`မကွေးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း နှင့် အသစ်တို့၏ အမှုများကြောင့် သီးနှံများကို (အချိန်မီ)ရိတ်သိမ်းခွင့် မပြု၍ တောင်သူများသောက နှင့်ဒေါသများနေရ´
မကွေးမြို့နယ် ကမ်းရင်ကျေးရွာ နှင့် သဖန်းဆိပ်ကျေးရွာတို့ အငြင်းပွားနေသော မြေနုကျွန်းကွင်းအမှတ်(၁၆၂၉) တွင် ကမ်းရင်ရွာသား မြေယာမဲ့တောင်သူ(ရေလုပ်သားအချို့နှင့် လက်လုပ်လက်စား(ကူလီ) (၄၃)ဦးတို့သည် ၎င်းမြေနုကျွန်းပေါ်သို့ စိုက်ပျိုးခဲ့ကြသည်ဟု သိရသည်။ စိုက်ပျိုးခဲ့သော သီးနှံများမှာ ပန်းနှမ်း၊ နေကြာ နှင့် မြေပဲတို့ကို စိုက်ပျိုးခဲ့ကြသည်ဆိုကြ၏။ အဆိုပါ မြေနုကျွန်းကို ရွာနှစ်ရွာ အငြင်းပွားပြီး တရားရုံးသို့ တရားစွဲဆိုထားကြောင်းသိရသည်။ ၎င်းမြေနုကျွန်းပေါ်တွင် စိုက်ပျိုးစဉ်က မည်သူတစ်ဦး တစ်ယောက်ကမျှ တားဆီးပိတ်ပင့် ခြင်းမရှိခဲ့ကြဟု ဆိုသည်။ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ပွဲတွင် ကမ်းရင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးအသစ်ကို ရွေးချယ်နိုင်ခဲ့၏။ ထိုအချိန်မှ စတင်၍ ကမ်းရင်ကျေးရွာတွင် အုပ်ချုပ်ရေးမှူး အဟောင်း အသစ်တို့ မကြေနပ်မှုများဖြစ်ပြီး အပြန်အလှန် တရားစွဲဆိုကြသည်ဟု သိရသည်။
ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ဦးကျော်ဇင် ပါ သုံးဦးတို့ကို အဆိုပါမြေနုကျွန်းပေါ်မှာ ကျူးကျော်စိုက်ပျိုးခဲ့မှု ဖြင့် တရားစွဲဆိုခဲ့သည်ဟု သိရ၏။ ကမ်းရင်ကျေးရွာမှ ရွာသား ဦးဖိုးဆိတ် ကလည်း အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့် ကို ကျောင်းပြင်ရန်ငွေ(၂၁)သိန်းကို အလွှဲသုံးစားမှု ပြုသည်ဟု စွပ်စွဲ၍ ဖေဖော်ဝါရီ(၁၈)ရက်နေ့တွင် မကွေးမြို့မရဲစခန်းမှာ (ပ)၄၃/၂၀၁၃ ပုဒ်မ ၄၀၉ နှင့် အမှုဖွင့်ထားကြောင်းသိရသည်။ ဧပြီ(၂)ရက်နေ့ (တစ်လ)ခန့်ကျော် အကြာအထိ ၎င်းအမှုကို မြို့နယ်တရားရုံးသို့ မတင်နိုင်သေးကြောင်း၊ အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်အား ဖမ်းဆီးခြင်းမရှိခဲ့ကြောင်း၊ တရားခံဟု စွပ်စွဲထားသူအား သက်ဆိုင်ရာမှ ထိမ်းသိမ်း မဖမ်းဆီးခဲ့ခြင်းကြောင့် တရားခံမှ အမှုကို ပျက်ပြားစေရန်အတွက် ရွာထဲတွင် မမှန်သက်သေများစုဆောင်းခြင်း၊ အုပ်ချုပ်ရေးမှူးအဟောင်း ဦးအေးမြင့်က အသစ် ဦးကျော်ဇင်သို့ ဖေဖော်ဝါရီလ(၁)ရက် နေ့ လွဲပြောင်းပေးစဉ်တုန်းက ကမ်းရင်ကျေးရွာရဲ့ ရငွေ သုံးငွေများကို လုံးဝ လွှဲပြောင်းမပေးခဲ့ပါကြောင်း၊ ကိုအေးမြင့်က ယခုမြေနုကျွန်း ကွင်း(၁၆၂၉)မှ (၂)နှစ်ခန့်အတွင်း လေလံတင်၍ ရငွေများကိုစာရင်းမပြခြင်း။ အစိုးရမူလတန်းကျောင်း အတွက် မြေနုကျွန်းမှ လေလံတင်၍ ရငွေ(၂၁)သိန်းကိုလည်း မိမိကိုယ်ပိုင် အဖြစ်သုံးစွဲခဲ့ခြင်း။ ယခုအမှုဖွင့်ပြီးမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်က သူ့သဘောနဲ့သူသာ ကျောင်းကို ဇွတ်အတင်းဝင်ရောက်လုပ်ကိုင်နေကြောင်း၊ (ဥပမာ- ယခုမှ အစိုးရမူလတန်းကျောင်းတံခါးများကို (တရားစွဲဆိုပြီး) မှ လာရောက်၍တပ်နေသည်၊)။ ဒီကိစ္စတွေကို မတ်(၂၂)ရက်နေ့က မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံး ဖုန်း ၀၆၃-၂၈၀၈၈ သို့ ဖုန်းဆက်အကူအညီတောင်းခဲ့သော်လည်း ဧပြီ(၂)ရက်နေ့အထိ တရားခံကို ဖမ်းဆီးထိမ်းသိမ်းခြင်း မရှိသေးကြောင်း တရားလို ဦးဖိုးဆိတ်မှ မြန်မာပို့စ်သို့ ပြောသည်။
အဆိုပါကိစ္စများကြောင့် စိုက်ပျိုးစဉ်က ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့သော်လည်း မြေနုကျွန်းအမှုဖြစ်ပေါ်လာသောအခါ သက်ဆိုင်ရာ မှ စိုက်ပျိုးခဲ့သော သီးနှံများကိုရိတ်သိမ်းခွင့်မပြုဟု တားမြစ်ခဲ့သည်သိရ၏။ ထိုကိစ္စကို ဧပြီ(၂)ရက်နေ့တွင် ကမ်းရင်တောင်သူ(၄၃)ဦးတို့က သတင်းမီဒီယာများသို့ ဖိတ်ကြား၍ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
``ကျွန်တော့်နာမည် ကိုလှထွန်းပါ။ ကမ်းရင်ရွာသားပါ။ အလုပ်က လက်လုပ်လက်စား တစ်ဦးပါ။ ဒီမြေနုကျွန်းပေါ်ပြီး ကျွန်တော်နဲ့အတူ (၄၃)ဦးဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ သီးတင်းကျွတ်လဆန်း(၂)ရက်နေ့က ပန်းနှမ်းများကိုစတင်ကြဲခဲ့ ပါတယ်။ အဲဒီ စိုက်ပျိုးစဉ်တုန်ုးကလည်း အုပ်ချုပ်ရေးမှူး ဦးအေးမြင့်က လာရောက်တားဆီးခဲ့ခြင်းမရှိပါဘူး။ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲပြီးလို့ ဦးအေးမြင့် မဲရှုံးပြီး ကိုကျော်ဇင်က အုပ်ချုပ်ရေးမှူးအသစ် ဖြစ်လာပါတယ်။ အဲဒီကျမှ ကိုကျော်ဇင် ပါ သုံးဦးကို မြေနုကျွန်းပေါ် ကျူးကျော်မှုဆိုပြီး တရားစွဲကြတယ်။ အဲဒီအမှုကြောင့်ဆိုပြီး သက်ဆိုင်ရာ သီးနှံများကို မရိတ်သိမ်းရဘူးဆို စာထုတ်ပြီး တားခံရတယ်။ အဲဒါကြောင့် ပန်းနှမ်းတွေကို အချိန်မှီ မသိမ်းဆည်းလိုက်ရလို့ ငွေကျပ်သိန်း(၃၀)ကျော်ဖိုးလောက် ဆုံးရှုံးနစ်နာသွားကြရပါပြီ။ ဒီစိုက်ပျိုးသွင်းစရိတ်အတွက် ငွေတွေကို ချေးငှါးခဲ့ရတာပါ။ ယခုတော့ ပန်းနှမ်းတွေဆုံးရှုံးလို့ ကြွေးတွေထပ်တင်ကုန်ကြပါပြီဗျာ…´´။ ဟု ကမ်းရင်ရွာသား အသက်(၅၆) ဦးလှထွန်းက ပြောသည်။
``ကျွန်တော့်နာမည် ကမ်းရင်ရွာသား မြင့်လွင်ပါ။ မြေယာမဲ့ပါ။ ဒီကျွန်းပေါ်မှာ မျိုးမြေပဲတင်းပေါင်း(၅၇)တင်းနဲ့ နေကြာမျိုးတွေကို (၁၈-၁၁-၂၀၁၂) နေ့က ကျဲခဲ့ကြပါတယ်။ ဒီသီးနှံ သုံးမျိုး စိုက်ပျိုးစရိတ်က သိန်း(၅၇)သိန်းကုန်ပါတယ်။ အဲဒီငွေတွေက ငွေတစ်ရာကျပ်ကို တစ်ဆယ်တိုးနဲ့ ချေးငှါးပြီးစိုက်ပျိုးခဲ့ကြရတာပါ။ ကျွန်တော်တို့ကျဲစဉ်က ဘယ်သူကမှ လာရောက်တားဆီးခဲ့ခြင်း မရှိကြပါဘူး။ အုပ်ချုပ်ရေးမှူးဟောင်း နဲ့ အသစ်ပြောင်းမှသာ ဒီ ပြဿနာဖြစ်ခဲ့တာပါ။ သီးနှံတွေ ရိတ်သိမ်းခွင့်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အောက်ခြေကစပြီး အဆင့်ဆင့်ထံကို အသနားခံခဲ့ကြပါတယ်။ ဒီနေ့အ ထိ ဘာမှမထူးပါဘူး။ ယခုချိန်မှာ ဖော်ခွင့် သိမ်းခွင့်ရရင် နေကြာက တစ်ဝက်ခန့်ကျန်ပါသေးတယ်။ မြေပဲကလည်း ဖော်ချိန်ရောက်နေပါပြီ…။ ဒီကျန်တဲ့ သီးနှံ နှစ်မျိုးထပ်ဆုံးရှုံးရမယ် ဆိုရင် စုစုပေါင်းတန်းဘိုးငွေသိန်း(၁၅၀)ကျော်ပါ့တယ်။ ဒီလိုသာဆိုရင် ကျွန်တော်တို့(၄၃)ဦးတို့ရဲ့ မိသားစုဘ၀တွေဟာ ငတ်တဲ့အပြင် ကြွေးရှင်တွေက လာလာပြီးပူနေကြလို့ ရွာထဲကို မသွားရဲဘူးဖြစ်နေကြပါတယ်။ ဒါကြောင့် ဒီကျန်တဲ့ အသီးအပင်လေးတွေကိုမှ မသိမ်းဆည်းရရင် ကျွန်တော်တို့ဘ၀ နေမထူး သေမထူးတွေ ဖြစ်နေကြပါပြီ။ မိသားစုဘ၀တွေ အရှင်လတ်လတ်နဲ့ သေနေကြပါပြီ။ ဒါကြောင့် မြို့တက်ပြီး သက်ဆိုင်ရာကို ဆန္ဒဖော်ထုတ်ဖို့ အုပ်ချုပ်ရေးမှူး အသစ် ကိုကျော်ဇင်ဆီကို (၂၅)ရက်နေ့က တင်ထားကြပါတယ်ဗျာ…။´´ဟု ကမ်းရင်ရွာသား ကိုမြင့်လွင် မှ မြန်မာပို့စ် သို့ ပြောသည်။
`` ကျွန်တော့်နာမည်ကတော့ မောင်လှဦးဖြစ်ပါတယ်။ မြေယာမဲ့ဖြစ်လို့ ဒီကျွန်းပေါ်ကိုလာလုပ်ကြတာပါ။ ကျွန်တော်တို့က စုစုပေါင်း(၄၃) ဦးပါ။ ကျွန်တော်တို့(၄၃)ဦးလုံးက တစ်ယောက်မှ နွား လှည်းမရှိကြပါဘူး။ လူနဲ့ ထွန်းယက်စိုက်ပျိုးခဲ့ကြရ တာပါ။ ငွေမရှိလို့ ချေးငှါးပြီး စိုက်ပျိုးခဲ့ရတာပါ။ ယခု မြို့နယ်က စီစဉ်ထားတဲ့ ဘုံအဖွဲ့တစ်ခုကနေ လာရောက်သိမ်းဆည်းမယ် ဆိုတာကိုလည်း လက်မခံနိုင်ပါဘူး။ ဒီကျွန်းက သဖန်းဆိပ်မြေကျွန်းမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘိုးစဉ်ဘောင်ဆက် ကမ်းရင်ရွာသားတွေလုပ်ကိုင် စားသောက်ခဲ့ကြတာပါ။´´ ဟု ကမ်းရင် ရွာသား မောင်လှဦး မှ မြန်မာပို့စ်သို့ပြောသည်။
အဆိုပါ သီးနှီများရိတ်သိမ်းရန်ကိစ္စကို ဧပြီ(၃)ရက်မှနေ့တွင် ကမ်းရင်ရွာသား တောင်သူများကို မကွေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းဆက်၍ ခေါ်ဆိုကြောင်း၊ ထို့ကြောင့် နေ့စဉ်နေ့တိုင်း လာရောက်ခဲ့သော်လည်း ဧပြီ(၅)ရက်နေ့ ညနေပိုင်းမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့ရကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်မြေယာကြီးကြပ်ရေးကော်မတီ အဖွဲ့ က ဧပြီ(၆)ရက်နေ့တွင် အဆိုပါ(၁၆၂၉) မြေနုကျွန်းပေါ်သို့ လာရောက်ခဲ့သည်။ ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် စိုက်ပျိုးသော တောင်သူများထဲမှ(၃)ဦး၊ သဖန်းဆိပ်ကျေးရွာမှ တောင်သူ(၃)ဦး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့တို့မှ ၎င်း မြေနုကျွန်းတွင် စုပေါင်းတွေ့ဆုံကြ၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဤသို့ဆုံးဖြတ်ကြောင်းသိရသည်။ ၎င်းမြေနုကျွန်းပေါ်ရှိ သဖန်းဆိပ်ရွာနှင့် ကမ်းရင်ကျေးရွာတို့ စိုက်ပျိုးထားသောသီးနှံများကို ကမ်းရင်ကျေးရွာတောင်သူများ၏ လုပ်အားဖြင့်သာ သိမ်းဆည်းပေးရန်။ သိမ်းဆည်း၍ ရရှိသောသီးနှံများကို ကြီးကြပ်ရေးဘုံအဖွဲ့ မကွေးမြို့ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ထံသို့ ခေတ္တအပ်ထားရန်။ ၎င်းဆုံးဖြတ်ချက်အား နှစ်ရွာမှ သဘောတူကြောင်းလက်မှတ်ရေးထိုးပြီး ဧပြီ(၈)ရက်နေ့ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်၍စာတင်ကြရန်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ဧပြီ(၉)ရက်နေ့တွင် မကွေးမြို့နယ်တရားရုံးသို့ ဆက်လက်တင်ပြရန်။ အဆိုပါမြေနုကျွန်းအမှုအား ထိုနေ့တွင် တရားရုံးမှ ဆုံးဖြတ်ခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားကြရန် တို့ကို မကွေးမြို့နယ်မြေရာကြီးကြပ်ရေးကော်မတီအဖွဲ့ က ဆုံးဖြတ်၍ ညှိနှိုင်းပေးလိုက်သည်ဟု ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က မြန်မာပို့စ်သို့ပြောသည်။
Artikel `မကွေးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း နှင့် အသစ်တို့၏ အမှုများကြောင့် သီးနှံများကို (အချိန်မီ)ရိတ်သိမ်းခွင့် မပြု၍ တောင်သူများသောက နှင့်ဒေါသများနေရ´ ini dipublish oleh shwelannwelanwinkyi pada hari Monday, April 8, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `မကွေးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း နှင့် အသစ်တို့၏ အမှုများကြောင့် သီးနှံများကို (အချိန်မီ)ရိတ်သိမ်းခွင့် မပြု၍ တောင်သူများသောက နှင့်ဒေါသများနေရ´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment