`အချို့လမ်းတံတားဂိတ် B.O.T များမှာ တန်ပိုယဉ်များအား တရားစွဲဆိုရန် အထက်မှညွှန်ကြားထားသော်လည်း ဒါဏ်ကြေးငွေများကောက်ခံနေသည် ဟုသိရ´

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း(ရုံးချုပ်)၊ ခွန်၊ထိန်း/ကျောက်ထုတ်ဦးစီး မှ စာအမှတ် ၁၇၄၉/ ခွန်၊ထိန်း/လုံစည်း/ ၂၀၁၂/ထုတ်(၁) ရက်စွဲ ၂၀၁၂ စက်တင်ဘာလ(၇)ရက်ဖြင့် တန်ပိုတားဆီးရေးလုပ်ငန်းများစစ်ဆေးကြပ်မတ်ရေးကိစ္စ အား သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးမှ အင်ဂျင်နီယာမှူးကြီးများထံသို့ စာထွက်၍ အကြောင်းကြားထားကြောင်း သတင်းရရှိပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းမပေါ်ရှိ လမ်း/တံတားဂိတ်များတွင် ဖြတ်သန်းသွားလာသည့် ယာဉ်များနှင့်ပတ်သက်၍ လမ်း/တံတားလုံခြုံရေးနှင့် စည်းကမ်းထိမ်းသိမ်းရေးဆောင်ရွက်ရာတွင် (၆-၉-၂၀၁၂)နေ့ ၀န်ကြီးရုံး၌ ကျင်းပပြုလုပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအား ဦးဆောင်ညွှန်ကြားရေးမှူးမှ ဤသို့ လမ်းညွှန်မှာကြားထားပါသည်။ (က) (ယာဉ်+ကုန်) (၁၆)တန်နှင့်အထက်ယာဉ်များ ယခင်အတိုင်း ဆက်လုပ်ရန်နှင့် တန်ပိုပါက တရားစွဲ အရေးယူဆောင်ရွက်ရန်။ (ခ) (ယာဉ်+ကုန်) (၁၃)တန် ကုန်းလမ်းပို့ဆောင်ရေးပိုင် ယာဉ်များ (၁၅)တန်အထိ ယာယီပေးထားရန်။ (မှတ်ချက်။ အဆိုပါသတ်မှတ်ချက် အပိုဒ်ခွဲ(ခ)အား စက်တင်ဘာ(၁၂)ရက်၊ စာအမှတ် ၁၇၆၀/ ခွန်၊ထိန်း/လုံစည်း/ ၂၀၁၂/ထုတ်(၁) ဖြင့်ပြန်လည်ပြင်ဆင်သည်။ အခြား (ယာဉ်+ကုန်) (၁၃)တန်မှ (၁၆)တန်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌါနမှ သတ်မှတ်ပေးသည့် VIC ၊ ၀ှီးတက်ပါ (ယာဉ်+ကုန်) သတ်မှတ်တန်ချိန်အတိုင်းသာ ခွင့်ပြုပေးသွားရန် ဖြည့်စွက်ပေးပို့ထားသည် ဟု သိရသည်။) (ဂ) သစ်၊ ၀ါး၊ သဲ၊ ကျောက်၊ အုတ်၊ ဘိလပ်မြေ၊ သံချောင်း၊ စက်သုံးဆီ၊ မြေဆီ၊ ကျောက်မီးသွေးတင်ယာဉ်များအား ယခင်အတိုင်း တန်ပိုးဖြတ်သန်းခွင့်မပြုရန်နှင့် တန်ပိုပါက တရားစွဲရန်။ (ဃ) (ယာဉ်+ကုန်) ၁၀တန်အောက်ကားများ (ဒိုင်နာ၊ ကင်တာ၊ ဟိုပ်လပ်၊ ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်) စသည့်ယာဉ်များ ကတ္တာတက်၍ ချိန်တွယ်ခွင့်မပြုဘဲ ပုံမှတ်ဖြတ်သန်းစေရန်နှင့် ယာဉ်ပေါ်တွင် ကုန်များ အလွန်အကျွံမတင်ရေး သတိပေးဆောင်ရွက်သွားရန်။ သို့ဖြစ်ပါ၍ ဌာနကြီးများ အစည်းအဝေးတွင် လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ရန်အတွက် မိမိသက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ B.O.Tလမ်းတံတားဂိတ်များနှင့် လေလံ လမ်း/တံတားဂိတ်များသို့ ထပ်ဆင့်ညွှန်ကြား သွားရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြောင်းကြားထားကြောင်း သတင်းရရှိပါသည်။ သို့ပါသော်လည်း အချို့ B.O.Tလမ်းတံတားဂိတ်များမှာ ထော်လာဂျီများအား ဖြတ်သန်းခွင့်မပေးခြင်း၊ (၁၀)အောက် ယာဉ်များအား ကတ္တားမချိန်တွယ်ရန်တားမြစ်ထားသော်လည်း ၎င်းကတ္တားပေါ်သို့တက်ရန် ခြိမ်းခြောက်၍ လာဘ်ငွေ တောင်းခံခြင်းများ ပြုလုပ်နေကြောင်း၊ ကတ္တားပေါ်သို့ အတင်းတက်ခိုင်း၍ တန်ပိုပါလျှင် အဆိုပါဂိတ်များတွင် ဒါဏ်ငွေများ ကို တရားမ၀င် လက်ခံရယူနေကြောင်း ထော်လာဂျီပိုင်ရှင်များထံမှ စုံစမ်းသိရှိပါသည်။ အဆိုပါကိစ္စများအား သိရှိပြီး ဒါဏ်ငွေတောင်းခံ၍ ပေးဆောင်လိုက်ရသော ထော်လာဂျီပိုင်ရှင်တစ်ဦးမှ တံတားဖြတ်သန်းခ(၇၀၀ိ)+ ဒါဏ်ကြေး (၇၀၀၀ိ) လက်မှတ်နှင့်အတူ မြန်မာပို့စ် သို့လာရောက်ပြသပြီး အောက်ပါတိုင်းပြောဆိုပါသည်။ `` ကျွန်တော်က စကုမြို့ဈေးရပ်ကပါ။ မကွေး-စကု နေ့စဉ် ဒီထော်လာဂျီနဲ့ ကုန်မျိုးစုံသယ်ဆောင်ပေးနေတာပါ။ (၂၀-၉-၂၀၁၂) နေ့မှာ ဧရာဝတီတံတား၊ ကောင်းမွန်(မကွေး) ဆောက်လုပ်ရေးကုမ္ပဏီ တံတားဂိတ်မှာဖြစ်တာပါ။ သူတို့က ကျွန်တော့်ထော်လာဂျီကို တန်ပိုတင်တယ်ဆိုပြီး ကတ္တားပေါ်အတင်းတက်ခိုင်းပါတယ်။ ကျွန်တော်ကလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ စက်တင်ဘာ(၇)ရက်နေ့က ထုတ်ပြန်ထားတဲ့ စာကိုသိနေတော့ `ဟ´ ငါတို့ ထော်လာဂျီတွေ ကတ္တားမတင်ရဘူးလို့ပြောထားပါတယ်..ဆိုတော့ ` ကတ္တားမတင်ချင်ရင် မင့်ထော်လာဂျီကို ဘေးချပြီးရပ်ထားလိုက်´လို့ အဲဒီဂိတ်က စွပ်ကျယ်အင်္ကျည်းဝတ်ထားတဲ့ ဂိတ်ကလေးတွေခေါ်သူ ဗိုလ်ကြီးဆိုသူက ပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း မြန်မြန်သွားချင်တာနဲ့ သူတို့ခိုင်းတဲ့အတိုင်း ကတ္တားချိန်လိုက်ပါတယ်။ တန်ပိုဒါဏ်ကြေးငွေ(၇၀၀၀ိ) တောင်းပါတယ်။ တံတားဖြတ်ခ(၇၀၀ိ)၊ စုစုပေါင်း(၇၇၀၀ိ)ပေးပြီး အဲဒီလိုဆိုရင် ဘောက်ချာပေးပါလို့ကျွန်တော်ကတောင်းတော့ တံတားက မပေးဘူးလို့ ညင်းဆိုနေကြပါတယ်။ ဘောက်ချာပြေစာ မပေးရင် မဆောင်နိုင်ဘူးလို့ ဆိုတော့မှ ယခု ဘောက်ချာပြောစာ ကို ထုတ်ပေးပါတယ်ဗျာ..။ `ဒီတခါတော့ ဘောက်ချာပေးလိုက်မယ်။ နောက်တစ်ခါဆိုရင် ဘောက်ချာမပေးဘူး။ တန်ပိုလည်းတင်မလာနဲ့ လို့ပြောပါတယ်။´ ဒီလိုပဲ ကျွန်တော့်လို ဒါဏ်ငွေဆောင်ရတဲ့ ဘ၀တူ ထော်လာဂျီတွေလည်း ရှိနေကြပါသေးတယ်ဗျာ..။ ခံရတဲ့ထော်လာဂျီတွေက နားမလည်ကြတော့ သူတို့ လုပ်သလို တောင်းသလို အကြိမ်ကြိမ်ခံ နေကြရပါတယ်ဗျာ….။ ´´ ဟု ဌ/……..ထော်လာဂျီမောင်းသူ ကိုကျော်ဆန်းဦး မှ ဒါဏ်ကြေးဆောင်ခဲ့ရသော ဘောက်ချာမိတ္တူနှင့်အတူ မြန်မာပို့စ်သို့ လာရောက်ပြောဆိုသည်။
 

0 comments: