``မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ မြို့သစ်မြို့များ၌ ဇွန်(၁)ရက်နေ့တွင် မေတ္တာရှင်ဆရာတော်၏ တရားစာအုပ်များမှ မေးခွန်းဖြင့် စာမေးပွဲပြုလုပ်မည် ဟုသိရ´´

မေ(၁၂)ရက်နေ့တွင် မကွေးမြို့ မြို့ပတ်လမ်း မင်္ဂလာရန်အောင် ကျောင်းတိုက်တွင် မေတ္တာရှင်ဆရာတော် အရှင်ဇ၀န၏ တရားစာအုပ်များမှ မေးခွန်းများဖြင့် ဇွန်(၁)ရက်နေ့မှာ စာမေးပွဲဖြေဆိုရန် စိတ်ပါဝင်စားကြသော တက္ကသိုလ်ပေါင်းစုံ၊ အထက်တန်း၊ အလယ်တန်းကျောင်းသား လူငယ်များကို အကြိုသင်တန်း(၃)ရက်ပြုလုပ်ကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်းကို မကွေးမြို့ မင်္ဂလာရန်အောင်ကျောင်း ကျောင်းထိုင်ဆရာတော်နှင့်အဖွဲ့က ဦးဆောင်၍ မကွေးမြို့ ရွှေရောင်လက်များ ပရဟိတ လူမှုအကျိုးဆောင်အဖွဲ့ က ကူညီပံ့ပိုးဆောင်ရွက်ကြသည်ဟုသိရသည်။ ဇွန်(၁)ရက်နေ့တွင် မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ မြို့သစ်မြို့များ၌ တစ်ချိန်တည်းကျင်းပမည်ဆို၏။ မကွေးမြို့တွင် ပညာရေးကောလိပ်၌ ဇွန်(၁)ရက် စနေနေ့ နံနက်(၉)နာရီမှ နေ့(၁၂)နာရီအထိ စာမေးပွဲများကျင်းပမည်။ အဆိုပါစာမေးပွဲများကို အုပ်စု နှစ်ခုခွဲ၍ ဖြေဆိုကြရမည်။ (၁၄)နှစ်အထက် လူငယ်များကို မေတ္တာရှင်ဆရာတော် အရှင်ဇ၀န ရေးသားသော (၁)အရှုံးမရှိသောဒဿန (၂) မေတ္တာဖြင့်စီးပွားရှာခြင်း စာအုပ်နှစ်အုပ်ထဲမှ မေးခွန်းများကို ဖြေဆိုကြရမည်။ (၁၄) နှစ်အောက် လူငယ်များအတွက် မေတ္တာရှင်ဆရာတော် အရှင်ဇ၀န ရေးသားသော (၁)သရဏဂုံအစွမ်း အံ့မခန်း ဖြစ်ရပ်ဆန်းများ (၂) သီလအစွမ်း အံ့မခန်း စာအုပ်နှစ်အုပ်ထဲမှ မေးခွန်းများကို ဖြေဆိုကြရမည်။ အုပ်စု(၂)စုအတွက် ဆုများကို သီးခြားစီချီးမြှင့်ပေးမည်ဆို၏။ ပထမ ဆု ငွေကျပ်(၃)သိန်း၊ ဒုတိယဆု (၂)သိန်း၊ တတိယဆု(၁)သိန်း၊ အထူးဆု (၃)သောင်းကျပ်ဖြင့်(၁၀)ဆု နှင့် အထူးဆု (၂)သောင်းကျပ်ဖြင့်(၁၀)ဆု ပေးမည်ဟု ကြေငြာထားသည်။ အဆိုပါဆုရသူ လူငယ်များကို (၁၅-၆-၂၀၁၃) နေ့မှာ မကွေးမြို့ တရားပွဲညတွင် မေတ္တာရှင်ဆရာတော် အရှင်ဇ၀န ကိုယ်တိုင် ဆုများကို ချီးမြှင့်မည် ဖြစ်ကြောင်း၊ အဆိုပါ စာမေးပွဲအား ဖြေဆိုလိုသူကျောင်းသား ကျောင်းသူ လူငယ်များကို စာမေးပွဲဖြေဆိုရန် လျှောက်လွှာပုံစံများအား (၁-၃-၂၀၁၃) နေ့မှစတင်၍ သက်ဆိုင်ရာမြို့များ၌ ထုတ်ယူကြပြီး (၂၇-၅-၂၀၁၃) နေ့တွင် နောက်ဆုံးထား၍ သက်ဆိုင်ရာမြို့များသို့ စာရင်းပေးသွင်းနိုင်ကြောင်း၊ ဖြေဆိုရန်သတ်မှတ်ပေးထားသော တရားစာအုပ်များ ကိုလည်း သက်ဆိုင်ရာမြို့များမှ အကျိုးတော်ဆောင်များထံ၌ ၀ယ်ယူနိုင်ကြကြောင်း၊ မကွေးမြို့ ရွှေရောင်လက်များ ပရဟိတ လူမှုအကျိုးဆောင်အဖွဲ့မှ ဦးတိုး (ဖုန်း-၀၉-၅၃၄၀၆၃၁) က ပြောကြားသည်။
 

0 comments: