်။ ဘုရားဖူးသွားရန် အလှူရှင်ကတော့ ကိုကိုလတ်(ဆည်မြောင်း)က ကုန်ကျစရိတ်အားလုံးကို ဒကာခံပေးပါတယ်။ အဲဒီခရီးစဉ် အကြောင်းကိုတော့ နောက်တစ်ပတ် SHADE စာပေ၀ိုင်းမှာ ပြန်ပြောင်းပြောကြားပါရစေ…လို့ တက်ရောက်လာသူ ရှိတ် စာပေ၀ိုင်းတော်သားများကို တောင်းပန်ပြီး စကားဖြတ်လိုက်ရပါတယ်..။
ယနေ့(၁၃-၂-၂၀၁၁)နေ့ SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာတင်လင်းဇော်၊ ဆရာလွမ်းထား(မကွေး)၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ဆရာဘိုမြင့်ရှိန်(အောင်လံ)၊ ရေနံ့သာအောင်ချမ်းဇော် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဆရာတင်လင်းဇော် က စတင်လို့ ရှိတ် အမှတ်(၁၂)ထဲမှ ဆရာကြည်လွင်မြင့်(မုဒြာ)ရဲ့( ခေါင်းလျှော်မှားလျှင် လေဖြတ်နိုင်သည်) ဆောင်းပါးကို ထုတ်နုတ်ပြီး ရှင်းပြနေပါတယ်။ ဆရာကြည်လွင်မြင့်(မုဒြာ) ကနေ ရှိတ်စာပေ ၀ိုင်းတော်သား ရေနံ့သာအောင်ချမ်းဇော် ကျန်းမားရေးအတွက် နှလုံးခွဲစိတ်ကုသဖို့ အလှူငွေ တစ်သိန်း ပေးလှူတာကို များစွာ ကျေးဇူးတင်ပါကြောင်း။ နောက်ပြီး စံပယ်နံ့သာစာပေက ထုတ်ဝေတဲ့ (ခုနှစ်ကြိုးတပ်ဂစ်တာ) ၀ထ္ထုတိုစုစည်းမှု စာအုပ်ကိုဖတ်ခဲ့ကြောင်း၊ အဲဒီအထဲမှ ဆရာစိုးဘားဒိုင် ရေးတဲ့( စိတ်နုကစားပွဲ) ကို တော်တော်ကြိုက်ပါကြောင်း။ အကျယ်တ၀င့် ထုတ်နုတ် ခံစားဖတ်ကြားပြပါတယ်။
ဆရာလွမ်းထား(မကွေး) ကလည်း ဒီပွဲကို မပျက်ရအောင် တော်တော်အားစိုက်ပြီးလာခဲ့ပါကြောင်း။ ညကကြိုတင်ရေးထားတဲ့ ဒီဝိုင်းမှာ ပြောဆိုစရာများကို ဖတ်ပြပါတယ်။မန္တလေး စာပေအဖွဲ့ ဧည့်သည်များဖြစ်ကြတဲ့ ဆရာကြီး နတ်မောက်ထွန်းရှိန်၊ တက္ကသိုလ်တေဇာလင်း၊ မောင်ဆူးမင်း(ချပ်သင်း)၊ သန်းဖေသား၊ သတင်းထောက်ကြီးအောင်မြင့်မြင့်(စစ်ကိုင်း)၊ ဆရာစိုးဘားဒိုင်၊ ကဗျာဆရာ မောင်သင်းပန်၊ကဗျာဆရာ ကလင့်(မန္တလေး)နဲ့ ရှိတ်ဂျာနယ် အယ်ဒီတာချုပ် ဦးသာဇော် မိသားတစ်စု တို့ကို ဆုံတွေ့ရလို့ အထူးဝမ်းသာမိပါကြောင်း။ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးမှာ ယခုလို ပထမဆုံးအဖြစ် ဂျာနယ်ရုံးခွဲဖွင့် ပေးထားပြီး မကွေးသတင်းမီဒီယာ သမားများကို မြေတောင် မြှောက်ပေးတဲ့အတွက် အလွန်ဂုဏ်ယူ ၀မ်းသာမိပါကြောင်း နဲ့ ဂျာနယ်ရုံးခွဲဖွင့်ပွဲမှ ပြောစကားများကို ပြန်လည်ထပ်မံ ဖောက်သည်ချ ပြောဆိုသွားခဲ့ပါတယ်။
ဆရာဇော်မြင့်ဇော်(ဗန္ဓရ) ကတော့ ရုံးဖွင့်ပွဲမှာ မန္တလေးစာပေအုပ်စု နဲ့ မိတ်ဆက်မပေးလို့ အခမ်းအနားစီစဉ်သူ လိုအပ်သွားကြောင်း ထောက်ပြနေပါတယ်။ ရှိတ်ဂျာနယ်၊အတွဲ(၅)၊ အမှတ်(၁၂)က တွယ်တွယ်ထွဏ်း(ကလေးမြို့) ရေးသားထားတဲ့ (အကြွေ၊ သူရာရည်နဲ့ ကဗျာဆရာပေါက်ကွဲတဲ့ကိစ္စ) စာရေးသူနဲ့ အရက်ခွဲမြင်ရန် အကြောင်း က လိုအပ်ချက်များကို ထောက်ပြပါတယ်။ မကွေးမြို့မှာ လူငယ်ကျောင်းသား(၁၂၀၀) ကို ယဉ်ကျေးလိမ္မာ အထူးဓမ္မသင်တန်း ပွဲကျင်းပရန် အစည်းအဝေးက ဝေငှတဲ့ (ယခင်ဓမ္မစကူးလ် နဲ့ ယခုဆန်းဒေးစကူးလ်) လက်ကမ်းစာစောင်လေးကို အကျယ်တ၀င့် ဖတ်ကြားပြသွားပါတယ်။
ဆရာဘိုမြင့်ရှိန်(အောင်လံ)ကလည်း စာပေ၀ိုင်းကို နောက်ကျပြီး၊ အပြေးအလွှား ရောက်လာပါတယ်။ရှိတ်ဂျာနယ် ၂၀၁၀၊ အောက်တိုဘာလ(၂၆)ရက် ကထုတ်တဲ့ တွယ်တွယ်ထွဏ်း(ကလေးမြို့) ရေးတဲ့ (မိုး)ခေါင်းစဉ် ပန်းချီဆရာ မော်ဒယ်ကိစ္စ တို့ကို တိုတိုလေးနဲ့ ရိုးရိုးသားသား အရေးအသားလေးတွေကိုအလွန်ကြိုက်လို့ အစ၊ အဆုံး ဖတ်ပြသွားပါတယ်။
ဆရာရေနံ့သာအောင်ချမ်းဇော် ကတော့ သူ့ကျန်းမာရေးအတွက် အလှူရှင်များဖြစ်ကြတဲ့ ဆရာကြည်လွင်မြင့်(မုဒြာ)က ငွေတစ်သိန်း။ ဆရာမောင်မောင်ကြည်သန့်(ရတနာမြေ)က ငွေတစ်သိန်။ တက္ကသိုလ်တေဇာလင်း၊မောင်ဆူးမင်း(ချပ်သင်း)၊ သန်းဖေသား တို့က ငွေကျပ်သုံးသောင်း အသီးသီးအခမ်းအနားနဲ့ ရှိတ်ဂျာနယ် မကွေးရုံးခွဲဖွင့်ပွဲမှာ မြင်တွေ့ရလို့ မျက်ရည်များကျပြီး ၀မ်းသာပီတီ ဖြစ်ရပါကြောင်း။ ၂၀၁၁၊ မတ်လ(၂)ရက်နေ့လောက်မှာ ကျွန်တော့်အတွက် စုပေါင်းလှူဒါန်းထားတဲ့ငွေများကို မကွေးစာနယ်ဇင်းအမှုဆောင်အဖွဲ့ နဲ့ကိုကိုလတ်(ဆည်မြောင်း) တို့ပါဝင်တဲ့ ကော်မတီက ဦးဆောင်လို့ ရန်ကုန်မြို့သို့သွားပြီး စည်းကမ်းကျစွာ ဆေးကုသမှု ခံယူမှာ ဖြစ်ပါကြောင်း ပြောကြားသွားပါတယ်။(မှတ်ချက်။ ။ ယခုစာရေးနေချိန်(၁၄-၂-၂၀၁၁)နေ့အထိ ရှိတ်ဂျာနယ် မှာ (နှစ်သိန်းသုံးသောင်းကျပ်)။ လျှပ်တစ်ပြက် ဂျာနယ် မှာ စာရေးဆရာ အေးရွှေ(ကေတုမတီ) နှင့် မိတ်ဆွေများအဖွဲ့က (ခုနှစ်သိန်းငါးသောင်းကျပ်)။ စုစုပေါင်း(ကိုးသိန်းရှစ်သောင်း ကျပ်) လှူဒါန်းငွေရရှိကြောင်းနဲ့ ဆေးကုသနိုင်ရန်အတွက် စုစုပေါင်း(၁၅)သိန်းခန့်လိုအပ်ပါကြောင်း သတင်းကောင်းပါလိုက် ပါရစေ..။ ဒါကြောင့် နောက်ထပ် ဆေးကုသိုလ် အလှူရှင်များ များများ အချိန်မှီပေါ်ထွန်း လာနိုင်ကြပါစေကြောင်း SHADE စာပေ၀ိုင်းတော်သားအပေါင်းက ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်.။
စိတ် အဟာရပြည့်ဝစေဖို့ ရှိတ်ဂျာနယ်ကိုဖတ်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ Shade စာပေ၀ိုင်းသို့ သွားကြပါစို့…..။
ရွှေလမ်းငွေလမ်းဝင်းကြည်

ှံSHADE ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
READMORE
 

မကွေးမြို့ မှ SHADE စာပေ၀ိုင်း(၁၈)




မကွေးမြို့ မှ SHADE စာပေ၀ိုင်း

၁၃-၃-၂၀၁၁ ၊ တနင်္ဂနွေနေ့ နေ့(၁၂) နာရီကနေ ညနေ(၃း၃၀)နာရီ ထိ အချစ်ရွာဆိုင်မှာ ၀ိုင်းဖွဲ့ကြပါတယ်။ နွေရာသီ တပေါင်းလ နေအပူရှိန်ကြောင့် စာပေ၀ိုင်းတော်သားများနည်းနေပါတယ်။ မနေ့က တစ်နေကုန်မိုးတွေအုံ့မှိုင်းနေပြီး မိုးဖွဲလေးတွေကျခဲ့ ပါတယ်။ ဒီနေ့တော့ နေပြန်ပူလာပါတယ်။ ဒီအချစ်ရွာမှာ စာပေ၀ိုင်းစတင်ခဲ့တာ အကြိမ်(၁ဂ)ကြိမ် ပြည့်ခဲ့ပါပြီ။ လာမယ့် တနင်္ဂနွေနေ့(၂၀-၃-၂၀၁၁)ရက် ကစပြီး မကွေးမြို့ SHADE ဂျာနယ်ရုံးမှာ ပေါင်းဆုံကြပါမည်။ ရှိတ် စာပေ၀ိုင်းတော်သားများ ကြွရောက်တော်မူကြပါ။ ရှိတ်စာပေ၀ိုင်းကဏ္ဍ ဂျာနယ်မှာဖော်ပြခြင်း အကြောင်းကို စာရေးသူရှင်းပြချင်ပါတယ်။ ယခင်က စာပေ၀ိုင်းတော်သားများရဲ့ ပြောကြားချက်များထဲက အကျဉ်းကို တစ်ဦးချင်းစီကဏ္ဍနဲ့ ဖော်ပြပေးခဲ့ပါတယ်။ စာဖတ်သူများက ရှိတ်စာပေ၀ိုင်း ဆောင်းပါးမှာ ဖတ်ညွှန်းကြီးသာ ဖြစ်နေကြောင်း၊ သတင်းဆန်နေကြောင်း အသံတွေထွက်လာပါတယ်။ဒါကြောင့် စာဖတ်သူများ ရဲ့ဆန္ဒအတိုင်း အယ်ဒီတာချုပ်က စာပေ၀ိုင်းတော်သားများရဲ့ ဆွေးနွေးပြောကြားချက်များထဲမှ (တစ်ပုဒ်ဆို ဆိုသလောက်) အကောင်းဆုံး တစ်ပုဒ်ကိုသာ ပြန်လည်ရွေးချယ်ပြီး ဖော်ပြပေးနေပါတယ်။ စာရေးသူကတော့ အားလုံးရဲ့ပြောကြား ဆွေးနွေးချက်များကို စာနဲ့ အသံဖိုင်ပါ အယ်ဒီတာချုပ်ဆီကို မေးလ်နဲ့အားလုံးပေးပို့ခဲ့ပါတယ်။ ဒီအပေါ်မှာ စာပေ၀ိုင်းတော်သားတစ်ချို့က ငါတို့ပြောတာ ဆွေးနွေးတာတွေ မသုံးဘူး၊ မပါလာတော့ဘူးဆိုပြီး စာရေးသူကို အမြင်စောင်းနေကြပါတယ်။ ဟိုလိုရေးပါ၊ ဒီလိုရေးပါ ဆိုပြီး ဆရာကြီးလာလုပ်နေပြန်ပါတယ်။ ဒါကြောင့် စာပေ၀ိုင်းတော်သားများအနေနဲ့ ကိုယ်ပြောတဲ့စကားများကို စာမျက်နှာမှာ တင်စေချင်ရင် အများအတွက် သုတ၊ရသခံစားချက် နည်းပညာတွေပေးနိုင်မယ့် မှတ်သားစရာ စာများကို များများဖတ်မှတ်လာကြပါလို့ တိုက်တွန်း အကြံပြုလိုက်ပါရစေ..။
ဒီတစ်ပတ် SHADE စာပေ၀ိုင်းတော်သားများကတော့ ပထမအကြိမ် ရောက်လာတဲ့ ကဗျာဆရာ ဇော်မင်းကြည်၊ ဆရာဘိုမြင့်ရှိန်(အောင်လံ)၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာသူရိန်မြိုင်၊ ပန်းချီဆရာမြင့်ဇော်ဦး နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဒီစာပေ၀ိုင်းမှာ နေမင်းရဲ့အပူဒါဏ်ကြောင့် အချစ်ရွာဆိုင်ခမ်းမ အဆောင်ထဲမှာပဲ စတင်ခဲ့ပါတယ်။ ဆရာဘိုမြင့်ရှိန်(အောင်လံ)က ပထမဆုံး စတင်ပြီး အင်္ဂလိပ်စာသင်ခန်းစာများကို ဖတ်ကြားပြီး ရှိတ်ဂျာနယ်ထဲက (၁၅၀၀)အချစ် ဆောင်းပါးကိုဆွေးနွေးပါတယ်။ ပန်းချီဆရာသူရိန်မြိုင်ကလည်း ၁၉၉၉၊ ဒီဇင်ဘာလထုတ် စာရေးဆရာ (ဂျိမ်းကွိုက်(မ်) )ရဲ့ ၀ထ္ထုတိုများ ထဲက ဘယ်လိုဖတ်ဖတ် စာမျက်နှာ(၄)မျက်နှာလေးကို နားမလည်နိုင်တဲ့ ၀ထ္ထုတို တစ်ပုဒ် (အီလည်လည် ဖြစ်နေတဲ့ အက်ပလင်(သို့) ဒက်ပလင်မြို့သူ) ကို နားမလည်စွာနဲ့ပဲ ပြန်လည်ဆွေးနွေးပြောကြားသွားပါတယ်။ ပန်းချီဆရာ မြင့်ဇော်ဦးကတော့ ဆရာချစ်ဦးညို ရေးတဲ့ လင်္ကာဒီပချစ်သူ ထဲက တစ်စိတ်တစ်ပိုင်းများကို လက်တော့ကွန်ပျူတာကို ရှေ့မှာ ဖွင့်ထားလို့ ကြည့်ပြီး စိတ်ဝင်စားစွာနဲ့ အကျယ်တ၀င့်¬¬¬¬ ပြောဆိုခံစားသွားခဲ့ပါတယ်။ စာရေးဆရာ ကဗျာဆရာဇော်မင်းကြည် ကလည်း ၂၀၀၃၊ ဇန္န၀ါရီလထုတ် စာရေးဆရာမဂျူး ရေးတဲ့ (အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ) ကို အကျဉ်းကောက်နုတ် ဆွေးနွေးပြောဆို သွားခဲ့ပါတယ်။ ပန်းချီဆရာမင်းသူကတော့ အချစ်ရွာဆိုင် နှတ်ဆက်ပွဲမှာ မချစ်တတ်၊ မမုန်းတတ်သူ လူပျိုးကြီးပီပီ ပရမတ်သစ္စာ၊ သမုဒိသစ္စာအကြောင်းများကို ပြောဆိုရင်းကနေ ကွယ်လွန်သွားခဲ့တဲ့ ကဗျာဆရာ မောင်အုန်းသောင်း(မကွေး) ရေးသားခဲ့တဲ့ (ရစ်ချည်ကျဲပါး ချုပ်ချည်များတော့ ချွေးစားအင်္ကျီ သစ်လိမ်မည်…။) ကဗျာလေးကို ခံစားပြောဆိုပါတယ်။
ဒီတစ်ပတ်တော့ ရသစာတမ်း တစ်ပုဒ်ကို တင်ပြပေးလိုပါတယ်။ ၂၀၁၀၊ ဒီဇင်ဘာလ ထုတ် ပေဖူးလွှာမဂ္ဂဇင်းထဲက ဦးဆွေ(ဒဿနိက) ရေးတဲ့ (စံနှုန်းတို့၏ တရားမျှတမှု) ရသစာတမ်းလေးကို ထုတ်နုတ်ပြီး တင်ပြပါရစေ..။
ဒီရသစာတမ်း မှာ အခန်း(၄)ခန်းပါ ပါတယ်။ အခန်း(၁) ဖွင့်ပြထားတာကတော့ မြို့ကြီးတစ်မြို့မှာ မြင်းပြိုင်ပွဲ တစ်ခုကိုသူငယ်ချင်းတစ်ယောက်က ခေါ်လို့ သွားကြည့်ခဲ့ပါတယ်။ပထမ မြင်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင်မယ့်သူ လူကမဲမဲပုပု နဲ့ မြင်းကလည်း အသင့်အတင့်အရွယ်အစား လေးသာဖြစ်ပါတယ်။ သူတို့ ကွင်းထဲကို ၀င်လာပါတယ်။ ဒိုင်လူကြီးနဲ့ ပရိတ်သတ်ကြီးကို ဂါရ၀ပြုပြီး မြင်းရေးပြပါတယ်။ မြင်းပေါ်ကို ခုန်တက်ပြီး ကျကျနနထိုင်လိုက်ပါတယ်။ မြင်းပေါ်မှာမတ်တပ်ရပ်စီးပြလိုက်၊မြင်းနံဘေး ကပ်စီးပြလိုက်၊ နောက်ပြန်ထိုင် စီးပြလိုက်နဲ့ အမျိုးမျိုးမြင်းရေးပြနေပါတယ်။ လက်တစ်ဖက်က ဓါးရှည်ကို ကိုင်ထားပါတယ်။ မြင်းပေါ်ကို အမျိုးမျိုးလုပ်ပြီး မြင်းရေးပြပြီးစီးသွားရင်းကနေ ကွင်းဘေးမှာ စီတန်းစိုက်ထားတဲ့ ငှက်ပျောပင်တွေ တစ်ပင်ချင်းကို ပါလာတဲ့ ဓါးရှည်နဲ့ တိကနဲ့နေအောင် ခုတ်ဖြတ်လိုက်ပါတယ်။ ဓါးချက်က လက်ငြိမ်နေတော့ ငှက်ပျောပင်တွေပြတ်လှဲသွားတာ ကိုမမြင်ရပဲ ငှက်ပျောပင်တွေက မတ်မြဲမတ်နေကြပါတယ်။ သူ့ရဲ့ တပည့်တစ်ဦးက မြင်းစီးပြီး နောက်ကလိုက်လို့ အဲဒီငှက်ပျောပင်တွေကို ၀ါးလုံးနဲ့ထိုးမှ အပင်တွေအပိုင်း လိုက်ပြတ်လဲသွားကြောင်း မြင်တွေ့ခဲ့ကြရပါတယ်။ မြင်းစီးအလှ၊ ဓါးခုတ်တဲ့အလှ သပ်သပ်ယပ်ယပ် ရှိပါတယ်။ ပထမမြင်းရေးပြပြိုင်ပွဲဝင်သူနဲ့မြင်း ဒိုင်လူကြီးများရှေ့ကို ပြန်ရောက်လာပါတယ်။ လက်ခုပ်သံ သုံးလေးချက်တီး သံသာကြား လိုက်ရပါတယ်။ ဒုတိယ မြင်းရေးပြပြိုင်မယ့်သူတစ်ဦး လူက ကိုယ်လုံးထွားထွားကြိုင်းကြိုင်း လှလှပပ နှင့် မြင်းကလည်း ထောက်မြင့်မြင့် ခပ်ချောချောနဲ့ ဒိုင်လူကြီးများရှေ့ကို ရောက်လာပါတယ်။ ဒိုင်လူကြီးနဲ့ ပရိတ်သတ်ကို ဂါရ၀ပြုပြီး မြင်းရေးပြနေပါတယ်။ လူကလှပြီး နည်းနည်းဝနေတော့ မြင်းပေါ်မှာ စမတ်ကျအောင် မထိုင်နိုင်ပါဘူး။ ဒါပေမယ့် ပရိတ်သတ်က လက်ခုပ်သံတွေပေးနေပါတယ်။မြင်းရေးပြစီးတော့လည်း ပုံစံကလည်းမကျပါ။ ဓါးရေးပြတဲ့ အခါမှာလည်း ငှက်ပျောပင်တွေကို တိကနဲ မပြတ်ပဲ အခွန်တွေ အမျှင်တွေနဲ့ တန်းလှန်းကျနေကြပါတယ်။ ဒိုင်လူကြီးရှေ့ကို ပြန်ရောက်လာခဲ့ပါတယ်။ လက်ခုပ်သံတွေ လက်ကောက်မှုတ်သံတွေ တကွင်းလုံးမှာ ဆူညံသွားပါတယ်။ ဒိုင်လူကြီးများကလည်း ဒုတိယမြင်းရေးပြိုင်ခဲ့တဲ့ သူနဲ့ မြင်းကိုသာ ပထမ ပေးလိုက်ကြောင်း ကြော်ငြာလိုက်ကြပါတယ်။ ကျွန်တော့်ဘေးက သူငယ်ချင်းကတော့ `ပျက်ကုန်ပါပြီဗျာ´ ဆိုသောစကားကို ဂါထာရွတ်သလို ဆိုနေပါတော့တယ်..။
အခန်း(၂)ကတော့ `ဟေ့လူ ခင်ဗျားစဉ်းစားကြည့်´ ဆိုတဲ့စကားနဲ့စပြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲကို ၀င်ပြီးထိုင်လိုက် ကြပါတယ်။ အခြားတဘက် စားပွဲမှ လူငယ်တစ်စုက သူတို့ညတုံးကကြည့်ခဲ့ရတဲ့ ကျော်သူ၊ မို့မို့မြင့်အောင်၊ စန္ဒယားခင်ခင်နု၊ ဇော်ဦး တို့ သရုပ်ဆောင်ပြီး ဒုတိယအကြိမ်ပြန်ရိုက်ထားတဲ့ (ပန်းပန်လျှက်ပါ) ရုပ်ရှင်ဇာတ်ကားက တော်တော်ကို ကောင်းကြောင်း အားပါးတရ ချီးမွမ်းပြောဆိုနေကြပါတယ်။ ဒီဘက်ဝိုင်းက သူငယ်ချင်းနဲ့ စာရေးသူကလည်း `ခင်ဗျား စဉ်းစားကြည့်လိုက်´ သူတို့တတွေပြောဆိုနေတာလည်း မမှန်ဘူး၊မကောင်းဘူးလို့ ကျွန်တော်မဆိုလိုပါဘူး။ အဲဒီဇာတ်ကားက ကျွန်တော်တို့ကြည့်ပြီးသား ဆရာမခင်နှင်းယု ရဲ့ (ပန်းပန်လျှက်ပါ) ၀ထ္ထုဇာတ်ကားလေ။ ဒါရိုက်တာက ဦးချစ်၊ မင်းသမီးက ကြည်ကြည်ဌေး၊ မင်းသားက ကောလိပ်ဂျင်နေ၀င်း နဲ့ မြတ်လေး၊ ခင်မမနေရာက ဘေဘီနွဲ့ဗျာ။ ခုခေတ် ကလေးတွေ ပထမရိုက်တဲ့ ဇာတ်ကားကို မကြည့်ဘူးသေးလို့ပါ။ ဒါကြောင့် ခုခေတ်ကလေးတွေ ထန်လျက်နဲ့သာ အချိုကုန်နေတယ်ပြောရမလားပဲ။ပထမရိုက်ခဲ့တဲ့ ရုပ်ရှင်ကားအစစ်ကို မကြည့်ဘူးသေးတော့ ဒုတိယရိုက်တဲ့ရုပ်ရှင်ကားကို ကောင်းတယ် ပြောနေကြတယ်နော်..။
အခန်း(၃) မှာ တစ်ခါကဖြစ်ပါသည် ဟုအစချီပြီး သူငယ်ချင်းတစ်ဦးက သူ့ယောက်ဖ တပ်ရင်းမှူးဆီက လက်ဆောင်ပေးလို့ ယူလာတဲ့ အာမီရမ် စစ်စစ် ကို ကျွန်တော်တို့သူငယ်ချင်းတစ်စု သူ့အိမ်မှာ ခေါ်ပြီး ဧည့်ခံပါတယ်။ အရက်ဝိုင်း သုံးပတ်မြောက် သုံးခွက်ရောက်ကြတော့ ` ဘယ်လိုကြီးလည်း မသိဘူးနော်´။ `အေးဟ ပေါ့ရွတ်ရွတ် နေသလိုပဲ´။ `ဒို့ သောက်နေကြနဲ့ ဘာကွာသလဲ မသိဘူး´။ တစ်ယောက် တစ်ပေါက်ပြောနေသံကို အိမ်ရှင်ဒကာ ကြားတော့ ဒေါသူပုန်ထ ပုလင်းကို ဆောင့်ချပြီး ခပ်တင်းတင်း ဒေါသကြီးစွာပြောဆိုပါတယ်။ ` ဒါ ငါကိုယ်တိုင် ငါ့ယောက်ဖ ဆီက သယ်လာတာကွ၊ သည်ထက်စစ်စရာ ဘာမှမရှိဘူး´။ ဟေ့ ကောင်တွေ ငါက အစစ်ကိုတိုက်တာကွ။ စစ်စစ်နဲ့တောင်မည် နေသေး။ မင်းတို့က `အင်´ တွေကိုသောက်ပြီး `အင်´ အရသာကို တန်းတန်းစွဲ ဖြစ်နေတော့ အစစ်ရဲ့အရသာကို ဘယ်ခံစားတတ်တော့မလဲ။ သွားကွာ။ သွားကြ။ မင်းတို့သောက်နေကြဆိုင်ကိုသွားပြီး `အင်´ နဲ့ပဲမူးကြတော့။ အလကား အကောင်တွေပဲ။ အကောင်းနဲ့ မတန်တဲ့ အကောင်တွေ သွားကြ။ လို့ ဇွတ်အတင်း ကျွန်တော်တို့သူငယ်ချင်းတစ်စုကို နှင်ထုတ်ပါတယ်။ ကျွန်တော်တို့လည်း အလျှိုလျှို ထပြီး သောက်နေကြဆိုင်ကို ၀ိုင်းဖွဲ့ပြီး ပြန်သောက်ကြပါတယ်။ ကျွန်တော်တို့ သောက်နေတုံး စောစောက ဒေါသကုမ္မာရဒကာတော် သူငယ်ချင်းက နောက်ကလိုက်လာပါတယ်။သူက ကျွန်တော်တို့ ၀ိုင်းထဲကို ၀င်ထိုင်ပြီး ကျွန်တော်တို့စားပွဲအလယ်မှာ ထောင်ထားတဲ့ အာမီရမ်ပုလင်းထဲမှ အရက်တစ်ခွက်ကို အတင်းငှဲ့ပြီး ယူသောက်ပါတယ်။ အားလုံးကဒီလူ သူတို့ကို ရန်မူတော့မယ်လို့ ထင်ပြီးကြောက်နေကြပါတယ်။ အရက်တစ်ခွက်ကို မော့သောက်ပြီးတော့မှ သူက ဒီလိုဆိုလိုက်ပါတော့တယ်။
` အေး အခုမှ အဆင်ပြေသွားတယ်ကွ´ တဲ့။
အခန်း(၄)။ လောကကြီးမှာ ဆန့်ကျင်ဘက် ဒီဂရီတွေ များစွာရှိကြပါတယ်။ အဆိုးနဲ့ အကောင်း။ အတော်နဲ့ အညံ့။ အမှန် နဲ့ အမှား။ အဖြူ နဲ့ အမည်း။ မိုက်တာ နဲ့ လိမ္မာတာ။ အမြင့် နဲ့ အနိမ့်။ အထက်တန်း နဲ့ အောက်တန်း။ ရေးပြနေရင် ဆုံးနိုင်ဖွယ် မရှိပါ။ ထိုအရာများရဲ့ ဒီဂရီ အနိမ့် အမြင့်ကို ကျွန်တော်တို့ ဘယ်လိုပေတံတွေ နဲ့ တိုင်းနေကြပါသလဲ။ ဘယ်ထောင့်ကရပ်ပြီး ကြည့်နေ အကဲဖြတ်နေကြပါသလဲ။ ကျွန်တော်တို့ ဒီဂရီ တိုင်းသည့် ပေတံတွေကကော ဘယ်လောက် အထိ ခိုင်မာကြပါသလဲ။ ဘယ်ကာလအထိ ဘယ်အတိုင်း အတာအထိ မှန်သည်လို့ အာမခံ နိုင်ပါသလဲ။ ကျွန်တော့်ခေါင်းထဲကို အတွေးပေါင်း များစွာဝင်လာခဲ့ပါတယ်။ စံနှုန်း သတ်မှတ်ချက်အပေါ်မှာ လူတွေရဲ့စိတ် ခံစားမူက လွမ်းမိုးနိုင် သလား။ ကျွန်တော့်မိတ်ဆွေရှေ့နေ ပြောလေ့ရှိတဲ့ ``ဟေ့လူ ခင်ဗျား စဉ်းစားကြည့်´´ ဆိုတဲ့ စကားကိုသာ ကြားယောင်ပြီး ကျွန်တော်ပြုံးနေမိပါတော့တယ် ခင်ဗျား…။
စိတ် အဟာရပြည့်ဝအောင် ရှိတ်ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ ရှိတ်စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၁၇)



မကွေးမြို့မှ SHADE စာပေ၀ိုင်း
၆-၃-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့(၁၂) နာရီမှ ညနေ(၃း၃၀)နာရီ အထိ အချစ်ရွာဆိုင်မှာ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်..။ နွေမိန်တပေါင်း ကာလကို ရောက်လာတော့ ရာသီဥတုက ပူလာပါတယ်။မကွေးမြို့ရဲ့မြောက်ဘက်အထွက်ဆိုတော့ ခရီးကလည်းလှမ်း၊ နေကလည်းပူလို့ စက်ဘီးသမား ဆရာများမလာနိုင်ကြတော့ပါ။ နောက်တစ်ပတ်ကျော် SHADE စာပေ၀ိုင်း(၁၉)ကြိမ်ကို၊(၂၀-၃-၂၀၁၁)၊တနင်္ဂနွေနေ့၊ကစပြီး SHADE ဂျာနယ် အယ်ဒီတာချုပ် ဦးသာဇော်ရဲ့အကြံပေး၊ ခွင့်ပြုချက်အရ၊ Shade ဂျာနယ်တိုက် မကွေးရုံးခွဲ မှာပြောင်းရွှေ့ပြုလုပ်ပေးမည်ဖြစ်ပါကြောင်း ကြိုတင် မင်္ဂလာမောင်းခပ်လို့ အသိပေးထားပါရစေ..။ ရှိတ်စာပေ၀ိုင်းကို မလာချင်လို့အကြောင်းပြပြီး ခရီးဝေးနေသူများ၊ ဆရာကြီးလုပ်ပြီး သြ၀ါဒမပေးရလို့ မလာချင်သူများ၊ အချစ်ရွာသို့မလာရဲသူ ဆရာ၊ဆရာမများအတွက် လက်တို့ပြီးပြောကြားထားပါရစေ နော်..။ ရှိတ်စာပေ၀ိုင်းတော်သားများ ကတော့ စာပေ၀ိုင်းသို့ ရောက်လာသူတိုင်းကို တန်းတူ၊ရည်တူ စာပေနှင့်ပတ်သက်လို့ ရှိတ်စာပေ၀ိုင်းရဲ့စည်းကမ်းအတိုင်း အလှည့်ကျ၊ဖောက်သည်ချပြီး၊ ပြောရေးဆိုခွင့် ရှိကြပါတယ်။ ဥပမာ= စားကောင်း သောက်ကောင်း လေးများကို အရသာရှိရှိ စားသောက်ရတဲ့အခါမှာ၊ အချစ်ဆုံးမိတ်ဆွေများကို အမှတ်တရ၊သတိရနေကြသလို၊ ကိုယ်ဖတ်၊မှတ်လာရတဲ့ ရသ၊သုတနဲ့ပြည့်စုံတဲ့ စာကောင်း၊ပေကောင်းလေးတွေကိုလဲ ကျွန်တော်တို့ SHADE စာပေ၀ိုင်းမှာ လာရောက် မျှဝေခံစားပေးကြတဲ့ သဘော ထားပြီး ကြွရောက်ချီးမြှင့်အားပေး တော်မူကြပါခင်ဗျား..။ ဧည့်ဝတ်ပြုမယ့် အစားအသောက်များကတော့ ယခင်က၊ထုံးစံအတိုင်းပါ။ ယခုတော့ စွဲမက် လဘက်ရည်ဆိုင် ကနေ ရှိတ်ဂျာနယ် မကွေးရုံးခွဲအထိ လာရောက်ပို့ဆောင် ဧည့်ခံပေးကြပါမည်။ (SHADE ဂျာနယ် စာဖတ်ပရိတ်သတ်များ မည်သူမဆို မိမိကိုယ်တိုင်၊ကြွရောက် ဆွေးနွေး ပြောဆိုနိုင်ကြပါတယ်..။ SHADE စာပေ၀ိုင်းက လေးစားစွာနဲ့ ဖိတ်ခေါ်လိုက်ပါတယ်.။)
ရှိတ်စာပေ၀ိုင်း ကို အင်အားလျော့သွားမှာစိုးလို့ ကြော်ငြာနေတာနဲ့ စာရှည်သွားပါပြီ..။ ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းကို ၀ိရိယ ရှိရှိနဲ့ နေပူပူမှာ စက်ဘီးစီးပြီး ပထမဆုံးရောက်လာသူကတော့ ဆရာဘိုမြင့်ရှိန်(အောင်လံ)ပါ။ နောက်ရောက်လာသူတွေ ကတော့ ဆရာနေခြည်(မကွေး)၊ ဆရာတင်လင်းဇော်၊ ပန်းချီဆရာများဖြစ်ကြတဲ့ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာ သူရိန်မြိုင်၊ ပန်းချီဆရာ မြင့်ဇော်ဦး၊ ကွန်ပျူတာလောကသား အိုင်တီ ကိုနိုင်ဝင်း နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဆရာတင်လင်းဇော် ကတော့ ဆန်ရင်းနာနာဖွတ်ရမှာပါ ဆိုပြီး ရှိတ်ဂျာနယ်ကောင်းစေဖို့အတွက် စတင်ပြောဆိုလာပါတယ်။Shade ဂျာနယ်၊ အတွဲ(၅)၊အမှတ်(၁၅)က တက္ကသိုလ်တေဇာလင်း ရေးတဲ့ ပန်းရည်ဘဏ်တိုက် နှင့် ချစ်ဦးညို အမည်ဆောင်းပါးပါ။ ဒီဆောင်းပါးက သမိုင်းတင်မယ့် အခန်းဆက် ဆောင်းပါးတွေဖြစ်အောင် တက္ကသိုလ်တေဇာလင်းက ရှိတ်မှာ အပတ်စဉ်ရေးနေပါတယ်။ နောင်မှာ လုံးချင်းထုတ်မယ်လို့လည်း ကြားသိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှိတ်ကဖော်ပြ လိုက်တာမှာ၊ ဆောင်းပါးရဲ့အစပိုင်း (စာရေးဆရာချစ်ဦးညို ကလည်း မိုးဝေမဂ္ဂဇင်း အမှတ်-၂၀၃ တွင်)ဟု အမှန်ကိုဖော်ပြထားသော်လည်း နောက်ဆုံးနားလေးမှာတော့ သမိုင်းပျက်သွားစေမယ့် မဟာအမှားကြီးဖော်ပြ ထားပါတယ်။(ဆရာချစ်ဦးညိုသည် `ပန်းရည်ဘဏ်တိုက်´ ကိုခံစားဖွင့်ဆိုရာ၌ မိုးလေ၀သ မဂ္ဂဇင်းသာမက) ဟု ရယ်စရာ သမိုင်းဖျက်စေမယ့်(မိုးဝေမဂ္ဂဇင်းကို မိုးလေ၀သ မဂ္ဂဇင်းဟု) အမှားကြီးဖြစ်နေပါတယ်။ ) ဒီကိစ္စကို ဆရာရွှေလမ်းငွေလမ်းဝင်းကြည်က SHADEစာပေ၀ိုင်းမှာ ထည့်ရေးပေးပါဆရာ။ နောက်တစ်ခုကလည်း ဆန်ရင်းကိုနာနာဖွတ်ရမှာပါဘဲ။ ရှိတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ကျွန်တော်တို့ မကွေးဆရာတွေရေးတဲ့ ဆောင်းပါးတွေကလည်း ရှည်လျား ထွေပြားပြီး စာမျက်နှာနေရာတွေ အပြည့်ထက်ကိုကျော်လို့ နေရာယူနေကြပါတယ်။ စာဖတ်သူများကို ပေးချင်တာက နည်းနည်းလေး၊ ရေးချင်တာတွေကများနေကြပါတယ်။ ဆိုလိုရင်းကိုမရောက်ပဲ လည်ထွက်နေပါတယ်။ တိုတို တုတ်တုတ်နဲ့ အနစ်ပါတဲ့ဆောင်းပါးကောင်းလေးများ ကိုသာ ရေးစေ၊ထည့်စေလိုပါတယ်။ ဥပမာ= ဆရာချိုတကူး(ကလေး) ရေးတဲ့ (လိုတာကို လိုသလောက် လိုတဲ့အချိန်ရနေရင်)ဆိုတဲ့ ဆောင်းပါး။ ဆရာစိုးဝင်းမြင့်(မန္တလေး) ရေးတဲ့ (ကျွန်တော်တို့တစ်တွေ အသိတရားဖြင့် သတိထားကာနေသင့်ပြီ) ဆိုတဲ့ ဆောင်းပါးတွေ လိုမျိုးကိုသာ ရေးသင့်ကြပါတယ်။
ပန်းချီဆရာ၊ ကဗျာဆရာ မြင့်ဇော်ဦးက တော့ ဒီနေ့တော့ ခွန်အားဖြည့်ပါ ဆိုတဲ့ ခေါင်းစဉ်လေးကို ပေးပြီး ဖတ်၊ မှတ်လာတာတွေကို ပြောပါရစေ ဟု စတင်ပြောဆိုလာပါတယ်…။
ကျွန်တော်နည်းနည်းလေး အချိန်ယူပြောပါရစေ.။ ကျွန်တော်ပေးထားတဲ့ ခေါင်းစဉ် အကြောင်းအရာလေးက ကျွန်တော့စကားဆုံးသွားရင် အဖြေပေါ်လာပါလိမ်မယ်..။ အဖြေပေါ်အောင်လည်း ကြိုးစားပြောဆိုပေးပါမယ်..။ ကျွန်တော်ပြောမယ့်အထဲမှာ ကဗျာက နှစ်ပုဒ်ပါ။ အဖွင့်၊အပိတ်မှာထည့်ပေးထားပါတယ်။ ကျွန်တော်ငယ်စဉ်ကာလက၊ အစ(၄)လုံး အလယ်(၃) အဆုံး(၅-၇-၂) ဆိုပြီး ကဗျာလင်္ကာပိုဒ်လေးတွေနဲ့ ကဗျာကို စတင်သင်ကြားရေးခဲ့ပါတယ်။ ပန်းချီမှာလည်း မူရင်းအရောင်းသုံးရောင်ရှိတယ်။ အနီး၊အဝေးကဘယ်လို စတဲ့ စည်းမျဉ်း၊စည်းကမ်းတွေနဲ့ သင်ကြားရေးဆွဲပြီး စာပေ၊ပန်းချီအနုပညာလုပ်ငန်းတွေ ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ ကျွန်တော်တို့ဆယ်တန်း ကျောင်းသားဘ၀ကို ရောက်လာတော့ ရတု၊ရကန်၊လေးချိုး၊ဒွေးချိုး ခေတ်ကနေပြီး ဂန္ဓ၀င် မောင်ချိန့်တို့၊ မမတို့၊အောင်ဝေးတို့၊ထင်ရှုးပင်ရိပ် ဆရာသာနိုးတို့၊ စတဲ့ ဂန္ဓ၀င်အချစ်ကဗျာ(၁၀၀)တို့။ နောက်တော့ မောင်စိန်ဝင်း(ပုတီးကုန်း)၊ မင်းလူတို့ စတဲ့ကျွန်တော်မမှတ်မိ၊ မသိခဲ့သေးတဲ့ ဆရာတွေက မော်ဒန်ဆိုတဲ့ကဗျာတွေ ကိုရေးသားလာပြန်ပါတယ်။ အဲဒီလိုဘဲ အဆိုတော်ခင်ဝမ်းတို့ကလည်း ကဗျာတွေကို သံစဉ်သွင်းပြီး သီဆိုပြလာပါတယ်။ အဆိုတော် စိုင်းထီးဆိုင်တို့ကလည်း ကဗျာသံစဉ်လေးတွေနဲ့ လှလှပပ နိုးဆော်သီဆိုလာကြပြန်ပါတယ်။ဂီတဆိုတာကလည်း လူမျိုးမရွေး၊ ဘာသာမရွေး တစ်ကမ္ဘာလုံး လူသားတိုင်းက လက်ခံလာကြတဲ့ဂီတအနုပညာပါဘဲ။ အဲဒီတုံးက စိုင်ထီးဆိုင်သီဆိုခဲ့တဲ့ သီချင်းလေးကို အမှတ်တရဆိုပြပါရစေ…။ (နေ၀င်ညကို ကူးဖြတ်ရဲမှ၊ ရောင်နီသာတဲ့၊ နေ့သစ်ကိုရောက်မယ်..။ ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ၊ တစ်ချိန်မှာ အောင်မြင်လွတ်မြောက်နိုင်မယ်လေ….။ သံသရာလမ်းဟာ မချောမွေ့တတ်တော့၊ ရင်ဆိုင်ရန်ခွန်အားပြည့်..၊ မိငယ်ရေ….။) ဒီသီချင်းလေးကတော့ နေ၀င်ညတွေကိုမဖြတ်ကျော်ခဲ့ပဲနဲ့ ရောင်ခြည်လာတဲ့နေ့သစ်ကို မရောက်နိုင်ကြသလို၊ အဟောင်းတွေက အသစ်မဖြစ်နိုင်ပေမယ့် အသစ်တွေကလည်း အဟောင်းတွေကို မပစ်ပယ်နိုင်ကြပါဘူး။ ဒါကြောင့် အဟောင်းသမားတွေကလည်း အသစ်တွေကို ကြိုဆိုကြရမှာပါ..။ အဲဒီတော့ ကဗျာရေးရာမှာပဲဖြစ်ဖြစ် ပန်းချီရေးရာမှာပဲဖြစ်ဖြစ် စည်းကမ်းတွေ၊ နည်းလမ်းတွေ၊ ကလနားတွေနဲ့ ရေးနေမယ်၊ ဖွဲ့နေကြမယ်ဆိုရင် ရေးတဲ့ကဗျာဆရာ ပန်းချီဆရာရဲ့ခံစားချက်တွေဟာ ပေါ့ရော့သွားလိမ်မယ်လို့ ကျွန်တော်ထင်မိပါတယ်။ ဘာပြုလို့လည်းဆိုရင်တော့ (၂၀၁၁ ခု၊ မတ်လထုတ် Youth မဂ္ဂဇင်းက ကဗျာဆရာ ရေနံ့သာမောင်ကျော်ညွှန့် ရဲ့(လိပ်ပြာမသန့်သူ) ဆိုတဲ့ ကဗျာလေးကို တင်ပြပေးပါရစေ..။ (ဗျိုင်းတစ်အုပ်က၊ လှိုင်းပုတ်တာကိုလန့်။ ချိုးတစ်အုပ်က ကြိုးလှုပ်တာလန့်။ စာတစ်အုပ်က ဖျာရုပ်တာလန့်။ သြော်..၊ လိပ်ပြာမသန့်၊ လိပ်ပြာလန့်၍၊ သွေးလန့်နေရရှာပါတကား..။) ဟာ ကောင်းလိုက်တာ ကဗျာဆရာရေးသွားတာလေးတွေ ကောင်းလိုက်တာလို့ ခံစားလိုက်မိပါတယ်။ ဒါပေမယ့်ဒီကဗျာမှာဆရာမောင်ကျော်ညွှန့် သူရေးချင်သလို ဆိုလိုရင်းကို ထိအောင် မရေးနိုင်ခဲ့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကိုယ့်လိပ်ပြာကို မသန့်လို့လန့်နေတယ်ဆိုရင် ဘာတွေကို လုပ်ခဲ့မိလို့၊ ဘာတွေကြောင့် မသန့်ရတာလဲ စတဲ့ ဒီကဗျာလေး အပေါ်မှာ လေးလေးနက်နက် စဉ်းစားမိခဲ့ပါတယ်။ နောက်တော့မှပဲ သြော်.. ကဗျာဆရာက ကာရံကိုငဲ့ပြီးရေးလိုက် ရတာပါလား လို့ ကောက်ချက်ချလိုက်မိပါတော့တယ်။ ဒီကဗျာအကြောင်း ထဲထဲဝင်ဝင်စဉ်းစား တွေးတောပြီး ခံစားနေတုံးမှာ ကျွန်တော့်သားတွေက DVD မှ သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်ပါတယ်။ ဟစ်ဟော့သီချင်းပါ။ (လုပ်ခဲ့ပြီးတဲ့ ပုံစံ၊ ကျွန်တော်တို့ မလုပ်ပါ။ သူများတွေ တည်ထွင်တဲ့နောက်၊ ငါတို့မလိုက်ပါ။ မင်းသိရမယ့် အချက်…အချက်…။) ဟေး ဟား ဟား နဲ့ ဒီကောင်တွေသီချင်းကို နားမထောင်ချင်ပေမယ့် အနုပညာသမားတစ်ယောက်အနေနဲ့ ခံစားကြည့်ပေးမိလိုက်ပါတယ်။ သြော် ဟုတ်ပါ့လား သူများလုပ်တာတွေ ငါတို့မလုပ်ဘူး။ သူများတွေတည်ထွင်တဲ့နောက် ငါတို့မလိုက်ဘူး။ ငါတို့တည်ထွင်မယ် ဆိုတော့ ဒါသူတို့က ဟိုးတုံးက နာရီတွေ၊ စည်းဝါးတွေနဲ့သီချင်းတွေကို တော်လှန်နေတဲ့သီချင်းဘဲလို့ ကျွန်တော်သဘော ပေါက်သွားခဲ့ ပါတယ်။ ဒါနဲ့ ကျွန်တော်အတွေးတစ်ချက်ပွင့်သွားပြန်ပါတယ်။ ကဗျာဆရာတစ်ယောက်က ဘယ်လိုကာရံ၊ ဘယ်လိုသံစဉ်တွေနဲ့ရေးရမလဲ။ ဘယ်လိုအကြောင်းအရာ၊အချက်အလက်တွေကို အဓိကထားပြီး ခံစားရေးမလဲ။ ပန်းချီဆရာတစ်ယောက် အနေနဲ့ဆိုရင်လဲ အနီး၊အဝေးတွေ ပါဆက်တွေ၊ကွန်ပိုဇေးရှင်းတွေ၊ကာလာတွေကိုဖွဲ့ချိန်ပြီးမှ ရေးမလား။ အမြင်၊ အတွေ့အတိုင်းဘဲ ခံစားပြီးရေးရမလား။ စတဲ့ စဉ်းစားမိတာတွေကို ပန်းချီဆရာ အကိုကြီးမင်းသူကို ရင်ဖွင့်မေးမိပါတယ်။ အဲဒီတော့မှ အကိုကြီးမင်းသူကပြောပါတယ်..။ မဟုတ်ဘူးကွ မြင့်ဇော်ဦးရ၊ မင်းတွေးတောနေတာတွေကို ရှင်းသွားရအောင် ဒီကဗျာလေးကို ဖတ်ကြည့်စမ်းပါ။ ၂၀၀၇ ၊စက်တင်ဘာလထုတ်၊ ကလျှာမဂ္ဂဇင်းထဲက ကဗျာဆရာ မောင်သင်းဝေ ရေးတဲ့ (စားပွဲ) ဆိုတဲ့ကဗျာလေးပါကွာ..။ မင်း အသံထွက်ပြီးဖတ်ကြည့်လိုက်ပါလို့ ပြောပါတယ်။
*ကဗျာရေးမလို့ပါကွယ်၊ ငါ့စားပွဲကို ရှင်းလိုက်ကြပါ။ * လက်မ၊စင်တီမီတာနဲ့၊ တိုင်းထွာစရာ ပေတံများ၊ ဘေးဖယ်ထားလိုက်ကြပါ။ *ကမူး´ဆတ်´၊ မာ့က်စ်´ ပလေတို၊ ဆိုဖီစာအုပ်တွေမလိုပါဘူးကွယ်၊ ငါ့စားပွဲကို ရှင်းလိုက်ကြစမ်းပါ။ *ကဗျူပဒေသကျမ်း၊ က၀ိလက္ခဏသံပေါက်နဲ့၊ နောက်ဆုံးပေါ် ကဗျာအဘိဓာန်များ၊ ပြင်သစ်´ဂျာမန်´ အင်္ဂလန်´ အမေရိကန်က၊ ခုန်ပေါက်ကျော်လွှားလာတဲ့´လျှပ်ပေါ် လော်လည်တဲ့၊ စကားလုံးအသစ် အဆန်းများ၊ အားလုံးကို ဘေးဖယ်ထားကွယ်။ *ငါ့စာပွဲခင်း ဖြူလွှလွှမှာ၊ ထာဝရ သင်းကြည်တဲ့ အနီရောင်နှင်းဆီပွင့်များ၊ ဝေနေအောင်စိုက်ထားလိုက်ကြပါ၊ ဒါဆို လုံလောက်ပါပြီကွယ်..။
ဒီကဗျာလေးကို ဖတ်ကြည့်လိုက်တော့မှ ကျွန်တော်စဉ်းစားတွေးတောနေတာတွေကို ခေါင်းထဲမှာ တော်တော်ရှင်း သွားခဲ့ပါတယ်။ အနုပညာသမားဆိုတာ ဖြူစင်တဲ့ နှလုံးသားကို လက်ကိုင်ထားပြီး၊ ဖြူစင်တဲ့စေတနာများနဲ့ရေးကြမယ်ဆိုရင် ဖြူစင်တဲ့ ရသစာပေတွေ၊ ပန်းချီကားတွေပေါ်ထွန်းလာမှာပါ။ ဒါကြောင့် ခွန်အားဖြည့်ပါ လို့ပြောခဲ့တာပါ။ ဘယ်လို ခွန်အားဖြည့်ကြမည်လဲဆိုရင် ကျွန်တော်တို့မှာရှိနေတဲ့ အသိ၊ ကျွန်တော်တို့မှာ သိနေတဲ့အသိ၊ ကျွန်တော်တို့မှာ မြင်နေတဲ့ အမြင်တွေ၊ ကျွန်တော်တို့ဘ၀နဲ့ရင်းပြီး ရယူ ထားခဲ့တဲ့ အသိတရားတွေကို ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ထပြီး ရေးဖွဲ့ကြမယ်ဆိုရင် အများအတွက် အကျိုးပြုစေမယ့် ကောင်းတဲ့ကဗျာတစ်ပုဒ်၊ ကောင်းတဲ့စာတစ်ပုဒ်၊ ကောင်းတဲ့ပန်းချီကား တစ်ချပ်ဖြစ်လာအောင် ရေးသားကြပြီး ခွန်အားဖြည့်ကြပါ လို့ Shade စာပေ၀ိုင်းကတဆင့် ပြောကြားလိုက်ပါရစေခင်ဗျား..။
စိတ် အဟာရပြည့်ဝစေဖို့၊ ရှိတ်ဂျာနယ်ကို ဖတ်လို့၊ ဘ၀အတွက် သုတ၊ရသစုံတဲ့ ရှိတ်စာပေ၀ိုင်းသို့ သွားကြပါစို့..။
ရွှေလမ်းငွေလမ်းဝင်းကြည်

SHADE ဂျာနယ်၊ အတွဲ(၅)၊ အမှတ်(၁၇)မှ ကူးယူဖော်ပြပါသည်။
READMORE
 

မြန်မာပြည်မှာ အက်ဆစ်မိုးတွေ ရွာတော့မယ်ဆို ?

မြန်မာပြည်မှာ အက်ဆစ်မိုးတွေ ရွာတော့မယ်ဆို ?

(Posted on 15th March 2011)



ဂျပန်ဆူနာမီရဲ့ နောက်ဆက်တွဲတွေ

ဂျပန်နိုင်ငံ၊ Miyagi Prefacture မှာရှိတဲ့ Fukushima Power Plant ရဲ့ ဒုတိယ Radiation Reactor ဟာ မနေ့ည (၁၄-၃-၂၀၁၁)ည က ထပ်ပြီးပေါက်ကွဲ သွားပြန် ပါတယ်။ အခြေအနေတွေကတော့ ထိန်းမနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကို အကြောင်းပြုပြီး တိုကျိုမြို့ရဲ့မြောက်ဖက်ဒေသတွေမှာ ရေဒီယိုသတ္တိကြွမှု level တွေ မြင့်တက်လာတာကိုတွေ့ရတယ်လို့ ဒီကနေ့ (၁၅-၃-၂၀၁၁)ရက်နေ့ မနက် အစောကြီးသတင်းတွေမှာ ကြေငြာသွားခဲ့ပါတယ်။ ဒါနဲ့ တစ်ဆက်တည်း မနေ့ညကဘဲ ဂျပန်နိုင်ငံ၊ အနုမြူထိန်းသိမ်းရေးအေဂျင်စီဧဂျင်စီအကြီးအကဲက နိုင်ငံတကာအနုမြူ ဧဂျင်စီအဖွဲ့ IAEA နဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ကျွမ်းကျင်မှု အကူအညီ တွေပေးဖို့ တရားဝင် တောင်းဆိုကြောင်း ကြေငြာသွားပြန်ပါတယ်။

ပြဿနာအစ

ဒီပြဿနာရဲ့အစကတော့ Nuclear Plant တွေ (၁၁-၃-၂၀၁၁)ရက်နေ့ ညနေပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ ရေအောက်မြေငလျင် လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီရေလှို်င်းတွေ ထိရိုက်တာခံခဲ့ရလို့ Nuclear Plant တွေမှာ တပ်ဆင်ထားတဲ့ cooling system တွေ ချို့ယွင်းသွားရတာက စပါတယ်။ အဲဒီ အအေးခံစံနစ်တွေဟာ Nuclear Plant တွေမှာ သုံးထားတဲ့ အရေးကြီး အစိတ်အပိုင်းတွေဖြစ်ကြတဲ့ လောင်စာအချောင်းတွေ (Fuel Rods) ကို အပူချိန်တွေ တက်မလာရအောင် အအေးပေးတဲ့ စံနစ်တွေဖြစ်ပါတယ်။ Fuel Rod တွေဆိုတာက အရှည်(၄)မီတာ လောက်ရှိကြတဲ့ ရေဒီယိုသတ္တိကြွပစ္စည်းဖြစ်တဲ့ ယူရေနီယမ် (Uranium) သတ္ထုချောင်းတွေ ဖြစ်ပါတယ်။ သူတို့ဟာ အအေးခံမထားရင် အပူချိန် 1100°C လောက်အထိ အပူချိန်မြင့်တက် လာနိုင်ကြပြီး အရည်ပျော်ကျ (melt-down) ဖြစ်သွားနိုင် ပါတယ်။ အဲဒီလိုဆိုရင် ရေဒီယိုသတ္တိကြွ ရောင်ခြည်တွေ (Radioactive Radiations)တွေ အပြင်ကို ပျံ့လွင့်ရောက်ရှိလာနိုင်ကြပါတယ်။

ဖြစ်နိုင်တဲ့အကျိုးဆက်တွေ

အဲဒီလို ရေဒီယိုသတ္တိကြွတဲ့ရောင်ခြည်တွေဟာ လူသားတွေအတွက် အန္တရာယ် အလွန်ကြီးပါတယ်။ လူသားတွေကို ထိတွေ့မိရင် မအီမသာဖြစ်ခြင်း(nausea)၊ ဖျားနာခြင်း(fever)၊ ခန္ဒာအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်း(organ failure)၊ အသက်သေဆုံးနိုင်ခြင်း(death) စတာတွေကို ဓါတ်ရောင်ခြည်သင့်မှု အတိုင်းအတာ၊ ဓါတ်ရောင်ခြည် လေထုအတွင်း ပျံ့လွင့်မှုအတိုင်းအတာ တွေအပေါ်မူတည်ပြီး ဖြစ်စေနိုင် ပါတယ်။

ဘေးပတ်ဝန်းကျင်ကိုဘယ်လောက်ထိခိုက်စေနိုင်သလည်း

အမှန်တော့ ဒီလို ဓါတ်ရောင်ခြည်သင့်မှုဖြစ်ရပ်တွေဟာ ဖြစ်ပေါ်ရာဒေသ ပတ်ဝန်းကျင်သာ ဖြစ်စေတတ်တဲ့ဖြစ်စဉ် (localized incidence) တွေသာ ဖြစ်ပါတယ်။ အလွန်ဆုံး ဖြစ်တဲ့နေရာနဲ့ (၁၀၀)ကီလိုမီတာ အကွာအဝေးလောက်သာ အလွန်ဆုံး လောက်ဘဲ ပျံ့နှံ့လေ့ရှိပါတယ်။ အထူးသဖြင့် ဒီနေရာမှာ မိုးလေ၀သဖြစ်စဉ်တွေက အလွန်အရေးပါလာပါတယ်။ ဥပမာအနေနဲကပြောရရင် ဖြစ်တဲ့ဒေသမှာ ရာသီဥတုဟာ မိုးရွာလို့ဖြစ်စေ၊ ဆီးနှင်းတွေကျနေလို့ဖြစ်စေ စွတ်စိုနေရင် ဒီဓါတ်ရောင်ခြည်တွေဟာ မိုးပေါက်တွေ၊ ဆီးနှင်းတွေနဲ့အတူ မြေပြင်ကို ကျသွားပြီး မပျံ့နှံ့နိုင်တော့ပါဘူး။ ဒါမှ မဟုတ် ရာသီဥတုက ခြောက်သွေ့နေရင်လည်း တိုက်ခတ်နေတဲ့ လေစီးကြောင်းတွေနဲ့ မျောပါသွားမယ်ဆိုလည်း သွားနိုင်ပါတယ်။ ဥပမာ အတိတ်မှာ ဒီလိုဖြစ်စဉ်တွေ ရှိခဲ့ဘူးပါတယ်။ အိန္ဒိယက Bopal Chernobyl (1984) နျူကလီယာ ဓါတ်ပေါင်းဖို ယိုစိမ့်မှု၊ ရုရှနိုင်ငံက Chernobyl(1986) နဲ့ Sakhalin(2004) ဒေသ နျူကလီယာ ဓါတ်ပေါင်းဖို ယိုစိမ့်မှု ဒါတွေအားလုံးဟာ ပတ်ဝန်းကျင် ဒေသများအထိ ပျံ့နှံ့မှုတွေ မရှိခဲ့ကြပါဘူး။ ဒါကြောင့် ဒီလိုဓါတ်ငွေ့ယိုစိမ့်မှုတွေဟာ အများအားဖြင့် ကိုယ့်ဒေသ တွင်း ဖြစ်ရပ်တွေ (Localised)သာ ဖြစ်ကြပါတယ်။

အနီးဆုံးနိုင်ငံရဲ့သဘောထား။

အခုနျူကလီးယားဓါတ်ရောင်ခြည်ယိုစိမ့်မှုတွေဖြစ်တဲ့ ဂျပန်နိုင်ငံ အရှေ့မြောက် ပိုင်းနဲ့ အနီးဆုံးနိုင်ငံဟာ ရုရှနိုင်ငံဖြစ်ပြီး၊ အနီးဆုံးဒေသဟာ အရှေ့ဖျားဒေသ ဖြစ်ပါတယ်။ ဒီဒေသမှာ ပြည်သူတွေကို ဓါတ်ရောင်ခြည်ပျံ့လွင့်လာနိုင်မှုနဲ့ ပတ်သက်ပြီး နိုးဆော်ချက်(Alert)တော့ လုပ်ထားပါတယ်။ ဒါပေမယ့် ဒီဓါတ်ရောင်ခြည်တွေရဲ့ ထိခိုက်မှုကတော့ နပ်စပ်ဒေသတွေမှာတောင် မပြောပလောက်နိုင်ပါဘူး (minimal) လို့ ခန့်မှန်းထားပါတယ်။

လက်ရှိ ဂျပန်နိုင်ငံမြောက်ပိုင်းရဲ့ ရာသီဥတုအခြေအနေ။

နျူကလီယာဓါတ်ပေါင်းဖို ဓါတ်ရောင်ခြည်တွေယိုစိမ့်နေတဲ့ဒေသမှာ ရာသီဥတုက အေးနေပြီး မိုးတွေ၊နှင်းတွေ နဲ့ လေပြင်းတွေတိုက်နေပါတယ်။ အပူချိန်တွေက ဂဏန်းတစ်လုံးအပူချိန် (single digit temperatures) တွေသာရှိနေပါတယ်။ မိုးတွေလည်း ရွာနေပါတယ်။ အထူးသဖြင့် လေပြင်းတွေတိုက်နေပါတယ်။ တိုက်တဲ့ လေပြင်းတွေက အနောက်လေပြင်းတွေ(westerly winds) တွေပါ။ ဒီတော့ အေးပြီး လေးနေတဲ့ လေထုကြောင့် ရောင်ခြည်တွေဟာ ဘေးကို သိပ်ဝေးဝေး မပျံ့နိုင်ကြပါဘူး။ လေယူရာနဲ့သွားမယ်ဆိုရင်လည်း ဂျပန်နိုင်ငံရဲ့အရှေ့ဖက် ပစိဖိတ်သမုဒ္ဒယာ ရေပြင်ကျယ်ကြီး ရှိရာကိုဘဲ ရွေ့သွားမှာဖြစ်ပါတယ်။

ဒီဖြစ်ရပ်က သင်ခန်းစာနဲ့ အတုယူစရာတွေ ၊

အခုဖြစ်ပေါ်ခဲ့တဲ့ ဂျပန်နိုင်ငံ ဆူနာမီဖြစ်ရပ်ကြီးမှာ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ သင်ခန်းစာတွေကို တွေ့ရပါ တယ်။ ပထမတစ်ချက်ကတော့ အခုဖြစ်တဲ့ ဒေသတွေမှာ ဆူနာမီ အတွေ့အကြုံမရှိလို့၊ ကြိုတင်အကာအကွယ်မပြုကြလို့ ဒီလိုဖြစ်ရတာလို့ ထင်ရင် အများကြီး မှားပါလိမ့် မယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကြိုတင်သတိပေးစံနစ်တွေ၊ လေ့ကျင့်မှုတွေ အားလုံး ခေတ်မီတဲ့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ကြိုကြိုတင်တင် လုပ်ထားခဲ့ကြ ပါတယ်။ (၁၀)မိတာလောက်မြင့်တဲ့ ရေတားနံရံကြီးတွေ(Retarding Walls) တွေကို လည်း ဆောက်လုပ်ထားပါတယ်။ ဒါပေမယ့် တကယ်ဖြစ်တော့ မကာကွယ်နိုင်ခဲ့ပါဘူး။ အကြောင်းကတော့ ဒါတွေကြောင့် ဖြစ်ပါတယ်။ (၁) ရေထိန်းနံရံတွေကို ယခင်ကတွေ့ကြုံဘူးတဲ့ ဆူနာမီရေလှို်းအမြင့်နဲ့သာ တွက်ချက်ဆောက်လုပ်ထားတာ ဖြစ်တဲ့အတွက် အခု အပြင်းဆုံးမြေငလျင်နဲ့ ကြုံတဲ့အခါ မထိန်းနိုင်တော့တာကို တွေ့ရပါတယ်။ (၂) မြေငလျက်ဗဟိုချက်ဟာ ယခင်ကဖြစ်ပေါ်ခဲ့ဘူးတဲ့ မြေငလျင်ဒေသ ထက် ပိုကြီးပြီး ပိုးနီးတဲ့အတွက် ဆူနာမီရေလှိုင်းက အသွာနှုန်းပိုမြန်လာတဲ့အတွက် မြေငလျင်လှုပ်အပြီး (၃)မီနစ်လောက်အတွင်း ရေတွေ စ၀င်လာပါတယ်။ (၁၀)မီနစ် လောက်မှာ ရေတွေစတက် လာပါတယ်။ (၃) ရေတွေက အလွန်မြန်ဆန်တဲ့ အသွားနှုန်းနဲ့ ၀င်လာတဲ့အခါ ကမ်းခြေအောက်ခံမြေပြင်ရဲ့ အနေအထားကြောင့် ရုတ်တရက် အမြင့်နှစ်ဆခန့် မြင့်တက်လာပြီး ကမ်းခြေကိုဝင်လာခဲ့တဲ့အတွက် ရေကာနံရံတွေကို ကျော်တက်သွားခဲ့ပါတယ်။ (၄) ဖြစ်ပေါ်ခဲ့တဲ့ ဆုနာမီရေလှိုင်းရဲ့ အထူးခြားဆုံး အချက်ကတော့ အသွားနှုန်း အလွန်မြန်တာ ဖြစ်ပါတယ်။ တစ်နာရီကို ကီလိုမီတာ (၇၀၀) မှ (၁၀၀၀) လောက်အထိ ရှိတယ်လို့ ခန့်မှန်းရပါတယ်။ (၅) အသွားနှုန်းမြန်လေ ရေတိမ်လေ အန္တရာယ်ကြိးလေဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ ရခိုင် ကမ်းရိုးတန်း ကွာသလို ပေါ့ဗျာ။

သဘာဝကာကွယ်စောင့်ရှေက်ရေးနဲ့ ပတ်သက်ပြီး စီမံချက်တွေ ချမှတ်ရာမှာ ယူသင့်တဲ့သင်ခန်းစာကတော့ သဘာဝဘေးကျရောက်တဲ့ဒေသတွေမှာ အခု Nuclear Plant လို ဘေးဥပါဒ်အန္တရာယ်အလွန်ကြီးမားတဲ့ အဆောက်အဦတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုနေရာတွေဟာ အလွန်အန္တရာယ်ကြီးမားလွန်းလို့ ဦးစားပေး ကာကွယ်ရမယ့် နေရာတွေအဖြစ် သတ်မှတ်ထားရပါမယ်။ အလားတူဘဲ လူအများနဲ့ ဆိုင်တဲ့ ဆေးရုံတွေ၊ ကျောင်းတွေ၊ အလုပ်ရုံတွေ ဟာလည်း ဦးစားပေး ကယ်တင်ရမယ့် နေရာတွေ ဖြစ်ပါတယ်။

အတုယူကြရမယ့် ဂျပန်တို့ရဲ့ စံပြစိတ်ဓါတ်

အတုယူရမယ့်အရာ၊ လေးစားအားကျရမယ့် အရာလည်းရှိပါသေးတယ်။ ဒါကတော့ ဂျပန်လူမျိုးတွေရဲ့ စည်းကမ်းသေ၀ပ်မှု၊ လူမျိုးကြီးပီသမှု၊ ယဉ်ကျေး သိမ်မွေ့မှုတွေဘဲ ဖြစ်ပါတယ်။ အခုဖြစ်ရပ်ကြီးလို သဘာဝဘေးကြီးတွေ ကမ္ဘာ အရပ်ရပ်မှာ ဖြစ်ဘူးပါတယ်။ ရက်နည်းကြာလာတဲ့အခါ အစာရေစာမစားရတာ ကြာလာတော့ “ငတ်မရှက်” ဖြစ်လာကြပြီး လုကြ၊ ယက်ကြတွေ ဖြစ်လာကြတာ ချည့်ပါဘဲ။ ဂျပန်မှာတော့ ဒါတွေ ဘာမှ မရှိကြဘူးတဲ့။ အစားအသောက် မစားကြရတာ အချို့ဆို (၃)(၄)ရက်တောင် ရှိနေကြပါပြီတဲ့။ ဒါပေမယ့် အစားအသောက်ဝေငှတဲ့ နေရာတွေ၊ ရောင်းချတဲ့ဆိုင်တွေမှာ လူတွေတန်းစီနေကြတာ အရှည်ကြီးဘဲတဲ့။ နာရီပေါင်းများစွာ တန်းစီစောင့်ကြတယ်။ သည်းခံကြတယ်။ အခြားကလေးတွေ နိုင်ငံခြားသားတွေကိုတောင် သူတို့က သူတို့ဝေစုထဲက အစားအစာတွေကို ပြန်ဝေငှ ပေးနေသေးတယ်တဲ့။ လေးစားစရာကောင်းလိုက်တာဗျာ။ အတုရော မယူသင့် ဘူးလားဗျာ။

မြန်မာပြည်မှာ အက်ဆစ်မိုးတွေရွာမယ်ဆို ?

ဒါကတော့ ကျွန်တော့်အလုပ် ဖြစ်လာပြီ။ သာဂိတို့နိုင်ငံကတော့ အရေးဆို လုပ်ချလိုက်ပြန်ပြီ။ ဓါတ်ရောင်ခြည်ယိုစိမ့်မှုကြောင့် အက်ဆစ်မိုးမရွာနိုင်ပါဘူး။ ဓါတ်ရောင်ခြည်တွေဟာ ရေငွေ့တွေနဲ့ထိရင် အက်ဆစ် ဖြစ်လာအောင် ဓါတ်ပြုနိုင် ကြတဲ့ပစ္စည်းတွေလည်း မဟုတ်ကြပါဘူး။ မိုးရေတွေနဲ့အတူ ရောပါသွားနိုင်ကြ ပေမယ့် အက်ဆစ်မိုး မဖြစ်စေနိုင်ပါဘူး။ အရေးအကြီးဆုံးကတော့ အဲဒီယိုစိမ့် ထွက်လာကြတဲ့ ဓါတ်ရောင်ခြည်တွေဟာ မြန်မာနိုင်ငံဖက်ကို ရောက်ရှိလာကြဖို့ သယ်ဆောင်ပေးမယ့် ပို့ဆောင်ရေး ယာဉ်(ဖြစ်စဉ်)တွေ မရှိတာပါဘဲ။ အေးဆေးပါဗျာ။ သူတို့ကို သယ်ဆောင်ပေးမယ့် လေတွေကလည်း လောလောဆယ်မှာ အနောက်လေ တွေလေဗျာ။ နောက်ပိုင်း လာမယ့်လေတွေကလည်း အနောက်တောင်မုတ်သုံ လေတွေလေဗျာ။ လေကြောင်း မသင့်ပါဘုးဗျာ။

တကယ်တော့ ကျွန်တော်တို့ လုပ်ရမှာက ဘေးအန္တရာယ် ကြုံတွေ့နေကြရတဲ့ ဂျပန်ပြည်သူတွေကို ကိုယ်ချင်းစာကြဖို့၊ လူသားချင်း စာနာထောက်ထားကြဖို့၊ အားပေးနှစ်သိမ့်ကြဖို့၊ တတ်နိုင်တဲ့အကူအညီတွေ ၀ိုင်းဝန်းပေးကြဖို့ ကသာ အရေးကြီးဆုံး မဟုတ်ဘူးလားဗျာ။ အခုဘဲ ဂျပန်နိုင်ငံကို ကယ်ဆယ်ရေး အကူအညီ တွေပေးဖို့ ကမ်းလှမ်းထားတဲ့ နိုင်ငံပေါင်း မနေ့က စာရင်းအတိုင်းဆို (၉၁)နိုင်ငံ ရှိနေ ပါပြီ။

MCCW
News attachement
READMORE
 

ဂျပန် နျူကလီးယားစွမ်းအင် စက်ရုံတွေ အခြေအနေ စိုးရိမ်ရဆဲ

ဂျပန် နျူကလီးယားစွမ်းအင် စက်ရုံတွေ အခြေအနေ စိုးရိမ်ရဆဲ

By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 14 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်



ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းက ငလျင်နဲ့ ဆူနာမီဒဏ် ခံခဲ့ရတဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယားစက်ရုံမှာ အခြေအနေတွေက ပိုပိုဆိုးလာနေပါတယ်။ ဓာတ်ပေါင်းဖိုထဲမှာ အပူချိန် အလွန်မြင့်တက်နေတာမို့ အရည်ပျော်သွားမယ့် အန္တရာယ် ရှိနေပါတယ်။ ဒါကြောင့် ဓာတ်ပေါင်းဖိုက လောင်စာချောင်းတွေကို အေးခဲထားနိုင်ဖို့ စက်ရုံအလုပ်သမားတွေ ကြိုးပမ်းနေရပါတယ်။

ဖူကူရှီးမားစက်ရုံမှာ အခု အင်္ဂါနေ့ မနက်ပိုင်း မကြာသေးခင်က နောက်ထပ် ပေါက်ကွဲမှုတခု ဖြစ်ပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ ဒါဟာ တတိယအကြိမ် ပေါက်ကွဲမှု ဖြစ်ပါတယ်။

နျူကလီးယား လောင်စာချောင်းတွေကို အေးခဲထားနိုင်ဖို့ ဓာတ်ပေါင်းဖိုထဲကို ပင်လယ်ရေတွေ သွင်းထည့်နေရပါတယ်။ ဒါပေမဲ့ အတွင်းအပူကြောင့် ရေတွေဟာ အခိုးပြန်ကုန်ပါတယ်။ ဓာတ်ပေါင်းဖိုထဲက ရေနွေးငွေ့ထုတ်ပေါက်ကို ပိတ်ထားရတယ်လို့ စက်ရုံ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအတွက်ကြောင့် ရေမျက်နှာပြင်က ပိုပြီး ကျသွားပါတယ်။ အခုအခြေအနေမှာ လောင်စာချောင်းအချို့ အရည်ပျော်သွားနိုင်ချေရှိပြီး အနီးအနား ပတ်ဝန်းကျင်ကို ရေဒီယိုသတ္တိကြွမှု ရှိနေပြီလို့ သိရပါတယ်။

အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဌာနကတော့ ပြီးခဲ့တဲ့ ဂျပန်ငလျင် လှုပ်ခတ်မှုကို မူလက ခန့်မှန်းထားတဲ့ ၈.၉ ရစ်ခ်ျတာစကေးကနေ အခုခန့်မှန်းချက်အရ ရစ်ခ်ျတာစကေး ၉ အထိ ဖြစ်နိုင်တယ်ဆိုပြီး ခန့်မှန်းလိုက်ပါတယ်။

တနင်္လာနေ့ မနက်ကတော့ အဲဒီစက်ရုံကပဲ တတိယမြောက် ဓာတ်ပေါင်းဖိုရဲ့ အပြင်နံရံ အောက်ခြေပိုင်းမှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ ဆူနာမီ ဖြစ်ပြီးကတည်းကဆိုရင် အဲဒီမှာ ပေါက်ကွဲမှုဖြစ်တာ ဒါ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းကတော့ စနေနေ့မှာ ဖြစ်ခဲ့ပြီး အခု တတိယအကြိမ်ကတော့ မကြာခင်က ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

တဆင့် ကူးယူဖော်ပြပါသည်။
READMORE
 

ဂျပန် နျူကလီးယား စိုးရိမ်မှုကြောင့် ၂၀၀,၀၀၀ နီးပါး ဘေးလွတ်ရာ တိမ်းရှောင်



*

ဂျပန် နျူကလီးယား စိုးရိမ်မှုကြောင့် ၂၀၀,၀၀၀ နီးပါး ဘေးလွတ်ရာ တိမ်းရှောင်

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 13 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်

* Digg
* Facebook
* StumbleUpon
* Yahoo! Buzz
* del.icio.us

ဂျပန်နိုင်ငံက နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ ပျက်စီးမှုကြောင့် ရေဒီယို သတ္တိကြွဓာတ်တွေ ပျံ့နှံ့မှာကို စိုးရိမ်ကြတဲ့ ဂျပန်နိုင်ငံသား ၁၇၀,၀၀၀ ကျော်ဟာ သူတို့အိုးအိမ်တွေကို စွန့်ခွာ ထွက်သွားနေကြပါတယ်။

နျူကလီးယား ဓာတ်အားပေးစက်ရုံ တရုံနားက ဖူတာဘေးမြို့လေးမှာ နေထိုင်သူတွေ ဝေးရာကို ရွှေ့ပြောင်းနေကြချိန်မှာပဲ ဓာတ်ရောင်ခြည် အဆိပ်သင့်ခဲ့သူ ဒါဇင်နဲ့ချီပြီး ရှိနေတယ်လို့ ဒေသ တာဝန်ခံတွေက ပြောပါတယ်။ ရာနဲ့ချီတဲ့ ဒေသခံတွေကို ဓာတ်ရောင်ခြည် အဆိပ်သင့်မသင့် စစ်ဆေးပေးနေပါတယ်။

သောကြာနေ့က ငလျင်ကြီးနဲ့အတူ ဆက်တိုက်လှုပ်ခတ်ခဲ့တဲ့ ဆင့်ကဲ ငလျင်ဒဏ်တွေကြောင့် အဏုမြူ ဓာတ်ပေါင်းဖိုတွေက အအေးပေးစက်တွေ ချို့ယွင်းခဲ့ပြီး တက်လာတဲ့ အပူချိန် ကျစေဖို့ စက်ရုံတာဝန်ခံတွေ ကသုတ်ကရက် ကြိုးပမ်းခဲ့ကြရပါတယ်။ အပူရှိန်ကြောင့် တက်လာတဲ့ ဓာတ်ပေါင်းဖိုတွေက ဖိအားတွေ ကျလာစေဖို့ ပင်လယ်ရေသွင်းပြီး အေးအောင် လုပ်ခဲ့ကြရပါတယ်။

အခုလို ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ ပျံ့နှံ့မှာ စိုးရိမ်နေရသလို ဂျပန်နိုင်ငံ အရှေ့ဘက်တလွှားမှာရှိတဲ့ အခြား လျှပ်စစ်ဓာတ်အားပေး ဓာတ်ပေါင်းဖိုတွေကိုလည်း ပိတ်ထားရမယ့် အခြေအနေ ရှိနေပါတယ်။ လျှပ်စစ်ဓာတ် မလောက်ငမှုကြောင့် မီးဖြတ်ဖို့ ရှိတယ်လို့လည်း လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီတွေက သတိပေးကြပါတယ်။

ဂျပန်နိုင်ငံမှာ အခုကြုံတွေ့ခဲ့ရတဲ့ သဘာဝ ဘေးအန္တရာယ်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ ကျော်သွားပြီ ဖြစ်သလို သန်းနဲ့ချီတဲ့ လူထုဟာလည်း ရေနဲ့ အစားအသောက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အခုကြုံတွေ့ခဲ့ရတဲ့ ငလျင်တွေနဲ့ ဆက်တိုက်ကြုံရတဲ့ ဆူနာမီ ရေလှိုင်းတွေရဲ့ဒဏ်ကို ခံခဲ့ကြရတဲ့ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တဲ့နောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုတရပ်ကို ရင်ဆိုင်နေရကြောင်း ဂျပန်ဝန်ကြီးချုပ် နာအိုတို ခန် (Naoto Kan) က နိုင်ငံတော် ရုပ်သံကနေ ကြေညာပါတယ်။

ဒုက္ခသည်စခန်းတွေမှာ နေနေရတဲ့ သူတွေအတွက် တတိယနေ့အဖြစ် ရုတ်တရက် ထိုးကျသွားတဲ့ အအေးဒဏ်ကိုလည်း ခံစားနေကြပါတယ်။

VOA သတင်းမှ ကူးယူဖော်ပြပါသည်
READMORE
 

သဘာဝဘေးအန္တရာယ်ကို ဂျပန်တွေ ဘယ်လိုရင်ဆိုင်သလဲ

သဘာဝဘေးအန္တရာယ်ကို ဂျပန်တွေ ဘယ်လိုရင်ဆိုင်သလဲ


(၁) တိုကျိုမှာ အင်တာနက်ကလွဲပြီး တယ်လီဖုန်းတွေ သုံးလို့မရတော့ဘူး။ ကား၊ ရထားတွေအလုပ်မလုပ်တော့ လူတွေ လမ်းလျှောက်ပြန်ကြတယ်။ အစားအစာမရှိမှာဘဲ ဂျပန်တွေက စိုးရိမ်ကြတယ်။ လူတွေ အစားမစားရမှာ စိုးလို့ တချို့ဆိုင်တွေ ဖွင့်ပေးထားတယ်။ ဆူပါမားကက်တချို့ပဲ စင်တွေလဲကုန်လို့ ပိတ်ထားကြတယ်။
(၂) ငလျင်ခိုလှုံတဲ့နေရာမှာ လူပေါင်းရာကျော် ခိုလှုံနေကြတယ်။ လူတွေကြားထဲမှာ ဘယ်သူမှ ဆေးလိပ် မသောက်ကြဘူး။ ကူညီတဲ့လူတွေက စောင်ပြေးယူလိုက်၊ ရေနွေးပြေးယူလိုက်၊ မုန့်ပြေးယူလိုက်နဲ့ ပြုစုနေတယ်။ ယောက်ျားတွေက တိုက်ပေါ် ပြေးဆင်းပြေးတက်နဲ့ အမျိုးသမီးတွေကို ကူညီနေကြတယ်။ ကြိုးတွေဆက်ပြီး ရေဒီယိုဖွင့် သတင်းနားထောင်ကြတယ်။ နာရီအနည်းငယ်ကြာတော့ လူစုခွဲပြီး ကိုယ့်အိမ်သူအိမ်ပြန်ကြတယ်။ ခိုလှုံတဲ့နေရာမှာ အမှိုက်တစက်မှ မကျန်ခဲ့ဘူး။

(၃) ငလျင်လှုပ်ပြီးနောက် Suntory ကုမ္ပဏီက ကြော်ငြာတယ်။ သူတို့ရဲ့ စက်ထဲထည့်ရောင်းတဲ့ အချိုရည်တွေ အားလုံး ဖရီးပါတဲ့။ 7-11နဲ့ family world အရောင်းဆိုင်ကလည်း လူတွေကို အစားအစာနဲ့ရေ ဖရီးဝေတယ်။ ရေဆာရင် စက်ထဲကအချိုရည်၊ ရေတွေကိုသောက်နိုင်တယ်။ ဗိုက်ဆာရင် အရောင်းဆိုင်တွေထဲ ဝင်စား နိုင်တယ်။ ခိုလှုံစရာနေရာမရှိရင် ဆူပါမားကက်ထဲ ဝင်နိုင်တယ်။ ဖုန်းဆက်မလား ... လမ်းဘေးက အများ ပြည်သူ သုံးဖုန်းကို ဖရီးသုံးနိုင်တယ်။ ဂျပန်လို နားမလည်ဘူးလား ... တီဗီက တခြားဘာသာလို ဘယ်လိုခိုလှုံရမယ် ဆိုတာကို ကြေညာတယ်။ ဒါဟာ တိုင်းပြည်တပြည်ရဲ့ ကြန်အင်လက္ခဏာဖြစ်တယ်။ ဂျပန်နိုင်ငံဟာ ဘေးအန္တရာယ် ကြုံနေချိန်ဆိုပေမယ့် ကမ္ဘာပေါ်က လူတွေကို သင်ခန်းစာတခု ပေးနိုင်လိုက်တယ်။

(၄) ဂျပန် အွန်လိုင်းသူငယ်ချင်း တယောက်က ပြောတယ်။ ဘေးအန္တရာယ် ကျရောက်ချိန် ဂျပန်မှာ နေနေတယ်ဆိုပေမယ့် ကံကောင်းတယ်လို့ ဆိုရမယ်။ တခြားနိုင်ငံမှာဆိုရင် လူအသေအပျောက် ဒီထက်ပို များနိုင်တယ်။ လူအသေအပျောက်ကို နည်းသထက် နည်းအောင်လုပ်နိုင်တာ ကမ္ဘာပေါ်မှာ ဂျပန်တနိုင်ငံပဲရှိမယ်လို့ ထင်ပါတယ်လို့ သူကပြောပါတယ်။

ဂျပန်မြေအောက် ဂိုဏ်းတွေက ကူညီမယ်ဆိုတဲ့ သတင်းကို အင်တာနက်ပေါ်မှာ ကြေညာတယ်။ ဒီ "လူဆိုး" တွေဟာ ပွဲလန့်တုန်း ဖျာခင်းသူတွေမဟုတ်ဘဲ သူတို့ရဲ့ ကူညီမှုက ဂျပန်အစိုးရထက် ပိုများနိုင်တယ်လို့ ဂျပန်ပြည်သူတွေက ပြောဆိုခဲ့ပါတယ်။

နိုင်းနိုင်းစနေ ဘလော့ဂ်က ယူပါတယ်
READMORE
 

ဂျပန်မှာ သေဆုံးသူ သောင်းနဲ့ ချီနိုင်



ဂျပန်မှာ သေဆုံးသူ သောင်းနဲ့ ချီနိုင်
ဆူနာမီရိုက်ခတ်မှုကြောင့် သူ့ရဲ့နေအိမ် အမိုးပေါ်မှာ တင်ပြီး ပင်လယ်ထဲ ၁၀ မိုင်လောက် မျှောသွားတဲ့ ဟီရိုမုဆု ရှင်ကာဝါ ကို ကယ်ဆယ်ရေးသမားများက တွေ့ရှိချိန် (ဓာတ်ပုံ - AP)


ဂျပန်မှာ ငလျင်၊ နောက်ဆက်တွဲ ဆူနာမီကြောင့် စုစုပေါင်း သေဆုံးသူ သောင်းနဲ့ချီ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လူ ၅ သိန်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး ခိုလှုံစရာတွေ စီစဉ်ပေးထားပါတယ်။

အပြင်ထန်ဆုံး ထိခိုက်တဲ့ ဒေသသုံးခုထဲကအနက် တခုဖြစ်တဲ့ မီယာဂီဒေသမှာ သေဆုံးသူ အနည်းဆုံး ၁ သောင်းလောက်ရှိမယ်လို့ ရဲဌာနက ပြောခွင့်ရပုဂ္ဂိုလ်က အေပီသတင်းဌာနကို ပြောထားပါတယ်။ ဒါပေမယ့် လူဦးရေ ၂.၃ သန်းရှိတဲ့ အဲဒီဒေသမှာ သေဆုံးသူ ၄၀၀ လောက်ကိုပဲ လောလောဆယ် အတည်ပြုနိုင်ပါသေးတယ်။
ဧရာဝတီ ဘလော့မှ ကူးယူဖော်ပြပါသည်။

မနေ့ကတော့ ကမ်းရုံးတမ်းတလျှောက်မှာ သေဆုံးနေသူ ၂၀၀ အပါအဝင် သေဆုံးသူ ၈၀၀ လောက်ကို တွေ့ရှိရပြီး ဒဏ်ရာရသူ ၁၉၀၀၊ ပျောက်ဆုံးနေသူ ၁၄၀၀ လောက်ရှိပါတယ်။

ငလျင်နဲ့ ဆူနာမီကျရောက်ရာ ဒေသကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရသူ ၅ သိန်းကျော်ရှိကြောင်း ကျိုဒို သတင်းဌာနက ဖော်ပြထားပါတယ်။ မိသားစု ၁.၄ သန်းလောက်ဟာ ငလျင်စလှုပ်ကတည်းက ရေပြတ်လပ်နေပြီး မိသားစု ၁.၉ သန်းလောက်ဟာ လျှပ်စစ်မီး မရရှိကြတော့ဘူးလို့ ကျိုဒို သတင်းဌာနက ဆက်လက် ဖော်ပြထားပါတယ်။
READMORE
 

ဂျပန်ဆူနာမီနှင့် တိုကျိုရှိ မြန်မာများ




ဂျပန်ဆူနာမီနှင့် တိုကျိုရှိ မြန်မာများ

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မတ်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၂ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဂျပန်နိုင်ငံ တိုကျိုမြို့၏ အရှေ့ဘက် ၃၇၃ ကီလိုမီတာကို ဗဟိုပြု၍ သောကြာနေ့ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တွင် ရစ်ချတ်စတာစကေး ၈.၉ ပြင်းအားရှိ ငလျင်ကြောင့် အမြင့်
equark

ဆူနာမိထိခိုက်သော နေရာတခုဖြစ်သည့် ဆန်ဒိုင်းအဝေးပြေးလမ်းမကြီးကို စီစီတီဗီ သတင်းဌာနက ရိုက်ကူးပြီး မတ်လ ၁၁ ရက်၊ ၂ဝ၁၁ ခုနှစ် ရုပ်သံထုတ်လွှင့်ချက်မှ ရယူထားသော ဓာတ်ပုံဖြစ်သည်။ ရစ်ချတ်တာစကေး ၈.၉ အင်အားရှိ ငလျင်လှုတ်ပြီးနောက် ဆူနာမိရေလှိုင်းကြီးများက သင်္ဘောများကို ကမ်းပေါ်ရောက်အောင် တွန်းထုတ်ပစ်ခဲ့သလို ကားများကို လမ်းများပေါ်မှ ဆွဲငင်ခေါ်သွားတော့သည်။
၁ဝ မီတာခန့်ရှိ ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်လာပြီး နှစ်ပေါင်း ၁၄ဝ အတွင်း ဂျပန်နိုင်ငံအတွက် အဆိုးဝါးဆုံးဟု ရိုက်တာ သတင်းဌာနက ထုတ်ပြန်သည်။

ဟာဝိုင်ရီကျွန်းရှိ ပစိဖိတ် ဆူနာမီသတိပေးဌာနက အဆိုပါ ဆူနာမီရေလှိုင်းများသည် ဂျပန်၊ ရုရှ၊ မာကပ်ကျွန်းများနှင့် မြောက်ပိုင်း မာရီယာနပ်စ်တို့တွင် ရိုက်ခတ်နိုင်ကြောင်း သတိပေးထားပြီး၊ သတိထားစောင့်ကြည့်ရမည့် နိုင်ငံများတွင် ဂူအမ်ကျွန်း၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပါပူဝါနယူးဂီနီနှင့် အမေရိကန် ဟာဝိုင်အီကျွန်းတို့ ဖြစ်ကြသည်။

နာရိတာ လေဆိပ်ကိုလည်း ပိတ်ထားရပြီး၊ ဖူကူရှီးမားတွင် အိမ်ခြေ ၄ သန်းခန့် မီးပျက်နေသည်။ အဓိက လျှပ်စစ်ဓာတ်အားပေးသည့် စက်ရုံမှာ မီးလောင်ကျွမ်းလျက်ရှိပြီး၊ ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြည်သူများကို တိုက်တွန်းထားသည်။

ငလျင်ပြင်းအား ၈.၈ မဂ္ဂနီကျူ လှုပ်ခတ်ခဲ့ပြီးနောက် ဆူမီနာ ဒဏ်ခံနေရသော ဂျပန်။ (ဓါတ်ပုံ - AFP)

ငလျင်ပြင်းအား ၈.၈ မဂ္ဂနီကျူ လှုပ်ခတ်ခဲ့ပြီးနောက် ဆူမီနာ ဒဏ်ခံနေရသော ဂျပန်။ (ဓါတ်ပုံ - AFP)


ဂျပန်စံတော်ချိန် ည ၉ နာရီ၊ တိုကျို အခြေအနေ
ဒေါက်တာမင်းညို( Burma Office Japan)
“ အခု ပြောနေရင်းနဲ့ နည်းနည်း ထပ်လှုပ်လာတယ်။ အပြင်မှာ အခုဆိုရင် လမ်းမမှာ လူတွေအပြည့်ပဲ။ ကားတွေလည်း တလက်မချင်း ရွေ့နေတာ တကယ်လို့ အကြီးအကျယ် ထပ်လှုပ်လို့ ပြေးမယ်ဆိုရင်တောင် ပြေးစရာမရှိဘူး။ တိုကျို ၁ဝ နေရာလောက်မှာ မီးတွေလောင်နေတယ်။ ငလျင်လှုပ်ပြီးရင် အခန်မသင့်ရင် ဂက်စ်အိုးတွေ ပေါက်တတ်တော့ အခု ကျနော်တို့ ရှီဘူမှာဆိုရင် ဂက်စ်အိုးတွေသိမ်းတဲ့နေရာပေါ့ အဲဒီမှာပေါက်ကွဲပြီး မီးလောင်နေတယ်။ ကျနော် ရောက်တာ အနှစ် ၃ဝ ရှိပြီ တခါမှ ဒီလောက်ပြင်းတဲ့ ငလျင်မျိုး တခါမှ မကြုံဘူးဖူး။ ကျနော်တို့ အဆောက်အဦးမှာ ရှိတဲ့သူတွေ ဘယ်သူမှပြန်လို့မရဘူး။ ရထား၊ ဘတ်စကားတွေပိတ်ထားလို့၊ Taxi လည်းရနိုင်မယ်မထင်ဘူး။ ဒီမှာပဲ တညလုံးနေရတော့မှာပဲ။ အသေအပျောက် စာရင်းတွေလည်း တိုးလာတယ်။ ၄ဝ ကျော်ပြီ”
ဒေါက်တာ မင်းညို
"ကျနော်တို့ သိသလောက်တော့ မီယာဂီမှာက မြန်မာတွေ မရှိသလောက်ပါပဲ။ တကယ်လို့ ရှိတယ်ဆိုရင်တော့ ၂ ရက်လောက်မှပဲ အခြေအနေ သိရမယ်။ မီယာဂီက တိုကျိုနဲ့နီးတော့ ပြင်းပြင်းထန်ထန် ၂ ခါ လှုပ်တယ်။ ကျနော်တို့ ထိုင်ကိုနေလို့မရဘူး။ စားပွဲခုံတွေနဲ့ ဝေးတဲ့ နေရာ ထွက်ရပ်နေရတယ်။ တရုံးလုံး ဘယ်သူမှ မပြန်ကြဘူး။ ထမင်းစားစရာတောင် မရှိမှာစိုးလို့ ၆ နာရီလောက်က စတိုးမှာ သွားဝယ်တာတောင် လူ ၁ဝဝ လောက် တန်းစီဝယ်နေရတယ်။ အခုလောက်ဆို ရှိမှာတောင် မဟုတ်တော့ဘူး။ အစိုးရကိုယ်တိုင်က မပြန်ပါနဲ့၊ ကိုယ်ရှိတဲ့ အလုပ်နေရာမှာပဲ နေပါလို့ ပြောနေတယ်။ ညဘက်တော့ ရုံးမှာပဲ ရှိတဲ့ စားပွဲးကုလားထိုင်နဲ့ပဲ အိပ်ကြရမှာပေါ့”
ဦးဘုန်းလှိုင်
“ကျနော်တို့ တိုကျိုမြို့ပေါ်မှာ တော့ ကားလမ်းတွေ ပိတ်ကုန်ပြီ။ ရထားတွေလည်း ရပ်ကုန်ပြီ။ ကျနော်လည်း လမ်းမှာ ကိုးလိုးကန့်လန့်နဲ့ အိမ်ပြန်ဖို့ ကားလည်း မရှိ၊ တက္ကစီလည်း ငှားလို့ မရနဲ့ အလုပ်ကိုလည်း ဆက်သွားလို့ မရဘူး ဖြစ်နေတယ်”

“အထိအခိုက်ကတော့ ဒီမှာ ဘာမှ ဒီလောက်မရှိသေးဘူး”

“ကျနော်တို့လိုမျိုး ဒီမြို့မှာရှိတဲ့ အလုပ်သွား အလုပ်လာတွေတော့ တော်တော် ဒုက္ခရောက်ကုန်လိမ့်မယ်။ ဒီမှာ မြန်မာတွေက ၆ ထောင်နဲ့ ၇ ထောင်ကြားမှာ ရှိတယ်”
ဦးသန်းဆွေ
“ကျနော်တို့လည်း အခု ဘက်စ်ကားတွေ ဂျန့်ဖြစ်နေတာ၊ မြေပေါ်၊ မြေအောက် ရထားလိုင်းတွေ ရပ်ထားတာနဲ့ လမ်းမှာပဲ ကားထဲမှာပိတ်မိနေတယ်။ အလုပ်ကို ဆက်သွားလို့မရသလို အိမ်ကိုပြန်ဘို့လည်း အခက်အခဲဖြစ်နေတယ်”

“ဖုန်းလိုင်းတွေကလည်း ဒီနိုင်ငံအတွင်းမှာ ဆက်သွယ်လို့မရဘူးဖြစ်နေတယ်။ ကျနော်တို့လည်း ငလျင်လှုပ်လှုပ်ခြင်း ၂ နာရီ ၄ဝ လောက်မှာပဲ အိမ်ကိုပြန်ဆက်သွယ်တယ်မရဘူး။ အခု လမ်းကြောပိတ်မိနေတာ ၄ နာရီလောက်ရှိပြီ ထွက်လို့မရဘူးဖြစ်နေတယ်။ လမ်းပေါ်မှာတော့ ကားတွေပိတ်မိနေတာ အများကြီးပဲ။”

“ကျနော်တို့ ဒီတိုကျိုမြို့နဲ့ အနီးတဝိုက်က မြို့တွေက ဒီမှာပဲအလုပ်လာလုပ်ကြတာဆိုတော့ အခုလိုလိုင်းတွေပိတ်လိုက်တဲ့အခါ သူတို့လည်း ပြန်လို့၊ သွားလို့ မရဘူးဖြစ်နေတယ်။”
ကိုမြတ်သူ
“ ကျနော်တို့ အလုပ်ဆိုင်မှာ ဖန်ခွက်တွေဘာတွေ အကုန်လုံး ကွဲကျကုန်တယ်။ ပန်းကန်တွေဘာတွေ ကွဲကျကုန်တယ်၊ ကျနော်က တိုကျိုမြို့ ရှီဘူယာမှာ အလုပ်လုပ်တာဗျ။ တချို့ဆိုင်တွေဆိုလည်း မဖွင့်တော့ဘူးပေါ့။ ဓာတ်လှေကားတို့ ဘာတို့ဆိုရင်လည်း ရပ်ထားလိုက်တယ် မသုံးတော့ဘူးလေ၊ အန္တရယ်ရှိမှာစိုးလို့။ လူတွေက သွားလိုက်လာလိုက်နဲ့ အပြင်မှာ ရှိတယ်။ ရထားတွေအကုန်လုံး ရပ်သွားပြီးတော့ တော်တော်နဲ့ ပြန်ပြေးဖို့ မလွယ်တော့ဘူးနဲ့ တူတယ်။ ဘာလို့ဆို သံလမ်းတွေ ပြန်ဖြစ်ဖို့အတွက် အချိန်ကြာဦးမယ်နဲ့ တူတယ်”

“ကျနော် ဒီဂျပန်ရောက်တာ အနှစ်၂ဝ လောက် ရှိပြီ။ ဒါလောက် ပြင်းတာ ပထမဆုံးပဲ”

“လိုင်းဖုန်းလောက်ပဲရတယ်။ ဟန်းဖုန်းတွေ တခုမှ သုံးမရတော့ဘူးခင်ဗျ။ ဟော … ဟော အခုပြောနေတုန်းမှာ ထပ်လှုပ်တယ်ဗျ၊ သိသိသာသာပဲ။ ကျနော်က ၉ ထပ်မှာဆိုတော့ သေးသေးလေးတွေကတော့ တောက်လျှောက် မပြတ်ဘူးခင်ဗျ”

တဆင့်ကူးယူဖော်ပြပါသည်။
READMORE
 

ဂျပန်တွင် အားပြင်းငလျင်နှင့် ဆူနာမီကျရောက်



ဂျပန်တွင် အားပြင်းငလျင်နှင့် ဆူနာမီကျရောက်
ဧရာဝတီ Friday, 11 March 2011 19:28
E-mail Print
ယနေ့ ဆူနာမီဒဏ် ခံခဲ့ရသော ဂျပန် အရှေ့မြောက်ပိုင်းရှိ လယ်ယာ လုပ်ငန်းများတွင် မြန်မာလုပ်သားများ အလုပ် လုပ်ကိုင်လျှက် ရှိနေပြီး တိုကျိုမြို့တွင် မြန်မာ ၂ သောင်းကျော် ရှိကြောင်း ဂျပန်ရောက် မြန်မာတဦးက ပြောသည်။

NHK

ဆူနာမီ ၀င်ရောက်အပြီး ဟာချီနိုဟီ ကမ်းခြေမြင်ကွင်း (Photo-NHK)
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ယနေ့မွန်းလွဲပိုင်းက အင်အား ၈. ၉ မဂ္ဂနီကျု အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီ ရေလှိုင်းကြီး ကျရောက်ခဲ့သည်။

ဆက်သွယ်ရေးလိုင်းများ ပြတ်တောက် သွားသည့်အတွက် ဂျပန်တွင် ရောက်ရှိနေသော မြန်မာများ၏ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ရန်ကုန်မြို့ခံတဦးက “အင်တာနက်ဆိုင်လာရင်း ဆူနာမီဖြစ်နေပြီဆိုလို့ ကျနော့်ညီကို ဆက်သွယ်နေတာ မရသေးဘူး။ သူက ဂျပန်မှာ လယ်ယာလုပ်ငန်း လုပ်ဖို့ မနှစ်ကတည်းက ရောက်နေတာပါ။ သူ့အတွက် စိုးရိမ်တယ်” ဟု ပြောသည်။

မြန်မာ သရုပ်ဆောင်နှင့် အဆိုတော်များဖြစ်သော နေတိုး၊ ဟန်ထွန်း၊ ၀င်းကိုခိုင်၊ ရတနာမိုင်နှင့် ချောစုခင်တို့သည်လည်း ဂီတဖျော်ဖြေပွဲ အတွက် ဂျပန်နိုင်ငံ တိုကျိုသို့ ရောက်ရှိနေရာ ၎င်းတို့နှင့် အဆက်အသွယ် မရသေးသည့်အတွက် မိသားစုဝင်များ စိတ်ပူနေကြသည်။

ဂျပန်နိုင်ငံတွင် ရာစုနှစ် တခုအတွင်း အကြီးမားဆုံးသော သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းဖြစ်ရာ ငလျင်လှုပ်ပြီးနောက် အမြင့် ၃၂ ပေခန့်ရှိ လှိုင်းလုံးကြီးများ ဂျပန် အရှေ့မြောက်ပိုင်း ကမ်းခြေကို ၀င်ရောက်ခဲ့သည်။

တိုကျိုမြို့နေ ဦးမြတ်သိန်းက “ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်ကုန်ပြီ။ ရထားတွေ မပြေးတော့ဘူး။ ဘတ်စ်ကား တွေလည်း မထွက်တော့ဘူး။ တက္ကစီတချို့တော့ ပြေးနေသေးတယ်။ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်နေတယ်။ မိတ်ဆွေတချို့ကို ဖုန်းခေါ်နေတာ မရသေးဘူး။ နိုင်ငံခြားက ဖုန်းတချို့ကိုတော့ လက်ခံလို့ ရနေပါသေးတယ်။ ကျနော့်အခန်းမှာတော့ ပစ္စည်းတွေ ဖရိုဖရဲဖြစ်နေပြီ။ ဂျပန်မှာနေလာတဲ့ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး အခြေအနေ ကြုံနေရပါတယ်” ဟု ဆိုသည်။

ဂျပန်နိုင်ငံတွင် ထုတ်ဝေနေသည့် ရွှေမော်ကွန်းဂျာနယ်၏ facebook စာမျက်နှာတွင် “အင်အားပြင်းထန်တဲ့ ငလျင်ကြောင့် အခန်း တခုလုံးပြိုပျက်၊ အလုပ်အတွက် သုံးနေတဲ့ ကွန်ပျူတာလည်း ပျက်စီးသွား၊ ဒီစာကို ဖုန်းနဲ့ ရိုက်တင်ပါတယ်၊ စိတ်ပူပေးတဲ့ မိတ်ဆွေ တွေကို ကျေးဇူးတင်၊ အသေးစားငလျင် အကြိမ်များစွာ လှုပ်နေသေးပြီး စိတ်ချရမှု မရှိသေး” ဟု ရေးသားထားသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ဦးကျော်ညွှန့်က ၎င်းနေထိုင်ရာတိုကျိုတွင် အဆောက်အအုံများ လှုပ်ခတ်၍ ပျက်စီးမှုတချို့ ရှိသော်လည်း ငလျင်ဒဏ်ကို မြောက်ပိုင်း ဒေသလောက် မခံရကြောင်း ပြောသည်။

“ဒီက အဆောက်အအုံတွေက ငလျင်ဒဏ် ခံနိုင်အောင် ဆောက်ထားတာ ဆိုတော့ တိုက်ပြိုတဲ့ အဆင့်အထိတော့ မရောက် လောက်ဘူးလို့ ယူဆရပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

ဆူနာမီလှိုင်းလုံးများသည် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှ Sendai မြို့သို့ အင်အားပြင်းစွာ ၀င်ရောက်ခဲ့ရာ Sendai လေယာဉ် ကွင်းလည်း ပျက်စီးသွားကြောင်း ဂျပန် NHK သတင်းဌာနက ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံအတွင်း နေရာ အတော်များများတွင် မီးလောင်မှုများလည်း ဖြစ်ပေါ်နေပြီး လယ်ကွင်းများ၊ အဝေးပြေး လမ်းမကြီး များလည်း ရေလွှမ်းမိုးမှု ခံနေရသည်။

နောက်ဆုံးရရှိသော သတင်းများအရ အနည်းဆုံး လူ ၄၄ ဦး သေဆုံးသည်ဟု သိရသည်။

ဂျပန်ဝန်ကြီးချုပ်က ဂျပန်နိုင်ငံအတွက် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ဘေးအန္တရာယ် ကျရောက် နေသူများကို အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြောဆိုကာ အရေးပေါ်အခြေအနေ ကြေညာထားသည်။

ပစိဖိတ်သုမုဒ္ဒရာကမ်းခြေတလျှောက်ရှိ ချီလီ၊ ပီရူး၊ ရုရှ၊ ဂူအန် ၊ ထိုင်ဝမ် ၊ ကနေဒါနှင့် အမေရိကန်နိုင်ငံတို့တွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားသည်။
ဧရာဝတီ သတင်း မှ ကူးယူဖော်ပြပါသည်။
READMORE
 

ဆယ်လွန်းတင်ကြိုး(၃)

http://newmawkun.blogspot.com

မှတဆင့် ကူးယူဖော်ပြပေးပါသည်။

ဆယ်လွန်းတင် ကြိုး (၃)
(၅) သံယောဇဉ် နောက်တစ်ကြိုးကိုလည်း ထပ်မှတ်ပါအုံး။ ကိုယ်ဆီမှာရှိတဲ့ အသိကို ကိုယ်သိသလို၊ ကိုယ်တတ်သလို သူများကို မျှဝေ မပေးချင်တာ၊ ကိုယ့် ပစ္စည်းကို ၀န်တိုတတ်တဲ့ စိတ်ဟာလည်း သံယောဇဉ်ကြိုး နောက်တစ်ချောင်းနဲ့  ထပ်အချည်ခံနေရတာပါပဲ။ ကိုယ့်ပစ္စည်းနဲ့ ကို အကုသိုလ်ရစေတဲ့ သံယောဇဉ် အမျိုးစားပါ။ (မစ္ဆရိယ)

(၆) ချောတာ၊ လှတာ၊ နှစ်သက်စရာကောင်းတဲ့ အရာတွေကို လိုချင်တောင့်တတတ်တဲ့ စိတ်ဟာလည်း သံယောဇဉ် ဖြစ်နေလို့ ပါပဲ။ လိုချင်တာ၊ ချစ်ခင်တာ၊ သတိရတာတွေဟာ တကယ်တမ်းကြတော့ ဆင်းရဲမှုတွေပေးတဲ့ သံယောဇဉ် အမျိုးအစား တစ်ခုပါ။ ချမ်းသာမှုကို မပေးပါဘူး။ ကြုံတွေ့ လာတဲ့ ကာမဂုဏ် အာရုံတွေကို မကပ်ငြိ၊ မတွယ်တာဘဲနဲ့  မျှမျှတတ နေတတ်ဖို့ ပါပဲ။ (ကာမရာဂ)

(၇) နောက်တစ်ခုက အပေါ်က သံယောဇဉ်နဲ့  ပြောင်းပြန်သဘောလေးပါ။ စိတ်တိုင်းမကျတာ၊ စိတ်ဆိုးတာတွေ ရင်ထဲမှာ ဖြစ်နေရင်လည်း သံယောဇဉ်ကြိုးတစ်ကြိုး အချည်ခံရေပြီလို့  မှတ်လိုက်ပါ။ လိုချင်တာ၊ ၊ နှစ်သက်တာတွေကို မရလို့ ၊ ရလာရင်လည်း စိတ်တိုင်းမကျဘူး ဖြစ်နေတာဟာ သံယောဇဉ်ပါပဲ။ လိုရင်းကတော့ ကိုယ့်ဒေါသနဲ့  ချည်နှောင်ခံရတဲ့ သံယောဇဉ် အမျိုးအစားပါ။ (ပဋိဃ)

(၈) ကိုယ့်ဘ၀လေးကို ကိုယ်နှစ်သက်နေတာဟာလည်း သံယောဇဉ်ပါပဲ။ ချမ်းသာတဲ့ သူကလည်း ချမ်းသာတဲ့ အလျောက်၊ ဆင်းရဲတဲ့သူကလည်း ဆင်းရဲတဲ့ အလျောက် ကိုယ့် ဘ၀လေးကို ကိုယ်နှစ်သက် ကျေနပ်နေကြတာပါ။ ဘ၀ဆိုတာ တကယ်တော့ ဘာမှ နှစ်သက်စရာ မရှိပါဘူး။ အိုရတာ၊ နာရတာ၊ သေရတာတွေဟာ ဒုက္ခကြီးပါပဲလေ။ မတွယ်တာ၊ မကပ်ငြိပဲနဲ့  သံယောဇဉ်ကြိုးတစ်ကြိုး တတ်နိုင်သလောက် ဖြေလျော့ပေးဖို့ ပဲ ကြိုးစားရမှာပါ။ (ဘ၀)

(၉) ဘယ်နေရာမဆို၊ ငါပါမှ ပြီးမယ်၊ ငါရှိမှ ဖြစ်မယ်ဆိုတဲ့ ထောင်လွှားတတ်တဲ့ စိတ်ဟာလည်း မာန သံယောဇဉ်ကြိုးနဲ့  အချည်ခံနေရတာပါ။ ပစ္စည်း ဥစ္စာ ရာထူး ဂုဏ် ပညာတွေနဲ့  အရာအရာမှာ မာန်တတ်နေသူဟာ သံယောဇဉ်တစ်ပါး ဖြစ်နေတာပါပဲ။ လူတိုင်း အချည်ခံထားနေရပါတယ်။ (မာန)

(၁၀) မောဟ သံယောဇဉ်ကြိုးကလည်း မိမိတို့ အချည်ခံနေရတဲ့ ကြိုးတစ်ချောင်းပါပဲ။ သစ္စာလေးပါးတရားကို မသိ၊ မမြင်အောင် ဖုံးလွှမ်းကာကွယ်တတ်တဲ့ သဘောပါ။ အမှန်တရားကို ကာကွယ်ထားတာမို့  ဖြတ်နိုင်အောင် ကြိုးစားရမှာပါ။ (အ၀ိဇ္ဇာ)

သံယောဇဉ်ကြိုးကြီး ကျစ်လာတာ တော်တော် ထူသွားပါပြီ။ တော်တော် ခိုင်မာတဲ့ ကြိုးကြီးလည်း ဖြစ်သွားပါပြီ။ အချည်ခံရတဲ့ သူတွေလည်း မပြတ်နိုင်တဲ့ သံယောဇဉ်ကြိုးတန်းလန်းနဲ့ သံသရာမှာ အမျောကြီးသာ၊ မျောကြပေရော။

တကယ်တော့ သံယောဇဉ် ရှိတယ်ဆိုတာ ချစ်တဲ့သူ၊ ခင်တဲ့သူလောက်ပဲ ဖြစ်တဲ့ သဘောလို့  ထင်ထားကြတာ များပါတယ်။ ကပ်ငြိတွယ်တာတတ်တဲ့ သံယောဇဉ်ကြိုးတွေကို ကြည့်လိုက်ရင် ချစ်တဲ့ သူရော၊ မုန်းတဲ့ သူရော အားလုံပေါ်မှာ ဖြစ်နိုင်တာကို တွေ့ ရမှာပါ။ အာရုံတစ်ခုခုကို သံယောဇဉ်ဖြစ်လာပြီ၊ ဆိုရင် ဖြစ်တဲ့ စိတ်အပေါ်မှာ ပဲ သံယောဇဉ်ကြိုးကို ဖြေလျော့ဖို့ ၊ ဖြတ်တောက်ဖို့  ကြိုးစားရမှာပါ။

သား၊ သမီး၊ မိဘ၊ ကိုယ်ချစ်နေတဲ့သူ၊ ကိုယ်မုန်းနေတဲ့သူ၊ အပေါ်မှာ ဖြစ်တဲ့ ကိုယ့်သံယောဇဉ်စိတ်ကိုသာ ဖြတ်ဖို့ ၊ လျော့ဖို့ ၊ လိုရင်းပါပဲ။ သံယောဇဉ်ဖြစ်နေတဲ့ အဲဒီသူတွေကို ဖြတ်စရာမလိုပါဘူး။ သံယောဇဉ် ဖြစ်စရာ အာရုံတစ်ခုခု ကြုံတွေ့ လာပြီဆိုရင် အဲဒီအာရုံပေါ်မှာ သာယာတဲ့စိတ်၊ ကျေနပ်တဲ့စိတ် မဖြစ်အောင် ထိန်းဖို့ လို့ သလို၊ မကျေနပ်တဲ့စိတ်၊ ဒေါသမဖြစ်မိအောင်လည်း မိမိရဲ့ စိတ်ကို ထိန်းလိုက်ရင်း သံယောဇဉ် ကြိုးလေးတွေကို လုံးလုံး အပြတ်မဖြတ်နိုင်တောင် တတ်နိုင်သလောက် ဖြေလျော့ပေးဖို့ ပါပဲလေ။




Posted by မော်ကွန်းသစ် at 4:38 AM
Labels: သံယောဇဉ်ဆိုတာ
READMORE
 

ဆယ်လွန်းတင် ကြိုး (၂)

ဆယ်လွန်းတင် ကြိုး (၂)
Italic


ကဲ.....ကိုယ့်ဟာကိုယ် ပြန်ချည်ကြမယ့် ကြိုးလေးတွေ ထပ်ကျစ်လိုက်ကြဦးစို့ ။

(၃) ကိုယ့်အတွက် ဘာမှ အကျိုးမရှိဘဲ အချိန်ကုန်ခြင်းသာ အဖတ်တင်တဲ့ အကျင့်ကို ကျင့်နေတယ်ဆိုရင်လည်း တတိယမြောက် သံယောဇဉ်ကြိုးလေး ရစ်ပတ်ချည်နှောင်ခံနေရတာပါ။ ဘုရားရှင် လက်ထက်ကလည်း ဒီလို မကောင်းတဲ့ အကျင့်တွေကို ကောင်းတဲ့ အကျင့်မှတ်ပြီးတော့ တတိယမြောက် သံယောဇဉ်ကြိုးလေး အချည်အနှောင်ခံထားရတဲ့သူတွေလည်း မနည်းပါဘူး။ အခုလည်း အိန္ဒိယမှာ အများကြီး ကျန်နေပါသေးတယ်။ နွားလိုကျင့်နေတဲ့ သူတွေ ရှိသလို၊ ခွေးလို ကျင့်နေတဲ့ လူတွေကလည်း ရှိနေသေးတာပါပဲ။ တချို့ ဆိုရင် ဂင်္ဂါ မြစ်ရေနဲ့  ရေချိုးရင် အကုသိုလ်တွေ ပျောက်တယ်ဆိုပြီးတော့ ဂင်္ဂါ ရေချိုးဆိပ်မှာ ချိုးနေတဲ့ သူတွေလည်း မနဲပါဘူး။

တကယ်တမ်းတော့ အကုသိုလ်ဆိုတာ စိတ်မှာဖြစ်တဲ့ သဘောတရားတွေပါ။ ကိုယ်ပေါ်မှာ ရှိတဲ့ အရာမဟုတ်လို့  သာမန်ရေချိုးရုံနဲ့ တော့ မပျောက်ပါဘူး။ ဂင်္ဂါမြစ်ရေ ချိုးလိုက်လို့  ကြေး(ဂျီး)တော့ ပြောင်ချင် ပြောင်သွားမှာပေါ့လေ။ ဒါပေမယ့် စိတ် အညစ်ကြေးတော့ ပြောင်မှာမဟုတ်ပါဘူး။ ဒီလိုကျင့်ကြံနေတဲ့ သူတွေဟာ ကိုယ်ကျင့်နေတဲ့ အကျင့်ကို သီလ၊ သမာဓိ၊ ပညာ သုံးပါးနဲ့  မဆင်ခြင်၊ မသုံးသပ်ကြလို့ ပါပဲ။

အကျင့်တစ်ခုကို ကျင့်တော့မယ်ဆိုရင် ဒီအကျင့်ဟာ သီလဘက်မှာ တိုးတက်မှုရှိသလား၊ စိတ်အေးချမ်းမှု၊ သမာဓိရောရရဲ့လား၊ ရုပ်၊ နာမ် တရားတွေကို ခွဲခြားသိတတ်တဲ့ ပညာတွေရော တိုးပွား လာသလားဆိုတာ သုံးသပ်ရမှာပါ။ အကယ်၍ အဲဒီ သုံးချက်မှ ဖြစ်မလာဘူးဆိုရင် အဲဒီအကျင့်ကို စွန့် ခွါပစ်ရင်း သံယောဇဉ်ကြိုးလေး တစ်ကြိုး ထပ်ဖြတ်လိုက်ရုံပါပဲ။ (သီလဗ္ဗတ ပရာမာသ)

(၄) နောက်တစ်ခုက ကိုယ့်ထက်သာ မနာလိုတာကလည်း သံယောဇဉ်ပါပဲတဲ့။ လူတွေဟာ ကိုယ့်ဖြည့်ဆည်းခဲ့တဲ့ ကံ၊ ဥာဏ်၊ ၀ီရိယသုံးပါး မတူကြတာကြောင့် လက်ရှိ အခြေအနေရ တစ်ယောက်နဲ့  တစ်ယောက် ဖြစ်ပုံခြင်းလည်း တူညီကြမှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ ကိုယ့်ထက်ဆင်းရဲတဲ့ သူ၊ ချို့ တဲ့သူတွေကို မြင်ရ၊ တွေ့ ရ နိုင်သလို၊ ကိုယ့်ထက်ချမ်းသာတဲ့သူ၊ ရာထူးကြီးတဲ့ သူတွေကိုလည်း တွေ့ နိုင်တာပါပဲ။ အဲဒီအပေါ်မှာ ကိုယ်က မနာလိုတဲ့ စိတ်နဲ့ သွားပြိုင်နေမယ်ဆိုရင်တော့ နောက်သံယောဇဉ် တစ်ချောင်းနဲ့ ထပ် အချည်ခံနေရတာ သေချာသွားပါပြီ။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဖို့ သာ ပြင်ထားကြပေတော့။

ဒီသံယောဇဉ်ကြိုးသာ အချည်ခံနေရင်တော့ အဲဒီသူဟာ သူများကို ဒုက္ခပေးဖို့  အချိန်တိုင်းလိုလို စဉ်းစားနေတော့မှာပါ။ ကိုယ်မနာလို့ တဲ့ သူကို ကိုယ်ကိုတိုင်လည်း ဖျက်ဆီးဖို့  ကြံစည်နေသလို သူများ ဒုက္ခပေးနေတာ တွေ့ ရရင်လည်း သူ့ စိတ်ထဲမှာ ကွယ်ရာကနေ ပြုံးပြုံးကြီးပဲ ကျေနပ်နေမှာ သေချာပါတယ်။ လူတိုင်းဟာ ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင်ပဲ လှပအောင် ထုဆစ်ကြရမှာပါ။ ညှိလို့ မရတဲ့ ကံတရားကို တူညီအောင် လုပ်ဖို့  ကြိုးစားနေမယ်ဆိုရင်တော့ စိတ်မော၊ ကိုယ်မောရုံသာ အဖတ်တင်ပါလိုက်မယ်။ ကောင်းကျိုးဆိုတာကိုလည်း ဘာမှ မျှော်လင့်မနေပါနဲ့ တော့။

မိမိရဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ထက်သာနေတဲ့ သူတစ်ယောက်ကို မနာလို စိတ်နဲ့ မြင်မိနေတယ် ဆိုရင် အရင်ဆုံး ကိုယ်လုပ်ရမှာက ကိုယ်မနာလိုဖြစ်နေတဲ့သူဟာ လောကကောင်းကျိုးအတွက် ဘာတွေ ထုဆစ်နေသလဲ၊ ဘာတွေကြိုးစား ဖန်တီးပေးနေသလဲ ဆိုတာကို မြင်အောင်ကြည့်ဖို့  ကြိုးစားရမှာပါ။ အဲဒီလိုမှ မြင်အောင် မကြည့်နိုင်ဘူးဆိုရင်တော့ သူ ဘာလုပ်လုပ် မိမိရဲ့ စိတ်ထဲမှာ မကောင်းတာဘဲ မြင်နေပါလိမ့်မယ်။ သူ့ အပေါ်ထားတဲ့ ကိုယ့်မနာလိုတဲ့ စိတ်ကလည်း ရပ်တန့် သွားမှာ မဟုတ်ပါဘူး။

တကယ်တမ်း ပြိုင်ချင်တယ်ဆိုရင်တော့ မိမိကိုယ်ကိုယ် မိမိသာ ပြိုင်ရမှာပါ။ မနေ့ က “ငါ” နဲ့ ၊ ဒီကနေ့  “ငါ” ဘာတွေတိုးတတ်လာသလဲ၊ အများကောင်းကျိုး ဘာတွေပို လုပ်ဖြစ်နေသလဲ၊ ဆိုတာကို သုံးသပ်ပြီး မိမိရဲ့ ကြိုးစားမှုကို ပိုမိုအားထုပ်ဖြစ်အောင် လုပ်လိုက်ဖို့ ပါပဲ။

ခေတ်သစ် အဘိဓာန် ပညာရှင်တွေလို့ ပဲ နာမည်ပေးရမလားတော့ မသိဘူး၊ သူတို့ အဆိုကတော့ ဣဿာ ကို အိတ်သာလို့  မြန်မာမှုပြုပြီးတော့ အဓိပ္ပါယ်ကို ဒီလို ဖွင့်ဆိုထားတာပါ။ မှတ်လိုက်ဦး။ ကိုယ့်အိတ်ထက် သူများအိတ်က သာလို့  မနာလို ဖြစ်ခဲ့ရင် အဲဒါ အိတ်သာဖြစ်နေတာပဲတဲ့။ မှတ်မှတ် အကုန်မှတ်၊ မသေမချင်းမှတ်၊ သေရင်လည်း နောက်ဘ၀မှာ ဆက်မှတ်။ ဖြစ်တတ်ကြလွန်းလို့ ။ (ဣဿာ)


Posted by မော်ကွန်းသစ် at 7:13 AM
Labels: သံယောဇဉ်ဆိုတာ မှကူးယူဖော်ပြပေးပါသည်။

ဆက်လက်ဖော်ပြပေးပါမည်။
READMORE
 

ဆယ်လွန်းတင် ကြိုး (၁)

ဆယ်လွန်းတင် ကြိုး (၁)


“၀ဋ်ဆင်းရဲမှ၊ မလွတ်ရ၊ ချည်ကသံယောဇဉ်”


မနက်စောစော ဒေါင်းလုပ် လုပ်ပြီးသား တရားတွေထဲက တစ်ပုဒ်ကို ဖွင့်လိုက်တော့ တရားဟောဆရာရဲ့ သံယောဇဉ်ဆိုတဲ့ စကားလုံးလေးကို ရှင်းတမ်းလုပ်နေတာ ကြားရပါတယ်။ ဒီသံယောဇဉ်ဆိုတဲ့ စကားဟာ ငယ်ငယ်ကတည်းက ကြားဖူးနေခဲ့တာပါ။ လောကုတ္တရာ စာပေထဲ ခြေချတော့လည်း ဒီသံယောဇဉ်နဲ့  အပီအပြင်ကို တိုးပြန်ပါသေးတယ်။ စာပေအသိလေး နဲနဲသိလိုက်တော့လည်း ကိုယ့်မှာ ဒါကြီးက ချည်ခံနေရတာပါလားလို့  ထပ်ဆင့် ထပ်ဆင့် သိရပြန်ပါပြီ။

ငယ်ငယ်က အိမ်မှာ သာမန်နွားတွေထက်စာရင် နဲနဲရိုင်းတဲ့ နွားကြီးတစ်ကောင်ရှိပါတယ်။ တစ်နေ့ မှာ အဲဒီနွားကြီးကို ချည်ဖို့ ဆိုပြီး အဘိုးက သာမန်နွားချည်ကြိုးနဲ့ မတူတဲ့ နွားချည် ကြိုးကို အပီအပြင် ကျစ်နေတော့တာပါ။ မိမိလည်း အဘိုးကို စပ်စုလိုက်ပြန်ပါတယ်။ အဲဒီကြိုးက ဘာလုပ်ဖို့  လဲ အဘိုးကို မေးတော့ သူက “နွားကြီးက နဲနဲ ရိုင်းနေလို့  လွတ်ထွက်မသွားအောင် အသေချာ ချည်ဖို့  ဂရုတစိုက် ကျစ်နေတာကွ” တဲ့။ အော် နွားကြီး လွတ်ထွက်မသွားအောင်ဆိုပါလား။ အဘိုးရဲ့ စကားကိုလည်း ပြန်ကြားယောင်မိပြန်ပြီ။

လောကမှာ လူသားနဲ့  သံယောဇဉ်၊ သံယောဇဉ်နဲ့  လူသား မကင်းကြပါဘူး။ သတ္တ၀ါတွေကို ဆင်းရဲခြင်းတွေမှ လွတ်ထွက်မသွားအောင် ချည်ထားတာက သံယောဇဉ်ကြိုးလေးပါ။ သွပ်ကြိုး၊ နိုင်လွန်ကြိုး၊ သံမဏိကြိုးစတဲ့ သာမန်ကြိုးလေးတွေ မြင်နေရပေမယ့် အဲဒီ သံယောဇဉ်ကြိုးလေးကတော့ မြင်လို့  ရနိုင်တဲ့ အရာမဟုတ်ပါဘူး။ သာမန်ကြိုးတွေကို တစ်ခုခုနဲ့ ဖြတ်ဖို့  လွယ်ပေမယ့် သံယောဇဉ် ကြိုးလေးကတော့ ပြတ်အောင် ဖြတ်ဖို့  လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါ။ သတိမထားမိရင် ချည်ထားလို့  ချည်ထားမှန်းတောင် မသိတဲ့ အဖြစ်သနစ်ရယ်ပါ။

မိမိတို့ မှာ ဖြစ်နေကြတဲ့ ပူလောင်မှု၊ စိုးရိမ်မှု၊ ငိုကြွေးမှုတွေနဲ့  တသီးတခြားဆီ ဖြစ်မသွားရအောင် ချည်ထားပေးတာက သံယောဇဉ်ကြိုးတွေပါပဲ။ လူတွေဟာ ဒီသံယောဇဉ်ကြိုးတွေ အချည်အနှောင်ခံထားရတော့ ဘာလုပ်လုပ် မလွတ်လပ်ကြတော့ပါဘူး။ မှားနေပါလျက်နဲ့  ဒီသံယောဇဉ်ကြောင့် အမှားကိုလည်း အမှန်လုပ်ပြီး ဖုံးကာပစ်တတ်ကြပါတယ်။ သံယောဇဉ်ကြိုး များများ အချည်ခံရလေ အမှန်တရားဆိုတာ ကွယ်ပျောက်လေပါပဲ။

လောကမှာ သွပ်ကြိုး၊ နိုင်လွန်ကြိုး၊ သံကြိုးစတဲ့ သာမန်ကြိုးတွေဆိုတာ ပေါမှပေါ။ အဲဒီကြိုးတွေ ဘာလုပ်ဖို့ လဲ ဆိုတာ မေးစရာတောင် လိုမယ်မထင်ပါဘူး။ သူ့ နေရာနဲ့ သူ အသုံးချ ချည်နှောင်ဖို့ ပဲ မဟုတ်လား။ ချည်နှောင်ခံရမယ့် အရာဝတ္ထု အရွယ်အစား အလိုက် အဲဒီကြိုးတွေကို အသုံးချဖို့ ပါ။ ဥပမာ နွားဆိုရင်ပဲကြည့်။ ရိုးရိုး နွားဆိုရင် သာမန် နွာချည်းကြိုးနဲ့  ချည်နှောင်ရုံပါပဲ။ နဲနဲ ရိုင်းတဲ့ နွားဆိုရင် သူနဲ့ တန်တဲ့ ကြိုးတော့ ဖြစ်အောင် ဖန်တီးပြီး ချည်လိုက်ရတာပေါ့။ အဲဒါကြောင့် ကြိုးတွေလည်း နှစ်လွန်းတင်ကြိုး၊ သုံးလွန်းတင်ကြိုး စသဖြင့် ရှိကြရတော့တာပါ။

သံယောဇဉ်ဆိုတာလည်း သတ္တ၀ါတွေကို ဆင်းရဲခြင်းကနေ လွတ်မြောက်မသွားအောင် ချည်ထားတက်တဲ့ သဘောရှိတာမို့  ကြိုးနဲ့  တူပါတယ်။ သူ့ မှာ သာမန်ကြိုးတွေထက် ချည်နှောင်နိုင်တဲ့ သတ္တိစွမ်းအားကလည်း မနဲပါဘူး။ ကိုယ့်ကို အချည်အနှောင်ခံထားရတဲ့ ကြိုးဟာ ဘယ်နှစ်ချောင်းနဲ့  ယက်ထားသလဲ၊ နှစ်လွန်းတင်ကြိုးလား၊ သုံးလွန်းတင်ကြိုးလားဆိုတာ သိရအောင် ဘုရားရှင်က ဒီလို ခွဲခြားပြခဲ့ပါတယ်။

(၁) လောကမှာ ငါ့အိမ်၊ ငါ့နေရာ၊ ငါ့သား၊ ငါ့သမီး၊ ယောက်ျား၊ မိန်းမစသဖြင့် အခေါ်အဝေါ် အားဖြင့်သာ ရှိတဲ့ အရာတွေကို တကယ် ရှိတာလို့  မြင်နေမယ်၊ ထင်နေမယ်ဆိုရင် အဲဒါဟာ ပထမဆုံးဖြစ်တဲ့ သံယောဇဉ်ကြိုးတစ်ချောင်း အချည်အနှောင်ခံထားရတာပါပဲ။ နဲနဲမြင့်မြင့် ပြောရရင်တော့ ပညတ်နဲ့ ၊ ပရမတ်ကို ခွဲခြားပြီး မမြင်တက်တာပါပဲ။ တကယ်တော့ ငါ့သား၊ ငါ့သမီး၊ ငါအိမ်၊ ငါ့နေရာ စတဲ့ အရာတွေဟာ အပေါ်ယံပဲ ကြည့်ပြီးခေါ်တဲ့ဟာတွေပါ။ တကယ့်အနှစ်အားဖြင့်တော့ ရုပ်နဲ့ နာမ် နှစ်ခုထဲပါပဲ။ ဒီသံယောဇဉ်ကြိုးကို ပြတ်ချင်တယ်၊ ဖြတ်ချင်တယ်ဆိုရင်တော့ တကယ့် အနှစ် ဖြစ်တဲ့ ရုပ်နဲ့  နာမ်ကို ပဲ တရားနယ်ပယ်ထဲကနေပြီးတော့ ရှု့လိုက်ဖို့ ပါပဲ။ (ဒိဋ္ဌိ)

(၂) ရတနာသုံးပါး အပေါ်မှာ ယုံမှားသံသယ ၀င်နေမယ်ဆိုရင်လည်း ဒုတိယသံယောဇဉ် ကြိုးလေးတစ်ချောင်း ထပ်ချည်ခံထားရတာပါပဲ။ ဘုရားရှိတာ တကယ်မှ ဟုတ်ရဲ့လား၊ တရားကျင့်ရင်ရော အဟုတ်တကယ် ဆင်းရဲခြင်းမှ လွတ်မြောက်နိုင်ပမလား ဆိုတဲ့ အတွေးမှား၊ သံသယ မှားတွေနဲ့  ရတနာသုံးပါးရဲ့ အပေါ်မှာ သုံးသပ်နေတာလည်း ဒုတိယသံယောဇဉ်ကြိုးလေး မပြတ်နိုင်သေးလို့ ပါ။ (၀ိစိကိစ္ဆာ)
Posted by မော်ကွန်းသစ် at 5:17 AM
Labels: သံယောဇဉ်ဆိုတာ မှ ကူးယူဖော်ပြပါသည်။

ဆက်လက်ဖော်ပြပေးပါမည်။
READMORE
 

ထက်ထက်မိုးဦးအမှု တရားမစွဲနိုင်သေး



ထက်ထက်မိုးဦးအမှု တရားမစွဲနိုင်သေး

ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Day News ဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုအတွက် ရန်ကင်းတရားရုံးတွင် တရားစွဲတင်ထားရာ အမှုစွဲတင်ချိန် တနှစ်ပြည့်လုသည်အထိ တရားလိုတင်ပြသော ပုဒ်မများဖြင့် တရားစွဲရန် သင့်မသင့်ကို တရားရုံးက ဆုံးဖြတ်ချက် မချမှတ်သေးကြောင်း သိရသည်။
ထိုအမှုကို စောင့်ကြည့်နေသည့် ပြည်တွင်းသတင်းထောက်တဦးက “ပြီးခဲ့တဲ့ ၇ ရက်နေ့က တရားသူကြီးက စွဲချက်၊ လျှောက်လဲချက်တွေကို ကြည့်ရှုပြီး စွဲချက်ပါ ပုဒ်မတွေနဲ့ တရားစွဲတင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချဖို့ တရားလိုရော တရားခံရော နှစ်ဖက်စလုံးကို ခေါ်ထားတာပါ။ ဒါပေမယ့် ထက်ထက်မိုးဦးက တရားရုံးကို မလာဘူး၊ သူ့ရှေ့နေပဲ လာရောက်ပြီး နောက်ရုံးချိန်း ပြန်ခေါ်ပေးဖို့ လျှောက်လဲသွားတယ်” ဟု ပြောသည်။

ဆီဒိုးနားဟိုတယ်တွင် ၂၀၁၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့က ပြုလုပ်သော ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးနှင့် သတင်းထောက် မအေးသူစံတို့ အင်တာဗျူးတခု ပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ရှေ့နေဦးမျိုးက “တရားရုံးက ဆင့်ခေါ်တာကို သုံးကြိမ်အထိ တရားရုံးကို မလာဘဲ နေနိုင်ပါတယ်။ သုံးကြိမ်နောက်ပိုင်းမှာတော့ မျက်ကွယ်မှာ တရားသူကြီးက ဆုံးဖြတ်ချက်ချနိုင်သလို၊ ၀ရမ်းလည်း ထုတ်နိုင်ပါတယ်။ တရားသူကြီး ဆုံးဖြတ်ချက်အတိုင်းပါပဲ။ ဒီအမှု ဒီလောက်ကြီး ကြာနေတာကိုက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ပျက်ယွင်းနေတာကို ပြတာပဲ။ မင်းသမီးအမှုမို့ ကြာနေတာလည်း ဖြစ်နိုင်တယ်။ သာမန်နာကျင်စေမှုတွေမှာ ဒီလောက် ကြာလေ့မရှိပါဘူး” ဟု ပြောသည်။

အဆိုပါ နာကျင်စေမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန်လ ၃ ရက်နေ့တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် ထက်ထက်မိုးဦးကို တရားစွဲခဲ့သည်။

“လာမယ့် ၂၄ ရက်နေ့ဆို အမှုတင်ထားတာ တနှစ်ပြည့်ပြီ။ ရုံးချိန်းကလည်း အခါ ၂၀ လောက်ချိန်းပြီးပါပြီ။ အခုထိ တရားစွဲတင်သင့်မသင့် မဆုံးဖြတ်နိုင်သေးဘူး” ဟု ရန်ကုန်ရှိ သတင်းထောက်တဦးက ပြောသည်။

ထက်ထက်မိုးဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆေးရုံတခု၌ ယခုနှစ် ဇန်နဝါရီလထဲတွင် သမီးတဦး မွေးဖွားခဲ့ပြီး လာမည့် ၁၅ ရက်နောက်ပိုင်းတွင် ရန်ကုန်သို့ ပြန်မည်ဖြစ်ကြောင်း ထက်ထက်မိုးဦးနှင့် နီးစပ်သူတဦးက ပြောသည်။

ထက်ထက်မိုးဦးအပေါ် စွဲဆိုထားသည့် ပုဒ်မ ၃၂၃ မှာ နာကျင်စေမှုဖြစ်ပြီး အများဆုံးထောင်ဒဏ် ၁ နှစ် သို့မဟုတ် အများဆုံး ငွေဒဏ် ၁၀၀၀ ကျပ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံးကို ကျခံစေနိုင်ကြောင်း၊ ပုဒ်မ ၅၀၆ မှာ ခြိမ်းခြောက်မှုဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ကန့်သတ် မထားသောငွေဒဏ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားသည်ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက ဆိုသည်။

ထက်ထက်မိုးဦးဘက်မှ ရှေ့နေဦးစိန်မြင့်က လိုက်ပါဆောင်ရွက်ပေးနေပြီး သတင်းထောက်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ ဦးသန်းထွန်းအောင်မှာ ကွယ်လွန်သွားသဖြင့် အမျိုးသမီးရှေ့နေတဦးက ဆက်လက် ဆောင်ရွက်ပေးနေကြကြောင်း သိရသည်။

ရန်ကင်းမြို့နယ် တရားသူကြီးက ယမန်နှစ် ဇူလိုင် ၁၃ ရက် တရားခွင်တွင် ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦးဘက်မှ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရယူထားသည်။

မတ်လ ၇ ရက်နေ့က တရားရုံးသို့ ထက်ထက်မိုးဦး မလာရောက်ခဲ့သဖြင့် မတ်လ ၂၁ ရက်နေ့သို့ ပြောင်းလဲချိန်းဆိုလိုက်ကြောင်း သိရသည်။

အဆိုပါအမှုကို တရားရုံးက အများပြည်သူ ကြားနာခွင့်မပြုဘဲ အမှုဖြစ်ပွားပုံကို ဖော်ပြခဲ့သော ဂျာနယ်တချို့ကိုလည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့သည်။

ဧရာဝတီ သတင်းမှ တဆင့်ကူးယူတင်ပြပေးပါသည်။
၂၀၁၁၊ မတ်လ(၁၀)ရက်။
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း



မကွေးမြို့မှ SHADE စာပေ၀ိုင်း
၂၇-၂-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီမှ ညနေ(၃း၃၀)နာရီအထိ မကွေးမြို့၊ အချစ်ရွာဆိုင်မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ SHADE စာပေ၀ိုင်း (၁၆)ကြိမ်မြောက်ပါ။ ဒီတစ်ပတ် စာပေ၀ိုင်းကို ရောက်လာသူများကတော့ ပန်းချီဆရာများဖြစ်ကြတဲ့ ပန်းချီမင်းသူ၊ ပန်းချီသူရိန်မြိုင်၊ ပန်းချီ မြင့်ဇော်ဦး တို့နဲ့အတူ ဆရာနေခြည်(မကွေး)၊ ဆရာညီဇေယျ၊ ဆရာလွမ်းရ(မကွေး)၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ဘိုမြင့်ရှိန်(မကွေး)၊ စာရေးသူတို့ဖြစ်ကြပါတယ်။
ပဏာမ အနေနဲ့ ပြီးခဲ့တဲ့အပတ်က စာရေးသူပြောကြားခဲ့တဲ့ မန္တလေးမီဒီယာ အုပ်စုနဲ့ ရွှေစက်တော် ခရီးစဉ် ဇာတ်သိမ်းပိုင်းကို ဆက်ပြောပါရစေ…။ မန်းအုပ်စုက လက်မညိမ်သူကတော့ အောင်မြင့်မြင့်(စစ်ကိုင်း)ဖြစ်ပါတယ်။ (၁)မိနစ်တခါလောက် သတင်းမှတ်တမ်း ဓာတ်ပုံရိုက်နေတာကိုပြောတာပါ။ မန်းရွှေစက်တော်ဘုရားကို ဘုရားဖူးလာသူတိုင်း အထူးစိတ်ရှည် တတ်ရပါမည်။ သည်းခံစိတ်ကို လက်ကိုင်ထားကြရပါမည်..။ စက္ကန့်(၃၀)မှာ တစ်ကြိမ် မနားတမ်း အဖြေပေးရပါမည်။ ရေနွေးသည်၊ ထမင်းသည်၊ ဟင်းသည်၊ အကြော်စုံသည်၊ ဆေးလိပ်သည်၊ ကွမ်းယာသည်၊အချဉ်ပေါင်းသည်၊ မှုန့်လက်ဆောင့်သည်၊ရေခဲချောင်းသည်၊ ဆတ်သားကင်သည်၊ ငှက်ကြော်သည်၊ ကြက်ကျော်သည် မှအစ အနိပ်သည်များ (မာဆပ်မဟုတ်ပါ) အဆုံး။ လူမျိုးတစ်ရာတစ်ပါး(မရေမတွက်နိုင်)၊ အမျိုးသမီး၊ အမျိုးသား၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုများ က စက္ကန့်(၃၀) မပြည့်မှီ တစ်ယောက်နှုန်းနဲ့ သူထက်ငါဦးအောင် ဘုရားဖူးများကို ဈေးရောင်းနေကြတာကို နယ်ခံများက ကြိုတင်ပြောထားပြီး သိထားရကြပါမည်။ ဘုရားဖူးများ တည်းကျောင်းပေါ်မှာ ၀ိုင်းဖွဲ့စကားပြောနေကြတာကို ပွဲပျက်သွားအောင် ဈေးသည်များက သောင်းကျန်းနေကြပါတယ်။ ဒီကိစ္စကို မန်းမီဒီယာအဖွဲ့ကို ကြိုတင်ပြောထားတော့ အဆင်ပြေပါတယ်။ အဆင်ပြေတဲ့အပြင် မန်းမီဒီယာအဖွဲ့က လာမျှဈေးသည်နဲ့ အနိပ်သည်တွေကို တစ်ယောက်ချင်းစီ အင်တာဗျူးလုပ်ကြ။ ဓာတ်ပုံရိုက်ကြ။ ကြံကြံဖန်ဖန် အနိပ်သည်တစ်ဦးချင်းကို ခေါ်ယူပြီး လက်ပေါက်၊ မပေါက် အစမ်းခိုင်းကြတယ်ဗျာ..။ ဘာကို အစမ်းခိုင်းတယ်ဆိုတာကိုတော့ မသိပါ။ အနိပ်သည် တစ်ယောက်ပြီးတစ်ယောက် (၅)မိနစ်တခါစမ်းပြီး မကြိုက်လို့ ပြန်ပြန်လွတ်နေတာ မြင်နေရပါတယ်။ ဒါလောက်ရှိကြတာ ဆရာအောင် ဆိုတဲ့ အနိပ်သည်နဲ့ကြမှ တက်တက်ကိုပြောင်သွားကြပါတယ်(ခေါင်းကဆံပင်တွေပါဗျာ) ။ အဲ အထူးအဆန်းတစ်ခုကတော့ ရေနွေးသည်ကလေးတွေဆီက ရေနွေးတွေကိုလည်း ဆူ မဆူ မြည်းကြည့်ပြီး သုသေသနလုပ်နေကြပါသေးတယ်။ မန်းမီဒီယာအဖွဲ့၏ သုတေသန စာတမ်းအရ (ရွှေစက်တော်ဘုရားပွဲတော်ကြီးမှာ အ၀င်(၁၀၀)ကျပ်ဖိုးရေနွေးကြမ်းသောက်ရင် အထွက်(၅၀၀)ကျပ်ဖိုးကုန် ပါကြောင်း)။ ရေနွေးတစ်ဘူးဝယ်သောက်၍ အိမ်သာတစ်ခါတက်(၁၀၀)ကျပ်နဲ့ အိမ်သာကိုငါးခါတက်ရလို့ ငွေ(၅၀၀)ကျပ်ကုန်ကျခြင်းကို ဆိုလိုကြပါတယ်။
စာရေးသူနဲ့ စာဖိုမှူး နှင်းဦး(မင်းဘူး) တို့ ညနေစာအတွက် ကြက်ရှာထွက်လာခဲ့ပါတယ်။ ရွှေစက်တော်ဘုရားပွဲတော်၊ သားစိမ်း၊ငါးစိမ်းဈေးက အောက်ဘက်သောင် မှာပါ။ ငါးခြောက် ငါးခြမ်းနဲ့ ဟင်းချက်စရာအစုံ ဟင်းသီးဟင်းရွက်သည်၊ များကိုတွေ့ရတယ်။ ထမင်း၊ဟင်းချက်စရာအစုံ ၀ယ်လို့ရပါတယ်။ ကျွန်တော်တို့အဖွဲ့အတွက် ညနေစာ ကြက်တစ်ကောင်နဲ့ အားလူးရောချက်ဖို့ဝယ်ပါတယ်။ မနက်ဖြန်အတွက်က ကြက်နှစ်ကောင် ၀ယ်ခဲ့ပါတယ်။ မီဒီယာအဖွဲ့က တစ်နေကုန် အထက်စက်တော်ရာ၊အောက်စက်တော်ရာ နေရာအနှံ့သို့သွားပြီး ဘုရားဖူးရင်း လိပ်ဥတူး( အဲ သတင်းထူးတွေ)ကိုယူနေကြ ပါတယ်။ ရွှေစက်တော်က စာရေးဆရာကောင်းသုတ(မင်းဘူး) ခေါ် ကြက်ခြေနီ တပ်ခွဲမှူး ဦးလှဝင်း ရဲ့ တပည့်အဖွဲ့ကလည်း စာဖိုမှူး နှင်းဦး(မင်းဘူး)နဲ့အတူ ကူညီကာ ၀ိုင်းလို့ ကျွန်တော်တို့ကို ထမင်း၊ ဟင်းများချက်ကျွေးကြပါတယ်။ ညရောက်တော့ ကျွန်တော်တို့ တည်းကျောင်းရှေ့က ကွတ်ပစ်ပေါ်မှာ မန်းမီဒီယာအဖွဲ့ကို ကဗျာဆရာ နှင်းဦး(မင်းဘူး) က ဖူးဖူးမှုတ်ပြီး ဧည့်ခံနေပြန်ပါတယ်။ (ဘာဂျာတစ်လက်နဲ့ သီးချင်းစုံကို မှုတ်ပေးတာကို ပြောတာပါနော်..။) ရှိတ်ဂျာနယ် အယ်ဒီတာချုပ် ကိုသာဇော်ကလည်း ဘာဂျာသံစဉ်နဲ့အကိုက် သီချင်းတွေကို စိတ်ပါဝင်စားစွာနဲ့ လိုက်ဆိုပေးနေပါတယ်။ ( သြော် အခုမှ အဆိုကောင်း၊ အမှုတ်ကောင်းသူ နှစ်ဦးကို ထူးကဲစွာ ကြားရ၊ မြင်ရပါတော့တယ်..။) ဘာဂျာအမှုတ်ကောင်းတဲ့ကဗျာဆရာ နှင်းဦး(မင်းဘူး) ကို ကဗျာဆရာ ကလင့်(မန္တလေး)က သူဝတ်ထားတဲ့အကောင်းစား ဂျာကင်အင်္ကျီကြီးကို သူကိုယ်တိုင် ၀တ်ပေးလို့ ဆုတော်ချပါတယ်။ ကြည့်နေသူအားလုံက သတင်းဓာတ်ပုံနဲ့ မှတ်တမ်းတင်ကြပါတယ်။ အားလုံးပရိတ်သတ်က လွမ်းစရာ ညများ ကုန်ဆုံးသွားမှာကို ကြောက်ပြီး ဆက်လက်အားပေးနားထောင်နေကြပါတယ်။
နံနက်စောစော သံဃာတော်အရှင်မြတ်များ ဆွမ်းခံကြွလာပါပြီ ခင်ဗျား လို့ ဓာတ်စက်ကလေးနဲ့ အော်ထွက်လာပါတယ်။ အိပ်ယာက အတင်းပြေးထပြီး သတင်းဓာတ်ပုံရိုက်၊ သတင်းယူနေသူကတော့ အောင်မြင့်မြင့်(စစ်ကိုင်း) ကိုယ်တော်ကြီးနဲ့ သန်းဖေသားပါ။ သံဃာတော်များနောက်က အညိုရောင် ၀မ်းဆက်နဲ့ဆိုတော့ အောင်မြင့်မြင့်(စစ်ကိုင်း)ပါ လှူဖွယ်ဆွမ်းတွေကို ရနေပါတယ်။ အကြော်သည်တွေကလည်း သံဃာတော်များကို အကြော်သက်စေ့နဲ့ ၀ယ်ယူဆွမ်းလောင်းဖို့ အော်ပြီးဈေးရောင်းကြတယ်။ အော်ပြီးဈေးရောင်းနေတဲ့ အကြော်သည်ကို သတင်းထောက် သန်းဖေသားက သွားပြီး အင်တာဗျူးနေတော့ ကိုယ်တော်ကြောင့် ဈေးဦးတောင်မပေါက်တော့ပါဘူးဆိုပြီး အကြော်သည်မလေးခမျာ…ငိုနေပါတယ်။ ဒါနဲ့ နှင်းဦး(မင်းဘူး)က အကြော်တွေကိုဝယ်ထား လိုက်ရပြီး အဖွဲ့ကို ထမင်းကြော်နဲ့ ပူးတွဲပြီး ကျွေးပါတော့တယ်..။ နံနက်ပိုင်း တစ်ချိန်လုံး အောက်စက်တော်ရာမှာ ဘုရားဖူးကြ၊ မန်းချောင်းရေ ကို အားပါးတရ ရေစိမ်ပြီး ချိုးနေကြပါတယ်။ လူကြီးတွေက ရေချိုးနေကြပြီး ကလေးတွေမချိုးရလို့ ကိုသာဇော်ရဲ့ ချစ်သမီးနှစ်ယောက်က ပြစ်တောက်ပြစ်တောက်နဲ့ စိတ်ကောက်နေကြပြန်တယ်။ ကဗျာဆရာ ကလင့်(မန္တလေး) က သမီးနှစ်ယောက်လုံးကို မန်းချောင်းထဲဆွဲခေါ်လိုက်မှ အားလုံးပျော်သွားကြပါတယ်။ (သြော် မန်းစက်တော်ဘုရား မန်းချောင်းရေဆိုတာ လူ့ဘ၀အတွက် ဘေးကင်းရန်ကါပြီးသား။ ဒါကြောင့် အသက်ကလေးရယ်ရှည်စေလို မန်းတောင်ရိပ်ခို လို့ စာဆိုကြတာ မဟုတ်ပါလားကွယ်။) ရေမိုးချိုးပြီး နေ့ထမင်းစားလို့ နေ့လယ် (၁၂း၃၀)နာရီမှာ မန်းရွှေစက်တော်ဘုရားက ပြန်ခဲ့ကြပါတယ်။ အပြန်ခရီးမှာတော့ အတွေးကိုစီနဲ့ပါ။ မောင်ဆူးမင်း(ချပ်သင်း)က သီချင်းတအေးအေးနဲ့ အဝေးတောတန်း၊ တောင်တန်းတွေကိုကြည့်ပြီးအပြန်ခရီးမှာ လွမ်းနေပါတယ်။ ဆရာကြီး နတ်မောက်ထွန်းရှိန်ကလည်း မန်းစက်တော်ရာအပြန် လမ်းမှာ သူ့ရဲ့မဟေသီကို တမ်းတ၊မှန်းဆပြီးလွမ်းနေပုံပေါ်ပါတယ်။ ဒီလိုနဲ့ အပြန်ခရီးမှာ ကျောင်းတော်ဘုရားကိုဝင်ပြီး ဖူးကြတယ်။ မင်းဘူးက နဂါးပွက်တောင်ကြီးကို ၀င်ကြည့်ကြပါတယ်။ မင်းဘူးစက္ကိန်းတဲဘုရားကိုလည်း ၀င်ဖူးကြပါတယ်။ စက္ကိန်းတဲတောင်တော်ပေါ်မှာ သတင်းသုံးနေထိုင်တဲ့ စာရေးဆရာ သစ္စာမေတ္တာဆရာတော်ဘုရားကြီးကို ၀င်ရောက်ဖူးမျှော် ပူဇော်ကန်တော့ခဲ့ကြပါတယ်။ မကွေးမြို့ကို ည(၆း၃၀)မှာ ပြန်ရောက်ပါတယ်။ စာရေးဆရာ သာကီနွယ်သွေး(မကွေး)ရဲ့ ကပ်ကျော်ကျောင်း မှာ ရေမိုးချိုးပြီး၊ခေတ္တနား၊ ညစာစားကြပါတယ်။ ည(၈)နာရီမှာ ရွှေမန်းသူမှန်လုံကားနဲ့မန်းမီဒီယာအဖွဲ့ မန္တလေးသို့ ပြန်သွားကြပါတယ်..။
(မှတ်ချက်။ မန်းမီဒီယာအဖွဲ့အား မကွေးမှ ရွှေစက်တော်ဘုရားသို့ အသွား၊အပြန်ခရီးစဉ်ကို ကုသိုလ်ဒါနပြု ဧည့်ခံသူမှာ စာရေးဆရာ ကိုကိုလတ်(ဆည်းမြောင်း) ဖြစ်ပြီး စုစုပေါင်းကုန်ကျစားရိတ်ငွေ (နှစ်သိန်းနှစ်သောင်း)ကျပ် ကုန်ကျသုံးစွဲခဲ့ပါကြောင်း SHADE စာပေ၀ိုင်းမှ အထူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။)
ဒီတစ်ပတ် SHADE စာပေ၀ိုင်းက မှတ်သားစရာ စာပေစကား တစ်ခုကတော့ ပန်းချီဆရာ ကိုမင်းသူ ပြောပြတာကို တင်ပြပါရစေ..။ လူတွေဟာ ဒေါသ၊ မောဟ၊ သောက၊ လောဘတွေနဲ့ ပုထုဇဉ်လူသားတွေသာများပါတယ်။ ဒေါသကင်းအောင် လုပ်မယ်ဆိုရင် အားလုံးကို သက်မဲ့တွေလိုသာ သဘောထားကျင့်သုံးရမည် ထင် ပါကြောင်း အစချီပြီး သူငယ်ငယ်က ဖတ်ပြီး စွဲနေခဲ့ရတဲ့ စာရေးဆရာ သာဓု ရဲ့ (အမီနာ) ၀ထ္ထုတိုလေးပါ။ အကိုကြီး နာမည်နဲ့ ဇာတ်လိုက်ရယ်၊ ကားဒရိုင်ဘာ ကုလားတစ်ဦးရယ်၊ အမီနာ ဆိုတဲ့ကုလားမလေးရယ်၊ သူ့ယောင်္ကျား ရေထမ်းသမား ကုလားတစ်ဦးရယ် စုစုပေါင်း ဇာတ်ဆောင်(၄)ဦးပါ။ ရန်ကုန်မြို့၊ ခြံဝိုင်းကျယ်ထဲမှာ အကိုကြီး နဲ့ ကုလားကားဒရိုင်ဘာတစ်ဦးတို့ အတူနေကြပါတယ်။ အကိုကြီးက လူပျိုးကြီးတစ်ယောက်ပါ။ စကားနည်းသူ၊ သည်းခံတတ်သူ ဖြစ်ပါတယ်။ အကိုကြီးရဲ့ခြံဝိုင်းရှေ့ လမ်းမပေါ်မှာ အမီနာ ဆိုတဲ့ ကုလားမလေးနဲ့ ရေထမ်းရောင်းနေတဲ့ကုလား လင်မယား နှစ်ယောက်က ကွမ်းယာဆိုင်ကလေး တစ်ဆိုင်လာဖွင့်ပါတယ်။အဲဒီ အကိုကြီးက သူတို့လင်မယားကို ကြည့်ပြီးသနားပုံပေါ်နေပါတယ်။ ဒါနဲ့ ``ဟဲ့ အမီနာ နင်တို့ကွမ်းယာဆိုကို လမ်းပေါ်မှာဖွင့်မနေနဲ့ ငါ့ ခြံဝိုင်းအတွင်းဝင်ပြီး နေရာယူပြီးဖွင့်ပါ။ နင်တို့ကွမ်းယာဆိုင်ကလဲ မဖြစ်စလောက်လေးပါလား..။ ဆိုပြီး အကိုကြီးက ကွမ်းယာဆိုင်အတွက် ငွေငါးကျပ်ကို ထုတ်ပေးပါတယ်။ အဲဒီတုံးက ငွေငါးကျပ်ဆိုတာ နည်းတာ မဟုတ်ပါဘူး။ ကွမ်းယာဆိုင်လေး အတွက် တော်တော်ပြည့်စုံသွားပါတယ်။ ဒီလိုနဲ့ အမီနာတို့လင်မယား အကိုကြီးခြံဝိုင်းကို ကန့်ပြီး ကွမ်းယာရောင်း နေပါတယ်။ တစ်နေ့မှာ အကိုကြီးက၊ ဆိတ်သားစားချင်လို့ သူ့ကားဒရိုင်ဘာကုလားကို ဆိတ်သားဟင်း( တစ်မတ်ဘိုး)ကို ချိုင့်ကြီးနဲ့ အမြဲလိုလို အ၀ယ်ခိုင်းပါတယ်။ ဒရိုင်ဘာကုလား နဲ့ အမီနာတို့ ကုလားလင်မယားက အမျိုးအနွယ်တူ ကုလားလူမျိုးတွေပါ။ တစ်နေ့မှာ ဒရိုင်ဘာကုလား၊ အပြင်က၀ယ်လာတဲ့ဆိတ်သားဟင်းချိုင့်ကို အမီနာ ကွမ်းယာသည် ကုလားမလေးက ယူကြည့်ပါတယ်။ သူတို့ ကုလားလို့ မေးကြ၊ပြောကြပါတယ်။ အမီနာက ``ဟယ် နင်တို့ဆိတ်သားဟင်းကလည်း တော်တော်ညံ့လိုက်တာ´´တဲ့ အပေါစား မဆလာတွေနဲ့ချက်တာဘဲ..။ ငါက လတ်လတ်ဆတ်ဆတ် မဆလာကို ကိုယ်တိုင်ကြိတ်ပြီး ဆိတ်သားဟင်းကို ကောင်းကောင်းချက်တတ်ပါတယ်ကွယ်…။ ဒါပေမယ့် အကိုကြီးက ငါတို့ချက်တဲ့ ဆိတ်သားဟင်းကို စားမှာ မဟုတ်ပါဘူးနော်..။ လို့ အမီနာ က ဒရိုင်ဘာကုလားကို ပြောပါတယ်။ ဒီစကားကို ဒရိုင်ဘာကုလားက သူ့ဆရာ အကိုကြီးဆီ မြန်မာလိုပြန်ပြောပြပါတယ်။(အကိုကြီးကတော့ သြော် အေးအေး၊ ပဲလို့ စကားတစ်ခွန်းသာပြန်ပြောပါတယ်)။ သူ့တပည့် ကုလားကပြောလို့ နောက်တစ်နေ့ နံနက် မျက်နှာသစ်ပြီးချိန်မှာ အကိုကြီးဆိုသူက `ဟဲ့ အမီနာ နင်တို့ဆိတ်သားဟင်းချက်ရင် ငါ့ကို တစ်ခွက်ပေးစမ်းပါ..´။ ဆိုတော့ အမီနာ ကုလားမလေးက သိပ်ကိုဝမ်းသာသွားပါတယ်..။ ဒါနဲ့ အမီနာ က ဆိတ်သားဟင်းကို ကောင်းကောင်းမွန်မွန်ချက်ပြုပ် ထားပါတယ်။ သူ့ယောင်္ကျား ရေထမ်းတဲ့ကုလားကိုလည်း ခွင့်တောင်းပြီး အကိုကြီးကို ဆိတ်သားဟင်းတစ်ခွက်ပေးပါ တယ်။ သူကိုယ်တိုင်သွားပြီး အမီနာက ကျွေးပါတယ်။အကိုကြီကလည်း အမီနာရဲ့ဆိတ်သားဟင်းကို သိပ်ကြိုက်ပါတယ်။ဒါပေမယ့် အကိုကြီးကတော့ ဘာစကားမှ ဖွင့်လို့မပြောပါ။ အဲလိုနဲ့ တစ်ရက်ချန် နှစ်ရက်ချန်လောက်ကို အကိုကြီးဆိုသူက `ဟဲ့ အမီနာဆိတ်သားဟင်းချက်ရင် ငါ့ကိုတစ်ခွက်ပေးစမ်း´ ဆိုပြီး ခဏ ခဏတောင်းနေပါတယ်။ ကြာလာတော့ အမီနာကုလားမက သူ့ယောကျာင်္းကို ပြောပါတယ်။ အကိုကြီးကလည်း ဆိတ်သားဟင်းကို ခဏ ခဏ တောင်းနေတာဘဲ။ ဒီမှာ အလုပ်တွေတစ်ဖက်နဲ့ လွယ်တာမှ မဟုတ်တာကို လို့ပြောတော့ ရေထမ်းသမားကုလားယောင်္ကျားက `နင်ပဲ အစကတော့ အကိုကြီးကို ဆိတ်သားဟင်းချက်ကျွေးချင်ပါတယ် ပြောတာမဟုတ်လား..´။ လို့ သူတို့ကုလားလင်မယားရဲ့ ပြောကြားတဲ့စကားကို ဒရိုင်ဘာကုလားကကြားသွား ခဲ့ပါတယ်။ ဒါနဲ့ ဒရိုင်ဘာကုလားက အမီနာရဲ့ ပြောစကားကို သူ့ဆရာဆီ ဘာသာပြန်ပြီး ပြောကြားပြန်ပါတယ်။(အကိုကြီးကတော့ သြော် အေးအေး။ ပဲလို့ စကားတစ်ခွန်းသာပြန်ပြောပါတယ်)။ နောက်တစ်နေ့ `ဟဲ့အမီနာ ဆိတ်သားဟင်းတစ်ခွက်ပေးစမ်းလို့ မပြောတော့ပါ။´ အကိုကြီးတို့ ဆရာတပြည့်နှစ်ယောက် ခြံထဲကနေ သူတို့အလုပ်သို့ ကားနဲ့ ၀င်ထွက်သွားလာနေကြပါတယ်။ ယခင်လိုပဲ ဆိတ်သားဟင်းကို တစ်မတ်ဘိုး ချိုင့်နဲ့ဆွဲပြီး အပြင်က၀ယ်စားနေကြပါတယ်။ ရက်တွေ အတော်ကြာလာပြန်တာ့ အမီနာ က သူ့ယောင်္ကျားကုလားကို ပြောပြန်ရော့..၊ ``အကိုကြီးကလည်း တစ်လလောက်ရှိသွားပြီ ဆိတ်သားဟင်းကို မတောင်းပြန်တော့ဘူးနော်…။ဘာပြုလို့လဲ မသိဘူးနော်..။ ယခုလိုသာ အပြင်ကဆိတ်သားဟင်း တွေကိုသာ ၀ယ်စားနေရတာ ဘယ်ကောင်းလိမ် မလဲနော်…´´။လို့ ပြောနေကြပါတယ်။ သူတို့ လင်မယားစကားကို ဒရိုင်ဘာကုလားက ကြားပြန်ပါတယ်။ ဒါနဲ့ သူ့ဆရာ အကိုကြီးကို ဒရိုင်ဘာကုလားက အမီနာလင်မယားရဲ့ ပြောစကားတွေကို ပြန်ပြောပါတယ်။ (အကိုကြီးကတော့ သြော် အေးအေး။ ပဲလို့ စကားတစ်ခွန်းသာပြန်ပြောပါတယ်)။ ဒါပေမယ့် နောက်တစ်နေ့ မျက်နှာသစ်ပြီးတော့ `ဟဲ့ အမီနာ နင်တို့ဆိတ်သားဟင်းချက်ရင် ငါ့ကို တစ်ခွက်ပေးစမ်းပါ..´။ အကိုကြီးဆိုသူက အမီနာကကျွေးမယ်ဆိုရင်လည်းစားမယ်။ မကျွေးချင်ပြန်ဘူးဆိုရင်လည်း မစားဘူးဆိုပြီး (သြော်..အေးအေး။ ပဲလို့) သာပြောပြီး အမီနာပြောစကားများကို လောဘ၊ဒေါသ မဖြစ်ဘဲ မခံစားဘဲ အမီနာကို အသက်မယ့်သူလို သဘောထားတယ် ကျွန်တော်ထင်ပါတယ်။ စာရေးဆရာ သာဓုကတော့ လူသားအားလုံး၊ လောဘ၊ဒေါသတွေ ကင်းရှင်းစေအောင် အကိုကြီးဆိုသူ ဇာတ်ကောင် ကိုတင်ပြီး၊ အမီနာ ၀ထ္ထုတိုကလေးကို ရေးတားလားဆိုတာကတော့ စာဖတ်သူများ ကိုယ်တိုင်က တွေးခေါ်ကြည့်နိုင်အောင် ကျွန်တော်ပြန်လည်တင်ပြပြောဆို ပေးခြင်းဖြစ်ပါတယ်ခင်ဗျား..။ စာရေးဆရာ သာဓု ရေးတဲ့ ဒီ အမီနာ ၀ထ္ထုတိုကလေးကို လွပ်လပ်စွာ နားလည်ခံစားနိုင်ကြပါစေ..။ လောကကြီးကို စိတ်ရှည်၊သည်းခံမှု တရားတွေနဲ့ အလှဆင်နိုင်ကြပါစေ..ဟု ပန်းချီဆရာကိုမင်းသူက ခံစားမျှဝေသွားခဲ့ပါတယ်…။
စိတ် အဟာရ ပြည့်ဝအောင် ရှိတ်ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်

SHADE ဂျာနယ်၊ အတွဲ(၅)၊အမှတ်(၁၆)မှ ကူးယူဖော်ပြပါသည်။
READMORE
 

``သတင်းထောက်အောင်သူငြိမ်း(ခ) ကဗျာဆရာ ဧဇံ နှင့် မစုယဉ်နှင်း တို့၏ မင်္ဂလာဧည့်ခံပွဲ´´



``သတင်းထောက်အောင်သူငြိမ်း(ခ) ကဗျာဆရာ ဧဇံ နှင့် မစုယဉ်နှင်း တို့၏ မင်္ဂလာဧည့်ခံပွဲ´´

၂-၃-၂၀၁၁၊ ဗုဒ္ဓဟူးနေ့ မင်္ဂလာအချိန်၊နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့၊ ကပ်ကျော်ကမ္ဘာအေး ၀ိပဿနာဓမ္မရိပ်သာကျောင်းမှာကျင်းပသော မောင်အောင်သူငြိမ်း+မစုယဉ်နှင်း တို့၏ မင်္ဂလာဆွမ်းကျွေးပွဲ သို့ အမှတ်တရ သွားရောက်သတင်းရယူခဲ့ပါသည်။ SHADE ဂျာနယ်၊ မကွေးရုံးခွဲ၏ ပထမဆုံးအကြိမ် တက်ရောက်ချီးမြှင့်ပေးသော မင်္ဂလာပွဲဖြစ်၏။ ယင်းမင်္ဂလာပွဲသို့ မကွေးမြို့နယ်စာနယ်ဇင်း ဥက္ကဋ္ဌ မကွေးဝင်းမြင့်နှင့်အမှုဆောင်အဖွဲ့၊ ပန်းချီဆရာများ၊ ဂျာနယ်ပေါင်းစုံမှ တာဝန်ခံသတင်းထောက်များ၊ စာရေးဆရာ၊ကဗျာဆရာများ၊ ပညာရေးကောလိပ်နှင့် ကျောင်းပေါင်းစုံမှ ဆရာ၊ဆရာမများ၊ ဖိတ်ကြားထားသော နှစ်ဘက်မိဘများ၏ ဆွေမျိုးမိတ်သင်္ဂဟများဖြင့် စီကားသိုက်မြိုက်စွာ တက်ရောက်ကြပါသည်။
သတိုးသား မောင်အောင်သူငြိမ်းသည် (ELEVEN MEDIA GROUP) (Weekly Eleven News ဂျာနယ်မှ မကွေးသတင်းတာဝန်ခံ သတင်းထောက်) တစ်ဦးဖြစ်ကြောင်းသိရ၏။ မောင်အောင်သူငြိမ်း+မစုယဉ်နှင်း တို့၏ မင်္ဂလာဆွမ်းကျွေးဧည့်ခံပွဲမှာ ကျောင်းထိုင်ဆရာတော် စာရေးဆရာ သာကီနွယ်သွေး (မကွေး)၏ ကပ်ကျော်ကမ္ဘာအေးကျောင်း တွင် ကြွလာသမျှ ပရိတ်သတ်အား အလှူကြီးပေးနေသလို ကြက်သားဒန်ပေါက်များဖြင့် (အလှစားမဟုတ်၊အ၀စား) ဧည့်ခံကျွေးမွေး နေကြောင်း ထူးခြားစွာ မြင်တွေ့ခဲ့ပါသည်။(များသောအားဖြင့် မင်္ဂလာဆောင်ပွဲများသည် လက်ဘက်ရည်နှင့်ကိတ်မှုန့်ဖြင့်သာဧည့်ခံကျွေးမွေးလေ့ရှိကြ၏။)
သတိုးသားမောင်အောင်သူငြိမ်း နှင့် သတိုးသမီးမစုယဉ်နှင်းတို့သည် အသက်ရာကျော်ရှည်ကြပြီး အိုအောင်၊မင်းအောင် ရာသက်ပန်ပေါင်းသင်းနိုင်ကြပါစေကြောင်း၊ SHADE ဂျာနယ်မှ ဆုမွန်ကောင်းတောင်း၍ ဂုဏ်ပြုမှတ်တမ်းတင် သတင်းရယူခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

ကျွံကျနေသည့်လှည်းဘီးကို ၀ိုင်းကူ၍ တွန်းပေးကြပြီ


စာရေးဆရာ ရေနံ့သာအောင်ချမ်းဇော် အား
နှလုံးခွဲစိပ်ကုသနိုင်ရန် ကျွံကျနေသည့်လှည်းဘီးကို ၀ိုင်းကူ၍ တွန်းပေးကြပြီ

SHADE သတင်းဂျာနယ် အတွဲ(၅) အမှတ်(၁၂)၊မှ နေခြည်(မကွေး)ရေးသားသော (လှည်းဘီးကျွံနေသည် ကူ၍တွန်းပေးကြပါ) သတင်းကို ဖတ်ကြားပြီး အလှူရှင်များ ပေါ်ထွက်လာပါသည်။ ရန်ကုန်မြို့တွင် နှလုံးခွဲစိပ်ကုသရန်အတွက် ငွေကျပ်(၃၀)သိန်းခန့် ကုန်ကျမည်ဟု သိရ၍ ဆေးအလှူရှင်များအား ထပ်မံလိုအပ်လျှက်ရှိနေပါသည်။ သို့ပါ၍ စာရေးဆရာ အေးရွှေ(ကေတုမတီ) ဖုန်း (၀၉-၄၉၂၃၉၄၅၂ ) သို့ဆက်သွယ်လှူဒါန်းပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
ဆေးကုသိုလ် အလှူရှင်များမှာ (၁) စာရေးဆရာ အေးရွှေ(ကေတုမတီ) မိသားစုမှ ငွေကျပ်(၃၀၀၀၀၀ိ)သုံးသိန်း။(၂) ဦးဌေးလွင်ဦး+ဒေါ်အေးအေးမော် ဒု ညွှန်မှူး၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌါန၊ မြိုတ်မြို့မှ ငွေကျပ်(၂၀၀၀၀၀ိ)နှစ်သိန်း။ (၃) ဦးစံထွေး+ဒေါ်ခင်သန်းနု မိသားစု၊ ၂/၄ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့မှ ငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။ (၄) ဦးမြစိန် မိသားစု၊ မြန်မာအိုင်ကီကိုင်း၊ ၀ါးခယ်မလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့မှ ငွေကျပ်(၇၀၀၀၀ိ)ခုနှစ်သောင်း။ (၅)အရာခံ ဗိုလ်ကျော်စိုး+ဒေါ်နန်းကြမ်ဖောင် (ဆ.အ.တ- ၂)၊ တောင်ငူမြို့မှ ငွေကျပ်(၁၀၀၀၀၀ိ)တစ်သိန်း။ (၆) ဗိုလ်ကြီးအေးကို၊ ဧလာစီမံကိန်းလုပ်ငန်းခွင်၊မှ ငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။ (၇) ဒေါ်ဖြူဖြူစိုး၊ မူလတန်းပြဆရာမ၊မိထ္ထီလာမြို့မှ ငွေကျပ်(၃၀၀၀၀ိ)သုံးသောင်း။ (၈) ဒုအရာခံဗိုလ်လှမိုး (ဆ.အ.တ-၂) ငွေကျပ်(၁၅၀၀၀ိ)တစ်သောင်းငါးထောင်။ (၉) ဗိုလ်မှူးမျိုးဝင်း(ငြိမ်း)+ဒေါ်မဉ္ဇူ မိသားစု၊ နေပြည်တော် မှ ငွေကျပ်(၁၀၀၀၀၀ိ)တစ်သိန်း။ (၁၀) အရာခံဗိုလ်မြင့်လွင်+ဒေါ်ခင်စန်းဌေး မှ ငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။ (၁၁)ဗိုလ်ကြီးဝင်းမြင့် မိသားစု (ဆ.အ.တ-၂) မှငွေကျပ်(၁၅၀၀၀ိ)တစ်သောင်းငါးထောင်။ (၁၂)ဗိုလ်ကြီးမင်းသူအောင် (ဆ.အ.တ-၂) မှ ငွေကျပ်(၁၀၀၀၀၀ိ)တစ်သိန်း။ (၁၃) ဒုအရာခံဗိုလ် ၀င်းလှိုင် (ဆ.အ.တ-၂) မှ ငွေကျပ်(၂၀၀၀၀၀ိ)နှစ်သိန်း။(၁၄) ဒုအရာခံဗိုလ် စိုးဦး မိသားစု (ဆ.အ.တ-၂) မှ ငွေကျပ်(၅၀၀၀၀၀ိ) ငါးသိန်း။(၁၅) တောင်ငူမြို့ စာရေးဆရာများ သက်ကြီးပူဇော်ပွဲ ဖြစ်မြောက်ရေးအဖွဲ့ မှ ငွေကျပ်(၅၀၀၀ိ) ငါးထောင်ကျပ်။ (၁၆) မန္တလေးမြို့၊ တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ ကြည်လွင်မြင့်(မုဒြာ) မှ ငွေကျပ်(၁၀၀၀၀၀ိ) တစ်သိန်း။ (၁၇)စာရေးဆရာ တက္ကသိုလ်တေဇာလင်း မှငွေကျပ်(၁၀၀၀၀ိ)တစ်သောင်း။ (၁၈)စာရေးဆရာမောင်ဆူးမင်း (ချပ်သင်း) မှ ငွေကျပ်(၁၀၀၀၀ိ) တစ်သောင်း။ (၁၉)သတင်းထောက် သန်းဖေသား မှ ငွေကျပ်(၁၀၀၀၀ိ)တစ်သောင်း။ (၂၀)မကွေးမြို့ စာရေးဆရာ မောင်မောင်ကြည်သန့်(ရတနာမြေ) မှငွေကျပ်(၁၀၀၀၀၀ိ) တစ်သိန်း။ (၂၁) ဗိုလ်ကြီးမျိုးမောင်သိန်း (ဆ.အ.တ-၂) မှငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။ (၂၂) ဗိုလ်ကြီးသိန်းဇော် (ဆ.အ.တ-၂)မှ ငွေကျပ်(၃၀၀၀၀ိ)သုံးသောင်း။ (၂၄) ဗိုလ်ကြီးအောင်အောင်မျိုး (ဆ.အ.တ-၂)မှ ငွေကျပ်(၃၀၀၀၀ိ)သုံးသောင်း။ (၂၅) ဗိုလ်ကြီးဟိန်းဇော်ဖြိုး (ဆ.အ.တ-၂)မှ ငွေကျပ်(၂၀၀၀၀ိ)နှစ်သောင်း။ (၂၆) ဒုအရာခံဗိုလ် လှအောင်နှင့် ငွေစာရင်းဌါန မှ ငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။
စုစုပေါင်း ငွေကျပ်(၂၁၉၅၀၀၀ိ) နှစ်ဆယ်တစ်သိန်းကိုးသောင်းငါးထောင်ကျပ် တိတိလက်ခံရရှိထားကြောင်း သတင်းရရှိပါသည်။
နှလုံးရောဂါ ဝေဒနာရှင် စာရေးဆရာ ရေနံ့သာအောင်ချမ်းဇော် အား ဆေးကုသပေးနိုင်ရန်ကော်မတီအဖွဲ့မှာ ဥက္ကဋ္ဌ မကွေးဝင်းမြင့် မကွေးမြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့အလုပ်အမှုဆောင်များ၊ ဘဏ္ဍာရေးမှူးများ အေးရွှေ(ကေတုမတီ) နှင့် စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း) တို့ဖြစ်ကြောင်းသိရ၏။ ဆရာရေနံ့သာအောင်ချမ်းဇော်အား နှလုံးခွဲစိပ်ဆေးကုသရန် အတွက် ၂၀၁၁ ခု၊ မတ်လ(၂)ရက်နေ့တွင် မကွေးမြို့မှ ရန်ကုန်မြို့သို့သွားရောက်၍၊ ဆေးကုသခံယူမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မှတ်ချက်။ ။ (၂၅-၂-၂၀၁၁) နေ့အထိ ဆေးအလှူရှင်စာရင်းဖြစ်ပါသည်။ နောက်ထပ် ဆေးအလှူရှင်များစာရင်းအား ထပ်မံ၍ ဖော်ပြပေးသွားပါမည်။

ဝိုင်းကြည်အောင်

SHADE ဂျာနယ် အတွဲ(၅)၊ အမှတ်(၁၅) မှ တဆင့်ကူးယူဖော်ပြပါသည်။
READMORE
 

လူငယ့်အလင်းရောင် စာကြည့်တိုက် တစ်နှစ်ပြည့် စာအုပ်ပြပွဲ




လူငယ့်အလင်းရောင် စာကြည့်တိုက် တစ်နှစ်ပြည့် စာအုပ်ပြပွဲ
၂၆-၂-၂၀၁၁ နေ့ နံက်(၉)နာရီတွင် မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ (၁၆)လမ်း၊ အမှတ်(၁၅၃) မှာ လူငယ့်အလင်းရောင်စာကြည်တိုက် တစ်နှစ်ပြည့် စာအုပ်ပြပွဲ ကျင်းပကြောင်းသိရသည်။ ယင်းစာကြည့်တိုက်မှာ မကွေးဆေးတက္ကသိုလ်ကျောင်းသားများနှင့် အခြားတက္ကသိုလ်ကျောင်းသားများ စုပေါင်းဖွင့်လှစ်ထားကြောင်းသိရသည်။
စာကြည့်တိုက် အသင်းဝင်ကြေးတစ်နှစ်လျှင်(၅၀၀)ကျပ် နှင့် စာအုပ်အငှါးကဒ်တစ်စောင်လျှင်(၅၀၀)ကျပ် နှုန်းဖြင့် စာအုပ်ငှါးကဒ် တစ်စောင်မှာ စာအုပ်(၁၂)အုပ်ငှါးနိုင်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုစည်သူအောင် မှပြောကြားပါသည်။ စာအုပ်ငှါးရန်ကဒ်နှင့် အသင်းဝင်ကဒ် ပြုလုပ်လိုသူများမှာ ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံ၊ မှတ်ပုံတင်မိတ္တူ၊ မိဘ၊ ကျောင်းအုပ်ကြီး (သို့မဟုတ်) ရပ်ကွက် ဥက္ကဋ္ဌ ၏ ထောက်ခံစာဖြင့် ပြုလုပ်ငှါးရမ်းနိုင်ကြောင်း၊ ဤစာကြည့်တိုက်ကို (၂၆-၂-၂၀၁၀) နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီအား လူငယ်ကျောင်းသားများ ဖြင့် အခမဲ့ ဆောင်ရွက်လုပ်ကိုင်ကြောင်း၊ အသင်းဝင် (၁၀၀)ကျော် ခန့်လက်ခံထားကြောင်း၊ ကဗျာ၊၀ထ္ထု၊မဂ္ဂဇင်း၊ဂျာနယ်များ၊ မြန်မာ၊အင်္ဂလိပ်နှစ်ဘာသာဖြင့် သုတ၊ရသ၊ဘာသာရးနှင့် နည်းပညာစာအုပ်များ အစုံအလင်ထားရှိပါကြောင်း၊ တို့ကို စာကြည့်တိုက် ဥက္ကဋ္ဌ ကိုကျော်စွာအောင်၊ ဘဏ္ဍာရေးမှူး မခင်ဆုပိုင်ငြိမ်း နှင့် အတွင်းရေးမှူး မအေးမြတ်ဆုကျော် တို့မှ မကွေးစာနယ်ဇင်းအဖွဲအား ရှင်းလင်းပြောကြားသည်။
လူငယ့်အလင်းရောင်စာကြည့်တိုက် တစ်နှစ်ပြည့် စာအုပ်ပြပွဲအခမ်းအနားကို မကွေးမြို့နယ်စာပေနှင့်စာနယ်ဇင်း ဥက္ကဋ္ဌမကွေးဝင်းမြင့် မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြောင်း သတင်းရရှိခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း


မကွေးမြို့မှ SHADE စာပေ၀ိုင်း
၂၀-၂-၂၀၁၁ တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီ မှ ညနေ(၃း၃၀)နာရီ အထိ ဆုံနေကြ အချစ်ရွာဆိုင်မှာ ၀ိုင်းဖွဲ့ကြပါတယ်။ Shade စာပေ၀ိုင်း(၁၅)ကြိမ်မြောက် စာပေ၀ိုင်းပါ။ ဒီတစ်ပတ်ဧည့်သည်တော်များကတော့ ဆရာ ဦးဆွေ(ဒဿနိက)၊ ပန်းချီပညာရှင်ဆရာများဖြစ်ကြတဲ့ ပန်းချီမင်းသူ၊ ပန်းချီသူရိန်မြိုင်၊ ပန်းချီခင်မောင်တင့် နှင့် စာပေ၀ါသနာရှင် ကိုမြင့်ဇော်ဦး တို့ဖြစ်ကြပါတယ်။ ပင်တိုင် Shade စာပေ၀ိုင်းတော်သားများကတော့ ဆရာနေခြည်(မကွေး)၊ ဆရာလွမ်းထား(မကွေး)၊ ဆရာတင်လင်းဇော်၊ ဆရာဘိုမြင့်ရှိန်(အောင်လံ)၊ ဆရာမောင်ပင်နီ(ကျေးလက်)၊ ရေနံ့သာအောင်ချမ်းဇော် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းက လူစုံတက်စုံနဲ့ ပထမအကြိမ်အဖြစ်ရောက်လာသူများက တစ်ဝက်ဆိုတော့ SHADE စာပေစကားဝိုင်းရဲ့ ရည်ရွယ်ချက်၊နဲ့ စာပေစီစစ်ရေးမှ ဖြတ်သန်းထွက်ရှိလာကြတဲ့ ဂျာနယ်၊ မဂ္ဂဇင်း၊ လုံးခြင်းစာအုပ်များကိုသာ ဖတ်ကြားဆွေးနွေးပေးကြဖို့ကို ပြန်လည်ထပ်မံပြောဆိုရပါတယ်။ ယခင်အပတ်က Shade အယ်ဒီတာချုပ် ကိုသာဇော်နဲ့ မန္တလေး မီဒီယာအဖွဲ့ လာတုံးက ရွှေစက်တော်ခရီးစဉ်ကို ဆက်ပြောပါရစေ။
(၁၁-၂-၂၀၁၁)နေ့ နံနက်ပိုင်း(၇)နာရီမှာ ကျွန်တော်တို့အဖွဲ့ စာရေးဆရာ သာကီနွယ်သွေး(မကွေး)ရဲ့ ကပ်ကျော်ကမ္ဘာအေးဝိပဿနာဓမ္မရိပ်သာကျောင်းက ထွက်ခဲ့ကြပါတယ်။ မကွေးမြို့ထဲက တောင်ဇလပ်လဖက်ရည်ဆိုင်(၁) မှာ နံနက်စာ စားကြ သောက်ကြပါတယ်။နံနက်(၈)နာရီမှာ မန်းရွှေစက်တော်ဘုရားသို့ဆက်လက်ထွက်ခဲ့ကြပါတယ်။ ယခင်စီစဉ်ထားတဲ့ ဆရာ ကိုကိုလတ်(ဆည်မြောင်း)ရဲ့ ဟိုက်လပ်ကားနဲ့ဆိုရင် ကျွန်တော်တို့အဖွဲ့လုံးဝမဆန့်နိုင်ပါ။ Shade အယ်ဒီတာချုပ်ကိုသာဇော် နဲ့ မိခင်ကြီးရယ်၊ သူ့ညီမတစ်ယောက်ရယ်၊ ကိုသာဇော်ရဲ့ ချစ်ဇနီး နဲ့ ချစ်သမီးနှစ်ယောက်ရယ်၊ အထက်မြန်မာ သတင်းဂျာနယ်အယ်ဒီတာချုပ် ဆရာ နတ်မောက်ထွန်းရှိန်၊ စာရေးဆရာ တက္ကသိုလ်တေဇာလင်း၊ မောင်ဆူးမင်း(ချပ်သင်း)၊ သန်းဖေသား၊ သတင်းထောက်ချုပ်အောင်မြင့်မြင့်(စစ်ကိုင်း)၊ ဆရာစိုးဘားဒိုင်၊ ကဗျာဆရာမောင်သင်းပန်နဲ့ ကဗျာဆရာကလင့်(မန္တလေး) တို့က မန်းအုပ်စုပါ။ မကွေးအုပ်စုကတော့ ဆရာမောင်နန္ဒ(မြစ်ကြီးနား)၊ ကဗျာဆရာ နှင်းဦး(မင်းဘူး) (မှတ်ချက်-စားဖိုမှူး)၊နဲ့ စာရေးသူတို့ပါလာကြပါတယ်။ ရွှေစက်တော်မှာ ကျွန်တော်တို့ကို ကြိုဆိုသူများကတော့ မန်းရွှေစက်တော်ဂေါပက လူကြီး သတင်းထောက် ဆရာဝင်းဌေး(ဘဏ်)(မှတ်ချက်။ ရွှေစက်တော်မှ ဂေါပကလူကြီး၏မိတ်ဆွေ ကျွန်တော်တို့မှာ ဘာမှ အလကားမရခဲ့ကြပါ။)၊ ကြက်ခြေနီတပ်ခွဲမှူး ကိုလှဝင်း ခေါ် စာရေးဆရာ၊သတင်းထောက် ကောင်းသုတ(မင်းဘူး)၊နဲ့ ကာတွန်းဆရာအောင်ချမ်းမြေ့တို့က ဧည့်ဝတ်ကျေပွန်စွာနဲ့ ကြိုဆိုကြပါတယ်။
မန်းရွှေစက်တော်ဘုရားကို နံက်(၁၀)နာရီခန့်မှာ ရောက်ကြပါတယ်။ ကျွန်တော်တို့ငှါးလာတဲ့ လိုက်ထရပ်ကားက အမိုးအကာမပါတော့ ကားနောက်ပိုင်းက ဆရာစိုးဘားဒိုင်၊ ဆရာမောင်သင်းပန်၊ ဆရာမောင်ဆူးမင်း(ချပ်သင်း)၊ ကဗျာဆရာကလင့်(မန္တလေး) နဲ့ ဆရာနှင်းဦး(မင်းဘူး) တို့အားလုံး လူစင်စစ်ကနေ မျောက်ဖြူကြီးတွေဖြစ်သွားခဲ့ပါတယ်။ မန်းချောင်းရေထဲကို ဒိုင်ပင်ပစ်ပြီး ရေးချိုးလိုက်ပြန်တော့ လူမင်းသားလေးတွေပြန်ဖြစ်သွားပါရော့လား။ ကားပေါ်မှာ လူကြမ်းမင်းသား မောင်ဆူးမင်း(ချပ်သင်း) က ကဗျာဆရာ ကလင့်(မန္တလေး)ကို လည်ပင်းညစ်ပြီး လုပ်ကြံသတ်ဖြတ်နေပါသေးတယ်။ဘာများ အဝေမတည့်ဖြစ်ကြသလဲတော့ မသိပါ။ ရှိတ်ဂျာနယ်ရဲ့ စာမျက်နှာပေါ်ကရန်စလို့ အယ်ဒီတာချုပ်ကပြောပါတယ်။ ဆရာစိုးဘားဒိုင်ကတော့ တစ်လမ်းလုံး မှာ ငြိမ်နေပြီး ရွှေစက်တော် တောလားကို ဆက်ရေးမယ် လို့စိတ်ကူးနေပါတယ်။ ဆရာမောင်သင်းပန်နဲ့ ဆရာနှင်းဦး(မင်းဘူး) တို့နှစ်ဦးကတော့ လုပ်ကြံသတ်ဖြတ်နေတဲ့ မောင်ဆူးမင်း(ချပ်သင်း) တို့ကို ၀ိုင်းပြီးဆွဲနေကြပါတယ်။ ဆားပုလင်း မောင်နန္ဒ(မြစ်ကြီးနား) ကတော့ လမ်းကြေး၊တံတားကြေးကောက်ခံတဲ့ ဂိတ်ဝင်တိုင်းမှာ ဓာတ်ခဲအားကုန်နေတဲ့ သူ့ရဲ့စကားပြောစက်ကြီးကိုမြှောက်ပြလို့ ပါးစပ်မှာတေ့တေ့ပြီး ( ရထား ရထား မိုးပြာရှိလား ငါတို့ ဒီ….မှာရောက်နေပြီ။ ဒီ…နေရာကိုဖြတ်သွားနေပြီ) ဆိုပြီးအော်ပြောနေပါတယ်။ သတင်းထောက် သန်းဖေသားကတော့ အသွား အပြန်လမ်းမှာ ဟန်းဖုန်းတကိုင်ကိုင်နဲ့ မန္တလေးကိုဖုန်းဆက်နေပါတယ်။ဘယ်သူ့ဆီကိုဆက်တယ်ဆိုတာကတော့ သူကလွဲလို့ဘယ်သူမှ မသိရပါ။ တက္ကသိုလ်တေဇာလင်းကတော့လမ်းခရီးမှာ တောတောင်သဘာဝ ရဲ့ အနုအလှ အကြမ်း၊လွမ်းမောဖွယ်ရာများကို စာတစ်အုပ်ဖြစ်အောင် စိတ်ကူးနဲ့ရေးနေပါတယ်။ အယ်ဒီတာချုပ် ကိုသာဇော်ကတော့ သူ့ရဲ့ချစ်ဇနီးနဲ့ ချစ်သမီးနှစ်ဦးတို့ကို စောင်ကြီးနဲ့ဖြန့်ခြုံထားပေးပြီး ဖခင်မေတ္တာကို အပြည့်အ၀ထားပြနေ ဟန်တူပါတယ်။ ဖြစ်ရပ်အမှန်များကို မှတ်တန်းတင် ဓာတ်ပုံရိုက် သတင်းရေးနေသူကတော့ သတင်းထောက်ချုပ် အောင်မြင့်မြင့်(စစ်ကိုင်း) ပါ။ အကာအရံမပါတဲ့ကားပေါ်မှာ ခဏ ခဏထထပြီးဓာတ်ပုံရိုက်နေလို့ ဆရာနတ်မောက်ထွန်းရှိန်က သူ့ရဲ့ခါးကိုဆွဲထားရပါတယ်။ ဒီလိုနဲ့ မန်းရွှေစက်တော်ကို ရောက်ခဲ့ပြီး ဘုရားဖူးလာသူတိုင်းမှာ တွယ်ကပ်ပါလာကြတဲ့ ရန်တွေ အပူတွေ လောဘ ဒေါသ သောကတွေအားလုံးကို မန်းရွှေစက်တော်ဘုရားရဲ့ မန်းချောင်းရေနဲ့ ချိုးပြီး ရှင်းလင်းလိုက်ကြပါတယ်။
မန်းချောင်းရေကို မန်းမီဒီယာအဖွဲ့က၊ တ၀ကြီးချိုးကြပြီး စာရေးသူအိုးသူကြီးမှ နေ့ထမင်းကြီးနဲ့ တည်းခင်း ကျွေးမွေးဧည့်ခံရပါတယ်။ မန်းမီဒီယာအဖွဲ့က အားရပါးရစားကြပါတယ်။ ဆန်တစ်ပြည်ခွဲချက်နဲ့ ကြက်သားတစ်ပိဿာချက်ကို တနပ်တည်းနဲ့ ကုန်ပါတယ်..။ စာရေးသူနဲ့ စားဖိုမှူး နှင်းဦး(မင်းဘူး) တို့ ညနေစာအတွက် ဈေးဝယ်ထွက်ခဲ့ရပြန်ပါတယ်..။ ဈေးဝယ်ရင်း ကြက်ရှာထွက်ရတဲ့ အကြောင်း၊ မန်းရွှေစက်တော်မှာ ဘုရားဖူးတာနဲ့ မန်းချောင်းရေချိုးကြရတာသာ အလကားရကြောင်းတို့ ကို နောက်တစ်ပတ်မှ ဆက်ပြီးပြောပါရစေတော့..။
ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းက မှတ်သားစရာတစ်ခုကိုတင်ပြလိုပါတယ်။ဆရာနေခြည်(မကွေး) ပြောကြားတဲ့ ၂၀၀၂ ခု ခံစားသူများအကြိုက် ဥတ္တရလမင်း စီစဉ်တဲ့ ၀ထ္ထုတိုပေါင်းချုပ် စာအုပ်ထဲက စာရေးဆရာမဂျုးရဲ့( အ၀ါရောင် ရထား) ၀ထ္ထုကို တင်ပြပါ့မယ်။ ဒီနေ့စာပေ၀ိုင်းကို ရောက်လာသူများက စာဖတ်တော်တော်နာသူများလည်းပါနေတာကိုတွေ့ ရပါတယ်။ကျွန်တော်ပြောတာကို ခံစား ဖတ်ကြားပြီးဖြစ်နေရင်တော့ သီးခံ နားထောင်ပေးစေလိုပါတယ်။ဒီဝထ္ထုလေးက ဆရာမဂျူးရဲ့ တသီးပုဂ္ဂလိက ခံစားချက်ကလေးကို တင်ပြတာထင်ပါတယ်။ ဒါပေမယ့် အများနဲ့လည်း အကြုံးဝင်ပြီး တိုက်ဆိုင်နေလို့ တင်ပြပေးလိုက် ရပါတယ်။ ဇာတ်လမ်းလေးက ဇာတ်ကောင်တွေကတော့ ဒေါက်တာနီလာ၊ ကလေးလေးတစ်ယောက်၊ ရထားသံလမ်း၊ သူပိုင်ကားတစ်စင်း၊ အ၀ါရောင်ရထားရယ် သူငယ်ချင်း ဒေါက်တာမူယာ တို့ဖြစ်ပါတယ်။ သူပြောချင်တာက ဒေါက်တာနီလာက မချမ်းသာဘူး။ဒေါက်တာနီလာကဆင်းရဲတယ်။ ရတဲ့ငွေများကို စုဆောင်းပြီး(၅ )သိန်းတန်ကားလေးတစင်းကိုဝယ်ဖြစ်တယ်။ ကံကောင်းထောက်မပြီး ယနေ့သိန်း(၁၀၀)ကျော်တန်နေပါပြီ။ ပြည်သူ့ဆေးရုံးကြီးတခုမှာ အလုပ်လုပ်တယ်၊ ပရဟိတလူမူရေးစိတ်ရှိတယ်။ သူ့သူငယ်ချင်းဖြစ်တဲ့ ဒေါက်တာမူယာက လူချမ်းသာတစ်ဦးနဲ့ညားပြီး သူဌေးတစ်ဦးရဲ့ ဇနီးဖြစ်တယ်။ပရဟိတ လူမှုရေးစိတ်မရှိသူဖြစ်တယ်။ ရွှေတိဂုံဘုရား ထီးတင်ပွဲမှာ သူ့ဝတ်ထားတဲ့ ပတ္တမြားလက်စွပ်ကို ချွတ်ပြီးလှူဒါန်းတဲ့သူဖြစ်တယ်။ ဒေါက်တာမူယာက၊ ဒေါက်တာနီလာရဲ့အိမ်မှာလာစဉ်အခါ ဒေါက်တာနီလာက ငွေသုံးသောင်းကျပ်ကို နှစ်ထုပ်ခွဲနေပါတယ်။ တစ်ထုပ်က မရှိဆင်းရဲသားတွေအတွက် ဆေးကုပေးဖို့၊ တစ်ထုပ်ကတော့လူနာတွေကို ထမင်းကျွေးဖို့ဆိုပြီး တစ်သောင်းခွဲဆီ ထုပ်ထားကြောင်း ပြန်ပြောပြတယ်။ ဒေါက်တာမူယာများ သူလို ပရဟိတစိတ်များ ၀င်မလားလို့ ပြောခြင်းဖြစ်တယ်။ စကားပြောကြရင်း အပြင်မှာ တခုခုစားဖို့ ဒေါက်တာနီလာရဲ့ကားလေးနဲ့ ထွက်ခဲ့တယ်။ရထားလမ်းဘေးက ကော်ဖီဆိုင်တစ်ဆိုင်မှာ ထိုင်ဖြစ်ကြတယ်။ ရထားသံလမ်းဟောင်းထိပ်မှာ ဒေါက်တာနီလာရဲ့ကားလေးကိုရပ်ထားခဲ့ပါတယ်။ ရထားသံလမ်ပေါ်ကို အ၀ါရောင်ရထားတစ်စင်းက အရှိန်ပြင်းစွာနဲ့မောင်းလာတယ်။ ရထား ဦးတည်ရာတည့်တည့်မှာ ကလေးလေးတစ်ယောက်က ထိုင်နေပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာနီလာနဲ့ ဒေါက်တာမူယာတို့နှစ်ဦးက စိုးရိမ်ကြီးစွာနဲ့ ကြည့်နေမိကြတယ်။ ဒေါက်တာနီလာက ကလေးကိုပြေးပြီးရွှေ့ဖို့ အချိန်ကလည်းမမှီနိုင်ပါ။ တစ်ခုတော့ရှိတယ် အဲဒီရထားကြီးကို လမ်းကြောင်းလွှဲပေးတဲ့ သံလမ်းတစ်ခုရှိပါတယ်။ ကလေးဆီကို ရထားမရောက်အောင် အဲဒီသံလမ်းလွှဲ ကို ရှန်တိန်လုပ်ပြီး ပြောင်းပေးလိုက်မယ်လို့ စိတ်ကူးလိုက်တော့ ရထားလမ်းခွဲရဲ့ထိပ်မှာက ဒေါက်တာနီလာပိုင် ကားလေးကိုရပ်ထားပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာနီလာက ရထားကို သံလမ်းလွှဲဖို့ တွန့်ဆုတ်နေမိပါတယ်။ သူပိုင်တဲ့ကားကလေးကို ရထားတိုက်ပစ်မှာ သေချာနေပါတယ်။ ဒေါက်တာနီလာရဲ့တွန့်ဆုတ်နေတဲ့ လုပ်ရပ်ကို ဘေးကပါလာတဲ့ ဒေါက်တာမူယာ က မျက်စောင်းကြီးထိုးပြီး အပစ်တင်နေပါတယ်။ နင်တကယ်တန်း ကလေးကို ကူညီချင်ပါတယ်ဆိုရင် နင်ကားလေးကို ဘာလို့နှမြောနေတာလဲ၊ ငါသာဆိုရင် ငါ့သိန်းသုံးရာကားကိုတောင် အပျက်အစီး အဆုံးရှုံးခံပြီး ဒီကလေးအသက်ကိုကယ်ပါမယ်။ ဆိုပြီး အပစ်တင်နေပါတယ်။ ဒေါက်တာနီလာကပြောပါတယ်၊ ငါကတော့ ဒီကိစ္စမှာ ငါ့ကားကိုအဆုံးရှုံးမခံနိုင်ပါ။ မင်းက ဘာတစ်ခုမှ ပရဟိတစိတ်နဲ့ အများအတွက်ကို လုံးဝမလုပ်ခဲ့၊ မလှူခဲ့တဲ့သူက သိန်းသုံးရာတန်ကားကြီးကို အဆုံးရှုံးခံမယ်ဆိုတာ ငါမယုံပါဘူး..။ စတဲ့ အငြင်းအခုံဖြစ်နေစဉ်မှာ လူတစ်ဦး သူတို့ဆီကို ရောက်လာပါတယ်။ ခင်ဗျားတို့ဘာပြောနေကြတာလည်းလို့ မေးပါတယ်။ ဒီသံလမ်းကြီးက အသုံးမပြုတဲ့ သံလမ်းကြီးပါ။ ခင်ဗျားတို့ ပြောတဲ့ ကလေးကလည်း မရှိပါဘူး လို့ ပြောဆိုရင်း ဒီ(အ၀ါရောင် ရထား)၀ထ္ထုကို အဆုံးသတ်သွားပါတယ်။ စာဖတ်သူများ အမြင် အမျိုးမျိုးနဲ့ ခံစားနားလည်နိုင်ကြပါစေ..။လို့ နေခြည်(မကွေး) က ခံစားပြောဆိုသွားပါတယ်။
နောက် စာပေ၀ါသနာရှင် စာဖတ်နာသူ ကိုမြင့်ဇော်ဦးကတော့ ဒီရှိတ်စာပေ၀ိုင်းရှိနေတာကို ပန်းချီဆရာကိုမင်းသူက ပြောပြပါတယ်။ အဲဒီအချိန်ကထဲက ရှိတ်စာပေ၀ိုင်းကို လာချင်နေတာ ကြာခဲ့ပါပြီ။ ယခုရောက်လာခဲ့ပြီး ဆရာတို့ ရှိတ်စာပေ၀ိုင်းက တော်တော်လေး ကောင်းနေတာတွေ့မြင်ရပါတယ်။ ကျွန်တော် မဖတ်ရသေးတာတွေကို ကြားရတဲ့အတွက် များစွာ အကျိုးရှိပြီး အထူးကျေးဇူးတင်ပါတယ်။ ဒါကြောင့် ကျွန်တော်ဖတ်ခဲ့ရတဲ့ စွဲနေတဲ့ ဆရာနေ၀င်းမြင့် ပြောပြတာလေးတခုကို ပြန်ပြောပါရစေ။ ကြား သိဖူးသားဖြစ်နေရင်လည်း ထပ်မံကြားသိနိုင်ကြပါစေ..။ ဆရာနေ၀င်းမြင့်ရဲ့ ဘကြီးဦးချစ်မောင်က စာမတတ်တဲ့အကြောင်း၊ ဒါပေမယ့် တနေ့မှာ ဆရာနေ၀င်းမြင့်ဆီကို သူ့ရဲ့ဘကြီးဦးချစ်မောင်က သူ့သူငယ်ချင်းကိုသံလုံးဆီကို စာရေးထားတဲ့စာတစ်စောင်ကို ပေးလိုက်ပါတယ်။ ဟာ ငါ့ဘကြီးက စာမတတ်ဘဲ ဘယ်လိုများစာရေးတာလည်းဆိုပြီး သိချင်နေပါတယ်။ လမ်းမှာ ဖောက်ကြည့်ပါတယ်။ ဘကြီးရေးထားတာကတော့ (ပထမ ဒုတ်ချောင်းလေး // နှစ်ချောင်း၊ ဒီဘက်မှာ အစက်ကလေး .. နှစ်စက်၊ နောက်က လခြမ်းလေးက ကွေးကွေးလေး၊အဲ သူနောက်က . . အစက်ကလေးနှစ်စက်၊နောက် နွားရုပ်ကလေးရေးထားပါတယ်၊ သူ့နောက် ထန်းတောလေးရေးထားပါတယ်၊ ထန်းတောလေးနောက်မှာ ထမင်းအိုးလေး အငွေ့ငွေ့တစ်ထောင်းထောင်းနဲ့ရေးထားပြီး ဒီနောက်မှာ လေးတိုင်စင်လေး ရေးထားပါတယ်။ အောက်ဆုံးကျတော့ ၀လုံးလေးထဲကို ခဲတံလေးနဲ့ မဲနေအောင်ချယ်သထားပါတယ်။ ) ဆရာနေ၀င်းမြင့် စာကိုကြည့်ပြီး လုံးဝစဉ်းစားလို့မရဖြစ်နေပါတယ်။ ဘကြီးချစ်မောင်က စာမတတ်သလို ဦးသံလုံးကလည်း စာလုံးဝမတတ်တဲ့သူပါ။ ဒါနဲ့ ဦးသံလုံးထံကို စာပေးပြီး အဓိပ္ပါယ်ကို မေးရပါတယ်။ ဘာသာပြန်ခိုင်းရပါတယ်။ ( ဟာ ငါ့သူငယ်ချင်းက လဆန်း၂ ရက်နေ့လာမယ်တဲ့၊ ငါ့ရွာမှာ ခဏနေမယ်တဲ့၊ နွားချင်းလဲဖို့ကိစ္စတဲ့၊ ထန်းရည်လေး ဘာလေးသောက်ပြီး ငါ့အိမ်မှာ ထမင်းစားအုံးမယ်တဲ့ကွ၊ ရွာဘုရားပွဲမှာ ပွဲရှိနေတော့ ပွဲလည်းကြည့်ပါအုံးမယ်ဆိုဘဲကွ။) လို့ ဦးသံလုံးက ဘာသာပြန်ပါတယ်။ ဒါဆိုရင် အောက်က အ၀ိုင်းလေးကို အမဲလေးချယ်ထားတာကဘာတုံးလို့ ဆရာနေ၀င်းမြင့်က မေးရပါတယ်။ ဟ ကောင်ရ အဲဒါ ငါ့နာမည်က သံလုံးဆိုတော့ သံလုံးရေလို့ ပြောတာကွ လို့ ၀မ်းသာရွှင်လန်းစွာနဲ့ အားရပါးရ ပြောဆိုနေကြပါကြောင်း ဆရာနေ၀င်းမြင့်ကပြောပြပါတယ်။) ဆရာနေ၀င်းမြင့်က ဒီလောက်တင် ဆိုချင်တာမဟုတ်လောက်ပါဘူး။ စာမတတ်ကြသော်လည်း ကျွန်တော်တို့မြန်မာတွေဟာ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးမှု ချစ်ခင်မှု ကူညီရိုင်းပင်းမူတွေက ရှေးပဝေသဏီကအစ ယနေ့အထိရှင်သန်ထက်မြက် သီးခံတရားတွေ ပွားများကြပါကလား လို့ ဆိုချင်တာ ဖြစ်ပါလိမ့်မယ်ခင်ဗျား…။ လို့ စာဖတ်သူ စာပေ၀ါသနာရှင် ကိုမြင့်ဇော်ဦး က ပြန်လည်ဖောက်သည်ချပြီး ပြောဆိုသွားခဲ့ကြပါတယ်။
စိတ် အဟာရပြည့်ဝအောင် ရှိတ်ဂျာနယ်ကိုဆောင်လို့ ဘ၀ရဲ့ သုတ ရသစုံတဲ့ ရှိတ်စာပေ၀ိုင်းကို သွားကြပါစို့….။
ရွှေလမ်းငွေလမ်းဝင်းကြည်

SHADE ဂျာနယ် အတွဲ(၅) အမှတ်(၁၅) မှ တဆင့်ကူးယူဖော်ပြပါသည်။
READMORE